မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ဤနည်းအတိုင်း သင်တို့ဆုတောင်းရမည်’

‘ဤနည်းအတိုင်း သင်တို့ဆုတောင်းရမည်’

‘ဤ​နည်း​အတိုင်း သင်တို့​ဆုတောင်း​ရမည်’

သခင့်​ဆုတောင်းချက်​ပါ စကား​များ​ကို သင်​သိ​သလော။ ယေရှု​ခရစ်​သွန်သင်​ပေး​ခဲ့​သော စံပြ​ဆုတောင်းချက်​ဖြစ်သည်။ ယေရှုသည် ကျော်ကြား​သော​တောင်ပေါ်​တရားတော်​ကို ဟောပြော​နေစဉ် “ဤ​နည်း​အတိုင်း သင်တို့​ဆုတောင်း​ရမည်” ဟု​မိန့်ဆိုခဲ့သည်။ (မဿဲ ၆:၉က​ဘ) ယေရှု စ​သင်ပေးခဲ့​သောကြောင့် ယင်းကို သခင့်​ဆုတောင်းချက်​ဟု ခေါ်​လေ့​ရှိပြီး ကျွန်ုပ်​တို့၏​အဘ​ဆုတောင်းချက်​ဟူ၍လည်း လူသိ​များသည်။—လက်တင်၊ ပေ​တာ​နော့စ်​တာ။

ကမ္ဘာ​တစ်ဝန်း​ရှိ သန်းပေါင်း​များစွာသော​သူတို့သည် သခင့်​ဆုတောင်းချက်​ကို အလွတ်ကျက်​ထား​ကြ​ပြီး အကြိမ်ကြိမ်​ရွတ်ဆို​လေ့​ရှိသည်၊ နေ့စဉ်​ပင်​ရွတ်​တတ်ကြ​သည်။ မကြာသေးမီ​နှစ်များ​အတွင်း လူများစွာ​တို့သည် ကျောင်း​များနှင့် အခမ်းအနား​များ​တွင် ဤ​ဆုတောင်းချက်​ကို အလွတ်​ရွတ်ဆို​ခဲ့​ကြပြီ။ သခင့်​ဆုတောင်းချက်​ကို အဘယ်ကြောင့် ဤမျှ တန်ဖိုး​ထား​ကြ​သနည်း။

တတိယ​ရာစု​မှ ဓမ္မ​ပညာရှင် စီ​ပ​ရီ​ယန်​က ဤသို့​ရေးသားခဲ့​သည်– “ကျွန်ုပ်​တို့ကို . . . ခရစ်တော်​ပေး​ခဲ့​သော ဆုတောင်းချက်​ထက် အဘယ်​ဆုတောင်းချက်​သည် သာ၍​ဝိညာဉ်​ရေး​ဆန်​နိုင်​ဦး​မည်​နည်း။ ခမည်းတော်​ထံ​ဆုတောင်းရာ​၌ အဘယ်​ဆုတောင်းချက်​သည် အမှန်တရား​ဖြစ်​တော်​မူ​သော သားတော်​အားဖြင့် ပေး​တော်​မူ​သည့် ဆုတောင်းချက်​ထက် ပို​၍​မှန်ကန်​နိုင်​ဦး​မည်​နည်း။”—ယောဟန် ၁၄:၆

ရိုမန်ကက်သလစ်​ချာ့ခ်ျ​၏ ဓမ္မ​ပုစ္ဆာ​ကျမ်း​တွင် သခင့်​ဆုတောင်းချက်​သည် “အခြေခံကျ​သော​ခရစ်ယာန်​ဆုတောင်းချက်” ဖြစ်သည်ဟု​ဆို​၏။ ကမ္ဘာ့​စာအုပ်​စွယ်စုံ​ကျမ်း​က ဤ​ဆုတောင်းချက်​ကို “ခရစ်ယာန်​ယုံကြည်ခြင်း​၏ အခြေခံ​ဖော်ပြချက်” ဟု​ခေါ်ဆို​ပြီး ခရစ်ယာန်​ဘာသာ​တရား​အားလုံး​တွင် အရေးပါ​ကြောင်း အသိအမှတ်ပြု​သည်။

သို့သော် သခင့်​ဆုတောင်းချက်​ကို အလွတ်​ရွတ်ဆို​ကြ​သူ​အများ​သည် ယင်းကို အပြည့်အဝ နားမလည်​ကြောင်း အသိအမှတ်ပြု​ကြ​ပေမည်။ “သင်သည် ခရစ်ယာန်​နောက်ခံ​ရှိလျှင် သခင့်​ဆုတောင်းချက်​ကို မရပ်မနား သွက်လက်​စွာ​ရွတ်ဆို​ပြ​နိုင်​ပေမည်၊ သို့သော် ယင်းကို စဉ်းစဉ်းစားစား၊ ဖြည်းဖြည်းချင်း​ရွတ်ဆို​ရန် ခက်​နိုင်​သည်” ဟု ကနေဒါ​နိုင်ငံ​၏ အို​တာ​ဝါ​စီတီ​ဇ​င်​သတင်းစာ​က ဆို​၏။

ဘုရားသခင်​ထံ​တောင်း​သော ဆုတောင်းချက်​များ​ကို နားလည်​ဖို့ အရေးကြီး​ပါသလော။ ယေရှုသည် သခင့်​ဆုတောင်းချက်​ကို အဘယ်ကြောင့်​ပေး​ခဲ့​သနည်း။ ယင်းသည် သင့်အတွက် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။ ဤ​မေးခွန်းများကို ယခု​အာရုံစိုက်​ကြ​စို့။