မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့”

“ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့”

“ဘုရားသခင်​ပြင်ဆင်​တော်​မူ​သော လက်နက်စုံ​ကို ဝတ်ဆောင်​ကြလော့”

‘စာတန်​၏​ပရိယာယ်​တို့ကို ဆီးတား​နိုင်​မည်​အကြောင်း ဘုရားသခင်​ပြင်ဆင်​တော်​မူ​သော လက်နက်စုံ​ကို ဝတ်ဆောင်​ကြလော့။’—ဧဖက် ၆:၁၁

၁၊ ၂။ ခရစ်ယာန်​များ ဝတ်ဆင်​ထား​ဖို့​လို​သည့် ဝိညာဉ်​ရေး​ချပ်ဝတ်တန်ဆာ​ကို ကိုယ်ပိုင်​စကား​ဖြင့် ဖော်ပြ​ပါ။

စီ.အီး. ပထမ​ရာစု​အတွင်း​တွင် ရောမ​၏​တန်ခိုး​အာဏာ အထွတ်အထိပ်​ရောက်ရှိ​ခဲ့​သည်။ ရောမ​စစ်​အင်အား​ကြောင့် ထို​စဉ်​က လူအများ​သိ ကမ္ဘာ့​ဒေသ​များစွာကို သိမ်းပိုက်​နိုင်​ခဲ့​၏။ သမိုင်း​ပညာရှင်​တစ်ဦး​က ဤ​စစ်တပ်​ကို “သမိုင်း​တွင် အ​အောင်မြင်​အကျော်ကြားဆုံး စစ်​အဖွဲ့အစည်း” ဟု​ဖော်ပြ​ခဲ့​သည်။ ရောမ​၏​အဆင့်မြင့်​စစ်တပ်​ကို စည်းစနစ်​ဖြင့် ပြင်းပြင်းထန်ထန်​လေ့ကျင့်​ထားသော စစ်သား​များနှင့် ဖွဲ့စည်းထား​၏၊ သို့သော် သူတို့၏​အောင်မြင်မှု​သည် ထက်မြက်​သော​စစ်​အင်အား​အပြင် သူတို့၏​ချပ်ဝတ်တန်ဆာ​အပေါ်လည်း မူတည်​၏။ တမန်​တော်​ပေါလု​သည် ရောမ​စစ်သား​တစ်ဦး၏ ချပ်ဝတ်တန်ဆာ​ကို​အသုံးပြု၍ စာတန်​အား အောင်မြင်စွာ​တွန်းလှန်​နိုင်​ရန် ခရစ်ယာန်​များ ဝတ်ဆင်​ထား​ဖို့​လို​သည့် ဝိညာဉ်​ရေး​ချပ်ဝတ်တန်ဆာ​ကို ပုံဖော်​ပြ​ခဲ့​သည်။

ဧဖက် ၆:၁၄-၁၇ တွင် ဤ​ဝိညာဉ်​ရေး​ချပ်ဝတ်တန်ဆာ​အကြောင်း ဖော်ပြ​ထား​သည်။ ပေါလု ဤသို့​ရေးသားခဲ့​သည်– ‘အမှန်တရား​တည်း​ဟူသော ခါးပန်း​ကို​စည်း​လျက်၊ ဖြောင့်မတ်ခြင်း​တည်း​ဟူသော ရင်အုပ်တန်ဆာကို​ဝတ်ဆင်​လျက်၊ ငြိမ်သက်ခြင်း​နှင့်ယှဉ်သော ဧဝံဂေလိတရား​ကို ဟောပြော​အံ့​သော​ငှာ ပြင်ဆင်​သော​အဖြစ်​တည်း​ဟူသော ဖိနပ်​ကို​စီး​လျက် ခံရပ်​ကြလော့။ စာတန်​ပစ်ခတ်​သော မီးစက်​လက်နက်ကို ကာ​သတ်​နိုင်သော ယုံကြည်ခြင်း​တည်း​ဟူသော ဒိုင်းလွှား​ကြီး​ကိုလည်း ခပ်သိမ်း​သော​လက်နက်​တို့​အပေါ်မှာ ထပ်ဆင့်၍ ယူဆောင်​ကြလော့။ ကယ်တင်ခြင်း​တည်း​ဟူသော သံခမောက်​လုံး​ကိုလည်း​ကောင်း၊ ဘုရားသခင်​၏​နှုတ်ထွက်​တည်း​ဟူသော ဝိညာဉ်​တော်​၏​ဓားကို​လည်းကောင်း ယူ​ကြလော့။’ လူ့​ရှုထောင့်​မှ​ကြည့်​လျှင် ပေါလု​ဖော်ပြ​ခဲ့​သည့် ချပ်ဝတ်တန်ဆာ​သည် ရောမ​စစ်သား​တစ်ဦး​ကို အတော်အတန်​ကာကွယ်​မှု​ရရှိစေ​သည်။ တစ်ဦးချင်း​ထိုး​သတ်​ပွဲ​တွင် အဓိက​အသုံးပြု​သော​လက်နက်​မှာ ဓား​ဖြစ်သည်။

၃။ ယေရှု​ခရစ်​၏ အမိန့်တော်​များ​ကို အဘယ်ကြောင့်​နာခံ​ပြီး ကိုယ်တော်​၏​ပုံ​နမူနာကို လိုက်လျှောက်သင့်​သနည်း။

ရောမ​စစ်တပ်​၏​အောင်မြင်မှု​သည် ချပ်ဝတ်တန်ဆာ​နှင့် လေ့ကျင့်ခြင်း​အပြင် စစ်​အမိန့်​ကို နာခံခြင်း​အပေါ်လည်း မူတည်​၏။ ထို​နည်းတူ၊ ခရစ်ယာန်​များသည် “လူမျိုးခြား​တို့​အဖို့ စီရင်​အုပ်စိုး​သော​အရှင်” ဟု​သမ္မာကျမ်းစာ​က ဖော်ပြ​သည့် ယေရှု​ခရစ်​၏​အမိန့်​ကို နာခံကြ​ရမည်။ (ဟေရှာယ ၅၅:၄သမ္မာ) ကိုယ်တော်​သည် “အသင်းတော်​၏​အပေါ်မှာ ခေါင်း” လည်း​ဖြစ်​တော်​မူ​၏။ (ဧဖက် ၅:၂၃) ယေရှုသည် ဝိညာဉ်​ရေး​တိုက်ပွဲ​တွင် ကျွန်ုပ်​တို့ကို ညွှန်ကြား​ပြီး ဝိညာဉ်​ရေး​ချပ်ဝတ်တန်ဆာ ဝတ်ဆင်ပုံ​နှင့်​ပတ်သက်​၍ ပုံသက်သေ​ကောင်း ပြတော်မူ​၏။ (၁ ပေတရု ၂:၂၁) ခရစ်တော်​တင်ပြ​ခဲ့​သော အရည်အသွေး​သည် ဝိညာဉ်​ရေး​လက်နက်စုံ​နှင့် ဆင်တူချက် များစွာ​ရှိရာ ခရစ်တော်​၏​စိတ်​သဘောထားကို “လက်နက်​ပြု​၍ သုံးစွဲ​ကြ” ရန်​သမ္မာကျမ်းစာ​က အကြံပြု​၏။ (၁ ပေတရု ၄:၁) သို့​ဖြစ်၍ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ချပ်ဝတ်တန်ဆာ​မှ လက်နက်​တစ်ခု​ချင်း​စီ​ကို ဆန်းစစ်​ကြ​စဉ် ၎င်းတို့၏​အရေးပါမှု​နှင့် အစွမ်းထက်​မြက်​မှု​ကို ဖော်ပြ​ရန် ယေရှု၏​ပုံသက်သေ​ကို အသုံးပြု​သွား​ကြ​မည်။

ခါး၊ ရင်​အုပ်​နှင့် ခြေထောက်​တို့ကို ကာကွယ်​ခြင်း

၄။ စစ်သား​၏​ချပ်ဝတ်တန်ဆာ​တွင် ခါးပန်း​သည် မည်မျှ​အရေးပါ​သနည်း၊ ယင်းက အဘယ်အရာကို ဖော်ပြ​သနည်း။

အမှန်တရား​တည်း​ဟူသော ခါးပန်း​ကို​စည်း​လျက်။ ကျမ်းစာ​ခေတ်​က စစ်သား​များသည် နှစ်​လက်မ​မှ ခြောက်​လက်မ​အပြား​ရှိ သားရေ​ခါးပတ်​ကြီး​ကို ပတ်​ထား​ရသည်။ “ခါးပတ်​အဖြစ် သင်၏​ခါး​တွင် အမှန်တရားကို တင်းကျပ်​စွာ စည်းထား​လော့” ဟူ၍ ဤ​အခန်းငယ်​ကို ဖတ်​သင့်​သည်​ဟု ဘာသာပြန်​သူ​အချို့​က အကြံပြု​ကြသည်။ စစ်သား​၏​ခါးပတ်​သည် သူ၏​ခါးကို အကာအကွယ်​ဖြစ်စေ​ပြီး ဓား​ချိတ်​ရန် အဆင်ပြေ​မည်​ဖြစ်သည်။ စစ်သား​တစ်ဦး​သည် ခါးပတ်​စည်း​လိုက်​သည့်​အခါ စစ်တိုက်​ရန် အသင့်​အနေအထား​သို့ ရောက်ရှိ​သွား​၏။ ကျမ်းစာ​အမှန်တရားသည် ကျွန်ုပ်​တို့​အသက်တာတွင် မည်မျှ​တိုင် လွှမ်းမိုး​သင့်​ကြောင်း ပုံဖော်​ပြ​ရန် စစ်သား​၏​ခါးပတ်​ကို ပေါလု​အသုံးပြု​ခဲ့​သည်။ အမှန်တရား​နှင့်​အညီ ပြုမူ​နေထိုင်ကြ​ပြီး အချိန်​အခါ​မရွေး ယင်းကို​ခုခံ​ကာကွယ်​ပေး​နိုင်​ရန် ပုံဆောင်​သဘော​အရ ခါးပန်း​ကို တင်းကျပ်​စွာ ကျွန်ုပ်​တို့​စည်းထား​သင့်​သည်။ (ဆာလံ ၄၃:၃; ၁ ပေတရု ၃:၁၅) ထိုသို့​ဖြစ်စေ​ရန် သမ္မာကျမ်းစာ​ကို ဝီရိယ​ရှိ​ရှိ လေ့လာ​ပြီး ထို​တွင်​ပါ​သော​အကြောင်းအရာများ​ကို တွေးတော​ဆင်ခြင်​ဖို့​လို​၏။ ယေရှုသည် ဘုရားသခင်​၏​တရားတော်​ကို “နှလုံး​ထဲ” သွင်းထား​၏။ (ဆာလံ ၄၀:၈) ကိုယ်တော်​သည် အတိုက်အခံပြု​သူများ​၏ မေးမြန်းမှု​ကို ကျမ်းချက်​များ​ဖြင့် အလွတ်​ကိုးကား ဖြေဆို​နိုင်​ခဲ့​သည်။—မဿဲ ၁၉:၃-၆; ၂၂:၂၃-၃၂

၅။ ဆွဲဆောင်မှု သို့​မဟုတ် စမ်းသပ်မှု​ခံရ​ချိန်​တွင် သမ္မာကျမ်းစာ​၏​အကြံပြုချက်​သည် ကျွန်ုပ်​တို့ကို မည်သို့​ကူညီ​ပေး​နိုင်​ကြောင်း ရှင်းပြပါ။

ကျမ်းစာ​အမှန်တရား​၏​လမ်းညွှန်မှုကို ကျွန်ုပ်​တို့​ခံယူ​သည့်​အခါ မှားယွင်းသော​ဆင်ခြင်မှု​များ​မှ အကာအကွယ်​ရပြီး ပညာရှိ​ဆုံးဖြတ်ချက်​များ​ကို ချ​စေ​၏။ ဆွဲဆောင်မှု သို့​မဟုတ် စမ်းသပ်မှု​ခံရ​ချိန်​တွင် သမ္မာကျမ်းစာ​၏​လမ်းညွှန်မှု​များ​က မှန်ရာကို​ပြုလုပ်​ဖို့ ကျွန်ုပ်​တို့၏​သန္နိ​ဋ္ဌာန်​ကို ခိုင်မာ​စေ​၏။ သို့​မှ​သာ ကျွန်ုပ်​တို့၏​မဟာသွန်သင်ရှင် ယေဟောဝါ​ကို တွေ့မြင်​ရ​ဘိ​သကဲ့သို့၊ ကျွန်ုပ်​တို့၏​နောက်​မှ “ဤ​မည်​သော​လမ်း​သည် မှန်​၏။ ဤ​လမ်း၌​သွားလော့” ဟု​ကြားနေ​ရ​ဘိ​သကဲ့သို့ ဖြစ်​ပေ​လိမ့်​မည်။—ဟေရှာယ ၃၀:၂၀၊ ၂၁

၆။ ကျွန်ုပ်​တို့၏​ပုံဆောင်​နှလုံးကို အဘယ်ကြောင့် ကာကွယ်​ပေး​ဖို့​လို​သနည်း၊ ဖြောင့်မတ်ခြင်း​က နှလုံးကို မည်သို့​ထိရောက်​စွာ ကာကွယ်​ပေး​နိုင်​သနည်း။

ဖြောင့်မတ်ခြင်း​တည်း​ဟူသော ရင်အုပ်တန်ဆာ။ စစ်သား​၏​ရင်အုပ်တန်ဆာ​သည် အဓိက​အင်္ဂါရပ်​ဖြစ်သည့် နှလုံးကို ကာကွယ်​ပေး​၏။ ကျွန်ုပ်​တို့၏​ပုံဆောင်​နှလုံး​ဖြစ်သော အတွင်းလူ​သည် ဆိုးညစ်​သည့်​ဘက်​သို့ ယိမ်းယိုင်​တတ်သော​ကြောင့် ယင်းကို အထူး​ကာကွယ်​ပေး​ဖို့​လို​၏။ (ကမ္ဘာဦး ၈:၂၁) သို့​ဖြစ်၍ ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​ဖြောင့်မတ်​သော​စံနှုန်း​များ​ကို သိရှိ၊ နှစ်သက်​လာ​ကြ​ရမည်။ (ဆာလံ ၁၁၉:၉၇၊ ၁၀၅) ဖြောင့်မတ်ခြင်း​ကို ကျွန်ုပ်​တို့​နှစ်သက်​မြတ်နိုး​လျှင် ယေဟောဝါ​၏​ရှင်းလင်း​ပြတ်သား​သော လမ်းညွှန်ချက်များ​ကို ဥပေက္ခာပြု​စေသည့်၊ ပေါ့ပျက်ပျက်​ယူမှတ်​စေသည့် လောက​အတွေးအခေါ်ကို ငြင်းပယ်​ရာ​ရောက်​၏။ ထို့​ပြင် ကျွန်ုပ်​တို့သည် ကောင်းမှု​ကို နှစ်သက်​ပြီး မကောင်းမှုကို မုန်းသည့်​အခါ ကျွန်ုပ်​တို့၏​ဘဝကို ပျက်စီး​စေနိုင်​သည့် လမ်းစဉ်​ကို ရှောင်ကြဉ်​ကြသည်။ (ဆာလံ ၁၁၉:၉၉-၁၀၁; အာမုတ် ၅:၁၅) ယင်း​နှင့်​ပတ်သက်​၍ ယေရှုသည် စံနမူနာ​ကောင်း​ဖြစ်​ပြီး ကိုယ်တော့်​အကြောင်း သမ္မာကျမ်းစာ​က ဤသို့​ဆို​၏– “ကိုယ်တော်​သည် ဖြောင့်မတ်ခြင်း​တရားကို နှစ်သက်၍ မတရားသော​အမှုကို မုန်းတော်မူ​၏။”—ဟေဗြဲ ၁:၉ *

၇။ ရောမ​စစ်သား​တစ်ဦး​သည် တာ​ရှည်​ခိုင်ခံ့​သည့်​ဖိနပ် အဘယ်ကြောင့်​ဝတ်​ထား​ဖို့​လို​သနည်း၊ ယင်းက အဘယ်အရာကို ပုံဖော်​သနည်း။

ငြိမ်သက်ခြင်း​နှင့်ယှဉ်သော ဧဝံဂေလိတရား​ကို ဟောပြော​အံ့​သော​ငှာ ပြင်ဆင်​သော​အဖြစ်​တည်း​ဟူသော ဖိနပ်။ ရောမ​စစ်သား​များသည် စစ်ဆင်ရေး​တွင် ပေါင် ၆၀ ခန့်​လေး​သော လက်နက်စုံ​ကို ဝတ်ဆင် သယ်ဆောင်​ရပြီး နေ့စဉ်​မိုင် ၂၀ ချီတက်​ရလေ့​ရှိသောကြောင့် တာရှည်ခံ​ရှူးဖိနပ်​များ သို့​မဟုတ် ခိုင်ခံ့​သည့်​ကြိုး​သိုင်း​ဖိနပ်​များ စီး​ထား​ကြ​ရ၏။ ပေါလု​သည် ဘုရားသခင့်​နိုင်ငံတော်​သတင်းတရား နားထောင်​လို​သူ​တိုင်း​အား ဟောပြောရန် ကျွန်ုပ်​တို့ အသင့်ရှိ​မှု​ကို​ဖော်ပြ​ဖို့ ဖိနပ်​နှင့် လျောက်ပတ်​စွာ နှိုင်းယှဉ်​ပြ​ခဲ့​သည်။ ယင်းသည် အရေးကြီး​၏၊ အကြောင်း​မှာ ကျွန်ုပ်​တို့သည် အသင့်မရှိ၊ တလိုတလား​မဟောပြော​လိုလျှင် ယေဟောဝါ​ကို လူ​တို့ မည်သို့​သိရှိ​လာနိုင်​မည်​နည်း။—ရောမ ၁၀:၁၃-၁၅

၈။ သတင်းကောင်း​ဟောပြောသူ​တစ်ဦး​အနေ​နှင့် ယေရှု၏​ပုံ​နမူနာကို ကျွန်ုပ်​တို့ မည်သို့​တုပ​နိုင်​သနည်း။

ယေရှု၏​အသက်တာတွင် အရေးကြီးဆုံး​လုပ်ငန်း​ကား အဘယ်နည်း။ ကိုယ်တော်​က ‘အမှန်တရား​ဘက်၌ သက်သေခံခြင်း​ငှာ ဤ​လောက​သို့​ကြွလာ​ပြီ’ ဟု​ပုန္တိပိလတ်​မင်း​အား မိန့်တော်မူ​ခဲ့​သည်။ ယေရှုသည် နားထောင်​လို​သူကို​တွေ့​တိုင်း ဟောပြောခဲ့​သည်၊ ခရစ်ယာန်​ဓမ္မ​အမှု​တွင် အလွန်​ပျော်မွေ့​ပြီး ကိုယ်တော်​၏​ကာယရေး​လိုအပ်ရာ​များ​ထက် ယင်းကို ရှေးဦး​ထားခဲ့​သည်။ (ယောဟန် ၄:၅-၃၄; ၁၈:၃၇) ကျွန်ုပ်​တို့သည်​လည်း ယေရှု​ကဲ့သို့ သတင်းကောင်းကို စိတ်အား​ထက်သန်​စွာ ဟောပြော​လို​ကြ​မည်​ဆိုလျှင် သူတစ်ပါးကို ဟောပြောရန် အခွင့်အရေး​များစွာ ရှာတွေ့​ပါ​လိမ့်​မည်။ ထို့​ပြင် ခရစ်ယာန်​ဓမ္မ​အမှု​တွင် ကျွန်ုပ်​တို့​အပြည့်အဝ​ပါဝင်ခြင်း​ဖြင့် ဝိညာဉ်ရေးတွင် အမြဲ​သန်မာ​နေပါ​လိမ့်​မည်။—တမန်​တော် ၁၈:၅

ဒိုင်းလွှား၊ သံခမောက်​နှင့် ဓား

၉။ ဒိုင်းလွှား​ကြီး​သည် ရောမ​စစ်သား​တစ်ဦး​ကို မည်သို့​ကာကွယ်​ပေး​သနည်း။

ယုံကြည်ခြင်း​တည်း​ဟူသော ဒိုင်းလွှား​ကြီး။ “ဒိုင်းလွှား​ကြီး” ဟု​ပြန်ဆို​ထားသော ဂရိ​စကားလုံး​သည် ကိုယ်ခန္ဓာ​တစ်ခုလုံး​နီးပါး​ကို ကာ​ပေး​နိုင်​သည့် အတော်အတန်​ကြီးမားသော ဒိုင်းလွှား​ကို ရည်ညွှန်း၏။ ထို​ဒိုင်းလွှား​မျိုး​သည် ဧဖက် ၆:၁၆ တွင်​ဖော်ပြ​ထားသော “မီးစက်​လက်နက်” များ​ကို ကာ​သတ်​ပေး​နိုင်​မည်​ဖြစ်သည်။ ကျမ်းစာ​ခေတ်​က စစ်သား​များသည် အ​ခေါင်း​ပွ​ကျူရိုး​များ​ဖြင့် ပြုလုပ်​ထားသော မြား​တို​များ​ကို အသုံးပြု​ကြသည်၊ ယင်း​မြား​တို​များ​တွင် မီးရှို့​ထားသော ရေနံ​ကတ္တရာစေး ထည့်​ပစ်​နိုင်​သည့် သံ​ခွက်​လေး​များ ပါ​သည်။ ဤ​မြား​များသည် “ရှေးခေတ်​တိုက်ပွဲ​များ​တွင် အန္တရာယ်​အရှိဆုံး လက်နက်များ​အနက် တစ်ခု” ဖြစ်သည်ဟု ကျမ်း​ပညာရှင်​တစ်ဦး​က ဖော်ပြ​၏။ အကယ်၍ စစ်သား​တစ်ဦး​သည် ဤသို့​သော​လက်နက်များ​ကို ကာ​သတ်​ရန် ဒိုင်းလွှား​ကြီး​တစ်ခု​မ​ရှိလျှင် အကြီးအကျယ်​ဒဏ်ရာ​ရနိုင်​ရုံ​မ​က သေ​ပင်​သေ​နိုင်၏။

၁၀၊ ၁၁။ (က) စာတန်​၏ အဘယ် “မီးစက်​လက်နက်” များသည် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို အားနည်း​သွား​စေနိုင်​သနည်း။ (ခ) စမ်းသပ်မှု​ခံရ​ချိန်​အတွင်း ယုံကြည်ခြင်း​၏​အရေးပါမှု​ကို ယေရှု၏​ပုံ​နမူနာ​က မည်သို့​ဖော်ပြ​သနည်း။

၁၀ ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း အားနည်း​သွားစေရန် အဘယ် “မီးစက်​လက်နက်” များ​ကို စာတန်​အသုံးပြု​သနည်း။ သူသည် မိသားစုတွင်၊ အလုပ်ခွင်​တွင်၊ ကျောင်းတွင် ညှဉ်းပန်း​နှိပ်စက်မှု သို့​မဟုတ် အတိုက်အခံပြု​မှုများ​ကို ဖြစ်ပေါ်​စေနိုင်​သည်။ အချို့​သူများ​သည် ပစ္စည်းဥစ္စာ​များ​ကို အတော​မ​သတ်​နိုင်အောင် ပိုင်ဆိုင်​လို​စိတ်​နှင့် အကျင့်​ယိုယွင်းမှု​တို့​ကြောင့် ဝိညာဉ်​ရေး ပျက်စီး​ခဲ့​ကြပြီ။ ထိုသို့​သော​အခြေအနေ​မျိုး​များ​မှ မိမိကိုယ်ကို ကာကွယ်​ပေး​ရန် ‘ယုံကြည်ခြင်း​တည်း​ဟူသော ဒိုင်းလွှား​ကြီး​ကို ခပ်သိမ်း​သော​လက်နက်​တို့​အပေါ်မှာ ထပ်ဆင့်၍ ယူဆောင်​ကြ​ရမည်။’ ယုံကြည်ခြင်း ဖြစ်ပေါ်​လာရန် ယေဟောဝါ​အကြောင်း လေ့လာ​ရမည်၊ ဆုတောင်းခြင်း​အားဖြင့် ကိုယ်တော်​နှင့် မှန်မှန်​ဆက်သွယ်​ရမည်၊ ကျွန်ုပ်​တို့ကို ကိုယ်တော် မည်သို့​ကာကွယ်​ပေး​ပြီး ကောင်းချီး​ပေး​တော်​မူ​ကြောင်း ပိုင်းခြား​သိမြင်​ရမည်။—ယောရှု ၂၃:၁၄; လုကာ ၁၇:၅; ရောမ ၁၀:၁၇

၁၁ ကမ္ဘာ​မြေပေါ် ယေရှု​ရှိ​စဉ်​က ခဲယဉ်း​ကျပ်တည်း​ချိန်​အတွင်း ခိုင်ခံ့​သော​ယုံကြည်ခြင်း​ရှိ​ခြင်း​၏ အရေးပါမှု​ကို ဖော်ပြ​ခဲ့​သည်။ ကိုယ်တော်​သည် ခမည်းတော်​၏​ဆုံးဖြတ်ချက်​များ​ကို အကြွင်းမဲ့ယုံ​ကြည်​ကိုးစား​ကာ ဘုရားသခင်​၏​အလိုတော် ထမ်းဆောင်ခြင်း​ကို အားရ​နှစ်သက်ခဲ့​၏။ (မဿဲ ၂၆:၄၂၊ ၅၃၊ ၅၄; ယောဟန် ၆:၃၈) ဂေသရှေမန်​ဥယျာဉ်​တွင် ပြင်းစွာ​သော​ဝေဒနာ​ကို ယေရှု​ခံစား​နေရ​စဉ်​ပင် ခမည်းတော်​အား “အကျွန်ုပ်​အလို​ရှိသည်​အတိုင်း မဖြစ်ပါစေ​နှင့်။ ကိုယ်တော်​အလို​ရှိသည်​အတိုင်း ဖြစ်ပါစေ​သော” ဟု​လျှောက်ဆို​ခဲ့​သည်။ (မဿဲ ၂၆:၃၉) သမာဓိ​ဆက်​ထိန်းထား​ပြီး ခမည်းတော်​၏​စိတ်တော်​ကို ရွှင်လန်း​စေခြင်း​၏​အရေးကြီးမှုကို ကိုယ်တော် တစ်ခါမျှ​မျက်ခြည်မပြတ်​ခဲ့​ချေ။ (သု. ၂၇:၁၁) ကျွန်ုပ်​တို့သည်​လည်း ထို​နည်းတူ ယေဟောဝါ​အား ယုံကြည်​စိတ်ချ​မည်​ဆိုလျှင် အပြစ်တင်​ဝေဖန်မှု၊ အတိုက်အခံပြု​မှု​တို့​ကြောင့် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို အားနည်းစေ​ခွင့်ပြု​မည်​မဟုတ်ပေ။ ၎င်း​အစား၊ ဘုရားသခင်​ကို မှီခို​အားထား​မည်၊ ကိုယ်တော့်​ကို ချစ်​ကြောင်း​ဖော်ပြ​မည်၊ ကိုယ်တော်​၏​အမိန့်တော်​များ​ကို အစဉ်​နာခံ​သွား​မည်​ဆိုလျှင် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း​သည် ခိုင်ခံ့​လာ​ပါ​လိမ့်​မည်။ (ဆာလံ ၁၉:၇-၁၁; ၁ ယောဟန် ၅:၃) ပစ္စည်းဥစ္စာ​တိုးများ​လာ​ခြင်း၊ တဒင်္ဂ​မျှ ကာ​မ​ဂုဏ်​ခံစားခြင်း​တို့သည် ယေဟောဝါ​အား ချစ်​မြတ်နိုးသူ​များ ရရှိ​မည့် ကောင်းချီး​များနှင့် နှိုင်းယှဉ်​၍​မရနိုင်​ချေ။—သု. ၁၀:၂၂

၁၂။ ပုံဆောင်​သံခမောက်​သည် ကျွန်ုပ်​တို့၏​အဘယ်​အရေးကြီးသော​အပိုင်း​ကို ကာကွယ်​ပေး​သနည်း၊ ဤသို့​သော​အကာအကွယ်​သည် အဘယ်ကြောင့် အရေးပါ​သနည်း။

၁၂ ကယ်တင်ခြင်း​တည်း​ဟူသော သံခမောက်။ သံခမောက်​သည် စစ်သား​၏​ဦးခေါင်း​နှင့် စိတ်စွမ်း​အား​တည်ရှိရာ ဦးနှောက်ကို ကာကွယ်​ပေး​၏။ သံခမောက်​သည် ကျွန်ုပ်​တို့၏​စိတ်စွမ်း​အား​ကို ကာကွယ်​ပေး​သောကြောင့် ကျွန်ုပ်​တို့၏​ခရစ်ယာန်​မျှော်လင့်ချက်​နှင့် တူ​သည်။ (၁ သက်သာလောနိတ် ၅:၈) တိကျ​မှန်ကန်သော ကျမ်းစာ​အသိပညာ​ဖြင့် ကျွန်ုပ်​တို့​ကိုယ်ကို ပြုပြင်​ပြောင်းလဲ​ခဲ့​သော်လည်း ကျွန်ုပ်​တို့သည် အားနည်း​သော မစုံလင်သူ​များ ဖြစ်နေ​ကြ​ဆဲ​ပင်။ ကျွန်ုပ်​တို့၏​စိတ်​သည် အလွယ်တကူ ယိုယွင်း​သွား​နိုင်၏။ ဤ​အစီအစဉ်​စနစ်​၏​ပန်းတိုင်​များသည် ကျွန်ုပ်​တို့ကို စိတ်​ပျံ့လွင့်​စေပြီး ဘုရားသခင်​ပေး​မျှော်လင့်ချက်ကို​ပင် ပျောက်လွင့်​သွား​စေနိုင်​သည်။ (ရောမ ၇:၁၈; ၁၂:၂) “ဤ​လောက​၌​ရှိသမျှ​သော တိုင်းနိုင်ငံ​တို့ကို​လည်းကောင်း၊ ထို​တိုင်းနိုင်ငံ​တို့၏ ဘုန်း​စည်းစိမ်​ကိုလည်း​ကောင်း” ယေရှု​အား ပြညွှန်​၍ ၎င်းတို့ကို​ပေး​မည်​ဟု ကမ်း​လှမ်း​ခြင်း​အားဖြင့် ကိုယ်တော်​၏​အာရုံ ပျံ့လွင့်​သွားစေရန် စာတန်​၏​ကြိုးစား​မှု​သည် အချည်းနှီး​ပင်​ဖြစ်​ခဲ့​ရ၏။ (မဿဲ ၄:၈) သို့သော် ထို​ကမ်း​လှမ်း​မှု​ကို ယေရှု​လုံးလုံး​ငြင်းပယ်​ခဲ့​သည်၊ ကိုယ်တော်​နှင့်​ပတ်သက်​၍ ပေါလု​က ဤသို့​ဆို​သည်– “ထို​သခင်သည် မိမိ​ရှေ့၌​ထားသော ဝမ်းမြောက်ခြင်း​အကြောင်းကြောင့် ရှက်ကြောက်​သော​အရာ​ကို​မ​မှတ်​ဘဲ လက်ဝါးကပ်တိုင်​၌​ခံ​ပြီး​မှ ဘုရားသခင်​၏​ပလ္လင်တော် လက်ယာဘက်​၌ ထိုင်​နေ​တော်​မူ​၏။”—ဟေဗြဲ ၁၂:၂

၁၃။ ရှေ့တွင်​ရှိ မျှော်လင့်ခြင်း​၌ ကျွန်ုပ်​တို့၏​ယုံကြည်​စိတ်ချမှု​ကို မည်သို့​ထိန်းထား​နိုင်​သနည်း။

၁၃ ယေရှု​တွင်​ရှိခဲ့​သည့် ယုံကြည်​စိတ်ချမှု​သည် အလိုအလျောက်​ဖြစ်ပေါ်​လာ​သည်မဟုတ်။ ရှေ့တွင်​ရှိသည့်​မျှော်လင့်ချက်ကို အာရုံမစိုက်​ဘဲ ကျွန်ုပ်​တို့​စိတ်​တွင် ဤ​လောက​၏​စိတ်ကူး​များနှင့် ပန်းတိုင်​များ​သာ​ရှိနေ​မည်​ဆိုလျှင် ဘုရားသခင်​၏​ကတိတော်​များ​ကို ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချမှု လျော့နည်း​သွားပေ​လိမ့်​မည်။ အတန်ကြာ​လျှင် ကျွန်ုပ်​တို့၏​မျှော်လင့်ချက် လုံးဝ​ပင် ပျောက်ကွယ်​သွား​နိုင်၏။ အခြား​တစ်ဖက်​တွင်​မူ၊ ဘုရားသခင်​၏​ကတိတော်​များ​ကို မှန်မှန်​တွေးတော​ဆင်ခြင်​မည်​ဆိုပါ​က ကျွန်ုပ်​တို့​ရှေ့တွင်​ချထား​သည့် မျှော်လင့်ခြင်း​၌ ဆက်၍​ဝမ်းမြောက်​ရွှင်လန်း​နေကြ​ပေ​လိမ့်​မည်။—ရောမ ၁၂:၁၂

၁၄၊ ၁၅။ (က) ကျွန်ုပ်​တို့၏​ပုံဆောင်​ဓား​ကား အဘယ်နည်း၊ ယင်းကို မည်သို့​အသုံးပြုနိုင်​သနည်း။ (ခ) သွေးဆောင်မှု​ကို ဝိညာဉ်​တော်​ဓား​ဖြင့် မည်သို့​တွန်းလှန်​နိုင်​ကြောင်း ဥပမာ​ပေး​ပါ။

၁၄ ဝိညာဉ်​တော်​၏​ဓား။ သမ္မာကျမ်းစာ​တွင် မှတ်တမ်း​တင်ထားသော ဘုရားသခင်​၏​စကားတော် သို့​မဟုတ် သတင်းတရားသည် ဘာသာရေး​မှောက်မှား​မှု​ကို ဖယ်ရှား​ပေး​နိုင်​ပြီး စိတ်နှလုံး​ရိုး​ဖြောင့်​သူများ​အား ဝိညာဉ်​ရေး​လွတ်လပ်မှု ရှိစေ​နိုင်​သည့် အစွမ်းထက်​သော အသွား​နှစ်ဖက်​ရှိ​ဓား​နှင့် တူ​သည်။ (ယောဟန် ၈:၃၂; ဟေဗြဲ ၄:၁၂) ဤ​ဝိညာဉ်​တော်​ဓား​သည် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း ပျက်စီး​သွားစေရန် အယူဖောက်ပြန်သူ​များ​၏ ဆွဲဆောင်မှု​ခံရ​သည့်​အခါ ကျွန်ုပ်​တို့ကို ကာကွယ်​ပေး​နိုင်၏။ (၂ ကောရိန္သု ၁၀:၄၊ ၅) ‘ကျမ်းစာ​ရှိသမျှသည် ဘုရားသခင်​မှုတ်သွင်း​တော်​မူ​ပြီး ကောင်းသော​အမှု​အမျိုးမျိုး​တို့ကို ပြုစု’ စေသည့်​အတွက် တကယ်​ကို ကျေးဇူး​တင်စရာ​ပင်!—၂ တိမောသေ ၃:၁၆၊ ၁၇

၁၅ ယေရှုသည် တော​၌ စာတန်​၏​သွေးဆောင်မှု​ကို​ခံ​ခဲ့​ရ​စဉ် မဟုတ်မမှန်​သော​ဆင်ခြင်မှု​နှင့် စဉ်းလဲ​သော​သွေးဆောင်မှုများ​ကို ဆီးတား​ရန် ဝိညာဉ်​တော်​ဓားကို ထိရောက်​စွာ​အသုံးပြု​ခဲ့​သည်။ ကိုယ်တော်​သည် စာတန်​၏​သွေးဆောင်မှု​တစ်ခုစီ​ကို “ကျမ်းစာ​လာ​သည်​ကား” ဟူ၍ ပြောဆို​ချေပ​ခဲ့​သည်။ (မဿဲ ၄:၁-၁၁) ထို​နည်းတူ စပိန်​နိုင်ငံ​မှ ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်သူ ဒေးဗစ်​သည် သွေးဆောင်မှု​ကို ကျော်လွှား​ရန် သမ္မာကျမ်းစာ​က သူ့ကို ကူညီ​ပေး​ကြောင်း တွေ့ရှိ​ရ၏။ သူ့​အသက် ၁၉ နှစ်အရွယ်​၌ သန့်ရှင်းရေး​လုပ်ငန်း​တစ်ခု​တွင် အတူတူ​အလုပ်လုပ်​သော မိန်းမ​ချော​လေး​တစ်ဦး​က “ဒို့​နှစ်ယောက် သွား​ပျော်ပါး​ကြရအောင်” ဟု​ဆို​ခဲ့​သည်။ သူ၏​မြှူဆွယ်မှု​များ​ကို ဒေးဗစ်​ငြင်းပယ်​ခဲ့​သည်၊ ထို​အခြေအနေ​မျိုး ပြန်​မ​ပေါ်​စေဖို့ နောက်​တစ်​နေရာသို့ ပြောင်းရွှေ့​ပေး​ပါ​ရန် သူ၏​အလုပ်ရှင်​ကို မေတ္တာ​ရပ်ခံ​ခဲ့​သည်။ ဒေးဗစ်​က “ယောသပ်ရဲ့​ပုံသက်သေ​ကို ကျွန်တော် သတိ​ရတယ်။ သူဟာ အကျင့်​ယိုယွင်းမှု​ကို ငြင်းပယ်​ပြီး အဲ့ဒီ​နေရာ​ကနေ ချက်ချင်း​ထွက်ပြေး​ခဲ့​တယ်။ ကျွန်တော်​လည်း အဲ့ဒီ​အတိုင်း ပြုလုပ်​ခဲ့​တယ်။”—ကမ္ဘာဦး ၃၉:၁၀-၁၂

၁၆။ ကျွန်ုပ်​တို့သည် “သမ္မာတရား​ကို မှန်ကန်​စွာ​ပိုင်းခြား​တတ်” ရန် အဘယ်ကြောင့် လေ့ကျင့်မှု​လို​ကြောင်း ရှင်းပြပါ။

၁၆ စာတန်​၏​ချုပ်ကိုင်​မှု​အောက်​မှ အခြားသူများ လွတ်မြောက်သွား​စေရန် ဝိညာဉ်​တော်​ဓားကို ယေရှု​အသုံးပြု​ခဲ့​သည်။ ယေရှု​က ‘ငါ​ဟော​သော​တရားတော်​သည် ငါ​၏​တရားတော်​မဟုတ်။ ငါ့ကို​စေလွှတ်​တော်​မူ​သော​သူ၏ တရားတော်​ဖြစ်၏’ ဟု​မိန့်ဆိုခဲ့သည်။ (ယောဟန် ၇:၁၆) ယေရှု၏​ထိရောက်​သော​သွန်သင်ခြင်း​ကို ကျွန်ုပ်​တို့ တုပ​ရန် လေ့ကျင့်မှု​လို​သည်။ ရောမ​စစ်သား​များနှင့်​ပတ်သက်​၍ ဂျူး​သမိုင်း​ပညာရှင် ဂျိုစီဖတ်စ်​က ဤသို့​ရေးသားခဲ့​၏– “စစ်သား​တိုင်း​သည် တိုက်ပွဲဝင်​နေချိန်​ကဲ့သို့​ပင် အကြီးအကျယ်​ဝီရိယ​စိုက်ထုတ်​၍ နေ့စဉ် လေ့ကျင့်​ရသည်၊ ယင်းကြောင့် သူတို့သည် စစ်​၏​ပင်ပန်း​မောဟိုက်​ခြင်း​ဒဏ်​ကို အခက်အခဲ​မရှိ ခံရပ်​နိုင်​ကြ​ခြင်း​ဖြစ်သည်။” ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​တိုက်ပွဲ​တွင် သမ္မာကျမ်းစာ​ကို အသုံးပြု​ဖို့​လို​သည်။ ထို့​ပြင် ကျွန်ုပ်​တို့သည် “ဝန်ခံ​တော်​မူ​သော​သူ၊ ရှက်ကြောက်​စ​ရာ​အကြောင်း​မရှိဘဲ၊ သမ္မာတရား​ကို မှန်ကန်​စွာ​ပိုင်းခြား​တတ်သော ဆရာသမား​ဖြစ်​လျက် ဘုရားသခင့်​ရှေ့၌ ကိုယ်ကို​ကိုယ်​ဆက်သခြင်း​ငှာ ကြိုးစား​အားထုတ်” ကြ​ရမည်။ (၂ တိမောသေ ၂:၁၅) စိတ်ဝင်စားသူ​တစ်ဦး၏ စိတ်ရင်းမှန်​ဖြင့်​မေး​သော​မေးခွန်း​ကို ကျမ်းစာ​အသုံးပြုပြီး ဖြေဆို​ပေး​သည့်​အခါ တကယ့်ကို ကျေနပ်မှု​ခံစားရ​၏!

ကာလ​အစဉ် ဆုတောင်း​ကြလော့

၁၇၊ ၁၈။ (က) စာတန်​ကို​တွန်းလှန်​ရန် ဆုတောင်းခြင်း​သည် မည်မျှ​အရေးပါ​သနည်း။ (ခ) ဆုတောင်းခြင်း တန်ဖိုး​ကို ဖော်ပြ​ရန် ဥပမာတစ်ခု​ပေး​ပါ။

၁၇ ဝိညာဉ်​ရေး​လက်နက်စုံ​အကြောင်း သုံးသပ်​ပြီး​နောက် နောက်ထပ်​အရေးကြီးသော​အကြံပြုချက်​တစ်ခု​ကို ပေါလု​ထပ်ဆင့်​တင်ပြ​သည်။ ခရစ်ယာန်​များသည် စာတန်​ကို တွန်းလှန်​ရာ​တွင် “ဆုတောင်းခြင်း​နှင့် တိုးလျှိုး​အသနားခံခြင်း​အမျိုးမျိုး” ပြုလုပ်​သင့်​သည်။ အကြိမ်ပေါင်း​မည်မျှ ဆုတောင်း​သင့်​သနည်း။ “ကာလ​အစဉ် စိတ်နှလုံး​ပါ​လျက် . . . ဆုတောင်း​ကြလော့” ဟူ၍ ပေါလု​ရေးသားခဲ့​သည်။ (ဧဖက် ၆:၁၈) သွေးဆောင်မှုများ၊ စမ်းသပ်မှု​များ၊ သို့​မဟုတ် စိတ်ပျက်​အားလျော့​မှု​တို့ကို ကျွန်ုပ်​တို့ ရင်ဆိုင်​ရသည့်​အခါ ဆုတောင်းခြင်း​သည် ကျွန်ုပ်​တို့ကို အတိုင်း​ထက်​အလွန် ခိုင်မာ​လာ​စေနိုင်​သည်။ (မဿဲ ၂၆:၄၁) ယေရှုသည် “သေခြင်း​မှ​ကယ်လွှတ်​နိုင်​တော်​မူ​သော​သူကို ကြီးစွာ​သော​ကြွေးကြော်​ခြင်း၊ မျက်ရည်ကျ​ခြင်း​နှင့် [“တိုးလျှိုး​အသနားခံ၊” က​ဘ] ဆုတောင်း . . . သဖြင့် ကြောက်ရွံ့​ရာ​အမှု၌ ချမ်းသာရ” ခဲ့​သည်။—ဟေဗြဲ ၅:၇

၁၈ နာတာရှည်​ရောဂါ​သည် ခင်ပွန်း​ကို ၁၅ နှစ်​ကျော် ပြုစုပေး​ခဲ့​သည့် မီ​လာ​ဂ​ရို့စ်​သည် ဤသို့​ပြောပြ​၏– “ကျွန်မ စိတ်ဓာတ်ကျ​တဲ့​အခါ ယေဟောဝါ​ဆီ ဆုတောင်း​ပြီး ချဉ်းကပ်​တယ်။ ကိုယ်တော်​လောက် ကျွန်မ​ကို ဘယ်သူမှ မကူညီ​ပေး​နိုင်ဘူး။ ခံနိုင်ရည်​မရှိတော့ဘူးလို့ ကျွန်မ​ခံစား​ရတဲ့​အချိန်တွေလည်း မနည်း​ဘူး။ ဒါပေမဲ့ ယေဟောဝါ​ကို ဆုတောင်း​ပြီး​တာ​နဲ့ တဖြည်းဖြည်း ခွန်အား​ပြန်​ရလာ​ပြီး စိတ်အားတက်​ကြွ​ခဲ့​တယ်။”

၁၉၊ ၂၀။ စာတန်​နှင့် ကျွန်ုပ်​တို့​တိုက်ပွဲ​ဆင်နွှဲ​ကြ​ရာ​တွင် အနိုင်​ရ​ရန် အဘယ်အရာ​လိုအပ်​သနည်း။

၁၉ စာတန်​သည် သူ၏​ကာလ တစ်ခဏ​သာ​ရှိသည်​ကို သိထား​ရာ ကျွန်ုပ်​တို့ကို နှိပ်ကွပ်​ရန် မီးကုန်ယမ်းကုန် ကြိုးစား​လျက်​ရှိ၏။ (ဗျာ. ၁၂:၁၂၊ ၁၇) ကျွန်ုပ်​တို့သည် တန်ခိုး​ရှိသော ဤ​ရန်သူကို ခုခံ​ပြီး “ယုံကြည်ခြင်း​နှင့်​ဆိုင်၍ ကောင်းစွာ​သော​တိုက်လှန်​ခြင်း​ကို​ပြု” ရ​ကြ​မည်။ (၁ တိမောသေ ၆:၁၂) သို့​ပြု​ရန် သာမန်​ထက်​ထူးကဲ​သော ခွန်အား​ရှိဖို့လို​သည်။ (၂ ကောရိန္သု ၄:၇) ဘုရားသခင်​၏​သန့်ရှင်းသော​ဝိညာဉ်​တော် အကူအညီကို​လည်း ကျွန်ုပ်​တို့ လိုအပ်သော​ကြောင့် ၎င်း​အတွက် ဆုတောင်း​သင့်​သည်။ ယေရှု​က ဤသို့​မိန့်ဆိုခဲ့သည်– “သင်တို့သည် အဆိုး​ဖြစ်​လျက်​ပင် ကိုယ်​သားတို့​အား ကောင်းသော​အရာ​ကို​ပေး​တတ်​လျှင် ထို​မျှ​မ​က ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဘသည် ဆုတောင်း​သော​သူတို့အား သန့်ရှင်းသော​ဝိညာဉ်​တော်​ကို သာ၍​ပေး​တော်​မူ​မည်​မဟုတ်လော။”—လုကာ ၁၁:၁၃

၂၀ ယေဟောဝါ​ပေးအပ်​ထား​သည့် လက်နက်စုံ​ကို ကျွန်ုပ်​တို့ မဖြစ်​မနေ​ဝတ်ဆင်​ထား​ဖို့​လို​ကြောင်း ထင်ရှား​သည်။ ဤ​ဝိညာဉ်​ရေး​လက်နက်စုံ​ကို ဝတ်ဆင်​ထား​ရန် ယုံကြည်ခြင်း​နှင့် ဖြောင့်မတ်ခြင်း အစ​ရှိသော ဘုရားသခင့်​ရေးရာ​အရည်အသွေးများ​ကို တိုးပွား​စေ​ရမည်။ အမှန်တရားဖြင့် ရစ်ပတ်​ထား​သကဲ့သို့ ယင်းကို​နှစ်သက်​မြတ်နိုး​ဖို့​လို​သည်၊ အချိန်​အခါ​မရွေး သတင်းကောင်း​ပျံ့နှံ့​စေရန် ကျွန်ုပ်​တို့​အသင့်ရှိ​ပြီး အနာဂတ်​မျှော်လင့်ချက်ကို စိတ်စွဲ​မှတ်ထားဖို့​လို​သည်။ ဝိညာဉ်​တော်​ဓားကို ကျွမ်းကျင်​စွာ အသုံးပြု​တတ်​ရန် သင်ယူ​ရမည်။ ဘုရားသခင်​ပေးအပ်​ထားသော လက်နက်စုံ​ကို ဝတ်ဆင်​ထားခြင်း​ဖြင့် ကျွန်ုပ်​တို့သည် နတ်ဆိုး​များနှင့် နပန်း​သတ်​ပွဲ​တွင် အနိုင်​ရနိုင်​ပြီး ယေဟောဝါ​၏​သန့်ရှင်း​မြင့်မြတ်​သော​နာမတော်​ကို ထင်ရှားစေ​နိုင်​ပါ​လိမ့်​မည်။—ရောမ ၈:၃၇-၃၉

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 ဟေရှာယ​ပရောဖက်ပြုချက်​တွင် ယေဟောဝါ​သည် “ဖြောင့်မတ်ခြင်း​တရား​တည်း​ဟူသော ရင်​ကျပ်​ကို​ဝတ်ဆင်” ထား​သည်​ဟု ဖော်ပြ​၏။ သို့​ဖြစ်၍ တရား​သဖြင့်​စီရင်၍ ဖြောင့်မတ်​စွာ​လုပ်ဆောင်ကြ​ရန် အသင်းတော်​ကြီးကြပ်မှူး​များ​အား ကိုယ်တော် တောင်းဆို​တော်​မူ​၏။—ဟေရှာယ ၅၉:၁၄၊ ၁၅၊ ၁၇

သင်​မည်သို့​ဖြေဆို​မည်​နည်း

အဘယ်သူ​သည် ဝိညာဉ်​ရေး​ချပ်ဝတ်တန်ဆာ ဝတ်ဆင်ခြင်း​တွင် အကောင်းဆုံး​စံနမူနာ​ဖြစ်သနည်း၊ ကိုယ်တော်​၏​စံနမူနာ​ကို အဘယ်ကြောင့် အသေအချာ​သုံးသပ်​သင့်​သနည်း။

ကျွန်ုပ်​တို့၏​စိတ်​နှင့် ပုံဆောင်​နှလုံးကို မည်သို့​ကာကွယ်​နိုင်​သနည်း။

ဝိညာဉ်​တော်​ဓားကို ကျွမ်းကျင်​စွာ မည်သို့​အသုံးပြု​တတ်လာ​နိုင်​သနည်း။

ကျွန်ုပ်​တို့သည် အဘယ်ကြောင့် ကာလ​အစဉ် ဆုတောင်း​နေ​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ဝီရိယ​ရှိ​ရှိ ကျမ်းစာ​လေ့လာမှု​သည် သတင်းကောင်းကို အချိန်​အခါ​မရွေး ကြေညာ​ရန် ကျွန်ုပ်​တို့အား လှုံ့ဆော်ပေး​နိုင်

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

တပ်အပ်​သေချာ​သော ကျွန်ုပ်​တို့၏​မျှော်လင့်ချက်​သည် စမ်းသပ်မှု​များ​ကို ရင်ဆိုင်​နိုင်​စေ

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

သင်သည် ခရစ်ယာန်​ဓမ္မ​အမှု​တွင် “ဝိညာဉ်​တော်​၏​ဓား” ကို​အသုံးပြုပါ​သလော