အဘယ် စောင့်မျှော်တတ်သည့် သဘောထားမျိုး သင်၌ရှိသနည်း
အဘယ် စောင့်မျှော်တတ်သည့် သဘောထားမျိုး သင်၌ရှိသနည်း
ယနေ့ လောကတွင် လူအများစုသည် တစ်ဦးတစ်ယောက် သို့မဟုတ် တစ်စုံတစ်ရာကို စောင့်မျှော်နေရလျှင် စိတ်မရှည်တတ်ကြချေ။ သို့ရာတွင် ‘စောင့်မျှော်တတ်သည့်သဘောထား’ ကို ပြုစုပျိုးထောင်ကြရန် ဘုရားသခင့်လူမျိုးတော်အား သမ္မာကျမ်းစာက အားပေးထားသည်။ မိမိပတ်ဝန်းကျင်ရှိ လူတို့နှင့်ဆန့်ကျင်စွာ ပရောဖက်မိက္ခာက ဤသို့ကြေညာခဲ့၏– “ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို စောင့်မျှော်မည်။”—မိက္ခာ ၇:၇၊ သမ္မာ; မြည်တမ်းစကား ၃:၂၆။
သို့သော် ယေဟောဝါအား စောင့်မျှော်ခြင်းဟူသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ ခရစ်ယာန်တစ်ဦးသည် ဘုရားသခင်အား မည်သို့စောင့်မျှော်သင့်သနည်း။ စောင့်မျှော်ရာတွင် နည်းလမ်းကျသည်၊ မကျသည်ဟူ၍ ရှိပါသလော။ ဘီ.စီ.အီး. ကိုး ရာစုမှ ပရောဖက်ယောန၏ အတွေ့အကြုံက အဆိုပါကိစ္စနှင့်ပတ်သက်၍ သင်ခန်းစာပေးပါသည်။
တလွဲစောင့်မျှော်ခြင်း
ယေဟောဝါဘုရားသခင်သည် အာရှုရိအင်ပါယာ၏မြို့တော် နိနေဝေမြို့ရှိ လူတို့ထံ သွား၍ဟောပြောရန် ယောနအား ညွှန်ကြားတော်မူခဲ့သည်။ နိနေဝေမြို့သည် ၎င်း၏အရှက်အကြောက်ကင်းမဲ့မှု၊ ရက်စက်ကြမ်းကြုတ်မှုတို့ကြောင့် “အသွေးသွန်တတ်သောမြို့” အဖြစ် လူသိများကြောင်း သမိုင်းပညာရှင်များနှင့် ရှေးဟောင်းသုတေသနပညာရှင်များက အတည်ပြုပြောဆိုခဲ့ကြသည်။ (နာဟုံ ၃:၁၊ သမ္မာ) အစပိုင်းတွင် ယောနသည် ယင်းတာဝန်ကို ရှောင်လွဲဖို့ ကြိုးစားခဲ့သည်၊ သို့သော် နောက်ပိုင်းတွင် ယေဟောဝါက ယောနအား နိနေဝေမြို့သို့ သွားစေခဲ့၏။—ယောန ၁:၃–၃:၂။
“ယောနသည် မြို့ထဲသို့ဝင်၍ တစ်နေ့ခရီးသွားလျက် ‘အရက်လေးဆယ်လွန်သော် နိနေဝေမြို့သည် ပျက်စီးခြင်းသို့ရောက်လိမ့်မည်’ ဟု ကြွေးကြော်လေ၏။” (ယောန ၃:၄) ယောန၏ ကြိုးပမ်းအားထုတ်မှုကြောင့် မှတ်သားဖွယ် တုံ့ပြန်မှု ရရှိခဲ့သည်– “နိနေဝေမြို့သားတို့သည် ဘုရားသခင်၏အမိန့်တော်ကိုယုံ၍ လူကြီးလူငယ်အပေါင်းတို့သည် အစာရှောင်ရာအချိန်ကို ကြော်ငြာ၍ လျှော်တေအဝတ်ကိုဝတ်ကြ၏။” (ယောန ၃:၅) သို့ဖြစ်၍၊ “အဘယ်သူမျှမပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှာ အလိုတော်ရှိ” သော ယေဟောဝါဘုရားသခင်သည် အဆိုပါမြို့ကို အသက်ချမ်းသာပေးတော်မူခဲ့သည်။—၂ ပေတရု ၃:၉။
ယောန၏တုံ့ပြန်မှုကား အဘယ်နည်း။ ကျမ်းစာမှတ်တမ်းက ဤသို့ဆိုသည်– ‘ယောနသည် အလွန်စိတ်ညစ်၍ အမျက်ထွက်လေ၏။’ (ယောန ၄:၁) အဘယ်ကြောင့်နည်း။ သတ်မှတ်ထားသောရက်တွင် ဖျက်ဆီးခြင်းခံရမည်ဟူသော သူ၏မပြည့်စုံသည့် ကြွေးကြော်ချက်က ပရောဖက်တစ်ပါးအနေနှင့် သူ့အား မျက်နှာပျက်စေသည်ဟု ယောနခံစားခဲ့ဖွယ်ရှိသည်။ အခြားသူများ ကယ်တင်ခံရရေးနှင့် သနားကရုဏာပြရေးထက် မိမိ၏ဂုဏ်သိက္ခာကို ပို၍အလေးထားကြောင်း ထင်ရှားသည်။
ယောနသည် ပရောဖက်အဖြစ်မှ နုတ်ထွက်လိုက်သည့်အထိတော့ မပြုခဲ့ပါ။ သို့သော် သူသည် “မြို့၌ အဘယ်သို့ဖြစ်မည်ကို သိမြင်ခြင်းငှာ” စောင့်ကြည့်ခဲ့လေသည်။ အမှန်တွင် သူသည် မရှုဆိတ်သည့်သဘောထားမျိုး၊ စောင့်ကြည့်သေးတာပေါ့ ဟူသည့်သဘောထားမျိုး မွေးမြူခဲ့၏။ သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသောအခါ အရိပ်တွင်တဲထိုးပြီး အဘယ်အရာဖြစ်ပျက်လာမည်ကို စိတ်ကောက်ကောက်နှင့် ထိုင်ကြည့်နေခဲ့သည်။ ယောန၏သဘောထားကို ယေဟောဝါ မနှစ်သက်ချေ၊ ထို့ကြောင့် မိမိ၏ မှားနေသောပရောဖက်၏ အတွေးအခေါ်ကို မေတ္တာပါစွာ ပြုပြင်တည့်မတ်ပေးတော်မူခဲ့၏။—ယောန ၄:၅၊ ၉-၁၁။
ယေဟောဝါ စိတ်ရှည်တော်မူရသည့်အကြောင်း
နိနေဝေမြို့သည် နောင်တရ၍ အသက်ချမ်းသာရခဲ့သော်လည်း နောက်ပိုင်းတွင် ဆိုးညစ်သောလမ်းစဉ်ကို ပြန်လိုက်ခဲ့သည်။ ၎င်း၏ဖျက်ဆီးခြင်းကို ပရောဖက် နာဟုံနှင့် ဇေဖနိတို့မှတစ်ဆင့် ယေဟောဝါ ကြိုတင်မိန့်ကြားခဲ့၏။ “အသွေးသွန်တတ်သောမြို့” နှင့်စပ်လျဉ်း၍ အာရှုရိကိုဖျက်ဆီးပြီး နိနေဝေမြို့ကို လူဆိတ်ညံရာအရပ်ဖြစ်စေမည်ဟု ယေဟောဝါ ကြေညာတော်မူခဲ့သည်။ (နာဟုံ ၃:၁; ဇေဖနိ ၂:၁၃) ဘီ.စီ.အီး. ၆၃၂ တွင် နိနေဝေမြို့ ဖျက်ဆီးခံလိုက်ရပြီး နောက်တစ်ဖန် ပြန်ပေါ်မလာတော့ချေ။
ထိုနည်းတူ ယနေ့ လောကသည် ရှေးခေတ်နိနေဝေမြို့ထက် ပို၍ကြီးမားသောအတိုင်းအတာဖြင့် အကြောင်းမဲ့ သွေးပြစ်ကျူးလွန်လျက်ရှိသည်။ ယင်းနှင့်အတူ အခြားအကြောင်းရင်းများကြောင့် လက်ရှိ ဆိုးယုတ်သည့်စနစ်သည် တစ်ခါမျှမဖြစ်ခဲ့ဖူးသော ‘ကြီးစွာသောဆင်းရဲခြင်း’ တွင် ဆုံးခန်းတိုင်တော့မည်ဖြစ်ကြောင်း ယေဟောဝါကြေညာတော်မူခဲ့၏။—မဿဲ ၂၄:၂၁၊ ၂၂။
သို့တိုင်၊ နိနေဝေမြို့ရှိ နောင်တယူခဲ့ကြသူများနည်းတူ မျက်မှောက်ခေတ်စိတ်ရိုးဖြောင့်သူများ နောင်တရ၍ အသက်ချမ်းသာရနိုင်ရန်အတွက် ယေဟောဝါသည် ကတိပြုထားသည့် ဖျက်ဆီးခြင်းဘေးကို ထိန်းချုပ်ထားတော်မူခဲ့ပြီ။ ဘုရားသခင့်စိတ်ရှည်ခြင်းကို တမန်တော်ပေတရုက ဤသို့ရည်ညွှန်းသည်– “လူအချို့သည် နှောင့်နှေးခြင်းကို မှတ်ယူတတ်သကဲ့သို့ ထာဝရဘုရား[သခင်]သည် ကတိတော်အရာမှာ နှောင့်နှေးတော်မူသည်မဟုတ်။ အဘယ်သူမျှမပျက်စီးဘဲ ရှိသမျှသည် နောင်တရစေခြင်းငှာ အလိုတော်ရှိ၍ သင်တို့အပေါ်တွင် စိတ်ရှည်တော်မူ၏။”—၂ ပေတရု ၃:၉၊ ၁၀၊ ၁၃၊ သမ္မာ။
နည်းမှန်လမ်းကျစောင့်မျှော်ခြင်း
ပေတရုက ဤသို့ဆက်ပြောသည်– “ဤအရာအလုံးစုံသည် ထိုသို့ကုန်စင်ရမည်မှန်သောကြောင့် . . . ဘုရားသခင်၏နေ့ရောက်လိမ့်မည်ဟု သင်တို့သည်မျှော်လင့်တောင့်တလျက် သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရား[သခင်]ဝတ်၌ မွေ့လျော်ခြင်းအားဖြင့် အဘယ်သို့သောသူဖြစ်အပ်ကြသနည်း။” (၂ ပေတရု ၃:၁၁၊ ၁၂) ယေဟောဝါ၏နေ့ရက်ကို စောင့်မျှော်နေစဉ် ကျွန်ုပ်တို့သည် “သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရား[သခင်]ဝတ်၌ မွေ့လျော်ခြင်း” တို့ကို တက်တက်ကြွကြွ ဖော်ပြနေသင့်သည်၊ ယင်းက နည်းမှန်လမ်းကျဖြစ်ကြောင်း မှတ်သားပါလေ။
ယေဟောဝါ၏နေ့ရက်သည် ယေဟောဝါရည်ရွယ်ထားသည်ထက် တဒင်္ဂမျှ နောက်မကျဘဲရောက်လာမည်ကို အကြွင်းမဲ့ ယုံကြည်စိတ်ချကြောင်း နည်းမှန်လမ်းကျ စောင့်မျှော်သည့်သဘောထားက ထင်ရှားစေသည်။ ထိုသို့သောယုံကြည်ခြင်းက သန့်ရှင်းသောအကျင့်နှင့် ဘုရားသခင်ရေးရာအလုပ်များကို လုပ်ဆောင်စေရာ ယင်းတို့အထဲတွင် အထင်ရှားဆုံးမှာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းဖြစ်သည်။ ယေရှုသည် ဟောပြောခြင်းတွင် ပုံသက်သေကောင်းချမှတ်ခဲ့ပြီး မိမိ၏ဝိညာဉ်တော်ဖွား နောက်တော်လိုက်များကို ဤသို့ညွှန်ကြားခဲ့၏– ‘သင်တို့သည် ခါးပန်းစည်းလျက်၊ ဆီမီးထွန်းလျက်နေသဖြင့်၊ သခင်သည် မင်္ဂလာဆောင်ပွဲမှပြန်လာ၍ တံခါးကိုခေါက်သောအခါ ချက်ချင်းဖွင့်ခြင်းငှာ သခင်လာမည်ကို မျှော်လင့်၍နေသောကျွန်ကဲ့သို့ ရှိနေကြလော့။ အကြင်ကျွန်တို့သည် စောင့်လျက်နေသည်ကို သခင်သည် ပြန်လာ၍တွေ့၏၊ ထိုကျွန်တို့သည် ပျော်ရွှင်ကြ၏။’—လုကာ ၁၂:၃၅-၃၇။
ပထမရာစုကျေးကျွန်များသည် အင်အားစိုက်ထုတ်ရသော လုပ်ဆောင်မှုတွင် အဆင်ပြေစေရန် မိမိတို့၏ဝတ်ရုံအစွန်းများကို စုချည်၍ ‘ခါးပန်းကို စည်း’ ထားတတ်ကြသည်။ ဤသို့ဖြင့် ခရစ်ယာန်တစ်ဦးသည် ကောင်းသောအမှုများတွင် အားမာန်ပါ၍ ထက်သန်သူဖြစ်ရမည်။ မိမိ၏စွမ်းအားများကို အပျော်အပါး သို့မဟုတ် ရုပ်ပစ္စည်းလိုက်စားမှုများဘက် လမ်းလွဲသွားစေနိုင်ဖွယ်ရှိသည့် ဝိညာဉ်ရေးဘက် မလှုပ်မရှားဖြစ်လာစေသော မည်သည့် “ပျင်းရိ” ခြင်းကိုမဆို တွန်းလှန်သင့်သည်။ အမှန်ဆိုရလျှင် ယေဟောဝါ၏ ကြောက်မက်ဖွယ်သောနေ့ကြီးကို စောင့်မျှော်လျက်နေစဉ် ‘သခင့်လုပ်ငန်းတော်တွင် လုပ်ကိုင်စရာများစွာ’ သူ၌ရှိနေသင့်၏။—ရောမ ၁၂:၁၁; ၁ ကောရိန္သု ၁၅:၅၈။
စောင့်မျှော်လျက်နေစဉ် တက်ကြွလှုပ်ရှားနေလော့
ယေဟောဝါသက်သေများသည် ယေဟောဝါ၏နေ့ရက်ကို စောင့်မျှော်လျက်နေစဉ် အလုပ်များနေခဲ့ကြပြီ။ ဥပမာ၊ ၂၀၀၃ လုပ်ငန်းတော်နှစ်တွင် ယေဟောဝါ၏စကားတော်ကို ဟောပြောရာ၌ နေ့စဉ် ပျမ်းမျှနာရီပေါင်း ၃,၃၈၃,၀၀၀ ကို အသုံးပြုခဲ့ကြသည်။ ထိုတစ်ရက်တာ လုပ်ဆောင်ခဲ့ရာကို ပြီးမြောက်စေဖို့ သက်သေခံတစ်ဦးသည် ၃၈၆ နှစ်ကြာ မရပ်မနား ဟောပြောခဲ့ရမည်ကို စဉ်းစားကြည့်ပါလေ!
ထို့အပြင် ‘အဘယ်စောင့်မျှော်တတ်သည့် သဘောထားမျိုး ကျွန်ုပ်တွင်ရှိသနည်း’ ဟူ၍ ကိုယ့်ကိုယ်ကို မေးသင့်၏။ ယေရှုသည် တည်ကြည်သော ဝိညာဉ်တော်ဖွားခရစ်ယာန်များ၌ ရှိအပ်သည့် လုံ့လဝီရိယကို ပုံဥပမာပေး၍ ဖော်ပြခဲ့သည်။ ကျွန်သုံးဦးအကြောင်း ကိုယ်တော် ဤသို့မိန့်ကြားခဲ့သည်– ‘သူတို့သည် အသီးသီး အစွမ်းသတ္တိရှိသည်အတိုင်း [သခင်သည်] တစ်ဦး၌ ငွေအခွက်ငါးဆယ်၊ တစ်ဦး၌ အခွက်နှစ်ဆယ်၊ တစ်ဦး၌ အခွက်တစ်ဆယ်ကိုအပ်ပေးပြီးမှ ချက်ချင်းသွားလေ၏။ အခွက်ငါးဆယ်ကိုခံသောသူသည် သွား၍ ကုန်သွယ်ခြင်းကိုပြုသဖြင့် အခြားသောအခွက်ငါးဆယ်ကို အမြတ်ရလေ၏။ ထိုနည်းတူ အခွက်နှစ်ဆယ်ကိုခံသောသူသည်လည်း အခြားသောအခွက်နှစ်ဆယ်ကို အမြတ်ရလေ၏။ အခွက်တစ်ဆယ်ကိုခံသောသူမူကား၊ သွား၍ မြေ၌တွင်းတူးပြီးလျှင် သခင်၏ငွေကို ဝှက်ထားလေ၏။ ကာလကြာမြင့်ပြီးမှ ထိုကျွန်တို့၏သခင်သည်လာ၍ သူတို့ကိုစာရင်းယူလေ၏။’ —မဿဲ ၂၅:၁၅-၁၉။
သခင်၏ပြန်အလာကို ကျွန်သုံးဦးစလုံး စောင့်မျှော်ခဲ့ကြသည်။ သခင်အား စောင့်မျှော်လျက်နေစဉ် အလုပ်များနေခဲ့ကြသည့် ကျွန်နှစ်ဦးသည် သခင်ပြန်ရောက်လာသောအခါ “ကောင်းလေစွ၊ သစ္စာရှိသောငယ်သားကောင်း” ဟူ၍ ပြောဆိုခံခဲ့ရသည်။ သို့သော် ပျင်းရိစွာ စောင့်မျှော်နေခဲ့သူမှာမူ တစ်နည်းတစ်ဖုံ ဆက်ဆံခံရ၏။ သခင်က ဤသို့မိန့်ဆိုသည်– ‘အသုံးမကျသောထိုကျွန်ကို ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ထုတ်လိုက်ကြ။’—မဿဲ ၂၅:၂၀-၃၀။
ဤပုံဥပမာသည် ဝိညာဉ်တော်ဖွားခရစ်ယာန်များနှင့်သက်ဆိုင်သော်လည်း ကျွန်ုပ်တို့၏မျှော်လင့်ချက် မည်သို့ပင်ဖြစ်ပါစေ ကျွန်ုပ်တို့အားလုံးအတွက် သင်ခန်းစာတစ်ရပ်ရှိသည်။ ယေဟောဝါ၏နေ့ကြီးတွင် သခင်ယေရှုခရစ်ရောက်လာမည်ကို ကျွန်ုပ်တို့စောင့်မျှော်ရင်း ကိုယ်တော်၏လုပ်ငန်းတော်၌ လုံ့လဝီရိယရှိရှိ လုပ်ဆောင်ကြဖို့ ကျွန်ုပ်တို့တစ်ဦးစီကို ကိုယ်တော်မျှော်လင့်သည်။ အခြေအနေများနှင့် “အစွမ်းသတ္တိရှိသည်အတိုင်း” တစ်ဦးစီ၏ ကြိုးစားဆောင်ရွက်မှုကို ကိုယ်တော်တန်ဖိုးထားသည်။ အဆုံး၌ စောင့်မျှော်စရာမလိုတော့သည့်အခါ သခင်ထံမှ “ကောင်းလေစွ” ဟူသော စကားကြားရလျှင် အမှန်ရွှင်လန်းစရာ ဖြစ်ပါလိမ့်မည်!
ကျွန်ုပ်တို့သခင်၏စိတ်ရှည်ခြင်းသည် ကယ်တင်ခြင်းဖြစ်
ဤအစီအစဉ်စနစ်သည် ကျွန်ုပ်တို့တွေးထင်ထားသည်ထက် သို့မဟုတ် မျှော်လင့်ထားသည်ထက် ပို၍ကြာရှည်နေလျှင်ကော အသို့နည်း။ ယင်းသို့ဖြစ်ရသည့် အကြောင်းရင်းရှိပါသည်။ တမန်တော်ပေတရုက ဤသို့ရေးသားခဲ့သည်– “ငါတို့သခင်ဘုရားသည်းခံတော်မူခြင်းသည် ကယ်တင်မည်အကြောင်းဖြစ်သည်။” (၂ ပေတရု ၃:၁၅) ဘုရားသခင့်ရည်ရွယ်တော်မူချက်ဆိုင်ရာ တိကျမှန်ကန်သောအသိပညာနှင့် ကျွန်ုပ်တို့ကိုယ်တိုင်၏ အရေးမပါမှုကို နှိမ့်ချစွာ အသိအမှတ်ပြုခြင်းတို့က ဤစနစ်ဟောင်းကို ယေဟောဝါ စိတ်ရှည်နေသရွေ့ကာလပတ်လုံး ကျွန်ုပ်တို့ကိုလည်း စိတ်ရှည်နေစေပါလိမ့်မည်။
စိတ်ရှည်ကြဖို့ ခရစ်ယာန်များကို အားပေးရာတွင် ကျမ်းရေးသူယာကုပ်က ဥပမာတစ်ခုပေး၍ ဤသို့ရေးသားခဲ့၏– ‘လယ်လုပ်သောသူသည် မိုးဦး၊ မိုးနှောင်းကျသည်တိုင်အောင် အဖိုးထိုက်သောမြေအသီးကို သည်းခံလျက်စောင့်နေ၍ မျှော်လင့်တတ်၏။ သင်တို့သည်လည်း သည်းခံလျက်စောင့်နေကြလော့။ ကိုယ့်စိတ်နှလုံးကို မြဲမြံခိုင်ခံ့စေကြလော့။ အကြောင်းမူကား အရှင်သခင်ဘုရားကြွလာတော်မူသောအချိန် ရောက်လုနီးပြီ။’—ယာကုပ် ၅:၇၊ ၈။
ကျွန်ုပ်တို့စောင့်မျှော်နေကြစဉ် ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့အား လက်ပန်းမကျစေလို သို့မဟုတ် လက်လျှော့မသွားစေလိုပါ။ ကိုယ်တော်ထံ၌ ကျွန်ုပ်တို့လုပ်ဆောင်ရမည့်အလုပ်ရှိထားရာ စောင့်မျှော်နေချိန်ကို ထိုလုပ်ငန်း၌ လုံ့လဝီရိယရှိစွာ အသုံးပြုသွားမည်ဆိုလျှင် ကိုယ်တော်နှစ်သက်အားရတော်မူသည်။ ဟေဗြဲလူမျိုးများထံ ရေးသားသည့်စာ၌ တမန်တော်ပေါလု ဖော်ပြထားသူတို့တွင် ကျွန်ုပ်တို့ကို ကိုယ်တော် ပါဝင်စေလိုတော်မူသည်– “သင်တို့ရှိသမျှသည် ပျင်းရိခြင်းနှင့်ကင်းလွတ်၍ ယုံကြည်ခြင်းနှင့် သည်းခံခြင်းအားဖြင့် ကတိတော်တို့ကို အမွေခံရသောသူတို့နည်းတူ ကျင့်နိုင်မည်အကြောင်း၊ ထိုသို့သောလုံ့လဝီရိယကိုထုတ်၍ အဆုံးတိုင်အောင် ယုံမှားခြင်းနှင့်ကင်းသော မျှော်လင့်ခြင်းနှင့်ပြည့်စုံစေခြင်းငှာ ငါတို့သည်အလိုရှိကြ၏။”—ဟေဗြဲ ၆:၁၁၊ ၁၂။
ထို့ကြောင့် ပင်ပန်းနွမ်းလျမနေကြစို့နှင့်။ သို့အစား၊ ယေဟောဝါဘုရားသခင်နှင့် ကျွန်ုပ်တို့၏ရင်းနှီးသောဆက်ဆံရေး၊ ယေရှု၏ရွေးဖိုးပူဇော်ရာယဇ်၌ ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့် စနစ်သစ်ရှိ ကျွန်ုပ်တို့၏ တောက်ပသောအနာဂတ်တို့သည် ကျွန်ုပ်တို့၏အသက်တာတွင် အစွမ်းခွန်အားများ ဖြစ်နိုင်ကြပါစေ။ ယေရှု၏ပုံဥပမာမှ ‘ကောင်းမြတ်၍ တည်ကြည်သော’ ကျေးကျွန်များနည်းတူ၊ “အကျွန်ုပ်မူကား အစဉ်မျှော်လင့်၍ ကိုယ်တော်ကိုချီးမွမ်းသမျှထက်သာ၍ ချီးမွမ်းပါမည်” ဟူ၍ ပြောဆိုခဲ့သူ ဆာလံဆရာကဲ့သို့ ကျွန်ုပ်တို့၏ဘုရားသခင်အား ချီးမွမ်းရာတွင် အလုပ်များနေခြင်းအားဖြင့် ဆုကျေးဇူးနှင့် ချီးမွမ်းခြင်းခံထိုက်သူဖြစ်ကြောင်း သက်သေထူနိုင်ကြပါစေ။—ဆာလံ ၇၁:၁၄။
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ယောနသည် စိတ်ပျက်လက်ပျက်ဖြင့် နိနေဝေမြို့ အဘယ်အရာဖြစ်ပျက်မည်ကို စောင့်ကြည့်ခဲ့
[စာမျက်နှာ ၂၂၊ ၂၃ ပါ ရုပ်ပုံ]
ယေဟောဝါ၏နေ့ရက်ကို စောင့်မျှော် လျက်နေစဉ် ဘုရားသခင်ဝတ်၌ မွေ့လျော်ကြောင်း တင်ပြကြပါစို့