မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ

တစ်ပါး​အမျိုးသားများ​နှင့် စုံဖက်​ခြင်း​မပြု​ရန် မောရှေ​ပညတ်​က မိန့်ဆို​ထား​လျက်​နှင့် အဖမ်းခံရ​သော တစ်ပါး​အမျိုးသမီးများနှင့် ဣသရေလ​အမျိုးသားများ စုံဖက်​ရန် အဘယ်ကြောင့်​ခွင့်ပြု​ခဲ့​သနည်း။—တရားဟောရာ ၇:၁-၃; ၂၁:၁၀၊ ၁၁

အထူး​အခြေအနေ​များနှင့်​ပတ်သက်​၍ ထိုသို့ ခွင့်ပြု​ခဲ့​ခြင်း​ဖြစ်သည်။ ခါ​နာ​န်​ပြည်​ရှိ လူမျိုး​ခု​နစ်​မျိုး​၏​မြို့များ​ကို ရှင်းရှင်း​ဖျက်ဆီး​ပြီး မြို့သူ​မြို့သား​အားလုံး​ကို​ပါ သတ်ပစ်ဖို့ ဣသရေလလူ​တို့ကို ယေဟောဝါ​မိန့်မှာ​ထား​သည်။ (တရားဟောရာ ၂၀:၁၅-၁၈) အခြား​လူမျိုးများ​တွင်​မူ အသက်ချမ်းသာ​ရကောင်းရ​မည့် အရွယ်ရောက်​သူများ​မှာ အဖမ်းခံရ​သော မိန်းမပျို​များ​သာ​ဖြစ်၏။ (တောလည်ရာ ၃၁:၁၇၊ ၁၈; တရားဟောရာ ၂၀:၁၄) ထိုသို့​သော​အမျိုးသမီး​တစ်ဦး​ကို ဣသရေလ​အမျိုးသား​တစ်ဦး စုံဖက်​နိုင်​သော်လည်း စည်းမျဉ်း​အချို့​ကို ထို​အမျိုးသမီး​လိုက်နာ​ရမည်​ဖြစ်သည်။

ထို​အမျိုးသမီး​လိုက်နာ​ရမည့် စည်းမျဉ်း​များ​အကြောင်း သမ္မာကျမ်းစာ​ဤသို့​ဆို​၏– “သူသည် ဦး​ဆံ​ရိတ်ခြင်း၊ လက်သည်း​လှီးဖြတ်​ခြင်း​ကို​ပြုလျက်၊ ဖမ်းယူ​ရာ​အဝတ်ကို​ချွတ်ပယ်​၍ တစ်လ​ပတ်လုံး မိဘတို့ကို​မြည်တမ်း​လျက် သင့်​အိမ်​၌​နေပြီး​သော​နောက် သင်သည် သူနှင့်​စုံဖက်​၍ သူသည် သင်၏​မယား​ဖြစ်​မည်။”—တရားဟောရာ ၂၁:၁၂၊ ၁၃

ဣသရေလ​တစ်ဦး စုံဖက်​လို​သော ဖမ်းဆီး​ခံရ​သူ မိန်းမပျို​သည် သူ၏​ခေါင်း​ကို​ရိတ်​ရသည်။ ဆံ​ဖြတ်​ခြင်း​သည် ဝမ်းနည်းပူဆွေးမှု၊ သို့​မဟုတ် စိတ်သောက​ရောက်​ကြောင်း ဖော်ပြချက်​တစ်ခု​ဖြစ်သည်။ (ဟေရှာယ ၃:၂၄) သာဓက​အနေ​နှင့် ဘိုးဘေး​ယောဘသည် သူ၏​သားသမီး​များနှင့် ပစ္စည်းဥစ္စာ​အားလုံး ဆုံးရှုံး​သွားသော​အခါ ဝမ်းနည်းပူဆွေး​သည့်​အထိမ်းအမှတ်​အဖြစ် ဆံပင်​ရိတ်​ခဲ့​သည်။ (ယောဘ ၁:၂၀) တိုင်းတစ်ပါး​အမျိုးသမီး​သည် လက်သည်း​ကိုလည်း လှီးဖြတ်​ရ၏၊ လက်သည်း​များ ဆိုး​ထား​လျှင်​ပင် ဆွဲဆောင်မှု​မရှိစေဖို့ ‘သူ၏​လက်သည်း​များ​ကို ညှပ်​တိ​ခြင်း’ ဖြစ်​ပေမည်။ (တရားဟောရာ ၂၁:၁၂နော့ခ်စ်) ဖမ်းဆီး​ခံရ​သော အမျိုးသမီး​ချွတ်​လဲ​ရမည့် “ဖမ်းယူ​ရာ​အဝတ်” ကား အဘယ်နည်း။ သိမ်းပိုက်​ခံရ​တော့​မည့်​မြို့ရှိ အယူမှား​အမျိုးသမီးများ​သည် မိမိတို့၏​အကောင်းဆုံး​အဝတ်အစား​ကို ဝတ်ဆင်​ရသည့်​ထုံးစံ​ရှိသည်။ ဖမ်းဆီး​သူများ​၏ မျက်နှာသာ​ရ​ရန်​မျှော်လင့်ချက်​ဖြင့် သူတို့ ထိုသို့​ပြု​ကြ​ခြင်း​ဖြစ်သည်။ ဝမ်းနည်းပူဆွေး​နေသော ဖမ်းဆီး​ခံရ​သည့်​အမျိုးသမီး​သည် ထိုသို့​သော​အဝတ်အစား​ကို ချွတ်ပယ်​ရ၏။

ဣသရေလ​အမျိုးသား​တစ်ဦး၏ ဇနီး​ဖြစ်​ရန် ဖမ်းဆီး​ခံရ​သော​အမျိုးသမီး​သည် သူ​ချစ်​မြတ်နိုး​ရသော ကွယ်လွန်​သူများ​အတွက် တစ်လ​ကြာ ငိုကြွေး​မြည်တမ်း​ရ၏။ ရှုံးနိမ့်​သော​မြို့များ​ကို စိစိညက်ညက်​ဖျက်ဆီး​လိုက်​သဖြင့် သူ၏​ယခင်​မိသားစု​နှင့် အခြား​ဆက်နွှယ်မှု​များ လုံးလုံး​ရှိတော့မည်​မဟုတ်။ ဣသရေလ​စစ်သည်​များသည် သူ၏​ဘုရားသခင်​ရုပ်ပုံများ​ကို ဖျက်ဆီး​ခဲ့ပြီ​ဖြစ်​ရာ သူ​မြတ်နိုး​ကိုးကွယ်​ရာ​များလည်း ရှိတော့မည်​မဟုတ်။ ထို့​ပြင် ငိုကြွေး​မြည်တမ်း​ရသော တစ်လ​တာ​ကာလ​သည် သန့်စင်​ရာ​ကာလ​လည်း​ဖြစ်၏၊ ထို​အတောအတွင်း အဖမ်းခံရ​သော​အမျိုးသမီး​သည် ယခင်​ဝတ်ပြုရေး​၏ ကဏ္ဍ​အားလုံး​နှင့် ကင်းရှင်း​ရမည်​ဖြစ်သည်။

သို့သော် ယေဘုယျ တိုင်းတစ်ပါး​အမျိုးသမီးများနှင့်​ပတ်သက်​၍​မူ ထိုသို့​မဟုတ်ပါ။ ယင်း​နှင့်​ပတ်သက်​၍ ဤ​မူ​သက်ဆိုင်​ခဲ့​သည်– “သူတို့နှင့်​စုံဖက်​ခြင်း​ကို​မပြုရ။ သင်၏​သမီးကို သူ၏​သား​နှင့်​လည်းကောင်း၊ သင်၏​သားကို သူ၏​သမီး​နှင့်​လည်းကောင်း ထိမ်းမြား​ပေးစား​ခြင်း​ကို​မပြုရ။” (တရားဟောရာ ၇:၃) ဤသို့​တားမြစ်​ရသည့်​အကြောင်းရင်း​ကား အဘယ်နည်း။ တရားဟောရာ ၇:၄ က ဤသို့​ဆို​၏– “အကြောင်း​မူ​ကား သူတို့သည် သင်၏​သားကို ငါ​၌​မ​ဆည်း​မ​ကပ်​စေ​ဘဲ အခြား​တစ်ပါး​သော​ဘုရား​အား ဝတ်ပြု​စေခြင်း​ငှာ သွေးဆောင်​ကြလိမ့်မည်။” သို့​ဖြစ်၍ ဝတ်ပြုရေး​ညစ်ညမ်းမှု​မှ ဣသရေလ​လူမျိုး​ကို ကာကွယ်​ပေး​ဖို့ ထိုသို့​တားမြစ်​ခဲ့​ရခြင်း​ဖြစ်သည်။ သို့သော် တရားဟောရာ ၂၁:၁၀-၁၃ တွင် ဖော်ပြ​ထားသော အခြေအနေ​မျိုး​ရှိ တိုင်းတစ်ပါး​အမျိုးသမီးနှင့်​ပတ်သက်​၍​မူ ထိုသို့​သော​အန္တရာယ်​မရှိပါ။ သူ၏​ဆွေမျိုးသားချင်း​အားလုံး ဆုံးပါး​ခဲ့ပြီ၊ သူ၏​ဘုရားသခင်​များ​ကို ကိုယ်စား​ပြု​သည့်​ရုပ်ပုံများ​လည်း ဖျက်ဆီး​ခံ​ခဲ့​ရပြီ။ သူသည် အယူမှား​သူတို့နှင့် အဆက်အသွယ် လုံးဝ​မရှိတော့​ချေ။ ဤသို့​သော​အခြေအနေ​မျိုး​အောက်​ရှိ တိုင်းတစ်ပါးသူ​ကို ဣသရေလ​အမျိုးသား​တစ်ဦး စုံဖက်​ခွင့်​ရှိ၏။