ချက်စ်တာဘီတီ၏ဘဏ္ဍာတိုက်ကို ဆန်းစစ်ကြည့်ခြင်း
ချက်စ်တာဘီတီ၏ဘဏ္ဍာတိုက်ကို ဆန်းစစ်ကြည့်ခြင်း
“ပျောက်ကွယ်တိမ်မြုပ်သွားပြီဖြစ်သော ယဉ်ကျေးမှုများစွာ၏ အဖိုးတန်ရတနာ အစုအဝေး၊ . . . ပန်းချီကား ကြီးကြီးငယ်ငယ်တို့၏အလှအပများ ဆုံစည်းရာ။” အိုင်ယာလန်နိုင်ငံ၊ ဒါဘလန်မြို့ရှိ ချက်စ်တာဘီတီစာကြည့်တိုက်၏ ပြတိုက်မှူးဟောင်း အာရ်. ဂျေ. ဟေးစ်က ထိုသို့ အကျဉ်းချုံးဖော်ကျူးသည်။ ထိုစာကြည့်တိုက်သည် အဖိုးမဖြတ်နိုင်သော ရှေးဟောင်းပစ္စည်းများ၊ အနုပညာလက်ရာများ၊ ရှားပါးစာအုပ်များနှင့် မခန့်မှန်းနိုင်လောက်အောင်အဖိုးတန်သော လက်ရေးစာမူများ စုဆောင်းသိမ်းဆည်းထားရာနေရာဖြစ်သည်။ သို့သော် ချက်စ်တာဘီတီကား မည်သူနည်း။ အဘယ်ဘဏ္ဍာများကို သူစုဆောင်းခဲ့သနည်း။
ယူ.အက်စ်.အေ. နယူးယောက်မြို့တွင် ၁၈၇၅ ခုနှစ်ဖွား အဲလ်ဖရက် ချက်စ်တာ ဘီတီသည် စကော့တလန်၊ အိုင်ယာလန်နှင့် အင်္ဂလိပ်မျိုးရိုးမှ ဆင်းသက်လာသူတစ်ဦးဖြစ်သည်။ အသက် ၃၂ နှစ်အရွယ်တွင် သတ္တုတွင်းအင်ဂျင်နီယာ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးအဖြစ် ဥစ္စာဓနကြွယ်ဝလာလေသည်။ သူ့ဘဝတစ်လျှောက် လှပ၍ ထူးကဲပြောင်မြောက်သောအရာများကို စုဆောင်းရန် သူ၏ဥစ္စာဓနများစွာကို အသုံးပြုခဲ့သည်။ ၉၂ နှစ်အရွယ်၊ ၁၉၆၈ ခုနှစ်တွင် ဘီတီသေဆုံးသောအခါ သူစုဆောင်းထားလေသမျှကို အိုင်ယာလန်လူမျိုးတို့အတွက် ချန်ရစ်ခဲ့သည်။
အဘယ်အရာစုဆောင်းခဲ့သနည်း
ဘီတီစုဆောင်းခဲ့ရာများသည် မျိုးပေါင်းစုံလှသဖြင့် ၎င်းတို့ကို တစ်ကြိမ်လျှင် ၁ ရာခိုင်နှုန်းလောက်ကိုသာ ခင်းကျင်းပြသ၍ရသည်။ နှစ်ထောင်ပေါင်းများစွာအကြာမှ ခေတ်ကာလနှင့် ယဉ်ကျေးမှုအသီးသီးမှ ရှားပါး၍ တန်ဖိုးရှိပစ္စည်းများကို သူစုဆောင်းခဲ့သည်၊ ၎င်းတို့သည် အလယ်ခေတ်နှင့် ဥရောပပြန်လည်ဆန်းသစ်ရေးကာလမှဖြစ်သည့်အပြင် အာရှနှင့် အာဖရိကနိုင်ငံများစွာမှ ပစ္စည်းများလည်းပါသည်။ ဥပမာ၊ သူစုဆောင်းထားသော လက်ရာမြောက် ဂျပန်သစ်ထွင်းမင်နှိပ်ပုံများကို ကမ္ဘာ့အကောင်းဆုံး မင်နှိပ်ပုံများမှတစ်ခုဟု သတ်မှတ်ကြသည်။
အနုပညာလက်ရာများနှင့် တခြားစီဖြစ်သော စိတ်ဝင်စားဖွယ်ပစ္စည်းတစ်ခုမှာ ရှေးခေတ်ကျူနီဖောင်းအက္ခရာများဖြင့် ရေးသားထားသော ဗာဗုလုန်နှင့် ရှမာရိလူမျိုးတို့၏ ရွှံ့စာချပ်တစ်ရာကျော်ဖြစ်သည်။ ရှေးနှစ်ပေါင်း ၄,၀၀၀ ကျော်က မက်ဆိုပိုတေးမီးယားတွင် နေထိုင်ခဲ့ကြသူတို့သည် မိမိတို့ဘဝမှတ်တမ်းကို ရွှံ့ချပ်စိုများပေါ် အသေးစိတ်ရေးချပြီးနောက် ၎င်းရွှံ့ပြားများကို မီးဖုတ်လေ့ရှိကြသည်။ ကျွန်ုပ်တို့ခေတ်တိုင်အောင် ထိုရွှံ့ချပ်များရှိနေသေးသည်ဖြစ်ရာ ရှေးခေတ်က စာရေးခဲ့ကြခြင်း၏ ထင်ရှားသောသာဓကဖြစ်သည်။
စာအုပ်များကိုစွဲမက်ခြင်း
ချက်စ်တာဘီတီသည် လက်ရာပြောင်မြောက်သော စာအုပ်ကောင်းများ ထုတ်လုပ်ခြင်းကို စိတ်ဝင်စားခဲ့ပုံရသည်။ အနုစိတ်တန်ဆာဆင်ထားသော ကိုရန်ကျမ်းစာစောင်အချို့အပါအဝင် လောကရေးနှင့် ဘာသာရေးစာအုပ် ထောင်နှင့်ချီကို သူစုဆောင်းခဲ့သည်။ သူသည် “အာရဘီစာရေးပုံရေးနည်း အချိုးတိကျမှုကို အလွန်သဘောကျစိတ်ဝင်စား . . . ပြီး ရွှေလွှာ၊ ငွေလွှာနှင့် တောက်ပသောအခြားတွင်းထွက်ပစ္စည်းများဖြင့် အလှဆင်ထားသော ရောင်စုံလက်ရေးလှအရေးအသားကို အလွန်နှစ်သက်၏” ဟုစာရေးဆရာတစ်ဦးကဆိုသည်။
ချက်စ်တာဘီတီသည် အစောပိုင်းရာစုနှစ်များမှ တရုတ်ဧကရာဇ်မင်းအချို့နည်းတူ ကျောက်စိမ်းကို များစွာစိတ်ဝင်စားနှစ်သက်၏။ သူတို့သည် အရည်ကောင်းသောကျောက်စိမ်းကို တွင်းထွက်ပစ္စည်းရှိရှိသမျှတွင် အဖိုးအထိုက်ဆုံး၊ ရွှေထက်အဖိုးထိုက်သည်ဟု မှတ်ယူခဲ့ကြသည်။ ဤမင်းများသည် ကျောက်စိမ်းတုံးများကို ချောမွတ်၊ ပါးလွှာသောအချပ်များအဖြစ်သို့ ကျွမ်းကျင်ပညာရှင်များအား အသွင်ပြောင်းစေခဲ့ကြသည်။ ထို့နောက် ပင်ကိုစွမ်းရည်ရှိ အနုပညာရှင်များသည် ၎င်းကျောက်စိမ်းရွက်ချပ်များပေါ် အနုစိတ်တိကျသော လက်ရေးလှစာလုံးများ၊ ရုပ်ပုံများကို ရွှေမင်ဖြင့်ရေးချယ်ကြရာ ပြုလုပ်ခဲ့သမျှတို့တွင် အံ့ဖွယ်အကောင်းဆုံးစာအုပ်အချို့ကို ထုတ်လုပ်ပေးခဲ့ကြသည်။ ၎င်းစာအုပ်များကို ဘီတီစုဆောင်းထားခဲ့ကြောင်း ကမ္ဘာသိဖြစ်သည်။
အဖိုးမဖြတ်နိုင်သော ကျမ်းစာလက်ရေးစာမူများ
သမ္မာကျမ်းစာကို မြတ်နိုးသူများအတွက် ချက်စ်တာဘီတီ၏ ရှေးခေတ်နှင့် အလယ်ခေတ်မှ ကျမ်းစာလက်ရေးစာမူများသည် ရတနာပုံကြီးဖြစ်၏။ ကနုတ်ဆန်သောစာလုံးများဖြင့် လှပစွာတန်ဆာဆင်ထားသည့် လက်ရေးစာမူများက မိတ္တူကူးရေးသူ ကျမ်းပြုဆရာများ၏ စိတ်ရှည်မှုနှင့် အနုပညာပြောင်မြောက်မှုတို့ကို ပေါ်လွင်စေသည်။ ပုံနှိပ်စာအုပ်များက ရှေးခေတ်စာအုပ်ချုပ်လုပ်သူများနှင့် ပုံနှိပ်သူတို့၏ တတ်ကျွမ်းမှုနှင့် လက်ရာပြောင်မြောက်မှုတို့ကို ဖော်ပြ၏။ သာဓကအနေနှင့် ယိုဟန်စ် ဂူတင်ဘာ့ဂ်နှင့် တစ်ခေတ်တည်းသားဖြစ်ပြီး “ရှေးခေတ်ပုံနှိပ်သူများတွင် အရေးအပါဆုံး၊ အတက်ကြွဆုံးသူတစ်ဦး” အဖြစ်ဖော်ပြခံရသူ အဲန်တဲန်ကိုဘာဂါသည် ၁၄၇၉ ခုနှစ်တွင် ဘစ်ဘလီယာလက်တီနာ ကို နျူရင်ဘာဂ်မြို့၌ ပုံနှိပ်ခဲ့သည်။
ချက်စ်တာဘီတီစာကြည့်တိုက်တွင်ပြသထားသော ထူးခြားသည့်လက်ရာတစ်ခုမှာ ဆီးရီးယားကျမ်းပညာရှင် အီဖရိမ်ရေးသားခဲ့သော လေးရာစုအစောပိုင်းမှ သားရေစာမူတစ်ခုဖြစ်၏။ အီဖရိမ်သည် ဒိုင်ယာထက်စာရွန်ဟုခေါ်သော ဒုတိယရာစုမှ စာစောင်တစ်ခုကို အတော်များများကိုးကားထားသည်။ ထိုစာစောင်ကိုရေးသားသူ တေရှန်သည် ယေရှုခရစ်အကြောင်း ခရစ်ဝင်ကျမ်းလေးစောင်ကို တစ်စောင်တည်းဖြစ်အောင် စုစည်းပေးခဲ့သည်။ နောက်ပိုင်းတွင် အခြားကျမ်းပြုဆရာများသည် ဒိုင်ယာထက်စာရွန်ကို ကိုးကားခဲ့ကြသော်လည်း ယင်း၏မိတ္တူများ မရှိတော့ချေ။ ထို့ကြောင့် ၎င်းစာစောင်ရှိခဲ့ခြင်းကို ၁၉ ရာစုမှ ကျမ်းပညာရှင်အချို့က သံသယဝင်ကြသည်။ သို့သော် တေရှန်၏ဒိုင်ယာထက်စာရွန်ကို အီဖရိမ်ဋီကာဖွင့်ထားသည့်ကျမ်းကို ၁၉၅၆ ခုနှစ်တွင် ဘီတီတွေ့ရှိခဲ့သည်၊ ၎င်းကိုတွေ့ရှိလိုက်ခြင်းက သမ္မာကျမ်းစာ၏တိကျမှန်ကန်မှုကို သက်သေထူသည့် ရှိထားနှင့်ပြီးသောသာဓကတို့အပေါ် ပိုခိုင်လုံမှုရှိစေ၏။
ကျူစာမူ ရတနာသိုက်
ဘီတီသည် ဘာသာရေးနှင့် လောကရေးစာမူ အမြောက်အမြားကိုလည်း စုဆောင်းခဲ့သည်။ ကျူစက္ကူလက်ရေးစာမူ ၅၀ ကျော်မှာ စီ.အီး. လေးရာစုမတိုင်မီကဖြစ်သည်။ ၎င်းကျူစာမူအချို့ကို အီဂျစ်သဲကန္တာရတွင် ရာစုနှစ်ချီ၍ တိမ်မြုပ်နေသော ကျူစာမူအပုံကြီး—အမှန်အားဖြင့် စက္ကူစုတ်အပုံများ—ထဲမှ သိမ်းယူခဲ့ရခြင်းဖြစ်သည်။ ထိုကျူစက္ကူစာရွက်စာတမ်းများစွာကို ရောင်းချချိန်၌ ၎င်းတို့သည် အပိုင်းပိုင်းအစစဖြစ်နေ၏။ ကုန်သည်တို့သည် ကျူစက္ကူအပိုင်းအစအပြည့်ပါသော ကတ်ထူသေတ္တာပုံးများကို သယ်လာကြ၏။ “ယင်းတို့ကို ဝယ်လိုသူတို့သည် သေတ္တာထဲလက်နှိုက်ကာ လက်ရေးစာအများဆုံးပါသော အကြီးဆုံးအပိုင်းအစကို ရွေးယူကြသည်” ဟု ချက်စ်တာဘီတီစာကြည့်တိုက်၏ အနောက်ပိုင်းစုဆောင်းပစ္စည်းများကို ထိန်းသိမ်းသူ ချားလ်စ် ဟော်တွန်ကဆို၏။
ဘီတီ၏ “အထူးခြားဆုံးတွေ့ရှိမှု” တွင် “ခရစ်ယာန်ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်း၏ ရှေးအကျဆုံးစာမူအချို့ ပါဝင်သည့်” အဖိုးတန်ကျမ်းစာလက်ရေးစာမူပါဝင်သည်ဟု ဟော်တွန်ကဆို၏။ ၎င်းရှေးလက်ရေးမိတ္တူစာမူများ၏ တန်ဖိုးကို ကုန်သည်များသာ သိထားကြမည်ဆိုလျှင် ၎င်းတို့ကို အပိုင်းပိုင်းဆုတ်ဖြဲပြီး ဝယ်လိုသူအသီးသီးတို့အား ခွဲရောင်းပေးကြပေမည်။ သို့ရာတွင် ၎င်းစာမူအများစုကို ဘီတီဝယ်ယူနိုင်ခဲ့၏။ ဤလက်ရေးစာမူများသည် မည်မျှအရေးပါသနည်း။ ၁၈၄၄ ခုနှစ်တွင် တိရှန်ဒေါ့ဖ်သည် ကိုဒက်ခ်စ်ဆိုင်နိုင်တိကပ်စ်ကို တွေ့ရှိခဲ့ပြီးနောက် ၎င်းတွေ့ရှိမှုသည် “အရေးအပါဆုံး” ဖြစ်သည်ဟု ဆာဖရက်ဒရစ်ခ် ကင်ညွန်ကဆို၏။
၎င်းလက်ရေးစာမူများသည် စီ.အီး. ဒုတိယနှင့် စတုတ္ထရာစု စပ်ကြားကာလမှဖြစ်သည်။ ဂရိစက်ပ်တွားဂျင့်ကျမ်းမှ ဟေဗြဲကျမ်းစာစောင်များတွင် ကမ္ဘာဦးကျမ်းမိတ္တူနှစ်စောင်ပါသည်။ ၎င်းတို့ကို အဖိုးမဖြတ်နိုင်ပေ၊ “အကြောင်းမှာ [ကမ္ဘာဦးကျမ်း] သည်” စတုတ္ထရာစုမှ သားရေစာမူများဖြစ်သော “ဗက်တီကနပ်စ်နှင့် ဆိုင်နိုင်တိကပ်စ်တို့တွင် တစ်အုပ်လုံးနီးပါး မပါရှိသောကြောင့်ဖြစ်သည်” ဟုကင်ညွန်က ဆို၏။ လက်ရေးစာမူသုံးခုတွင် ခရစ်ယာန်ဂရိကျမ်းစာစောင်များ ပါရှိသည်။ စာမူတစ်ခုတွင် ခရစ်ဝင်ကျမ်းလေးကျမ်းအများစုနှင့် တမန်တော်ဝတ္ထုကျမ်းအများစုပါရှိသည်။ နောက်ပိုင်းမှ ဘီတီထပ်ရရှိခဲ့သောစာမျက်နှာများပါသည့် ဒုတိယစာမူတွင် ဟေဗြဲလူတို့ထံ ရေးသောသြဝါဒစာအပါအဝင် တမန်တော်ပေါလု၏စာစောင် အားလုံးနီးပါး ပါရှိသည်။ တတိယစာမူတွင် ဗျာ.ကျမ်းသုံးပုံတစ်ပုံခန့် ပါရှိသည်။ ကင်ညွန်အရ ၎င်းကျူစာမူများသည် “ကျွန်ုပ်တို့ထံရောက်ရှိလာသည့် ဓမ္မသစ်ကျမ်းကို ထိုအတိုင်း လက်ခံနိုင်ရန် ခိုင်လုံပြီးသား အခြေအမြစ်ကို ပိုယုံကြည်စိတ်ချစေပြီ” ဖြစ်သည်။
ခရစ်ယာန်များသည် စီ.အီး. ပထမရာစုမကုန်မီ ဖြစ်ကောင်းဖြစ်မည့် အစောပိုင်းအချိန်ကတည်းက ကိုင်တွယ်ရခက်သော စာလိပ်များအစား ရှေးလက်ရေးစာပေစု သို့မဟုတ် စာမျက်နှာများပါစာအုပ်ကို စတင်အသုံးပြုခဲ့ကြောင်း ချက်စ်တာဘီတီ၏ ကျမ်းဆိုင်ရာကျူစာမူတို့က ဖော်ပြသည်။ မိတ္တူကူးရေးသူများသည် စာရေးကိရိယာများ ရှားပါးသဖြင့် ကျူစက္ကူချပ်များကို ပြန်အသုံးပြုလေ့ရှိကြောင်း ၎င်းလက်ရေးစာမူများက ဖော်ပြသည်။ ဥပမာ၊ ယောဟန်ခရစ်ဝင်ကျမ်း တစ်စိတ်တစ်ပိုင်းပါ ကော့ပ်တစ်စာမူတစ်ခုကို “ဂရိသင်္ချာပုစ္ဆာများပါသော ကျောင်းသုံးစာအုပ်ဖြစ်ဟန်တူသည့်” စာအုပ်တစ်အုပ်တွင် ရေးသားထားသည်။
ဤကျူစာမူများသည် အမြင်အားဖြင့် မလှသော်လည်း အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးသည်။ ၎င်းတို့သည် ခရစ်ယာန်ဘာသာ၏ မူလအစနှင့် ပတ်သက်ဆက်နွှယ်သည့် မြင်နိုင်သော၊ လက်ဆုပ်လက်ကိုင်ပြနိုင်သော သာဓကများဖြစ်သည်။ “သင်၏ရှေ့မှောက် ဤနေရာတွင် ရှေးအကျဆုံးခရစ်ယာန်အသိုင်းအဝိုင်းအချို့ အသုံးပြုခဲ့သောစာအုပ်များ၊ သူတို့အမြတ်တနိုးထားခဲ့သော စာအုပ်များကို သင်မြင်တွေ့နိုင်သည်” ဟုချားလ်စ်ဟော်တွန်ကဆို၏။ (သု. ၂:၄၊ ၅) သင်သည် ချက်စ်တာဘီတီစာကြည့်တိုက်ရှိ ၎င်းရတနာများကို ဆန်းစစ်လေ့လာခွင့်ရရှိခဲ့လျှင် စိတ်ပျက်ရမည်မဟုတ်ပါ။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ကာဆူရှီကာ ဟုတ်ခ်ဆိုင်၏ ဂျပန်သစ်ထွင်းမင်နှိပ်ပုံ
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
“ဘစ်ဘလီယာလက်တီနာ” သည် ရှေးအကျဆုံး ပုံနှိပ်ကျမ်းတစ်စောင်ဖြစ်
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
တေရှန်၏ “ဒိုင်ယာထက်စာရွန်” ကို အီဖရိမ်ဋီကာဖွင့်သောကျမ်းသည် သမ္မာကျမ်းစာ၏ တိကျမှန်ကန်မှုကို ပိုခိုင်လုံစေ
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ကမ္ဘာပေါ်တွင် ရှေးအကျဆုံးလက်ရေးစာမူတစ်ခုဖြစ်သော ချက်စ်တာဘီတီ P၄၅ အတွဲတစ်တွဲတည်းတွင် ခရစ်ဝင်ကျမ်းလေးကျမ်း အများစုနှင့် တမန်တော်ဝတ္ထုကျမ်းအများစုပါဝင်
[Picture Credit Line on page 29]
Reproduced by kind permission of The Trustees of the Chester Beatty Library, Dublin
[Picture Credit Line on page 31]
All images: Reproduced by kind permission of The Trustees of the Chester Beatty Library, Dublin