စာရှုသူများထံမှမေးခွန်းလွှာ
စာရှုသူများထံမှမေးခွန်းလွှာ
“တစ်စုံတစ်ခုကိုရမည်ဟု မျှော်လင့်ခြင်းမရှိဘဲ ချေးငှားကြလော့” ဟူ၍ တပည့်များကို ယေရှုသွန်သင်ပေးသည့်အခါ ငွေရင်းကိုပင် ပြန်မတောင်းသင့်ဟု ကိုယ်တော် ဆိုလိုခဲ့သလော။
လုကာ ၆:၃၅ တွင်မှတ်တမ်းတင်ထားသော ယေရှု၏စကားများကို ကောင်းစွာနားလည်နိုင်ရန် မောရှေပညတ်ကို နောက်ခံထားပြီး သုံးသပ်ရမည်။ မောရှေပညတ်တွင် ငွေကြေးနွမ်းပါးပြီး အကူအညီလိုသော ဣသရေလချင်းများကို အတိုးမဲ့ငွေချေးရန် ဣသရေလလူတို့အား ဘုရားသခင် မိန့်မှာခဲ့သည်။ (ထွက်မြောက်ရာ ၂၂:၂၅; ဝတ်ပြုရာ ၂၅:၃၅-၃၇; မဿဲ ၅:၄၂) အဆိုပါချေးငွေများသည် စီးပွားရေးပြုလုပ်ဖို့မဟုတ်ချေ။ ယင်းအစား၊ ဤအတိုးမဲ့ချေးငွေများသည် ဆင်းရဲခက်ခဲမှု ပေါ့ပါးစေရန်ဖြစ်သည်။ အမှန်မှာ၊ စီးပွားရေးပျက်သွားသော အိမ်နီးချင်းတစ်ဦးထံမှ အတိုးယူခြင်းသည် မေတ္တာမဲ့ရာကျပေမည်။ သို့တိုင် ငွေချေးပေးသူသည် ငွေရင်းပြန်ရရန် တစ်ခါတစ်ရံ အပေါင်ပစ္စည်း (ချေးငွေအတွက် အာမခံပစ္စည်း) တစ်ခုကို ယူထားခွင့်ရှိခဲ့၏။—တရားဟောရာ ၁၅:၇၊ ၈။
ယေရှုသည် ပညတ်တရားကို လက်ခံစဉ် ၎င်း၏သက်ဆိုင်ပုံကို ပို၍ပင်ကျယ်ပြန့်စေခဲ့သည်၊ အကူအညီပေးသူသည် “တစ်စုံတစ်ခုကိုရမည်” ဟုမမျှော်သင့်ဟူ၍ မိန့်ဆိုခဲ့သည်။ ဣသရေလလူတို့ကဲ့သို့ ခရစ်ယာန်များသည် တစ်ခါတစ်ရံ စီးပွားပျက်မှု သို့မဟုတ် တခြားအခြေအနေများကြောင့် ကုန်းကောက်စရာမရှိအောင်ပင် ဆင်းရဲသွားတတ်ကြ၏။ ဤသို့သောအခြေအနေမျိုးရှိ ခရစ်ယာန်ညီအစ်ကိုတစ်ဦးသည် ငွေကြေးအကူအညီလိုအပ်နေလျှင် သူ့အား ကူညီပေးခြင်းသည် အကြင်နာတရား ပြရာရောက်သည်မဟုတ်ပေလော။ အမှန်မှာ မိမိအမှားကြောင့်မဟုတ်ဘဲ ငွေကြေးအကျပ်အတည်းရောက်နေသော ညီအစ်ကိုတစ်ဦးကို ကူညီပေးရန် စစ်မှန်သောမေတ္တာက ခရစ်ယာန်ချင်းတစ်ဦးအား လှုံ့ဆော်ပေးပေမည်။ (သု. ၃:၂၇) ဤဆင်းရဲသောညီအစ်ကို ချေးလိုသည့်ငွေပမာဏထက် နည်းသည့်ငွေပမာဏကို သူ့အားလက်ဆောင်အဖြစ် ပေးနိုင်ပေမည်။—ဆာလံ ၃၇:၂၁။
စီ.အီး. ပထမရာစုတွင် အစာခေါင်းပါးမှုကြောင့် ယုဒနယ်မှ ညီအစ်ကိုများအတွက် အာရှမိုင်းနားမှ ခရစ်ယာန်များ လှူဒါန်းသည့်ပစ္စည်းများကို သယ်ဆောင်သွားပေးရန် ပေါလုနှင့် ဗာနဗတို့ တာဝန်ရခဲ့သည်။ (တမန်တော် ၁၁:၂၈-၃၀) ထိုနည်းတူစွာ၊ ယနေ့လည်း ဘေးဆိုးကျရောက်ချိန်တွင် ခရစ်ယာန်များသည် မိမိတို့၏နွမ်းပါးသောညီအစ်ကိုများထံ အထောက်အပံ့ ပေးပို့လေ့ရှိကြသည်။ သူတို့သည် ထိုသို့ပြုလုပ်ကြခြင်းဖြင့် အခြားသူများရှေ့ ကောင်းသောသက်သေခံချက် ဖြစ်စေ၏။ (မဿဲ ၅:၁၆) ဤတွင် အကူအညီရလိုသူ၏ စိတ်ထားနှင့် အခြေအနေကိုတော့ ထည့်စဉ်းစားသင့်သည်။ သူသည် အဘယ်ကြောင့် အကူအညီလိုအပ်နေပါသနည်း။ ပေါလု၏ဤစကားများကို မှတ်သားထိုက်ပေ၏– “အလုပ်မလုပ်ချင်သောသူမည်သည်ကား၊ အစာကိုလည်း မစားစေနှင့်။”—၂ သက်သာလောနိတ် ၃:၁၀။
ငွေချေးလိုသူ ညီအစ်ကိုတစ်ဦးသည် အလွန်ဆင်းရဲနေ၍မဟုတ်ဘဲ စီးပွားပျက်သွားသည့်အတွက် ပြန်လည်အဆင်ပြေလာရန် အကူအညီတောင်းခြင်းဖြစ်ပါက သူ့အား အတိုးမဲ့ငွေချေးပေးလျှင် သင့်လျော်ပေမည်။ ဤသို့သောအခြေအနေမျိုးတွင် အကုန်ပြန်လည်ဆပ်ရမည့်သဘောမျိုးဖြင့် ငွေချေးခြင်းသည် လုကာ ၆:၃၅ တွင်တွေ့ရသည့် ယေရှု၏စကားနှင့် မဆန့်ကျင်ပါ။ ထိုသို့ပြုလျှင် သဘောတူညီချက်စာချုပ် ပြုလုပ်ထားသင့်၏၊ ချေးငွေလက်ခံသူသည် နှစ်ဦးသဘောတူ စည်းကမ်းချက်အတိုင်း ပြန်ဆပ်ရန် အစွမ်းကုန်ကြိုးစားသင့်၏။ ခရစ်ယာန်မေတ္တာသည် ငွေချေးပေးသူအား လှုံ့ဆော်ပေးခဲ့သကဲ့သို့ ချေးသူသည်လည်း ချေးငွေကို ပြန်ဆပ်ရန် စေ့ဆော်ခံရသင့်သည်။
ငွေချေးပေးရန် (သို့မဟုတ် လက်ဆောင်အဖြစ်ပေးရန်) စဉ်းစားနေသူသည် မိမိ၏မိသားစုအခြေအနေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုသည်။ ဥပမာ၊ ထိုသို့ငွေပေးလိုက်ခြင်းဖြင့် ကျမ်းစာအရ ဦးစားပေးရမည့် မိမိအိမ်သားများ၏လိုအပ်ရာကို ဖြည့်စွက်မပေးနိုင်ဘဲ ဖြစ်သွားမည်လော။ (၂ ကောရိန္သု ၈:၁၂; ၁ တိမောသေ ၅:၈) ခရစ်ယာန်များသည် အချင်းချင်း မေတ္တာပြရန် အခွင့်အရေးရှာယူတတ်ကြ၏၊ ကျမ်းစာမူများနှင့်အညီ လက်တွေ့ကျသောနည်းများဖြင့် ထိုမေတ္တာကို ပြသလိုကြ၏။—ယာကုပ် ၁:၂၇; ၁ ယောဟန် ၃:၁၈; ၄:၇-၁၁။