မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆန်ကြိတ်စက်များ

ဆန်ကြိတ်စက်များ

ဆန်​ကြိတ်စက်​များ

ဆန်​ကို “အသက်သွေး​ခဲ” ဟု​ရှေး​လွန်​လေ​ပြီး​သော ခေတ်​ကတည်းက ဖော်ညွှန်း​လာ​ခဲ့​သည်။ မှန်ပါသည်၊ ရှေး​ကတည်းက ဆန်​သည် ပဓာန​အစာ​ဖြစ်၏။ အမှန်​မှာ လူတို့၏ မရှိမဖြစ်​အလိုအပ်ဆုံး​အရာ​မှာ နေ့စဉ်​စားစရာ ထမင်း​ဖြစ်သည်။

စပါး​ကို​ကြိတ်ခွဲ​လိုက်​လျှင် ကျွန်ုပ်​တို့၏​အခြေခံ​အစာ ဆန်​ကို​ရရှိ​၏။ ထို့​ကြောင့် ကြိတ်ခွဲ​ခြင်း​သည် ရှေးကျ​သော အတတ်ပညာ​တစ်ခု​ဖြစ်သည်။ စက်​သာ​မ​ရှိလျှင် စပါး​မှ ဆန်​ရရှိရန် ပင်ပင်ပန်းပန်း ကြိတ်​ရ​ထောင်း​ရမည်! ကျမ်းစာ​ခေတ်တွင် ဆုံ​လည်​ကြိတ်သံ​ကို ကြား​ရခြင်း​သည် ပုံမှန်​ငြိမ်းချမ်း​နေခြင်း​ကို​ပြ​၏၊ ကြိတ်သံ ပျောက်​နေလျှင် လူ​သူ​ကင်းမဲ့​ခြင်း​ကို​ပြ​၏။—ယေရမိ ၂၅:၁၀၊ ၁၁

ခေတ်​အဆက်ဆက်​တွင် မည်သို့​ကြိတ်ခွဲ​ခဲ့​ကြ​သနည်း။ အသုံးပြု​ခဲ့​ကြ​သည့် ကြိတ်ခွဲ​နည်း​နှင့် ကြိတ်ခွဲ​ကိရိယာ​အချို့​ကား အဘယ်နည်း။ ယနေ့ အဘယ်​ဆန်​ကြိတ်စက်​မျိုးကို အသုံးပြု​ကြ​သနည်း။

လိုအပ်​လာ​ရခြင်း​အကြောင်း

ကနဦး​လူသား​ဇနီး​မောင်နှံ အာဒံ​နှင့်​ဧဝ​တို့ကို ယေဟောဝါ ဤသို့​မိန့်ဆိုခဲ့သည်– “ကြည့်ရှု​လော့။ မြေတစ်ပြင်လုံး၌ စပါး​သီး​ကို​ဖြစ်စေ​သော စပါးပင်​အမျိုး​တို့ကို​လည်းကောင်း၊ မျိုးစေ့ကို​ဖြစ်စေ​သော အသီး​နှင့်​ပြည့်စုံသော သစ်ပင်​အမျိုးမျိုး​တို့ကို​လည်းကောင်း သင်တို့​စားစရာ​ဖို့ ငါ​ပေး​၏။” (ကမ္ဘာဦး ၁:၂၉) လူကို ယေဟောဝါ​ဘုရားသခင် ပေးသနား​သော အစာ​တွင် ကောက်နှံ​စေ့​များ ပါဝင်​သည်။ ဂျုံ၊ ဘာ​လီ၊ ရိုင်း၊ အုတ်၊ စပါး၊ လူး၊ ဆပ်​နှင့် ပြောင်း​အစ​ရှိသော ကောက်နှံ​အားလုံး​တွင် ကိုယ်ခန္ဓာ​အတွက် အဓိက​လောင်စာ​ဖြစ်သည့် ဂ​လူးကို့စ်​အဖြစ်သို့ ပြောင်းလဲ​ပေး​နိုင်​သည့် က​စီ​ဓာတ်​ပါရှိ​သောကြောင့် လူ့​အသက်ဆက်​ရေး​အတွက် မရှိမဖြစ်​လိုအပ်သော အစားအစာ​ဖြစ်၏။

သို့သော် လူသည် စပါး​အတိုင်း​စား​လျှင် အစာ​မ​ခြေ​နိုင်​ချေ။ စပါး​ကို ကြိတ်ခွဲ​ချက်ပြုတ်​ပြီး​မှ​သာ စား၍​ရ၏။ စပါး​ကို ဆန်​ဖြစ်စေ​ရန် အလွယ်​ကူ​ဆုံး​နည်း​များ​မှာ ဆုံ​နှင့်​ထောင်း​ခြင်း၊ ကြိတ်စက်​နှင့်​ကြိတ်​ခြင်း၊ သို့​မဟုတ် ကြိတ်​ထောင်း​ခြင်း​ပင်​ဖြစ်သည်။

လူ့​စွမ်းအား​သုံး ကြိတ်များ

ရှေးခေတ် အီဂျစ်​သင်္ချိုင်းဂူ​များ​တွင်​တွေ့ရ​သည့် ကျောက်ဆစ်​ရုပ်​ကလေး​များ​က ရှေး​ကုန်း​နှီး​ကြိတ်​တစ်မျိုး​ကို အသုံးပြု​ခဲ့​ကြ​ကြောင်း ဖော်ပြ​၏။ ကုန်း​နှီး​နှင့်​တူသော​ကြောင့် ထိုသို့​ခေါ်​ရခြင်း​ဖြစ်သည်။ ဤ​ကြိတ်​မျိုး​တွင် ကျောက်တုံး​နှစ်ခုပါ​ရှိသည်၊ အနည်းငယ်​ခွက်​ပြီး ခပ်​လျှော​လျှော​ကျောက်တုံး​ပေါ်​တွင် အနည်းငယ်​သေး​သော ကျောက်တုံး​ကို​ထား​၍ ကြိတ်​ရသည်။ များသောအားဖြင့် အမျိုးသမီး​ဖြစ်သည့် ဆုံ​လည်​ကြိတ်,ကြိတ်​သူသည် ကြိတ်​၏​နောက်​တွင် ဒူးထောက်​ထိုင်​ကာ အပေါ်​ကျောက်​ကို လက်နှစ်ဖက်​ဖြင့် ဆုပ်ကိုင်​လိုက်​သည်။ အောက်​ကျောက်ပြား​ပေါ်​တွင် အပေါ်​ကျောက်​ကို ခန္ဓာကိုယ်​အပေါ်ပိုင်း​အားဖြင့် ရှေ့​ဆွဲ​နောက်​င​င် ဖိကြိတ်​ရသည်။ ရိုး​စင်း​သော်လည်း အလုပ်​ဖြစ်သော​ကိရိယာ​ဖြစ်​ပေ​သည်!

သို့သော် နာရီ​နှင့်​ချီ​၍ ဒူးထောက်​ကြိတ်​ရသည့်​အတွက် နာကျင်​ကိုက်ခဲ​လာနိုင်​၏။ ထို​ကြိတ်​ကို တွန်း​လိုက်​ဆွဲ​လိုက်လုပ်​ရာ​တွင် သူ၏​ကျောကုန်း၊ လက်မောင်း၊ ပေါင်၊ ဒူး​နှင့် ခြေချောင်း​တို့ အမှန်ပင် တောင့်တင်း​နေ​ပေမည်။ ရှေး​ဆီးရီးယား​မှ အရိုး​စု​များ​၏​အရိုး​မူမမှန်​မှုများ​ကို လေ့လာ​သုံးသပ်​ခဲ့​ကြ​ရာ​တွင် အလားတူ​ကြိတ်များ အသုံးပြု​ခဲ့​သော အမျိုးသမီးများ​သည် ဆက်ခါဆက်ခါ​လှုပ်ရှားမှုဒဏ်​ကြောင့် ခုံညင်း​များ ပွန်း​ချိုင့်​သွားခြင်း၊ အောက်​ဆုံး​ကျောရိုးဆစ် ထိခိုက်​ထားခြင်း၊ ခြေမ​အဆစ် အကြီးအကျယ်​ယိုယွင်းခြင်း​တို့ ဖြစ်​ရသည်​ဟု ကျောက်ဖြစ်​ရုပ်ကြွင်း​ပညာရှင်​များ ကောက်ချက်​ချ​ခဲ့​ကြသည်။ ရှေး​အီဂျစ်​ပြည်​တွင် ကျွန်မ​များသည် ဆုံ​လည်​ကြိတ်​ပါ ကြိတ်​ခဲ့​ရ​ပုံ​ရှိသည်။ (ထွက်မြောက်ရာ ၁၁:၅) * အီဂျစ်​ပြည်​မှ ဣသရေလလူ​တို့ ထွက်ခွာ​ခဲ့​ချိန်​က ထိုသို့​သော​ကြိတ်​မျိုးကို သူတို့​ယူဆောင်​သွား​ကြသည်​ဟု ကျမ်း​ပညာရှင်​အချို့​က ယူဆကြ​သည်။

နောက်ပိုင်း တိုးတက်လာ​သောအခါ ကြိတ်​ကျောက် နှစ်ခုစလုံး​တွင် အသွား​ဖော်​ထား​ရာ သာ၍​ကြိတ်​အားကောင်း​လာ​သည်။ အပေါ်​ကျောက်​တွင် က​တော့​ပုံ​ထွင်းထား​ခြင်း​ဖြင့် စပါး​စေ့​များ​လောင်း​ထည့်​နိုင်ရာ ထို​ကျောက်​နှစ်ခု​ကြား​မှ အလိုအလျောက်​ကျ​လာ​စေ​သည်။ ဘီ.စီ.အီး. လေး​ရာစု သို့​မဟုတ် ငါး​ရာစု​တွင် ဂရိ​လူမျိုး​သည် အခြေခံကျ​သော ကြိတ်​တစ်မျိုး​ကို တီထွင်​ခဲ့​၏။ တစ်ဖက်​စွန်း​တွင် ဆုံ​လည်​လုပ်ထား​သည့် အလျား​လိုက် လက်ကိုင် သို့​မဟုတ် မောင်းတံ​တစ်ခု​ကို အပေါ်​ကျောက်​တွင် တပ်ဆင်​ထား​သည်။ အဆိုပါ​မောင်းတံ​၏ ကျန်​တစ်ဖက်​ကို စက်​ဝိုင်း​ပြတ်​ငယ်​ပုံသဏ္ဌာန် ရှေ့​ဆွဲ​နောက်​င​င်​လုပ်ပေး​လိုက်​လျှင် အပေါ်​က​တော့​ကျောက်​ခွက်​နှင့် အောက်ခြေ​ကျောက်​တို့ ပွတ်တိုက်​လေ​သည်။

အထက်​ဖော်ပြ​ပါ ကြိတ်​အားလုံး​တွင် စွမ်းဆောင်​နိုင်​မှု အကန့်အသတ်​သာ​ရှိသည်။ အဘယ်​တိရစ္ဆာန်​ကို​မျှ ၎င်း​ကြိတ်​တို့၏​လက်ကိုင်​ကို ရှေ့​ဆွဲ​နောက်​င​င်​လုပ်ပေး​ရန် လေ့ကျင့်​မပေးနိုင်​ချေ။ ထို့​ကြောင့် အဆိုပါ​ကြိတ်များ​ကို လူ့​အားဖြင့်​သာ အသုံးပြုနိုင်​၏။ သို့သော် နောက်ပိုင်း​တွင် နည်း​ပညာ​အသစ်​ကြောင့် ဆုံ​လည်​ကြိတ်​ကို တီထွင်​ခဲ့​၏။ ယခု တိရစ္ဆာန်​များ​ကို သုံး​၍ ကြိတ်​နိုင်ပြီ​ဖြစ်သည်။

ဆုံ​လည်​ကြိတ်များ​ကြောင့် အဆင်ပြေ

အဆို​များ​မတူကြ​သော်လည်း ဆုံ​လည်​ကြိတ်​ကို ဘီ.စီ.အီး. ဒုတိယ​ရာစု​ခန့်​က မြေထဲပင်လယ်​ဒေသ​တွင် တီထွင်​ခဲ့​ဖွယ်​ရှိသည်။ စီ.အီး. ပထမ​ရာစုနှစ်​တွင် ပါလက်စတိုင်း​မှ ဂျူး​များသည် ထိုသို့​သော​ကြိတ်​မျိုးကို အသုံးပြု​ခဲ့​ပေမည်၊ အကြောင်း​မှာ ယေရှု​က ‘မြည်း​ဖြင့်​လှည့်​သည့် ကြိတ်ဆုံ​ကျောက်’ အကြောင်း မိန့်ဆိုခဲ့​၏။—မာကု ၉:၄၂က​ဘ။

တိရစ္ဆာန်​အား​သုံး​ကြိတ်​ကို ရောမ​နှင့် ရောမ​အင်ပါယာ​အနှံ့အပြား​တွင် အသုံးပြု​ခဲ့​ကြသည်။ ဤသို့​သော​ကြိတ်များ​ကို ပွန်​ပေ​မြို့တွင် ယခု​တိုင် တွေ့ရှိ​ရ​သေး​သည်။ ယင်း​တို့​တွင် က​တော့​ခုံး​ပုံ​အောက်ခံ​ကျောက်​နှင့် သဲ​နာရီ​ပုံ ဆန်​ကျ​က​တော့​ခွက်​အဖြစ် အသုံးပြုသည့် လေးလံ​သော​အပေါ်​ကျောက်​တို့​ပါရှိ​သည်။ အပေါ်​ကျောက်​သည် အောက်ခံ​ကျောက်​အပေါ်​တွင် လည်​နေစဉ် ကျောက်​နှစ်ခု​ကြား​တွင် စပါး​စေ့​များ​ဝင်​သွားပြီး အမှုန့်​ဖြစ်​လေ​သည်။ ယနေ့​ထိ​တိုင်​တွေ့ရ​သည့် ဤ​ကဲ့သို့​သော အထက်​ကျောက်​များ​၏​အချင်း​သည် ၁၈ လက်မ​ခန့်​မှ ၃၆ လက်မ​အထိ အစား​စား​ရှိ၏။ ဤ​ကြိတ်များ​၏​အမြင့်​မှာ ခြောက်​ပေ​အထိ​ရှိ၏။

ပို​ပေါ့ပါး​သော ဆုံ​လည်​လက်​ကြိတ်များ​သည် တိရစ္ဆာန်​အား​သုံး​ကြိတ်များ​မှ ပေါ်ပေါက်​လာ​ခြင်း​လော၊ တိရစ္ဆာန်​အား​သုံး​ကြိတ်များ​သည် ဆုံ​လည်​လက်​ကြိတ်များ​မှ ပေါ်ပေါက်​လာ​ခြင်း​လော​ဆို​သည်ကို သဲသဲကွဲကွဲ​မသိ​ရ​ချေ။ မည်သို့​ဆို​စေ၊ ဆုံ​လည်​လက်​ကြိတ်​သည် သယ်​ရွှေ့​ရလွယ်​ပြီး အသုံးပြု​ရ​လည်း ပို​လွယ်ကူ​၏။ ယင်း​တွင် အချင်း ၁၂ မှ ၂၄ လက်မ​အထိ​ရှိ ကျောက်ပြား​ဝိုင်း​နှစ်ချပ်​ပါရှိ​သည်။ အောက်ခံ​ကျောက်​၏ အပေါ်​မျက်နှာပြင်​သည် အနည်းငယ်​ခုံး​ပြီး ယင်း​နှင့်​အံ​ကျ​ရန် အပေါ်​ကျောက်​၏​အောက်​မျက်နှာပြင်​မှာ အနည်းငယ်​ခွက်​ထား​သည်။ အပေါ်​ကျောက်​ကို ဗဟို​ဆုံလည်တိုင်​ပေါ်​တွင်​စွပ်​ပြီး သစ်သား​လက်ကိုင်​နှင့် လှည့်ပေး​ရသည်။ အများအားဖြင့် အမျိုးသမီး​နှစ်ဦး​သည် မျက်နှာ​ချင်း​ဆိုင်​ထိုင်၍ အပေါ်​ကျောက်​ကို​လှည့်ပေး​ရန် လက်ကိုင်​ကို လက်တစ်ဖက်​စီ​ကိုင်​၍ လှည့်​ကြသည်။ (လုကာ ၁၇:၃၅) အမျိုးသမီး​တစ်ဦး​က ကျန်​လက်တစ်ဖက်​ဖြင့် အပေါ်​ကျောက်​၏​က​တော့​ခွက်​ထဲ ဂျုံစေ့​ကို​နည်းနည်းချင်း ထည့်​ပေး​နေစဉ် အခြား​အမျိုးသမီး​တစ်ဦး​က​မူ ဆုံ​လည်​ကြိတ်​၏​နှုတ်ခမ်း​မှ ဗန်း​သို့ သို့​မဟုတ် အောက်ခံ​အ​ခင်း​ပေါ်​သို့ ကျ​လာ​သည့် ဂျုံမှုန့်​များ​ကို စုသိမ်း​နေရ​သည်။ ဤ​ကြိတ်​မျိုး​သည် ကြိတ်စက်​ကြီး​များ​တည်ရှိရာ​မှ အလှမ်းဝေး​သော​နေရာတွင်​ရှိ စစ်သား​များ၊ သင်္ဘောသား​များ၊ အိမ်ထောင်စု​ငယ်​များ​အတွက် အသုံးဝင်​၏။

ရေ​အား သို့​မဟုတ် လေ​အား​သုံး ကြိတ်များ

ဘီ.စီ.အီး. ၂၇ ခုနှစ်​ခန့်​တွင် ရောမ​အင်ဂျင်နီယာ ဗီထရူဗီယပ်စ်​သည် သူ့​ခေတ်​က ရေ​အား​သုံး ကြိတ်စက်​တစ်မျိုး​ကို ပုံစံ​ထုတ်ခဲ့​သည်။ ရေ​စီး​က ရေပြင်​ညီ​ဝင်ရိုး​တွင် တပ်ဆင်​ထားသော ထောင်​လိုက်​ဘီး​၏​ဒ​လက်​များ​ကို တွန်း​၍ လည်​စေ​သည်။ ခွေးသွားစိပ်​များ အကူအညီ​ဖြင့် ထောင်​လိုက်​ဝင်ရိုး​တစ်ခု​ကို လည်​စေ​၏။ ဤ​ဝင်ရိုး​က​တစ်ဖန် အပေါ်​ကြိတ်စက်​ကျောက်​ကြီး​ကို လည်​စေ​သည်။

ရေ​အား​သုံး ကြိတ်​၏​ထုတ်လုပ်မှု​ပမာဏ​ကို တခြား​ကြိတ်စက်​များနှင့် မည်သို့​နှိုင်းယှဉ်​ကြည့်​မည်​နည်း။ လက်​ကြိတ်များ​သည် တစ်​နာရီ​လျှင် ဂျုံမှုန့်​ပေါင် ၂၀ ပင် မ​ကြိတ်​နိုင်​ပေ၊ တိရစ္ဆာန်​အား​သုံး​ကြိတ်များ​၏ အများဆုံး​ကြိတ်​နိုင်​အား​မှာ​မူ ပေါင် ၁၀၀ အထိ​ရှိ၏​ဟု ခန့်မှန်း​ရသည်။ ဗီထရူဗီယပ်စ်​၏ ရေ​အား​သုံး ကြိတ်​မှာ​မူ၊ တစ်​နာရီ​လျှင် ပေါင် ၃၀၀ မှ ၄၀၀ ခန့်​အထိ ကြိတ်​နိုင်၏။ နောက်ပိုင်း ရာစုနှစ်များစွာ​အတွင်း ကြိတ်စက်​တီထွင်​နိုင်​သူများ​သည် ဗီထရူဗီယပ်စ် ပုံစံ​ထုတ်​ထား​သည့် အခြေခံ​နည်းကို ဆက်​အသုံးပြု​ကာ ကြိတ်​အမျိုး​ပေါင်း မြောက်မြားစွာ​ကို ကောင်း​သည်ထက်​ကောင်း​အောင် ထုတ်လုပ်​ခဲ့​ကြသည်။

ရေ​စီး​အား​တစ်မျိုးတည်း​ဖြင့်​သာ သဘာဝ​စွမ်းအား​သုံး​ကြိတ်များ​ကို လည်​စေ​သည်မဟုတ်။ ရေ​ဒ​လက်​ဘီး​များ​ကို လေ​ရ​ဟပ်​များ​ဖြင့် အစားထိုး​လိုက်​လျှင် ကြိတ်​ကို ထို​နည်းတူ လည်​စေနိုင်​၏။ လေ​ရ​ဟပ်​စက်​များ​ကို စီ.အီး. ၁၂ ရာစုနှစ်​က ဥရောပ​တွင် စ​အသုံးပြု​ခဲ့​ပုံ​ရှိပြီး ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ ဟော်​လ​န်​နှင့် အခြား​နိုင်ငံ​များ​တွင် ထို​ကဲ့သို့​သော​ကြိတ်​နည်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု​လာ​ကြသည်။ ရေ​နွေး​ငွေ့​နှင့် တခြား​စွမ်းအား​သုံး ကြိတ်များ​ပေါ်လာ​သည့်​အခါ အနှီ​စွမ်းအား​သုံး​ကြိတ်များ တဖြည်းဖြည်း ခေတ်​တိမ်​သွားလေသည်။

‘ယနေ့​အတွက် ကျွန်ုပ်​တို့၏​အစာ’

အဘ​က်​ဘက်တွင် တိုးတက်​နေသည့်​ကြား​မှ ရှေး​သုံး​ကြိတ်​နည်း​ကြိတ်​ပုံ​များ​ကို ကမ္ဘာ့​ဒေသ​အသီးသီး​တွင် ဆက်​အသုံးပြု​နေကြ​ဆဲ​ရှိသည်။ အာဖရိက​နှင့် အို​ရှင်း​နီး​ယား​ခေါ် သမုဒ္ဒရာ​ကျွန်းစု​ကျွန်းဆွယ်​ဒေသ​များ​တွင် ဆုံ​နှင့်​ကျ​ည်​ပွေ့​ကို အသုံးပြု​နေကြ​ဆဲ​ပင်။ မက္ကဆီကို​နှင့် ဗဟို​အမေရိက​တို့​တွင် တော်​တီ​လာ​ခေါ် မုန့်ပြား​များ​အတွက် ပြောင်း​ကို​အမှုန့်ကြိတ်​ရန် က​တော့​ခွက်​ပုံ​ထွင်းထား​သော ကြိတ်များ​ကို အသုံးပြု​ကြ​ဆဲ​ရှိသည်။ ထို့​ပြင် ရေ​အား​သုံး​စက်​နှင့် လေ​ရ​ဟပ်​စက်​များ​ကို နေရာ​အသီးသီး​တွင် အသုံးပြု​နေကြ​ဆဲ​ရှိ၏။

သို့သော် ယနေ့ စက်​မှု​ထွန်းကား​သည့်​ဒေသ​များ​တွင် ဂျုံမှုန့်​ကို စက်​အား​နှင့်​သာ​အသုံးပြုသည့် အလိုအလျောက်​လှိမ့်​စက်​များ​ဖြင့် ကြိတ်​ကြသည်။ ဂျုံစေ့​များသည် လိမ့်​နှုန်း​အမျိုးမျိုးဖြင့်​လည်​သည့် မျှော့​ကြောင်း​ဖော်​ထားသော သံမဏိ​ဒ​လိမ့်​အစုံ​များ​ကြား ဆက်တိုက်​ဝင်​သွား​သည့်​အခါ တဖြည်းဖြည်း ဂျုံမှုန့်​ဖြစ်သွား​လေ​သည်။ ဤ​ကြိတ်​နည်း​သည် အကုန်အကျ​နည်းနည်း​ဖြင့် ဂျုံ​အစား​စား​ကို ထုတ်လုပ်​နိုင်​သည်။

မုန့်​ဖုတ်​နိုင်​ဖို့​အရေး ယခင်​က​လောက် မ​ပင်ပန်း​တော့​ပါ။ သို့​တိုင် ကောက်နှံ​နှင့် ဤ​ကောက်နှံ​ကို ‘ယနေ့​အတွက် ကျွန်ုပ်​တို့၏​အစာ’ အဖြစ် အသွင်ပြောင်း​ပေး​နိုင်စွမ်း​ကို ကျွန်ုပ်​တို့အား ပေးသနား​ထား​သည့်​အတွက် ဖန်ဆင်း​ရှင်​ကို ကျေးဇူး​တင်​နိုင်​ကြ​ပါ​သည်။—မဿဲ ၆:၁၁

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 ကျမ်းစာ​ခေတ်​က ရန်သူများ​၏ အဖမ်း​အဆီး​ခံရ​သော ရှံဆုန်​နှင့်​အခြား​ဣသရေလလူ​တို့သည် ဆုံ​လည်​ကြိတ် ကြိတ်​ပေး​ခဲ့​ရ​ပုံ​ရှိသည်။ (တရားသူကြီး ၁၆:၂၁; ယေရမိမြည်တမ်းစကား ၅:၁၃) ကျွန်မ​ဟုတ်​သော အမျိုးသမီးများ​မူ သူတို့​မိသားစု​အတွက်သာ ဆုံ​လည်​ကြိတ် ကြိတ်​ခဲ့​ကြ​ရသည်။—ယောဘ ၃၁:၁၀

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

တိရစ္ဆာန်​အား​သုံး​ကြိတ်​ဖြင့် သံလွင်​သီး​များ​ကို အဆီ​ကြိတ်

[Credit Line]

Soprintendenza Archeologica per la Toscana, Firenze

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

အီဂျစ် ကုန်း​နှီး​ကြိတ်

[Picture Credit Line on page 22]

From the Self-Pronouncing Edition of the Holy Bible, containing the King James and the Revised versions