မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်စိတ်ချနိုင်သောအမွေအနှစ်

သင်စိတ်ချနိုင်သောအမွေအနှစ်

သင်​စိတ်ချ​နိုင်သော​အမွေအနှစ်

“အကယ်၍ သင်သည် ပိုင်ရှင်မဲ့​အမွေပစ္စည်း​တစ်ခု​ကို ရနိုင်​စ​ရာ​ရှိသည်​ဟု တစ်စုံ​တစ်ဦးထံ​မှ အကြောင်းကြားစာ ရရှိခဲ့​လျှင် သတိပြုပါ။ သင်သည် အ​လိမ်​ဝိဇ္ဇာ​တစ်ဦး၏ ပစ်မှတ်​ဖြစ်​နိုင်​သည်။”

၎င်းမှာ အမေရိကန်​ပြည်ထောင်စု ချောစာ စစ်ဆေးရေး​လုပ်ငန်း​၏​ဝက်ဘ်ဆိုက်​ပေါ်​တွင် ကြော်ငြာ​ထားသော သတိပေး​ချက်​ဖြစ်သည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ‘ကွယ်လွန်​သွားသော သင့်​ဆွေမျိုး​တစ်ဦး​က သင့်အတွက်​အမွေ​ချန်ရစ်​ခဲ့​သည်’ ဟု​ဆို​သော အကြောင်းကြားစာ​ကို လူထောင်ပေါင်း​များစွာ ရရှိခဲ့​သောကြောင့်​ဖြစ်သည်။ ယင်းကြောင့် ထို​အမွေဥစ္စာ တည်ရှိရာ​နေရာ​နှင့် တောင်းဆို​ရယူ​နိုင်​ပုံ​ကို ရှင်း​ပြပေး​မည့် ‘အမွေဥစ္စာ​သတင်း’ ရရှိ​ရေး​အတွက် ဝန်ဆောင်​ခ​ဒေါ်လာ ၃၀ သို့​မဟုတ် ထို့​ထက်မက ပေး​ပို့​ခဲ့​ကြ​သူများစွာ​ရှိ၏။ ထို​သူတို့ အကြီးအကျယ်​စိတ်ပျက်​ခဲ့​ကြ​ရသည်။ စာပြန်​ခဲ့​ကြ​သူအား​လုံး သတင်း​တစ်မျိုးတည်း​ကို​ရရှိခဲ့ကြ​ပြီး တစ်စုံတစ်ခု​ကို အမွေ​ရဖို့​အခွင့်အလမ်း​မှာ သု​ည​သာ​ဖြစ်သည်။

ဤ​အကြံအဖန်​သမားများ​သည် အမွေ​ရ​လို​သော လူ့​ပင်ကို​ဆန္ဒ​ကို အမြတ်​ထုတ်​ကြသည်။ သို့သော် သမ္မာကျမ်းစာ​က “သူတော်ကောင်းသည် သားမြေး​တို့​အဖို့ အမွေဥစ္စာ​ကို​ချန်​ထား​တတ်၏” ဟု​ဆို​ရာ​တွင် အမွေ​ပေး​သူကို ချီးမွမ်း​ထား​သည်။ (သု. ၁၃:၂၂) အမှန်​မှာ “စိတ်​နူးညံ့​သိမ်မွေ့​သော​သူတို့သည် မင်္ဂလာ​ရှိကြ​၏။ အကြောင်း​မူ​ကား ထို​သူတို့သည် ဤ​မြေကြီးကို​အမွေခံ​ရ​ကြ​လတ္တံ့” ဟူသော လူသိ​များ​ပြီး လူကြိုက်များ​သည့်​စကား​ကို တောင်ပေါ်​တရားတော်​တွင် မြွက်ဆို​ခဲ့​သူ​မှာ ယေရှု​ကိုယ်တော်တိုင်​ပင်​ဖြစ်သည်။—မဿဲ ၅:၅သမ္မာ။

ယေရှု၏​အဆိုပါ​စကား​များသည် ရာစုနှစ်​ပေါင်း​များစွာက ရှေးခေတ်​ဣသရေလ​ရှင်ဘုရင်​ဒါဝိဒ်​၏ ဤ​မှုတ်သွင်းခံ​ရေးသားချက်​ကို ပြန်သတိရ​စေပါ​သည်– ‘စိတ်​နှိမ့်ချသော​သူတို့မူကား မြေကြီးကို​အမွေခံ​၍ များပြား​သော​ငြိမ်သက်ခြင်း​၌ မွေ့လျော်​ကြလိမ့်မည်။’—ဆာလံ ၃၇:၁၁

“မြေကြီးကို​အမွေခံ​ရ” ခြင်း​သည် စိတ်​လှုပ်ရှား​စ​ရာ အလားအလာ​ပင်! သို့သော် ယင်းသည် လူ​တို့​ထံ​မှ လိမ်ညာ​ယူဖို့​ရည်ရွယ်​သော က​လိမ်​က​ကျစ် အကြံအဖန်​နောက်​တစ်မျိုး​မျှ​မဟုတ်​သည်ကို စိတ်ချ​နိုင်​ပါသလော။ ကျွန်ုပ်​တို့​စိတ်ချ​နိုင်​ပါ​သည်။ ဤ​ကမ္ဘာ​မြေကြီး​သည် ယေဟောဝါ​၏​အံ့သြဖွယ် ဖန်ဆင်း​ရာ​များ​တွင် တစ်ခု​ဖြစ်သော​ကြောင့် ၎င်း​၏​ဖန်ဆင်း​ရှင်​နှင့် ပိုင်ရှင်​အနေ​ဖြင့် ယင်းကို ကိုယ်တော်​ပေး​လို​သူအား အမွေ​အဖြစ်​ပေး​ပိုင်ခွင့်​ရှိပါ​သည်။ ယေဟောဝါ​သည် ဘုရင်​ဒါဝိဒ်​အားဖြင့် ဤ​ပရောဖက်ပြုချက်​ကတိတော်​ကို ကိုယ်တော်​၏​ချစ်​သားတော် ယေရှု​ခရစ်​အား ပေး​ခဲ့​ပါ​သည်– “ငါ့ကို​တောင်း​လော့။ လူအမျိုးမျိုး​တို့ကို သင်၏​အမွေဥစ္စာ​ဖို့​ငါ​ပေး​မည်။ မြေကြီးစွန်း​တိုင်အောင် ပိုင်ထိုက်​သော​အခွင့်​ကိုလည်း ငါ​ပေး​မည်။” (ဆာလံ ၂:၈) ထို​အကြောင်းကြောင့် တမန်​တော်​ပေါလု​က ယေရှုသည် “အလုံးစုံ​တို့၏​အမွေခံ​သခင်​အရာ​၌ [ဘုရားသခင်] ခန့်​ထား” သူ​ဖြစ်၏​ဟု​ဆို​ခဲ့​သည်။ (ဟေဗြဲ ၁:၂) ထို့​ကြောင့် စိတ်​နှိမ့်ချသော​သူတို့သည် “မြေကြီးကို​အမွေခံ​ရ​ကြ​လတ္တံ့” ဟု​ယေရှု​မိန့်ဆို​သောအခါ ကိုယ်တော်​သည် စိတ်ရင်းမှန်​ဖြင့်​ပြော​တော်​မူ​ပြီး ကတိတော်​ကို ပြည့်စုံစေရန် ကိုယ်တော်၌ အခွင့်အာဏာ​ရှိကြောင်း အကြွင်းမဲ့ယုံ​ကြည်​စိတ်ချ​နိုင်​ပါ​သည်။—မဿဲ ၂၈:၁၈

သို့​ဖြစ်၍ အရေးပါသော​မေးခွန်း​မှာ ထို​ကတိတော်​သည် မည်သို့​ပြည့်စုံ​လာ​မည်​နည်း​ဟူ၍​ဖြစ်၏။ ယနေ့ မည်သည့်​နေရာကို​ကြည့်​ကြည့် ရန်လို​၍ စိတ်​နေ​မြင့်​သူတို့သည် ကောင်းစား​နေကြ​ပြီး သူတို့​အလိုရှိ​သမျှ​ကို ရယူ​သိမ်းပိုက်​နေကြ​ပုံ​ပင်။ စိတ်​နှိမ့်ချ​သူများ​အတွက် အဘယ်အရာ​ကျန်​တော့​မည်​နည်း။ ထို့​အပြင် မြေကြီး​သည် ညစ်ညမ်းမှု​အမျိုးမျိုး​ကြောင့် ဘေးသင့်​လျက်​ရှိပြီး ယင်း​၏ သယံဇာတ​များ​ကို လောဘ​ကြီး​၍ မျက်​မွေး​တစ်​ဆုံး​သာ​ကြည့်​တတ်​သူများ​က အမြတ်​ထုတ်​နေကြ​သည်။ အမွေခံ​ထိုက်​သော​မြေကြီး​ပင် ရှိပါ​ဦး​မည်​လော။ ၎င်း​တို့​နှင့် အခြား​အရေးပါသော​မေးခွန်းများ​၏ အဖြေကို​သိရှိ​ရန် နောက်​ဆောင်းပါး​ကို ဖတ်ရှု​စေ​လို​ပါ​သည်။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

သင်သည် တကယ့်​အမွေအနှစ်​တစ်ခု​ကို ရရှိဖို့ အကြောင်း​ရှိသလော