မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘သခင်ဘုရားအားဖြင့် ခိုင်ခံ့ခြင်းရှိကြလော့’

‘သခင်ဘုရားအားဖြင့် ခိုင်ခံ့ခြင်းရှိကြလော့’

‘သခင်​ဘုရား​အားဖြင့် ခိုင်ခံ့ခြင်း​ရှိကြလော့’

“သခင်​ဘုရား​အားဖြင့်လည်း​ကောင်း၊ တန်ခိုးတော်​အရှိန်​အားဖြင့်လည်း​ကောင်း ခိုင်ခံ့ခြင်း​ရှိကြလော့။”—ဧဖက် ၆:၁၀

၁။ (က) လွန်ခဲ့သော​အနှစ် ၃,၀၀၀ ခန့်​က အဘယ်​ထူးဆန်း​ဖွယ်​တိုက်ပွဲ ဖြစ်​ခဲ့​သနည်း။ (ခ) ဒါဝိဒ်​သည် အဘယ်ကြောင့် အနိုင်​ရရှိခဲ့​သနည်း။

လွန်ခဲ့သော​အနှစ် ၃,၀၀၀ ခန့်​က စစ်​မြေပြင်​တွင် ရန်သူ​စစ်တပ်​နှစ်​တပ်​ကြား​၌ ယှဉ်ပြိုင်​သူ​နှစ်ဦး မျက်နှာ​ချင်း​ဆိုင် ရပ်​လျက်​ရှိ၏။ လူငယ်​မှာ ဒါဝိဒ်​အမည်​ရှိ သိုး​ကျောင်းသား​လေး​ဖြစ်သည်။ သူ၏​ရှေ့တွင် သူ​မတူ​သည့်​ခွန်အား၊ အရပ်အမောင်း​ရှိသူ ဂေါလျတ် ရပ်နေ​၏။ သူ၏​သံချပ်​အင်္ကျီ​သည် ၁၂၅ ပေါင်​ခန့်​လေး​ပြီး ဧရာမ​လှံတံ​နှင့် ဓား​ကြီး​တို့ကို ကိုင်ဆောင်​ထား​သည်။ ဒါဝိဒ်​မှာ​မူ သံချပ်​အင်္ကျီ​ဝတ်​မထား၊ သူ၏​တစ်ခု​တည်း​သော လက်နက်​မှာ လောက်​လွှဲ​ဖြစ်၏။ ဣသရေလလူ​ငယ်​က မိမိကို​စိန်ခေါ်​သည့်​အတွက် မထီလေးစား​ပြု​ခံရ​သည်​ဟု ဖိလိတ္တိ​လူ့​ဘီလူးကြီး​ဂေါလျတ် ယူမှတ်​၏။ (၁ ဓမ္မ​ရာဇဝင် ၁၇:၄၂-၄၄) နှစ်ဖက်​ရှုစား​နေသူတို့​သည် အနိုင်​အရှုံး​ကို ကြို​တွက်​ထား​ပုံ​ရသည်။ သို့သော် ခွန်အား​ကြီး​တိုင်း တိုက်ပွဲ​တွင် အမြဲ​အနိုင်​ရမည်​မဟုတ်။ (ဒေ. ၉:၁၁) ယေဟောဝါ​၏​ခွန်အား​ဖြင့် ဒါဝိဒ် တိုက်ပွဲ​အောင်​ခဲ့​သည်။ ထို့​ကြောင့် သူက ‘ယေဟောဝါ​သည် စစ်မှု​ကို​ပိုင်’ ၏​ဟု ပြောဆို​ခဲ့​သည်။ “ဒါဝိဒ်​သည် . . . လောက်​လွှဲ​နှင့် ကျောက်​တစ်လုံး​အားဖြင့် ဖိလိတ္တိ​လူကို​နိုင်” လေ​၏​ဟု သမ္မာကျမ်းစာ​မှတ်တမ်းက ဖော်ပြ​သည်။—၁ ဓမ္မ​ရာဇဝင် ၁၇:၄၇၊ ၅၀သ​မ။

၂။ ခရစ်ယာန်​များသည် အဘယ်​တိုက်ပွဲ​တွင် ပါဝင်​ဆင်နွှဲ​နေကြ​သနည်း။

ခရစ်ယာန်​များသည် ပကတိ​စစ်ပွဲ​တွင် မပါဝင်​ကြ​ချေ။ သူတို့သည် လူအပေါင်း​နှင့် အသင့်အတင့်​ရှိကြ​သော်လည်း အလွန်​တန်ခိုး​ကြီးမား​သည့် ရန်သူများ​နှင့် ဝိညာဉ်​ရေး​တိုက်ပွဲ ဆင်နွှဲ​လျက်​ရှိကြ​၏။ (ရောမ ၁၂:၁၈) ဧဖက်​မြို့ရှိ ခရစ်ယာန်​များ​ထံ ပေါလု​ရေးခဲ့​သော​စာ​၏ နောက်ဆုံး​အခန်းကြီး​တွင် ခရစ်ယာန်​တိုင်း ပါဝင်​ဆင်နွှဲ​မည့် စစ်ပွဲ​အကြောင်း ဖော်ပြ​ထား​သည်။ သူ​ဤသို့​ရေးခဲ့​သည်– “ငါ​တို့သည် အသွေးအသား​ရှိသော ရန်သူ​တို့​နှင့် ဆိုင်ပြိုင်​တိုက်လှန်​ရ​ကြသည်​မဟုတ်။ အထွတ်အမြတ်​တို့​နှင့်​လည်းကောင်း၊ အာဏာစက်​တို့​နှင့်​လည်းကောင်း၊ လော[က]မှောင်မိုက်​၌ အစိုးတရ​ပြုလုပ်​သော မင်းတို့​နှင့်​လည်းကောင်း၊ မိုးကောင်းကင်​၌​နေသော နတ်ဆိုး​တို့​နှင့်​လည်းကောင်း ဆိုင်ပြိုင်​တိုက်လှန် [“နပန်း​သတ်၊” က​ဘ] ရ​ကြ​၏။”—ဧဖက် ၆:၁၂

၃။ ဧဖက် ၆:၁၀ အရ ကျွန်ုပ်​တို့​အနိုင်​ရရှိရန် အဘယ်အရာ​လုပ်ဆောင်ဖို့​လို​သနည်း။

အဆိုပါ “နတ်ဆိုး​တို့” မှာ​စာတန်​နှင့် သူ၏​အပေါင်းပါ နတ်ဆိုး​များ​ဖြစ်​ကြ​ပြီး သူတို့သည် ယေဟောဝါ​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ကို ဖျက်ဆီး​လို​ကြ​၏။ သူတို့သည် ကျွန်ုပ်​တို့​ထက် ပို​၍​ခွန်အား​ကြီးမားသော​ကြောင့် ကျွန်ုပ်​တို့၏​အခြေအနေ​သည် ဒါဝိဒ်​အဖြစ်​နှင့်​ဆင်တူ​၏၊ ဘုရားသခင်​၏​ခွန်အား​ကို ကျွန်ုပ်​တို့အား​မကိုး​လျှင် အနိုင်​ရမည်​မဟုတ်​ချေ။ မှန်ပါသည်၊ ပေါလု​က ကျွန်ုပ်​တို့ကို ဤသို့​တိုက်တွန်း​၏– “သခင်​ဘုရား​အားဖြင့်လည်း​ကောင်း၊ တန်ခိုးတော်​အရှိန်​အားဖြင့်လည်း​ကောင်း ခိုင်ခံ့ခြင်း​ရှိကြလော့။” (ဧဖက် ၆:၁၀) တမန်​တော်​သည် ထိုသို့​ဆုံးမ​ပြီး​နောက် ကျွန်ုပ်​တို့ အောင်ပွဲ​ဆင်​နိုင်​ရန် ဝိညာဉ်​ရေး​ပြင်ဆင်​ပေး​ချက်​များနှင့် ခရစ်ယာန်​အရည်အသွေးများ​ကို ဖော်ပြ​၏။—ဧဖက် ၆:၁၁-၁၇

၄။ ဤ​ဆောင်းပါး​တွင် အဘယ်​အဓိက​အချက်​နှစ်ချက်​ကို သုံးသပ်​မည်​နည်း။

ကျွန်ုပ်​တို့​ရန်သူ​၏ အားသာချက်​များ၊ နည်း​ဗျူဟာ​များ​အကြောင်း ကျမ်းစာ​ဆို​ထား​ရာ​ကို ယခု ဆန်းစစ်​ကြည့်​ကြ​စို့။ ထို့နောက် ကျွန်ုပ်​တို့​ကိုယ်ကို ခုခံ​ကာကွယ်​နိုင်​မည့်​နည်းကို သုံးသပ်ကြ​မည်။ ယေဟောဝါ​၏​ညွှန်ကြားချက်​များ​ကို ကျွန်ုပ်​တို့ လိုက်နာမည်​ဆိုလျှင် ကျွန်ုပ်​တို့၏​ရန်သူများ ရှုံးနိမ့်​မည်​ဖြစ်​ကြောင်း ယုံကြည်​စိတ်ချ​နိုင်၏။

နတ်ဆိုး​တို့​နှင့် နပန်း​သတ်​ပွဲ

၅။ ဧဖက် ၆:၁၂ တွင် ‘နပန်း​သတ်​ခြင်း’ ဟူသော​စကားလုံး​ကို အသုံးပြု​ထား​ပုံ​က စာတန်​၏​နည်း​ဗျူဟာ​ကို မည်သို့​သိမြင်​စေ​သနည်း။

ကျွန်ုပ်​တို့သည် “မိုးကောင်းကင်​၌​နေသော နတ်ဆိုး​တို့​နှင့် . . . ဆိုင်ပြိုင်​တိုက်လှန် [“နပန်း​သတ်၊” က​ဘ] ရ​ကြ​၏” ဟု​ပေါလု​ရှင်းပြသည်။ နတ်ဆိုး​ခေါင်းဆောင်​မှာ “နတ်ဆိုး​မင်း” စာတန်​ပင်​ဖြစ်၏။ (မဿဲ ၁၂:၂၄-၂၆) သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့၏​တိုက်ပွဲ​ကို “နပန်း​သတ်​ခြင်း၊” သို့​မဟုတ် အနီးကပ်​ထိုး​သတ်​ပွဲ​အဖြစ် သရုပ်ဖော်​ထား​သည်။ ရှေးခေတ်​ဂရိ​လူမျိုး၏​နပန်း​သတ်​ပွဲ​များ​တွင် ပါဝင်​ယှဉ်ပြိုင်​သူ​တိုင်း​သည် သူ၏​ပြိုင်ဘက်​ကို ဟန်ချက်​ပျက်​စေ​ကာ လှဲချ​ရန် ကြိုးစား​ကြသည်။ ထို​နည်းတူ​စွာ စာတန်​သည် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေးဟန်​ချက်​ကို ပျက်​သွား​စေ​လို​၏။ သူသည် ကျွန်ုပ်​တို့၏​ဟန်ချက်​ကို မည်သို့​ပျက်​စေနိုင်​သနည်း။

၆။ ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း ပျက်ပြား​သွားစေရန် နည်း​ဗျူဟာ​အမျိုးမျိုးကို စာတန် မည်သို့​အသုံးပြုနိုင်​ကြောင်း သမ္မာကျမ်းစာ​မှ ဖော်ပြ​ပါ။

စာတန်​သည် မြွေ၊ ဟောက်​သော​ခြင်္သေ့၊ သို့​မဟုတ် လင်း​သော​ကောင်းကင်တမန်​ကဲ့သို့​ပင် ပြုမူ​တတ်​ပေ​၏။ (၂ ကောရိန္သု ၁၁:၃၊ ၁၄; ၁ ပေတရု ၅:၈) ကျွန်ုပ်​တို့ကို ညှဉ်းပန်း​နှိပ်စက်​ရန်၊ စိတ်ဓာတ်ကျ​စေရန် လူသား​ကိုယ်စားလှယ်​များ​ကို သူ​အသုံးပြုနိုင်​၏။ (ဗျာ. ၂:၁၀) တစ်လောက​လုံး​ကို စာတန် အသုံးပြုနိုင်​သောကြောင့် ကျွန်ုပ်​တို့ကို ထောင်ချောက်​ဆင်​ရန် လောက​၏​မက်မော​ဖွယ်​ရာ၊ ဆွဲဆောင်မှု​များ​ကို အပြည့်အဝ​အသုံးချ​နိုင်၏။ (၂ တိမောသေ ၂:၂၆; ၁ ယောဟန် ၂:၁၆; ၅:၁၉) ဧဝ​ကို​လှည့်စား​သကဲ့သို့ ဤ​လောက သို့​မဟုတ် အယူဖောက်ပြန်​သော အတွေးအခေါ်ကို အသုံးပြု၍ ကျွန်ုပ်​တို့ကို​လှည့်စား​နိုင်၏။—၁ တိမောသေ ၂:၁၄

၇။ နတ်ဆိုး​များ​တွင် အဘယ်​ကန့်သတ်မှု​များ ရှိ​သနည်း၊ ကျွန်ုပ်​တို့​တွင်​မူ အဘယ်​သာလွန်​ချက်​များ ရှိ​သနည်း။

စာတန်​နှင့် နတ်ဆိုး​တို့၏ လက်နက်များ​နှင့် တန်ခိုး​သည် ကြီးမား​ပုံ​ရ​သော်လည်း အကန့်အသတ်​ရှိ၏။ ဤ​နတ်ဆိုး​များသည် ကောင်းကင်​ခမည်းတော် မနှစ်သက်​သည့် မကောင်းမှု​များ​ကို လုပ်ဆောင်​စေရန် ကျွန်ုပ်​တို့အား အတင်းအကျပ်​မ​စေခိုင်း​နိုင်​ချေ။ ကျွန်ုပ်​တို့​တွင် လွတ်လပ်​စွာ ရွေးချယ်ပိုင်ခွင့်​ရှိပြီး ကျွန်ုပ်​တို့၏​အတွေးအခေါ်​များနှင့် အပြု​အမူ​များ​ကို ချုပ်ထိန်း​နိုင်​သည်။ ထို့​ပြင် ကျွန်ုပ်​တို့ တစ်ကိုယ်တော် တိုက်ပွဲဝင်​နေသည်​မဟုတ်။ ဧလိရှဲ​ခေတ်​က​ကဲ့သို့​ပင် ကျွန်ုပ်​တို့​ခေတ်တွင်​လည်း ဤ​အတိုင်း​ဖြစ်၏– “ငါ​တို့​ဘက်၌​နေသော​သူတို့သည် ရန်သူ​တို့​ဘက်၌​နေသော​သူတို့ထက် သာ၍​များ​ကြသည်။” (၄ ဓမ္မ​ရာဇဝင် ၆:၁၆) ဘုရားသခင်​၏​အလိုတော်ကို​လိုက်ပြီး စာတန်​ကို ဆီးတား​မည်​ဆိုလျှင် ကျွန်ုပ်​တို့​ထံ​မှ စာတန် ထွက်ပြေး​သွား​လိမ့်​မည်​ဟု သမ္မာကျမ်းစာ​က စိတ်ချ​စေ​သည်။—ယာကုပ် ၄:၇

စာတန်​၏​အကြံအစည်​များ​ကို သိရှိ​ထား

၈၊ ၉။ စာတန်​သည် ယောဘ​၏​သမာဓိကို​ချိုးဖျက်​ရန် အဘယ်​စမ်းသပ်မှု​များ ကျရောက်​စေ​ခဲ့​သနည်း၊ ယနေ့ အဘယ်​ဝိညာဉ်​ရေး​အန္တရာယ်များ​ကို ကြုံတွေ့​နေရ​ကြ​သနည်း။

သမ္မာကျမ်းစာ​က စာတန်​၏​အခြေခံ​နည်း​ဗျူဟာ​များ​ကို ဖော်ပြ​ထားသော​ကြောင့် သူ၏​အကြံအစည်​များ​ကို ကျွန်ုပ်​တို့​သိထားကြ​၏။ (၂ ကောရိန္သု ၂:၁၁) ဖြောင့်မတ်​သော​ယောဘ​ကို စာတန် တိုက်ခိုက်​ချိန်​တွင် စီးပွားရေး​ပြဿနာ​များ၊ ချစ်​မြတ်နိုး​ရသူ​များ​သေဆုံး​ခြင်း၊ မိသားစု​အတိုက်အခံ၊ ကျန်းမာ​ရေး​နှင့် မိတ်ဆွေ​အတုအယောင်​များ​၏ အခြေအမြစ်​မရှိ ပြစ်တင်​ဝေဖန်ခြင်း​ကို အသုံးပြု​ခဲ့​သည်။ ယောဘသည် စိတ်ပျက်​အားငယ်​လာပြီး မိမိကို ဘုရားသခင်​စွန့်ပစ်​ပြီ​ဟု ခံစား​မိ​လေ​သည်။ (ယောဘ ၁၀:၁၊ ၂) ယနေ့ စာတန်​သည် အဆိုပါ​အခက်အခဲ​များ​ကို တိုက်ရိုက်​ဖြစ်ပေါ်​စေမည်​မဟုတ်သော်လည်း ထိုသို့​သော​အကျပ်အတည်း​များ​ကို ခရစ်ယာန်​များစွာ ခံစား​နေကြ​ရပြီး ၎င်းတို့ကို စာတန်​အသုံးချ​နိုင်​သည်။

ဤ​ဆုံးခန်း​ချိန်​တွင် ဝိညာဉ်​ရေး​အန္တရာယ်များ တစ်ဟုန်ထိုး တိုးများ​လာ​ခဲ့ပြီ။ ဝိညာဉ်​ရေး​ပန်းတိုင်​များ​အစား ရုပ်ပစ္စည်း​ကို​ဦးစား​ထား​သည့် လောကတွင် ကျွန်ုပ်​တို့​နေထိုင်ကြ​ရ၏။ တရား​မဝင်​လိင်ဆက်ဆံခြင်း​သည် စိတ်​ဆင်းရဲ​စေ​မည့်​အစား ပျော်ရွှင်စရာ​ပင်​ဖြစ်သည်ဟု သတင်း​မီဒီယာ​က တရ​စပ်​ထုတ်လွှင့်​လျက်​ရှိ၏။ လူအများသည် “ဘုရားသခင်​ကို​နှစ်သက်​သည်ထက် ကာ​မ​ဂုဏ်​ခံစားခြင်း​ကို သာ၍​နှစ်သက်” သူများ​ဖြစ်လာ​ကြပြီ။ (၂ တိမောသေ ၃:၁-၅) ကျွန်ုပ်​တို့သည် ‘ယုံကြည်ခြင်း​တရား​ဘက်မှာ ကြိုး​စား၍​တိုက်လှန်’ မနေ​ပါ​က ဤသို့​သော​စဉ်းစား​တွေးခေါ်​ခြင်း​မျိုး​သည် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေးဟန်​ချက်​ကို ပျက်ပြား​သွား​စေနိုင်​၏။—ယုဒ ၃

၁၀-၁၂။ (က) မျိုးကြဲခြင်း​ပုံ​ဥပမာ​တွင် ယေရှု၏​သတိပေး​ချက်​တစ်ခု​ကား အဘယ်နည်း။ (ခ) ဝိညာဉ်​ရေးရာ​လုပ်ငန်းများ မည်သို့​ထိခိုက်​သွား​နိုင်​ကြောင်း ဥပမာ​ပေး​ပါ။

၁၀ စာတန်​၏​အအောင်မြင်ဆုံး​နည်း​ဗျူဟာ​တစ်ခု​မှာ ဤ​လောက​နှင့် စည်းစိမ်ဥစ္စာ​ရှာဖွေရေး​တွင် ကျွန်ုပ်​တို့ကို အလုပ်​များနေ​စေခြင်း​ဖြစ်သည်။ မျိုးကြဲခြင်း​ပုံ​ဥပမာ​၌ ယေရှု​က “လောကီ​အမှု၌​စိုးရိမ်ခြင်း​နှင့် စည်းစိမ်ဥစ္စာ​၏​လှည့်စားခြင်း​သည် တရား [ဘုရားသခင့်​နိုင်ငံတော်​သတင်း] စကား​ကို လွှမ်းမိုး​ညှဉ်းဆဲ [“ပိတ်ဆို့၊” က​ဘ] တတ်” သည်​ဟု သတိပေး​ခဲ့​သည်။ (မဿဲ ၁၃:၁၈၊ ၂၂) ဤ​တွင် “ပိတ်ဆို့” သည်​ဟု ပြန်ဆို​ထားသော ဂရိ​စကားလုံး​သည် “လည်မျို​ညှစ်​ပစ်​သည်” ဟု​အဓိပ္ပာယ်​ရသည်။

၁၁ အပူပိုင်း​သစ်တော​များ​တွင် သင်္ဘောသဖန်း​နွယ်ပင်​ကို တွေ့ရှိ​ရ​ပေမည်။ ဤ​နွယ်ပင်​သည် အပင်​တစ်ပင်​၏​ပင်စည်​ကို မှီ​ပြီး ရစ်ပတ်​၍ တဖြည်းဖြည်း​ကြီးထွား​လာ​တတ်၏။ သို့​နှင့် ထို​နွယ်ပင်​၏​အမြစ်များ​သည် သန်မာ​သည်ထက်​သန်မာ​လာ​ရာ ၎င်း​မှီခို​သည့်​အပင်ကို ရစ်ပတ်​တွယ်တက်​သွားလေသည်။ ဤ​သင်္ဘောသဖန်း​နွယ်ပင်​၏ အမြစ်များ​စွာ​သည် နောက်ဆုံး​တွင် အပင်​၏​အောက်ခြေ မြေဆီလွှာ​ရှိ အာဟာရဓာတ်​အများစုကို စုပ်ယူ​ပြီး ကြီးထွား​အုပ်​ဆိုင်း​လာ​ရာ အပင်ကို လောင်းရိပ်​မိ​စေ​သည်။ နောက်ဆုံး​တွင် ထို​အပင် သေသွား​လေ​သည်။

၁၂ ထို​နည်းတူ​စွာ၊ ဤ​လောက​ရေးရာ စိုးရိမ်​ပူပန်မှု​များနှင့် ကြီးပွား​ချမ်းသာ​သည့် သက်သောင့်သက်သာ​ဘဝ​ပုံစံ​ရရှိ​ရေး​အတွက် ကျွန်ုပ်​တို့၏​အချိန်​နှင့် ခွန်အား​ကို အပြည့်အဝ​အသုံးပြု​နေနိုင်​သည်။ လောက​ရေးရာ​များ​ဘက် အာရုံပြောင်း​သွား​သဖြင့် ကိုယ်ပိုင်​ကျမ်းစာ​လေ့လာခြင်း​နှင့် ခရစ်ယာန်​အစည်းအဝေး​များ တက်ရောက်ခြင်း​တို့ကို လွယ်လွယ်​နှင့်​ဥပေက္ခာပြု​မိ​သွား​နိုင်​သည်၊ သို့ဖြင့် ဝိညာဉ်​ရေး​အာဟာရဓာတ် ချို့တဲ့​သွားပေ​မည်။ ထို​အခါ ဝိညာဉ်ရေးတွင် အလုပ်​များနေ​မည့်​အစား ပစ္စည်းဥစ္စာ​စုဆောင်း​လာ​ရာ နောက်ဆုံး​တွင် အလွယ်တကူ​ပင် စာတန်​၏​သားကောင် ဖြစ်သွား​လေ​သည်။

ကျွန်ုပ်​တို့ ခံရပ်​နိုင်​ဖို့​လို

၁၃၊ ၁၄။ စာတန်​တိုက်ခိုက်​သည့်​အခါ မည်သို့​ရပ်တည်​ဖို့​လို​သနည်း။

၁၃ ပေါလု​က ယုံကြည်သူချင်း​များ​အား ‘စာတန်​၏​ပရိယာယ်​များ​ကို ခံရပ်​နိုင်’ ဖို့​တိုက်တွန်း​ခဲ့​သည်။ (ဧဖက် ၆:၁၁) စာတန်​နှင့် သူ၏​နတ်ဆိုး​များ​ကို ကျွန်ုပ်​တို့ မဖျက်ဆီး​နိုင်​သည်​မှာ မှန်​၏။ ဘုရားသခင်​သည် ထို​တာဝန်​ကို ယေရှု​ခရစ်​အား အပ်နှင်း​ထား​သည်။ (ဗျာ. ၂၀:၁၊ ၂) သို့သော် စာတန်​ကို မဖျက်ဆီး​မချင်း သူ၏​တိုက်ခိုက်မှု​များ​ကြောင့် ကျွန်ုပ်​တို့ ရှုံးနိမ့်​မသွား​စေရန် ‘ခံရပ်​နိုင်’ ကြ​ရမည်။

၁၄ စာတန်​ကို ကျွန်ုပ်​တို့​ခံရပ်​ဖို့​လို​ကြောင်း တမန်​တော်​ပေတရု​က​လည်း အလေးပေး​ဖော်ပြ​သည်။ ပေတရု​ဤသို့​ရေးသားခဲ့​သည်– ‘ကောင်းသော​သတိရှိ​လျက် မ​အိပ်​ဘဲ​စောင့်နေ​ကြလော့။ သင်တို့၏​ရန်သူ​တည်း​ဟူသော စာတန်​သည် ဟောက်​သော​ခြင်္သေ့​ကဲ့သို့ အဘယ်သူ​ကို​မျို​ရမည်​နည်း​ဟူ၍ လှည့်လည်​ရှာဖွေ​လျက်​ရှိ၏။ သို့​ဖြစ်၍ လူ​ပြည်​အရပ်ရပ်​တို့​၌​ရှိသော သင်တို့​ညီအစ်ကို​များ​တို့သည် ထိုသို့​သော​ဆင်းရဲ​ကို​ခံရ​ကြသည်​ဟု သိမှတ်​လျက် ယုံကြည်ခြင်း၌​တည်​၍ စာတန်​ကို​ဆီးတား​ကြလော့။’ (၁ ပေတရု ၅:၈၊ ၉) အမှန်​မှာ ဟောက်​သော​ခြင်္သေ့​ကဲ့သို့ စာတန်​တိုက်ခိုက်​သောအခါ ကျွန်ုပ်​တို့​ခံရပ်​နိုင်​ဖို့ ဝိညာဉ်​ရေး​ညီအစ်ကို၊ ညီအစ်မ​များ​၏ ထောက်မမှု​သည် အရေးကြီး​၏။

၁၅၊ ၁၆။ ယုံကြည်သူချင်း​များ​၏ ကူညီ​ပေး​မှု​သည် ကျွန်ုပ်​တို့ ခံရပ်​ရန် မည်သို့​ထောက်​မပေးနိုင်​ကြောင်း ဖော်ပြ​သည့် ကျမ်းစာ​ဆိုင်ရာ​ပုံသက်သေ​တစ်ခု​ကို တင်ပြ​ပါ။

၁၅ အာဖရိက​လွင်ပြင် အနီးတစ်ဝိုက်​ရှိ ခြင်္သေ့​တစ်ကောင် ဟိန်းဟောက်​လိုက်​သောအခါ သမင်​ဒ​ရ​ယ်​များသည် ဘေးလွတ်​ရာ​သို့ အမြန်ဆုံး​ထွက်ပြေး​ကြ​၏။ ဆင်​များ​မှာ​မူ အပြန်အလှန်​ထောက်​မပေး​တတ်ကြ​သည်။ အာဖရိက​နှင့် အာရှ​မှ ညင်သာ​သော​ဧရာမ​ဆင်ကြီး​များ စာအုပ်​က ဤသို့​ရှင်းပြသည်– “အပူပိုင်း​ဒေသ​ရှိ ဆင်​အုပ်​များ​၏ ခုခံ​ကာကွယ်​နည်း​မှာ ဆင်ကြီး​များသည် ရန်သူကို​ရင်ဆိုင်​ရန် အပြင်​သို့​မျက်နှာ​ပြု​၍ ချက်ချင်း​ဝိုင်း​ရပ်​လိုက်​၏၊ ဆင်​ကလေး​များ​ကို အတွင်း​၌ ကာကွယ်​ထား​ကြသည်။” ဆင်​များသည် ဤမျှ​စည်းလုံး​၍ ခွန်အား​ပြ​ကြ​ခြင်း​ကြောင့် ဆင်​ငယ်​များ​ကို​ပင် ခြင်္သေ့​များ မ​တိုက်​ဝံ့​ကြ​ချေ။

၁၆ စာတန်​နှင့် သူ၏​နတ်ဆိုး​များ တိုက်ခိုက်​ခြိမ်းခြောက်​သည့်​အခါ ကျွန်ုပ်​တို့သည်​လည်း ယုံကြည်ခြင်း​ခိုင်ခံ့​သည့် ညီအစ်ကို​များနှင့် ပခုံး​ချင်း​ယှဉ်​၍ အတူတကွ​ရှိနေ​ဖို့​လို​၏။ ရောမမြို့​တွင် ပေါလု​အကျဉ်း​ချ​ခံ​ခဲ့​ရ​စဉ် ခရစ်ယာန်​ချင်း​အချို့​ကြောင့် သူ၏​စိတ် “သက်သာ” ခဲ့​ကြောင်း ဝန်ခံ​သည်။ (ကောလောသဲ ၄:၁၀၊ ၁၁) ‘စိတ်သက်သာ​မှု​ရရှိ’ သည်​ဟူ၍ ပြန်ဆို​ထားသော ဂရိ​စကားလုံး​ကို ခရစ်ယာန်​ဂရိ​ကျမ်းစာ​တွင် တစ်ကြိမ်​သာ တွေ့ရှိ​ရ၏။ ဗိုင်း​၏​ဓမ္မသစ်​ကျမ်း​စကားလုံး​များ​ဆိုင်ရာ ရှင်းလင်း​ဖော်ပြချက်​အဘိဓာန် အရ “ဤ​စကားလုံး​၏​ကြိယာ​ပုံစံ​မှာ စိတ်​အနှောင့်အယှက်​ဖြစ်မှု​ကို လျော့နည်း​သွား​စေသည့် ဆေးဝါး​များ​ဟု အဓိပ္ပာယ်​သက်ရောက်​သည်။” ဝေဒနာ​သက်သာ​စေသည့် လိမ်းဆေး​ကဲ့သို့ ယေဟောဝါ​အား ဝတ်ပြု​သည့် ရင့်ကျက်သူများ​၏ ထောက်မ​ကူညီ​ပေး​မှု​သည် စိတ်ဓာတ်​ရေး၊ ကာယရေး​ဝေဒနာ​ကြောင့် ဖြစ်ပေါ်​လာ​သည့် နာကျင်မှုကို သက်သာ​စေနိုင်​သည်။

၁၇။ အဘယ်အရာက ဘုရားသခင်​ကို တည်ကြည်မှု​ရှိစေ​နိုင်​သနည်း။

၁၇ ယနေ့ ခရစ်ယာန်​ချင်း​များ​၏ အားပေးမှု​သည် ဘုရားသခင်​အား တည်ကြည်​စွာ ဝတ်ပြု​ကိုးကွယ်​မည်​ဟူသော ဆုံးဖြတ်ချက်​ကို ခိုင်မာ​စေနိုင်​သည်။ အထူးသဖြင့် ခရစ်ယာန်​အကြီးအကဲ​များသည် ဝိညာဉ်ရေးတွင် အကူအညီ​ပေး​ရန် စိတ်အား​ထက်သန်​ကြသည်။ (ယာကုပ် ၅:၁၃-၁၅) ကျမ်းစာ​ကို မှန်မှန်​လေ့လာခြင်း​နှင့် ခရစ်ယာန်​အစည်းအဝေး​များ၊ စည်းဝေးပွဲ​များ၊ စည်းဝေးကြီး​များ​ကို တက်ရောက်ခြင်း​တို့သည် တည်ကြည်​နိုင်​ဖို့ အထောက်အကူ​ပြု​သည်။ ကျွန်ုပ်​တို့​ကိုယ်တိုင် ဘုရားသခင်​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိပါက ကိုယ်တော့်​အပေါ် သစ္စာရှိ​စေ​သည်။ မှန်ပါသည်၊ ကျွန်ုပ်​တို့သည် စား​သော်လည်း​ကောင်း၊ သောက်​သော်လည်း​ကောင်း၊ မည်သည့်​အမှုကိုပြု​သော်လည်း​ကောင်း ဘုရားသခင်​၏​ဘုန်းတော်​ကို​ထောက်၍ ခပ်သိမ်း​သော​အမှုကို ပြုလုပ်​လို​သင့်​သည်။ (၁ ကောရိန္သု ၁၀:၃၁) ယေဟောဝါ​၏​အလိုတော်နှင့်​တွေ့​သည့် လမ်းစဉ်​ပေါ် ဆက်လျှောက်​လှမ်း​နေ​ရန် ယေဟောဝါ​ကို ဆုတောင်း၍ မှီခို​အားထားခြင်း​သည် အလွန်​အရေးကြီး​၏။—ဆာလံ ၃၇:၅

၁၈။ စိတ်​ဆင်းရဲ​စ​ရာ​အခြေအနေ​များ​က ခွန်အား​ယုတ်လျော့သွား​စေ​လျှင်​ပင် အဘယ်ကြောင့် လက်မလျှော့​သင့်​သနည်း။

၁၈ တစ်ခါတစ်ရံ ကျွန်ုပ်​တို့ ဝိညာဉ်​ရေး​အားနည်းနေ​ချိန်​တွင် စာတန်​လာ​တိုက်ခိုက်​နိုင်​သည်။ ခြင်္သေ့​သည် ချည့်နဲ့​သည့်​တိရစ္ဆာန်​ကို ခုန်အုပ်​တတ်၏။ မိသားစု​ပြဿနာ​များ၊ စီးပွားရေး​အကျပ်အတည်း၊ သို့​မဟုတ် ဖျားနာ​မှု​တို့​ကြောင့် ကျွန်ုပ်​တို့၏​ဝိညာဉ်​ခွန်အား နည်း​နေနိုင်​သည်။ သို့သော် ပေါလု​က “ငါသည် အားနည်း​သောအခါ တန်ခိုး​နှင့်​ပြည့်စုံ​လျက်​ရှိ၏” ဟု​ဆို​ထား​ရာ ဘုရားသခင်​ကြိုက်​နှစ်သက်ရာကို ဆက်​ပြုလုပ်​ကြ​စို့။ (၂ ကောရိန္သု ၁၂:၁၀; ဂလာတိ ၆:၉; ၂ သက်သာလောနိတ် ၃:၁၃) အဘယ်အရာကို သူ​ဆိုလို​သနည်း။ ကျွန်ုပ်​တို့သည် ယေဟောဝါ​ထံ ခွန်အား​တောင်းခံ​မည်​ဆိုလျှင် ကျွန်ုပ်​တို့အား​နည်း​သော်လည်း ဘုရားသခင်​၏​တန်ခိုးတော်​ဖြင့် တတ်နိုင်​မည်​ဖြစ်သည်ဟု ဆိုလိုခြင်း​ဖြစ်၏။ ဂေါလျတ်​ကို ဒါဝိဒ်​အနိုင်​ရရှိခဲ့​ခြင်း​က မိမိ၏​လူမျိုးတော်ကို ဘုရားသခင်​ခွန်​အားပေးနိုင်​ကြောင်း ဖော်ပြ​၏။ မျက်မှောက်ခေတ် ယေဟောဝါသက်သေ​များသည် အလွန်အမင်း​ကျပ်တည်း​ချိန်​တွင် ဘုရားသခင်​၏​အား​ကြီးသော​လက်ရုံး​မှ ခွန်အား​ရ​ကြောင်း ခံစား​ကြ​ရသည်။—ဒံယေလ ၁၀:၁၉

၁၉။ ယေဟောဝါ​သည် ကိုယ်တော်​၏​ကျေးကျွန်​များ​ကို မည်သို့​ခွန်​အားပေးနိုင်​ကြောင်း ဖော်ပြ​သည့် ဥပမာတစ်ခု​ပေး​ပါ။

၁၉ ဘုရားသခင်​ထံ​တော်​မှ​ရရှိသော ထောက်မမှု​နှင့်​စပ်လျဉ်း၍ ဇနီး​မောင်နှံ​တစ်စုံ​က ဤသို့​စာရေး​အကြောင်းကြား​သည်– “ကျွန်တော်​တို့​ဇနီး​မောင်နှံ ယေဟောဝါ​ကို နှစ်​အဆက်ဆက် ဝတ်ပြု​ကိုးကွယ်​ခဲ့​ကြ​လို့ ကောင်းချီး​တွေ အများကြီး​ခံစား​ခဲ့​ရတယ်၊ တကယ်​ချီးကျူး​စ​ရာ​ကောင်း​တဲ့​သူတွေနဲ့​လည်း သိကျွမ်းခွင့်​ရခဲ့တယ်။ ခက်ခဲ​ကျပ်တည်း​မှု​တွေ​ကို အောင်မြင်စွာ​ခံရပ်​နိုင်​ဖို့​လည်း ယေဟောဝါ​ရဲ့​လေ့ကျင့်ပေး​မှု​ရရှိ​ထားပြီး ခွန်အား​လည်း​ရခဲ့တယ်။ ယောဘ​လို​ပါ​ပဲ၊ ခက်ခဲ​ကျပ်တည်း​မှု​တွေ ဘာလို့​ဖြစ်​ရတာလဲ​ဆိုတာ အမြဲ​မသိ​ခဲ့​ပေမဲ့ ကျွန်တော်​တို့ကို ယေဟောဝါ ထောက်​မပေးဖို့ အမြဲ​ရှိနေတယ်​ဆိုတာ​ကို​တော့ သိထားတယ်။”

၂၀။ ယေဟောဝါ​သည် ကိုယ်တော်​၏​လူ​တို့ကို အစဉ်​ထောက်မ​တော်​မူ​ကြောင်း အဘယ်​ကျမ်းစာ​အထောက်အထား​ရှိ​သနည်း။

၂၀ ကိုယ်တော်​၏​တည်ကြည်သူ​များ​ကို ထောက်မ​ကူညီ​ပြီး ခွန်​အားပေး​ရန် ယေဟောဝါ​၏​လက်တော် မ​တို​လွန်း​ချေ။ (ဟေရှာယ ၅၉:၁) ဆာလံဆရာ​ဒါဝိဒ် ဤသို့​သီဆို​ခဲ့​သည်– “နှိမ့်ချသော​သူအပေါင်း​တို့ကို ကြွပင့်​တော်​မူ​၏။” (ဆာလံ ၁၄၅:၁၄) မှန်ပါသည်၊ ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​သည် “ငါ​တို့၏​ဝန်ကို နေ့စဉ်​ထမ်း​တော်​မူ” ပြီး ကျွန်ုပ်​တို့ တကယ်​လိုအပ်ရာ​ကို ဖြည့်စွက်​ပေး​တော်​မူ​၏။—ဆာလံ ၆၈:၁၉သ​မ။

“ဘုရားသခင်​ပြင်ဆင်​တော်​မူ​သော လက်နက်စုံ” ကျွန်ုပ်​တို့​လိုအပ်

၂၁။ ဝိညာဉ်​ရေး​လက်နက် ဝတ်ဆင်​ထား​ဖို့​လို​ကြောင်း ပေါလု မည်သို့​အလေးအနက်​ဖော်ပြ​သနည်း။

၂၁ စာတန်​၏​နည်း​ပရိယာယ်​အချို့​ကို ကျွန်ုပ်​တို့​သုံးသပ်​ခဲ့​ရာ သူ၏​တိုက်ခိုက်မှု​များ​ကြား ခံရပ်​ဖို့​လို​ကြောင်း သိရှိ​ခဲ့​ကြပြီ​ဖြစ်သည်။ ယခု ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို အောင်မြင်စွာ​ခုခံ​ကာကွယ်​ရန် နောက်ထပ်​အရေးပါသော ထောက်ပံ့​ပေး​မှု​ကို သုံးသပ်ကြည့်​ကြ​မည်။ ဧဖက်​မြို့ရှိ​ခရစ်ယာန်​များ​ထံ ပေါလု​ရေးခဲ့​သော​စာ​တွင် စာတန်​၏​ပရိယာယ်​များ​ကို ခံရပ်​နိုင်​ရန်၊ နတ်ဆိုး​များနှင့် နပန်း​သတ်​ပွဲ​တွင် အောင်မြင်​ရန် အရေးကြီးသော​အချက်​တစ်ချက်​ကို နှစ်ကြိမ်​ဖော်ပြ​သည်။ ပေါလု​ဤသို့​ရေးခဲ့​သည်– ‘စာတန်​၏​ပရိယာယ်​တို့ကို ဆီးတား​နိုင်​မည်​အကြောင်း ဘုရားသခင်​ပြင်ဆင်​တော်​မူ​သော လက်နက်စုံ​ကို ဝတ်ဆောင်​ကြလော့။ ခဲယဉ်း​ဆိုးယုတ်​သော​နေ့ရက်​ကာလ​၌ ဆီးတား​နိုင်​သဖြင့် ကိစ္စ​အလုံးစုံ​တို့ကို​ပြီးစီး​၍ ခံရပ်​နိုင်​မည်​အကြောင်း ဘုရားသခင်​ပြင်ဆင်​တော်​မူ​သော လက်နက်စုံ​တို့ကို ယူဆောင်​ကြလော့။’—ဧဖက် ၆:၁၁၊ ၁၃

၂၂၊ ၂၃။ (က) ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​လက်နက်စုံ​တွင် အဘယ်အရာ​ပါဝင်​သနည်း။ (ခ) နောက်​ဆောင်းပါး​တွင် အဘယ်​အကြောင်းကို သုံးသပ်ကြ​မည်​နည်း။

၂၂ မှန်ပါသည်၊ “ဘုရားသခင်​ပြင်ဆင်​တော်​မူ​သော လက်နက်စုံ​တို့ကို” ကျွန်ုပ်​တို့ ဝတ်ဆင်​ထား​ဖို့​လို​သည်။ ဧဖက်​မြို့ရှိ ခရစ်ယာန်​များ​ထံ ပေါလု​စာရေး​နေစဉ် တစ်ခါတစ်ရံ လက်နက်စုံ ဝတ်ဆင်​ထား​မည့် ရောမ​စစ်သား​တစ်ဦး​က သူ့ကို စောင့်ကြပ်​နေသည်။ သို့ရာတွင် ယေဟောဝါ​၏​ကျေးကျွန်​တိုင်း အရေးတကြီး​ဝတ်ဆင်​ထား​ဖို့​လို​သည့် ဝိညာဉ်​ရေး​လက်နက်စုံ​အကြောင်း ဆွေးနွေး​ရန် တမန်​တော်​ကို ဘုရားသခင် မှုတ်သွင်း​ခဲ့​သည်။

၂၃ ယေဟောဝါ​ပြင်ဆင်​ပေး​သော ဤ​လက်နက်စုံ​တွင် ခရစ်ယာန်​များ​၌ ရှိ​သင့်​ရှိ​အပ်သော အရည်အသွေးများနှင့် ဘုရားသခင်​၏​ဝိညာဉ်​ရေး​ပြင်ဆင်​ပေး​ချက်​များ ပါဝင်​၏။ နောက်​ဆောင်းပါး​တွင် ဤ​ဝိညာဉ်​ရေး​လက်နက်စုံ​ကို အသေးစိတ်​ဆန်းစစ်​ကြည့်​ကြ​မည်။ သို့ဖြင့် ကျွန်ုပ်​တို့သည် ဝိညာဉ်​ရေး​တိုက်ပွဲ​အတွက် အဘယ်​အတိုင်းအတာ​အထိ အသင့်ရှိနေ​သည်ကို သိရှိ​ရ​လိမ့်​မည်။ တစ်ချိန်တည်း​တွင် ယေရှု​ခရစ်​၏ အလွန်​ကောင်းသော​ပုံသက်သေ​က စာတန်​ကို​တွန်းလှန်​ရာ​တွင် မည်သို့​အောင်မြင်​စေနိုင်​ကြောင်း သိရှိ​ရ​လိမ့်​မည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

ခရစ်ယာန်​အားလုံး အဘယ်​တိုက်ပွဲဝင်​နေကြ​ရသနည်း။

စာတန်​၏​နည်း​ဗျူဟာ​အချို့​ကို ဖော်ပြ​ပါ။

ယုံကြည်သူချင်း​များ​၏​ထောက်မ​ကူညီ​မှု​သည် ကျွန်ုပ်​တို့ကို မည်သို့ ခွန်အား​ရရှိ​စေနိုင်​သနည်း။

မည်သူ​၏​ခွန်အား​ကို ကျွန်ုပ်​တို့ မှီခို​အားထားကြ​ရမည်​နည်း၊ အဘယ်ကြောင့်​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ခရစ်ယာန်​များသည် ‘နတ်ဆိုး​များနှင့် နပန်း​သတ်​ရ’

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

လောက​အမှု၌ စိုးရိမ်ခြင်း​သည် ဘုရားသခင့် နိုင်ငံတော်​သတင်းစကားကို လွှမ်းမိုး​ညှဉ်းဆဲ​နိုင်

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ခရစ်ယာန်​ချင်း​တစ်ဦး​သည် ‘စိတ်သက်သာ​မှု​ရရှိ’ စေနိုင်

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ခွန်အား​ရရှိရန် ဘုရားသခင်​ထံ ဆုတောင်း​သလော