စာရှုသူများထံမှ မေးခွန်းလွှာ
စာရှုသူများထံမှ မေးခွန်းလွှာ
တမန်တော်ယောဟန်က “စုံလင်သောမေတ္တာသည် ကြောက်ရွံ့ ခြင်းကို ပယ်ရှားတတ်၏” ဟု ရေးသားခဲ့သောအခါ “စုံလင်သောမေတ္တာ” သည် အဘယ်အရာကို ဆိုလိုပြီး အဘယ် “ကြောက်ရွံ့ ခြင်း” မျိုးကို ပယ်ရှားခဲ့သနည်း။
“ချစ်ခြင်းမေတ္တာ၌ ကြောက်ရွံ့ ခြင်းမရှိ။ ကြောက်ရွံ့ ခြင်းသည် ဒဏ်ခံရခြင်းနှင့်ဆိုင်သောကြောင့် စုံလင်သောမေတ္တာသည် ကြောက်ရွံ့ ခြင်းကို ပယ်ရှားတတ်၏။ ကြောက်ရွံ့ ခြင်းရှိသောသူ၌ မေတ္တာမစုံလင်သေး” ဟု တမန်တော်ယောဟန် ရေးသားခဲ့၏။—၁ ယောဟန် ၄:၁၈၊ သမ္မာ။
ယောဟန်သည် လွတ်လပ်စွာပြောဆိုခွင့်—အထူးသဖြင့် ဘုရားသခင်အားချစ်သည့်မေတ္တာနှင့် ကိုယ်တော့်ထံ လွတ်လပ်စွာပြောဆိုခွင့်တို့၏ ဆက်စပ်မှု—အကြောင်း ဆွေးနွေးနေခြင်းဖြစ်သည်။ ယင်းကို အခန်းငယ် ၁၇ ပါစကားများတွင် တွေ့ မြင်နိုင်ပါသည်– “ငါတို့သည် ချစ်ခြင်းမေတ္တာနှင့်ပြည့်စုံသောအားဖြင့် တရားဆုံးဖြတ်တော်မူသောနေ့၌ ရဲရင့်ရသောအခွင့် [“လွတ်လပ်စွာပြောဆိုခွင့်၊” ကဘ] ရှိကြလိမ့်မည်။” ခရစ်ယာန်တစ်ဦးက ဘုရားသခင်အား ချစ်သည့်အတိုင်းအတာ၊ မိမိအား ဘုရားသခင်ချစ်သည်ဟူ၍ ခံစားရသည့် အတိုင်းအတာတို့က ဘုရားသခင်ထံ သူဆုတောင်းချဉ်းကပ်သည့်အခါ သူ၏လွတ်လပ်စွာပြောဆိုခွင့်ရှိခြင်း၊ မရှိခြင်းအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိလေသည်။
“စုံလင်သောမေတ္တာ” ဟူသည့်အသုံးအနှုန်းက အထူးအဓိပ္ပာယ်ရှိ၏။ သမ္မာကျမ်းစာတွင် အသုံးပြုထားသည့်အတိုင်း “စုံလင်” ဟူသည့်စကားလုံးသည် အမြင့်ဆုံးအတိုင်းအတာအထိ အကြွင်းမဲ့သဘောဖြင့် စုံလင်ခြင်းကို အမြဲတမ်း ဆိုလိုခြင်းမဟုတ်ဘဲ နှိုင်းရသဘောဖြင့် စုံလင်ခြင်းကို ဆိုလိုလေ့ရှိသည်။ ဥပမာ၊ တောင်ပေါ်တရားတော်တွင် ယေရှု ဤသို့မိန့်ဆိုခဲ့၏– “ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် စုံလင်တော်မူသည်နည်းတူ သင်တို့သည်လည်း စုံလင်ခြင်းရှိကြလော့။” မိမိတို့အားချစ်မြတ်နိုးသူများကိုသာ ချစ်မည်ဆိုလျှင် သူတို့၏မေတ္တာသည် မပြည့်စုံ၊ ချို့တဲ့၍ အပြစ်အနာအဆာရှိသော မေတ္တာဖြစ်မည်ဟု မိမိ၏နောက်တော်လိုက်များကို ယေရှုမိန့်တော်မူနေခြင်းဖြစ်သည်။ မိမိတို့၏ရန်သူများကိုပင် ချစ်ခြင်းအားဖြင့် သူတို့၏မေတ္တာကို စုံလင်စေသင့်သည်၊ အပြည့်အဝဖြစ်စေသင့်သည်။ အလားတူ “စုံလင်သောမေတ္တာ” အကြောင်း ယောဟန်ရေးသားသည့်အခါ စိတ်နှလုံးအကြွင်းမဲ့၊ အပြည့်အဝနှင့် ဘဝကဏ္ဍအသီးသီးကို အကျုံးဝင်စေသည့် ဘုရားသခင်အား ချစ်သည့်မေတ္တာအကြောင်း သူပြောဆိုနေခြင်းဖြစ်သည်။—မဿဲ ၅:၄၆-၄၈; ၁၉:၂၀၊ ၂၁။
ဘုရားသခင်ထံ ခရစ်ယာန်တစ်ဦး ဆုတောင်းချဉ်းကပ်သောအခါ မိမိသည် အပြစ်ရှိ၍ မစုံလင်သူဖြစ်ကြောင်း ကောင်းစွာသိထားသည်။ သို့ရာတွင်၊ မိမိသည် ဘုရားသခင်ကို ချစ်ကြောင်း၊ ဘုရားသခင်ကလည်း မိမိကိုချစ်ကြောင်း အပြည့်အဝခံစားရမည်ဆိုလျှင် အပြစ်တင်ခံရမည် သို့မဟုတ် ငြင်းပယ်ခံရမည်ဟု ကြောက်ရွံ့နေစရာအကြောင်း မရှိချေ။ ယင်းအစား ယေရှုခရစ်မှတစ်ဆင့် မေတ္တာပြည့်ဝစွာ ဘုရားသခင်စီမံပေးခဲ့သည့် ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို အခြေပြု၍ ခွင့်လွှတ်မှု တောင်းခံရန်နှင့် မိမိ၏နှလုံးတွင် အဘယ်အရာရှိကြောင်းဖော်ပြရာတွင် လွတ်လပ်စွာပြောဆိုခွင့်ရှိမည်။ သူ၏အသနားခံချက်များကို ဘုရားသခင် နားညောင်းတော်မူကြောင်း သူယုံကြည်စိတ်ချပေမည်။
လူတစ်ဦးသည် “မေတ္တာ” ကို မည်သို့ “စုံလင်” စေနိုင်ပြီး ပြစ်တင်ရှုတ်ချခံရမည် သို့မဟုတ် ငြင်းပယ်ခံရမည်ကို ကြောက်ရွံ့သည့်စိတ်အား မည်သို့ “ပယ်ရှား” စေနိုင်သနည်း။ “[ဘုရားသခင်၏] စကားတော်ကို နားထောင်သောသူမည်သည်ကား၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ၏” ဟု တမန်တော်ယောဟန်ကဆိုသည်။ (၁ ယောဟန် ၂:၅) ဤအချက်ကိုသုံးသပ်ကြည့်ပါ– ကျွန်ုပ်တို့ အပြစ်ရှိနေစဉ်ပင် ဘုရားသခင်ချစ်တော်မူလျှင် ကျွန်ုပ်တို့သည် အမှန်နောင်တရပြီး “ကိုယ်တော်၏စကားတော်ကို” လုံ့လဝီရိယရှိရှိ “လိုက်နာစောင့်ထိန်း” မည်ဆိုလျှင် ပို၍ပင် ချစ်တော်မူမည်မဟုတ်လော။ (ရောမ ၅: ၈; ၁ ယောဟန် ၄:၁၀) အမှန်ဆိုရလျှင်၊ ကျွန်ုပ်တို့ တည်ကြည်နေသရွေ့ ဘုရားသခင်အကြောင်း တမန်တော်ပေါလု ဤသို့ပြောဆိုခဲ့ချိန်က သူ၏ယုံကြည်စိတ်ချမှုမျိုး ကျွန်ုပ်တို့၌လည်း ရှိနိုင်ပါသည်– “မိမိသားတော်ရင်းကို မနှမြောဘဲ၊ ငါတို့ရှိသမျှအဖို့အလို့ငှာ စွန့်တော်မူသောသူသည် သားတော်နှင့်တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့နေတော်မူမည်နည်း။”—ရောမ ၈:၃၂။