မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“တစ်ဦးကိုတစ်ဦး ချစ်ခင်တွယ်တာကြလော့”

“တစ်ဦးကိုတစ်ဦး ချစ်ခင်တွယ်တာကြလော့”

“တစ်ဦး​ကိုတစ်​ဦး ချစ်ခင်​တွယ်တာ​ကြလော့”

“ညီအစ်ကို​ချင်း​ချစ်ခြင်း​အရာ​မှာ တစ်ဦး​ကိုတစ်​ဦး ချစ်ခင်​တွယ်တာ​ကြလော့။”—ရောမ ၁၂:၁၀၊ က​ဘ။

၁၊ ၂။ ခရစ်ယာန်​သာသနာပြု​တစ်ဦး​နှင့် တမန်​တော်​ပေါလု​တို့သည် မိမိတို့၏​ညီအစ်ကို​များနှင့် အဘယ်​သို့​သော​ဆက်ဆံ​ရေး ရှိခဲ့​ကြ​သနည်း။

အရှေ့​ဖျား​ဒေသ​တွင် ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​ကို ၄၃ နှစ်​ကြာ အမှုဆောင်ခဲ့​စဉ်​တစ်လျှောက်​လုံး ဒေါ်န်​သည် သူ​တစ်​ထူး​အကျိုးကို လှိုက်လှိုက်လှဲလှဲ ဆောင်ရွက်​ပေး​သူ​အဖြစ် လူသိ​များ​၏။ သူ့​အသက်ကို ခြွေယူ​သွား​မည့်​ရောဂါ​နှင့် ယခု နပန်းလုံး​နေရ​ချိန်​တွင် ယခင်​က သူ​ကျမ်းစာ​သင်ပေးခဲ့​သူတချို့​သည် မိုင်​ထောင်ချီ​ဝေး​သော​အရပ်မှ ခရီး​ပြင်း​နှင်​လာ​ကာ သူ၏​ခုတင်​ဘေး​သို့​ရောက်လာ​ကြ​ပြီး ကိုရီးယား​ဘာသာ​စကား​ဖြင့် ခမ်ဆာမ်နီတာ၊ ခမ်ဆာမ်နီတာ!—“ကျေးဇူး​တင်​ပါ​တယ်၊ ကျေးဇူး​တင်​ပါ​တယ်!” ဟူ၍ ပြောဆို​ကြ​လေ​သည်။ ဒေါ်န်​၏ ချစ်ခင်​တွယ်တာ​တတ်​မှု​သည် သူတို့​ရင်ထဲ​ဝယ် စွဲ​နစ်​နေ​လေ​သည်။

အထက်ပါ​အခြေအနေ​မျိုးကို ဒေါ်န်​တစ်ဦးတည်း​သာ တွေ့ကြုံ​သည်မဟုတ်​ပါ။ ပထမ​ရာစု​က တမန်​တော်​ပေါလု​သည် မိမိ​အကျိုး​ဆောင်ပေး​ခဲ့​သူတို့ကို အလွန်​တွယ်တာ​ခဲ့​၏။ ထို့​ပြင် ပေါလု​သည် အ​နစ်နာ​လည်း​ခံ​ခဲ့​သည်။ သူသည် ခံယူ​ချက်​ခိုင်မာ​သူ​တစ်ဦး​ဖြစ်သော်လည်း “နို့​ထိန်း​သည် မိမိ​သူငယ်​တို့ကို မွေးမြူ​သကဲ့သို့” နူးညံ့​၍ ဂရုစိုက်​ပေး​တတ်​သူ​ဖြစ်သည်။ သက်သာလောနိတ်​အသင်းတော်​ထံ သူ​ဤသို့​ရေးသားခဲ့​၏– “သင်တို့ကို​ချစ်သော​ကြောင့် နို့​ထိန်း​သည် မိမိ​သူငယ်​ကို ကျွေးမွေး​ပြုစု​သကဲ့သို့၊ ငါ​တို့သည် သင်တို့ကို နှမြော​စုံမက် [“ချစ်ခင်​တွယ်တာ၊” က​ဘ] ခြင်း​နှင့်​တကွ၊ ဘုရားသခင်​၏​ဧဝံဂေလိတရား​ကို​မျှ​မ​က၊ ကိုယ်​အသက်ကို​ပင်​ပေး​ချင်​သော စေတနာ​စိတ်​ရှိကြ​၏။” (၁ သက်သာလောနိတ် ၂:၇၊ ၈သမ္မာ) နောက်ပိုင်း​တွင် ပေါလု​က မိမိကို နောက်​တစ်ဖန် တွေ့ရ​တော့​မည်​မဟုတ်​ကြောင်း ဧဖက်​မြို့မှ ညီအစ်ကို​များ​ကို ပြောပြ​သောအခါ “ထို​သူအပေါင်း​တို့သည် အလွန်​ငိုကြွေး​၍ ပေါလု​၏​လည်ပင်း​ကို​ဖက်ယမ်း​လျက် သူ့ကို​နမ်း​ကြ​၏။” (တမန်​တော် ၂၀:၂၅၊ ၃၇) ပေါလု​နှင့် ညီအစ်ကို​များ​၏​ပေါင်းသင်း​ဆက်ဆံမှု​သည် ယုံကြည်ခြင်း​တူ​ရုံ​ထက်မက ပို​၍​နက်ရှိုင်း​သည်။ သူတို့သည် တစ်ဦး​ကိုတစ်​ဦး ချစ်ခင်​တွယ်တာ​ခဲ့​ကြသည်။

ချစ်ခင်​တွယ်တာမှု​နှင့် ချစ်ခြင်း​မေတ္တာ

၃။ ချစ်ခင်​တွယ်တာမှု​နှင့် ချစ်ခြင်း​မေတ္တာ​ဟူသော ကျမ်းစာ​အသုံးအနှုန်း​များသည် မည်သို့​ဆက်စပ်​နေကြ​သနည်း။

သမ္မာကျမ်းစာ​တွင် ချစ်ခင်​တွယ်တာမှု၊ ကိုယ်ချင်းစာ​နာ​မှု​နှင့် ထောက်ထား​ညှာတာမှု​တို့ကို ခရစ်ယာန်​အရည်အသွေးများ​တွင် အမြင့်မြတ်ဆုံး​ဖြစ်သော ချစ်ခြင်း​မေတ္တာ​နှင့် ပူးတွဲ​ထား​သည်။ (၁ သက်သာလောနိတ် ၂:၈; ၂ ပေတရု ၁:၇) ဘုရားသခင်​ရေးရာ ထို​အရည်အသွေး​အားလုံး​သည် လှပသော​စိန်​တစ်လုံး​၏ တာ​ကွက်​များ​ကဲ့သို့ ညီမျှ​ပြီး အပြန်အလှန်​ဖြည့်ဆည်း​ပေး​ကြသည်။ ယင်း​အရည်အသွေးများ​သည် ခရစ်ယာန်​အချင်းချင်း​ကို ပို​၍​ရင်းနှီး​စေ​သည်​သာမက သူတို့၏ ကောင်းကင်​ခမည်းတော်​နှင့်​လည်း ရင်းနှီးမှု​ရှိစေသည်။ ထို့​ကြောင့် တမန်​တော်​ပေါလု​က ယုံကြည်သူချင်း​များ​ကို ဤသို့​တိုက်တွန်း​သည်– “မေတ္တာ​စိတ်​သည် အရေခြုံမှု​နှင့် ကင်း​စေ​လော့။ . . . ညီအစ်ကို​ချင်း​ချစ်ခြင်း​အရာ​မှာ တစ်ဦး​ကိုတစ်​ဦး ချစ်ခင်​တွယ်တာ​ကြလော့။”—ရောမ ၁၂:၉၊ ၁၀က​ဘ။

၄။ “ချစ်ခင်​တွယ်တာမှု” ဟူသော​အသုံးအနှုန်း​က အဘယ်အရာကို ဆိုလို​သနည်း။

“ချစ်ခင်​တွယ်တာမှု” အတွက် ပေါလု​အသုံးပြု​ခဲ့​သည့် ဂရိ​စကားလုံး​သည် ခင်မင်​ရင်းနှီးမှု​နှင့် ပင်ကို​တွယ်တာမှု​တို့၏ နှစ်မျိုး​စပ်​အဓိပ္ပာယ်​ဖြစ်သည်။ ကျမ်း​ပညာရှင်​တစ်ဦး ရှင်းပြ​သည့်​အတိုင်း ခရစ်ယာန်​များ​တွင် “ချစ်ခင်​စည်းလုံး​ပြီး အပြန်အလှန် ဖေး​မပေး​တတ်​သည့် မိသားစု​အသွင်ဆောင်​သော တွယ်တာ​မြတ်နိုးမှု​မျိုး ရှိ​ရ​ကြ​မည်” ဟူ​သည့် အဓိပ္ပာယ်​ဖြစ်သည်။ သင်၏ ခရစ်ယာန်​ညီအစ်ကို​ညီအစ်မ​များနှင့်​ပတ်သက်​၍ သင်​ထိုသို့​ခံစားရ​သလော။ ခရစ်ယာန်​အသင်းတော်တွင် ဆွေမျိုးရင်းချာ​ပ​မာ ဖော်ရွေ​ပျူ​ငှာ​သည့် စရိုက်​လက္ခဏာ​ဝန်းကျင်​မျိုး လွှမ်းမိုး​နေ​သင့်​သည်။ (ဂလာတိ ၆:၁၀) သို့​ဖြစ်၍၊ ဂျေ. ဘီ. ဖီး​လ​စ္စ​၏ ခေတ်​သစ်​အင်္ဂလိပ်​ဓမ္မသစ်​ကျမ်း​က ရောမ ၁၂:၁၀ ကို ဤသို့​အနက်ဖွင့်​သည်– “ညီရင်း​အစ်ကို​များ​ပ​မာ တစ်ဦး​နှင့်​တစ်ဦး အမှန်​ဖော်ရွေ​ပျူ​ငှာ တွယ်တာ​ကြ​စို့။” ယေရုရှလင်​သမ္မာကျမ်းစာ​တွင်​လည်း ဤသို့​ဖတ်​ရ၏– “ညီအစ်ကို​ချင်း​ချစ်​သကဲ့သို့ တတ်နိုင်​သ၍ အချင်းချင်းချစ်​ကြလော့။” ခရစ်ယာန်​အချင်းချင်းချစ်​ခြင်း​သည် ချစ်​သင့်​၍၊ တာဝန်​ရှိ၍ ချစ်ခြင်း​မျှ​သာ​မဟုတ်ပေ။ “ညီအစ်ကို​တို့ကို ချစ်​ယောင်​မ​ဆောင်၊” “စိတ်နှလုံး​ပါ​လျက် အချင်းချင်း​အား​ကြီးသော ချစ်ခြင်း​မေတ္တာ​ရှိ” သင့်​သည်။—၁ ပေတရု ၁:၂၂သမ္မာ။

‘တစ်ဦး​ကို​တစ်ဦး​ချစ်​ရန် ဘုရားသခင် သွန်သင်ပေး’

၅၊ ၆။ (က) မိမိလူ​မျိုး​တော်​အား ခရစ်ယာန်​ချစ်ခင်​တွယ်တာမှု​အကြောင်း သွန်သင်ပေး​ရန် အပြည်ပြည်ဆိုင်ရာ​စည်းဝေးကြီး​များ​ကို ယေဟောဝါ​မည်သို့​အသုံးပြု​တော်​မူ​သနည်း။ (ခ) ညီအစ်ကို​များ​စပ်ကြား ရင်းနှီးမှု​နှောင်ကြိုး​သည် အချိန်​အတန်ကြာ​အတွင်း မည်သို့​ပို​ခိုင်မြဲ​လာ​သနည်း။

ဤ​လောကတွင် “အများ​သော​သူတို့၏ ချစ်ခြင်း​မေတ္တာ” သည် ခေါင်းပါး​နေ​သော်လည်း ‘တစ်ဦး​ကို​တစ်ဦး​ချစ်​ရန်’ ခေတ်​သစ်​လူမျိုးတော်​အား ယေဟောဝါ​သွန်သင်ပေး​နေ​တော်​မူ​သည်။ (မဿဲ ၂၄:၁၂; ၁ သက်သာလောနိတ် ၄:၉) ယေဟောဝါသက်သေ​များ​၏ အပြည်ပြည်ဆိုင်ရာ​စည်းဝေးကြီး​များသည် ဤ​လေ့ကျင့်ပေး​မှု​ကို ရရှိ​ထား​ကြောင်း တင်ပြ​သည့် ထူးခြားသော​အခါသမယ​များ​ဖြစ်​ကြ​၏။ ထို​စည်းဝေးကြီး​များ​၌ ဒေသခံ​သက်သေ​များသည် အလွန်​ဝေးလံ​သည့်​နိုင်ငံ​များ​မှ ရောက်လာ​ကြ​သည့် ညီအစ်ကို​များနှင့် တွေ့ဆုံ​မိတ်ဆက်​ကြ​ကာ အများ​သော​သူတို့သည် တိုင်းတစ်ပါး​ကိုယ်စားလှယ်​များ​ကို မိမိတို့၏​အိမ်​တွင် တည်းခို​စေ​ခဲ့​ကြသည်။ မကြာသေးမီ​က ကျင်းပ​သော စည်းဝေးကြီး​တစ်ခု​သို့ ဣန္ဒြေ​စောင့်စည်း​တတ်​သူများ​နေထိုင်ရာ နိုင်ငံ​များ​မှ လူတချို့ ရောက်လာ​ကြ​၏။ “အဲဒီ​ကိုယ်စားလှယ်​တွေ စ​ရောက်လာ​ချိန်မှာ အတော့်​ကို​မဝံ့မရဲ ဖြစ်နေ​ကြတယ်။ ဒါပေမဲ့ ခြောက်​ရက်​ကြာပြီးနောက် ခွဲခွာ​ရတော့မယ့်​အချိန်​မှာ သူတို့ရဲ့ အိမ်ရှင်​တွေ​ရော သူတို့တွေ​ပါ တစ်ယောက်ကို​တစ်ယောက်​ဖက်ပြီး ငို​ကြ​တော့​တယ်။ သူတို့​အားလုံး ဘယ်တော့မှ မေ့​ကြ​မှာ​မဟုတ်တဲ့ ခရစ်ယာန်​မေတ္တာကို လှိုက်လှိုက်လှဲလှဲ ခံစား​ခဲ့​ရ​ကြတယ်” ဟု တည်းခို​ရေး​တွင် ကူညီ​ပေး​ခဲ့​သည့် ခရစ်ယာန်​တစ်ဦး​က ပြန်​ပြောပြ​၏။ ညီအစ်ကို​များ​၏​နောက်ခံ မည်သို့​ပင်​ရှိပါစေ ဧည့်ဝတ်​ပျူငှာခြင်း​သည် ဧည့်သည်​နှင့် အိမ်ရှင်​တို့​တွင်​ရှိသည့် အကောင်းဆုံး​အရည်အသွေးများ​ကို ထွက်ပေါ်​လာ​စေနိုင်​သည်။—ရောမ ၁၂:၁၃

ထို​စည်းဝေးကြီး​အတွေ့အကြုံ​များ​က ဘဝင်​လှုပ်ရှား​စ​ရာ​ပင်၊ သို့သော် ယေဟောဝါ​၏​အမှုတော်ကို အချိန်​အတန်ကြာ အတူတကွ​ထမ်းဆောင်​ကြ​မည်​ဆိုလျှင် ခရစ်ယာန်​အချင်းချင်း ပိုမို​ရင်းနှီး​ချစ်ခင်​လာပေမည်။ ညီအစ်ကို​များနှင့် ကျွန်ုပ်​တို့​အကျွမ်းတဝင်​ရှိလာ​သောအခါ သူတို့၏ ချစ်စရာ​အရည်အသွေးများ​ဖြစ်သော ဖြောင့်မတ်မှု၊ ယုံကြည်​ကိုးစား​ထိုက်​မှု၊ တည်ကြည်မှု၊ ကြင်နာ​မှု၊ ရက်ရောမှု၊ ထောက်ထား​စာနာမှု​နှင့် ကိုယ်ကျိုးမဖက်​မှု​တို့ကို ပို​တန်ဖိုး​ထား​တတ်လာ​သည်။ (ဆာလံ ၁၅:၃-၅; သု. ၁၉:၂၂) အရှေ့​အာဖရိကတွင် ခရစ်ယာန်​သာသနာပြု​ခဲ့​သူ မာ့ခ်​က “ညီအစ်ကို​တွေ​နဲ့ ပခုံး​ချင်း​ယှဉ်​အမှုဆောင်​ကြ​တဲ့​အတွက် မေတ္တာ​နှောင်ကြိုး ပို​ခိုင်မြဲ​လာတယ်” ဟု ပြောပြ​သည်။

၇။ အသင်းတော်တွင် ခရစ်ယာန်​ချစ်ခင်​တွယ်တာမှု​ရှိကြ​ရန် ကျွန်ုပ်​တို့ကို အဘယ်အရာ​တောင်းဆို​ထား​သနည်း။

အသင်းတော်​တစ်ခု​တွင် ထို​နှောင်ကြိုး​မျိုး​ရှိပြီး ဆက်​ခိုင်မြဲ​စေဖို့ အသင်းသားများ​သည် တစ်ဦး​နှင့်​တစ်ဦး ခင်မင်​ရင်းနှီး​ကြ​ရမည်။ ခရစ်ယာန်​အစည်းအဝေး​များ​ကို မှန်မှန်​တက်ရောက်ခြင်း​အားဖြင့် ညီအစ်ကို​ညီအစ်မ​များ​အပေါ် သံယောဇဉ်​ကြီး​လာ​ကြ​၏။ အစည်းအဝေး​မတိုင်မီ၊ အစည်းအဝေး​ကျင်းပ​နေစဉ်​နှင့် အစည်းအဝေး​ပြီး​နောက်​တွင် ရှိနေခြင်း​အားဖြင့် ‘မေတ္တာ​စိတ်​ရှိစေ​၍ ကောင်းသော​အကျင့်​ကျင့်​စေရန်’ တစ်ဦး​ကိုတစ်​ဦး အားပေး​လှုံ့ဆော်​ကြသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) “ကျွန်တော် မှတ်မိ​သေး​တယ်၊ ငယ်ငယ်​တုန်း​က​ဆိုရင် ကျွန်တော်​တို့​မိသားစုဟာ ရင်းရင်းနှီးနှီး​နဲ့ အားပေး​စကားပြော​ဆို​ဖို့ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ကနေ အမြဲလိုလို နောက်ဆုံး​ကျ​မှ ထွက်ခွာ​ကြတယ်” ဟု အမေရိကန်​ပြည်ထောင်စု​မှ အကြီးအကဲ​တစ်ဦး​က ပြောပြ​သည်။

“ကျယ်ဝန်း​သော​စိတ်​ရှိ” ဖို့​လို​သလော

၈။ (က) “ကျယ်ဝန်း​သော​စိတ်​ရှိ” ကြ​ရန် ကောရိန္သု​မြို့သား​များ​အား ပေါလု​တိုက်တွန်း​သောအခါ အဘယ်အရာကို သူ​ဆိုလို​ခဲ့​ခြင်း​ဖြစ်သနည်း။ (ခ) အသင်းတော်​အတွင်း ချစ်ခင်​တွယ်တာမှု​တိုးပွား​လာရန် ကျွန်ုပ်​တို့ အဘယ်အရာ​လုပ်ဆောင်​နိုင်​သနည်း။

အားလုံး​နှင့် ချစ်ခင်​တွယ်တာမှု​ရှိ​ရန် “ကျယ်ဝန်း​သော​စိတ်​ရှိ” ဖို့​လို​ပေမည်။ ကောရိန္သု​အသင်းတော်​ထံ တမန်​တော်​ပေါလု ဤသို့​စာရေး​ခဲ့​သည်– “ငါ​တို့ . . . စိတ်နှလုံး​သည်လည်း ကျယ်ဝန်း​၏။ ငါ​တို့​၌ သင်တို့သည် ကျဉ်း​မြောင်း​သည်မဟုတ်။” တုံ့ပြန်​သည့်​အနေ​ဖြင့် သူတို့တွင် “ကျယ်ဝန်း​သော​စိတ်​ရှိ” ကြ​ရန် ပေါလု​တိုက်တွန်း​ခဲ့​၏။ (၂ ကောရိန္သု ၆:၁၁-၁၃) အသင်​လည်း မိမိ၏​ချစ်ခင်​တွယ်တာမှု​ကို “ကျယ်ဝန်း” စေနိုင်​ပါသလော။ သင့်ထံ သူတစ်ပါး​ချဉ်းကပ်​လာ​သည်​အထိ စောင့်နေ​စ​ရာ​မလို​ပေ။ ရောမမြို့​သားများ​ထံ ပေါလု​ရေး​သည့်​စာ​တွင် ချစ်ခင်​တွယ်တာမှု ရှိ​ရမည့်​အပြင် “အချင်းချင်း ချီးမြှောက်​ဂုဏ်ပြုခြင်း​၌ ဦးဆောင်​ကြ​ပါ” ဟု အကြံပေး​ထား​သည်။ (ရောမ ၁၂:၁၀က​ဘ) အခြား​သူများကို ချီးမြှောက်​ဂုဏ်ပြု​ရန် အစည်းအဝေး​များ​တွင် သင်က​အစပြု​၍ သူတို့ကို နှုတ်ဆက်​စကားပြော​ဆိုနိုင်​သည်။ ထို့​အပြင် လယ်ကွင်း​ဓမ္မ​အမှု​တွင် သို့​မဟုတ် စည်းဝေး​အတွက် ပြင်ဆင်​ရာ​တွင် သင်​နှင့်အတူ​ပါဝင်​ရန် သူတို့ကို ဖိတ်ခေါ်​နိုင်​သည်။

၉။ လူတချို့​သည် ခရစ်ယာန်​ချင်း​များနှင့် ပိုမို​ရင်းနှီးသော​မိတ်ဆွေများ​ဖြစ်လာ​ရန် အဘယ်​ခြေလှမ်း​များ လှမ်း​ခဲ့​ကြပြီ​နည်း။ (ဒေသခံ​အဖြစ်အပျက်​တစ်ခုခု ပါဝင်​စေပါ။)

ထို့​အပြင် အသင်းတော်​ရှိ မိသားစု​များနှင့် တစ်ဦးစီ​တို့သည် အချင်းချင်း​ထံ​လည်ပတ်​၍ မိတ်​ဆုံ​စားသောက်​ကြ​ကာ ပေါင်းသင်း​ဆက်ဆံ​ကြ​ခြင်း​အားဖြင့် “ကျယ်ဝန်း​သော​စိတ်​ရှိ” နိုင်​ကြသည်။ (လုကာ ၁၀:၄၂; ၁၄:၁၂-၁၄) ဟာ​ကော့ပ်​သည် အခါ​အား​လျော်​စွာ လူနည်းစု​နှင့် ပျော်ပွဲစား​ထွက်​လေ့​ရှိသည်။ “လူကြီးလူငယ်​အရွယ်​စုံ​ပဲ၊ ကြင်ဖော်​မဲ့​မိဘတွေကော ပါ​တယ်။ အားလုံး ပျော်ပျော်ရွှင်ရွှင်​နဲ့ အိမ်ပြန်ကြ​တယ်၊ ပြီး​တော့ တစ်ယောက်​နဲ့​တစ်ယောက် ပို​ရင်းနှီး​လာကြတယ်” ဟု သူက ပြန်​ပြောပြ​သည်။ ခရစ်ယာန်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် ယုံကြည်သူချင်း​များ​ဖြစ်​ဖို့​သာမက မိတ်ဆွေစစ်​များလည်း​ဖြစ်​ဖို့ ကြိုးစား​သင့်​သည်။—၃ ယောဟန် ၁၄

၁၀။ ဆက်ဆံ​ရေး​တင်းမာ​လာ​ပါ​က ကျွန်ုပ်​တို့ အဘယ်အရာ​လုပ်ဆောင်​နိုင်​သနည်း။

၁၀ သို့သော်၊ တစ်ခါတစ်ရံ မစုံလင်မှု​များ​ကြောင့် ခင်မင်​ရင်းနှီး​ဖို့၊ ချစ်ခင်​တွယ်တာ​ဖို့ အခက်တွေ့​နိုင်​သည်။ ထို​အခါ အဘယ်အရာ လုပ်ဆောင်​နိုင်​သနည်း။ ဦးဆုံး၊ ညီအစ်ကို​များနှင့် ကောင်းသော​ဆက်ဆံ​ရေး​ရှိဖို့ ကျွန်ုပ်​တို့​ဆုတောင်း​နိုင်​သည်။ ဘုရားသခင့်​အလိုတော်​မှာ မိမိ၏​ကျေးကျွန်​များ တစ်ဦး​နှင့်​တစ်ဦး ရင်းနှီး​ဖော်ရွေ​ကြ​ရန်ဖြစ်​သည်။ ထိုသို့​သော​သူများ​၏ စိတ်ရင်းမှန်​နှင့်​တောင်း​သည့် ဆုတောင်းချက်​များ​ကို ကိုယ်တော်​ဖြေကြား​ပေး​တော်​မူ​မည်။ (၁ ယောဟန် ၄:၂၀၊ ၂၁; ၅:၁၄၊ ၁၅) ထို့​ပြင် ကျွန်ုပ်​တို့သည် မိမိတို့၏​ဆုတောင်းချက်​များနှင့်​အညီ လုပ်ဆောင်​သင့်​၏။ အရှေ့​အာဖရိက​ရှိ နယ်လှည့်​အမှုထမ်း​တစ်ဦး​ဖြစ်သူ ရ​စ်ခ်​က ခက်ထန်​ကြမ်းတမ်း​သည့်​စရိုက်​ကြောင့် ပေါင်းသင်း​ရ​ခက်​သည့် ညီအစ်ကို​တစ်ဦး​အကြောင်း ပြန်​ပြောပြ​သည်။ “အဲဒီ​ညီအစ်ကို​ကို ရှောင်ဖယ်​ရှောင်ဖယ်​လုပ်မယ့်​အစား သူ့ကို​သိကျွမ်း​လာဖို့ ကြိုးစား​လိုက်တယ်။ အဲဒီ​ညီအစ်ကို​ရဲ့​အဖေက စည်းကမ်း​တင်းကျပ်​သူ​ဖြစ်​မှန်း သိလာ​ရတယ်။ သူ့ရဲ့​နောက်ခံ​ကြောင့် ခက်ထန်​ကြမ်းတမ်း​တဲ့​သဘောကို ဘယ်လို​ချိုးနှိမ်​ခဲ့​ရပြီး ဘယ်လောက်​ပြောင်းလဲ​လာတယ်ဆိုတာ​ကို ကျွန်တော်​သဘောပေါက်​သွားတဲ့အခါ သူ့ကို လေးစား​မိတယ်။ နောက်တော့ ကျွန်တော်​တို့ မိတ်ဆွေကောင်း​တွေ ဖြစ်လာ​ကြတယ်” ဟု ရ​စ်ခ်​က ရှင်းပြ​၏။—၁ ပေတရု ၄:၈

ပွင့်လင်း​စွာ ပြောဆို​ပါ!

၁၁။ (က) အသင်းတော်၌ ချစ်ခင်​တွယ်တာမှု​တိုးပွား​လာ​စေရန် အဘယ်အရာ​လိုအပ်​သနည်း။ (ခ) အခြား​သူများ​နှင့်​စိမ်းကား​နေခြင်း​က အဘယ်ကြောင့် ဝိညာဉ်​ရေး​ကို ထိခိုက်​စေနိုင်​သနည်း။

၁၁ ယနေ့ လူများစွာ​တို့သည် ခင်မင်​ရင်းနှီး​သည့် မိတ်ဆွေ​မရှိဘဲ ဘဝကို ကျော်ဖြတ်​ကြသည်။ အလွန်​ဝမ်းနည်းစရာပင်! ခရစ်ယာန်​အသင်းတော်၌ ဤသို့ ဖြစ်စရာ​မလိုပါ၊ ဖြစ်​လည်း​မဖြစ်​သင့်​ချေ။ စစ်မှန်သော ညီအစ်ကို​ချင်း​မေတ္တာသည် ယဉ်ကျေး​သိမ်မွေ့စွာ ပြုမူ​ပြောဆိုခြင်း​မျှ​မဟုတ်; အခြားသူများ​အပေါ် ဟန်​မူ​ရာ​ပို​လွန်း​ခြင်း​မျိုး​လည်း မဟုတ်ပေ။ ယင်းအစား၊ ပေါလု​သည် ကောရိန္သု​မြို့သား​များ​ကို ပွင့်လင်း​စွာ ပြောဆို​ခဲ့​သကဲ့သို့ ကျွန်ုပ်​တို့​လည်း ပွင့်လင်း​စွာ ပြောဆို​ကာ ယုံကြည်သူချင်း​များ​၏​အကျိုးကို အမှန်​စိတ်ဝင်စား​ကြောင်း ဖော်ပြ​လို​စိတ်​ရှိ​သင့်​သည်။ လူတိုင်း​သည် ပင်ကို​အားဖြင့် အဖော်​မင်​တတ်​သူ၊ စကား​များ​သူ ဖြစ်​မည်​မဟုတ်သော်လည်း ဘာသိဘာသာ​နေ​လွန်း​လျှင်​လည်း ထိခိုက်​နစ်နာ​နိုင်​သည်။ “သူတစ်ပါး​နှင့် မ​ရောနှော​သော​သူသည် မိမိ​အလိုဆန္ဒ ပြည့်စုံစေရန်​သာ ရှာဖွေ​၍ ပညာ​လမ်းအတိုင်း​မလိုက်​ဘဲ မကောင်း​ကြံစည်​ပြုလုပ်​တတ်၏” ဟု ကျမ်းစာ​က​သတိပေး​၏။—သု. ၁၈:၁သမ္မာ။

၁၂။ အသင်းတော်၌ ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိ​ရန် အဘယ်ကြောင့် ကောင်းသော​ဆက်သွယ်ရေး မရှိမဖြစ်​လိုအပ်​သနည်း။

၁၂ ရိုးသား​ပွင့်လင်း​စွာ ပြောဆို​ဆက်ဆံမှု​သည် စစ်မှန်သော​မိတ်ဆွေဖွဲ့​မှု​၏ အခြေခံ​ဖြစ်သည်။ (ယောဟန် ၁၅:၁၅) ကျွန်ုပ်​တို့၏ မျိုသိပ်​ထားသော သဘောထား​နှင့် ခံစားချက်​များ​ကို ပြောပြ​နိုင်​မည့် မိတ်ဆွေများ ရှိဖို့လို​သည်။ ထို့​အပြင်၊ တစ်ဦး​ကိုတစ်​ဦး ကောင်းကောင်း​သိကျွမ်း​လာ​လေ တစ်ဦး​နှင့်​တစ်ဦး လိုအပ်ရာ​များ​ကို ဖြည့်ဆည်း​ပေး​ရန် ပို​၍​လွယ်ကူ​လာ​လေ​ဖြစ်သည်။ ဤနည်းဖြင့် တစ်ဦး​နှင့်​တစ်ဦး စိတ်ဝင်စားမှု​ပြ​သည့်​အခါ ချစ်ခင်​တွယ်တာမှု​တိုးပွား​လာပြီး ယေရှု၏ ဤ​စကား​များ မှန်ကန်ကြောင်း ကျွန်ုပ်​တို့​ခံစားရ​ပေ​လိမ့်​မည်– “ခံယူ​ခြင်း​အရာ​ထက် ပေးကမ်း​ခြင်း​အရာ​သည် သာ၍[ပျော်ရွှင်] သည်။”—တမန်​တော် ၂၀:၃၅သမ္မာ; ဖိလိပ္ပိ ၂:၁-၄

၁၃။ ကျွန်ုပ်​တို့၏​ညီအစ်ကို​များ​အပေါ် စစ်မှန်သော​ချစ်ခင်​တွယ်တာမှု​ရှိကြောင်း ဖော်ပြ​ရန် ကျွန်ုပ်​တို့ အဘယ်အရာ​လုပ်ဆောင်​နိုင်​သနည်း။

၁၃ ကျွန်ုပ်​တို့၏​ချစ်ခင်​တွယ်တာမှု​မှ အကျိုး​အများဆုံး​ရရှိစေရန် ယင်းကို ဖော်​ပြပေး​ဖို့​လို​သည်။ (သု. ၂၇:၅) ကျွန်ုပ်​တို့၏​ချစ်ခင်​တွယ်တာမှု​သည် စစ်မှန်​ပါ​က မျက်နှာ​တွင်​ပေါ်လွင်​နေ​ကာ သူ​တစ်ဖက်သား​အား တုံ့ပြန်​လာ​စေ​သည်။ ပညာရှိ​တစ်ဦး​က “မျက်စိ​အလင်း [“တောက်ပ​သော​မျက်ဝန်း”၊ က​ဘ] သည် စိတ်နှလုံး​ကို ရွှင်လန်း​စေ​တတ်၏” ဟု ရေးသားခဲ့​၏။ (သု. ၁၅:၃၀) ထောက်ထား​စာနာမှု​ရှိသော လုပ်ရပ်များ​က​လည်း ချစ်ခင်​တွယ်တာမှု​ကို တိုးပွား​လာ​စေ​သည်။ စစ်မှန်သော​ချစ်ခင်​တွယ်တာမှု​ကို မည်သူမျှ ငွေ​နှင့်​မဝယ်​ယူ​နိုင်​သော်လည်း စိတ်​စေတနာ​အပြည့်​ဖြင့်​ပေး​သော လက်ဆောင်​လေး​တစ်ခု​သည် အလွန်​အဓိပ္ပာယ်​ရှိ​နိုင်​သည်။ ကတ်​လေး​တစ်ခု၊ စာ​လေး​တစ်စောင်၊ ‘အခန့်သင့်​ပြောဆို​လိုက်​သော စကား​လေး​တစ်ခွန်း’ က အလွန်​ချစ်ခင်​တွယ်တာ​ကြောင်း ဖော်​ပြပေး​နိုင်​သည်။ (သု. ၂၅:၁၁က​ဘ; ၂၇:၉) အခြား​သူများ​နှင့် ကျွန်ုပ်​တို့ ရင်းနှီးမှု​ရှိလာပြီ​ဆိုလျှင် မိတ်​မပျက်​ဖို့ ကိုယ်ကျိုးမဖက်​သည့် ချစ်ခင်​တွယ်တာမှု​ကို ဆက်​တင်ပြ​သွား​ရမည်။ အထူးသဖြင့် အကူအညီ​လိုအပ်​နေသည့်​အချိန်တွင် ကျွန်ုပ်​တို့၏​မိတ်ဆွေများ​ကို ကူညီ​ပေး​လို​ပေမည်။ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “အဆွေ​ခင်ပွန်း​သည် အခါ​ခပ်သိမ်း​ချစ်တတ်​၏။ ညီအစ်ကို​သည် ဒုက္ခ​ကာလ​အဖို့ မွေးဖွား​လျက်​ရှိ၏။”—သု. ၁၇:၁၇

၁၄။ ကျွန်ုပ်​တို့၏​ချစ်ခင်​တွယ်တာမှု​ကို တစ်စုံ​တစ်ယောက်​က တုံ့ပြန်​ပုံ​မ​ပေါက်​လျှင် ကျွန်ုပ်​တို့ အဘယ်အရာ​လုပ်ဆောင်​နိုင်​သနည်း။

၁၄ အမှန်​အားဖြင့် အသင်းတော်​ရှိသူ​တိုင်း​နှင့် ကျွန်ုပ်​တို့ ခင်မင်​ရင်းနှီး​နိုင်​မည်​မဟုတ်​ချေ။ လူတချို့ကို အခြားသူ​တွေ​ထက် ကျွန်ုပ်​တို့ ပို​ရင်းနှီး​ကြ​မည်​မှာ အမှန်ပင်။ ထို့​ကြောင့် တစ်ဦး​တစ်ယောက်​သည် သင်​ဖြစ်စေချင်​သလို သင်​နှင့်​ရင်းနှီး​မလာ​လျှင် မိမိ​ဖြစ်စေ၊ ထို​သူ​ဖြစ်စေ ချွတ်ယွင်း​နေ၍​ဖြစ်​မည်​ဟု အလျင်အမြန် ကောက်ချက်​မချ​လိုက်ပါ​နှင့်။ ထို​သူနှင့် ခင်မင်​ရင်းနှီးအောင် အတင်း​မကြိုးစား​ပါ​နှင့်။ ထို​သူ​ခွင့်ပြု​သ၍ သင်​ဖော်ရွေမှု​ပြ​နိုင်​သမျှ ဆက်​ပြ​သွား​မည်​ဆိုလျှင် နောင်​တွင် တဖြည်းဖြည်း သင်​နှင့်​ရင်းနှီး​လာ​စ​ရာ​အကြောင်း ရှိ​ပေမည်။

“သင်​ကား ငါ​နှစ်သက်​မြတ်နိုးရာ” ဖြစ်၏

၁၅။ ချီးမွမ်း​ပြောဆိုခြင်း၊ မပြော​ဆို​ခြင်း​က အခြားသူ​တို့​အပေါ် အဘယ်​အကျိုး​သက်ရောက်​သနည်း။

၁၅ မိမိ​နှစ်ခြင်း​ခံ​ချိန်​တွင် “သင်​ကား ငါ​နှစ်သက်​မြတ်နိုးရာ” ဖြစ်၏​ဟူသော ကောင်းကင်​မှ​အသံတော်​ကို ကြား​ရသောအခါ ယေရှု ဝမ်းသာ​လိုက်​မည်​ဖြစ်​ခြင်း! (မာကု ၁:၁၁) နှစ်သက်​လက်ခံ​ကြောင်း ဤ​ဖော်ပြချက်​သည် မိမိ​အား ခမည်းတော်​အလွန်​ချစ်ခင်​တွယ်တာ​သည်​ဟူသော ယေရှု၏​ခံယူ​ချက်​ကို ပို​ခိုင်မြဲ​စေ​ခဲ့​ရမည်။ (ယောဟန် ၅:၂၀) ဝမ်းနည်းစရာမှာ လူ​အချို့​သည် မိမိတို့​လေးစား​ချစ်​မြတ်နိုးသူ​များ​ထံ​မှ ဤသို့​သော စကား​မျိုးကို မကြား​ဖူး​ကြ​ပေ။ “ကျွန်မ​လို​ပဲ လူငယ်​အတော်များများမှာ ကိုယ့်ရဲ့​ခရစ်ယာန်​ယုံကြည်ချက်ကို လက်မခံ​တဲ့ အိမ်သားတွေ​ရှိကြတယ်။ အိမ်မှာ ဝေဖန်​သံ​တွေ​ပဲ ကြား​ရတယ်။ အဲဒါ​က ကျွန်မ​တို့ကို အရမ်း​ဝမ်းနည်း​စေတယ်” ဟု အဲ​န်း​က​ဆို​သည်။ သို့သော် ထို​သူတို့သည် အသင်းတော်​သားများ​ဖြစ်လာ​ကြသောအခါ ယုံကြည်ခြင်း​တူ​သူ ဝိညာဉ်​ရေး ဖခင်​မိခင်များ၊ ညီအစ်ကို​ညီအစ်များ​၏ ဖေးမ​ကူညီ​မှု၊ ဂရုစိုက်​မှု​တို့​က သူတို့ကို နွေးထွေးမှု​ရှိစေသည်။—မာကု ၁၀:၂၉၊ ၃၀; ဂလာတိ ၆:၁၀

၁၆။ အခြား​သူတို့ကို အပြစ်ရှာ​ခြင်း​က အဘယ်ကြောင့် အထောက်အကူ​မဖြစ်​နိုင်​သနည်း။

၁၆ အချို့​သော ယဉ်ကျေးမှု​များ​တွင် မိဘများ၊ အသက်ကြီးသူ​များနှင့် ဆရာ​ဆရာမ​များသည် လူငယ်များ​ကို အားတက်သရော မ​ချီးမွမ်း​ကြ​ချေ၊ ထိုသို့​ချီးမွမ်း​ပေးခြင်း​က သူတို့​လေး​များ​အား ကိုယ့်​ကိုယ်ကို အားရ​ကျေနပ် သို့​မဟုတ် ဘဝင်မြင့်​သွား​စေနိုင်​သည်​ဟု ထင်မြင်​ယူဆကြ​သည်။ ခရစ်ယာန်​မိသားစု​များနှင့် အသင်းတော်၌​ပင် ထို​အတွေးမျိုး ရှိ​နိုင်​သည်။ ဟောပြောချက်​တစ်ခု သို့​မဟုတ် အခြား​ကြိုးပမ်း​လုပ်ဆောင်မှု​တစ်ခု​နှင့်​ပတ်သက်​၍ လူကြီး​များ​က “မဆိုးပါဘူး၊ ဒါပေမဲ့ ဒီထက်​ပို​ကောင်း​အောင် ကြိုးစား​နိုင်​သေး​တယ်!” ဟု​ဆို​ပေမည်။ သို့​မဟုတ် အခြား​တစ်နည်း​နည်းဖြင့် လူငယ်​တစ်ဦး​အား အားရ​ကျေနပ်မှု​မရှိ​သေး​ကြောင်း ပြော​ပေမည်။ ထိုသို့​ပြုခြင်း​အားဖြင့် လူငယ်​လူရွယ်​များ သူတို့၏​အလားအလာကို အပြည့်အဝ​အသုံးချ​ရန် လှုံ့ဆော်ပေး​ခြင်း​ဖြစ်သည်ဟု အများ​က ယူဆကြ​သည်။ သို့သော် ထို​လုပ်ပုံလုပ်နည်း​သည် ဆိုးကျိုး​သာ​ဖြစ်စေ​လေ့​ရှိ၏၊ အကြောင်း​မှာ ယင်းသည် လူငယ်​လူရွယ်​များ​အား တွန့်ဆုတ်​သွား​စေနိုင်​သည် သို့​မဟုတ် လက်လှမ်းမမီ​နိုင်​ဟု ခံစားရ​စေနိုင်​သည်။

၁၇။ အခြား​သူတို့အား ချီးမွမ်း​ရန် အဘယ်ကြောင့် အခွင့်အရေး​များ ရှာယူ​သင့်​သနည်း။

၁၇ သို့ရာတွင် အကြံဉာဏ်​ပေး​ရန် လမ်းခင်း​သည့်​အနေ​ဖြင့်​သာ ချီးမွမ်း​ပေးခြင်း​မျိုး မဖြစ်​သင့်​ပေ။ စိတ်ရင်းမှန်​ဖြင့် ချီးမွမ်း​ပေးခြင်း​က မိသားစု​နှင့် အသင်းတော်​အတွင်း ချစ်ခင်​တွယ်တာမှု​ကို တိုး​စေ​သည်၊ ဤသို့ဖြင့် လူငယ်​လူရွယ်​များသည် အတွေ့အကြုံ​ရှိ ညီအစ်ကို​ညီအစ်မ​များ​ထံ အကြံဉာဏ်​တောင်းခံ​လာ​မည်။ ထို့​ကြောင့် ခေတ်​ယဉ်ကျေးမှု​အရ အခြား​သူများ​နှင့် ဆက်ဆံ​မည့်​အစား “မှန်သော​ဖြောင့်မတ်ခြင်း​နှင့် တည်ကြည်​ခြင်း​ဖြင့် ဘုရားသခင်​၏​အလိုတော်နှင့်​အတူ​အမျှ ဖန်ဆင်း​သော​လူသစ်​ကို ယူတင်​ဝတ်ဆောင်​ကြ” ပါ​စို့။ ယေဟောဝါ​နည်းတူ ချီးမွမ်း​ပြောဆို​ကြ​ပါ​လေ။—ဧဖက် ၄:၂၄က​ဘ။

၁၈။ (က) လူကြီး​များ​ထံ​မှ အကြံဉာဏ်​ကို လူငယ်​လူရွယ်​များ မည်သို့​ရှုမြင်​သင့်​သနည်း။ (ခ) လူကြီး​များသည် မည်သို့​အကြံပေး​နိုင်​ပုံ​နှင့်​ပတ်သက်​၍ အဘယ်ကြောင့်​ဂရုတစိုက်​ရှိ​ရမည်​နည်း။

၁၈ အခြား​တစ်ဖက်​တွင်​မူ လူငယ်​လူရွယ်​တို့၊ လူကြီး​များ​က သင့်ကို ဆုံးမ​ပဲ့ပြင်​မည်၊ အကြံပြု​မည်​ဆိုလျှင် သင့်ကို သူတို့​သဘောမကျ​၍​ဖြစ်​မည်​ဟု ကောက်ချက်​မချ​ပါ​နှင့်။ (ဒေ. ၇:၉) ထိုသို့​လုံးဝ​မဟုတ်ပါ! သူတို့သည် သင့်အတွက် စိုးရိမ်​ပူပန်​ပြီး သင့်ကို အလွန်​ချစ်ခင်​တွယ်တာ​ကြ​၍​သာ ဖြစ်သည်။ ထိုသို့​မဟုတ်​ခဲ့​လျှင် ယင်း​ကိစ္စ​ကို သင့်​အား အဘယ်ကြောင့်​အပင်ပန်းခံ​ပြီး ထုတ်ပြော​ပါ​မည်​နည်း။ စကား​များသည် မည်မျှ​အကျိုး​သက်ရောက်မှု​ရှိ​နိုင်​သည်ကို လူကြီး​များ၊ အထူးသဖြင့် အသင်းတော်​အကြီးအကဲ​များ သိထားကြ​ကာ သူတို့သည် ကောင်းမှု​ကို​သာ​ပြု​လို​ကြသော​ကြောင့် သွန်သင်ချက်​မပေး​မီ အချိန်​များစွာ​အကုန်ခံ​၍ စဉ်းစား​တွေးတော​ကာ ဆုတောင်း​တတ်ကြ​သည်။—၁ ပေတရု ၅:၅

‘ယေဟောဝါ​သည် အလွန်​ချစ်ခင်​တွယ်တာ​တော်​မူ​၏’

၁၉။ စိတ်ပျက်​အားလျော့​နေသူတို့​သည် ထောက်မမှု​ရ​ရန် အဘယ်ကြောင့် ယေဟောဝါ​အား မျှော်ကိုး​နိုင်​သနည်း။

၁၉ မနှစ်မြို့ဖွယ်​အတွေ့အကြုံ​များ​ကြောင့် ချစ်ခင်​တွယ်တာမှု​ပြ​ခြင်း​သည် ထပ်၍ စိတ်ပျက်ဖွယ်​ရာ​သာ ဖြစ်​မည်​ဟု လူတချို့ ခံစား​ခဲ့​ရ​ပေမည်။ ထို့​ကြောင့် အခြား​သူများကို ပြန်၍​ရင်ဖွင့်​ဖို့​ကား သူတို့တွင် ခိုင်မာ​သော​ယုံကြည်ခြင်း​နှင့် သတ္တိ​ရှိဖို့လို​၏။ သို့သော် ယေဟောဝါ​သည် ‘ကျွန်ုပ်​တို့​တစ်ဦးစီ​နှင့် ဝေး​တော်​မ​မူ’ ကြောင်း သူတို့​မမေ့လျော့​သင့်​ပေ။ မိမိ​ထံ​ချဉ်းကပ်​ကြ​ရန် ကျွန်ုပ်​တို့အား ကိုယ်တော်​ဖိတ်ခေါ်​တော်​မူ​၏။ (တမန်​တော် ၁၇:၂၇; ယာကုပ် ၄:၈) ထို့​ပြင် စိတ်ထိခိုက်​မည်​ကို ကျွန်ုပ်​တို့​စိုးရွံ့​ကြောင်း ကိုယ်တော်​နားလည်​တော်​မူ​ကာ ကျွန်ုပ်​တို့ကို ကူညီ​ထောက်​မပေး​မည်​ဟု ကတိပြု​တော်​မူ​၏။ ကျွန်ုပ်​တို့အား ဆာလံဆရာ​ဒါဝိဒ်က ဤသို့​အာမခံ​သည်– ‘ယေဟောဝါ​သည် နှလုံး​ကြေကွဲ​သူတို့နှင့် နီး​တော်​မူ​၏; စိတ်​ကြေမွ​သူတို့ကိုလည်း ကယ်တင်​တော်​မူ​၏။’—ဆာလံ ၃၄:၁၈သမ္မာ။

၂၀၊ ၂၁။ (က) ယေဟောဝါ​နှင့်​ရင်းနှီးသော​ဆက်ဆံ​ရေး ရှိ​နိုင်​ကြောင်း ကျွန်ုပ်​တို့​မည်သို့​သိရ​သနည်း။ (ခ) ယေဟောဝါ​နှင့်​ရင်းနှီး​ကျွမ်းဝင်​ဖို့ အဘယ်အရာ​လိုအပ်​သနည်း။

၂၀ ယေဟောဝါ​နှင့် ရင်းနှီး​ကျွမ်းဝင်​ခြင်း​သည် ကျွန်ုပ်​တို့​ပြုစု​ပျိုးထောင်​နိုင်​သည့် အရေးအပါဆုံး​သော ဆက်ဆံ​ရေး​ဖြစ်၏။ သို့သော် ထို​ကဲ့သို့​ရင်းနှီး​ကျွမ်းဝင်မှု​မျိုး အမှန်တကယ်​ရှိ​နိုင်​ပါ​မည်​လော။ ရှိ​နိုင်​ပါ​သည်။ ဖြောင့်မတ်​သော​အမျိုးသား၊ အမျိုးသမီးများ​သည် ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​နှင့် အလွန်​ရင်းနှီး​ကျွမ်းဝင်​ခဲ့​ကြောင်း သမ္မာကျမ်းစာ​က ဖော်​ပြပေး​သည်။ ကျွန်ုပ်​တို့​လည်း ယေဟောဝါ​နှင့်​ရင်းနှီး​ကျွမ်းဝင်​နိုင်​ကြောင်း ယုံကြည်​စိတ်ချ​စေရန် သူတို့၏ လှိုက်လှိုက်လှဲလှဲ ဖော်ပြ​ကြ​သည့် စကား​များ​ကို မှတ်တမ်းတင် ရေးသား​ထား​သည်။—ဆာလံ ၂၃၊ ၂၄၊ ၁၃၉; ယောဟန် ၁၆:၂၇; ရောမ ၁၅:၄

၂၁ ယေဟောဝါ​နှင့်​ရင်းနှီး​ကျွမ်းဝင်​ရန် ကိုယ်တော်​၏​တောင်းဆိုချက်​များ​ကို လူတိုင်း လက်လှမ်းမီ​နိုင်​ကြသည်။ ‘အို​ယေဟောဝါ၊ တဲ​တော်​၌ အဘယ်သူ​သည် တည်း​ရ​ပါ​မည်​နည်း’ ဟု ဒါဝိဒ်​မေးခဲ့သည်။ ‘ဖြောင့်မတ်​သော​အကျင့်၊ တရားသော​အမှုကိုပြု​ကျင့်​၍ အမှန်တရားကို စိတ်နှလုံး​ပါ​လျက် ပြော​သော​သူ​ပေ​တည်း။’ (ဆာလံ ၁၅:၁၊ ၂; ၂၅:၁၄) ဘုရားသခင်​၏​အမှုတော်ကို​ဆောင်ခြင်း​သည် အကျိုး​ဖြစ်ထွန်း​စေပြီး ကိုယ်တော်​၏​လမ်းညွှန်မှု​နှင့် ကာကွယ်​စောင့်ရှောက်မှု​ကို​ရရှိစေ​ကြောင်း ကျွန်ုပ်​တို့​သိမြင်​လာ​သည်​နှင့်​အမျှ ‘ယေဟောဝါ​သည် အလွန်​သနားစုံမက် [“ချစ်ခင်​တွယ်တာ၊” က​ဘ] တော်​မူ​ကြောင်း’ ကျွန်ုပ်​တို့​သဘောပေါက်​လာ​ပါ​လိမ့်​မည်။—ယာကုပ် ၅:၁၁

၂၂။ ယေဟောဝါ​သည် မိမိလူ​မျိုး​တော်​အား အဘယ်​ရင်းနှီးမှု​မျိုးကို ရရှိစေ​လို​တော်​မူ​သနည်း။

၂၂ ယေဟောဝါ​သည် မစုံလင်​သည့်​လူသားများ​နှင့် ထိုသို့​သော​နှစ်ကိုယ်ကြား​ဆက်ဆံ​ရေး ရှိ​လို​တော်​မူ​ခြင်း​သည် ကျွန်ုပ်​တို့အတွက် အမှန်တကယ်​ပင် ကောင်းချီး​ပါ​တကား! သို့​ဖြစ်၍ ကျွန်ုပ်​တို့သည် တစ်ဦး​နှင့်​တစ်ဦး ချစ်ခင်​တွယ်တာမှု ပြ​သင့်​သည်မဟုတ်​ပေ​လော။ ယေဟောဝါ​၏​အကူအညီ​ဖြင့် ကျွန်ုပ်​တို့​တစ်ဦးစီ​သည် ခရစ်ယာန်​ညီအစ်ကို​အသင်းအပင်း​၏ သွင်ပြင်​လက္ခဏာ​ဖြစ်သော ချစ်ခင်​တွယ်တာမှု​ကို ပေးကမ်း​ရယူ​နိုင်​ကြသည်။ ဘုရားသခင့်​နိုင်ငံတော်​တွင် ကမ္ဘာ​မြေကြီးပေါ်​ရှိသူ​အားလုံး ဤ​ချစ်ခင်​တွယ်တာမှု​ကို ထာဝစဉ်​ခံစားရ​ကြ​ပါ​လိမ့်​မည်။

သင်​ရှင်းပြ​နိုင်​သလော

ခရစ်ယာန်​အသင်းတော်တွင် အဘယ်​စရိုက်​လက္ခဏာ​ဝန်းကျင်​မျိုး ရှိ​သင့်​သနည်း။

အသင်းတော်တွင် ချစ်ခင်​တွယ်တာမှု​ကို ကျွန်ုပ်​တို့​တစ်ဦးစီ မည်သို့​တင်ပြ​နိုင်​သနည်း။

စိတ်ရင်းမှန်​ဖြင့် ချီးမွမ်း​ပေးခြင်း​က ခရစ်ယာန်​ချစ်ခင်​တွယ်တာမှု​ကို မည်သို့ တိုးပွား​စေနိုင်​သနည်း။

ယေဟောဝါ​၏​ချစ်ခင်​တွယ်တာမှု​သည် ကျွန်ုပ်​တို့ကို မည်သို့ ထောက်မ​ကူညီ​ပေး​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ခရစ်ယာန်​အချင်းချင်း​သည် တာဝန်​ရှိ၍​သာ ချစ်​သည်မဟုတ်

[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]

သင်၏​ချစ်ခင်​တွယ်တာမှု​ကို “ကျယ်ဝန်း” စေနိုင်​ပါသလော

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

သင်သည် အပြစ်ရှာ​တတ်​သလော၊ အားပေး​တည်ဆောက်​တတ်​ပါသလော