မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝတစ်လျှောက်လုံး ကြာရှည်သော ပညာရေး

ဘဝတစ်လျှောက်လုံး ကြာရှည်သော ပညာရေး

ဘဝ​အတ္ထုပ္ပတ္တိ

ဘဝ​တစ်လျှောက်​လုံး ကြာရှည်​သော ပညာရေး

ဟ​ယ်​ရ​ယ်လ် ဂ​လူး​ရက်စ် ပြောပြ​သည်

ကလေး​ဘဝက မြင်ကွင်း​လေး​တစ်ခု​ကို အနှစ် ၇၀ ကျော်​တဲ့​အထိ ကျွန်တော်​မှတ်မိ​နေတုန်းပဲ။ အမေ့ရဲ့​မီးဖိုဆောင်​ထဲမှာ​ထိုင်​နေရင်း ကျွန်တော်​ဟာ “သီ​ဟို​ဠ်​လက်​ဖက်​ခြောက်” တံဆိပ်​ကတ်ပြား​ကို ကြည့်​နေတယ်။ အဲဒီ​တံဆိပ်​မှာ သီ​ဟို​ဠ်​ကျွန်း (အခု သီရိလင်္ကာ​နိုင်ငံ) ရဲ့​စိမ်းလန်း​တဲ့ လက်​ဖက်​ခင်း​တွေ​မှာ အမျိုးသမီးတွေ လက်​ဖက်​ခူး​နေတဲ့​ပုံ​ပါ​တယ်။ ဩစတြေးလျ​တောင်ပိုင်း​က ကျွန်တော်​တို့​ရဲ့​ခြောက်သွေ့​တဲ့​နေအိမ်​နဲ့ အတော်ဝေးဝေး​မှာ​ရှိတဲ့ ဒီ​မြင်ကွင်း​ဟာ ကျွန်တော့်​စိတ်အာရုံ​ကို ဖမ်းစား​ခဲ့​တယ်။ သီ​ဟို​ဠ်​ကျွန်း​ဟာ သာယာလှပ​ပြီး ပျော်စရာ​ကောင်း​တဲ့​နိုင်ငံ​ဖြစ်​မှာပဲ! သာယာ​လှပတဲ့ အဲဒီ​ကျွန်း​ပေါ်မှာ ခရစ်ယာန်​သာသနာပြု​တစ်ဦး​အဖြစ် ၄၅ နှစ်​ကြာနေ​ထိုင်​ရလိမ့်မယ်​ဆိုတာ အဲဒီတုန်းက ကျွန်တော်​မသိခဲ့ဘူး။

အခုခေတ်​နဲ့ လုံးဝ​မတူတဲ့​လောက​ထဲ​ကို ၁၉၂၂၊ ဧပြီလ​မှာ ကျွန်တော်​မွေးဖွား​လာခဲ့တယ်။ ကျွန်တော်​တို့​မိသားစုဟာ ဩစတြေးလျ​တိုက်ကြီး​ရဲ့ အလယ်ဗဟို​နဲ့ ကုန်း​ခေါင်​ရေ​ဝေး​အရပ်​ရဲ့ တောင်ပိုင်း​နယ်စပ်​က ကင်း​ဘာ​ဆို​တဲ့ ချောင်ကျကျ​တော​မြို့အနီး​မှာ လယ်​လုပ်ခဲ့ကြတယ်။ မိုးခေါင်​မှု၊ ပိုးမွှား​ဒဏ်၊ အို​က်​စပ်​စပ်​အပူရှိန်​တို့​နဲ့ မပြတ်​တိုက်ပွဲဝင်​နေရ​တဲ့ အန္တရာယ်​လွှမ်း​တဲ့​ဘဝမျိုး​ပါ။ ကျွန်တော့်​အမေ​ဟာ သံ​ဖြူ​ကာ​တဲ​သာ​သာ​ရှိတဲ့ တော​အိမ်​လေးမှာ အဖေနဲ့ ကျွန်တော်​တို့​ကလေး​ခြောက်​ယောက်​ကို ကြည့်ရှု​ပြုစု​ဖို့ ကြိုးစားပမ်းစား အလုပ်လုပ်​ခဲ့​ရတယ်။

ဩစတြေးလျ​ရဲ့ ကုန်း​ခေါင်​ရေ​ဝေး​အရပ်ဟာ ကျွန်တော့်​အတွက်​က​တော့ လွတ်လပ်တဲ့ ပျော်စရာ​နယ်မြေ​တစ်ခု​ပါ။ အလေ့​ကျ​ပေါက်​တဲ့​ချုံပင်​တွေ​ကို အားကောင်း​တဲ့​နွား​အုပ်​တွေ မြေ​လှန်ပစ်​နေတာ ဒါမှ​မဟုတ် တဝူးဝူး​တိုက်ခတ်​တဲ့ သဲ​မုန်တိုင်း​တွေ​က ကျေးလက်​ဒေသ​ကို အထပ်ထပ်​ဖုံးလွှမ်း​သွားတာ​တွေ​ကို ငယ်ငယ်​က တအံ့တသြ​ငေး​ကြည့်​ခဲ့​တာ သတိရ​သေး​တယ်။ ဒါ​ကြောင့် အိမ်ကနေ သုံး​မိုင်​လမ်းလျှောက်သွား​ရပြီး ဆရာ​တစ်ယောက်ပဲ​ရှိတဲ့ ကျောင်း​လေး​ကို စ​မ​တက်​ခင်​ကတည်းက ဘဝ​ပေး​ပညာရေး​ကို ကျွန်တော်​စ​ရရှိခဲ့တယ်။

ကျွန်တော့်​မိဘတွေက တစ်ခါ​မှ​ချာ့ခ်ျ​မ​တက်​ပေမဲ့ ဘာသာ​တရား​ကိုင်းရှိုင်း​သူတွေပါ၊ ချာ့ခ်ျ​မ​တက်​ရတဲ့ အဓိက​အကြောင်း​က ကျွန်တော်​တို့​လယ်တော​က မြို့​နဲ့ အလှမ်းဝေး​လို့​ဖြစ်တယ်။ ဒါပေမဲ့ ၁၉၃၀ ပြည့်လွန်​နှစ်များ​အစောပိုင်းမှာ အမေ​ဟာ အယ်ဒလိတ်မြို့ ရေဒီယို​အသံလွှင့်ရုံ​က အပတ်စဉ်​လွှင့်​ပေး​တဲ့ တရားသူကြီး ရပ်သဖော့ဒ်​ရဲ့ ကျမ်းစာ​ဟောပြောချက်တွေကို နားထောင်​စ​ပြု​လာတယ်။ တရားသူကြီး​ရပ်သဖော့ဒ်​ကို အယ်ဒလိတ်မြို့​က တရားဟော​ဆရာ​တစ်ယောက်​လို့​ထင်​ပြီး ကျွန်တော်​သိပ်​စိတ်မဝင်စား​ဘူး။ ဒါပေမဲ့ အမေ​ဟာ ရပ်သဖော့ဒ်​အသံလွှင့်​တာ​ကို အပတ်​တိုင်း စိတ်ဝင်တစား​စောင့်မျှော်​တယ်၊ ပြီး​တော့ ခေတ်​ဟောင်း​ဓာတ်ခဲ​သုံး ရေဒီယို​လေး​က မသဲမကွဲ​ထွက်​လာတဲ့ ရပ်သဖော့ဒ်​ရဲ့​အသံကို အာရုံ​စူးစိုက်​နားထောင်​တတ်တယ်။

ပူအိုက်​ပြီး ဖုန်​ထ​တဲ့​မွန်းလွဲပိုင်း​တစ်ခု​မှာ ကျွန်တော်​တို့​အိမ်ရှေ့​ကို ပစ်​ကပ်​ကား​အို​တစ်စီး ထိုး​ရပ်​လာပြီး ကောင်းကောင်း​ဝတ်စား​ထား​တဲ့ အမျိုးသား​နှစ်ယောက် ထွက်​လာတယ်။ ယေဟောဝါသက်သေ​တွေ​ပါ။ အမေ​ဟာ သူတို့ရဲ့​သတင်းတရားကို နားထောင်​ခဲ့​ပြီး အတော်အတန်​များတဲ့​စာအုပ်​တွေ​အတွက် အလှူငွေ​ထည့်​ပြီး ချက်ချင်း​ဖတ်​တော့​တာ​ပဲ။ အဲဒီ​စာအုပ်​တွေ​က သူ့ကို​ဘယ်လောက် ထိမိ​ခဲ့​သလဲ​ဆိုရင် မကြာခင်​မှာပဲ သူ​လေ့လာ​နေတဲ့​အကြောင်းအရာတွေကို အိမ်နီးချင်းတွေကို​ပြောပြ​နိုင်​ဖို့ အဖေ့ကို လိုက်​ပို့​ခိုင်း​တဲ့​အထိ​ဖြစ်လာ​ခဲ့​တယ်။

အပြုသဘော​သြဇာလွှမ်း​မှု​၏ အကျိုးကျေးဇူး

အဲဒီလို​ဖြစ်ပျက်​ပြီး​မကြာခင် ကုန်း​ခေါင်​ရေ​ဝေး​အရပ်​ရဲ့ ကြမ်းတမ်း​ဆိုးဝါး​တဲ့​အခြေအနေ​ကြောင့် မိုင် ၃၀၀ အကွာမှာ​ရှိတဲ့ အယ်ဒလိတ်​မြို့ကို ကျွန်တော်​တို့ ပြောင်းရွှေ့​ခဲ့​ရတယ်။ ကျွန်တော်​တို့​မိသားစုဟာ ယေဟောဝါသက်သေ​တွေ​ရဲ့ အယ်ဒလိတ်​အသင်းတော်​နဲ့ စတင်​ပူးပေါင်း​ပြီး ဝိညာဉ်​ရေး​မှာ တိုးတက်လာ​ကြတယ်။ ပြောင်းရွှေ့​တာ​နဲ့ ကျွန်တော့်​ရဲ့​ပညာရေး​လည်း ပြီးဆုံး​သွားခဲ့တယ်။ ခု​နစ်​တန်း​အောင်​တဲ့ ၁၃ နှစ်အရွယ်မှာ ကျောင်း​ပြီး​သွားတယ်။ ကျွန်တော်​က ခပ်​အေးအေး​သ​မား​ဖြစ်​တော့ ကျွန်တော့်​ကို ပုဂ္ဂိုလ်ရေး​စိတ်ဝင်စားမှု​ပြ​ခဲ့​ကြ​တဲ့ ရှေ့ဆောင် ဒါမှ​မဟုတ် အချိန်ပြည့်​အမှုဆောင် ညီအစ်ကို​ကောင်း​တွေ​ရဲ့ အကူအညီ​တွေ​သာ​မရခဲ့​ရင် ဝိညာဉ်​ရေးရာ​တွေ​ကနေ အလွယ်တကူ လမ်းလွဲ​သွားခဲ့​မှာ​ဖြစ်တယ်။

အချိန်​ကုန်လွန်​လာတာ​နဲ့​အမျှ စိတ်​ထက်သန်​တဲ့ အဲဒီ​ညီအစ်ကို​တွေ​ရဲ့​သြဇာလွှမ်း​မှု​ကြောင့် ကျွန်တော့်​ရဲ့ မြုံနေ​တဲ့​ဝိညာဉ်​ရေး​စိတ်ထား​တွေ ထကြွ​လှုပ်ရှား​လာခဲ့တယ်။ သူတို့နဲ့​ပေါင်း​ရတာ ပျော်စရာ​ကောင်းပြီး အလုပ်​ကြိုးစား​တဲ့ သူတို့ရဲ့​စိတ်ဓာတ်​ကို ကျွန်တော်​အားကျ​တယ်။ ဒါ​ကြောင့် ၁၉၄၀ ပြည့်နှစ်၊ အယ်ဒလိတ်မြို့​မှာ​ကျင်းပ​တဲ့ စည်းဝေးကြီး​မှာ အချိန်ပြည့်​လုပ်ငန်းတော်မှာ​ပါဝင်​ဖို့ အားပေးချက်​ထွက်​လာတဲ့အခါ မထင်မှတ်​ဘဲ ကျွန်တော့်​နာမည်​ကို ပေးသွင်း​မိ​လျက်​သား​ဖြစ်သွား​တယ်။ အဲဒီအချိန်မှာ ကျွန်တော်​နှစ်ခြင်း​တောင် မခံရ​သေး​ဘူး၊ သက်သေခံ​ထွက်​တဲ့​အတွေ့အကြုံ​လည်း နည်း​သေး​တယ်။ ဒါပေမဲ့ ရက်​အနည်းငယ်​ကြာပြီးနောက် အယ်ဒလိတ်မြို့​နဲ့ မိုင်​ရာ​ချီ​ဝေး​ပြီး အနီးတစ်ဝိုက် ဗစ်​တိုး​ရီး​ယား​ပြည်နယ်​မှာ​ရှိတဲ့ ဝေါ​န​န်ဘူလ်​မြို့က ရှေ့ဆောင်​အုပ်စု​လေး​နဲ့​ပူးပေါင်း​ဖို့ ဖိတ်ခေါ်​ခံ​ခဲ့​ရတယ်။

ဒီလို​မတင်မကျ​နဲ့ စ​လုပ်ခဲ့ပေမဲ့ မကြာခင် လယ်ကွင်း​ဓမ္မ​အမှုကို ကျွန်တော်​ချစ်​မြတ်နိုး​လာတယ်၊ ဒီ​ချစ်​မြတ်နိုး​စိတ်​က နှစ်တွေ​လွန်​လာပေမဲ့ လျော့​မသွား​ဘူးဆို​တာ ပြောပြ​ရလို့ ဝမ်းသာ​မိတယ်။ တကယ်တော့ အဲဒါ​က ကျွန်တော့်​ဘဝ အလှည့်အပြောင်း​ဖြစ်​ခဲ့​ပြီး ဝိညာဉ်​ရေး​မှာ စတင်​တိုးတက်လာ​ခဲ့​တယ်။ ဝိညာဉ်​ရေးရာ​တွေ​ကို ချစ်​မြတ်နိုးသူ​တွေ​နဲ့ နီးနီးကပ်ကပ်​နေရ​တဲ့​တန်ဖိုး​ကို ကျွန်တော်​သိလာတယ်။ ကျွန်တော်​တို့​ရဲ့​ပညာရေး​အခြေအနေ ဘယ်လိုပဲ​ရှိပါစေ သူတို့ရဲ့​ကောင်း​တဲ့​သြဇာလွှမ်း​မှု​ဟာ အကျိုး​အပြု​နိုင်​ဆုံး​ဖြစ်​တဲ့​အပြင် သူတို့ဆီက​ရရှိတဲ့​သင်ခန်းစာ​တွေ​က ဘဝ​တစ်လျှောက်​လုံး ကျွန်တော်​တို့ကို အကျိုးပြု​နိုင်​မှန်း သိရှိ​လာတယ်။

စမ်းသပ်မှု​များ​ကြောင့် ခွန်အား​ရ

ရှေ့ဆောင်​လုပ်ငန်းမှာ ကျွန်တော်​ပါဝင်​ပြီး မကြာခင် ဩစတြေးလျ​နိုင်ငံ​က ယေဟောဝါသက်သေ​တွေ​ရဲ့​လုပ်ငန်း ပိတ်ပင်​ခံ​ခဲ့​ရတယ်။ ဘာဆက်​လုပ်​ရ​မှန်း​မသိတာ​နဲ့ ညီအစ်ကို​တွေ​ဆီက လမ်းညွှန်ချက်​တောင်းခံ​ကြည့်​တော့ လူတွေကို ကျမ်းစာ​အကြောင်း ပြောပြ​တာ ပိတ်ပင်​မထား​ကြောင်း ထောက်ပြ​ကြတယ်။ ဒါ​ကြောင့် တခြား​ရှေ့ဆောင်​တွေ​နဲ့​အတူ တစ်အိမ်​မှ​တစ်အိမ်​သွားပြီး ရိုးရှင်းတဲ့​ကျမ်းစာ​သတင်းတရားကို စ​ပြောပြ​ကြတယ်။ အဲဒါ​က ရှေ့​တည့်တည့်​မှာ​ရှိနေတဲ့ စမ်းသပ်မှု​တွေ​အတွက် ကျွန်တော့်​ကို ခွန်အား​ရှိစေခဲ့တယ်။

လေးလ​ကြာပြီး​တဲ့​နောက် ကျွန်တော့်​အသက် ၁၈ နှစ်​လည်း​ပြည့်​ရော စစ်​ထဲ​ဝင်​ဖို့ ဆင့်ခေါ်​ခံရ​တယ်။ ဒါ​ကြောင့် စစ်​အရာရှိ​အတော်များများ​နဲ့ ရာဇ​ဝတ်​တရားသူကြီး​တစ်ဦး​ရှေ့မှာ ကျွန်တော့်​ရဲ့​ယုံကြည်ခြင်းကို ကာကွယ်​ပြောဆို​ဖို့ အခွင့်အရေး​ရခဲ့တယ်။ အဲဒီအချိန်မှာ ညီအစ်ကို​အ​ယောက် ၂၀ လောက်​ဟာ ကြားနေ​မှု​ကြောင့် အယ်ဒလိတ်​အကျဉ်းထောင်​ထဲ ရောက်နေ​နှင့်​ပြီ၊ မကြာခင် ကျွန်တော်​လည်း သူတို့​အဝင်​ဖြစ်သွား​တယ်။ ကျောက်ကျင်း​တူးပြီး လမ်း​တွေ​ပြုပြင်​ရတဲ့ အလုပ်ကြမ်း​ကို ကျွန်တော်​တို့​လုပ်ခဲ့​ရတယ်။ ဒါ​ကြောင့် ခံနိုင်ရည်​နဲ့ ဇွဲ​စတဲ့ အရည်အသွေးတွေကို ကျွန်တော်​တဖြည်းဖြည်း​ရလာတယ်။ နောက်ဆုံး ကျွန်တော်​တို့​ရဲ့ အမူအကျင့်ကောင်းနဲ့ အခိုင်အမာ​ရပ်တည်မှုကြောင့် ထောင်​စောင့်​အတော်များများ​ရဲ့ လေးစားမှု​ရခဲ့ကြတယ်။

လအနည်းငယ်​ကြာပြီးနောက် ကျွန်တော် ထောင်​က​လွတ်​တဲ့​အခါ အစာ​ကောင်းကောင်း​ပြန်​စား​ရပြီး ရှေ့ဆောင်​ပြန်​လုပ်ခဲ့တယ်။ ဒါပေမဲ့ ရှေ့ဆောင်​လုပ်ဖော် ရှားပါး​တာ​ကြောင့် ဩစတြေးလျ​တောင်ပိုင်း​က ဝေးခေါင်​တဲ့ လယ်ယာ​စိုက်ပျိုးရေး​ဒေသမှာ တစ်ယောက်တည်း အမှုဆောင်​နိုင်​မ​နိုင် မေးကြတယ်။ ကျွန်တော်​သဘောတူ​လိုက်တယ်၊ ပြီး​တော့ သက်သေခံ​ထွက်​တဲ့​ပစ္စည်း​တွေ​နဲ့ စက်ဘီး​တစ်စီး​ပဲ​ယူပြီး ယော့ခ်​ကျွန်းဆွယ်​ကို သင်္ဘော​စီး​ပြီးသွား​ခဲ့​တယ်။ ဟို​ကို​ရောက်တော့ ကျွန်တော့်​ကို သားတစ်ယောက်​လို​သဘောထား​ပြီး ကြင်နာ​တတ်​တဲ့​အမျိုးသမီး​တစ်ယောက်​ရှိတဲ့ တည်းခိုခန်း​လေး​တစ်ခု​ကို စိတ်ဝင်စားမှု​ရှိတဲ့​မိသားစု​တစ်စု​က လမ်းညွှန်​ပေး​ခဲ့​တယ်။ နေ့​အချိန်​ဆိုရင် ကျွန်းဆွယ်​တစ်လျှောက် ကျဲ​ပြန့်​နေတဲ့​မြို့လေး​တွေ​မှာ ဟောပြောဖို့ ဖုန်​ထူ​တဲ့​လမ်းတွေပေါ် စက်ဘီး​နင်း​သွားရတယ်။ ဝေးခေါင်​တဲ့​ဒေသ​တွေ​ရောက်​ဖို့ တစ်ခါ​တ​လေ ဟိုတယ်​လေး​တွေ ဒါမှ​မဟုတ် တည်းခိုခန်း​တွေ​မှာ ကျွန်တော်​ညအိပ်​ခဲ့​တယ်။ ဒီ​နည်း​အားဖြင့် မိုင်​ပေါင်း​များစွာ စက်ဘီး​နင်း​ခဲ့​ရပြီး တွေ့ကြုံမှု​ကောင်း​တွေ အများကြီး​ရခဲ့တယ်။ တစ်ယောက်​ထဲ အမှုဆောင်ထွက်​နေရ​တာ​က ကျွန်တော့်​အတွက် သိပ်​အကြောင်း​မဟုတ်ပါဘူး၊ ယေဟောဝါ​ရဲ့​စောင့်ရှောက်မှု​ခံစား​ရတဲ့​အတွက် ကိုယ်တော်​နဲ့ ကျွန်တော်​ပို​ရင်းနှီး​လာတယ်။

အရည်အချင်း​မပြည့်မီ​ဟူသော​ခံစားချက်​ကို ရင်ဆိုင်​ဖြေရှင်းခြင်း

၁၉၄၆ ခုနှစ်​မှာ (အခု တိုက်နယ်​ကြီးကြပ်မှူး​လို့​ခေါ်​တဲ့) ညီအစ်ကို​များ​၏​အမှုထမ်း​တစ်ဦး​အဖြစ် နယ်လှည့်​လုပ်ငန်းမှာပါ​ဝင်​ဖို့ ဖိတ်ခေါ်​တဲ့​စာ​တစ်စောင်​ကို ကျွန်တော်​ရရှိခဲ့တယ်။ ပေး​ထား​တဲ့​တိုက်နယ်​အတွင်းမှာ​ရှိတဲ့ အသင်းတော်တွေကို လည်ပတ်​ရမှာ​ဖြစ်တယ်။ ဒီ​တာဝန်​ကို​လက်ခံဖို့ တော်တော်လေး အခက်တွေ့​ခဲ့​တာ ကျွန်တော်​ဝန်ခံ​ရမယ်။ တစ်ရက်​ကျ​တော့ ညီအစ်ကို​တစ်ယောက်​က “ဟ​ယ်​ရ​ယ်လ်​ဟာ စင်ပေါ်​မှာ အဟောအပြော​သိပ်​မကောင်း​ပေမဲ့ ဟောပြောခြင်း​လုပ်ငန်းမှာ တော်တယ်” လို့​ပြော​တာ ကျွန်တော်​အမှတ်တမဲ့ ကြား​လိုက်​မိတယ်။ ဒီ​မှတ်ချက်​က ကျွန်တော့်​ကို တော်​တော်​အားရှိစေ​ခဲ့​တယ်။ စကားပြော​ခြင်း​နဲ့ စီစဉ်​ဖွဲ့စည်းမှု​အတတ်ပညာ​မှာ ကျွန်တော်​အားနည်း​တာ ကောင်းကောင်း​သိပါတယ်၊ ဒါပေမဲ့ ခရစ်ယာန်​တွေ​ရဲ့​အဓိက​အလုပ်​က ဟောပြောခြင်း​လုပ်ငန်း​ပဲ​လို့ ကျွန်တော်​ယူဆတယ်။

၁၉၄၇ ခုနှစ်​မှာ ဘ​ရွတ်​က​လင်​မှာ​ရှိတဲ့ ယေဟောဝါသက်သေ​တွေ​ရဲ့ ဌာနချုပ်​က ညီအစ်ကို​နေသန် နောရ်​နဲ့ မီလ်တန် ဟဲန်​ရှယ်​လ်​တို့​ရဲ့​လည်ပတ်မှု​က တော်​တော်​စိတ်​လှုပ်ရှား​စ​ရာ​ကောင်းတယ်။ ၁၉၃၈ ခုနှစ်​က ညီအစ်ကို​ရပ်သဖော့ဒ် လာရောက်​ခဲ့​ပြီး​ကတည်းက ဒါဟာ ပထမဦးဆုံး​အကြိမ်​လည်ပတ်မှု​ပဲ။ ဒီ​လည်ပတ်မှု​နဲ့​အတူ ဆစ်ဒနီ​မြို့မှာ စည်းဝေးကြီး​တစ်ခု ကျင်းပ​ခဲ့​တယ်။ တခြား​ရှေ့ဆောင်​လူငယ်​အများ​လို​ပဲ ကျွန်တော်​လည်း ယူ.အက်စ်.အေ. နယူးယောက်၊ တောင်​လ​န်​စင်း​မှာ ဖွင့်လှစ်​ခါ​စ​ဖြစ်​တဲ့ ကင်းမျှော်စင်​သမ္မာကျမ်းစာ ဂိလဒ်​သင်တန်း​ကျောင်း​က ခရစ်ယာန်​သာသနာပြု​သင်တန်းကို စိတ်ဝင်စား​ခဲ့​တယ်။ တက်ရောက်​ကြ​သူ ကျွန်တော်​တို့​တစ်​တွေ​ဟာ အဲဒီ​ကျောင်း​ကို​စာရင်း​သွင်း​ဖို့ ပညာ​အရည်အချင်း တော်​တော်​ရှိဖို့လို​မလို သိချင်​ကြတယ်။ ဒါပေမဲ့ ကင်းမျှော်စင်​မဂ္ဂဇင်း​ဆောင်းပါး​တစ်ခု​ကို ဖတ်ရှု​ပြီး အဓိက​အချက်​တွေ​ကို ကျွန်တော်​တို့ မှတ်မိ​နိုင်​မယ်​ဆိုရင် ဂိလဒ်​ကျောင်း အောင်နိုင်​မှာ​ပါ​လို့ ညီအစ်ကို​နောရ်​က ရှင်းပြတယ်။

ပညာ​အရည်အချင်း​နည်း​သူ​ဖြစ်​လို့ ကျွန်တော်​တက်​နိုင်​မှာ​မဟုတ်ဘူးလို့ ယူဆခဲ့တယ်။ လအနည်းငယ်​ကြာပြီးနောက် ဂိလဒ်​သင်တန်းတက်​ဖို့ လျှောက်လွှာတင်​ပါ​ဆို​လို့ ကျွန်တော်​အံ့သြ​သွားတယ်။ အဲဒီနောက် ကျောင်းသား​တစ်ယောက်​အဖြစ် လက်ခံ​ကြ​ပြီး ၁၉၅၀ ပြည့်နှစ်​မှာ​ကျင်းပ​တဲ့ ၁၆ ကြိမ်​မြောက်​သင်တန်းကို ကျွန်တော်​တက်​ခဲ့​ရတယ်။ ဒီ​ကျောင်းတက်​ရခြင်း​ဟာ ကျွန်တော့်​ရဲ့​ယုံကြည်​စိတ်ချမှု​ကို အကြီးအကျယ်​တိုးများ​စေ​တဲ့ တွေ့ကြုံမှု​ကောင်း​တစ်ခု​ပါ​ပဲ။ အဲဒါ​က ပညာ​ထူးချွန်​အောင်မြင်ခြင်း​ဟာ အောင်မြင်မှု​အတွက် အဓိက​အချက်​မဟုတ်ဘူးဆိုတာ ကျွန်တော့်​ကို​သိစေ​ခဲ့​တယ်။ အဲဒီအစား အဓိက​လိုအပ်​တာ​က လုံ့လ​ရှိ​ခြင်း​နဲ့ နာခံခြင်း​ပဲ​ဖြစ်တယ်။ အတတ်နိုင်ဆုံး​ကြိုးစား​ကြဖို့ ပို့ချ​သူတွေက အားပေးခဲ့​ကြတယ်။ သူတို့ရဲ့​အကြံပြုချက်ကို​လိုက်နာ​တဲ့​အတွက် တဖြည်းဖြည်း ကျွန်တော်​တိုးတက်လာ​ပြီး သင်ကြား​ပို့ချမှု​ကို အတော်လေး​လိုက်​နိုင်​ခဲ့​ပါ​တယ်။

ခြောက်သွေ့​သော​တိုက်​မှ ရတနာ​ကျွန်း​သို့

ကျောင်းဆင်း​ပွဲ​ပြီး​တဲ့​နောက် ဩစတြေးလျ​က တခြား​ညီအစ်ကို​နှစ်ယောက်​နဲ့ ကျွန်တော်​ဟာ သီ​ဟို​ဠ်​ကျွန်း (အခု သီရိလင်္ကာ​နိုင်ငံ) ကို​သွားဖို့ တာဝန်ကျ​တယ်။ ၁၉၅၁၊ စက်တင်ဘာ​လမှာ မြို့တော်​ကိုလန်ဘို​ကို ကျွန်တော်​တို့​ရောက်တယ်။ ပူအိုက်​စွတ်စို​မှု​နဲ့​အတူ မြင်ကွင်း​အသစ်တွေ၊ မ​ရင်းနှီးတဲ့​အသံ​တွေ​နဲ့ ရနံ့​တွေ​က ကျွန်တော်​တို့​အာရုံ​ထဲ ရုတ်တရက်​ဝင်ရောက်​လာတယ်။ သင်္ဘော​ပေါ်​က​ဆင်း​တာ​နဲ့ ဟို​ကို​ရောက်​နှင့်​နေတဲ့ ခရစ်ယာန်​သာသနာပြု​တစ်ယောက်​က လာမယ့်​တနင်္ဂနွေ​နေ့မှာ မြို့တော်​ရင်ပြင်မှာ​ဟောပြောမယ့် လူထု​ဟောပြောချက်ကို​ကြေညာ​တဲ့ လက်ကမ်း​ဝေစာ​တစ်ခု​နဲ့ ကျွန်တော့်​ကို​ကြိုဆို​ခဲ့​တယ်။ ဝေစာ​ပေါ်​က ဟောပြောသူ​နေရာမှာ ကျွန်တော့်​နာမည်​ဖြစ်နေ​လို့ အံ့အားသင့်​ခဲ့​ရတယ်! ကျွန်တော့်​ရဲ့​စိုးရိမ်​ပူပန်မှု​ကို ခင်ဗျား​တို့ မြင်ယောင်​ကြည့်​နိုင်တယ်။ ဒါပေမဲ့ ဩစတြေးလျ​မှာ ရှေ့ဆောင်​လုပ်ခဲ့တဲ့​နှစ်တွေ​က ဘယ်​တာဝန်​ကို​မဆို လက်ခံ​ယူဖို့ သင်ပေးခဲ့တယ်။ ဒါ​ကြောင့် ယေဟောဝါ​ရဲ့​ထောက်မမှု​နဲ့ အောင်မြင်စွာ လူထု​ဟောပြောချက်​ပေး​ခဲ့​တယ်။ အဲဒီ​အချိန်​က ကိုလန်ဘို​မြို့က ခရစ်ယာန်​သာသနာပြု​နေအိမ်မှာ ရောက်​နှင့်​နေတဲ့ တစ်ကိုယ်ရေ​ညီအစ်ကို​လေးယောက်​နဲ့​အတူ ကျွန်တော်​တို့​သုံးယောက်ဟာ လယ်ကွင်း​ဓမ္မ​အမှုမှာ​ပါဝင်​ဖို့ ခက်ခဲ​တဲ့​စင်ဟာလီ​ဘာသာ​စကား​ကို အပြန်အလှန်​စ​ပြော​ကြ​တော့​တယ်။ အများအားဖြင့် ကျွန်တော်​တို့​တစ်ယောက်စီ ခွဲ​အမှုဆောင်​ကြတယ်၊ ဒေသခံ​လူတွေက လေးလေးစားစား၊ ဧည့်ဝတ်​ပျူ​ငှာ​ကြ​လို့ ဝမ်းသာခဲ့ကြတယ်။ သိပ်​မကြာခင် အစည်းအဝေး​တက်ရောက်သူ အရေအတွက်​လည်း စပြီး​တိုးတက်​လာတယ်။

အချိန်​ကုန်လွန်​လာတာ​နဲ့​အမျှ စစ်​ဘဲလ်​လို့​ခေါ်​တဲ့ ဆွဲဆောင်မှု​ရှိတဲ့ ရှေ့ဆောင်​ညီအစ်မ​တစ်ယောက်​အကြောင်းကို ကျွန်တော်​အလေးအနက်​ထား စဉ်းစား​မိတယ်၊ ဂိလဒ်​ကျောင်း​ကို သင်္ဘော​နဲ့​အသွား​မှာ ကျွန်တော်​ဆုံတွေ့​ခဲ့​သူပါ။ သူက နယူးယောက် အပြည်ပြည်ဆိုင်ရာ​စည်းဝေးပွဲ​ကို သွား​တက်တာ​လေ။ နောက်ပိုင်း ၂၁ ကြိမ်​မြောက် ဂိလဒ်​သင်တန်း​ကျောင်း​ကို သူ​တက်ရောက်​ခဲ့​ပြီး ၁၉၅၃ မှာ ဟောင်ကောင်​သွားဖို့ တာဝန်ရ​ခဲ့​တယ်။ သူနဲ့​စာရေး​ဆက်သွယ်​ခဲ့​တာ သီ​ဟို​ဠ်​ကျွန်း​မှာ ကျွန်တော်​နဲ့​ပူးပေါင်း​ဖို့ စစ်​ဘဲလ်​ရောက်လာချိန် ၁၉၅၅ ခုနှစ်​အထိပဲ၊ အဲဒီ​ကျွန်း​မှာ ကျွန်တော်​တို့​လက်ထပ်ခဲ့​ကြတယ်။

သီရိလင်္ကာ​နိုင်ငံ မြောက်ဘက်​ယွန်းယွန်း​က ဂျာဖ​နာ​ဆို​တဲ့​မြို့မှာ ခရစ်ယာန်​သာသနာပြု​မောင်နှံ​အဖြစ် ဦးဆုံး​တာဝန်ကျ​တယ်။ ၁၉၅၀ ပြည့်လွန်​နှစ်များ​အလယ်ပိုင်း​မှာ နိုင်ငံရေး​ပဋိပက္ခ​တွေ​ကြောင့် စင်ဟာလီ​နဲ့ တ​မီလ်​လူမျိုးစု​တွေ နှစ်ခြမ်း​ကွဲ​သွားပြီး နောက်ပိုင်း​ဆယ်စုနှစ်​တစ်လျှောက် လက်နက်ကိုင်​တိုက်ခိုက်​ဖို့​အကြောင်း​ပေါ်လာ​ခဲ့​တယ်။ ဒီလို​ခက်ခဲ​တဲ့​နှစ်တွေ​တစ်လျှောက် စင်ဟာလီ​နဲ့ တ​မီလ်​သက်သေခံတွေဟာ လ​နဲ့​ချီ​ပြီး အချင်းချင်း​ကာကွယ်​ပေး​ကြ​တာ​ကို မြင်ရ​ခြင်း​ဟာ တကယ်​အားရှိစရာ​ပဲ! အဲဒီ​စမ်းသပ်မှု​တွေ​က ညီအစ်ကို​တွေ​ရဲ့​ယုံကြည်ခြင်းကို သန့်စင်​စေပြီး ခိုင်ခံ့​စေ​ခဲ့​တယ်။

သီရိလင်္ကာ​နိုင်ငံ​တွင် ဟောပြော​သွန်သင်ခြင်း

. . . အသိုင်းအဝိုင်းမှာ နေသားကျ​ဖို့​အတွက် စိတ်ရှည်​ပြီး ဇွဲကောင်း​ဖို့​လိုတယ်။ ဒါပေမဲ့​လည်း သူတို့ရဲ့​ယဉ်ကျေးမှု​တွေ၊ ချစ်စရာ​ကောင်း​တဲ့​အရည်အသွေးတွေကို ကျွန်တော်​တို့ နားလည်​လေးစား​လာ​မိတယ်။ နိုင်ငံခြားသား​တွေ​ကို ဘတ်စကား​တွေ​ပေါ် မြင်တွေ့ရ​ခဲ​တာ​ကြောင့် အဲဒီ​ကား​တွေ​စီး​ရင် ကျွန်တော်​တို့ကို အထူးအဆန်း​လို​ကြည့်​တတ်ကြ​တယ်။ စစ်​ဘဲလ်​က ဒီလို​အကြည့်​ခံရ​ရင် အားရပါးရ​ပြုံးပြ​လိုက်မယ်​လို့ ဆုံးဖြတ်​လိုက်တယ်။ အဲဒီ​စပ်​စပ်စု​စု​မျက်နှာ​တွေ​က လှလှပပ ပြန်​ပြုံးပြ​တာ​တွေ့ရ​တော့ ပျော်စရာ​ကောင်း​လိုက်တာ။

တစ်ခါ​ကျ​တော့ လမ်းဆုံ​တစ်ခု​မှာ ကျွန်တော်​တို့​ရပ်နေကြတယ်။ တာဝန်ကျ​တဲ့​အစောင့်​က ကျွန်တော်​တို့ကို ဘယ်က​လဲ၊ ဘယ်​သွားမလဲ မေး​ပြီး​တဲ့​နောက် ကိုယ်ရေးကိုယ်တာ​နဲ့​ဆိုင်​တဲ့ မေးခွန်းတွေ မေး​လာတယ်။

“ဒီ​အမျိုးသမီး​က ဘယ်သူလဲ။”

“ကျွန်တော့်​ဇနီး​ပါ” လို့​ကျွန်တော်​ဖြေတယ်။

“အိမ်ထောင်ကျ​တာ ဘယ်လောက်​ကြာပြီ​လဲ။”

“ရှစ်နှစ်​ပါ။”

“သားသမီး​ရှိသလား။”

“မရှိပါဘူး။”

“အလို​လေး! ဆရာဝန်​နဲ့​တွေ့​ပြီးပြီ​လား။”

ဒီလို​စပ်စု​ပြောဆို​ပုံ​ဟာ အစပိုင်း​မှာ ကျွန်တော်​တို့ကို အံ့အားသင့်​စေ​ခဲ့​ပေမဲ့ အချိန်​ကြာ​လာတော့ ဒါဟာ ဒေသခံ​လူတွေ သူတစ်ပါးကို စိတ်ရင်းမှန်​နဲ့ စိတ်ဝင်စားမှု​တင်ပြ​နည်း​တစ်ခု​ပဲ​လို့ သဘောထား​လိုက်တယ်။ တကယ်တော့ အဲဒါ​က သူတို့ရဲ့​ချစ်စရာ​အကောင်းဆုံး စရိုက်​တွေ​ထဲ​က တစ်ခု​ပါ။ လူ​တော​ထဲမှာ ခဏလေး ရပ်​ရုံ​ရပ်နေ​ကြည့်​လိုက်ပါ၊ မကြာခင် သင့်ထံ​ကို လူတစ်ဦး​ချဉ်းကပ်​လာပြီး ဘာများ​အကူအညီ​ပေး​ရမလဲ​ဆိုပြီး ဖော်ရွေ​စွာ​မေးပါ​လိမ့်မယ်။

အပြောင်းအလဲ​များနှင့်​ပြန်ပြောင်း​သတိရ​စ​ရာ​များ

နှစ်တွေ​တစ်လျှောက် သီရိလင်္ကာ​နိုင်ငံ​မှာ ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​အပြင် တခြား​တာဝန်​တွေ​မှာလည်း ကျွန်တော်​တို့​ပျော်မွေ့​ခဲ့​ကြတယ်။ တိုက်နယ်​နဲ့ ခရိုင်​လုပ်ငန်းမှာ ပြီး​တော့ ဌာနခွဲ​ကော်မတီဝင်​တစ်ဦး​အဖြစ် ကျွန်တော်​တာဝန်​တွေ​ရခဲ့တယ်။ ၁၉၉၆ ခုနှစ်​မှာ ကျွန်တော့်​အသက် ၇၅ ကျော်​စ​ပြု​ပြီ။ ပြန်ပြောင်း​သုံးသပ်​ရင် သီရိလင်္ကာ​နိုင်ငံ​မှာ ၄၅ နှစ်​ကျော် ခရစ်ယာန်​သာသနာပြု​လုပ်ခဲ့​ရတဲ့ ပျော်ရွှင်မှု ကျွန်တော့်​မှာ​ရှိတယ်။ ကိုလန်ဘို​မြို့မှာ ကျွန်တော်​ပထမ​အကြိမ် အစည်းအဝေး​တက်​တုန်း​က လူ ၂၀ လောက်​ပဲ​ရှိတာ။ အခု​ဆိုရင် ၃,၅၀၀ ကျော်​အထိ တိုးတက်​သွားခဲ့ပြီ! စစ်​ဘဲလ်​နဲ့ ကျွန်တော်​ဟာ အဲဒီ​ချစ်စရာ​ကောင်း​သူ အတော်များများကို ကျွန်တော်​တို့​ရဲ့ ဝိညာဉ်​ရေးရာ​သားသမီး၊ မြေး​မြစ်တွေ​အဖြစ်​ရှုမြင်ပါ​တယ်။ ဒါပေမဲ့ နိုင်ငံတစ်ဝန်း​မှာ လုပ်စရာ​လုပ်ငန်း​တွေ အများကြီး​ရှိနေဆဲ​ပဲ—ကျွန်တော်​တို့​ထက် ငယ်ရွယ်​နုပျို​သူတွေရဲ့ ခွန်အား​နဲ့ စွမ်းရည်​တွေ​လိုအပ်​တဲ့​လုပ်ငန်း​မျိုး​ပါ။ ဒါကို​စိတ်ထဲ​ထားပြီး ဩစတြေးလျ​နိုင်ငံ​ကို​ပြန်​ဖို့ အုပ်ချုပ်ရေးအဖွဲ့ရဲ့​ဖိတ်ခေါ်ချက်​ကို ကျွန်တော်​တို့​လက်ခံခဲ့တယ်။ ဒီလို​ထွက်ခွာ​ခြင်း​က အရည်အချင်း​ရှိတဲ့ လူငယ်​မောင်နှံစုံ​တွေ သီရိလင်္ကာ​နိုင်ငံ​ကို​သွားပြီး ခရစ်ယာန်​သာသနာပြု​များ​အဖြစ် ကျွန်တော်​တို့​ရဲ့​နေရာကို​ယူဖို့​ဖြစ်စေ​ခဲ့​တယ်။

အခု ကျွန်တော့်​အသက် ၈၃ နှစ်​ထဲ​ဝင်လာ​ပြီ၊ ကျွန်တော်​ကျင်လည်​ခဲ့​ရာ​ဒေသ အယ်ဒလိတ်မြို့​မှာ အထူး​ရှေ့ဆောင် ဆက်လုပ်​နိုင်​တဲ့​အထိ ကျန်းမာ​ရေး​ကောင်း​နေ​သေး​တဲ့​အတွက် စစ်​ဘဲလ်​ကော ကျွန်တော်​ပါ ဝမ်းသာ​မိတယ်။ ကျွန်တော်​တို့​ရဲ့​ဓမ္မ​အမှု​က စိတ်ပိုင်း​အရ နိုးနိုးကြားကြား​ရှိစေပြီး အလိုက်အထိုက်​နေတတ်​စေတယ်။ လုံးဝ​ခြားနား​တဲ့ ဒီ​နိုင်ငံ​ရဲ့​ဘဝ​ပုံစံ​မှာ ပြန်လည်​နေသားကျ​စေဖို့​လည်း ထောက်ကူ​ပေး​ပါ​တယ်။

ကျွန်တော်​တို့​ရဲ့ ကာယရေး​လိုအပ်ချက်​အားလုံး​ကို ယေဟောဝါ ကြည့်ရှု​စောင့်ရှောက်​ပေး​ဆဲ​ပါ၊ အသင်းတော်က ညီအစ်ကို၊ ညီအစ်မ​တွေ​က​လည်း ကျွန်တော်​တို့ကို တော်​တော်​ချစ်​ကြ၊ အကူအညီ​ပေး​ကြ​ပါ​တယ်။ မကြာသေး​ခင်​က တာဝန်​အသစ်​တစ်ခု​ကို ကျွန်တော်​ရရှိခဲ့တယ်။ အသင်းတော်​အတွင်းရေးမှူး​အဖြစ် ကျွန်တော်​အမှုထမ်း​ရမယ်။ ဒါ​ကြောင့် ယေဟောဝါ​ကို တည်ကြည်​စွာ​အမှုထမ်း​ဖို့ ကြိုးစား​နေစဉ်​မှာ ဆက်လက်​လေ့ကျင့်​သင်ကြား​ခံ​နေရ​ကြောင်း ကျွန်တော်​တွေ့ရှိ​ရတယ်။ ကုန်လွန်​ခဲ့​တဲ့​နှစ်တွေ​ကို ပြန်ပြောင်း​သုံးသပ်ကြည့်​တဲ့​အခါ တော​ခေါင်​ခေါင်​အရပ်​က ဘာ​မဟုတ်တဲ့ လူ​ရိုး၊ လူ​အေး​လူငယ်​တစ်ယောက်​ဟာ ဘဝ​တစ်လျှောက်​လုံး ကြာရှည်​စွာ​သင်ယူ​ရတဲ့ ဒီလို​ထူးကဲ​တဲ့ ပညာရေး​မျိုး​ရရှိနိုင်​ခဲ့​တာ​ကို ကျွန်တော်​အံ့သြ​လို့​မဆုံး​ပါ​ဘူး။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

၁၉၅၅ ခုနှစ်၊ ကျွန်တော်​တို့​လက်ထပ်​သည့်​နေ့တွင်

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

၁၉၅၇၊ လယ်ကွင်း​လုပ်ငန်း​တွင်​ဒေသခံ​ညီအစ်ကို ရာ​ဂျန်း က​ဒါက​မာ​နှင့်အတူ

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ယနေ့ စစ်​ဘဲလ်​နှင့်အတူ