မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သခင့်ဆုတောင်းချက် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိ

သခင့်ဆုတောင်းချက် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိ

သခင့်​ဆုတောင်းချက် သင့်အတွက် အဘယ်​အဓိပ္ပာယ်​ရှိ

တောင်ပေါ်​တရားတော်​တွင် ယေရှု​ခရစ်​သင်ပေးခဲ့​သော သခင့်​ဆုတောင်းချက်​ကို သမ္မာကျမ်းစာ​၏ မဿဲကျမ်း​အခန်းကြီး ၆၊ အခန်းငယ် ၉ မှ ၁၃ တွင် တွေ့ရှိ​ရသည်။ ၎င်း​ဆုတောင်းချက်​ကို​မဖော်​ပြ​မီ ယေရှု​ဤသို့​မိန့်ဆိုခဲ့သည်– “သင်တို့သည် ဆုတောင်း​သောအခါ [ပြင်]ပ​လူ​နည်းတူ အချည်းနှီး​သော​စကား​ဖြင့် အထပ်ထပ်​မ​မြွက်​ကြ​နှင့်။ ထို​သူတို့သည် များစွာသော​စကား​ဖြင့် မိမိတို့​အလို​ပြည့်စုံ​မည်​ဟု ထင်မှတ်​ကြ​၏။”—မဿဲ ၆:၇

သို့​ဖြစ်၍ သခင့်​ဆုတောင်းချက်​ကို လုံးကောက်​ရွတ်ဆို​ဖို့ ယေရှု မရည်ရွယ်​ကြောင်း ထင်ရှား​၏။ နောက်ပိုင်း​တွင် အခြား​ပရိသတ်​များ​အတွက် ၎င်း​ဆုတောင်းချက်​ကို ကိုယ်တော်​ပြန်​ရွတ်ဆို​ပြ​ခဲ့​သည်​မှာ မှန်​၏။ (လုကာ ၁၁:၂-၄) သို့သော် မဿဲ​နှင့် လုကာ​ခရစ်ဝင်​ကျမ်း​မှတ်တမ်းများ​ပါ ထို​ဆုတောင်းချက်​၏​စကား​အသုံးအနှုန်း​များသည် အနည်းငယ်​ကွာခြား​၏။ ထို့​အပြင် နောက်ပိုင်း​တွင် ယေရှု​နှင့် ကိုယ်တော့်​တပည့်​များ ဆုတောင်း​ကြ​သည့်​အခါ ကိုယ်တော်​၏​စံပြ​ဆုတောင်းချက်​အတိုင်း တစ်​သ​ဝေ​မ​တိမ်း လိုက်​မဆို​ခဲ့​ကြ​ပါ။

သခင့်​ဆုတောင်းချက်​ကို သမ္မာကျမ်းစာ​တွင် အဘယ်ကြောင့် မှတ်တမ်း​တင်ထား​သနည်း။ ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များသည် မည်သို့ ဘုရားသခင်​လက်ခံနိုင်ဖွယ် ဖြစ်​နိုင်​ကြောင်း ဤ​ဆုတောင်းနည်း​အားဖြင့် ကျွန်ုပ်​တို့ကို ယေရှု​သိစေ​သည်။ ဤ​ဆုတောင်းချက်​တွင် ဘဝ​နှင့်​ပတ်သက်သော အခြေခံကျ​သည့်​မေးခွန်း​အချို့​၏ အဖြေ​များ​ကိုလည်း တွေ့ရှိ​ရသည်။ ထို့​ကြောင့် သခင့်​ဆုတောင်းချက်​၏ အပိုင်း​တစ်ပိုင်းစီ​ကို သုံးသပ်ကြည့်​ကြ​စို့။

ဘုရားသခင့်​နာမတော်​ကား အဘယ်နည်း

“ကောင်းကင်ဘုံ​၌​ရှိတော်မူသော အကျွန်ုပ်​တို့​အဘ၊ ကိုယ်တော်​၏​နာမတော်​အား ရိုသေ​လေးမြတ်ခြင်း [“သန့်ရှင်း​မြင့်မြတ်ခြင်း၊” က​ဘ] ရှိပါစေ​သော။” (မဿဲ ၆:၉) ဤ​စံပြ​ဆုတောင်းနည်း​၏ အဖွင့်​စကား​များသည် ဘုရားသခင်​အား “အကျွန်ုပ်​တို့​အဘ” ဟု​ခေါ်ဆို​ခြင်း​ဖြင့် ကိုယ်တော့်​ထံ​ပါး ချဉ်းကပ်​စေ​သည်။ ကလေး​တစ်ဦး​သည် မေတ္တာ​ရှိ၍ နားလည်မှု​ပြ​တတ်သော​မိဘ​ထံ အလိုလို​ချဉ်းကပ်​သကဲ့သို့ ကျွန်ုပ်​တို့၏​ဆုတောင်းသံ​ကို နားညောင်း​တော်​မူ​မည်​ဟူသော ယုံကြည်​စိတ်ချမှု​ဖြင့် ကောင်းကင်​ခမည်းတော်​ထံ ကျွန်ုပ်​တို့ ချဉ်းကပ်​နိုင်​ကြ​ပါ​သည်။ ‘ဆုတောင်းခြင်း​ကို နားထောင်​တော်​မူ​သော​အရှင် ကိုယ်တော်​ထံ​သို့ လူသား​အပေါင်းတို့သည် ချဉ်းကပ်​ရ​ကြလိမ့်မည်’ ဟု ဒါဝိဒ်​မင်း သီဆို​ခဲ့​သည်။—ဆာလံ ၆၅:၂

ဘုရားသခင့်​နာမတော် သန့်ရှင်း​မြင့်မြတ်​စေဖို့ ဆုတောင်း​ကြ​ရန် ယေရှု သွန်သင်​ပေး​ခဲ့​သည်။ သို့သော် ဘုရားသခင့်​နာမတော်​ကား အဘယ်နည်း။ ‘ဤ​အမှုကိုပြု​သော​ဘုရားသခင်၊ ဤ​အမှုကို ဖန်ဆင်း​စီရင်​သော​ဘုရားသခင်၊ ယေဟောဝါ​အမည်​ရှိသော ထာဝရ​ဘုရားသခင်” ဟု​သမ္မာကျမ်းစာ​က​ဆို​၏။ (ယေရမိ ၃၃:၂) ယေဟောဝါ​၏​နာမတော်​ကို သမ္မာကျမ်းစာ​တွင် သင်​ဖတ်ဖူး​သလော။

အမှန်​မှာ ဘုရားသခင့်​နာမတော်၊ ယေဟောဝါ​ကို ရှေးဟောင်း​ကျမ်းစာ စာမူ​များ​တွင် အကြိမ်ပေါင်း ၇,၀၀၀ ကျော်​တွေ့ရ​သည်။ သို့သော် ကျမ်းစာ​ဘာသာပြန်​သူ​အချို့​က ၎င်း​နာမတော်​ကို သူတို့၏​ဘာသာပြန်​ကျမ်း​များ​မှ ထုတ်ပစ်​သည့်​အထိ ပြု​ခဲ့​ကြ​၏။ ထို့​ကြောင့် ကိုယ်တော်​၏​နာမတော်​ကို သန့်ရှင်း​မြင့်မြတ်​စေဖို့ ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​အား ဆုတောင်း​ကြ​ရခြင်း​ဖြစ်သည်။ (ယေဇကျေလ ၃၆:၂၃) ဤ​ဆုတောင်းချက်​နှင့်​အညီ လုပ်ဆောင်ရန် နည်း​တစ်နည်း​မှာ ယေဟောဝါ​ဟူသော​နာမတော်​ကို အသုံးပြုပြီး ဘုရားသခင်​ထံ​ဆုတောင်းခြင်း​ဖြစ်သည်။

ပ​ထ​ရ​စ်​ရှာ​ဟူသော အမျိုးသမီး​တစ်ဦး​သည် ကက်သလစ်​ဘာသာဝင်​တစ်ဦး​အဖြစ် ကြီးပြင်း​လာပြီး သခင့်​ဆုတောင်းချက်​နှင့် အတော်ပင်​ရင်းနှီး​ကျွမ်းဝင်​ခဲ့​သည်။ ယေဟောဝါသက်သေ​တစ်ဦး​က ဘုရားသခင့်​နာမတော်​ကို သမ္မာကျမ်းစာ​မှ သူ့​အား​ပြ​သောအခါ သူ​မည်သို့​တုံ့ပြန်​ခဲ့​သနည်း။ သူက “ကျွန်မ မယုံနိုင်​ခဲ့​ဘူး!” ဟု အံ့အားသင့်​စွာ​ပြော​သည်။ “ဒါ​ကြောင့် ကျွန်မ​ရဲ့​ကိုယ်ပိုင် ဘာသာပြန်​ကျမ်း​ကို​ဖွင့်​ကြည့်​တော့ အဲဒီ​ထဲမှာ​လည်း နာမတော်​ပါ​နေတယ်။ အဲဒီနောက် သက်သေခံ​က မဿဲ ၆:၉၊ ၁၀ ကို​ဖွင့်ဖတ်​ခိုင်း​ပြီး ဘုရားသခင့်​နာမတော်​ဟာ သခင့်​ဆုတောင်းချက်​နဲ့ ဆက်စပ်​နေတယ်လို့ ရှင်းပြတယ်။ ကျွန်မ အရမ်း​ကို​စိတ်​လှုပ်ရှား​သွားတာ၊ ဒါနဲ့ ကျမ်းစာ​သင်ပေးပါ​လို့ သူ့ကို တောင်းဆို​လိုက်တယ်။”

ဘုရားသခင့်​အလိုတော် မြေကြီးပေါ်​ပြည့်စုံ​ရန်

“နိုင်ငံတော် တည်ထောင်​ပါစေ​သော။ အလိုတော်သည် ကောင်းကင်ဘုံ​၌​ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ​ပြည့်စုံ​ပါစေ​သော။” (မဿဲ ၆:၁၀) ယေရှု၏​စံပြ​ဆုတောင်းချက်​ပါ ဤ​အပိုင်း​သည် မည်သို့​ပြည့်စုံ​မည်​နည်း။ လူအများ​က ကောင်းကင်​သည် အေးချမ်း​ငြိမ်သက်​ရာ​ဘုံ​ဖြစ်၏​ဟု ယူမှတ်​ကြသည်။ သမ္မာကျမ်းစာ​က ကောင်းကင်​သည် ယေဟောဝါ​၏ ‘သန့်ရှင်း​ဘုန်းကြီး​သော ကျက်သရေ​ရှိ​စံ​ရာ​တော်’ အဖြစ် ဖော်ပြ​သည်။ (ဟေရှာယ ၆၃:၁၅သမ္မာ) ထို့​ကြောင့် ဘုရားသခင့်​အလိုတော်သည် “ကောင်းကင်ဘုံ​၌​ပြည့်စုံ​သကဲ့သို့” မြေကြီးပေါ်​၌​ပြည့်စုံစေရန် ကျွန်ုပ်​တို့​ဆုတောင်း​ကြ​ရခြင်း​ဖြစ်၏! သို့သော် ယင်းသည် ဖြစ်ပျက်​နိုင်​လိမ့်​မည်​လော။

ယေဟောဝါ​၏​ပရောဖက်​ဒံယေလ​က ဤသို့​ကြိုပြော​သည်– “ပျက်စီးခြင်း​သို့​မ​ရောက်​နိုင်သော နိုင်ငံ​တစ်ခု​ကို ထို​မင်းကြီး​များ​လက်ထက်​၌ ကောင်းကင်ဘုံ​ရှင်​ဘုရားသခင်​သည် တည်ထောင်​စေတော်မူ​မည်။ ထို​နိုင်ငံ​သည် အခြားသော​လူမျိုး​လက်​သို့​မရောက်ရ​ဘဲ အထက်​ဆို​ခဲ့​ပြီး​သော [မြေကြီးဆိုင်ရာ] နိုင်ငံ​ရှိသမျှ​တို့ကို ချိုးဖဲ့​ဖျက်ဆီး​၍ အစဉ်အမြဲ​တည်​လိမ့်​မည်။” (ဒံယေလ ၂:၄၅) ဤ​ကောင်းကင်​နိုင်ငံတော် သို့​မဟုတ် အစိုးရ​သည် ဖြောင့်မတ်​သော​အုပ်ချုပ်မှု​အောက် ကမ္ဘာချီ​ငြိမ်သက်ခြင်း​ရှိစေဖို့ မကြာမီ အရေးယူ​လုပ်ဆောင်ပါ​တော့​မည်။—၂ ပေတရု ၃:၁၃

ဘုရားသခင့်​နိုင်ငံတော်​လာဖို့​နှင့် ကိုယ်တော်​၏​အလိုတော် မြေကြီးပေါ်​ပြည့်စုံ​စေဖို့ ဆုတောင်းခြင်း​သည် စိတ်ပျက်​စ​ရာ​အကြောင်း​မရှိ​မည့် ယုံကြည်ခြင်း​တင်ပြချက်​တစ်ခု​ဖြစ်သည်။ ခရစ်ယာန်​တမန်​တော်​ယောဟန်​က ဤသို့​ရေးသားခဲ့​သည်– “ပလ္လင်တော်​မှ​ကြီးသော​အသံ​ကား ‘ဘုရားသခင်​၏​တဲ​တော်​သည် လူ​တို့​တွင်​ရှိ၏။ သူတို့နှင့်​အတူ ကျိန်းဝပ်​တော်​မူ​မည်။ သူတို့သည် ကိုယ်တော်​၏​လူ​ဖြစ်​ကြလိမ့်မည်။ ဘုရား​သခင်သည်​ကိုယ်တော်တိုင် သူတို့နှင့်​အတူ​ရှိ​နေ၍ သူတို့၏​ဘုရားသခင်​ဖြစ်​တော်​မူ​မည်။ ဘုရားသခင်​သည် သူတို့၏​မျက်စိ​၌​မျက်ရည်​ရှိသမျှကို သုတ်တော်မူ​မည်။ နောက်​တစ်ဖန် သေ​ဘေးမ​ရှိ​ရ။ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ နာကျင်ခြင်းလည်း​မရှိ​ရ။ ရှေး​ဖြစ်​ဖူး​သော​အရာများ​သည် ရွေ့သွား​ကြပြီ’ ဟုဆိုလေ၏။” ထို့နောက် ယောဟန်​ဤသို့​ထပ်​ပြော​သည်– “ပလ္လင်​ပေါ်မှာ​ထိုင်​တော်​မူ​သော​အရှင်​က​လည်း . . . ‘ရေးထား​လော့။ အကြောင်း​မူ​ကား ဤ​စကား​များသည် သစ္စာ​စကား၊ ဟုတ်မှန်​သော​စကား​ဖြစ်၏’ ဟု​မိန့်တော်မူ၏။”—ဗျာ. ၂၁:၃-၅သမ္မာ။

ကာယရေး​လိုအပ်ချက်​များနှင့်​ပတ်သက်​၍ ဆုတောင်းခြင်း

ကျွန်ုပ်​တို့​ဆုတောင်း​သည့်​အခါ အဓိက​အလေးပေး​သင့်​သည်​ကား ဘုရားသခင့်​နာမတော်​နှင့် အလိုတော်​ဖြစ်​သင့်​ကြောင်း စံပြ​ဆုတောင်းချက်​တွင် ယေရှု​ဖော်ပြ​ခဲ့​သည်။ သို့သော် စံပြ​ဆုတောင်းချက်​၌ ကိုယ်ရေးကိုယ်တာ​အတွက် ယေဟောဝါ​ထံ သင့်လျော်​စွာ တောင်းလျှောက်​နိုင်​ကြောင်း ဆက်​ဖော်ပြ​သည်။

ယင်း​တို့​ထဲ​မှ ဦးဆုံး​မှာ “အသက်မွေး​လောက်​သော​အစာကို အကျွန်ုပ်တို့အား ယနေ့ ပေးသနား​တော်​မူ​ပါ” ဖြစ်၏။ (မဿဲ ၆:၁၁) ယင်းသည် စည်းစိမ်ဥစ္စာ​ရှိဖို့ တောင်းလျှောက်​နေခြင်း​မဟုတ်ပါ။ ယေရှု​က ‘တစ်ရက်​စာ​ကို နေ့ရက်​အစဉ်​အတိုင်း’ ပေး​ဖို့ ဆုတောင်း​ရန် သင်ပေးခဲ့​သည်။ (လုကာ ၁၁:၃သမ္မာ) သခင့်​ဆုတောင်းချက်​နှင့်​အညီ ကျွန်ုပ်​တို့သည် ဘုရားသခင်​ကို​ချစ်​မည်၊ ကိုယ်တော်​အား နာခံ​မည်​ဆိုလျှင် ကျွန်ုပ်​တို့၏​နေ့စဉ်​လိုအပ်ရာ​ကို ကိုယ်တော်​ပေးသနား​မည်​ဟု ယုံကြည်​စိတ်ချ​စွာ ဆုတောင်း​နိုင်​သည်။

ငွေ​ရေး​ကြေး​ရေး​ပြဿနာ​များ​ကို အစိုးရိမ်လွန်​ခြင်း​သည် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ကို လျစ်လျူရှု​စေနိုင်​၏၊ သို့ဖြင့် ဘုရားသခင်​အပေါ် ကျွန်ုပ်​တို့​တာဝန်​ပျက်ကွက်​သွားပေ​မည်။ သို့သော် ဘုရားသခင်​၏​ဝတ်ပြုရေးကို ကျွန်ုပ်​တို့​ဘဝတွင် ရှေးဦး​ထား​မည်​ဆိုလျှင် စား​ဝတ်​နေ​ရေး အစ​ရှိသည့် ကျွန်ုပ်​တို့၏​ကာယ​လိုအပ်ရာ​များ​ကို အသနားခံ​ရာ​တွင် ကိုယ်တော်​နားညောင်း​မည်​ဟု ယုံကြည်​စိတ်ချ​နိုင်​ပါ​သည်။ ယေရှု​က “ဘုရားသခင်​၏ နိုင်ငံတော်​နှင့်​ဖြောင့်မတ်ခြင်း​တရားတော်​ကို ရှေးဦး​စွာ​ရှာ​ကြလော့။ နောက်​မှ ထို​အရာများ​ကို​ထပ်၍ ပေး​တော်​မူ​လတ္တံ့” ဟု​မိန့်ဆိုခဲ့သည်။ (မဿဲ ၆:၂၆-၃၃) ကျွန်ုပ်​တို့အားလုံး​သည် အပြစ်သား​များ​ဖြစ်​ကြ​၍ ခွင့်လွှတ်​ခံရ​ဖို့​လို​နေကြ​ရာ ဘုရားသခင်​၏​ဖြောင့်မတ်ခြင်း​တရားကို ရှာ​ဖို့ မလွယ်ကူ​ပါ။ (ရောမ ၅:၁၂) သခင့်​ဆုတောင်းချက်​က ယင်း​ကိစ္စ​ကိုလည်း ထည့်​တောင်းဆို​စေ​သည်။

ခွင့်လွှတ်​ခြင်း​နှင့်​ပတ်သက်သော ဆုတောင်းချက်​များ

“သူတစ်ပါး​သည် အကျွန်ုပ်​တို့ကို ပြစ်မှား​သော​အပြစ်​များ​ကို အကျွန်ုပ်​တို့သည် လွှတ်​သကဲ့သို့ အကျွန်ုပ်​တို့၏​အပြစ်​များ​ကို လွှတ်တော်​မူ​ပါ။” (မဿဲ ၆:၁၂; လုကာ ၁၁:၄) ယေဟောဝါ​ဘုရားသခင်​သည် ကျွန်ုပ်​တို့၏​အပြစ်​များ​ကို အမှန်တကယ်​ခွင့်လွှတ်​ပါ​မည်​လော။

ရှေး​ဣသရေလ​ဘုရင် ဒါဝိဒ်​သည် ကြီး​လေး​သော​အပြစ်​များ​ကို ကျူးလွန်​ခဲ့​သော်လည်း နောင်တ​ယူပြီး ယုံကြည်​စိတ်ချ​စွာ ဤသို့​ဆုတောင်း​ခဲ့​သည်– ‘အို​ယေဟောဝါ ကိုယ်တော်​သည် ကောင်းသော​သဘော၊ အပြစ်လွှတ်​လို​သော​သဘော​နှင့်​ပြည့်စုံ [“ခွင့်လွှတ်​ရန်​အသင့်ရှိ၊” က​ဘ] ၍ ကိုယ်တော့်​ထံ ဆုတောင်း​သော​သူအပေါင်း​တို့အား ကရုဏာတော်​ကြွယ်ဝ​ပါ​၏။’ (ဆာလံ ၈၆:၅) နှစ်သိမ့်မှု အမှန်​ပေး​သော​စကား​ပင်! ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​သည် နောင်တ​ဖြင့် ဆုတောင်း​သူတို့၏​အပြစ်​များ​ကို ‘ခွင့်လွှတ်​ရန်​အသင့်ရှိ’ တော်​မူ​၏။ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​အပြစ်​များ​ကို လုံးလုံးလျားလျား ခွင့်လွှတ်​နိုင်​ပါ​သည်။

သို့သော် သတ်မှတ်ချက်​တစ်ခု​ကို ယေရှု​ဖော်ပြ​ခဲ့​သည်– ကျွန်ုပ်​တို့၏​အပြစ်​များ​ကို ဘုရားသခင်​အား ခွင့်လွှတ်​စေ​လိုလျှင် သူတစ်ပါး​၏​အပြစ်​များ​ကို ကျွန်ုပ်​တို့ ခွင့်လွှတ်​ရမည်​ဖြစ်သည်။ (မဿဲ ၆:၁၄၊ ၁၅) ဖြောင့်မတ်​သူ​ယောဘသည် အပေါင်းပါ​သုံးဦး​၏​နှိပ်စက်ခြင်း​ကို ခံ​ခဲ့​ရ​သော်လည်း ထို​သူတို့ကို ခွင့်လွှတ်​ပြီး သူတို့​အတွက်​ပင် ဆုတောင်းပေး​ခဲ့​သည်။ (ယောဘ ၄၂:၁၀) ကျွန်ုပ်​တို့အား ပြစ်မှားသူ​တို့ကို ခွင့်လွှတ်​မည်​ဆိုလျှင် ဘုရားသခင်​အလိုတော်နှင့်​တွေ့​ပါ​မည်၊ ထို​အခါ ကျွန်ုပ်​တို့ကို ကိုယ်တော်​သက်ညှာမှု​ပြ​ပါ​လိမ့်​မည်။

ကျွန်ုပ်​တို့၏​အသနားခံ​မှုများ​ကို ဘုရားသခင် နားညောင်း​ရန်​အသင့်ရှိခြင်း​က ကိုယ်တော့်​မျက်နှာသာတော်​ရ​ရန် လုပ်ဆောင်ဖို့ ကျွန်ုပ်​တို့ကို လှုံ့ဆော်​သင့်​သည်။ မစုံလင်သူ​များ​ဖြစ်သော်လည်း ကိုယ်တော့်​မျက်နှာသာ ရနိုင်​ပါ​သည်။ (မဿဲ ၂၆:၄၁) ဤ​တွင်​လည်း ကျွန်ုပ်​တို့ကို ယေဟောဝါ​ကူညီ​ပေး​နိုင်​ပါ​သည်၊ စံပြ​ဆုတောင်းနည်း​ကို အရေးပါသော​အသနားခံချက်​တစ်ခု​ဖြင့် ယေရှု​နိဂုံး​ချုပ်​၍ ယင်းကို​ပြ​ခဲ့​သည်။

ဖြောင့်မတ်​သော​လမ်းစဉ်​လိုက်​ရန် အကူအညီ

“အပြစ်​သွေးဆောင်​ရာ​သို့ မလိုက်​မပါ​စေ​ဘဲ၊ မကောင်းသော​အမှုအရာ [“ဆိုးယုတ်​သော​သူ၊” က​ဘ] မှ​လည်း ကယ်နုတ်​တော်​မူ​ပါ။” (မဿဲ ၆:၁၃) ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို အပြစ်​သွေးဆောင်​ရာ​သို့ လိုက်ပါ​သွား​စေ​သည်မဟုတ်၊ အပြစ်ပြု​မိ​စေ​သည်လည်း မဟုတ်ပါ။ ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်​က “မကောင်းသော​အရာ​သည် ဘုရားသခင်​ကို​မ​သွေးဆောင်​နိုင်ရာ။ ကိုယ်တော်​သည်လည်း အဘယ်သူကိုမျှ အပြစ်​သို့​သွေးဆောင်​တော်​မ​မူ” ဟု​ဆို​၏။ (ယာကုပ် ၁:၁၃) ဘုရားသခင်​သည် ကျွန်ုပ်​တို့ကို စမ်းသပ်ခံ​စေ​သော်လည်း သွေးဆောင်​သူကြီး၊ ‘ဆိုးယုတ်​သော​သူ’ စာတန်​လက်​မှ ကယ်လွှတ်​နိုင်​တော်​မူ​၏။

တမန်​တော်​ပေတရု​က ခရစ်ယာန်​ချင်း​များ​ကို ဤသို့​တိုက်တွန်း​ခဲ့​သည်– “[ကောင်းသော] သတိ​ရှိကြလော့။ သတိ​နှင့်​စောင့်နေ​ကြလော့။ သင်တို့၏​ရန်သူ​တည်း​ဟူသော [စာတန်] သည် ဟောက်​သော​ခြင်္သေ့​ကဲ့သို့ အဘယ်သူ​ကို​မျို​ရမည်​နည်း​ဟူ၍ လှည့်လည်​ရှာဖွေ​လျက်​ရှိ၏။” (၁ ပေတရု ၅:၈) စာတန်​သည် စုံလင်သော​လူသား ယေရှု​ခရစ်​ကို​ပင် စုံစမ်း​သွေးဆောင်​ခဲ့​သေး​သည်! စာတန်​၏​ပန်းတိုင်​ကား အဘယ်နည်း။ ယေဟောဝါ​ဘုရားသခင်​၏ စင်ကြယ်သော​ဝတ်ပြုရေး​မှ ယေရှု​ခရစ်​ကို သွေဖည်​သွား​စေဖို့​ဖြစ်သည်။ (မဿဲ ၄:၁-၁၁) ဘုရားသခင်​ကို​ဝတ်ပြုဖို့ သင်​ကြိုးစား​အားထုတ်​နေလျှင် သင့်ကိုလည်း ဝါးမျို​ရန် စာတန်​ပန်းတိုင်​ထား​ပါ​သည်!

စာတန်​၏​ထိန်းချုပ်မှု​အောက်​ရှိ ဤ​လောက​အားဖြင့် သူသည် ဘုရားသခင်​မနှစ်သက်​သော​အကျင့်​များ​ကို​ကျင့်​ရန် ကျွန်ုပ်​တို့အား သွေးဆောင်​ပေမည်။ (၁ ယောဟန် ၅:၁၉) ထို့​ကြောင့် ကျွန်ုပ်​တို့သည် အထူးသဖြင့် အမြဲ​သွေးဆောင်​ခံ​နေရ​လျှင် ဘုရားသခင်​ထံ​မှ အကူအညီ​ရ​ရန် မှန်မှန်​တောင်းဆို​ဖို့ အရေးကြီး​သည်။ ယေဟောဝါ​၏​မှုတ်သွင်းခံ နှုတ်မြွက်​စကားတော်၊ သမ္မာကျမ်းစာ​အတိုင်း ကိုယ်တော်​အား ဝတ်ပြု​ကြ​မည်​ဆိုလျှင် စာတန်​ကို​တွန်းလှန်​နိုင်​ရန် ကူညီ​ပေးခြင်း​အားဖြင့် ကျွန်ုပ်​တို့ကို ကိုယ်တော်​ကယ်နုတ်​တော်​မူ​လိမ့်​မည်။ သမ္မာကျမ်းစာ​က “ဘုရားသခင်​သည် သစ္စာ​နှင့်​ပြည့်စုံ​တော်​မူ​သည်​ဖြစ်၍၊ သင်တို့​မခံနိုင်​သော​စုံစမ်း​နှောင့်ယှက်ခြင်း​ကို သင်တို့၌​ရောက်​စိမ့်​သော​ငှာ အခွင့်ပေး​တော်​မ​မူ” ဟု​ဆို​၏။—၁ ကောရိန္သု ၁၀:၁၃

ဘုရားသခင်​အား​ယုံကြည်ခြင်း မရှိမဖြစ်

ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​သည် ကျွန်ုပ်​တို့​တစ်ဦးချင်း​စီ​ကို စိတ်ဝင်စား​တော်​မူ​ကြောင်း သိရ​ခြင်း​သည် နှလုံး​နွေးထွေး​စ​ရာ​ပင်! ကျွန်ုပ်​တို့ ဆုတောင်း​တတ်​ရန် သားတော်​ယေရှု​ခရစ်​ကို​ပင် ဆုတောင်းနည်း သင်ပေး​စေ​ခဲ့​သည်။ ယင်းက ယေဟောဝါ​ဘုရားသခင်​၏ စိတ်တော်နှင့်​တွေ့​လို​စိတ် အမှန်​ရှိစေပါ​သည်။ မည်သို့​ပြု​နိုင်​သနည်း။

သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “ယုံကြည်ခြင်း​မ​ရှိလျှင် ဘုရားသခင်​၏​စိတ်တော်နှင့်​မ​တွေ့​နိုင်။ အကြောင်း​မူ​ကား ဘုရားသခင့်​ထံ​တော်​သို့ ချဉ်းကပ်​သော​သူသည် ဘုရားသခင်​ရှိ​တော်​မူ​သည်ကို​လည်းကောင်း၊ ကိုယ်တော်​ကို ကြိုး​စား၍​ရှာ​သော​သူအား အကျိုးပေး​တော်​မူ​သည်ကို​လည်းကောင်း ယုံကြည်​ရမည်။” (ဟေဗြဲ ၁၁:၆သမ္မာ) ထိုသို့​သော​ယုံကြည်ခြင်း​မျိုးကို မည်သို့​ရနိုင်​သနည်း။ “ယုံကြည်ခြင်း​သည် ကြားနာ​ခြင်း​အားဖြင့်​ဖြစ်၏” ဟု​သမ္မာကျမ်းစာ​ဆို​၏။ (ရောမ ၁၀:၁၇) ယေဟောဝါသက်သေ​များသည် စစ်မှန်သော​ယုံကြည်ခြင်းဖြင့် ဘုရားသခင်​ကို​ဝတ်ပြုလို​သူအား​လုံး​နှင့် ကျမ်းစာ​အကြောင်း​ပြောဆို​လို​ကြသည်။

ဤသို့ သခင့်​ဆုတောင်းချက်​ကို ဆွေးနွေး​လိုက်​ကြ​ခြင်း​သည် ယင်း​၏​အဓိပ္ပာယ်​ကို ပိုမို​သိ​နားလည်စေ​မည်​ဟု မျှော်လင့်​ပါ​သည်။ ယေဟောဝါ​အကြောင်း​နှင့် “ကိုယ်တော်​ကို​ကြိုး​စား၍​ရှာ​သော​သူ” တို့အား ကိုယ်တော်​အကျိုးပေး​သည့်​အကြောင်း အသိပညာကို ထပ်ဆင့်​ဆည်းပူးခြင်း​အားဖြင့် ဘုရားသခင်​အပေါ် ယုံကြည်ခြင်း ပိုမို​ခိုင်ခံ့​မြဲမြံ​လာ​မည်။ သင်သည် ကောင်းကင်​ခမည်းတော်​နှင့် ထာဝစဉ် တရင်းတနှီး​ရှိနိုင်ဖို့ ကိုယ်တော်​နှင့် ကိုယ်တော့်​ရည်ရွယ်ချက်များ​အကြောင်း ပိုမို​သိရှိ​လာပါစေ။—ယောဟန် ၁၇:၃

[စာမျက်နှာ ၅ ပါ အကျဉ်း​ဖော်ပြချက်]

“ကောင်းကင်ဘုံ​၌​ရှိတော်မူသော အကျွန်ုပ်​တို့​အဘ၊ ကိုယ်တော်​၏​နာမတော်​အား ရိုသေ​လေးမြတ်ခြင်း​ရှိပါစေ​သော။ နိုင်ငံတော်​တည်ထောင်​ပါစေ​သော။ အလိုတော်သည် ကောင်းကင်ဘုံ​၌​ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ​ပြည့်စုံ​ပါစေ​သော။ အသက်မွေး​လောက်​သော​အစာကို အကျွန်ုပ်တို့အား ယနေ့ ပေးသနား​တော်​မူ​ပါ။ သူတစ်ပါး​သည် အကျွန်ုပ်​တို့ကို ပြစ်မှား​သော​အပြစ်​များ​ကို အကျွန်ုပ်​တို့သည် လွှတ်​သကဲ့သို့ အကျွန်ုပ်​တို့၏​အပြစ်​များ​ကို လွှတ်တော်​မူ​ပါ။ အပြစ်​သွေးဆောင်​ရာ​သို့ မလိုက်​မပါ​စေ​ဘဲ၊ မကောင်းသော​အမှုအရာ​မှ​လည်း ကယ်နုတ်​တော်​မူ​ပါ။”—မဿဲ ၆:၉-၁၃

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် မိမိ​အား ချစ်​မြတ်နိုးသူ​တို့၏​လိုအပ်ရာ​များ​ကို ပေးသနား

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့ စာတန်​ကို​တွန်းလှန်​နိုင်​ဖို့​လည်း ဘုရားသခင်​ကူညီ​ပေး

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့အား ပြစ်မှားသူ​တို့ကို ယောဘ​ကဲ့သို့ ခွင့်လွှတ်​ကြ​မည်​ဆိုလျှင် ကျွန်ုပ်​တို့ကို ဘုရားသခင်​သက်ညှာမှု​ပြ​ပါ​မည်