မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘စိတ်နှိမ့်ချသောသူတို့သည် မြေကြီးကို အမွေခံလိမ့်မည်’—မည်သို့နည်း

‘စိတ်နှိမ့်ချသောသူတို့သည် မြေကြီးကို အမွေခံလိမ့်မည်’—မည်သို့နည်း

‘စိတ်​နှိမ့်ချသော​သူတို့သည် မြေကြီးကို အမွေခံ​လိမ့်​မည်’—မည်သို့​နည်း

“‘စိတ်​နှိမ့်ချ​သူတွေဟာ မြေကြီးကို​အမွေခံ​ရလိမ့်မယ်’ ဆို​တဲ့ ယေရှုရဲ့​ကြည်နူး​အားရဖွယ်​စကား​ကို ရှင် ရင်းနှီး​ပြီး​သား​ဖြစ်ပါ​လိမ့်မယ်။ ဒါပေမဲ့ လူလူချင်းကို​ဖြစ်စေ၊ မြေကြီးကို​ဖြစ်စေ လူတွေ​ပြုလုပ်​နေ​သမျှ​ကို​ကြည့်​ပြီး စိတ်​နှိမ့်ချ​သူတွေ အမွေခံ​စ​ရာ ဘာ​ကျန်​မယ်​လို့ ရှင်​ထင်​သလဲ။”—မဿဲ ၅:၅; ဆာလံ ၃၇:၁၁

ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်သူ မီ​ရီ​အဲ​မ်​သည် ထို​မေးခွန်း​ဖြင့် ကျမ်းစာ​ဆွေးနွေးမှု​တစ်ခု​ကို အစပြု​ခဲ့​သည်။ သူ၏​စကား​ကို နားထောင်​နေသော​အမျိုးသား​က ယေရှု​ဤသို့​ကတိပြု​ခဲ့​သည်​မှန်​လျှင် မြေကြီး​သည် ပြုတ်​ပြုတ်​ပြု​န်း​နေသော သို့​မဟုတ် လူ​မနေ​နိုင်အောင် ပျက်စီး​ယိုယွင်း​နေသော​အရပ်​မဟုတ်ဘဲ အမွေအနှစ်​ဟူသော​အမည်​နှင့် ထိုက်​လျော်​သည့်​အရပ်​ဖြစ်​ရမည်ဟု ဖြေဆိုခဲ့သည်။

ယင်းသည် အမှန်ပင် အပြုသဘောဆောင်​သော​အဖြေ​ဖြစ်၏။ သို့သော် ထိုသို့​အကောင်းမြင်​စ​ရာ အကြောင်း​ရှိပါ​သလော။ အမှန်​ရှိပါ​သည်၊ အကြောင်း​မှာ သမ္မာကျမ်းစာ​က ထို​ကတိတော်​သည် အမှန်တကယ်​ပြည့်စုံ​မည်​ဟု ယုံကြည်​စိတ်ချ​ရန် ခိုင်လုံ​သော​အကြောင်းရင်း​များ ပေး​ထားသော​ကြောင့်​ဖြစ်၏။ အမှန်​မှာ ထို​ကတိတော်​ပြည့်စုံခြင်း​သည် လူသား​နှင့်​လည်းကောင်း၊ မြေကြီး​နှင့်​လည်းကောင်း​ဆိုင်သော ဘုရားသခင့်​ရည်ရွယ်ချက်​နှင့် အနီးကပ်​ဆက်စပ်​နေသည်။ ဘုရားသခင်​သည် ရည်ရွယ်​ထား​ရာ​များ​ကို ဖြစ်မြောက်အောင်​မြင်​စေမည်​ဟု အာမခံ​ထား​သည်။ (ဟေရှာယ ၅၅:၁၁) သို့​ဖြစ်၍ လူသားတို့​အတွက် ဘုရားသခင်​၏​ကနဦး​ရည်ရွယ်ချက်ကား​အဘယ်နည်း၊ မည်သို့​ပြည့်စုံ​လာ​မည်​နည်း။

မြေကြီး​အတွက် ဘုရားသခင်​၏​ထာဝရ​ရည်ရွယ်ချက်

ယေဟောဝါ​ဘုရားသခင်​သည် မြေကြီးကို အထူး​ရည်ရွယ်ချက်​တစ်ခု​အတွက် ဖန်ဆင်း​ခဲ့​ပါ​သည်။ ‘မိုးကောင်းကင်ကို ဖန်ဆင်း​၍ မှန်​တော်​မူ​သော​ဘုရားသခင်၊ မြေကြီးကို​ပြုပြင်​ဖန်ဆင်း​၍ အမြဲ​တည်စေ​တော်​မူ​သော​အရှင်၊ လ​ဟာ​အဖြစ်​ဖြင့်​ဖန်ဆင်း​သည်မဟုတ်၊ သတ္တဝါ​နေစရာ​ဖို့ ဖန်ဆင်း​တော်​မူ​သော ထာဝရ​ဘုရားသခင်​မိန့်တော်မူသည်​ကား ‘ငါသည်​ယေဟောဝါ​ဖြစ်၏။ ငါ​မှတစ်ပါး အခြားသော​ဘုရားသခင်​မရှိ။’’ (ဟေရှာယ ၄၅:၁၈) သို့​ဖြစ်၍ မြေကြီးကို လူနေ​ဖို့ သီးသန့်​ဖန်ဆင်း​ထား​သည်။ ထို့​အပြင် မြေကြီး​နှင့်​ပတ်သက်သော ဘုရားသခင့်​ရည်ရွယ်ချက်မှာ လူတို့၏​ထာဝရ​နေအိမ်​ဖြစ်စေ​ဖို့​တည်း။ “မြေကြီး​အမြစ်​ကို ကာလ​အစဉ်အမြဲ မ​ရွေ့​မ​လှုပ်​စေခြင်း​ငှာ တည်​တော်​မူ” ၏။—ဆာလံ ၁၀၄:၅; ၁၁၉:၉၀

ကနဦး​လူသား​မောင်နှံကို ဘုရားသခင်​ပေး​ခဲ့​သော​တာဝန်​က​လည်း မြေကြီး​နှင့်​ပတ်သက်သော ကိုယ်တော်​၏​ရည်ရွယ်ချက်ကို ထင်ရှားစေ​သည်။ အာဒံ​နှင့် ဧဝ​ကို ယေဟောဝါ​ဤသို့​မိန့်တော်မူ၏– “အချင်း​တို့ များပြား​စွာ​မွေးဖွား​ကြလော့။ မြေကြီးကို​ပြည့်စေ​၍ နိုင်​ကြလော့။ ပင်လယ်​ငါး​တို့ကို​လည်းကောင်း၊ မိုးကောင်းကင်​ငှက်​တို့ကို​လည်းကောင်း၊ အသက်ရှင်​၍​မြေပေါ်မှာ​လှုပ်ရှား​တတ်သော တိရစ္ဆာန်​အပေါင်း​တို့ကို​လည်းကောင်း အုပ်စိုး​ကြလော့။” (ကမ္ဘာဦး ၁:၂၈) အာဒံ​နှင့်​ဧဝ​ကို ဘုရားသခင်​ပေးအပ်​ခဲ့​သော မြေကြီး​သည် သူတို့နှင့် သူတို့၏​သားစဉ်မြေးဆက် ထာဝစဉ်​နေထိုင်ဖို့​ဖြစ်သည်။ ရာစုနှစ်များစွာ​ကြာပြီးနောက် ဆာလံဆရာ​က ‘ကောင်းကင်​ကား ထာဝရ​ဘုရားသခင်​၏​ကောင်းကင်​ဖြစ်၏။ မြေကြီးကို​ကား လူသားတို့အား​ပေး​တော်​မူ​ပြီ’ ဟု​အတိအလင်း​ပြော​ခဲ့​သည်။—ဆာလံ ၁၁၅:၁၆

အလွန်​ကောင်းသော​ထို​ရှေ့ရေး အကောင်အထည်​ပေါ်​ဖို့ အာဒံ​နှင့်​ဧဝ​ကော သူတို့၏​သားစဉ်မြေးဆက်​တို့​ပါ ယေဟောဝါ​ဘုရားသခင်​ကို ဖန်ဆင်း​ရှင်၊ အသက်​ပေးရှင်​နှင့် ရှင်ဘုရင်​အဖြစ် လက်ခံ​ပြီး ကိုယ်တော်​အား နာခံကြ​ရမည်။ လူကို ဤသို့ ပညတ်​ပေး​ချိန်​တွင် ယင်းကို ယေဟောဝါ အတိအလင်း​ဖော်ပြ​ခဲ့​သည်– “ကောင်း​မကောင်း​ကို​သိကျွမ်းရာ​အပင်​မှတစ်ပါး ထို​ဥယျာဉ်​၌​ရှိသမျှ​သော​အပင်​တို့၏​အသီးကို သင်သည်​စား​ရသော​အခွင့်​ရှိ၏။ ထို​အပင်​၏​အသီးကို​ကား​မစား​ရ။ စား​သော​နေ့တွင် ဧကန်​အမှန်​သေရ​မည်။” (ကမ္ဘာဦး ၂:၁၆၊ ၁၇) အာဒံ​နှင့်​ဧဝ​တို့သည် ဧဒင်ဥယျာဉ်​၌ ဆက်နေ​ထိုင်​လိုလျှင် ထို​ရှင်းလင်း​ပြတ်သား​သော​ပညတ်​ကို နာခံကြ​ရမည်။ ထိုသို့​နာခံခြင်း​ဖြင့် ကောင်းကင်​ခမည်းတော် ပြု​လုပ်ပေးသမျှကို ကျေးဇူး​တင်​ကြောင်း​ပြ​ရာ​ရောက်​ပေမည်။

အာဒံ​နှင့်​ဧဝ​တို့သည် သူတို့အား ပေး​ထားသော​ပညတ်​ကို ချိုးဖောက်​ခြင်း​အားဖြင့် ဘုရားသခင်​၏​စကား​ကို တမင်​မနာခံ​ကြသောအခါ သူတို့သည် အမှန်စင်စစ် အရာခပ်သိမ်း​ပေးသနား​သည့် အရှင်ကို စွန့်ပယ်​ကြ​ခြင်း​ဖြစ်သည်။ (ကမ္ဘာဦး ၃:၆) ထိုသို့​ပြုခြင်း​အားဖြင့် သူတို့​ကိုယ်တိုင်​အတွက်သာ​မ​က သူတို့၏​သားစဉ်မြေးဆက်​များ​အတွက်​ပါ လှပသော​ပရဒိသု​နေအိမ်​ကို လက်လွှတ်​ဆုံးရှုံး​ခဲ့​ကြ​ရသည်။ (ရောမ ၅:၁၂) ကနဦး​မောင်နှံစုံ​၏ မနာခံမှု​သည် မြေကြီးကို​ဖန်ဆင်း​ရသည့် ဘုရားသခင့်​ရည်ရွယ်ချက်ကို ပျက်ပြယ်​စေ​ခဲ့​သလော။

ပြောင်းလဲခြင်း​မရှိသော ဘုရားသခင်

ဘုရားသခင်​က “ငါသည် ထာဝရ [“ယေဟောဝါ၊” က​ဘ] ဘုရား [သခင်] ဖြစ်၏။ ပြောင်းလဲခြင်း​မရှိ” ဟု ပရောဖက်​မိက္ခာ​မှ​တစ်ဆင့် ကြေညာ​ခဲ့​သည်။ (မာလခိ ၃:၆) ဤ​ကျမ်းချက်​နှင့်​ပတ်သက်​၍ ပြင်သစ်​ကျမ်း​ပညာရှင် အဲလ်. ဖီလီ​ယောန်​က ၎င်း​ကြေညာ​ချက်​သည် ဘုရားသခင့်​ကတိတော်​များ အထမြောက်​ခြင်း​နှင့် အနီးကပ်​ဆက်စပ်​နေသည်​ဟု မှတ်ချက်ချ​ခဲ့​သည်။ ဖီလီ​ယောန်​ဤသို့​ရေးသားခဲ့​သည်– “ယေဟောဝါ​သည် ဤ​ပုန်ကန်​သူများကို အပြီးအပိုင် သုတ်သင်ပစ်​နိုင်​သော်လည်း မိမိ၏​ကတိတော်​များ​ကို မပြောင်းလဲ​နိုင်​သဖြင့် မည်သည့်​အခြေအနေ​မျိုး​ပင်​ရှိစေ​ကာ​မူ အတိတ်​က​ပြု​ခဲ့​သော ကတိတော်​များ​ကို တည်စေ​ပါ​မည်။” ဘုရားသခင်​သည် လူတစ်ဦးကို​ဖြစ်စေ၊ လူမျိုးတစ်မျိုး​ကို​ဖြစ်စေ သို့​မဟုတ် လူသား​အားလုံး​ကို​ဖြစ်စေ ပေး​ထားသော ကတိတော်​များ​ကို မေ့လျော့​မည်​မဟုတ်၊ ကိုယ်တော်​သတ်မှတ်​ထားချိန်​တွင် ပြည့်စုံ​စေမည်​ဖြစ်သည်။ ‘လူမျိုး​အဆက်​တစ်ထောင်​တိုင်အောင် မိန့်တော်မူ​သည့် နှုတ်မြွက်​စကားတော်​တည်း​ဟူသော ပဋိညာဉ်​တော်​ကို အစဉ်အမြဲ​အောက်မေ့​တော်​မူ​၏။’—ဆာလံ ၁၀၅:၁၂သမ္မာ။

သို့သော် ယေဟောဝါ​သည် မြေကြီး​နှင့်​ပတ်သက်သော မိမိ၏​ကနဦး​ရည်ရွယ်ချက်ကို မ​ပြောင်း​ခဲ့​ကြောင်း မည်သို့​စိတ်ချ​နိုင်​သနည်း။ နာခံ​သော​လူသားများ​အား ဤ​မြေကြီးကို​ပေး​မည့် ဘုရားသခင့်​ရည်ရွယ်ချက်ကို ဘုရားသခင်​၏​မှုတ်သွင်းခံ​စကားတော်၊ သမ္မာကျမ်းစာ​တစ်အုပ်လုံး​တွင် တွေ့ရှိ​ရသော​ကြောင့် ယင်းကို​စိတ်ချ​နိုင်​ပါ​သည်။ (ဆာလံ ၂၅:၁၃; ၃၇:၉၊ ၂၂၊ ၂၉၊ ၃၄) ထို့​ပြင် ယေဟောဝါ​၏​ကောင်းချီး​ခံစားရ​သူတို့ကို သမ္မာကျမ်းစာ​က “ကြောက်​စေသော​သူ​တစ်ယောက်မျှ​မရှိ” ဘဲ “ကိုယ်ပိုင်​သော​သင်္ဘောသဖန်း​ပင်​အောက်” ထိုင်​နေကြ​သော လုံခြုံမှု​ရှိ​သူများ​အဖြစ် ဖော်ပြ​ထား​သည်။ (မိက္ခာ ၄:၄; ယေဇကျေလ ၃၄:၂၈) ယေဟောဝါ​ရွေးချယ်သူ​တို့သည် “ကိုယ်​ဆောက်​သော​အိမ်​၌​နေကြ​လိမ့်​မည်။ ကိုယ်​စိုက်​သော​စပျစ်​ဥယျာဉ်​အသီးကို စား​ကြလိမ့်မည်။” သူတို့သည် တောသား​ရဲ​များနှင့်​ပင် အသင့်အတင့်​ရှိပါ​လိမ့်​မည်။—ဟေရှာယ ၁၁:၆-၉; ၆၅:၂၁၊ ၂၅

သမ္မာကျမ်းစာ​တွင် ဘုရားသခင့်​ကတိတော်​ဆိုင်ရာ ကြိုတင်​မြင်ကွင်း​တစ်ခု​ကို အခြား​တစ်နည်း​ဖြင့် ဖော်​ပြပေး​သည်။ ရှောလမုန်​ဘုရင်​အုပ်စိုးချိန်​အတွင်း ဣသရေလ​နိုင်ငံ​သည် ငြိမ်းချမ်း​၍ သာယာ​ဝ​ပြော​ခဲ့​သည်။ သူ၏​အုပ်ချုပ်မှု​အောက် “လက်ထက်​တော်​ကာလပတ်လုံး ယုဒ​အမျိုး​နှင့် ဣသရေလ​အမျိုးသား​တို့သည် ဒန်​မြို့မှ​စ၍ ဗေရရှေဘ​မြို့​တိုင်အောင် အသီးအသီး မိမိ​စပျစ်​ပင်၊ မိမိ​သင်္ဘောသဖန်း​ပင်​အောက်မှာ ငြိမ်​ဝပ်​စွာ​နေရ​ကြ​၏။” (၃ ဓမ္မ​ရာဇဝင် ၄:၂၅) သမ္မာကျမ်းစာ​က ယေရှုကို “ရှောလမုန်​ထက် သာ၍​ကြီးမြတ်သော​သူ” ဟု​ဆိုပြီး ကိုယ်တော်​၏​အုပ်ချုပ်မှု​နှင့်​ပတ်သက်​၍ ဆာလံဆရာ​က ဤသို့​ပရောဖက်ပြု​ကြေညာ​ခဲ့​သည်– “လက်ထက်​တော်​၌ လ​သည် ပပျောက်​ခြင်း​သို့​မရောက်မီ​တိုင်အောင် တရားသော​သူသည်​ပွင့်လန်း​၍ ချမ်းသာ​များပြား​လိမ့်​မည်။” ထို​အချိန်တွင် “ပြည်တော်​၌ များစွာသော​စပါး​ရှိ၍ အသီးအနှံ​သည် လေဗနုန်​တော​ကဲ့သို့ တောင်ထိပ်​ပေါ်မှာ လှုပ်ရှား​လိမ့်​မည်။”—လုကာ ၁၁:၃၁; ဆာလံ ၇၂:၇၊ ၁၆

ယေဟောဝါ​သည် မိမိ၏​စကား​အတိုင်း ကတိထားရာ​အမွေအနှစ်​ကို အသင့်ရှိ​စေ​ရုံ​မ​က ယင်း​၏​ခံ့ညား​ထည်ဝါမှု​ဟူသ၍​ကိုလည်း ဧကန်​အမှန် ပြန်​ရရှိစေ​ပါ​လိမ့်​မည်။ ကတိထားရာ​ကမ္ဘာသစ်​တွင် ဘုရားသခင်​သည် “သူတို့၏​မျက်စိ​၌​မျက်ရည်​ရှိသမျှ​တို့ကို သုတ်တော်မူ​မည်။ နောက်​တစ်ဖန် သေ​ဘေးမ​ရှိ​ရ။ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ ပင်ပန်းခြင်း​လည်း​မရှိ​ရ” ဟု ဗျာ. ၂၁:၄ တွင် သမ္မာကျမ်းစာ​က​ဆို​၏။ ကတိထားရာ​ပရဒိသု အမှန်တကယ် ဖြစ်လာ​ပါ​လိမ့်​မည်။—လုကာ ၂၃:၄၃

ကတိထားရာ​အမွေအနှစ်​ကို ဝေမျှ​ခံစား​နိုင်​ပုံ

ဘုရင်​အဖြစ် ယေရှု​ခရစ်​အုပ်ချုပ်​မည့်​နိုင်ငံတော်၊ ယင်း​၏​လက်အောက်ခံ​များ​ကို ကောင်းကင်​မှ​အုပ်ချုပ်​မည့်​အစိုးရ​လက်အောက်​တွင် မြေကြီး​သည် ပရဒိသု​အသွင် ပြောင်းလဲ​လာ​ပါ​လိမ့်​မည်။ (မဿဲ ၆:၉၊ ၁၀) ဦးဆုံး ထို​နိုင်ငံတော်​သည် “မြေကြီးကို​ဖျက်ဆီး​သော​သူတို့ကို ဖျက်ဆီး​တော်​မူ” လိမ့်​မည်။ (ဗျာ. ၁၁:၁၈; ဒံယေလ ၂:၄၄၊ ၄၅) ထို့နောက် ယေရှု​ခရစ်​သည် “ငြိမ်သက်ခြင်း​မင်း” အဖြစ် “အာဏာတော်​နှင့် ငြိမ်သက်ခြင်း​သည် မကုန်မဆုံး . . . အမြဲ​တိုးတက်​လိမ့်​မည်” ဟူသော ပရောဖက်ပြု​စကား​ကို ပြည့်စုံ​စေပါ​လိမ့်​မည်။ (ဟေရှာယ ၉:၆၊ ၇သမ္မာ) ရှင်ပြန်ထမြောက်ခြင်း​အားဖြင့် အသက်ပြန်ရှင်​လာ​ကြ​မည့်​သူများ​အပါအဝင် သန်းပေါင်း​များစွာသော​သူတို့သည် ထို​နိုင်ငံတော်​အောက် မြေကြီးကို​အမွေခံ​ခွင့် ရ​ကြ​ပါ​လိမ့်​မည်။—ယောဟန် ၅:၂၈၊ ၂၉; တမန်​တော် ၂၄:၁၅

အလွန်​ကောင်းသော ထို​အမွေအနှစ်​ကို မည်သူ​တို့​ခံစား​ရဖို့ အလားအလာ​ရှိ​မည်​နည်း။ ‘စိတ်​နူးညံ့​သိမ်မွေ့​သော​သူတို့သည် ပျော်ရွှင်​ကြ​၏။ အကြောင်း​မူ​ကား ထို​သူတို့သည် ဤ​မြေကြီးကို​အမွေခံ​ရ​ကြ​လတ္တံ့’ ဟူသော ယေရှု၏​စကား​ကို​သုံးသပ်ကြည့်​ပါ။ (မဿဲ ၅:၅သမ္မာ) စိတ်​နူးညံ့​သိမ်မွေ့​ခြင်း သို့​မဟုတ် စိတ်​နှိမ့်ချ​ခြင်း​သည် အဘယ်အရာကို​ဆိုလို​သနည်း။ အဘိဓာန်​အများ​က “စိတ်​နှိမ့်ချ​ခြင်း” သို့​မဟုတ် “နူးညံ့​သိမ်မွေ့​ခြင်း” ကို ညင်သာ​သော၊ မ​ပြင်းထန်သော၊ သည်း​ညည်း​ခံ​တတ်သော၊ အမျက်ထွက်​ခဲ​သော၊ ကျိုးနွံ​သော​ဟု အဓိပ္ပာယ်​ဖွင့်ကြ​သည်။ သို့သော် မူရင်း​ဂရိ​စကားလုံး​သည် အဓိပ္ပာယ်​ပို​ကျယ်ဝန်း​သည်။ ထိုစကား​လုံး​တွင် “ညင်သာ​မှု​ပါရှိ​သည်၊ သို့သော် ညင်သာ​မှု​နောက်ဝယ် သံမဏိ​တ​မျှ ခိုင်မာ​မှု​ရှိသည်” ဟု​ဝီလျံ​ဘာက​လေး​၏ ဓမ္မသစ်​ဝေါဟာရ​ကျမ်း​က​ဆို​၏။ ယင်းသည် အငြိုးအတေး​မရှိ သို့​မဟုတ် လက်စားချေ​ဖို့​စိတ်​မ​ကူး​ဘဲ ထိခိုက်​နစ်နာမှု​ကို​ခံရပ်​နိုင်​စေသော စိတ်​သဘောထားကို​ဆိုလို​၏၊ ဘုရားသခင်​နှင့် ကောင်းသော​ဆက်ဆံ​ရေး​ရှိ​ထားပြီး ထို​ဆက်ဆံ​ရေး​က သူ၏​ခွန်အား​ရင်းမြစ်​ဖြစ်လာ​ခြင်း​ကြောင့် ထို​စိတ်သဘောထား​ရှိလာ​ခြင်း​ဖြစ်သည်။—ဟေရှာယ ၁၂:၂; ဖိလိပ္ပိ ၄:၁၃

စိတ်​နှိမ့်ချ​သူသည် ဘုရားသခင့်​စံနှုန်း​များ​ကို သူ၏​ဘဝ​ကဏ္ဍအသီးသီး​တွင် နှိမ့်ချစွာ​ခံယူ​သည်; သူ​ထင်မြင်​ယူဆ​သည့်​အတိုင်း သို့​မဟုတ် အခြားသူများ​၏​ယူဆချက်​နှင့်​အညီ ဇွတ်​တ​ရွတ်​မ​လုပ်ပါ။ သင်ပေး​၍​ရသော​သူ၊ ယေဟောဝါ​၏​သွန်သင်မှု​ကို ခံယူ​လို​သူလည်း​ဖြစ်သည်။ ဆာလံဆရာ​ဒါဝိဒ်က ဤသို့​ရေးသားခဲ့​သည်– “[ယေဟောဝါ​သည်] စိတ်​နှိမ့်ချသော​သူတို့ကို တရားလမ်း​၌​ပို့ဆောင်​၍ လမ်းခရီးတော်​များ​ကို သွန်သင်​တော်​မူ​၏။”—ဆာလံ ၂၅:၉; သု. ၃:၅၊ ၆

အသင်​သည် မြေကြီးကို​အမွေခံ​မည့် “စိတ်​နှိမ့်ချသော​သူတို့” အဝင်​ဖြစ်​မည်​လော။ ယေဟောဝါ​နှင့် ကိုယ်တော်​၏​အလိုတော်ကို​သိရှိ​ရန် ကျမ်းစာ​ကို ဝီရိယ​ရှိ​ရှိ​လေ့လာ​ပြီး သိရှိ​ခဲ့​ရာ​များ​ကို လက်တွေ့​ကျင့်သုံး​ခြင်း​အားဖြင့် အသင်​လည်း မြေကြီး​ပရဒိသု​ကို အမွေခံ​ကာ ထာဝစဉ်​အသက်ရှင်ဖို့ စောင့်မျှော်​နိုင်​ပါ​သည်။—ယောဟန် ၁၇:၃

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

အာဒံ​နှင့်​ဧဝ​တို့ကို ပေး​ခဲ့​သော​တာဝန်​က မြေကြီး​နှင့်​ပတ်သက်သော ဘုရားသခင့်​ရည်ရွယ်ချက်ကို ထင်ရှားစေ

[စာမျက်နှာ ၆၊ ၇ ပါ ရုပ်ပုံ]

ရှောလမုန်​အုပ်ချုပ်ရေး​၏ ငြိမ်းချမ်းမှု​နှင့် သာယာ​ဝ​ပြော​မှု​တို့​က ကတိထားရာ​အမွေအနှစ်​နှင့်​ပတ်သက်သော ကြိုတင်​မြင်ကွင်း​တစ်ခု​ကို ဖော်​ပြပေး

[Credit Lines]

Sheep and background hill: Pictorial Archive (Near Eastern History) Est.; Arabian oryx: Hai-Bar, Yotvata, Israel; farmer plowing: Garo Nalbandian

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဖြောင့်မတ်​သော​ကမ္ဘာသစ် ရောက်လာ​တော့​မည်—ထို​တွင် သင်​ရှိ​မည်​လော