မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယနေ့ မည်သူတို့ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားနေစေကြသနည်း

ယနေ့ မည်သူတို့ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားနေစေကြသနည်း

ယနေ့ မည်သူ​တို့ ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှား​နေ​စေ​ကြ​သနည်း

‘ကျွန်တော်​မျိုး​တို့၏​ဘုရားသခင် ယေဟောဝါ၊ ကိုယ်တော်​သည် ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်​ကို ခံထိုက်​တော်​မူ​၏။’—ဗျာ. ၄:၁၁၊ က​ဘ။

၁၊ ၂။ (က) အဘယ်​ပုံ​နမူနာ​များ​က ဇီဝ​တုပ​မှု​ဗေဒ​ဟု​ခေါ်​သည့် ပညာရပ်​နယ်ပယ်​အကြောင်း ဖော်ပြ​သနည်း။ (ခ) အဘယ်​မေးခွန်း​ပေါ်ပေါက်​လာပြီး အဖြေ​ကား အဘယ်နည်း။

ဆွစ်​လူမျိုး အင်ဂျင်နီယာ ဂျော့ဂျ် ဒဲ့ မက်​စ်​ထ​ရ​ယ်လ်​သည် ၁၉၄၀ ပြည့်လွန်​နှစ်များ​၏ နေ့​တစ်နေ့​တွင် သူ၏​ခွေး​ကို​ခေါ်​၍ လမ်းလျှောက်ထွက်​ခဲ့​သည်။ အိမ်သို့ပြန်​ရောက်​သောအခါ သူ၏​အဝတ်အစား​များနှင့် ခွေး​၏​အမွေး​များ​တွင် ကပ်စေးနှဲ​သီး​များ ကပ်​ပါ​လာ​သည်ကို သတိပြုမိ​၏။ သိလိုစိတ်​ပြင်းပြ​စွာ​ဖြင့် ကပ်စေးနှဲ​သီး​များ​ကို အဏုကြည့်​မှန်ပြောင်း​ဖြင့် စစ်ဆေး​ကြည့်​လိုက်​ရာ ကွင်း​ရှိသည့်​အရာ​မှန်သမျှ​အား ချိတ်​တွယ်​သည့် အလွန်​သေးငယ်သော ချိတ်​ကလေး​များ​ကြောင့် စိတ်ဝင်စား​သွားခဲ့သည်။ နောက်ဆုံး​တွင် သူသည် ဗယ်လ်​ခ​ရို​ခေါ် နိုင်လွန်​ကပ်ခွာ​ကို တီထွင်​လိုက်​လေ​သည်။ ဒဲ့ မက်​စ်​ထ​ရ​ယ်လ် တစ်ဦးတည်း​သာ သဘာဝ​ကို တုပ​ဖန်တီး​ခဲ့​သည်မဟုတ်​ချေ။ အမေရိကန်​ပြည်ထောင်စု​မှ ရွိုက်​ညီနောင်​တို့သည် ပျံဝဲ​နေကြ​သည့် ငှက်ကြီး​များ​ကို လေ့လာ​ပြီး​နောက် လေယာဉ်​တစ်စင်း​ကို ပုံစံ​ပြု​ထုတ်လုပ်​ခဲ့​ကြသည်။ ပြင်သစ်​လူမျိုး အင်ဂျင်နီယာ အလက်ဇန္ဒား-ဂူ​စ​တာ​ဗ် အီဖယ်လ်​သည်လည်း ကိုယ်ခန္ဓာ​အလေးချိန်ကို ထောက်မ​ထား​နိုင်​သည့် လူ့​ပေါင်တံ​ရိုး​၏ အခြေခံ​သဘောတရား​များ​ကို အသုံးပြု၍ သူ၏​အမည်ပေး​ထားသော မျှော်စင်​ကို ပါရီ​မြို့တွင် ပုံစံ​ပြု​ဆောက်လုပ်​ခဲ့​၏။

ယင်း​တို့သည် ဇီဝ​တုပ​မှု​ဗေဒ (biomimetics) ဟု​ခေါ်​သည့် သဘာဝ​လောကကြီး​ရှိ ဒီဇိုင်း​ပုံစံ​များ​ကို အတုယူ​ပြုလုပ်​ရန် ကြိုးပမ်း​ကြ​သည့် သိပ္ပံ​ပညာရပ်​၏ ပုံ​နမူနာ​ကောင်း​များ​ဖြစ်​ကြသည်။ * သို့သော် မေးစရာ​တစ်ခုပေါ်​လာ​ပါ​သည်– လူ့​တီထွင်မှု​များစွာ အခြေပြု​ထား​သည့် အလွန်​သေးငယ်သော ကပ်စေးနှဲ​သီး​များ၊ ငှက်ကြီး​များ၊ လူ့​ပေါင်တံ​ရိုး​နှင့် အံ့ဖွယ်ကောင်း​သော အခြား​မူရင်း​မှန်သမျှကို ပုံစံ​ပြု​ရှင်​အား တီထွင်​ပြုလုပ်​သူများ​သည် ဘယ်နှစ်ကြိမ် ဂုဏ်တင်​ခဲ့​ကြပြီ​နည်း။ ဝမ်းနည်းစရာ​အဖြစ်မှန်​မှာ ယနေ့​လောကတွင် ဘုရားသခင်​သည် မိမိ​ရထိုက်​သည့် ဂုဏ်တော် သို့​မဟုတ် ဘုန်းတော်​ကို မခံစား​ရခြင်း​ဖြစ်သည်။

၃၊ ၄။ “ဘုန်းတော်” ဟု​အနက်ဖွင့်​ထား​သည့် ဟေဗြဲ​စကားလုံး​၏​အဓိပ္ပာယ်​ကား အဘယ်နည်း၊ ယေဟောဝါ​နှင့်​ပတ်သက်​၍ အသုံးပြု​သောအခါ အဘယ်အရာကို ရည်ညွှန်း​သင့်​သနည်း။

တချို့က ‘ဘုရားသခင်​ရဲ့​ဘုန်းတော်​ကို ဘာကြောင့်​ထင်ရှားစေ​ဖို့ လို​တာလဲ။ ဘုရားသခင်​ဟာ ဘုန်း​အသရေ​ရှိ​နှင့်​ပြီး​သား​မဟုတ်လား’ ဟု တွေးတော​ကြ​ပေမည်။ ယေဟောဝါ​သည် စကြဝဠာ​တွင် ဘုန်း​အသရေ​အရှိဆုံး ပုဂ္ဂိုလ်​ဖြစ်သည်​မှန်​သော်လည်း လူအားလုံး​က ကိုယ်တော်၌ ဘုန်း​အသရေ​ရှိသည်​ဟု မယူမှတ်​ပေ။ သမ္မာကျမ်းစာ​၌ “ဘုန်းတော်” ဟူ၍​အနက်ဖွင့်​ထားသော ဟေဗြဲ​စကားလုံး​တွင် “လေးလံ​ခြင်း” သဘော​ပါရှိ​သည်။ လူတစ်ဦး​အား အထင်ကြီး​စ​ရာ သို့​မဟုတ် အရေးပါပုံ​ပေါက်​စေသည့် မည်သည့်​အရာ​ကို​မဆို ရည်ညွှန်း၏။ ဘုရားသခင်​နှင့်​ပတ်သက်​၍ အသုံးပြု​သောအခါ လူသား​တို့ ဘုရားသခင်​အား ဂုဏ်တင်​စေသည့်​အရာ​ကို ရည်ညွှန်း​ပေ​သည်။

ယနေ့ ဘုရားသခင်​အား ဂုဏ်တင်​စေသည့်​အရာ​ကို သတိပြုမိ​သူ နည်း​၏။ (ဆာလံ ၁၀:၄; ၁၄:၁) အမှန်​ဆို​ရ​လျှင်၊ လူ့​အဖွဲ့အစည်း​တွင် ထင်ရှား​ကျော်ကြား​သူတို့သည် ဘုရားသခင်​ကို ယုံကြည်သည့်​တိုင် ဘုန်း​အသရေရှိသော စကြဝဠာ​ဖန်ဆင်း​ရှင်​အား မလေးမစား​ပြုမူ​ကြ​ရန် လူ​တို့ကို ဩဇာ​လွှမ်းမိုး​လေ့​ရှိသည်။ အဘယ်နည်း​လမ်းများ​ဖြင့် ထိုသို့​လုပ်ဆောင်ခဲ့​ကြပြီ​နည်း။

‘သူတို့သည် ဆင်ခြေ​မပေးနိုင်​ကြ’

၅။ သိပ္ပံ​ပညာရှင်​အများ​သည် ဖန်ဆင်း​ခြင်း​အံ့ဖွယ်ရာများ​ကို မည်သို့​ရှာကြံ အကြောင်းပြ​ကြ​သနည်း။

သိပ္ပံ​ပညာရှင်​များစွာက ဘုရားသခင်​မရှိ​ဟု အခိုင်အမာ​ပြောဆို​ကြသည်။ သို့​ဆိုလျှင် လူသားများ​အပါအဝင် ဖန်ဆင်း​ခြင်း​၏​အံ့ဖွယ်ရာများ​ကို သူတို့​မည်သို့​ရှင်းပြ​ကြ​သနည်း။ ယင်း​အံ့ဖွယ်ရာများ​သည် အမှတ်တမဲ့​ဖြစ်ပျက်​ခြင်း​အပေါ် အခြေပြု​သည့် မျက်မြင်မရ​စွမ်းအား၊ ဆင့်ကဲဖြစ်စဉ်​ကြောင့်​ဖြစ်သည်ဟု သူတို့​ယူဆကြ​၏။ ဥပမာ၊ ဆင့်ကဲဝါဒီ စတီဖန် ဂျေး ဂို​လ်ဒ်​က ဤသို့​ရေးသားခဲ့​သည်– “ထူးဆန်းသော​ငါး​အုပ်စု​တစ်မျိုး​၏ ကိုယ်ခန္ဓာ​တွင် ဆူးတောင် အင်္ဂါ​အစိတ်အပိုင်း​တစ်ခု ပါရှိ​ရာ ယင်းသည် ခြေထောက်​များ​ရှိသည့် ကုန်း​သတ္တဝါများ​အသွင် ပြောင်းလဲ​နိုင်​ခဲ့​သောကြောင့် ကျွန်ုပ်​တို့ ဤ​တွင် ရောက်ရှိ​နေကြ​ခြင်း​ဖြစ်သည်။ . . . ‘ပို​အဆင့်မြင့်’ သော​အဖြေကို ကျွန်ုပ်​တို့ မျှော်လင့်​တောင့်တ​ကြ​ပေမည်—သို့သော် အဖြေ​မရှိပါ။” အလားတူ၊ ရစ်ချက် အီး. လီကီ​နှင့် ရော်​ဂျာ​လ​ဝင်​တို့​က​လည်း ဤသို့​ရေးသားခဲ့​၏– “လူ့​မျိုးစိတ်​သည် ဇီဝ​ဗေဒ​ဆိုင်ရာ မမှား​သင့်​သော မဟာ​အမှား​ကြီး​တစ်ခု​သာ ဖြစ်​ပေမည်။” သဘာဝ​အလှ​နှင့် ဒီဇိုင်း​ပုံစံ​တို့ကို အံ့သြ​ချီးမွမ်း​ကြ​သူ သိပ္ပံ​ပညာရှင်​အချို့​ပင်​လျှင် ဘုရားသခင်​အား ဂုဏ်​မတင်​ကြ​ချေ။

၆။ ဘယ်အရာ​က ဖန်ဆင်း​ရှင်​ဟူ၍ ဘုရားသခင်​ရထိုက်​သည့်​အတိုင်း ဂုဏ်​မတင်​ကြ​ရန် လူများစွာ​တို့ကို နား​ယောင်​စေ​ခဲ့ပြီ​နည်း။

ပညာတတ်​များ​က ဆင့်ကဲဖြစ်စဉ်​သည် အဖြစ်မှန်​ဟု အခိုင်အမာ​ဆို​ကြ​သည့်​အခါ အသိဉာဏ်​ခေါင်းပါး​သူတို့​သာ ယင်းကို လက်မခံနိုင်​ကြ​ဟု ဆို​ရာ​ရောက်သွား​သည်။ ထို​အဆိုကို လူအများ မည်သို့​တုံ့ပြန်​ကြ​သနည်း။ လွန်ခဲ့သော​နှစ်​အနည်းငယ်​က ဆင့်ကဲဖြစ်စဉ်​အကြောင်း နောကျေ​အောင် နားလည်​သူ​တစ်ဦး​သည် အဆိုပါ​သီအိုရီ​ကို လက်ခံ​ထား​သူတို့အား တွေ့ဆုံ​မေးမြန်းခဲ့​၏။ “ဆင့်ကဲဖြစ်စဉ်​ကို လက်ခံသူ​အများစုက ဉာဏ်​ထက်​သူ​တိုင်း ယင်းကို ယုံ​သည်​ဟု ကြား​ရ​ကြသော​ကြောင့် လက်ခံ​ထား​ကြ​ခြင်း​ဖြစ်သည်​ကို ကျွန်ုပ်​တွေ့ရှိ​ခဲ့​ရ၏” ဟု​သူ​ဆို​ခဲ့​သည်။ ပညာတတ်​များ​က ဘုရား​သခင်မ​ရှိ​ဟူ​သည့် အယူအဆ​များ​ကို အတိအလင်း​တင်ပြ​ကြ​သည့်​အခါ အခြားသူများ​လည်း နား​ယောင်​သွား​ကာ ဖန်ဆင်း​ရှင်​ဟူ၍ ဘုရားသခင်​ရထိုက်​သည့်​အတိုင်း ဂုဏ်​မတင်​ကြ​တော့​ချေ။—သု. ၁၄:၁၅၊ ၁၈

၇။ ရောမ ၁:၂၀ အရ၊ မျက်မြင်ရ​ဖန်ဆင်း​ရာ​အားဖြင့် အဘယ်အရာကို ရှင်းရှင်းလင်းလင်း သိမြင်​နိုင်​သနည်း၊ အဘယ်ကြောင့်​နည်း။

အထောက်အထား​များ​ရှိသောကြောင့် ဆင့်ကဲဖြစ်စဉ် မှန်သည်​ဟု သိပ္ပံ​ပညာရှင်​များ ကောက်ချက်​ချ​ကြ​ခြင်း​လော။ လုံးဝ​မဟုတ်ပါ! ဖန်ဆင်း​ရှင်​တစ်ပါး​ရှိကြောင်း ကျွန်ုပ်​တို့​ပတ်ပတ်လည်​တွင် အထောက်အထား​များစွာ​ရှိပါ​သည်။ ကိုယ်တော်​နှင့်​စပ်လျဉ်း၍ တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​၏– “ဖန်ဆင်း​တော်​မူ​သော​အရာများ​ကို ထောက်ရှု​သဖြင့်၊ ထာဝရ​တန်ခိုးတော်​နှင့် ထာဝရ​အဖြစ်တော်​တည်း​ဟူသော မျက်မြင်မရ​သော ဘုရားသခင်​၏​အရာ​တို့သည် ကမ္ဘာ​တည်​သည်​ကာလ​မှ​စ၍ ထင်ရှား​လျက်​ရှိကြ​၏။ ထို့​ကြောင့် သူတို့ [မယုံကြည်​သူများ] သည် ကိုယ်​အပြစ်ကို​မဖုံး [“ဆင်ခြေ​မပေး၊” က​ဘ] နိုင်ရာ။” (ရောမ ၁:၂၀) ဖန်ဆင်း​ရှင်​ရှိကြောင်း ကိုယ်တော်​၏​လက်ရာတော်​၌ အထင်အရှား တွေ့မြင်​နိုင်​ပေ​သည်။ လူသား​စတင်​တည်ရှိ​ကတည်းက ဘုရားသခင်​ရှိသည့် အထောက်အထားကို မျက်မြင်ရ​ဖန်ဆင်း​ရာ​ဖြင့် ‘သိမြင်’ နိုင်​ခဲ့​သည်​ဟု ပေါလု​ပြောနေခြင်း​ဖြစ်​လေ​သည်။ ဤ​အထောက်အထား​ကား အဘယ်တွင်​ရှိ​သနည်း။

၈။ (က) ဘုရားသခင်​၏​တန်ခိုးတော်​နှင့် ဉာဏ်ပညာ​တော်​ကို ရူပ​ကောင်းကင်​က မည်သို့​သက်သေခံ​သနည်း။ (ခ) စကြဝဠာ​တွင် ပထမ​အကြောင်းတရား​ရှိ​ရမည်ဟု အဘယ်အရာက ဖော်ပြ​သနည်း။

ဘုရားသခင်​တည်ရှိ​သည်​ဟူသော အထောက်အထားကို ကြယ်အတိ​ပြီး​သော မိုးကောင်းကင်​၌ ကျွန်ုပ်​တို့​တွေ့ရှိ​ရ၏။ “မိုးကောင်းကင်​သည် ဘုရားသခင်​၏​ဘုန်း​အသရေတော်​ကို ကြား​ပြော” သည်​ဟု ဆာလံ ၁၉:၁ က​ဆို​သည်။ “မိုးကောင်းကင်” ၌​ရှိသည့် နေ၊ လ​နှင့် ကြယ်​များသည် ဘုရားသခင်​၏​တန်ခိုးတော်​နှင့် ဉာဏ်ပညာ​တော်​တို့ကို အထင်အရှား ဖော်​ပြပေး​သည်။ ကြယ်​အလုံးအရင်း​သည် အလွန်​အံ့သြစရာ​ပင်။ ဤ​ကောင်းကင်​တန်ဆာ​တို့သည် အာကာသ​ဟင်းလင်းပြင်​တစ်ခွင် ဦးတည်ချက်​မဲ့​မဟုတ်ဘဲ တိကျ​သည့် ရူပ​နိယာမ​များ​အတိုင်း ရွေ့လျား​နေကြ​သည်။ * (ဟေရှာယ ၄၀:၂၆) ဤမျှ​အစီအစဉ်​ကျနမှု​သည် အလိုအလျောက်​ဖြစ်လာ​သည်​ဟု ပြောဆိုခြင်း​က ဆင်ခြင်တုံ​တရား​နှင့်​ညီ​ပါ​မည်​လော။ ထူးခြား​သည်​မှာ သိပ္ပံ​ပညာရှင်​များစွာက စကြဝဠာ​သည် ရုတ်တရက်​ပေါ်လာ​သည်​ဟု ဆို​ကြ​ခြင်း​ဖြစ်သည်။ ယင်း​၏​ဆက်နွှယ်မှု​များ​ကို ရှင်းပြ​ရာ​တွင် ပါမောက္ခ​တစ်ဦး​က ဤသို့​ရေးသားခဲ့​၏– “ထာဝစဉ်​တည်ရှိ​ခဲ့​သော စကြဝဠာ​သည် ဘုရားသခင်​မဲ့​ဝါဒီ​တစ်ဦး သို့​မဟုတ် မသိ​ဝါဒီ​တစ်ဦး၏ [အမြင်] နှင့် ပို​၍​ကိုက်ညီ​သည်။ အလားတူ၊ အစ​ရှိသည့် စကြဝဠာ​သည် ပထမ​အကြောင်းတရား​ရှိဖို့ လိုအပ်​ပုံ​ရ၏; အဘယ်ကြောင့်​ဆို​သော် လုံလောက်​သော​အကြောင်းတရား​မရှိဘဲ​နှင့် ဤမျှ​အကျိုး​သက်ရောက်မှု ရှိ​နိုင်​ပါ​မည်​လော။”

၉။ ယေဟောဝါ​၏​ဉာဏ်ပညာ​တော်​သည် တိရစ္ဆာန်​အမျိုးမျိုး​တို့​တွင် မည်သို့​ထင်ရှား​သနည်း။

ထို့​ပြင် ဘုရားသခင်​ရှိသည်​ဟူသော အထောက်အထားကို ကမ္ဘာ​မြေကြီးပေါ်​တွင်​လည်း ကျွန်ုပ်​တို့​တွေ့ မြင်ရ​၏။ ဆာလံဆရာ​က ဤသို့​ကြွေးကြော်​ခဲ့​သည်– ‘အို​ယေဟောဝါ၊ ကိုယ်တော်​စီရင်​ပြုပြင်​တော်​မူ​သော​အရာ​တို့သည် အလွန်​များပြား​ပါ​၏။ ရှိရှိသမျှ​တို့ကို ဉာဏ်ပညာ​တော်​အားဖြင့် ဖန်ဆင်း​တော်​မူ​၏။ မြေကြီး​သည် ဘဏ္ဍာတော်​နှင့်​ကြွယ်ဝ​ပါ​၏။’ (ဆာလံ ၁၀၄:၂၄) ဖန်ဆင်း​ရာ​သတ္တဝါများ​အပါအဝင် ယေဟောဝါ​၏ ‘လက်ရာတော်​များ’ က ကိုယ်တော်၌ ဉာဏ်ပညာ​တော်​ရှိကြောင်း ဖော်ပြ​၏။ အစပိုင်း​တွင် ကျွန်ုပ်​တို့​သတိပြုမိ​ကြ​သည့်​အတိုင်း သက်ရှိ​သတ္တဝါများ​၏ ဒီဇိုင်း​ပုံစံ​သည် အဆင့်မြင့်​လွန်း​သည့်​အတွက် အတုယူ​ပြုလုပ်​ရန် သိပ္ပံ​ပညာရှင်​များ ကြိုးစား​လေ့​ရှိကြသည်။ အခြား​ပုံ​နမူနာ​တချို့​ကို သုံးသပ်ကြည့်​ပါ။ သုတေသီ​များသည် ပို​ခိုင်မာ​သည့်​ခမောက်​များ ပြုလုပ်​ရန်​ရည်ရွယ်​လျက် သမင်​ဦးချို​များ​ကို လေ့လာ​နေကြ​သည်၊ နားကြပ်​များ​ကို အဆင့်မြှင့်​ပေး​ရန် အလွန်​နား​ပါး​သည့် ယင်ကောင်​မျိုးစိတ်​ကို လေ့လာ​စူးစမ်း​လျက်​ရှိကြသည်၊ ကိုယ်ယောင်​ဖျောက်​လေယာဉ်များ​ကို အဆင့်မြှင့်​ပေး​ဖို့ ဇီးကွက်​များ​၏ တောင်ပံ​မွေး​များ​ကို စမ်းသပ်​လျက်​ရှိကြသည်။ သို့သော် လူတို့သည် မည်သို့​ပင်​ကြိုးစား​ပါစေ သဘာဝ​လောက​ရှိ မူရင်း​စံ​ဒီဇိုင်း​များ​အတိုင်း တစ်ထပ်တည်း​ကျ​အောင် မတုပ​နိုင်​ကြ​ချေ။ ဇီဝ​တုပ​မှု​အတတ်—သဘာဝ​က လှုံ့ဆော်ပေး​သည့် ဆန်းသစ်​တီထွင်မှု​စာအုပ်​က ဤသို့​ဆို​သည်ကို သတိပြု​ကြည့်​ပါ– “သက်ရှိ​အရာ​တို့သည် လူသား​တို့ လုပ်ဆောင်​လိုသမျှ​ကို ရုပ်ကြွင်း​လောင်စာ ဖြုန်းတီးခြင်း၊ ကမ္ဘာ​ဂြိုဟ်​ကို ညစ်ညမ်း​စေခြင်း၊ ၎င်းတို့၏​အနာဂတ်​ကို အန္တရာယ်​တွင်း သက်ဆင်း​စေခြင်း​မျိုး​တို့ မရှိစေ​ဘဲ လုပ်ဆောင်ခဲ့​ကြ​ပြီး​လေ​ပြီ။” အလွန်​ပင် ဉာဏ်ပညာ ကြီးမား​လိုက်​လေ​ခြင်း!

၁၀။ မဟာ​ပုံစံ​ပြု​ရှင်​တစ်ဦး တည်ရှိ​ကြောင်းကို ငြင်းပယ်​ခြင်း​သည် အဘယ်ကြောင့် ဆင်ခြင်တုံ​တရား​နှင့်​မညီ​သနည်း။ ရှင်းပြပါ။

၁၀ အထက်​မိုးကောင်းကင်​သို့ မျှော်ကြည့်​သည်​ဖြစ်စေ၊ ဤ​ကမ္ဘာ​မြေပေါ်​ရှိ ဖန်ဆင်း​ရာ​တို့ကို ငေး​မော​ကြည့်​သည်​ဖြစ်စေ ဖန်ဆင်း​ရှင်​တစ်ပါး​ရှိသည်​မှာ ရှင်းနေပါသည်။ (ယေရမိ ၁၀:၁၂) “ကျွန်တော်​မျိုး​တို့၏​ဘုရားသခင် ယေဟောဝါ၊ ကိုယ်တော်​သည် အရာခပ်သိမ်း​ကို ဖန်ဆင်း​တော်​မူ​၍ . . . ကိုယ်တော်​သည် ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်​ကို ခံထိုက်​တော်​မူ​၏” ဟူ၍ ကောင်းကင်​သတ္တဝါများ ကြွေးကြော်​ကြ​သည့်​စကား​ကို ကျွန်ုပ်​တို့ အကြွင်းမဲ့ သဘောတူ​သင့်​သည်။ (ဗျာ. ၄:၁၁က​ဘ) သို့​တိုင်၊ သိပ္ပံ​ပညာရှင်​အများ​သည် မိမိတို့၏​ပကတိ​မျက်စိ​နှင့်​မြင်ရ​သည့် အရာဝတ္ထု​များ​၏ ဒီဇိုင်း​ပုံစံ​ကို တအံ့တသြ​ဖြစ်​ကြ​သည့်​တိုင် ဖန်ဆင်း​ရှင်​တစ်ပါး​ရှိသည်​ဟူသော သက်သေ​အထောက်အထားကို​ကား ‘သူတို့၏​ဉာဏ်​မျက်စိ’ ဖြင့်​မမြင်​ကြ​ချေ။ (ဧဖက် ၁:၁၈-၂၀) ထို​အခြေအနေ​ကို ဤနည်းဖြင့် ပုံဖော်​ပေး​နိုင်​ပါ​သည်– “သဘာဝ​အလှ​နှင့် ဒီဇိုင်း​ပုံစံ​တို့ကို အလွန်အမင်း အံ့သြ​နေ​လျက်​နှင့် မဟာ​ပုံစံ​ပြုလုပ်​ရှင်​မရှိ​ဟု ငြင်းဆို​ခြင်း​သည် အင်မတန်​လက်ရာမြောက်​သော ပန်းချီကား​တစ်ချပ်​ကို အလွန်​နှစ်သက်​သဘောကျ​နေပြီး တစ်ချိန်တည်း​တွင် ပ​တ္တူ​စ​အလွတ်​ကို ဤမျှ​ပြောင်မြောက်​သော ပန်းချီကား​ဖြစ်​ရန် ဖန်တီး​ပေး​လိုက်​သည့် ပန်းချီ​ဆရာမ​ရှိ​ဟု ငြင်းဆို​လိုက်ခြင်း​နှင့်​တူ​သည်။ ထို့​ကြောင့် ဘုရားသခင်​အား မယုံကြည်​သူများကို ‘ဆင်ခြေ​မပေးနိုင်’ သူများ​ဟု ခေါ်​ခြင်း​သည် အံ့ဩစရာ​မဟုတ်ပေ!

‘လမ်းပြ​သော​လူ​ကန်း​တို့’ လူအများ​ကို လှည့်စား

၁၁၊ ၁၂။ တင်ကူး​သတ်မှတ်ခြင်း​အယူ​သည် အဘယ်​စိတ်​မှန်း​သက်​သက်​အပေါ် အခြေပြု​သနည်း၊ ဤ​အယူဝါဒ​သည် ဘုရားသခင်​၏​ဘုန်းတော်​ကို မထင်ရှား​စေ​ကြောင်း အဘယ်အရာက ဖော်ပြ​သနည်း။

၁၁ မိမိတို့၏​ဝတ်ပြုရေး​ပုံစံ​သည် ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှားစေ​သည်​ဟု ဘာသာရေး​သမားများ​စွာ​က စိတ်​ရိုး​မှန်​နှင့်​ယုံကြည်​ကြ​၏။ (ရောမ ၁၀:၂၊ ၃) အမှန်တကယ်​တွင် လူ့​ဘောင်​အဖွဲ့အစည်း​၏ အစိတ်အပိုင်း​တစ်ခု​ဖြစ်သည့် ဘာသာ​တရားသည် လူ​သန်းပေါင်း​များစွာကို ဘုရားသခင်​အား ဂုဏ်​မတင်​စေပါ။ မည်သို့​အားဖြင့်​နည်း။ နည်း​နှစ်နည်း​ကို သုံးသပ်ကြည့်​ကြ​စို့။

၁၂ ဦးဆုံး၊ ဘာသာ​တရား​များသည် မှားယွင်းသော​သွန်သင်ချက်​များ​ဖြင့် ဘုရားသခင်​၏​ဘုန်းတော်​ကို မှေးမှိန်​စေ​ကြသည်။ တင်ကူး​သတ်မှတ်ခြင်း​အယူ​သွန်သင်ချက်​ကို ဥပမာတစ်ခု​အဖြစ် သုံးသပ်ကြည့်​ပါ။ ဤ​အယူဝါဒ​သည် ဘုရားသခင်​၌ အနာဂတ်​ကို​ကြိုသိ​နိုင်​သည့် အစွမ်း​တန်ခိုး​ရှိသောကြောင့် အရာရာတိုင်း​၏ အကျိုးဆက်ကို ကိုယ်တော် တင်ကြို​သိရ​မည်​ဟူ​သည့် အဆို​အပေါ်​အခြေပြု​သည်။ သို့​နှင့် လူသား​တိုင်း​၏ ကောင်းကျိုး​ဆိုးကျိုး​ကို ကြာမြင့်စွာ​ကတည်းက ဘုရားသခင် တင်ကြို​သတ်မှတ်​ထားပြီး​ဖြစ်သည်ဟု တင်ကူး​သတ်မှတ်ခြင်း​အယူ​က ဆို​၏။ ဤ​အယူအဆ​အရ၊ ယနေ့​လောက​ရှိ ဆင်းရဲ​ဝေဒနာ​များနှင့် ဆိုးယုတ်မှု​မှန်သမျှ​သည် ဘုရားသခင်​ကြောင့်​ဖြစ်သည်ဟု ယူမှတ်​စ​ရာ​ဖြစ်သွား​လေ​သည်။ အမှန်​မှာ “ဤ​လောကကို​အစိုး​ရသော​မင်း” ဟု ကျမ်းစာ​က​ခေါ်ဆို​ထား​သည့် ဘုရားသခင်​၏​အဓိက​ရန်သူ စာတန်​ကြောင့်​ဖြစ်သည်​ကို ဘုရားသခင်​အပေါ် အပြစ်​ပုံချ​သည့်​အခါ ကိုယ်တော့်​ဘုန်းတော်​ကို မည်သို့​မျှ ထင်ရှားစေ​ရာ​မ​ရောက်​ပေ!—ယောဟန် ၁၄:၃၀; ၁ ယောဟန် ၅:၁၉

၁၃။ ဘုရားသခင်​သည် မိမိ၏​အနာဂတ်​ကြိုသိ​နိုင်စွမ်း​အား မထိန်းချုပ်​နိုင်​ဟု ယူဆ​ခြင်း​က အဘယ်ကြောင့် မိုက်မဲ​ရာ​ကျ​သနည်း။ ရှင်းပြပါ။

၁၃ တင်ကူး​သတ်မှတ်ခြင်း​အယူ​သည် ဘုရားသခင်​အား အပုပ်ချ​သည့် ကျမ်းစာ​နှင့်​မညီသော သွန်သင်ချက်​တစ်ရပ်​သာ​ဖြစ်၏။ ဘုရားသခင်​တတ်နိုင်​သည့်​အရာ​နှင့် ကိုယ်တော်​အမှန်​လုပ်ဆောင်​သည့်​အရာတို့ကို ယင်းက ရှုပ်ထွေး​စေ​သည်။ ဖြစ်ရပ်​များ​ကို ဘုရားသခင် ကြိုတင်​သိနိုင်​သည်​ဟူသော​အချက်​ကို သမ္မာကျမ်းစာ​၌ ရှင်းရှင်းလင်းလင်း ဖော်ပြ​ထား​ပါ​သည်။ (ဟေရှာယ ၄၆:၉၊ ၁၀) သို့သော်၊ ကိုယ်တော်​သည် တင်ကြို​သိနိုင်စွမ်း​ကို မထိန်းချုပ်​နိုင် သို့​မဟုတ် ဖြစ်ပျက်​လေ​သမျှ ကိုယ်တော်​ကြောင့်​ဖြစ်သည်ဟု တွေးထင်​ခြင်း​က ဆင်ခြင်တုံ​တရား​နှင့်​မညီ​ပေ။ ဥပမာ​ပေး​ရ​လျှင် သင်၌ ကြီးမားသော​ခွန်အား​ရှိသည်​ဆိုပါစို့။ မြင်မြင်သမျှ လေးလံ​သည့်​အရာဝတ္ထု​တိုင်း​ကို သင် လိုက်၍​မ,ချင်​နေ​မည်​လော။ ဤသို့​ဖြစ်​မည်​မဟုတ်ပါ! အလားတူ၊ ဘုရားသခင်​သည် မိမိ​တွင် အနာဂတ်​ကို သိရှိနိုင်စွမ်း​ရှိသောကြောင့် အရာရာတိုင်း​ကို မဖြစ်​မနေ လိုက်၍​ကြိုသိ​စေမည်၊ ကြိုတင်​စီမံ​မည် မဟုတ်​ချေ။ ကိုယ်တော်​သည် မိမိ၏​တင်ကြို​သိမြင်နိုင်စွမ်း​ကို စိစစ်​ရွေးချယ် ကျင့်သုံး​တော်​မူ​သည်။ * တင်ကူး​သတ်မှတ်ခြင်း​အယူ​အပါအဝင် မှား​သော​သွန်သင်ချက်​များသည် ဘုရားသခင်​၏​ဘုန်းတော်​ကို မထင်ရှား​စေပါ။

၁၄။ ဖွဲ့စည်း​တည်ထောင်​ပြီး​သား ဘာသာ​တရားသည် ဘုရားသခင်​၏​ဂုဏ်​အသရေတော်​ကို အဘယ်​နည်းဖြင့် ရှုတ်ချခဲ့​ပြီ​နည်း။

၁၄ ဖွဲ့စည်း​တည်ထောင်​ထား​သည့် ဘာသာ​တရား​က ဘုရားသခင်​အား ဂုဏ်ပျက်​စေသည့် ဒုတိယ​နည်းလမ်း​မှာ ၎င်း​အသင်းသားများ​၏ အမူအကျင့်​ဖြင့်​ဖြစ်သည်။ ခရစ်ယာန်​များသည် ယေရှု၏​သွန်သင်ချက်​များ​ကို လိုက်လျှောက်ဖို့​ဖြစ်၏။ ယေရှု၏​သွန်သင်ချက်​များ​တွင် “အချင်းချင်းချစ်​ကြ” ရန်​နှင့် “ဤ​လောက​နှင့်​မဆက်ဆံ” ကြ​ရန် မိမိ၏​နောက်လိုက်​များ​ကို မိန့်မှာ​ခဲ့​သည်။ (ယောဟန် ၁၅:၁၂; ၁၇:၁၄-၁၆) ခရစ်ယာန်ဘောင်​ဓမ္မ​ဆရာများ​ကော အသို့နည်း။ အဆိုပါ​သွန်သင်ချက်​များ​ကို သူတို့ အမှန်တကယ် လိုက်လျှောက်​ခဲ့​ကြပြီ​လော။

၁၅။ (က) တိုင်းနိုင်ငံ​တို့၏ စစ်ပွဲ​များ​တွင် ဓမ္မ​ဆရာများ မည်သို့​ပါဝင်​ပတ်သက်​ခဲ့​သနည်း။ (ခ) ဓမ္မ​ဆရာများ​၏ အမူအကျင့်​သည် သန်းပေါင်း​များစွာ​တို့​အပေါ် မည်သို့​ထိခိုက်​စေ​ခဲ့ပြီ​နည်း။

၁၅ စစ်​နှင့်​စပ်လျဉ်း၍ ဓမ္မ​ဆရာများ​၏​မှတ်တမ်း​ကို သုံးသပ်ကြည့်​ပါ။ သူတို့သည် တိုင်းနိုင်ငံ​တို့၏ စစ်ပွဲ​ပေါင်း​များစွာကို ထောက်ပံ့​ကူညီ၊ ခွင့်ပြု​ထား​ရုံ​မ​က ဦးစီး​ဦးဆောင်​ပင်​ပြု​ခဲ့​ကြပြီ။ စစ်သား​များ​ကို ကောင်းချီး​ပေး​ခဲ့​ကြ​ကာ ဤသို့​သတ်ဖြတ်​ခြင်း​သည် မှန်သည်​ဟု ဆို​ခဲ့​ကြ​လေ​ပြီ။ ယင်းကြောင့် ‘ရန်သူ​ဘက်​မှ ဓမ္မ​ဆရာများ​က​လည်း မိမိ​ကဲ့သို့​ပင် လုပ်ဆောင်နေ​ကြ​မည်​ကို အနှီ​ဓမ္မ​ဆရာများ မတွေး​မိ​ကြ​သလော’ ဟု ကျွန်ုပ်​တို့ မေးလိုက်​ချင်​ပေ​သည်။ (“မည်​သူ့​ဘက်တွင် ဘုရားသခင်​ရှိ​သနည်း” လေးထောင့်ကွက်​ကို​ရှု။) သွေး​ချောင်း​စီး​စစ်ပွဲ​များ​တွင် ဘုရားသခင်​၏ ကျော​ထောက်​နောက်ခံ​မှု​ကို ရရှိ​ထား​သည်​ဟု ဓမ္မ​ဆရာများ ဆို​ခြင်း​က ဘုရားသခင်​၏​ဘုန်းတော်​ကို မထင်ရှား​စေပါ; ကျမ်းစာ​စံနှုန်း​များသည် ခေတ်​ကုန်​သွားပြီ​ဟူ၍ ပြောဆို​ကာ အဘယ်​လိင်ဆိုင်ရာ​အကျင့်​ယိုယွင်းမှု​ကို​မဆို ခွင့်ပြု​ခြင်း​ဖြင့် သူတို့သည် ကိုယ်တော်​၏​ဘုန်းတော်​ကို မထင်ရှား​စေ​ကြ​ပါ။ ဤ​တွင် “မတရားသော​အမှုကိုပြု​သော​သူတို့၊” ‘လမ်းပြ​သော​လူ​ကန်း​တို့’ ဟု ယေရှု​ခေါ်ဆို​ခဲ့​သည့် ဘာသာရေး​ခေါင်းဆောင်​များ​ကို ကျွန်ုပ်​တို့​သတိရ​ကြ​ပေမည်! (မဿဲ ၇:၁၅-၂၃သမ္မာ; ၁၅:၁၄၊ သမ္မာ) ဓမ္မ​ဆရာများ​၏ အမူအကျင့်​က သန်းပေါင်း​များစွာသော​သူတို့၏ ဘုရားသခင်​အပေါ်​ထား​ရှိသည့် မေတ္တာကို အေး​တိ​အေးစက် ဖြစ်စေ​ခဲ့ပြီ။—မဿဲ ၂၄:၁၂

မည်သူ​တို့ ဘုရားသခင်​၏​ဘုန်းတော်​ကို အမှန်​ထင်ရှား​နေ​စေ​ကြ​သနည်း

၁၆။ မည်သူ​တို့သည် ဘုရားသခင်​၏​ဘုန်းတော်​ကို အမှန်​ထင်ရှား​နေကြ​သနည်း​ဟူသော မေးခွန်း​ကို​ဖြေဆို​ရန် အဘယ်ကြောင့် သမ္မာကျမ်းစာ​ကို လှန်လှော​ကြည့်ရှု​ရမည်​နည်း။

၁၆ ဤ​လောက​မှ ထင်ရှား​ကျော်ကြား၊ ဩဇာ​အာဏာ​ရှိသူ အများစု​သည် ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှားစေ​ဖို့ ပျက်ကွက်​ခဲ့​ကြသည်​ဆိုလျှင် မည်သူ​တို့သည် ဘုန်းတော်​ကို အမှန်တကယ်​ထင်ရှား​နေ​စေ​ကြ​သနည်း။ ထို​မေးခွန်း​ကို​ဖြေဆို​ရန် သမ္မာကျမ်းစာ​ကို လှန်လှော​ကြည့်ရှု​ရမည်​ဖြစ်သည်။ ဘုရားသခင်​သည် မိမိ၏​ဘုန်းတော်​အား မည်သို့​ထင်ရှားစေ​ရမည်ကို ပြောဆိုပိုင်ခွင့်​ရှိပြီး သမ္မာကျမ်းစာ​တွင် စံနှုန်း​များ ချမှတ်​ပေး​ထား​၏။ (ဟေရှာယ ၄၂:၈) ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှားစေ​သည့် နည်း​သုံးနည်း​ကို သုံးသပ်ကြည့်​ကြ​စို့၊ ယနေ့ မည်သူ​တို့သည် ကိုယ်တော်​၏​ဘုန်းတော်​ကို အမှန်တကယ် ထင်ရှား​နေ​စေ​ကြ​သနည်း​ဟူ​သည့် မေးခွန်း​ကို နည်း​တစ်နည်း​စီ​က ဖြေဆို​ပေး​သွားပါ​လိမ့်​မည်။

၁၇။ မိမိ၏​နာမတော်​အား ဘုန်းထင်ရှား​စေခြင်း​သည် မိမိ​အလိုတော်​၏ အရေးပါသော​သွင်ပြင်​တစ်ရပ်​ဖြစ်​ကြောင်း ယေဟောဝါ​ကိုယ်တော်တိုင် မည်သို့​ညွှန်ပြ​ခဲ့​သနည်း၊ ယနေ့ မည်သူ​တို့သည် ဘုရားသခင့်​နာမတော်​ကို ကမ္ဘာ​အနှံ့ ချီးမွမ်း​နေကြ​သနည်း။

၁၇ ဦးဆုံး၊ ကိုယ်တော်​၏​နာမတော်​ကို ချီးမွမ်း​ခြင်း​အားဖြင့် ဘုရားသခင်​၏​ဘုန်းတော်​ကို ကျွန်ုပ်​တို့​ထင်ရှားစေ​နိုင်​ကြသည်။ ထိုသို့​လုပ်ဆောင်ခြင်း​သည် ဘုရားသခင့်​အလိုတော်​၏ အရေးပါသော​ကဏ္ဍ​တစ်ခု​ဖြစ်​ကြောင်း ယေရှု​အား ယေဟောဝါ​မိန့်ဆိုခဲ့​ရာ​တွင် ထင်ရှား​သည်။ ယေရှု​မသေဆုံးမီ ရက်​အနည်းငယ်​က ကိုယ်တော်​ဤသို့​ဆုတောင်း​ခဲ့​၏– “အို​အဘ၊ ကိုယ်တော်​၏​နာမတော်​ကို ချီးမြှောက်​တော်​မူ​ပါ။” ထို​အခါ “ငါ​ချီးမြှောက်​ခဲ့ပြီ၊ တစ်ဖန်​ချီးမြှောက်​ဦး​မည်” ဟု အသံတော်​က ဖြေကြား​ခဲ့​၏။ (ယောဟန် ၁၂:၂၈) ယေဟောဝါ​ကိုယ်တော်တိုင် မိန့်ဆိုခဲ့​မည်​မှာ သေချာ​ပါ​သည်။ ကိုယ်တော်​၏​နာမတော်​ကို ထင်ရှားစေ​ခြင်း​သည် ကိုယ်တော်​အတွက် အလွန်​အရေးကြီးကြောင်း ရှင်းနေပါသည်။ သို့​ဆိုလျှင် ယနေ့ မည်သူ​တို့သည် ယေဟောဝါ​၏​နာမတော်​ကို မြေကြီး​တစ်ခွင် ချီးမွမ်း​၍ ကိုယ်တော်​၏​ဘုန်းတော်​ကို ထင်ရှား​နေ​စေ​ကြ​သနည်း။ ယေဟောဝါသက်သေ​များ​ဖြစ်​ကြသည်၊ သူတို့သည် နိုင်ငံ​ပေါင်း ၂၃၅ နိုင်ငံ​တွင် ထိုသို့​လုပ်ဆောင်​လျက်​ရှိနေကြ​၏။—ဆာလံ ၈၆:၁၁၊ ၁၂

၁၈။ ဘုရားသခင်​အား ‘အမှန်တရား’ ဖြင့် ဝတ်ပြု​ကိုးကွယ်​နေသူတို့​ကို ကျွန်ုပ်​တို့​မည်သို့ ခွဲခြား​သိမြင်​နိုင်​သနည်း၊ အဘယ်​အုပ်စု​က ကျမ်းစာ​အမှန်တရားကို နှစ်​တစ်​ရာ​ကျော် သွန်သင်ပေး​နေသနည်း။

၁၈ ဒုတိယ​မှာ၊ ကိုယ်တော်​နှင့်​ပတ်သက်​သည့် အမှန်တရားကို သွန်သင်​ပေးခြင်း​အားဖြင့် ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှားစေ​နိုင်​သည်။ စစ်မှန်သော ဝတ်ပြုသူ​များသည် ‘[ဘုရားသခင်] ကို အမှန်တရားဖြင့် ဝတ်ပြု’ ကြ​မည်​ဟု ယေရှု​မိန့်ဆိုခဲ့​၏။ (ယောဟန် ၄:၂၄) ဘုရားသခင်​အား ‘အမှန်တရား’ ဖြင့် ဝတ်ပြု​ကိုးကွယ်​နေကြ​သူတို့ကို မည်သို့​ခွဲခြား​သိမြင်​နိုင်​သနည်း။ သမ္မာကျမ်းစာ​အပေါ် အခြေ​မပြု၊ ဘုရားသခင်​နှင့် ကိုယ်တော်​၏​အလိုတော်ကို ထင်ယောင်ထင်မှား​ဖြစ်စေ​သော အယူဝါဒ​များ​ကို သူတို့​ငြင်းပယ်​ကြ​ရမည်။ ယင်းအစား၊ သူတို့သည် အောက်ပါ​အမှန်တရား​များ​ပါဝင်​သည့် သမ္မာကျမ်းစာ​၏ စင်ကြယ်သော အမှန်တရား​များ​ကို သွန်သင်ပေး​ကြ​ရမည်– ယေဟောဝါ​သည် အမြင့်ဆုံး​သော​ဘုရားသခင်​ဖြစ်​တော်​မူ​ပြီး ဘုန်း​အသရေတော်​ကို ကိုယ်တော်​တစ်ပါး​တည်း​သာ ရထိုက်​တော်​မူ​သည် (ဆာလံ ၈၃:၁၈); ယေရှုသည် ဘုရားသခင်​၏​သားတော်​ဖြစ်​ပြီး ဘုရားသခင့်​မေရှိယနိုင်ငံတော်​၏ ခန့်အပ်​ခံ​အုပ်စိုးရှင်​ဖြစ်သည် (၁ ကောရိန္သု ၁၅:၂၇၊ ၂၈); ဘုရားသခင့်​နိုင်ငံတော်​သည် ယေဟောဝါ​၏​နာမတော်​ကို သန့်ရှင်း​စင်ကြယ်​စေပြီး ကမ္ဘာ​မြေ​နှင့် လူသားတို့​အတွက် ကိုယ်တော်​၏​ရည်ရွယ်ချက်ကို ပြည့်စုံ​စေမည်​ဖြစ်သည် (မဿဲ ၆:၉၊ ၁၀); ဘုရားသခင့်​နိုင်ငံတော်​နှင့်​ပတ်သက်​သည့် ဤ​သတင်းကောင်းကို ကမ္ဘာ​အနှံ့အပြား ဟောပြော​ရမည်​ဖြစ်သည်။ (မဿဲ ၂၄:၁၄) ဤမျှ​အဖိုးထိုက်သည့် အမှန်တရား​များ​ကို ယေဟောဝါသက်သေ​များ​သာ နှစ်ပေါင်း​တစ်​ရာ​ကျော်​တိုင် သစ္စာရှိ​ရှိ သွန်သင်​ပေး​ခဲ့​လေ​ပြီ!

၁၉၊ ၂၀။ (က) ခရစ်ယာန်​တစ်ဦး၏ အမူအကျင့်ကောင်း​က ဘုရားသခင်​၏​ဘုန်းတော်​ကို အဘယ်ကြောင့် ထင်ရှားစေ​နိုင်​မည်​နည်း။ (ခ) ယနေ့ မည်သူ​တို့သည် အမူအကျင့်ကောင်း​ကို ဆက်​တင်ပြ​နေခြင်း​အားဖြင့် ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှား​နေ​စေ​ကြောင်း သတ်မှတ်​ရန် အဘယ်​မေးခွန်းများ​က ကျွန်ုပ်​တို့ကို ကူညီ​ပေး​နိုင်​သနည်း။

၁၉ တတိယ​မှာ၊ ကိုယ်တော်​၏​စံနှုန်း​များနှင့်​အညီ အသက်ရှင်​နေထိုင်ခြင်း​အားဖြင့် ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှားစေ​နိုင်​ပါ​သည်။ တမန်​တော်​ပေတရု​က ဤသို့​ရေးသားခဲ့​၏– ‘လူမျိုးများ​သည် သင်တို့ကို အဆိုး​ပြုကျင့်​သူများ​ဟူ၍ ကဲ့ရဲ့​ပြစ်တင်​ကြ​သည့်​အမှုမှာ ဘုရားသခင်​ကြည့်ရှု​စီရင်တော်မူ​သော​နေ့ရက်​၌ သင်တို့၏​ကောင်းသော​အကျင့်​များ​ကို သူတို့သည် ကြည့်မြင်​ထောက်ရှု၍ ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှားစေ​ကြ​မည်​အကြောင်း သူတို့ရှေ့ ၌ တင့်တယ်​လျောက်ပတ်​စွာ​ကျင့်​နေကြ​လော့။’ (၁ ပေတရု ၂:၁၂) ခရစ်ယာန်​တစ်ဦး၏​အမူအကျင့်​သည် သူ၏​ယုံကြည်ခြင်းကို ထင်ဟပ်ပြ​နေသည်။ ဤ​ခရစ်ယာန် အမူအကျင့်ကောင်း​နေခြင်း​သည် သူ၏​ယုံကြည်ခြင်း​ကြောင့်​ပင်​ဖြစ်သည်ဟု ဆက်စပ်​မြင်​သွား​ကြ​သည့်​အခါ ဘုရားသခင့်​ဘုန်းတော် ထင်ရှား​သွားလေသည်။

၂၀ ယနေ့ မည်သူ​တို့သည် အမူအကျင့်ကောင်း​ကို ဆက်​တင်ပြ​နေခြင်း​အားဖြင့် ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှား​နေ​စေ​ကြ​သနည်း။ အဘယ်​ဘာသာရေး​အဖွဲ့​သည် အခွန်​အတု​တ်​များ​ပေးဆက်​ပြီး ငြိမ်းချမ်း​၍ ဥပဒေ​လိုက်နာ​သည့် နိုင်ငံသား​များ​ဖြစ်​ကြောင်း အစိုးရ​များစွာ​၏ ချီးမွမ်းမှု​ကို ခံ​ခဲ့​ရပြီ​နည်း။ (ရောမ ၁၃:၁၊ ၃၊ ၆၊ ၇) ယုံကြည်သူ​အချင်းချင်း လူမျိုး​စွဲ၊ နိုင်ငံ​စွဲ၊ လူမျိုးစု​စွဲ​မရှိ၊ စည်းလုံးမှု​တွင် ကမ္ဘာ​ကျော်​သူတို့​ကား အဘယ်သူ​တို့​နည်း။ (ဆာလံ ၁၃၃:၁; တမန်​တော် ၁၀:၃၄၊ ၃၅) တရား​ဥပဒေ၊ မိသားစု​စံနှုန်း​နှင့် ကျမ်းစာ​ကျင့်ဝတ်​တို့ကို တန်ဖိုး​ထား​လေးမြတ်​စေသည့် ကျမ်းစာ​ပညာရေး​လုပ်ငန်း​အတွက် အဘယ်​အုပ်စု​သည် ကမ္ဘာချီ အသိအမှတ်ပြု​ခံရ​ပြီ​နည်း။ အထက်ပါ​နှင့် အခြား​ကဏ္ဍ​များ​တွင် အမူအကျင့်ကောင်း​တင်ပြ​သည့် အုပ်စု​တစ်စု​တည်း​သာ​ရှိ၏၊ ၎င်း​အုပ်စု​သည် ယေဟောဝါသက်သေ​များ​ဖြစ်​ကြသည်!

သင်သည် ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှား​နေစေပါ​သလော

၂၁။ ယေဟောဝါ​၏​ဘုန်းတော်​ကို ကျွန်ုပ်​တို့​ကိုယ်တိုင်​ကိုယ်​ကျ ထင်ရှားစေ​နေ​မနေ​ကို အဘယ်ကြောင့် သုံးသပ်ကြည့်​သင့်​သနည်း။

၂၁ ကျွန်ုပ်​တို့​တစ်ဦးစီ ‘ယေဟောဝါ​၏​ဘုန်းတော်​ကို ကျွန်ုပ်​ထင်ရှား​နေစေပါ​သလော’ ဟူ၍ မိမိကိုယ်ကို​မေးသင့်​သည်။ ဆာလံ ၁၄၈ အရ ဖန်ဆင်း​ရာ​အများစု​သည် ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှားစေ​ကြသည်။ ကောင်းကင်တမန်​များ၊ ရူပ​ကောင်းကင်၊ ကမ္ဘာ​မြေကြီး​နှင့် ၎င်း​အပေါ်​ရှိ​တိရစ္ဆာန်​တို့သည် ယေဟောဝါ​အား ချီးမွမ်း​ကြ​၏။ (အခန်းငယ် ၁-၁၀) ယနေ့ လူအများသည် ဘုရားသခင်​အား မ​ချီးမွမ်း​သည့်​အတွက် အလွန်​ဝမ်းနည်းစရာပင်! ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှားစေ​သည့်​နည်းဖြင့် အသက်ရှင်​နေထိုင်ခြင်း​အားဖြင့် အသင်​သည် ယေဟောဝါ​အား​ချီးမွမ်း​နေသည့် ကျန်​ဖန်ဆင်း​ရာ​တို့​တွင် ပါဝင်​နေသည်။ (အခန်းငယ် ၁၁-၁၃) သင့်​ဘဝကို ဤ​ထက် သာ၍​ကောင်းသော​နည်းလမ်း​ဖြင့် အသုံးပြုနိုင်​စ​ရာ​မရှိ​ချေ။

၂၂။ ယေဟောဝါ​၏​ဘုန်းတော်​ကို ထင်ရှားစေ​ခြင်း​အားဖြင့် သင်သည် အဘယ်​နည်းများဖြင့် ကောင်းချီး​ခံစားရ​သနည်း၊ သင်၏​သန္နိ​ဋ္ဌာန်​ကား အဘယ်အရာ​ဖြစ်​သင့်​သနည်း။

၂၂ ယေဟောဝါ​၏​ဘုန်းတော်​ကို ထင်ရှားစေ​ခြင်း​အားဖြင့် သင်သည် နည်း​အမျိုးမျိုးဖြင့် ကောင်းချီး​ခံစားရ​သည်။ သင်သည် ခရစ်တော်​၏ ရွေးဖိုး​ပူဇော်ရာ​ယဇ်ကို ယုံကြည်​ကြောင်း​တင်ပြ​သည်​နှင့်​အမျှ ဘုရားသခင်​နှင့် မိတ်သဟာယ​ဖွဲ့​ကာ သင်၏​ကောင်းကင်​ခမည်းတော်​နှင့် သင့်တင့်​ငြိမ်သက်​၍ အကျိုး​ဖြစ်ထွန်း​သော​ဆက်ဆံ​ရေး​ရရှိ​လာနိုင်​သည်။ (ရောမ ၅:၁၀) ဘုရားသခင်​၏​ဘုန်းတော်​ထင်ရှားစေ​ဖို့ အကြောင်းရင်း​များ​ကို သင်​ရှာဖွေ​သည်​နှင့်​အမျှ အပြုသဘော​ပို​ရှိလာ​ကာ ပို​၍​ကျေးဇူး​တင်​တတ်လာ​ပေမည်။ (ယေရမိ ၃၁:၁၂) ထို​အခါ အခြား​သူတို့ကို ပျော်ရွှင်​ရောင့်ရဲသော​အသက်တာဖြင့် အသက်ရှင်နေ​ထိုင်​ရန် ကူညီ​ပေး​နိုင်​သည့်​အပြင် အသင်​ကိုယ်တိုင်​လည်း ပျော်ရွှင်မှု​ပို​ရှိလာ​မည်။ (တမန်​တော် ၂၀:၃၅) ဘုရားသခင်​၏​ဘုန်းတော်​ကို ယခု​နှင့် ထာဝစဉ်​ထင်ရှား​စေရန် အခိုင်အမာ သန္နိ​ဋ္ဌာန်​ချထား​သူတို့တွင် အသင်​လည်း ပါဝင်​နိုင်​ပါစေ!

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 “biomimetics” (ဇီဝ​တုပ​မှု​ဗေဒ) ဟူသော အသုံးအနှုန်း​သည် “အသက်” ဟု​အဓိပ္ပာယ်​ရသည့် ဂရိ​စကားလုံး ဘိုင်​အို​စ်​နှင့် “တုပခြင်း” ဟု​အဓိပ္ပာယ်​ရသည့် မီ​မိ​စစ် မှ​လာ​သည်။

^ အပိုဒ်၊ 8 ဘုရားသခင်​၏​ဉာဏ်ပညာ​တော်​နှင့် တန်ခိုးတော်​ကို ရူပ​မိုးကောင်းကင်​က မည်သို့​ရောင်ပြန်ဟပ်​ကြောင်း ထပ်ဆင့်​သိ​လို​ပါ​က ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည့် ယေဟောဝါ​ထံ​ချဉ်းကပ်​လော့​စာအုပ်​၏ အခန်းကြီး ၅ နှင့် ၁၇ တို့ကို​ရှု။

^ အပိုဒ်၊ 13 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည့် သမ္မာကျမ်းစာ​အပေါ် ထိုးထွင်း​အမြင်၊ အတွဲ ၁ [လိပ်]၊ စာမျက်နှာ ၈၅၃ ကို​ရှု။

သင်​မှတ်မိ​သလော

သိပ္ပံ​ပညာ​ဆိုင်ရာ​နယ်ပယ်​တစ်ခုလုံး​သည် လူ​တို့အား ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှား​စေရန် မကူညီ​ခဲ့​ဟု ကျွန်ုပ်​တို့ အဘယ်ကြောင့်​ဆိုနိုင်​သနည်း။

ဖွဲ့စည်း​တည်ထောင်​ထား​သည့် ဘာသာ​တရားသည် လူ​တို့အား ဘုရားသခင်​၏​ဘုန်းတော်​ကို မထင်ရှား​စေရန် အဘယ်နည်း​နှစ်နည်း​ဖြင့် ဆီးတား​ခဲ့​သနည်း။

အဘယ်​နည်းများဖြင့် ဘုရားသခင်​၏​ဘုန်းတော်​ကို ကျွန်ုပ်​တို့ ထင်ရှားစေ​နိုင်​ကြ​သနည်း။

ယေဟောဝါ​၏​ဘုန်းတော်​ကို သင်​ကိုယ်တိုင် ထင်ရှားစေ​နေ​မနေ​ကို အဘယ်ကြောင့် သုံးသပ်ကြည့်​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်]

“မည်​သူ့​ဘက်တွင် ဘုရားသခင်​ရှိ​သနည်း”

ဒုတိယ​ကမ္ဘာ​စစ်​အတွင်း ဂျာမန်​လေတပ်​သား​တစ်ဦး​ဖြစ် ခဲ့​ပြီး နောက်ပိုင်း​တွင် ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်လာ သည့် အမျိုးသား​တစ်ဦး​က ဤသို့​ပြန်​ပြောပြ​သည်–

“စစ်​ဖြစ်နေ​တဲ့ အဲဒီ​နှစ်တွေ​အတွင်း ကက်သလစ်၊ လူ​သ​ရင်၊ အီပစ္စကိုပယ်လ်​စ​သည့် ဘာသာရေး ဂိုဏ်းဂဏ​အားလုံးနီးပါး​က ဓမ္မ​ဆရာ​တွေ​ဟာ သေစေနိုင်​တဲ့​လက်နက်တွေကို ကြဲ​ချဖို့ လေယာဉ်​မ​ပျံသန်း​ခင် လေယာဉ်​နဲ့ အမှုထမ်းတွေကို ကောင်းချီး​ပေး​နေတာ မြင်ရ​တော့ ကျွန်တော်​စိတ်​အနှောင့်အယှက်​ဖြစ်​မိတယ်။ ‘ဘယ်သူ့​ဘက်မှာ ဘုရားသခင်​ရှိမလဲ’ ဆိုပြီး မကြာခဏ​တွေးမိ​တယ်။’

“ဂျာမန်​စစ်သား​တွေ​ဟာ ဂေါ့တ် မ​စ်တ် အွန်စ် (ဘုရား သခင်သည် ငါ​တို့​နှင့်အတူ​ရှိ၏) ဆို​တဲ့ စကားလုံး​ပါ​တဲ့ ခါးပတ်​ကို ပတ်​ထား​တတ်ကြ​တယ်။ ဒါပေမဲ့ ‘ဘာသာတူ​ပြီး ဘုရားသခင်​တစ်ပါး​တည်း​ကိုပဲ ဆုတောင်း​နေကြ​တဲ့ အခြား​တစ်ဖက်​က စစ်သား​တွေ​နဲ့​ကော ဘုရားသခင် ဘာကြောင့်​အတူ​မရှိ​ရမှာ​လဲ’ ဆိုတာ ကျွန်တော်​သိချင်​တယ်။”

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ကမ္ဘာ​တစ်ခွင်​တွင် ယေဟောဝါသက်သေ​များသည် ဘုရားသခင်​၏​ဘုန်းတော်​ကို အမှန်ပင် ထင်ရှား​နေ​စေ​ကြ