တရားဟောရာကျမ်းမှ ပေါ်လွင်ချက်များ
ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏
တရားဟောရာကျမ်းမှ ပေါ်လွင်ချက်များ
အချိန်ကား ဘီ.စီ.အီး. ၁၄၇၃ ခုနှစ်ဖြစ်၏။ ဣသရေလလူမျိုးကို အီဂျစ်ကျွန်သပေါက်ဘဝမှ ယေဟောဝါ ကယ်လွှတ်ပေးခဲ့သည်မှာ အနှစ်လေးဆယ်ကျော်ခဲ့ပြီ။ တောကန္တာရတွင် ဤမျှကြာလှည့်လည်ခဲ့ရာ ဣသရေလလူတို့တွင် တိုင်းပြည်မရှိသေးချေ။ သို့သော် နောက်ဆုံးတွင် ကတိထားရာပြည်တော်သို့ ဝင်ရန် အသင့်ရှိနေကြပြီ။ ၎င်းပြည်တော်ကို သူတို့ပိုင်ဆိုင်ရတော့မည်ဖြစ်ရာ အဘယ်အရာများ ဖြစ်ပျက်မည်နည်း။ သူတို့ အဘယ်ပြဿနာများ ကြုံတွေ့ရပြီး ယင်းတို့ကို မည်သို့ဖြေရှင်းကြရမည်နည်း။
ခါနာန်ပြည်ထဲဝင်ရန် ယော်ဒန်မြစ်ကို ဣသရေလလူမျိုး မဖြတ်ကူးမီ မောရှေသည် လူအစုအဝေးကို ရှေ့တွင်ရှိ ကြီးလေးသည့်တာဝန်အတွက် အသင့်ပြင်ဆင်ပေးခဲ့သည်။ မည်သို့အားဖြင့်နည်း။ တိုက်တွန်းအားပေး၍ ဆုံးမသတိပေးသည့် မိန့်ခွန်းများကို ဆက်တိုက်ပြောကြားခြင်းအားဖြင့်ဖြစ်သည်။ ယေဟောဝါဘုရားသခင်အား အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုထိုက်ကြောင်းနှင့် ပတ်ဝန်းကျင်နိုင်ငံများ၏လမ်းစဉ်ကို မလိုက်ရကြောင်း ဣသရေလလူတို့ကို သတိပေး၏။ ဤမိန့်ခွန်းများသည် တရားဟောရာကျမ်း၏ အဓိကအပိုင်းပင်ဖြစ်သည်။ ထိုတွင်ပါရှိသော ဆုံးမစကားသည် ယနေ့ ကျွန်ုပ်တို့အတွက်လည်း လိုအပ်သည်၊ အကြောင်းမှာ ယေဟောဝါအား အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုရန် ခက်ခဲသည့် လောကတွင် ကျွန်ုပ်တို့ အသက်ရှင်နေကြ၏။—ဟေဗြဲ ၄:၁၂။
နောက်ဆုံးအခန်းကြီးမှလွဲ၍ မောရှေရေးသားခဲ့သော တရားဟောရာကျမ်းသည် နှစ်လကျော်အတွင်းဖြစ်ပျက်သော အဖြစ်အပျက်များကို ခြုံငုံမိသည်။ * (တရားဟောရာ ၁:၃; ယောရှု ၄:၁၉) ထိုတွင်ဖော်ပြထားသော ဆုံးမစကားသည် ယေဟောဝါအား ကျွန်ုပ်တို့စိတ်နှလုံးအကြွင်းမဲ့ချစ်ပြီး သစ္စာရှိရှိဝတ်ပြုစေနိုင်ပုံကို ကြည့်ကြစို့။
“ကိုယ်တိုင်မြင်ရသောအမှုအရာတို့ကို မမေ့မလျော့” ရ
မောရှေ၏ပထမဆုံးမိန့်ခွန်းတွင် တောကန္တာရအတွေ့အကြုံအချို့၊ အထူးသဖြင့် ကတိထားရာပြည်တော်ကို အမွေခံဖို့ အသင့်ပြင်ဆင်နေကြစဉ် ဣသရေလလူတို့အတွက်
အကူအညီဖြစ်စေမည့်အကြောင်းကို အသေးစိတ်ဖော်ပြသည်။ တရားသူကြီးများ ခန့်အပ်ခြင်းအကြောင်းက ယေဟောဝါသည် မိမိ၏လူမျိုးတော်အား မေတ္တာပါပါဖွဲ့စည်း ကြည့်ရှုစောင့်ရှောက်သည်ကို အမှတ်ရစေပေမည်။ သူလျှိုဆယ်ဦးပေးပို့သော မကောင်းသတင်းကြောင့် ရှေ့လူမျိုးဆက်သည် ကတိထားရာပြည်တော်ထဲ ဝင်ခွင့်မရခဲ့ခြင်းဖြစ်ကြောင်းကိုလည်း မောရှေဖော်ပြ၏။ မောရှေ၏စကားကို နားထောင်သူများ ထိုပြည်တော်ကို မြင်တွေ့နေကြရစဉ် ဤသတိပေးချက်သည် သူတို့အတွက် မည်မျှစိတ်ထိခိုက်စရာဖြစ်ခဲ့မည်ကို စဉ်းစားကြည့်ပါ။ဣသရေလအမျိုးသားများသည် ယော်ဒန်မြစ်ကို မဖြတ်ကူးမီ ယေဟောဝါအကူအညီဖြင့်ရရှိသည့် အောင်ပွဲများစွာကို အမှတ်ရပြီး တစ်ဖက်ကမ်းကူး၍ ပြည်တော်သိမ်းပိုက်ရန် အသင့်ရှိနေချိန်တွင် ရဲစွမ်းသတ္တိအပြည့်ရှိကြပေမည်။ သူတို့ သိမ်းပိုက်ရမည့်ပြည်တွင် ရုပ်ပုံကိုးကွယ်မှု အနှံ့အပြားရှိ၏။ ထိုကြောင့် ရုပ်ပုံကိုးကွယ်ခြင်းကို မောရှေ ပြင်းပြင်းထန်ထန် သတိပေးခြင်းသည် တကယ်လျော်ကန်လိုက်လေစွ!
ကျမ်းစာမေးခွန်းများ အဖြေ–
၂:၄-၆၊ ၉၊ ၁၉၊ ၂၄၊ ၃၁-၃၅; ၃:၁-၆—ဣသရေလလူတို့သည် ယော်ဒန်မြစ်အရှေ့ဘက်တွင် နေထိုင်ကြသူအချို့ကို ဖျက်ဆီးခဲ့သော်လည်း တခြားသူများကို အဘယ်ကြောင့် အသက်ချမ်းသာပေးခဲ့သနည်း။ ဧသော၏သားတို့ကို မတိုက်ခိုက်ရန် ဣသရေလလူမျိုးကို ယေဟောဝါမိန့်မှာခဲ့သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သူတို့သည် ယာကုပ်အစ်ကို၏ သားစဉ်မြေးဆက်များ ဖြစ်သောကြောင့်တည်း။ ဣသရေလလူတို့သည် မောဘနှင့် အမ္မုန်လူမျိုးတို့ကိုလည်း မနှောင့်ယှက်ရ၊ မတိုက်ခိုက်ကြရချေ၊ အကြောင်းမှာ အာဗြဟံ၏တူ လောတ၏သားစဉ်မြေးဆက်များ ဖြစ်သောကြောင့်တည်း။ သို့သော် အာမောရိရှင်ဘုရင်များဖြစ်ကြသော ရှိဟုန်နှင့်သြဃတို့သည် ဣသရေလလူမျိုးနှင့် မတော်စပ်ကြသောကြောင့် ထိုပြည်ကို အုပ်စိုးပိုင်ခွင့်မရှိကြချေ။ ထို့ကြောင့် ရှိဟုန်မင်းသည် ဣသရေလလူတို့ကို သူ၏တိုင်းပြည်မှ ဖြတ်သန်းခွင့်မပြုသောအခါ၊ ဩဃမင်းသည် သူတို့ကို တိုက်ခိုက်ဖို့လာသောအခါ သူတို့မြို့များကို ဖျက်ဆီးပစ်၍ တစ်ယောက်မျှမကျန်ကြွင်းစေရန် ဣသရေလလူတို့အား ယေဟောဝါ မိန့်မှာခဲ့ခြင်းဖြစ်၏။
၄:၁၅-၂၀၊ ၂၃၊ ၂၄—အရုပ်များထုလုပ်ခြင်းကို တားမြစ်ထားသည့်အတွက် အနုပညာပန်းပုထုခြင်းကို မှားသည်ဟု ဆိုမည်လော။ မဆိုနိုင်ပါ။ ဤတွင် အရုပ်ထုပြီး “ဝတ်ပြုကိုးကွယ်” ခြင်းကို တားမြစ်ထားခြင်းဖြစ်၏။ အနုပညာအလှအပအတွက် ပန်းပုထုခြင်း သို့မဟုတ် ပန်းချီဆွဲခြင်းကို ကျမ်းစာက မတားမြစ်ပါ။—၃ ဓမ္မရာဇဝင် ၇:၁၈၊ ၂၅။
ကျွန်ုပ်တို့အတွက် သင်ခန်းစာ–
၁:၂၊ ၁၉။ ကာဒေရှဗာနာအရပ်သည် “စိရတောင်လမ်းဖြင့် ဟောရပ်အရပ် [ပညတ်တော်ဆယ်ပါးရရှိသည့် သိနာတောင်ဝန်းကျင်ရှိ တောင်တန်းဒေသ] နှင့်ဆယ့်တစ်ရက်ခရီး” သာကွာဝေးသော်လည်း ဣသရေလလူမျိုးသည် တောကန္တာရတွင် ၃၈ နှစ်ခန့် လှည့်လည်ခဲ့ကြရသည်။ ယေဟောဝါဘုရားသခင်၏စကားကို နားမထောင်သည့်အတွက် ပေးဆက်လိုက်ရသော အဖိုးအခသည် အမှန်ပင်ကြီးမား၏!—တောလည်ရာ ၁၄:၂၆-၃၄။
၁:၁၆၊ ၁၇။ ဘုရားသခင်၏တရားစီရင်ခြင်းစံနှုန်းများသည် ယနေ့လည်း ထိုအတိုင်းပင်ဖြစ်၏။ တရားရေးကော်မတီတွင် အမှုထမ်းဆောင်ရန် တာဝန်အပ်နှင်းခံရသူများသည် မျက်နှာမလိုက်ရပါ၊ တရားစီရင်ခြင်း လွဲချော်သွားစေရန် လူကို မကြောက်ရပါ။
၄:၉။ “ကိုယ်တိုင်မြင်သောအမှုအရာတို့ကို မမေ့မလျော့” ခြင်းသည် ဣသရေလလူမျိုး၏အောင်မြင်မှုအတွက် အလွန်အရေးကြီး၏။ ကတိထားရာကမ္ဘာသစ် နီးကပ်လာလေ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို ဝီရိယရှိရှိလေ့လာခြင်းအားဖြင့် ယေဟောဝါ၏အံ့ချီးဖွယ်လုပ်ရပ်များကို အာရုံစိုက်ဖို့ အရေးကြီးလေဖြစ်၏။
ယေဟောဝါအား ချစ်ပြီး ကိုယ်တော်၏မိန့်မှာချက်များကို နာခံလော့
မောရှေ၏ဒုတိယမိန့်ခွန်းတွင် သိနာတောင်ပေါ်၌ ပညတ်တရားရရှိခြင်းအကြောင်းနှင့် ပညတ်တော်ဆယ်ပါးကို ပြန်ဖော်ပြ၏။ လူမျိုးခုနစ်မျိုးကို အစအနမကျန်ဖျက်ဆီးပစ်ရမည်ဟု အတိအလင်းဖော်ပြသည်။ ဣသရေလအမျိုးသားများသည် တောကန္တာရတွင်ရှိနေစဉ် “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရသည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်မွေးရသည်” ဟူသော အရေးကြီးသင်ခန်းစာတစ်ခုကို သတိပေးခံခဲ့ကြရ၏။ သူတို့၏အခြေအနေအသစ်တွင် “မှာထားသမျှသော ပညတ်တို့ကို စောင့်ရှောက်” ကြရမည်ဖြစ်သည်။—တရားဟောရာ ၈:၃; ၁၁:၉။
ဣသရေလလူတို့သည် ကတိထားရာပြည်တော်တွင် အခြေချသည့်အခါ ဝတ်ပြုရေးသာမက တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ စစ်၊ နေ့စဉ်လူမှုဆက်ဆံရေး၊ ကိုယ်ပိုင်အသက်တာတို့နှင့်ပတ်သက်သော ပညတ်များ လိုအပ်ပေမည်။ မောရှေသည် အဆိုပါပညတ်တရားများကို ပြန်ဆန်းစစ်ပြီး ယေဟောဝါအား
ချစ်မြတ်နိုးခြင်း၊ ကိုယ်တော်၏မိန့်မှာချက်များကို နာခံခြင်းရှိဖို့လိုကြောင်း အလေးအနက်ဖော်ပြ၏။ကျမ်းစာမေးခွန်းများ အဖြေ–
၈:၃၊ ၄—ဣသရေလလူတို့သည် တောကန္တာရတွင် လှည့်လည်နေကြစဉ် သူတို့၏အဝတ်သည် အဘယ်နည်းဖြင့် မဟောင်းနွမ်း၊ ခြေသည်လည်း မပွန်းရောင်ကြသနည်း။ မန္နမုန့်ကို အံ့ဖွယ်နည်းဖြင့် မှန်မှန်ချပေးသကဲ့သို့ ယင်းသည်လည်း ထိုအတိုင်းပင်ဖြစ်၏။ ဣသရေလလူတို့၏ ကလေးများ အရွယ်ရောက်လာကြပြီး လူကြီးများသေဆုံးသွားကြသောအခါ ရှိနှင့်ပြီးသားအဝတ်အစားများနှင့် ခြေနင်းများကို လက်ဆင့်ကမ်းသွားနိုင်ဖွယ်ရှိသည်။ တောကန္တာရတွင်လှည့်လည်ချိန် အစပိုင်းနှင့် နောက်ဆုံးပိုင်း၌ ပြုလုပ်ခဲ့သော သန်းခေါင်စာရင်းနှစ်ခုစလုံးအရ ဣသရေလလူဦးရေ မတိုးခဲ့ခြင်းကြောင့် မူလအဝတ်အစားနှင့် ခြေနင်းများသည် လုံလောက်ပေမည်။—တောလည်ရာ ၂:၃၂; ၂၆:၅၁။
၁၄:၂၁—သွေးမထုတ်ထားသည့် တိရစ္ဆာန်အသေကောင်ကို ဣသရေလလူတို့ မစားဘဲ တစ်ပါးအမျိုးသား သို့မဟုတ် တိုင်းတစ်ပါးသားကို အဘယ်ကြောင့် ပေးခြင်း၊ ရောင်းခြင်း ပြုနိုင်သနည်း။ သမ္မာကျမ်းစာတွင် “တစ်ပါးအမျိုးသား” ဟူသောစကားလုံးကို ဘာသာပြောင်းဝင်လာသည့် ဣသရေလလူမျိုးမဟုတ်သူကို သို့မဟုတ် ပြည်တွင်းရှိ အခြေခံဥပဒေများကိုလိုက်နာသော အခြေချသူဖြစ်သော်လည်း ယေဟောဝါအား မကိုးကွယ်သူကို ရည်ညွှန်းနိုင်သည်။ ဘာသာဝင်မဟုတ်သော တိုင်းတစ်ပါးသားနှင့် ဧည့်သည်တို့သည် ပညတ်တရားအောက် မရှိကြသောကြောင့် သူတို့သည် သွေးမထုတ်ထားသည့် တိရစ္ဆာန်အသေကောင်ကို နည်းအမျိုးမျိုးဖြင့် အသုံးပြုနိုင်ကြသည်။ သို့ဖြစ်၍ ဣသရေလလူတို့သည် ဤသို့သောတိရစ္ဆာန်များကို သူတို့အား ပေးခွင့်၊ ရောင်းခွင့်ရှိကြသည်။ ဘာသာဝင်သူမှာမူ၊ ပညတ်ပဋိညာဉ်၏ချည်နှောင်မှုအောက်ရှိ၏။ ဝတ်ပြုရာ ၁၇:၁၀ တွင်ဖော်ပြထားသည့်အတိုင်း ဤသို့သောသူအား သွေးမထုတ်ထားသည့်အသား စားခြင်းကို တားမြစ်ထားသည်။
၂၄:၆—“ကြိတ်ဆုံအပေါ်ကျောက်ပြားကိုဖြစ်စေ၊ အောက်ကျောက်ပြားကိုဖြစ်စေ” အပေါင်ယူခြင်းသည် “အသက်ကို” အပေါင်ယူခြင်းနှင့်တူသည်ဟု အဘယ်ကြောင့်ဆိုရသနည်း။ ကြိတ်ဆုံအပေါ်ကျောက်ပြားနှင့် အောက်ကျောက်ပြားတို့သည် လူ့ “အသက်၊” သို့မဟုတ် ဘဝလိုအပ်ရာများကို ကိုယ်စားပြုသည်။ ၎င်းတို့ကို သိမ်းယူခြင်းကြောင့် မိသားစုတစ်စုလုံး၏ နေ့စဉ်အစားအစာ ပြတ်လပ်သွားပေမည်။
၂၅:၉—လက်မထပ်လိုသော မတ်ဖြစ်သူ၏ခြေနင်းကိုချွတ်၍ သူ၏မျက်နှာပေါ် တံတွေးထွေးခြင်းသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ ‘ရွေးခြင်းအမှုနှင့်စပ်လျဉ်း၍ ဣသရေလရှေးထုံးစံဟူမူကား တစ်ယောက်သောသူသည် မိမိခြေနင်းကိုချွတ်၍ တစ်ယောက်သောသူအား အပ်လေ့ရှိ၏။’ (ရုသ ၄:၇) လက်မထပ်လိုသော မတ်ဖြစ်သူ၏ခြေနင်းကို ချွတ်ခြင်းသည် သေဆုံးသွားသော အစ်ကို၏အမျိုးအနွယ် ထွန်းကားစေရန် သူ၏တာဝန်နှင့် အခွင့်အရေးကို စွန့်လွှတ်လိုက်ကြောင်း ကြေညာရာရောက်၏။ ထိုသို့ပြုခြင်းသည် ရှက်ဖွယ်ရာဖြစ်၏။ (တရားဟောရာ ၂၅:၁၀) သူ၏မျက်နှာကို တံတွေးထွေးခြင်းသည် သူ့ကို အရှက်ခွဲခြင်းဖြစ်သည်။—တောလည်ရာ ၁၂:၁၄။
ကျွန်ုပ်တို့အတွက် သင်ခန်းစာ–
၆:၆-၉။ ဣသရေလလူတို့သည် ပညတ်တရားကို သိရှိကြရမည်ဖြစ်သကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဘုရားသခင်၏ပညတ်ချက်များကို သိရှိကြရမည်ဖြစ်ပြီး ၎င်းတို့ကို အချိန်အခါမရွေး စွဲမှတ်ထားပြီး သားသမီးများအား သွန်သင်ပေးကြရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏လက်ဖြင့် တင်စားထားသော ကျွန်ုပ်တို့၏လုပ်ရပ်များသည် ယေဟောဝါအား နာခံမှုရှိကြောင်း ဖော်ပြရန် ပညတ်ချက်များကို ‘ကျွန်ုပ်တို့၏လက်၌ လက္ခဏာသက်သေဖို့ရာ ချည်ထားရမည်’ ဖြစ်သည်။ ထို့ပြင် “မျက်စိကြားမှာ သင်းကျစ်ကဲ့သို့” ကျွန်ုပ်တို့၏နာခံမှုကို အားလုံးရှေ့တွင် အထင်အရှားဖော်ပြရမည်ဖြစ်သည်။
၆:၁၆။ ဣသရေလလူတို့သည် မဿာအရပ်တွင် ရေမရှိသောကြောင့် ယုံကြည်ခြင်းကင်းမဲ့စွာ မြည်တမ်းခဲ့ကြသကဲ့သို့ ကျွန်ုပ်တို့သည် ယေဟောဝါအား ဘယ်တော့မျှ မစုံစမ်းမိအောင် နေကြပါစို့။—ထွက်မြောက်ရာ ၁၇:၁-၇။
၈:၁၁-၁၈။ လောကစည်းစိမ်ကို အဓိကထားခြင်းဖြင့် ယေဟောဝါအား မေ့လျော့သွားနိုင်သည်။
၉:၄-၆။ မိမိကိုယ်ကိုဖြောင့်မတ်သည်ဟု မယူဆသင့်။
၁၃:၆။ ယေဟောဝါအား ဝတ်ပြုကိုးကွယ်မှုမှ သွေဖည်သွားစေရန် မည်သူ့ကိုမျှ ခွင့်မပြုပါနှင့်။
၁၄:၁။ မိမိကိုယ်ကို လှီးဖြတ်ခြင်းသည် လူ့ကိုယ်ခန္ဓာကို မလေးစားကြောင်း ဖော်ပြရာရောက်သည်သာမက မှောက်မှားသောဘာသာတရားနှင့် ဆက်နွှယ်နေရာ ယင်းကို ရှောင်ကြဉ်ရမည်။ (၃ ဓမ္မရာဇဝင် ၁၈:၂၅-၂၈) ကျွန်ုပ်တို့၏ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်သည် သေလွန်သူများအတွက် ထိုသို့အကြီးအကျယ်ဝမ်းနည်းငိုကြွေးခြင်းနှင့် လုံးဝမအပ်စပ်ချေ။
၂၀:၅-၇; ၂၄:၅။ ပြုလုပ်ရမည့်တာဝန် အရေးကြီးနေလျှင်ပင် ထူးခြားသည့်အခြေအနေအောက်တွင် ရှိသောသူများကို ထောက်ထားသင့်သည်။
၂၂:၂၃-၂၇။ အမျိုးသမီးတစ်ဦးသည် ဗလက္ကာရပြုခံရသည့်အခါ အထိရောက်ဆုံးကာကွယ်နည်းတစ်ခုမှာ အော်ဟစ်အကူအညီတောင်းခြင်းဖြစ်၏။
‘အသက်ရှင်ခြင်းကို ရွေးယူရမည်’
မောရှေ၏တတိယမိန့်ခွန်းတွင် ဣသရေလလူတို့ ယော်ဒန်မြစ်ကို ဖြတ်ကူးပြီးနောက် ကျောက်တုံးကြီးများပေါ်တွင် ပညတ်တရားကို ရေးသားပြီး မနာခံမှုအတွက် ကျိန်ခြင်းနှင့် နာခံမှုအတွက် ကောင်းချီးများကို ကြေညာရမည်ဟု ဖော်ပြသည်။ စတုတ္ထမိန့်ခွန်းကို ယေဟောဝါနှင့် ဣသရေလလူမျိုးစပ်ကြား အသစ်တစ်ဖန် ပဋိညာဉ်ဖွဲ့ခြင်းနှင့် နိဒါန်းပျိုးလိုက်သည်။ မောရှေသည် မနာခံမှုနှင့်ပတ်သက်၍ ထပ်ခါတလဲလဲ သတိပေးပြီး ‘အသက်ရှင်ခြင်းကိုရွေးယူ’ ရန်အားပေးတိုက်တွန်း၏။—တရားဟောရာ ၃၀:၁၉။
မောရှေသည် မိန့်ခွန်းလေးခုကိုပေးပြီးနောက် ခေါင်းဆောင်မှုပြောင်းလဲခြင်းအကြောင်း ဆွေးနွေးသည်၊ ယေဟောဝါအားချီးမွမ်းသည့် လှပစွာသီကုံးထားသော သီချင်းတစ်ပုဒ်ကို ဣသရေလလူတို့အား သွန်သင်ပေးသည်၊ ယုံကြည်ခြင်းကင်းမဲ့မှုကြောင့် ဖြစ်ပေါ်လာသည့် ဝမ်းနည်းကြေကွဲမှုအကြောင်း သတိပေးခဲ့သည်။ အမျိုးအနွယ်အလိုက် ကောင်းချီးပေးပြီးနောက် အသက် ၁၂၀ တွင် မောရှေကွယ်လွန်သွားသည်၊ ထို့နောက် သူ့ကို သင်္ဂြိုဟ်လိုက်ကြလေသည်။ တရားဟောရာကျမ်းကို ရေးသားချိန် တစ်ဝက်နီးပါးကြာ ရက်ပေါင်း ၃၀ တိုင် မောရှေအတွက် ငိုကြွေးခဲ့ကြသည်။
ကျမ်းစာမေးခွန်းများ အဖြေ–
၃၂:၁၃၊ ၁၄—အဘယ်ဆီဥကိုမျှ မစားဖို့ ဣသရေလလူတို့ကို တားမြစ်ထားရာ “သိုးသငယ်ဆီဥ” စားသုံးခြင်းသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ ဤတွင်ဖော်ပြထားသော ဆီဥသည် ပုံဆောင်သဘောအရဖြစ်ပြီး အကောင်းဆုံးသိုးဟု အဓိပ္ပာယ်ရ၏။ ၎င်းအခန်းငယ်ကပင် “ဂျုံစပါး ကျောက်ကပ်ဆီဥ” နှင့် “စပျစ်သီးအသွေးစစ်” ဟူ၍ ဆိုထားရာ ပုံဆောင်အသုံးအနှုန်းဖြစ်ကြောင်း ထင်ရှား၏။
၃၃:၁-၂၉—ဣသရေလအမျိုးသားများကို မောရှေကောင်းချီးပေးရာတွင် ရှိမောင်အတွက် အဘယ်ကြောင့် သတ်သတ်မှတ်မှတ် မဖော်ပြခဲ့သနည်း။ ရှိမောင်နှင့်လေဝိသည် “ကြမ်းတမ်းစွာ” ပြုမူပြီး “ပြင်းစွာ” အမျက်ထွက်ခဲ့ကြသောကြောင့်ဖြစ်သည်။ (ကမ္ဘာဦး ၃၄:၁၃-၃၁; ၄၉:၅-၇) သူတို့၏အမွေသည် အခြားအမျိုးအနွယ်တို့ရရှိခဲ့သည့် အမွေနှင့် မတူပါ။ လေဝိသည် ၄၈ မြို့ရရှိခဲ့ပြီး ရှိမောင်၏အမွေမြေမှာ ယုဒ၏အမွေမြေအတွင်း၌ ရှိသည်။ (ယောရှု ၁၉:၉; ၂၁:၄၁၊ ၄၂) ထို့ကြောင့် မောရှေသည် ရှိမောင်ကို သတ်သတ်မှတ်မှတ် ကောင်းချီးမပေးခဲ့ချေ။ သို့သော် ရှိမောင်၏ကောင်းချီးသည် ဣသရေလလူမျိုးကိုပေးသည့် ကောင်းချီးတွင်ပါသည်။
ကျွန်ုပ်တို့အတွက် သင်ခန်းစာ–
၃၁:၁၂။ အသင်းတော်အစည်းအဝေးများတွင် လူငယ်များသည် လူကြီးများနှင့်အတူ ထိုင်၍ ကြိုးစားနားထောင်၊ သင်ယူသင့်သည်။
၃၂:၄။ ယေဟောဝါ၏လုပ်ဆောင်မှုအားလုံးကို တရားမျှတခြင်း၊ ဉာဏ်ပညာ၊ ချစ်ခြင်းနှင့် တန်ခိုးစသည့် ဂုဏ်ရည်တော်များဖြင့် အပိုအလိုမရှိဟန်ချက်ညီညီ ဖော်ဆောင်ထားရာ ယင်းတို့သည် ပြည့်ဝစုံလင်၏။
ကျွန်ုပ်တို့အတွက် အဖိုးများစွာထိုက်
ယေဟောဝါသည် “တစ်ပါးတည်းသော ယေဟောဝါ” ဖြစ်ကြောင်း တရားဟောရာကျမ်းက ဖော်ပြ၏။ (တရားဟောရာ ၆:၄၊ ကဘ) ယင်းစာအုပ်သည် ဘုရားသခင်နှင့် ထူးခြားသည့်ဆက်ဆံရေးရှိ လူမျိုးအကြောင်းဖြစ်သည်။ တရားဟောရာကျမ်းသည် ရုပ်ပုံကိုးကွယ်ခြင်းမပြုရဟု သတိပေးပြီး စစ်မှန်သောဘုရားသခင်အား အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုဖို့ လိုကြောင်း အလေးအနက်ဖော်ပြ၏။
တရားဟောရာကျမ်းသည် ကျွန်ုပ်တို့အတွက် အဖိုးများစွာထိုက်သည်မှာ သေချာ၏! ကျွန်ုပ်တို့သည် ပညတ်တရားအောက်တွင် မရှိကြသော်လည်း ‘ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်’ ရန်ထောက်ကူပေးမည့် တရားဟောရာကျမ်းမှ များစွာသင်ယူနိုင်ပါသည်။—တရားဟောရာ ၆:၅။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 3 မောရှေကွယ်လွန်ခြင်းအကြောင်းပါသည့် နောက်ဆုံးအခန်းကြီးကို ယောရှု သို့မဟုတ် ယဇ်ပုရောဟိတ်မင်းကြီး ဧလာဇာ ရေးသားခဲ့ဖွယ်ရှိ၏။
[စာမျက်နှာ ၂၄ ပါ မြေပုံ]
(ကားချက်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
စိရ
ကာဒေရှဗာနာ
သိနာတောင် (ဟောရပ်)
ပင်လယ်နီ
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
တရားဟောရာကျမ်း၏အဓိကအပိုင်းတွင် မောရှေ၏မိန့်ခွန်းများ ပါဝင်
[Credit Line]
Based on maps copyrighted by Pictorial Archive (Near Eastern History) Est. and Survey of Israel
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
မန္နမုန့်ကို ယေဟောဝါကျွေးခြင်းမှ အဘယ်သင်ခန်းစာ ရရှိနိုင်သနည်း
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ကြိတ်ဆုံအပေါ်ကျောက်ပြားကိုဖြစ်စေ၊ အောက်ကျောက်ပြားကိုဖြစ်စေ အပေါင်ယူခြင်းသည် “အသက်” ကိုအပေါင်ယူခြင်းနှင့်တူ