မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“သူစိမ်းတို့ စကားသံ” ကိုသတိပြု

“သူစိမ်းတို့ စကားသံ” ကိုသတိပြု

“သူစိမ်း​တို့ စကားသံ” ကို​သတိပြု

“သူစိမ်း​တို့ စကားသံ​ကို​ကား မသိသော​ကြောင့် သူစိမ်း​နောက်​မလိုက်​ဘဲ ထွက်ပြေး​ကြလိမ့်မည်။”—ယောဟန် ၁၀:၅၊ သ​မ။

၁၊ ၂။ (က) ယေရှုသည် မာရိ​ကို နာမည်​ဖြင့်​ခေါ်​လိုက်​သောအခါ သူသည် မည်သို့​တုံ့ပြန်​ခဲ့​သနည်း၊ ဤ​အဖြစ်အပျက်​သည် အစောပိုင်းက ယေရှု​မိန့်မြွက်​ခဲ့​သည့် အဘယ်​စကား​ကို ပုံ​ပေါ်​စေ​သနည်း။ (ခ) အဘယ်အရာက ကျွန်ုပ်​တို့ကို ယေရှု​နှင့် အနီးကပ်​နေ​စေနိုင်​သနည်း။

ရှင်ပြန်ထမြောက်​ပြီ​ဖြစ်သော ယေရှုသည် ဗလာကျင်း​သင်္ချိုင်းဂူ​အနား​တွင် ရပ်နေ​သော​အမျိုးသမီးကို သတိပြုမိ​သည်။ သူ့ကို ကိုယ်တော် ကောင်းစွာ​သိ​၏။ သူသည် မာဂဒလမာရိ​ဖြစ်၏။ လွန်ခဲ့သော​နှစ်နှစ်​နီးပါး​က ကိုယ်တော်​သည် သူ့​ထံ​မှ နတ်ဆိုး​ကို​နှင်​ထုတ်ပေး​ခဲ့​ဖူး​သည်။ ထို​အချိန်​ကတည်းက သူသည် ကိုယ်တော်​နှင့် ကိုယ်တော်​၏​တမန်​တော်​များ​နောက် လိုက်ပြီး နေ့စဉ်​ဝေယျာဝစ္စ​များ​ကို ပြုလုပ်​ဆောင်ရွက်​ပေး​ခဲ့​သည်။ (လုကာ ၈:၁-၃) သို့သော် ယနေ့​မူ မာရိသည် ယေရှု​ကွယ်လွန်​ခဲ့​သည်ကို မြင်တွေ့ရ​ပြီး ယခု ကိုယ်တော်​၏​ရုပ်​အလောင်း​ပင် မရှိတော့​သောကြောင့် ငိုကြွေး​နေ​၏! ထို့​ကြောင့် ယေရှု​က “အချင်း​မိန်းမ၊ အဘယ်ကြောင့် ငိုကြွေး​သနည်း။ အဘယ်သူ​ကို​ရှာ​သနည်း” ဟု​မေး​သည်။ မာရိသည် ဥယျာဉ်စောင့်​ဟု​ထင်မှတ်​ပြီး “သင်သည် သူ့ကို​ဆောင်​သွား​သည်​မှန်​လျှင် အဘယ်​မှာ​ထား​သည်ကို ကျွန်မ​အား​ပြောပါ။ ကျွန်မ​ယူသွား​ပါ​မည်​အရှင်” ဟု​ဖြေဆို​၏။ ထို​အခါ ယေရှု​က “မာရိ” ဟူ၍ တရင်းတနှီး​ခေါ်​လိုက်​သံ​ကြောင့် မာရိ ချက်ချင်း​မှတ်မိ​သွားလေသည်။ သို့​နှင့် “ရဗ္ဗုနိ” ဟု​ဝမ်းသာ​အားရ အော်ခေါ်​ပြီး ကိုယ်တော့်​အား ပွေ့ဖက်​လေ​သည်။—ယောဟန် ၂၀:၁၁-၁၈

ဤ​မှတ်တမ်း​သည် မကြာသေးမီ​က ယေရှု​မိန့်ဆိုခဲ့​ရာ​ကို ထိထိမိမိ​ပုံ​ဖော်ပြ​သည်။ ကိုယ်တော်​သည် မိမိကိုယ်ကို သိုးထိန်း​အဖြစ်၊ မိမိ၏​နောက်လိုက်​တို့ကို သိုးများ​အဖြစ် ခိုင်းနှိုင်း​ကာ သိုးထိန်း​သည် မိမိ​သိုးများ​ကို နာမည်​ဖြင့်​ခေါ်​သောအခါ ၎င်းတို့သည် သိုးထိန်း​၏​အသံကို သိရှိ​ကြသည်​ဟု ဆို​၏။ (ယောဟန် ၁၀:၃၊ ၄၊ ၁၄၊ ၂၇၊ ၂၈) သိုး​တစ်ကောင်​သည် ၎င်း​၏​သိုးထိန်း​ကို မှတ်မိ​သကဲ့သို့ မာရိသည်​လည်း သူ၏​သိုးထိန်း ခရစ်တော်​ကို မှတ်မိ​သည်။ ယနေ့ ယေရှု၏​နောက်လိုက်​များသည် ထို​အတိုင်း​ပင်​ဖြစ်၏။ (ယောဟန် ၁၀:၁၆) သိုး​တွင် ခွဲခြား​သိမြင်​နိုင်သော အကြားအာရုံ​ရှိသောကြောင့် ၎င်း​၏​သိုးထိန်း​နှင့်​မခွဲမခွာ အနီးကပ်​နေ​စေ​သကဲ့သို့ ကျွန်ုပ်​တို့​တွင် ဝိညာဉ်​ရေး ပိုင်းခြား​သိမြင်မှု​ရှိသောကြောင့် သိုးထိန်း​ကောင်း​ယေရှု​ခရစ်​၏ ခြေရာ​အတိုင်း အနီးကပ်​လိုက်လျှောက်​စေ​သည်။—ယောဟန် ၁၃:၁၅; ၁ ယောဟန် ၂:၆; ၅:၂၀

၃။ ယေရှု၏​သိုးခြံ​ပုံ​ဥပမာ​ကြောင့် စိတ်ထဲ​တွင်​ပေါ်ပေါက်​လာ​သည့် မေးခွန်း​အချို့​ကား အဘယ်နည်း။

သို့သော် အဆိုပါ​ပုံ​ဥပမာ​အရ လူ့​အသံများ​ကို ကျက်​မိ​နိုင်စွမ်း​ရှိသော သိုး​သည် ၎င်း​၏​မိတ်ဆွေ​ကို​သာမက ရန်သူကို​ပါ ခွဲခြား​သိမြင်​နိုင်၏။ ယင်းသည် အလွန်​အရေးကြီး​၏၊ အကြောင်း​မှာ ကျွန်ုပ်​တို့​တွင် စဉ်းလဲ​သော​ရန်သူများ​ရှိသည်။ ၎င်း​တို့​ကား မည်သူ​တို့​နည်း။ သူတို့ မည်သို့​ပြုမူ​တတ်ကြ​သနည်း။ ကျွန်ုပ်​တို့​ကိုယ်ကို မည်သို့​ကာကွယ်​နိုင်​သနည်း။ အဖြေ​ရ​ရန် သိုးခြံ​ပုံ​ဥပမာ​တွင် အခြား​အဘယ်အရာကို ယေရှု​မိန့်ဆို​သေး​ကြောင်း ကြည့်​ကြ​စို့။

‘တံခါးဝ​မှ​မဝင်​သူ’

၄။ သိုးထိန်း​ပုံ​ဥပမာ​အရ သိုး​တို့သည် မည်သူ​နောက်သို့​လိုက်ပြီး မည်သူ​နောက်သို့ မလိုက်​ဘဲ​နေကြ​သနည်း။

ယေရှု​က ဤသို့​မိန့်ဆိုခဲ့​၏– ‘သိုးထိန်း​မူ​ကား၊ တံခါးဝ​ဖြင့်​ဝင်​တတ်၏။ ထို​သူအား တံခါး​စောင့်​လည်း ဖွင့်​တတ်၏။ သူ၏​စကားသံ​ကို သိုး​တို့သည် နားထောင်​တတ်ကြ​၏။ သူသည် မိမိ​သိုး​တို့ကို နာမည်​ဖြင့်​ခေါ်​၍ ပြင်​သို့​ထုတ်ဆောင်​တတ်၏။ သိုးများ​ကို​ထုတ်​သောအခါ သိုး​တို့​ရှေ့မှာ​သွား​၍ သိုးများ​သည် သူ၏​စကားသံ​ကို ကျွမ်း​သောကြောင့် လိုက်​တတ်ကြ​၏။ သူစိမ်း​တို့ စကားသံ​ကို​ကား မသိသော​ကြောင့် သူစိမ်း​နောက်​မလိုက်​ဘဲ ထွက်ပြေး​ကြလိမ့်မည်။’ (ယောဟန် ၁၀:၂-၅) ဤ​တွင် “စကားသံ” ဟူသော စကားလုံး​ကို ယေရှု သုံးကြိမ်​အသုံးပြု​ထား​ကြောင်း သတိပြုပါ။ သိုးထိန်း​၏​စကားသံ​ဟု နှစ်ကြိမ်​ပြော​ပြီး​နောက် တတိယ​အကြိမ်​တွင် “သူစိမ်း​တို့ စကားသံ” ဟု​ဆို​၏။ အဘယ်သူ​စိမ်း​ကို ယေရှု ရည်ညွှန်း​နေခြင်း​ဖြစ်သနည်း။

၅။ ယောဟန်​ကျမ်း​အခန်းကြီး ၁၀ တွင်​ဖော်ပြ​ထားသော သူစိမ်း​ကို အဘယ်ကြောင့် ဧည့်ဝတ်​မပြု​သင့်​သနည်း။

ယေရှုသည် ကျွန်ုပ်​တို့​ဧည့်ဝတ်ပြု​လို​သော သူစိမ်း​အကြောင်း ပြောဆို​နေခြင်း​မဟုတ်ပါ၊ မူရင်း​ကျမ်းစာ​ဘာသာ​စကား​တွင် ဧည့်ဝတ်ပြု​ခြင်း​ဟူသော​စကားလုံး​သည် “သူစိမ်း​များ​ကို​ချစ်ပါ” ဟူ၍ အဓိပ္ပာယ်​ရှိ၏။ (ဟေဗြဲ ၁၃:၂) ယေရှု၏​ပုံ​ဥပမာ​မှ​သူစိမ်း​သည် ဖိတ်ခေါ်​ထားသော ဧည့်သည်​တစ်ဦး​မဟုတ်ပါ။ အကြောင်း​မှာ သူသည် “သိုးခြံ​ထဲ​သို့ တံခါးဝ​ဖြင့်​မဝင်၊ အခြား​လမ်းဖြင့် ကျော်ဝင်” ၏။ သူသည် “သူခိုး​ဓားပြ​ဖြစ်၏။” (ယောဟန် ၁၀:၁) အဘယ်သူ​သည် သမ္မာကျမ်းစာ​တွင်​ဖော်ပြ​ထားသော သူခိုး​ဓားပြ ဦးဆုံး​ဖြစ်လာ​သနည်း။ စာတန်​ပင်​ဖြစ်၏။ ဤ​အထောက်အထားကို ကမ္ဘာဦးကျမ်း​တွင် တွေ့ရှိ​ရသည်။

သူစိမ်း​၏​စကားသံ​ကို ဦးဆုံး​ကြား​ခဲ့​ရချိန်

၆၊ ၇။ စာတန်​ကို သူစိမ်း၊ သူခိုး​ဟူ၍ အဘယ်ကြောင့် မှန်ကန်​စွာ​ခေါ်ဆို​နိုင်​သနည်း။

ကမ္ဘာ​မြေပေါ်​တွင် သူစိမ်း​၏​စကားသံ​ကို ပထမ​ဆုံး​အကြိမ် မည်သို့​ကြား​ခဲ့​ရ​ကြောင်း ကမ္ဘာဦး ၃:၁-၅ က​ဖော်ပြ​ထား​၏။ စာတန်​သည် ပထမ​မိန်းမ ဧဝ​ထံ​ချဉ်းကပ်​၍ မြွေ​အားဖြင့် လှည့်ဖြား​ခဲ့​ကြောင်း ထို​မှတ်တမ်းက ဖော်ပြ​သည်။ ဤ​မှတ်တမ်း​တွင် စာတန်​ကို စာသား​အတိုင်း “သူစိမ်း” ဟု​မ​ခေါ်ထား​သည်​မှာ မှန်​၏။ မည်သို့​ဆို​စေ၊ သူ၏​လုပ်ရပ်များ​က ယောဟန်​ကျမ်း​အခန်းကြီး ၁၀ တွင်​မှတ်တမ်း​တင်ထား​သည့် ယေရှု၏​ပုံ​ဥပမာ​ပါ သူစိမ်း​နှင့် နည်း​အမျိုးမျိုးဖြင့် တူ​သည်။ တူညီချက်​အချို့​ကို သုံးသပ်ကြည့်​ပါ။

ထို​သူစိမ်း​သည် သိုးခြံ​ထဲ​ရှိ သူ၏​သားကောင်​များ​ထံ​သို့ ကွေ့ပတ်​လာ​သည်​ဟု ယေရှု​ဖော်ပြ​၏။ ထို​နည်းတူ စာတန်​သည် သူ၏​သားကောင်​ထံ​သို့ မြွေ​မှ​တစ်ဆင့် သွယ်ဝိုက်​ချဉ်းကပ်​လာ​ခဲ့​သည်။ ဤသို့​လျှို့ဝှက်​ချဉ်းကပ်​မှု​က စာတန်​သည် အမှန်​အားဖြင့် ကောက်ကျစ်​သော ကျူးကျော်သူ​ဖြစ်​ကြောင်း ထင်ရှား​၏။ ထို့​ပြင် သိုးခြံ​ထဲ​ရောက်နေ​သော သူစိမ်း​သည် ပိုင်ရှင်​အစစ်​၏​သိုး​တို့ကို လုယူ​ရန် ကြံရွယ်​သည်။ အမှန်​မှာ သူ၏​ရည်ရွယ်ချက်​သည် ‘သတ်​ဖို့၊ ဖျက်ဆီး​ဖို့’ ဖြစ်​ရာ ဤ​သူခိုး​ထက်​ပင် သာ၍​ယုတ်မာ​၏။ (ယောဟန် ၁၀:၁၀) ထို​နည်းတူ စာတန်​သည် သူခိုး​ဖြစ်၏။ သူသည် ဘုရားသခင့်​အပေါ် ဧဝ​ထား​ရှိသည့် ကျေးဇူး​သစ္စာတရား​ကို လှည့်စား​ခိုးယူ​ခဲ့​သည်။ ထို့​ပြင် စာတန်​သည် လူသားများ​ကိုလည်း သေတွင်း​သို့​ပို့​ခဲ့​သည်။ ထို့​ကြောင့် သူသည် လူသတ်ကောင်​ဖြစ်၏။

၈။ စာတန်​သည် ယေဟောဝါ​၏​စကား​နှင့် ရည်ရွယ်ချက်များ​ကို မည်သို့​လိမ်လည်​ပြောဆို​ခဲ့​သနည်း။

ယေဟောဝါ​၏​စကားတော်​နှင့် ရည်ရွယ်ချက်များ​ကို စာတန်​လိမ်လည်​ပြောဆို​ပုံ​တွင် သူ၏​မရိုးသားမှု ထင်ရှား​သည်။ သူက ဧဝ​အား “သင်တို့သည် ဥယျာဉ်​၌​ရှိသမျှ​သော အပင်​တို့၏​အသီးကို မစား​ရ​ဟု ဧကန်​စင်စစ် ဘုရားသခင်​မိန့်တော်မူ​သလော” ဟု​မေးခဲ့သည်။ ‘ဘုရားသခင် ဒီလောက်တောင် အဆင်​အ​ခြင်​ကင်းမဲ့​နိုင်​ရ​သလား’ ဟု​ပြောဆို​ဘိ​သကဲ့သို့ စာတန်​သည် အံ့အားသင့်​သ​ယောင်​ပြု​ခဲ့​၏။ ထပ်ဆင့်၍ သူက “ထို​အသီးကို​စား​သော​နေ့၌ သင်တို့သည် မျက်စိပွင့်​လင်း​လျက် ကောင်း​မကောင်း​ကို​သိ၍ ဘုရားသခင်​ကဲ့သို့​ဖြစ်​ကြ​လတ္တံ့​သည်ကို ဘုရားသခင်​သိတော်မူ​သည်” ဟု​ဆို​၏။ “ဘုရားသခင်​သိတော်မူ​သည်” ဟူသော သူ၏​စကား​ကို သတိပြုပါ။ ‘ဘုရားသခင်​သိ​တာ​တွေ ငါလည်း​သိတယ်။ သူ့ရဲ့​ရည်ရွယ်ချက်​တွေ​ကို ငါ​သိတယ်၊ တစ်ခု​မှ​မကောင်း​ဘူး’ ဟု​စာတန်​ဆို​လိုက်​သကဲ့သို့ပင်​ဖြစ်သည်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇; ၃:၁၊ ၅) ဧဝ​နှင့်​အာဒံ​တို့သည် ဤ​သူစိမ်း​၏​စကားသံ​ကို ကြား​လိုက်​သည်​နှင့် လှည့်ထွက်​မသွား​ခဲ့​သည်​မှာ ဝမ်းနည်းစရာပင်။ ထိုသို့​ပြု​မည့်​အစား နား​ယောင်​ခဲ့​ကြ​သဖြင့် သူတို့ရော၊ သူတို့၏​သားစဉ်မြေးဆက်​များ​ပါ ဘေးသင့်​ခဲ့​ကြ​ရသည်။—ရောမ ၅:၁၂၊ ၁၄

၉။ ယနေ့ သူစိမ်း​များ​၏​စကားသံ​ကို ကြား​ရမည်ဟု အဘယ်ကြောင့် မျှော်လင့်သင့်​သနည်း။

ယနေ့ ဘုရားသခင့်​လူမျိုးတော်ကို လမ်းလွဲ​သွားစေရန် အလားတူ​နည်း​များ စာတန်​အသုံးပြုလျက်​ရှိ၏။ (ဗျာ. ၁၂:၉) သူသည် “မုသာ​၏​အဘ” ဖြစ်​ပြီး သူ့​နည်းတူ ဘုရားသခင်​၏​ကျေးကျွန်​များ​ကို လမ်းလွဲ​သွားစေရန် ကြိုးစား​သူများ​သည် သူ၏​သားသမီး​များ​ဖြစ်​ကြ​၏။ (ယောဟန် ၈:၄၄) ယနေ့ အဆိုပါ​သူစိမ်း​များ​၏​စကားသံ​ကို ကြား​ရနိုင်​သည့် နည်း​အချို့​ကို သတိပြု​ကြည့်​ကြ​စို့။

ယနေ့ သူစိမ်း​တို့၏​စကားသံ​ကို ကြားနေ​ရ​ပုံ

၁၀။ သူစိမ်း​များ​၏​စကားသံ​ကို ကြား​ရသည့် နည်း​တစ်နည်း​ကား အဘယ်နည်း။

၁၀ လှည့်စား​သော​ဆင်ခြင်မှု​များ။ တမန်​တော်​ပေါလု​က “အထူးထူး အပြားပြား​သော အယူဝါဒ​သစ်​ကို​လိုက်၍ မဖောက်ပြန်​ကြ​နှင့်” ဟု​ဆို​သည်။ (ဟေဗြဲ ၁၃:၉) အဘယ်​အယူဝါဒ​မျိုး​များ​ဖြစ်သနည်း။ ၎င်း​အယူဝါဒ​တို့သည် ‘ကျွန်ုပ်​တို့ကို ဖောက်ပြန်​စေ’ နိုင်သော​ကြောင့် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေးဟန်​ချက် ပျက်​သွား​စေနိုင်​သည့် အယူဝါဒ​များ​ကို ပေါလု​ရည်ညွှန်း​နေခြင်း​ဖြစ်သည်​မှာ ထင်ရှား​၏။ ဤ​အယူဝါဒ​အသစ်အဆန်း​များ​ကို မည်သူ​တို့​မြွက်ဆို​နေကြ​သနည်း။ ခရစ်ယာန်​အကြီးအကဲ​တစ်စု​ကို ပေါလု​ဤသို့​ပြော​ခဲ့​သည်– ‘တပည့်​များ​ကို သွေးဆောင်​ခြား​ငှာ မှား​သော​စကား​ကို ပြောတတ်​သော လူတို့သည် သင်တို့​အထဲ​၌​လည်း ပေါ်လာ​မည်​ကိုလည်း​ကောင်း ငါ​သိ​၏။’ (တမန်​တော် ၂၀:၃၀) မှန်ပါသည်၊ ပေါလု​ခေတ်​က​ကဲ့သို့​ပင် ယနေ့လည်း တစ်ချိန်က ခရစ်ယာန်​အသင်းတော်​ဝင်​များ ဖြစ်​ခဲ့​ဖူး​သူ​အချို့​သည် ယခု​အခါ “မှား​သော​စကား” များ​ဖြစ်သည့် မမှန်​တစ်ဝက်​မှန်​တစ်ဝက်​စကား၊ လုံးလုံး​မုသာ​စကား​တို့​ဖြင့် သိုး​တို့ကို လမ်းလွဲ​သွားစေရန် ကြိုးစား​နေကြ၏။ တမန်​တော်​ပေတရု​ဖော်ပြ​သည့်​အတိုင်း “ချော့မော့​သော​စကား” ဖြစ်သည့် အစစ်​နှင့်​တူသော တန်ဖိုး​မရှိသည့် ငွေ​စက္ကူ​အတု​ကဲ့သို့ အဓိပ္ပာယ်မဲ့​စကား​များ​ကို သူတို့​သုံး​ကြသည်။—၂ ပေတရု ၂:၃

၁၁။ ၂ ပေတရု ၂:၁၊ ၃ တွင်​ပါ​သည့် စကား​များ​က အယူဖောက်ပြန်သူ​များ​၏ နည်းလမ်း​နှင့် ရည်ရွယ်ချက်​တို့ကို မည်သို့​ဖော်ပြ​သနည်း။

၁၁ အယူဖောက်ပြန်သူ​တို့သည် “ဖျက်ဆီး​တတ်သော​မိစ္ဆာ . . . အယူ​များ​ကို ပရိယာယ်​အားဖြင့်​သွင်း” ကြ​မည်​ဟု သတိပေး​ကာ သူတို့၏​နည်း​ပရိယာယ်​များ​ကို ပေတရု​ဖော်ထုတ်ပြ​ခဲ့​၏။ (၂ ပေတရု ၂:၁၊ ၃) ယေရှု၏​သိုးခြံ​ပုံ​ဥပမာ​မှ သူခိုး​သည် “တံခါးဝ​ဖြင့်​မဝင် အခြား​လမ်းဖြင့်​ကျော်ဝင်” သကဲ့သို့ အယူဖောက်ပြန်သူ​များသည် ကျွန်ုပ်​တို့​ထံ မသိမသာ​ချဉ်းကပ်​လာ​တတ်ကြ​သည်။ (ဂလာတိ ၂:၄; ယုဒ ၄) သူတို့၏​ရည်ရွယ်ချက်ကား အဘယ်နည်း။ ပေတရု​က “သင်တို့ကို ကုန်သွယ်​ကြလိမ့်မည်” ဟု​ထပ်​သတိပေး​သည်။ ဤ​အယူဖောက်ပြန်သူ​များသည် မည်သို့​ပင်​လိမ်လည်​ပြောဆို​စေ​ကာ​မူ ထို​သူစိမ်း​များ​၏ တကယ့်​ရည်ရွယ်ချက်မှာ “ခိုးခြင်း၊ သတ်​ခြင်း၊ ဖျက်ဆီးခြင်း” အတွက်သာ​ဖြစ်သည်။ (ယောဟန် ၁၀:၁၀) ဤသို့​သော​သူစိမ်း​များ​ကို သတိထား​ပါ​လေ!

၁၂။ (က) ကျွန်ုပ်​တို့၏​အပေါင်းအသင်း​များ​ထံ​မှ သူစိမ်း​များ​၏​စကားသံ မည်သို့​ပေါ်ထွက်​လာနိုင်​သနည်း။ (ခ) စာတန်​နှင့် သူစိမ်း​များ​၏​နည်း​ဗျူဟာ​များသည် ယနေ့ အဘယ်​ဆင်တူချက်​များ​ရှိ​သနည်း။

၁၂ ဘေးသင့်​စေနိုင်​သော​အပေါင်းအသင်း​များ။ သူစိမ်း​၏​စကားသံ​ကို ကျွန်ုပ်​တို့​ပေါင်းသင်း​နေ​သူများ​ထံ​မှ ကြား​ရ​ပေမည်။ ဘေးသင့်​စေနိုင်​သော​အပေါင်းအသင်း​များသည် အထူးသဖြင့် လူငယ်များ​ကို အန္တရာယ်​ပြု​သည်။ (၁ ကောရိန္သု ၁၅:၃၃) စာတန်​သည် ပထမ​လူသား​မောင်နှံ​တွင် ငယ်ရွယ်​ပြီး အတွေ့အကြုံ​နည်းသော ဧဝ​ကို ပစ်မှတ်​ထားခဲ့​ကြောင်း သတိရပါ။ လွတ်လပ်​စွာ​ပြုမူ​နိုင်​ခွင့်​ရှိ​လျက်​နှင့် ယေဟောဝါ​သည် ဧဝ​၏​လွတ်လပ်မှုကို မတရား​ချုပ်ကိုင်​ထား​သည်​ဟု ယုံကြည်​စေ​ခဲ့​သည်။ အမှန်​မှာ ယေဟောဝါ​သည် မိမိ​ဖန်ဆင်း​ထားသော လူသတ္တဝါ​ကို ချစ်တော်မူ​ပြီး သူတို့​အကျိုးကို လိုလား​တော်​မူ​၏။ (ဟေရှာယ ၄၈:၁၇) ယနေ့လည်း သူစိမ်း​များသည် အသင်​လူငယ်တို့​၏​မိဘများ သင်တို့၏​လွတ်လပ်မှုကို မတရား​ချုပ်ကိုင်​ထား​သည်​ဟု ယူမှတ်​စေရန် ကြိုးစား​ပြောဆို​ကြသည်။ ထိုသို့​သော​သူစိမ်း​များသည် သင့်ကို မည်သို့ ထိခိုက်​နိုင်​သနည်း။ ခရစ်ယာန်​မိန်းကလေး​တစ်ဦး​က ဤသို့​ဝန်ခံ​၏– “ကျွန်မ​ရဲ့​အတန်းဖော်​တွေ​ကြောင့် ကျွန်မ​ရဲ့​ယုံကြည်ခြင်း အတော်ကြာကြာ အားနည်း​ခဲ့​ရတယ်။ ကျွန်မ​ရဲ့​ဘာသာ​တရား​က မတရား​ချုပ်ချယ်​လွန်းတယ်လို့ သူတို့​အမြဲ​ပြောတတ်​ကြတယ်။” သို့​တိုင် သင့်​မိဘများ​က သင့်ကို အလွန်​ချစ်​သည်​မှာ အမှန်ပင်။ ထို့​ကြောင့် သင့်​မိဘများ​အပေါ် သံသယ​ရှိစေရန် အတန်းဖော်​များ​က ကြိုးစား​ပြောဆို​သည့်​အခါ ဧဝ​ကဲ့သို့ လှည့်စား​မခံ​ပါ​နှင့်။

၁၃။ ဒါဝိဒ်​သည် အဘယ်​ပညာရှိ​လမ်းစဉ်​ကို လိုက်လျှောက်​ခဲ့​သနည်း၊ သူ့ကို ကျွန်ုပ်​တို့​အတုယူ​နိုင်​သည့် နည်း​တစ်နည်း​ကား အဘယ်နည်း။

၁၃ ဘေးသင့်​စေနိုင်​သော​အပေါင်းအသင်း​များနှင့်​စပ်လျဉ်း၍ ဆာလံဆရာ​ဒါဝိဒ်က ဤသို့​ဆို​သည်– “လျှပ်​ပေါ်သော​လူ​တို့​နှင့် အတူ​မ​ထိုင်​ပါ။ လျှို့ဝှက်​သော​လူစု​ထဲ​သို့ မဝင်​ပါ။” (ဆာလံ ၂၆:၄) သူစိမ်း​များ​၏​စရိုက်​ကို သင်​သတိပြုမိ​သလော။ စာတန်​သည် မြွေ​ကို​အသုံးပြု၍ မိမိ​မည်သူ​မည်ဝါ​ဖြစ်​ကြောင်း အသိ​မပေး​သကဲ့သို့ သူတို့​သည်လည်း အဘယ်​လူစားမျိုး​ဖြစ်​ကြောင်း အသိ​မပေး​ကြ​ချေ။ ယနေ့ အကျင့်​ယိုယွင်း​သူ​အချို့​သည် အင်တာနက်​ကို​အသုံးပြု၍ မိမိတို့​မည်သူ​မည်ဝါ​ဖြစ်​ကြောင်း​နှင့် သူတို့၏​ရည်ရွယ်ချက်​အစစ်အမှန်​ကို အသိ​မပေး​ကြ​ချေ။ ကောက်ကျစ်​စဉ်းလဲ​သော​လူကြီး​များသည် စကားဝိုင်း​များ (chat rooms) တွင် လူငယ်များ​အဖြစ် ဟန်ဆောင်​၍ သင့်ကို​ကျော့ဖမ်း​ရန် ဖြားယောင်း​ပေမည်။ ထို့​ကြောင့် အသင်​လူငယ်တို့၊ သင်တို့၏​ဝိညာဉ်​ရေး မထိခိုက်​စေရန် ကျေးဇူးပြု​၍ အထူး​သတိထား​ကြ​ပါ​လေ။—ဆာလံ ၁၁၉:၁၀၁; သု. ၂၂:၃

၁၄။ တစ်ခါတစ်ရံ သတင်း​မီဒီယာ​များသည် သူစိမ်း​များ​၏​အသံကို မည်သို့​ထုတ်လွှင့်​ပေး​သနည်း။

၁၄ မဟုတ်မမှန်​စွပ်စွဲချက်​များ။ သတင်း​မှတ်တမ်း​အချို့​သည် ယေဟောဝါသက်သေ​များ​အကြောင်း ဘက်လိုက်မှု​မရှိ ကြေညာ​ပေး​ကြသော်လည်း တစ်ခါတစ်ရံ ဤ​သတင်း​မီဒီယာ​များသည် သူစိမ်း​တို့၏ ဘက်လိုက်​သော​အသံများ​ကို ထုတ်လွှင့်​ပေး​နေတတ်​ပြန်​သည်။ ဥပမာ၊ နိုင်ငံ​တစ်နိုင်ငံ​တွင် သတင်း​မှတ်တမ်း​တစ်ပုဒ်​က သက်သေခံ​များသည် ဒုတိယ​ကမ္ဘာ​စစ်​အတွင်း ဟစ်တလာ​အစိုးရ​ကို ထောက်ခံ​အားပေးခဲ့​သည်​ဟု မဟုတ်မမှန်​ဆို​၏။ နောက်​တစ်နိုင်ငံ​တွင် သက်သေခံ​များသည် ချာ့ခ်ျ​အဆောက်အဦ​များ​ကို ဖျက်ဆီး​ပစ်​သည်​ဟု သတင်းလွှင့်​၏။ နိုင်ငံ​အတော်များများ​တွင် သက်သေခံ​များသည် သူတို့၏​ကလေး​များ​ကို ဆေး​မ​ကုသ​ပေး​ကြောင်း​နှင့် ယုံကြည်သူချင်း​များ ကျူးလွန်​သော ကြီး​လေး​သည့်​အပြစ်​များ​ကို တမင်​မသိ​ဟန်ဆောင်​နေကြောင်း သတင်း​မီဒီယာ​မှ​တစ်ဆင့် စွပ်စွဲ​ပြောဆို​ခဲ့​သည်။ (မဿဲ ၁၀:၂၂) သို့သော်လည်း ကျွန်ုပ်​တို့ကို ပုဂ္ဂိုလ်ရေး​အရ​သိရှိ​ကြသော စိတ်ရင်းမှန်​သူများ​သည် အဆိုပါ​စွပ်စွဲချက်​များ မဟုတ်မမှန်​ကြောင်း အသိအမှတ်ပြု​ကြ​၏။

၁၅။ သတင်း​မီဒီယာ​များ​မှ​ထုတ်လွှင့်​သမျှ​ကို ယုံခြင်း​သည် အဘယ်ကြောင့် ပညာ​မဲ့​ရာ​ရောက်​သနည်း။

၁၅ ထိုသို့​သော​သူစိမ်း​များ​၏​အသံ​က ဖွ​ထား​သည့် စွပ်စွဲချက်​များနှင့် ကျွန်ုပ်​တို့​ရင်ဆိုင်​တိုး​သည့်​အခါ အဘယ်​သို့​ပြုလုပ်​သင့်​သနည်း။ နယပုံပြင် ၁၄:၁၅ ပါ​ဤ​ဆုံးမ​စကား​ကို နှလုံး​သွင်း​အပ်​သည်– “ဉာဏ်​တိမ်​သော​သူသည် သူတစ်ပါး​ပြော​သမျှ​ကို​ယုံတတ်​၏။ ပညာသတိ​ရှိသောသူ​မူ​ကား မိမိ​သွားရာလမ်းကို စေ့စေ့​ကြည့်ရှု​တတ်၏။” သတင်း​မီဒီယာ​များ​က ထုတ်လွှင့်​သမျှ​ကို အမှန်​ချည်း​ဖြစ်သည်ဟု ယုံခြင်း​သည် ပညာ​မဲ့​ရာ​ရောက်​၏။ လောက​သတင်း​အချက်အလက်​မှန်သမျှကို ကျွန်ုပ်​တို့ သံသယဝင်​မည်​မဟုတ်သော်လည်း ‘လောကသား​အပေါင်းတို့သည် စာတန်​၏​လက်၌​ရှိကြ’ ကြောင်းကို​မူ ကျွန်ုပ်​တို့​အသိအမှတ်ပြု​ကြသည်။—၁ ယောဟန် ၅:၁၉

‘စိတ်​ဝိညာဉ်​တို့ကို စုံစမ်း​ကြလော့’

၁၆။ (က) ယောဟန် ၁၀:၄ တွင်​ပါ​သည့် ယေရှု၏​စကား​မှန်ကန်ကြောင်း ပကတိ​သိုး​တို့၏​အပြုအမူက မည်သို့​ဖော်ပြ​သနည်း။ (ခ) သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့ကို အဘယ်အရာ​ပြုလုပ်​ရန် တိုက်တွန်း​သနည်း။

၁၆ ကျွန်ုပ်​တို့ ပေါင်းသင်း​ဆက်ဆံ​နေ​သူသည် မိတ်ဆွေ​လော၊ ရန်သူ​လော​ဟူ၍ မည်သို့​သေချာ​စွာ သိရှိ​နိုင်​မည်​နည်း။ သိုး​တို့သည် ‘သိုးထိန်း​၏​စကားသံ​ကို ကျွမ်း​သောကြောင့်’ သူ့​နောက်လိုက်​သည်​ဟု ယေရှု​မိန့်ဆိုခဲ့သည်။ (ယောဟန် ၁၀:၄) သိုးထိန်း​၏​အသွင်အပြင်​ကို​သိ၍​မဟုတ်ဘဲ သူ၏​စကားသံ​ကို​ကျွမ်း​သောကြောင့် သိုးများ လိုက်​လာ​ကြ​ခြင်း​ဖြစ်သည်။ သိုး​တို့သည် ၎င်းတို့၏​သိုးထိန်း​ကို စကားသံ​အားဖြင့်​မဟုတ်ဘဲ သူ၏​အဝတ်အစား​အားဖြင့် မှတ်မိ​ကြသည်​ဟု တစ်ချိန်က အလည်အပတ်​သွား​သူ​တစ်ဦး ဆို​ခဲ့​ဖူး​ကြောင်း ကျမ်းစာ​နယ်မြေ​များ​အကြောင်း​စာအုပ်​တစ်အုပ်​တွင် ဖော်ပြ​၏။ သိုးထိန်း​တစ်ဦး​က​မူ သိုး​တို့သည် စကားသံ​ကို ကျက်​မိ​သည်​ဟု ဖြေဆို​သည်။ ယင်းကို​သက်သေပြ​ရန် သူသည် ထို​သူစိမ်း​နှင့် အဝတ်အစား လဲ​လိုက်​ကြသည်။ သိုးထိန်း​၏​အဝတ်ကို ဝတ်​ထားသော ထို​သူစိမ်း​သည် သိုးများ​ကို​ခေါ်​သော်လည်း သူတို့​မလာ​ကြ​ချေ။ သူ့​အသံကို မကြား​ဖူး​၍​ဖြစ်သည်။ ၎င်းနောက် အဝတ်အစား​ပြောင်း​ဝတ်​ထား​သည့် သိုးထိန်း​သည် သိုးများ​ကို ခေါ်​လိုက်​ရာ သူ့​ထံ​သို့ ချက်ချင်း ရောက်လာ​ကြသည်။ ထို့​ကြောင့် တစ်ဦး​တစ်ယောက်​သည် သိုးထိန်း​ပုံ​ထွက်​နေ​သော်လည်း ထို​သူအား သိုးထိန်း​အစစ်​ဟု သိုး​တို့​က လက်ခံ​လိမ့်​မည်​မဟုတ်ပေ။ မှန်သည်၊ သိုး​တို့သည် ခေါ်​သူ၏​အသံကို သိုးထိန်း​၏​အသံ​နှင့် နှိုင်းယှဉ်​၍ ခွဲခြား​သိရှိ​နိုင်​သည်။ သမ္မာကျမ်းစာ​က​လည်း ထို​နည်းတူ​ပြု​ရန် ဤသို့​တိုက်တွန်း​၏– “စိတ်​ဝိညာဉ်​တို့သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သည်၊ မစပ်ဆိုင်​သည်ကို စုံစမ်း​ကြလော့။” (၁ ယောဟန် ၄:၁; ၂ တိမောသေ ၁:၁၃) အဘယ်အရာက ကျွန်ုပ်​တို့ကို ထိုသို့​ပြုလုပ်​စေနိုင်​သနည်း။

၁၇။ (က) ယေဟောဝါ​၏​စကားသံ​ကို မည်သို့​အကျွမ်းဝင်​လာနိုင်​သနည်း။ (ခ) ယေဟောဝါ​နှင့်​အကျွမ်းတဝင်​ရှိ​ခြင်း​က ကျွန်ုပ်​တို့အား အဘယ်အရာ​ပြုလုပ်​စေနိုင်​သနည်း။

၁၇ ယေဟောဝါ​၏​စကားသံ သို့​မဟုတ် သတင်းတရားကို ကျွန်ုပ်​တို့ ပို​၍​အကျွမ်းဝင်​လာ​လေ သူစိမ်း​၏​စကားသံ​ကို ပို​၍​သတိပြုမိ​လာနိုင်​သည်​မှာ အံ့ဩစရာ​မဟုတ်ပေ။ ဤ​အသိပညာနှင့် မည်သို့​အကျွမ်းဝင်​လာနိုင်​ပုံ​ကို သမ္မာကျမ်းစာ​က ဤသို့​ဖော်ပြ​သည်– “‘ဤ​မည်​သော​လမ်း​သည်​မှန်​၏။ ဤ​လမ်း၌​သွားလော့’ ဟု သင့်​နောက်​၌ ပြော​သော​စကားသံ​ကို ကိုယ်​နား​နှင့်​ကြား​ရ​လိမ့်​မည်။” (ဟေရှာယ ၃၀:၂၁) ကျွန်ုပ်​တို့​နောက်​၌ ကြား​ရသော “စကားသံ” သည် သမ္မာကျမ်းစာ​မှ​ဖြစ်၏။ သမ္မာကျမ်းစာ​ကို ကျွန်ုပ်​တို့​ဖတ်​တိုင်း ကျွန်ုပ်​တို့၏​မဟာသိုးထိန်းရှင် ယေဟောဝါ​၏​စကားသံ​ကို ကြား​ရ​ဘိ​သကဲ့သို့​ဖြစ်သည်။ (ဆာလံ ၂၃:၁) သို့​ဖြစ်၍ သမ္မာကျမ်းစာ​ကို များများ​ဖတ်​လေ၊ ဘုရားသခင်​၏​စကားသံ​နှင့် ပိုမို​အကျွမ်းဝင်​လာ​လေ​ဖြစ်၏။ ထိုသို့​အကျွမ်းတဝင်​သိရှိ​လာ​ခြင်း​ကြောင့် သူစိမ်း​များ​၏​စကားသံ​ကို ချက်ချင်း​သိရှိ​နိုင်​ခြင်း​ဖြစ်သည်။—ဂလာတိ ၁:၈

၁၈။ (က) ယေဟောဝါ​၏​စကားသံ​ကို အကျွမ်းတဝင်​ရှိ​ခြင်း​တွင် အဘယ်အရာ ပါဝင်​သနည်း။ (ခ) မဿဲ ၁၇:၅ အရ၊ ယေရှု၏​စကားသံ​ကို ကျွန်ုပ်​တို့ အဘယ်ကြောင့် နားထောင်​သင့်​သနည်း။

၁၈ ယေဟောဝါ​၏​စကားသံ​ကို ကျက်​မိ​ခြင်း​တွင် အခြား​အဘယ်အရာ​ပါဝင်​သနည်း။ ၎င်းကို​ကြား​သည့်​အပြင် လိုက်နာခြင်း​လည်း​ပါဝင်​၏။ ဟေရှာယ ၃၀:၂၁ ကို တစ်ဖန် ဂရုစိုက်​ဖတ်ပါ။ ဘုရားသခင်​၏​စကားတော်​က “ဤ​မည်​သော​လမ်း​သည် မှန်​၏” ဟု​ကြေညာ​သည်။ မှန်ပါသည်၊ သမ္မာကျမ်းစာ​ကို လေ့လာခြင်း​အားဖြင့် ယေဟောဝါ​၏​လမ်းညွှန်ချက်များ​ကို ကျွန်ုပ်​တို့ ကြားသိ​ရ၏။ တစ်ဖန် ကိုယ်တော်​က “ဤ​လမ်း၌​သွားလော့” ဟု​မိန့်ဆို​သည်။ ယေဟောဝါ​သည် ကျွန်ုပ်​တို့​ကြား​ရသည့်​အတိုင်း ကျင့်သုံး​စေ​လို​၏။ သို့​ဖြစ်၍ ကျွန်ုပ်​တို့​သိရှိရာ​ကို ကျင့်သုံး​ခြင်း​အားဖြင့် ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​စကားသံ​ကို ကြားနာ​ရုံ​သက်​သက်​မဟုတ်ဘဲ လိုက်နာ​ကျင့်သုံး​နေကြောင်း ဖော်ပြ​ကြသည်။ (တရားဟောရာ ၂၈:၁) ယေဟောဝါ​၏​စကားသံ​ကို လိုက်နာခြင်း​သည် ယေရှု၏​စကားသံ​ကို လိုက်နာခြင်း​ဖြစ်၏၊ အကြောင်း​မှာ ယေဟောဝါ​ကိုယ်တော်တိုင်​က ထိုသို့​နားထောင်​ရန် မိန့်မှာ​တော်​မူ​ခဲ့​သည်။ (မဿဲ ၁၇:၅) သိုးထိန်း​ကောင်း ယေရှုသည် ကျွန်ုပ်​တို့ကို အဘယ်အရာ​ပြုလုပ်​ရန် မိန့်ဆို​သနည်း။ တပည့်​ဖြစ်စေ​ကြ​ရန်​နှင့် ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်’ ကို​ယုံကြည်​ကိုးစား​ကြ​ရန် ကိုယ်တော်​သွန်သင်​တော်​မူ​၏။ (မဿဲ ၂၄:၄၅; ၂၈:၁၈-၂၀) ကိုယ်တော်​၏​စကားသံ​ကို လိုက်နာခြင်း​သည် ကျွန်ုပ်​တို့ကို ထာဝရ​အသက်​ရရှိစေ​သည်။—တမန်​တော် ၃:၂၃

‘သူတို့​ထွက်ပြေး​သွား​ကြလိမ့်မည်’

၁၉။ ကျွန်ုပ်​တို့သည် သူစိမ်း​တို့၏​စကားသံ​ကို မည်သို့​တုံ့ပြန်​သင့်​သနည်း။

၁၉ သို့​ဖြစ်၍ ကျွန်ုပ်​တို့သည် သူစိမ်း​တို့၏​စကားသံ​ကို မည်သို့​တုံ့ပြန်​သင့်​သနည်း။ သိုးများ​နည်းတူ တုံ့ပြန်​သင့်​သည်။ ယေရှု​က “သူစိမ်း​နောက် [“အလျှင်း၊” က​ဘ] မလိုက်​ဘဲ ထွက်ပြေး​ကြလိမ့်မည်” ဟု​ဆို​သည်။ (ယောဟန် ၁၀:၅သ​မ) ကျွန်ုပ်​တို့ နည်း​နှစ်နည်း​ဖြင့် တုံ့ပြန်​ရမည်။ ဦးဆုံး၊ “သူစိမ်း​နောက် အလျှင်း​မလိုက်” ကြ​ရ​ပါ။ မှန်သည်၊ ကျွန်ုပ်​တို့သည် သူစိမ်း​ကို လုံးဝ​ငြင်းပယ်​ကြသည်။ ဂရိ​ကျမ်းစာ​စကား​တွင် “အလျှင်း” ဟူသော စကားလုံး​သည် ထို​ဘာသာ​စကား​ဖြင့် ခိုင်မာ​ပြတ်သား​စွာ ငြင်းပယ်မှု​ကို ဖော်ပြခြင်း​ဖြစ်၏။ (မဿဲ ၂၄:၃၅; ဟေဗြဲ ၁၃:၅) ဒုတိယ​အနေ​နှင့်၊ ကျွန်ုပ်​တို့သည် ‘သူ့​ထံ​မှ​ထွက်ပြေး​ကြ​မည်’ သို့​မဟုတ် သူ့​ထံ​မှ လှည့်ထွက်​သွား​မည်။ ထိုသို့​ပြုခြင်း​သည် သိုးထိန်း​ကောင်း​၏​စကားသံ​နှင့်​မညီ​သည့် သွန်သင်ချက်​များ​ကို သင်ပေး​သူများ​အား တုံ့ပြန်​ရမည့်​နည်းလမ်း​မှန်​ဖြစ်သည်။

၂၀။ ကျွန်ုပ်​တို့သည် (က) စဉ်းလဲ​သော​အယူဖောက်ပြန်သူ​များနှင့်၊ (ခ) ဘေးသင့်​စေသော​အပေါင်းအဖော်​များနှင့်၊ (ဂ) ဘက်လိုက်​သော သတင်း​မီဒီယာ​များနှင့် ပက်ပင်းတိုး​သည့်​အခါ မည်သို့​တုံ့ပြန်​မည်​နည်း။

၂၀ ထို့​ကြောင့် အယူဖောက်ပြန်​သော​သွန်သင်ချက်​များ​ကို ထုတ်လွှင့်​သူများ​နှင့် ပက်ပင်းတိုး​သည့်​အခါ ဤသို့​သမ္မာကျမ်းစာ​ဆို​သည့်​အတိုင်း ကျွန်ုပ်​တို့​ပြုလုပ်​လို​ကြသည်– “သင်တို့​ခံရ​ပြီး​သော ဆုံးမ[စကား]နှင့် ဆန့်ကျင်ဘက်​ဖြစ်သော သင်း​ခွဲခြင်း၊ မှားယွင်း​ခြင်း​အကြောင်းကို​ပြု​တတ်သော သူတို့ကို​မှတ်၍ ရှောင်​ကြလော့။” (ရောမ ၁၆:၁၇; တိတု ၃:၁၀) ထို​နည်းတူ​စွာ၊ ဘေးသင့်​စေ​မည့်​အပေါင်းအဖော်​များ​၏ အန္တရာယ်ကို​ရင်ဆိုင်​နေရ​သော ခရစ်ယာန်​လူငယ်များသည် လူငယ်​တိမောသေ​အား ပေါလု​ဆုံးမ​ခဲ့​သော ဤ​စကား​ကို လိုက်လျှောက်​လို​ကြသည်– “လူပျို​တို့၏​တပ်မက်​ခြင်း ကိ​လေ​သာ​စိတ်​ကို ကြ​ဉ်​ရှောင်​လော့။” သတင်း​မီဒီယာ​မှ​တစ်ဆင့် ထုတ်လွှင့်​သော မတရား​စွပ်စွဲချက်​များနှင့် ပက်ပင်းတိုး​သည့်​အခါ တိမောသေ​ကို ပေါလု​က ဤသို့​ထပ်ဆင့်​အကြံပြု​ခဲ့​ကြောင်း သတိရ​လို​ကြ​မည်– ‘[သူစိမ်း​တို့၏​စကားသံ​ကို နားထောင်သူ​များသည်] ဒဏ္ဍာရီ​စကား​ကို​နားထောင်​၍ လွဲသွား​ကြလိမ့်မည်။ သင်​မူ​ကား၊ အရာရာ၌ ကောင်းသော​သတိ မပြတ်​ရှိစေ​လော့။’ (၂ တိမောသေ ၂:၂၂; ၄:၃-၅) သူစိမ်း​တို့၏​စကားသံ​သည် မည်မျှ​ပင်​နှစ်လိုဖွယ်​ကောင်း​ပုံ​ရှိပါစေ၊ ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို ထိခိုက်​စေနိုင်​သည့် အရာခပ်သိမ်း​မှ ထွက်ပြေး​ကြသည်။—ဆာလံ ၂၆:၅; သု. ၇:၅၊ ၂၁; ဗျာ. ၁၈:၂၊ ၄

၂၁။ သူစိမ်း​တို့၏​စကားသံ​ကို ငြင်းပယ်​သူများ​သည် အဘယ်​ဆုကျေးဇူး​ကို စောင့်မျှော်​နိုင်​သနည်း။

၂၁ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည် သူစိမ်း​တို့၏​စကားသံ​ကို ငြင်းပယ်​ခြင်း​အားဖြင့် လုကာ ၁၂:၃၂ တွင်​ပါ​သည့် သိုးထိန်း​ကောင်း​၏​စကား​ကို လက်ခံ​နာယူ​ကြသည်။ ထို​တွင် ယေရှု ဤသို့​မိန့်ဆို​သည်– “သိုးစုငယ်၊ သင်တို့သည် မကြောက်​ကြ​နှင့်။ သင်တို့​အဘသည် သင်တို့အား နိုင်ငံ​ကို​ပေးခြင်း​ငှာ အလိုရှိ​တော်​မူ​၏။” ထို​နည်းတူ၊ “အခြားသိုး​တို့” သည်​ယေရှု၏​ဤ​စကား​ကို ကြားနာ​ရ​ရန် စိတ်အား​ထက်သန်​စွာ စောင့်မျှော်​နေကြ​သည်– “ငါ့​ခမည်းတော်​ထံ ကောင်းချီး​မင်္ဂလာ​ကို​ခံ​သော​သူတို့၊ ကမ္ဘာဦး​က​ပင် သင်တို့​အဖို့ ပြင်ဆင်​သော​နိုင်ငံ​ကို လာ၍​အမွေခံ​ကြလော့။” (ယောဟန် ၁၀:၁၆; မဿဲ ၂၅:၃၄) “သူစိမ်း​တို့​စကားသံ” ကို ကျွန်ုပ်​တို့ ငြင်းပယ်​ကြ​မည်​ဆိုလျှင် အမှန်ပင်​ကြည်နူး​စ​ရာ ဆုကျေးဇူး​ကို စောင့်မျှော်​နိုင်​သတည်း!

သင်​မှတ်မိ​သလော

ယေရှု၏​သိုးခြံ​ပုံ​ဥပမာ​တွင် ဖော်ပြ​ထား​သည့် သူစိမ်း​၏ သဏ္ဌာန်​သည် စာတန်​နှင့် မည်သို့​ကိုက်ညီ​သနည်း။

ယနေ့ သူစိမ်း​တို့၏​စကားသံ​ကို မည်သို့​ကြား​ရသနည်း။

သူစိမ်း​တို့၏​စကားသံ​ကို ကျွန်ုပ်​တို့ မည်သို့​သိရှိ​နိုင်​သနည်း။

သူစိမ်း​တို့၏​စကားသံ​ကို ကျွန်ုပ်​တို့ မည်သို့ တုံ့ပြန်​သင့် သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

မာရိသည် ခရစ်တော်​ကို မှတ်မိ​ခဲ့

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

သူစိမ်း​သည် သိုးများ​ထံ တန်းတန်းမတ်မတ် မ​ချဉ်းကပ်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့သည် သူစိမ်း​တို့၏​စကားသံ​ကို မည်သို့​တုံ့ပြန်​သနည်း