မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူ၏ယုံကြည်ချက်များကို ကျောင်းနေဖက်များအား ဝေမျှခဲ့

သူ၏ယုံကြည်ချက်များကို ကျောင်းနေဖက်များအား ဝေမျှခဲ့

သူ၏​ယုံကြည်ချက်များ​ကို ကျောင်းနေ​ဖက်​များ​အား ဝေမျှ​ခဲ့

ကျမ်းစာ​ကို​အခြေပြု​သော သင့်​ယုံကြည်ချက်များ​ကို ကျောင်းနေ​ဖက်​များ​အား ပိုမို​သိရှိနားလည်​စေ​လို​ပါသလော။ ပိုလန်​နိုင်ငံ​မှ ၁၈ နှစ်အရွယ် အထက်တန်း​ကျောင်းသူ မာ​ဒ​လေး​နာ​သည် ယေဟောဝါသက်သေ​တစ်ဦး​အနေ​နှင့် သူ၏​ယုံကြည်ချက်များ​ကို ကျောင်းနေ​ဖက်​များ​အား ပြောပြ​လေ့​ရှိသည်။ ထိုသို့​ပြောပြ​သည့်​အတွက် ‘ယေဟောဝါသက်သေ​တစ်ယောက်​ဖြစ်​ခြင်း​က ဘာကို​ဆိုလို​သလဲ’ နှင့် ‘ယေရှု​ခရစ်​ကို မယုံကြည်​ဘူးလား’ စ​သည့်​မေးခွန်းများ အမေး​ခံ​ရလေ့​ရှိသည်။ ကျောင်းနေ​ဖက်​များ​ကို သူ​မည်သို့ ကူညီ​ပေး​နိုင်​ခဲ့​သနည်း။ မာ​ဒ​လေး​နာ​သည် လမ်းညွှန်မှု​ရဖို့ ယေဟောဝါ​ထံ ဆုတောင်း​ပြီး ဆုတောင်းချက်​နှင့်​အညီ လုပ်ဆောင်ခဲ့​သည်။—ယာကုပ် ၁:၅

တစ်နေ့​တွင် မာ​ဒ​လေး​နာ​သည် ယေဟောဝါသက်သေ​များ—နာမည်​နောက်ဝယ်​ရှိ​အဖွဲ့အစည်း * ဗီဒီယို​ခွေ​ကို အတန်း​ထဲ​ပြသ​၍​ရ​မရ သူ့ကို​ကူညီ​လို​စိတ်​ရှိသော​ဆရာမ​အား မေးကြည့်​သည်။ ဆရာမ​က ယင်းကို သဘောတူ​၏။ ထို​အခါ မာ​ဒ​လေး​နာ​က သူ၏​အတန်းဖော်​များ​ကို ဤသို့​ပြောပြ​သည်– “မိနစ် ၉၀ ကြာ​တဲ့ အစီအစဉ်​တစ်ခု​ကို အတန်း​ရှေ့​တင်ဆက်​ဖို့ ကျွန်မ​ရဲ့​သူငယ်ချင်း​တစ်ယောက်​နဲ့​အတူ စီစဉ်​ထား​တယ်။ ဗီဒီယို​ပြ​မယ်၊ ပြီး​တော့ ယေဟောဝါသက်သေ​တွေ​နဲ့​ပတ်သက်ပြီး ဆွေးနွေး​မယ်။ မင်းတို့​လာ​ချင်​သလား။” ယောက်​တိုင်း​က လာ​မည်​ဟု​ဆို​၏။ မာ​ဒ​လေး​နာ​နှင့် အတွေ့အကြုံ​များသော အချိန်ပြည့်​ဧဝံဂေလိတရား​ဟောပြောသူ ဝို့​စီ​ရေ့ဂျ်​တို့သည် ထို​အစီအစဉ်​အတွက် စတင်​ပြင်ဆင်​ကြသည်။

ယေဟောဝါသက်သေ​များ—သူတို့​မည်သူ​များ​နည်း။ သူတို့​ဘာကို​ယုံကြည်​ကြ​သနည်း။ * ဘရိုရှာ​ကို​အခြေပြု​သည့် မိနစ် ၂၀ ဟောပြောချက်​ဖြင့် အစီအစဉ်​တင်ဆက်မှု​ကို အစ​ပြုပြီး​နောက် အမေး​အဖြေ​ဆွေးနွေး​ရန်ဖြစ်​သည်။ ထို့နောက် ကျောင်းစာ​ကြည့်​တိုက်​တွင် ဗီဒီယို​ခွေ​ကို ပြသ​မည်။ အတန်း​ထဲ​ရှိ ကျောင်းသူ​ကျောင်းသား​ယောက်​တိုင်း​ကို လက်ဆောင်​တစ်ခု—ဘရိုရှာ​အနည်းငယ်၊ လူငယ်များ​အမေး—တာသွား​သည့်​အဖြေ * စာအုပ်၊ ဝေစာ​နှင့် မဂ္ဂဇင်း​အချို့​ပါ​သော စာအိတ်​ကြီး​တစ်လုံး—ပေး​မည်​ဖြစ်သည်။

အစီအစဉ်​တင်ဆက်​သည့်​နေ့တွင် အတန်းဖော် ၁၄ ဦး၊ ဆရာမ​နှင့် စာကြည့်တိုက်​တွင် အမှတ်မထင်​ရှိနေ​သည့် အခြား​ကျောင်းသား ၄ ဦး တက်ရောက်​ကြသည်။ ဦးဆုံး ဝို့​စီ​ရေ့ဂျ်​က အချို့​သော ပိုလန်​ကဗျာ​ဆရာများ​နှင့် စာရေး​ဆရာများ​သည် မိမိတို့၏​လက်ရာ​စာစောင်​များ​တွင် ဘုရားသခင့်​နာမတော် ယေဟောဝါ​ကို​အသုံးပြု​ကြ​ကြောင်း ရှင်းပြသည်။ ဘုရားသခင့်​နာမတော်​ပါဝင်သော ကက်သလစ်​ဓမ္မ​ပုစ္ဆာ​ကျမ်း​ဟောင်း​အချို့​ကိုလည်း သူ​ဖော်ပြ​သည်။ ယေဟောဝါသက်သေ​များ​၏ ယခု​ခေတ်​လုပ်ဆောင်မှု​အကြောင်း​ရှင်းပြ​သောအခါ ဌာနခွဲရုံး​အသီးသီး​နှင့် စည်းဝေးပွဲ​ခန်းမ​အချို့​၏​ဓာတ်​ပုံ​များ​ပါ​သော ဘရိုရှာ​များ​ကို သူ​ပြသ​ခဲ့​သည်။

အသက်ဝင်​သော​ဆွေးနွေးမှု​ကို ဖြစ်ပေါ်​စေ​ခဲ့​သည်။ မာ​ဒ​လေး​နာ​နှင့် ဝို့​စီ​ရေ့ဂျ်​တို့သည် ကျမ်းစာ​ကို​သုံးပြီး မေးခွန်းများကို​ဖြေဆို​ကြသည်။ ထိုသို့​ပြုခြင်း​က ပရိသတ်​ကို​စွဲမှတ်စေ​ပြီး ယေဟောဝါသက်သေ​များသည် မိမိတို့​ကိုယ်ပိုင်​အယူအဆ​များ​ကို သွန်သင်​နေကြ​ခြင်း​မဟုတ်​ကြောင်း လက်ခံ​ယုံကြည်​စေ​ခဲ့​သည်။ မေးခွန်း​အချို့​ကား အဘယ်နည်း၊ သူတို့​မည်သို့​ဖြေဆို​ခဲ့​ကြ​သနည်း။

မေး– သမ္မာကျမ်းစာ​ဟာ မ​ရှင်းလင်း​တဲ့​အသုံးအနှုန်းတွေ၊ အဓိပ္ပာယ်​အမျိုးမျိုး​ကောက်​နိုင်​တဲ့ ဥပစာစကား​တွေ​နဲ့ ပြည့်​နေတယ်။ ဘယ်လို​လုပ်ပြီး ကျမ်းစာ​နဲ့​အညီ အသက်ရှင်​နေထိုင်​နိုင်​မလဲ။

ဖြေ– သမ္မာကျမ်းစာ​ဟာ ကိုယ်​ကြိုက်​သလို သံစဉ်​ညှိ​နိုင်​တဲ့ တယော​တစ်လက်​နဲ့​တူတယ်​လို့ တချို့က​ပြော​ကြတယ်။ ဒါပေမဲ့ စဉ်းစား​ကြည့်– စာရေးသူ​တစ်ယောက်​ရဲ့ ရေးသားချက်​တွေ​က ဘာကို​ဆိုလို​တယ်​ဆိုတာ​သိချင်ရင် သူ့ကို​မေးကြည့်​တာ အကောင်းဆုံး​ပဲ​မဟုတ်လား။ သေမျိုး​ဖြစ်​တဲ့ လူသား​စာရေး​ဆရာ​တွေ​နဲ့​မတူဘဲ သမ္မာကျမ်းစာ​ရဲ့​အာဘော်ရှင် ယေဟောဝါ​ဘုရားသခင်​ဟာ အသက်ရှင်​တယ်။ (ရောမ ၁:၂၀; ၁ ကောရိန္သု ၈:၅၊ ၆) ကျမ်းချက်​တစ်ချက်​ရဲ့ ရှေ့နောက်စကား​တွေ​က အဓိပ္ပာယ်​အမှန်​ကို ဖော်ပြ​နိုင်တယ်။ ဒါ့အပြင် သမ္မာကျမ်းစာ​ဟာ တစ်ခု​တည်း​သော​အကြောင်းအရာကို တခြား​နေရာတွေမှာ ထပ်ကျော့​ဖော်ပြ​လေ့​ရှိတဲ့​အတွက် အဲဒီ​ကျမ်းချက်​တွေ​ကို နှိုင်းယှဉ်​ကြည့်​ခြင်း​က အထောက်အကူ​ပြု​နိုင်တယ်။ ဒီ​နည်း​အားဖြင့် ဘုရားသခင်​ကိုယ်တိုင် ကျမ်းချက်​ကို ရှင်းပြ​နေ​သလို​မျိုး၊ ကျွန်ုပ်​တို့​ရဲ့​အတွေးအခေါ်​တွေ​အပေါ် ကိုယ်တော်​လမ်းညွှန်တာကို ခံယူ​နိုင်တယ်။ ဒီလိုလုပ်​ခြင်း​အားဖြင့် သမ္မာကျမ်းစာ​မှာ ဖော်ပြ​ထား​တဲ့ ကိုယ်တော်​ရဲ့​အလိုတော်ကို ကျွန်ုပ်​တို့​သိရှိ​လာပြီး အဲဒီအတိုင်း​အသက်ရှင်​နိုင်​မယ်၊ ဟုတ်တယ်​မဟုတ်လား။

မေး– ခရစ်ယာန်​တွေ​နဲ့ ယေဟောဝါသက်သေ​တွေ ဘယ်လို​ကွာ​သလဲ။

ဖြေ– ကျွန်ုပ်​တို့​ဟာ ခရစ်ယာန်​တွေ​ဖြစ်ပါ​တယ်! ဒါပေမဲ့ ခရစ်ယာန်​တွေ​ပါ​လို့​ပြော​ရုံ​ပြော​မယ့်​အစား ယေဟောဝါ​သက်သေတွေဟာ သူတို့ရဲ့​ယုံကြည်ချက်၊ ပြီး​တော့ သူတို့​အကျိုးအတွက် ဘုရားသခင့်​သွန်သင်ပေး​ချက်​တွေ​နဲ့​အညီ ကြိုးစား​နေထိုင်ကြ​ပါ​တယ်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) သူတို့ရဲ့​သွန်သင်ချက်​မှန်သမျှ သမ္မာကျမ်းစာ​အပေါ် အခြေပြု​တာ​ကြောင့် သူတို့မှာ အမှန်တရား​ရှိတယ်ဆိုတာ သိထားကြတယ်။—မဿဲ ၇:၁၃၊ ၁၄၊ ၂၁-၂၃

မေး– သူစိမ်း​ပြင်​ပြင်​တွေ​ဆီ ချဉ်းကပ်​ပြီး ဘာဖြစ်​လို့ မရ​မ​က စကား​လိုက်​ပြော​တာလဲ။ အဲလို​လုပ်တာ​က ခင်ဗျား​တို့​ရဲ့​ယုံကြည်ခြင်းကို အတင်းအကျပ်​ခံယူ​စေ​တာ မဟုတ်ဘူး​လား။

ဖြေ– လမ်းပေါ်​ကလူ​တစ်ယောက်​က ခင်ဗျား​ကို ယဉ်ယဉ်ကျေးကျေး​စကားပြော​ပြီး တစ်ခုခု​နဲ့​ပတ်သက်​လို့ ခင်ဗျား​ရဲ့​အမြင်​မေး​တာ​ကို မှားတယ်လို့ ယူဆ​သလား။ (ယေရမိ ၅:၁; ဇေဖနိ ၂:၂၊ ၃) (ထို့နောက် ပိုလန်​နိုင်ငံ​တွင် မကြာသေးမီ​က ရေလွှမ်းမိုး​ဘေး​ခံရ​သူတို့အား ဘုရားသခင် ဂရုစိုက်​မစိုက် ဖြတ်လျှောက်​သွား​သူအား မေးမြန်း​ပုံ​ကို ဝို့​စီ​ရေ့ဂျ်​နှင့် မာ​ဒ​လေး​နာ​တို့ သရုပ်ပြ​ကြသည်။) အဲဒီ​လူရဲ့​ယူဆချက်​ကို နားထောင်ပြီး​တော့ သမ္မာကျမ်းစာ​ကို ကျွန်ုပ်​တို့​ညွှန်ပြ​တယ်။ တစ်ယောက်ယောက်​က စကား​မပြော​ချင်ဘူး​ဆိုရင် သူ့ကို​နှုတ်ဆက်​ပြီး ဆက်​သွားတယ်။ (မဿဲ ၁၀:၁၁-၁၄) အဲဒါ​က အတင်းအကျပ် လိုက်​စကားပြော​တာ​လား။ ဒါမှ​မဟုတ် လုံးလုံး​စကားစမြည် မပြော​ရတော့ဘူး​လား။

မေး– အခါကြီးရက်ကြီး​တွေ​ကို ခင်ဗျား​တို့ ဘာဖြစ်​လို့ မ​ကျင်းပ​တာလဲ။

ဖြေ– ယေရှုခရစ်ရဲ့​သေခြင်းကို သတိရအောက်မေ့ပွဲ​ဆို​တဲ့ သမ္မာကျမ်းစာ​မိန့်မှာ​ထား​တဲ့ တစ်ခု​တည်း​သော​ပွဲ​ကိုပဲ ကျွန်ုပ်​တို့ ကျင်းပ​တယ်။ (၁ ကောရိန္သု ၁၁:၂၃-၂၆) အခါကြီးရက်ကြီး​တွေ​နဲ့​ပတ်သက်​လို့​က​တော့ စွယ်စုံ​ကျမ်း​တွေ​နဲ့ တခြား​စိတ်ချ​နိုင်​တဲ့ ရင်းမြစ်​တွေ​ကနေ အဲဒီ​ပွဲနေ့​တွေ​ရဲ့​ဇာစ်​မြစ်ကို ရှာဖွေ​ကြည့်ရှု​နိုင်​ပါ​တယ်။ အဲလို​လုပ်မယ်ဆိုရင် အဲဒီ​ပွဲ​တစ်ခု​ကို​မှ ကျွန်ုပ်​တို့ မ​ကျင်းပ​ရတဲ့​အကြောင်းရင်းကို ရှာတွေ့​မှာ​ပါ။—၂ ကောရိန္သု ၆:၁၄-၁၈

အခြား​မေးခွန်းများ​စွာ​ကို မေးဖြေ​ပြုလုပ်​ခဲ့​ကြသည်။ ဆွေးနွေးမှု​အလွန်​ကြာ​သွား​ရာ ဗီဒီယို​ပြသမှု​ကို ရွှေ့ဆိုင်း​လိုက်ရ​သည်။

ကျောင်းသား​များ မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။ မာ​ဒ​လေး​နာ​ပြောပြ​ပါစေ– “မိုက်ရူး​ရဲ​လုပ်ပြီး တခြား​သူတွေကို လှောင်ပြောင်​လေ့​ရှိတဲ့ ကျောင်းသား​တချို့က အရေးကြီးတဲ့​မေးခွန်းတွေ​မေး​ကြ​လို့ ကျွန်မ​အံ့သြခဲ့ရ​တယ်။ ဘုရားသခင်​မဲ့​ဝါဒီ​တွေ​ပါ​လို့ ဆို​ကြ​ပေမဲ့ ဆွေးနွေး​နှီးနှော​ချိန်​အတွင်း ဘုရားသခင်​ကို ယုံကြည်​ကြောင်း သူတို့​ဖော်ပြ​ခဲ့​ကြတယ်!” တက်ရောက်​ခဲ့​ကြ​သူတို့သည် လက်ဆောင်​များ​ကို ကျေးဇူး​တင်​စွာ လက်ခံခဲ့​ကြ​ရာ စုစုပေါင်း စာအုပ် ၃၅ အုပ်၊ ဘရိုရှာ ၆၃ စောင်​နှင့် မဂ္ဂဇင်း ၃၄ စောင်​ဝေငှ​ခဲ့​ရသည်။

ကျောင်း​အစီအစဉ်​မှ အလွန်​ကောင်းသော​အကျိုးဆက်များ​ရခဲ့​ခြင်း​ပင်! ထို​အစီအစဉ်သည် ယေဟောဝါသက်သေ​များ​အကြောင်း မာ​ဒ​လေး​နာ​၏​အတန်းဖော်​များ​ကို ပိုမို​သိရှိနားလည်​စေ​ရုံ​မ​က ဘဝ​ရည်ရွယ်ချက်​အကြောင်း​စဉ်းစား​ရန် လူငယ်​များစွာကို အားပေးမှု​လည်း​ဖြစ်စေ​ခဲ့​သည်။ သင်၏​ယုံကြည်ချက်​အကြောင်း သင်၏​အတန်းဖော်​များ ပိုမို​သိရှိ​လာစေဖို့ ကြိုးစား​ကူညီ​ပေး​ကြည့်​ပါ။

[အောက်ခြေ​မှတ်]

^ အပိုဒ်၊ 3 ယေဟောဝါသက်သေ​များ ထုတ်ဝေ​သည်။

^ အပိုဒ်၊ 4 ယေဟောဝါသက်သေ​များ ထုတ်ဝေ​သည်။

^ အပိုဒ်၊ 4 ယေဟောဝါသက်သေ​များ ထုတ်ဝေ​သည်။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

မာ​ဒ​လေး​နာ​နှင့် ဝို့​စီ​ရေ့ဂျ်​တို့ ဆွေးနွေး​ရန် ပြင်ဆင်​နေ