မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တည်ကြည်မြဲမြံ—ယခင်နှင့်ယခု

တည်ကြည်မြဲမြံ—ယခင်နှင့်ယခု

တည်ကြည်​မြဲမြံ—ယခင်​နှင့်​ယခု

ချက်ခ်​သမ္မတနိုင်ငံ​နှင့် စ​လို​ဗေးကီး​ယား​နိုင်ငံ​တို့၏​နယ်စပ်​အနီးရှိ ပိုလန်​နိုင်ငံ​တောင်ပိုင်း​တွင် ဗီ​စ​ဝါ​ဟု​ခေါ်​သည့် မြို့လေး​တစ်မြို့​ရှိသည်။ သင်သည် ဗီ​စ​ဝါ​မြို့ကို တစ်ခါမျှ​ကြားဖူး​မည်​မဟုတ်သော်လည်း ယင်း​၏​သမိုင်း​ကို စစ်မှန်သော​ခရစ်ယာန်​များ အလွန်​စိတ်ဝင်စား​ကြလိမ့်မည်။ ယေဟောဝါ​အား သမာဓိ​နှင့် စိတ်​ထက်သန်မှု​တို့​ဖြင့် ဝတ်ပြု​ကိုးကွယ်​ခဲ့​သည့် သမိုင်းကြောင်း​ဖြစ်သည်။ မည်သို့​အားဖြင့်​နည်း။

ဗီ​စ​ဝါ​မြို့လေး​သည် ရင်သပ်​ရှုမောဖွယ်​ကောင်း​သည့် သဘာဝ​အလှ​ကို ဆင်မြန်း​ထားသော တောင်တန်း​ဒေသ​တွင် တည်ရှိ​သည်။ ရေ​စီး​သန်​သော​မြစ်​ငယ်​များနှင့် စမ်း​ချောင်း​နှစ်ခု​တို့သည် သစ်တော​ထူထပ်​သည့် တောင်​များ၊ ချိုင့်ဝှမ်း​များ​ကြား ကွေ့ပတ်​စီးဆင်း​ပြီး ဗီ​တူ​လာ​မြစ်နှင့်​ပေါင်း​သွား​သည်။ ဖော်ရွေ​ပျူ​ငှာ​သော ဒေသခံ​လူ​တို့​နှင့် ထူးခြားသည့် ဒေသန္တရ,ရာသီဥတု​တို့​ကြောင့် ဗီ​စ​ဝါ​မြို့​သည် နွေ​ရာသီ အားရက်​အနားယူရာ နေရာ​နှင့် ဆောင်း​ရာသီ​အပန်းဖြေ​နေရာ​ဖြစ်သည့် ဆေး​ကုသမှု​ခံယူ​ရာ​ဌာန​အဖြစ် နာမည်ကြီး​လာ​၏။

၁၅၉၀ ပြည့်လွန်​နှစ်များ​က အဆိုပါ​အမည်​ဖြင့် ထို​နေရာတွင် ပထမဦးဆုံး​အခြေချ​နေထိုင်ခဲ့​ကြ​ပုံ​ရသည်။ သစ်​စက်​တစ်ခု တည်ထောင်​လိုက်ပြီး မကြာမီ ထို​တောတောင်​အရပ်​တွင် လူ​တို့​အခြေချ​နေထိုင်ကြ​ကာ သိုး​နွား​တိရစ္ဆာန်​များ​မွေးမြူ၍ စိုက်​ပျိုး​လုပ်ကိုင်​ခဲ့​ကြသည်။ သို့သော် အဆိုပါ​နှိမ့်ချ​သူများ​သည် ခရစ်ယာန်​ဘာသာရေး​အပြောင်းအလဲ လေပွေ​ထဲ​ကျရောက်​ခဲ့​သည်။ သုတေသီ အဲ​န်ဒ​ရေ​ဇ် အော့တ်​ဇ​က်ခ်​၏​အဆို​အရ မာတင်​လူသာ​အစပြု​ခဲ့​သည့် ခရစ်ယာန်​ဘာသာရေး​ပြုပြင်​ပြောင်းလဲမှု​က ထို​ဒေသ​အပေါ် အလွန်​အကျိုး​သက်ရောက်​ခဲ့​ပြီး လူသာ​ရင်​အယူဝါဒ​သည် “၁၅၄၅ ခုနှစ်​တွင် နိုင်ငံတော်​ခရစ်ယာန်​ဘာသာ​တရား” ဖြစ်လာ​လေ​သည်။ သို့​တိုင် အနှစ်​သုံး​ဆယ်​စစ်ပွဲ​နှင့် တန်ပြန်​ပြုပြင်​ပြောင်းလဲရေး​တို့​က ထို​အခြေအနေ​ကို သိသိသာသာ ပြောင်းလဲ​စေ​ခဲ့​၏။ “၁၆၅၄ ခုနှစ်​တွင် ပရိုတက်စတင့်​ဘာသာဝင်​များ​ထံ​မှ ချာ့ခ်ျ​အဆောက်အဦ​အားလုံး​ကို သိမ်းယူ​ပြီး သူတို့၏​ဝတ်ပြုရေးကို ပိတ်ပင်​ကာ သမ္မာကျမ်းစာ​နှင့် အခြား​ဘာသာရေး​စာအုပ်​များ​ကို သိမ်း​လိုက်​သည်” ဟု​အော့တ်​ဇ​က်ခ်​က ဆက်​ပြောပြ​၏။ သို့​တိုင် ဒေသခံ​လူအများစု​သည် လူသာ​ရင်​များ​ဖြစ်​ကြ​၏။

ဦးဆုံး​ကျမ်းစာ​အမှန်တရား​မျိုးစေ့​များ

ဝမ်းသာစရာ​မှာ သာ၍​အရေးပါသော ခရစ်ယာန်​ဘာသာရေး​ပြုပြင်​ပြောင်းလဲမှု ဖြစ်ပေါ်​လာ​ခဲ့​၏။ ၁၉၂၈ ခုနှစ်​တွင် ထို​စဉ်​က ကျမ်းစာ​ကျောင်းသား​များ​ဟု ခေါ်​ခဲ့​သော စိတ်​ထက်သန်​သည့် ယေဟောဝါသက်သေ​နှစ်ဦး​သည် ကျမ်းစာ​အမှန်တရား​မျိုးစေ့​များ​ကို ဦးဆုံး​ကြဲ​ခဲ့​ကြ​၏။ နောက်​တစ်နှစ်​တွင် ယာ​န် ဂေါ့​မော့​လာ​သည် ဗီ​စ​ဝါ​မြို့​သို့ ရောက်ရှိ​လာပြီး ဓာတ်ပြား​စက်​နှင့် ကျမ်းစာ​ဟောပြောချက်​များ ဖွင့်ပြခဲ့​သည်။ ထို့နောက် သူသည် အနီးအနား​က ချိုင့်ဝှမ်း​တစ်ခု​သို့ ပြောင်းရွှေ့​နေထိုင်ခဲ့​ရာ ထို​တွင် အာရုံစိုက်​နားထောင်သူ၊ အဲ​န်ဒ​ရေ​ဇ် ရာ​ခ်ျ​ကာ​အမည်​ရှိ လက်ခံ​နာယူ​သော​နှလုံး​ရှိသည့် တုတ်​ခိုင်​သန်မာ​သော တောင်ပေါ်​သား​တစ်ဦး​ကို တွေ့ခဲ့​သည်။ ရာ​ခ်ျ​ကာ​သည် သူ၏​ကျမ်းစာ​ကို ချက်ချင်း​ထုတ်ပြီး ဓာတ်ပြား​ဟောပြောချက်​များ​တွင် ပါရှိ​သည့်​အကြောင်းအရာများ မှန်​မမှန် စစ်ဆေး​ကြည့်​၏။ ထို့နောက် သူက “ကျွန်တော့်​ညီအစ်ကို၊ အခု​မှ​ပဲ ကျွန်တော် အမှန်တရား​တွေ့​တော့​တယ်! ပထမ​ကမ္ဘာ​စစ်​ရဲ့ က​တုတ်​ကျင်း​ထဲမှာ ရှိတုန်းက​တည်း​က အဖြေကို​ရှာ​ခဲ့​တာ!” ဟု​ပြော​သည်။

အလွန်​စိတ်​ထက်သန်​စွာ​ဖြင့် ရာ​ခ်ျ​ကာ​သည် သူ၏​သူငယ်ချင်း ယာ​ဇာ​နှင့် အဲ​န်ဒ​ရေ​ဇ် ပီလ်ခ်​တို့ကို ဂေါ့​မော့​လာ​နှင့် မိတ်ဆက်​ပေး​ခဲ့​ရာ သူတို့​သည်လည်း ဘုရားသခင့်​နိုင်ငံတော်​သတင်းတရားကို ထက်သန်​စွာ တုံ့ပြန်​ခဲ့​ကြ​၏။ ပြင်သစ်​နိုင်ငံ​တွင် ကျမ်းစာ​အမှန်တရား သိရှိ​ခဲ့​သော အဲ​န်ဒ​ရေ​ဇ် တာ​ရ်​နာ​သည် ဘုရားသခင့်​သတင်းတရား​အသိပညာကို ထို​သူတို့ ပို​၍​နားလည်စေ​ရန် ကူညီ​ပေး​ခဲ့​သည်။ မကြာမီ သူတို့ နှစ်ခြင်း​ခံ​လိုက်​ကြ​လေ​၏။ ဗီ​စ​ဝါ​မြို့မှ ကျမ်းစာ​ကျောင်းသား​လူနည်းစု​ကို ကူညီ​ပေး​ရန် အနီးအပါး​မြို့များ​မှ ညီအစ်ကို​များသည် ၁၉၃၀ ပြည့်လွန်​နှစ်များ​အတွင်း သူတို့​ထံ လည်ပတ်​လာ​ခဲ့​ကြသည်။ အံ့အားသင့်​စ​ရာ ရလဒ်ကောင်း​များ​ရခဲ့​၏။

စိတ်ဝင်စားသူ​လူသစ်များ ထူးထူးခြားခြား​တိုးများ​လာ​၏။ ဒေသခံ​လူသာ​ရင်​မိသားစု​များသည် သူတို့​အိမ်​တွင် ကျမ်းစာ​ဖတ်​လေ့​ဖတ်​ထ​ရှိကြ​၏။ ထို့​ကြောင့် မီးငရဲ၊ သုံးပါး​ပေါင်း​တစ်ဆူ​အယူ​တို့​နှင့်​ပတ်သက်​၍ ယုံကြည်​စိတ်ချ​နိုင်သော ကျမ်းစာ​အကြောင်းပြချက်​များ​ကို သူတို့​တွေ့ရှိ​သည်​နှင့် လူအများသည် အမှား​နှင့် အမှန်​ကို ခွဲခြား​သိမြင်​ကြသည်။ မိသားစု​များစွာ​သည် မှားယွင်းသော​ဘာသာရေး​သွန်သင်ချက်​များ​ကို စွန့်လွှတ်​လိုက်​ကြသည်။ သို့​နှင့် ဗီ​စ​ဝါ​မြို့ရှိ​အသင်းတော်သည် တိုးတက်လာ​ရာ ၁၉၃၉ ခုနှစ်​တိုင်​လေ​သော် ၁၄၀ ခန့်​ရှိလာ​လေ​၏။ သို့သော် ထို​အသင်းတော်​ရှိ လူကြီး​အများစု နှစ်ခြင်း​မခံကြ​သည်​မှာ အံ့ဩစရာ​ဖြစ်၏။ “နှစ်ခြင်း​မခံရ​သေး​တဲ့ ဒီ​ကြေညာသူ​တွေ​ဟာ ယေဟောဝါ​ဘက် မ​ရပ်တည်​နိုင်​ကြ​တဲ့​သူတွေ​မဟုတ်ဘူး။ သူတို့ ရင်ဆိုင်ခဲ့​ကြ​ရတဲ့ ယုံကြည်ခြင်း​စမ်းသပ်မှု​တွေ​ကြား သူတို့ သမာဓိ​ရှိတာကို ပြ​ခဲ့​ကြတယ်” ဟု​ထို​အစောပိုင်း​သက်သေခံ​တစ်ဦး​ဖြစ်သူ ဟ​ယ်လီ​နာ​က​ဆို​၏။

ကလေး​များ​ကော အသို့နည်း။ မိဘများသည် အမှန်တရား​တွေ့ရှိ​ပြီ​ဖြစ်​ကြောင်း သူတို့​သိရှိ​ကြသည်။ ဖရဲ​န့်​ချီ​ရှက်​ခ် ဘ​ရာ​ဇ်​က ဤသို့​ဖော်ပြ​သည်– “ကျွန်တော့်​အဖေက အမှန်တရား​တွေ့​ပြီ​လို့ သိတာနဲ့ အစ်ကို​နဲ့​ကျွန်တော့်​ကို သင်ပေးတယ်။ ကျွန်တော်​တို့​က ရှစ်နှစ်​နဲ့ ဆယ်နှစ်​ပဲ​ရှိသေးတယ်။ အဖေက ကျွန်တော်​တို့ကို ‘ဘုရားသခင်​က ဘယ်သူလဲ၊ သူ့​နာမည်​က ဘာလဲ။ ယေရှု​ခရစ်​အကြောင်း ဘာသိ​သလဲ’ စတဲ့ မေးခွန်း​ရိုးရိုးလေး​တွေ မေး​တတ်တယ်။ ကျွန်တော်​တို့​က အဖြေတွေကို ကျမ်းချက်​နဲ့​အတူ ရေးဖြေ​ခဲ့​ရတယ်။” သက်သေခံ​နောက်​တစ်ဦး​က ဤသို့​ပြောပြ​သည်– “ကျွန်တော့်​မိဘတွေက ဘုရားသခင့်​နိုင်ငံတော်​သတင်းတရားကို လက်ခံ​ပြီး ၁၉၄၀ ပြည့်နှစ်​မှာ လူသာ​ရင်​ချာ့ခ်ျ​က နုတ်ထွက်​လိုက်လို့ ကျောင်း​မှာ ကျွန်တော့်​ကို ရန်​လုပ်ကြ​ပြီး ဝိုင်း​ရိုက်​ကြတယ်။ ကျွန်တော့်​စိတ်ထဲ​ကို ကျမ်းစာ​မူတွေ ထည့်သွင်း​ပေး​တဲ့​အတွက် မိဘတွေကို တကယ်​ကျေးဇူး​တင်​တယ်။ အဲဒါ​ကြောင့် အဲ့ဒီ​အခက်အခဲတွေကို ကျွန်တော်​ကျော်လွှား​နိုင်​ခဲ့​တယ်။”

စမ်းသပ်ခံ​ရသော ယုံကြည်ခြင်း

ဒုတိယ​ကမ္ဘာ​စစ်​ဖြစ်ပွား​ပြီး ထို​ဒေသ​ကို နာဇီ​သိမ်းပိုက်​လိုက်​သည့်​အခါ ယေဟောဝါသက်သေ​များ​ကို အစဖျောက်​ပစ်​ရန် သူတို့​ဆုံးဖြတ်​ခဲ့​ကြသည်။ အစပိုင်း​တွင် လူကြီး​များ အထူးသဖြင့် ဖခင်​များ​ကို အခွင့်အရေး​အချို့​ရရှိရန် ဂျာမန်​အမျိုးသား​စာရင်း​တွင် လက်မှတ်ထိုး​ခိုင်း​သည်။ သက်သေခံ​များသည် နာဇီ​တို့​နှင့်​ပူးပေါင်း​ရန် ငြင်းပယ်​ခဲ့​ကြသည်။ စစ်မှုထမ်း​ရန် အသက်​ပြည့်​သော ညီအစ်ကို​များနှင့် စိတ်ဝင်စားသူ​များသည် စစ်​ထဲ​ဝင်​မည်​လော၊ ပြင်းထန်​သည့်​အပြစ်ဒဏ်​ခံ​ပြီး ပြတ်ပြတ်သားသား ကြားနေ​ကြ​မည်​လော ဟူသော အခက်အခဲ​ကို ရင်ဆိုင်ခဲ့​ကြ​ရသည်။ ၁၉၄၃ ခုနှစ်​တွင် ဂက်စတာပို​တို့ ဖမ်းဆီး​ခဲ့​သော အဲ​န်ဒ​ရေ​ဇ် ရှဲ​လ်​ဘော​တ်​က ဤသို့​ပြောပြ​သည်– “စစ်မှု​မ​ထမ်း​ရင် အော့ဇ်ဝစ်​အကျဉ်း​စခန်း​ကို အ​ပို့​ခံရ​မှာ​ဖြစ်တယ်။ ကျွန်တော် နှစ်ခြင်း​မခံရ​သေး​ပေမဲ့ မဿဲ ၁၀:၂၈၊ ၂၉ မှာ ယေရှု​အာမခံ​ထား​တဲ့​စကား​ကို ကျွန်တော်​သိတယ်။ တကယ်လို့ ယေဟောဝါ​အပေါ် ကျွန်တော့်​ရဲ့​ယုံကြည်ချက်​ကြောင့် သေသွား​ခဲ့ရင်​တောင် ကျွန်တော့်​ကို ကိုယ်တော် အသက်​ပြန်ပေး​နိုင်တယ်​ဆိုတာ ကျွန်တော်​သိထားတယ်။”

၁၉၄၂ ခုနှစ် အစောပိုင်း​တွင် နာဇီ​တို့သည် ဗီ​စ​ဝါ​မြို့မှ ညီအစ်ကို ၁၇ ဦး​ကို ဖမ်းဆီး​သွား​သည်။ သုံးလ​အတွင်း အော့ဇ်ဝစ်​အကျဉ်း​စခန်း​၌ ၁၅ ဦး​သေဆုံး​သွား​သည်။ ယင်းက ဗီ​စ​ဝါ​မြို့တွင် ကျန်ရှိ​နေ​သေး​သော သက်သေခံ​များ​အပေါ် မည်သို့​အကျိုး​သက်ရောက်​ခဲ့​သနည်း။ သူတို့၏​ယုံကြည်ခြင်းကို စွန့်​မည့်​အစား အလျှော့မပေး​ဘဲ ယေဟောဝါ​အပေါ် သူတို့​ဆက်၍​တည်ကြည်​ခဲ့​ကြသည်! နောက်​ခြောက်​လ အတွင်း ဗီ​စ​ဝါ​မြို့တွင် ကြေညာသူ နှစ်ဆ​တိုးလာ​၏။ မကြာမီ​မှာ​ပင် အခြား​သူများကို ထပ်​ပြီး​ဖမ်းဆီး​ခဲ့​၏။ ဟစ်တလာ​၏​သိမ်း​ကျုံး​ရမ်းကားမှု​ကို ညီအစ်ကို ၈၃ ဦး၊ စိတ်ဝင်စား​သူများ​နှင့် ကလေး​များ​ပါ ခံ​ခဲ့​ကြ​ရသည်။ သူတို့​ထဲ​မှ ငါး​ဆ​ယ့်​သုံးဦး​ကို အကျဉ်း​စခန်း​များ (အများအားဖြင့် အော့ဇ်ဝစ်) သို့​မဟုတ် ပိုလန်၊ ဂျာမနီ​နှင့် ဘို​ဟီး​မီး​ယား​တို့​မှ သတ္တုတွင်း​များနှင့် ကျောက်တွင်း​များ​ရှိ အလုပ်ကြမ်း​စခန်း​များ​သို့ ပို့လိုက်​သည်။

တည်ကြည်​မြဲမြံ

အော့ဇ်ဝစ်​အကျဉ်း​စခန်း​တွင် နာဇီ​တို့သည် သက်သေခံ​များ​ကို ချက်ချင်း​လွှတ်​ပေး​မည့် မျှော်လင့်ချက်​ဖြင့် ကြိုးစား​ဖြားယောင်း​ခဲ့​ကြသည်။ ညီအစ်ကို​တစ်ဦး​အား အက်စ်​အက်စ်​အစောင့်​တစ်ဦး​က “ကျမ်းစာ​ကျောင်းသား​မဟုတ်​တော့​ပါ​ဘူးလို့ လက်မှတ်ထိုး​လိုက်ရင် မင်းကို ချက်ချင်း​လွှတ်​ပေး​မယ်၊ မင်း​အိမ်ပြန်​နိုင်​မယ်” ဟု​ပြော​ခဲ့​သည်။ ထိုသို့​ကြိမ်ဖန်​များစွာ တိုက်တွန်း​ခဲ့​သော်လည်း ထို​ညီအစ်ကို​သည် ယေဟောဝါ​အပေါ် ထား​ရှိသည့် တည်ကြည်မှု​ကို အလျှော့မပေး​ခဲ့​ချေ။ ထို့​ကြောင့် သူသည် ရိုက်နှက်၊ လှောင်ပြောင်​ခံရ​ပြီး ဂျာမနီ​နိုင်ငံ​ရှိ အော့ဇ်ဝစ်​နှင့် မီ​တဲ​လ်ဘော်​ဒို​ရာ​အကျဉ်း​စခန်း​တို့​တွင် အလုပ်ကြမ်း​လုပ်ခဲ့​ရသည်။ ဤ​ညီအစ်ကို​သည် အကျဉ်း​စခန်း​မှ​မလွတ်​မီ​လေး​တွင် ဤ​အကျဉ်း​စခန်း​ကို ဗုံးကြဲ​တိုက်ခိုက်​ချိန်​အတွင်း သေ​ဘေး​မှ သီ​သီ​ကလေး လွတ်မြောက်​ခဲ့​သည်။

မကြာသေးမီ​က သေဆုံး​သွားသော သက်သေခံ​တစ်ဦး​ဖြစ်သူ ပါ​ဗဲလ် ရှဲ​လ်​ဘော​တ်​သည် တစ်ချိန်က ဤသို့​ပြောပြ​ခဲ့​သည်– “ကျွန်တော့်​ကို ဂက်စတာပို​တို့ စစ်ဆေး​မေးမြန်း​တိုင်း ဘာဖြစ်​လို့ ဂျာမန်​စစ်တပ်​ထဲ မဝင်​တာလဲ၊ ဟို​င်းလ်​ဟစ်တလာ​လို့ မပြော​တာလဲ​လို့ ခဏ​ခဏ​မေးကြတယ်။” ခရစ်ယာန်​ကြားနေ​မှု​အကြောင်း ကျမ်းစာ​ကို​အခြေပြု ရှင်းပြ​ပြီး​နောက် သူ့ကို စစ်​လက်နက်​စက်ရုံ​တွင် အလုပ်လုပ်​ကိုင်​ရန် ဒဏ်ခတ်​ခဲ့​၏။ “ကျွန်တော့်​သိစိတ်​က ဒီ​အလုပ်ကို လက်မခံ​တဲ့​အတွက် ကျွန်တော့်​ကို သတ္တုတွင်း​ကို​ပို့​လိုက်တယ်။” သို့​တိုင် သူသည် ဆက်၍​သစ္စာ​တည်ကြည်​ခဲ့​၏။

အကျဉ်း​ချ​မခံရ​သူ အမျိုးသမီးများနှင့် ကလေး​များသည် အော့ဇ်ဝစ်​စခန်း​တွင် အကျဉ်း​ကျနေ​သူများ​ထံ စားစရာ​အထုပ်​များ ပို့ပေး​ခဲ့​ကြသည်။ ထို​စဉ်​က လူငယ်​ဖြစ်သူ ညီအစ်ကို​တစ်ဦး​က ဤသို့​ပြောပြ​သည်– “နွေ​ရာသီ​ရောက်​တိုင်း ကျွန်တော်​တို့ တော​ထဲမှာ ခရန့်ဘယ်ရီ​သီး​တွေ ခူး​ပြီး ဂျုံ​နဲ့​လဲ​ယူ​ကြတယ်။ ညီအစ်မ​တွေ​က ပေါင်မုန့်​လုံး​တွေ ဖုတ်​ကြ​ပြီး ဝက်​ဆီ​သုတ်​ပေး​တယ်။ အဲ့ဒီ​မုန့်​လုံး​တွေ​ကို ကျွန်တော်​တို့​က အကျဉ်း​ကျနေ​တဲ့ ယုံကြည်သူချင်းတွေ​ဆီ​ကို နည်းနည်း​ဆီ ပို့ပေး​ကြတယ်။”

ဗီ​စ​ဝါ​မြို့မှ သက်သေခံ​လူကြီး​စုစုပေါင်း ၅၃ ဦး​ကို အကျဉ်း​စခန်း​များ​သို့​ပို့​ပြီး အလုပ်ကြမ်း​လုပ်​ခိုင်း​သည်။ သူတို့​ထဲ​မှ သုံးဆယ့်​ရှစ်ဦး​သည် သေဆုံး​သွား​ရှာ​သည်။

လူငယ်​မျိုးဆက် ပေါ်ပေါက်​လာ

ယေဟောဝါသက်သေ​များ​၏ ကလေး​များသည်​လည်း နာဇီ​၏​ဖိနှိပ်​ချုပ်ချယ်​မှု​ကို ခံ​ခဲ့​ရ​ရှာ​၏။ ကလေး​အချို့​ကို ဘို​ဟီး​မီး​ယား​ရှိ ယာယီ​စခန်း​များ​သို့ သူတို့၏​မိခင်များ​နှင့်အတူ ပို့​ခဲ့​သည်။ တခြား​ကလေး​များ​ကို သူတို့​မိဘ​နှင့်​ခွဲ​ပြီး လော့​ဒ်ဇ်​မြို့ရှိ နာမည်ကြီး​ကလေး​အကျဉ်း​စခန်း​သို့ ပို့​ခဲ့​သည်။

သူတို့​ထဲ​မှ သုံးဦး​က ဤသို့​ပြောပြ​၏– “ဂျာမန်​တွေ​က အသက်​ငါး​နှစ်​ကနေ ကိုးနှစ်​ရှိတဲ့ ကျွန်တော်​တို့​ဆယ်ယောက်​ကို ခေါ်​ပြီး လော့​ဒ်ဇ်​မြို့ကို ပထမ​ဆုံး​ပို့​လိုက်တယ်။ ကျွန်တော်​တို့​က တစ်ယောက်ကို​တစ်ယောက် အားပေးဖို့ ဆုတောင်း​ကြတယ်၊ ကျမ်းစာ​အကြောင်း​တွေ ဆွေးနွေး​ကြတယ်။ ခံရပ်​နိုင်​ဖို့ မလွယ်​ခဲ့​ပါ​ဘူး။” ၁၉၄၅ ခုနှစ်​တွင် ထို​ကလေး​သူငယ်​အားလုံး အိမ်သို့ပြန်​လာနိုင်​ခဲ့​ကြသည်။ သူတို့သည် အသက်ရှင်​ကြ​သေး​သော်လည်း အရိုး​ပေါ်​အရေ​တင် အထိတ်တလန့်​ဖြစ်နေ​ကြ​၏။ သို့​တိုင် ဘယ်အရာ​က​မျှ သူတို့၏​သမာဓိကို မချိုးဖျက်​နိုင်​ခဲ့​ကြ​ချေ။

ထို့နောက် အဘယ်အရာ​ဖြစ်ပျက်​ခဲ့​သနည်း

ဒုတိယ​ကမ္ဘာ​စစ်​ပြီးဆုံး​ခါနီး​၌ ဗီ​စ​ဝါ​မြို့မှ သက်သေခံ​များသည် ယုံကြည်ခြင်း ခိုင်ခံ့​နေဆဲ​ရှိကြ​ပြီး ဟောပြောခြင်း​လုပ်ငန်း​ကို အားတက်သရော ဇွဲ​လုံ့လ​နှင့် ပြန်​စတင်​ရန် အသင့်ရှိနေ​ကြ​၏။ ညီအစ်ကို​များသည် ဗီ​စ​ဝါ​မြို့မှ ၂၅ မိုင်​ကျော်​တွင် နေထိုင်ကြ​သူများ​ထံ သွားရောက်​လည်ပတ် ဟောပြော​၍ ကျမ်းစာ,စာပေ​များ​ကို ဝေငှ​ခဲ့​ကြသည်။ “မကြာခင်​မှာပဲ ကျွန်တော်​တို့​မြို့မှာ တက်ကြွ​လှုပ်ရှား​တဲ့​အသင်းတော်​သုံးခု​ရှိ​လာတယ်” ဟု​ယာ​န် က​ဇို့ခ်​က ပြောပြ​သည်။ သို့သော် ခရစ်ယာန်​ဘာသာရေး​လွတ်လပ်မှု​သည် ကြာရှည်​မ​တည်တံ့​ခဲ့​ချေ။

နာဇီ​တို့​ကျဆုံး​ပြီး​နောက် တက်လာ​သော ကွန်မြူနစ်​အစိုးရ​သည် ၁၉၅၀ ပြည့်နှစ်​တွင် ပိုလန်​နိုင်ငံ​ရှိ ယေဟောဝါသက်သေ​များ​၏​လှုပ်ရှားမှု​ကို ပိတ်ပင်​ခဲ့​၏။ ထို့​ကြောင့် ဒေသခံ​ညီအစ်ကို​များသည် ခရစ်ယာန်​ဓမ္မ​အမှုကို ကြံဖန်​ပြုလုပ်​ခဲ့​ကြ​ရသည်။ တစ်ခါတစ်ရံ အိမ်မွေး​တိရစ္ဆာန်​များ သို့​မဟုတ် ဂျုံ​ဝယ်ယူ​လို​သည့်​ပုံစံ​မျိုး​ဖြင့် လူ​တို့​ထံ လည်ပတ်​ခဲ့​ကြ​ရ၏။ ခရစ်ယာန်​အစည်းအဝေး​များ​ကို ည​ပိုင်း​တွင် အုပ်စုငယ်​များ​ဖြင့် ကျင်းပ​လေ့​ရှိ၏။ မည်သို့​ပင်​ဆို​စေ၊ လုံခြုံရေး​အမှုထမ်းများ​သည် ယေဟောဝါသက်သေ​များစွာကို နိုင်ငံ​ခြား​ထောက်လှမ်းရေး​ဌာန​တစ်ခု​အတွက် သူလျှို​များ​ဟု အခြေအမြစ်​မရှိ စွဲချက်​တင်ပြီး ဖမ်းဆီး​ခဲ့​ကြသည်။ အရာရှိ​အချို့​က ပါ​ဗဲလ် ပီလ်ခ်​အား “ဟစ်တလာ​က မင်းတို့ကို မ​ချိုး​နိုင်​ခဲ့​ပေမဲ့ ငါ​တို့ ချိုးဖျက်​ပြ​မယ်” ဟု​ခနဲ့တဲ့တဲ့​ဖြင့် ခြိမ်းခြောက်​ခဲ့​သည်။ သို့​တိုင် သူသည် ထောင်ဒဏ်​ငါး​နှစ်ကျ​ခဲ့​စဉ် ယေဟောဝါ​အပေါ် တည်ကြည်​ခဲ့​သည်။ သက်သေခံ​လူငယ်​အချို့​သည် ဆိုရှယ်လစ်​နိုင်ငံရေး​စာချုပ်​တစ်ခု​ကို လက်မှတ်​မ​ရေးထိုး​ခဲ့​ကြ​သည့်​အတွက် ကျောင်း​ထုတ်​ခံရ​ကြ​၏၊ အလုပ်​ဖြုတ်​ခံ​ခဲ့​ကြ​ရ၏။

သူတို့နှင့်​အတူ ယေဟောဝါ​ဆက်​ရှိ

၁၉၈၉ ခုနှစ်​တွင် နိုင်ငံရေး​အခြေအနေ ပြောင်းလဲ​ခဲ့​သည်၊ ထို့နောက် ယေဟောဝါသက်သေ​များ​ကို ပိုလန်​နိုင်ငံ​တွင် တရားဝင်​အသိအမှတ်ပြု​လိုက်​လေ​သည်။ ဗီ​စ​ဝါ​မြို့မှ ယေဟောဝါ​အား မြဲမြံ​တည်ကြည်​စွာ ကိုးကွယ်​သူများ​သည် သူတို့၏​လုပ်ငန်း​ကို အရှိန်အဟုန်​တိုးမြှင့်​ခဲ့​ကြ​ကြောင်း ရှေ့ဆောင်​များ​ဖြစ်သည့် အချိန်ပြည့်​ခရစ်ယာန်​ဓမ္မ​အမှုဆောင်​အရေအတွက် တိုးများ​လာ​ခြင်း​က ဖော်ပြ​သည်။ ဤ​ဒေသ​မှ ညီအစ်ကို၊ ညီအစ်မ​ပေါင်း ၁၀၀ ခန့်​သည် ရှေ့ဆောင်​လုပ်ငန်း​တွင် ပါဝင်​ခဲ့​ကြ​၏။ ထို့​ကြောင့် ဤ​မြို့ကို ရှေ့ဆောင်​စက်ရုံ​ဟု ခေါ်ဆို​ခြင်း​မှာ အံ့အားသင့်​စ​ရာ​မဟုတ်ပေ။

အတိတ်​တွင် ဘုရားသခင်​၏​ကျေးကျွန်​များ​ကို ကိုယ်တော်​ထောက်မ​ကူညီ​ခဲ့​ခြင်း​နှင့်​စပ်လျဉ်း၍ သမ္မာကျမ်းစာ​က ဤသို့​ဆို​၏– ‘ယေဟောဝါ​သည် ငါ​တို့​ဘက်မှာ​ရှိ​တော်​မ​မူလျှင် လူတို့သည် ငါ​တို့​ရန်ဘက်​၌​နေကြ​သောအခါ ငါ​တို့ကို အသက်​နှင့်​တကွ မျို​ကြပြီ​တကား။’ (ဆာလံ ၁၂၄:၂၊ ၃) ကျွန်ုပ်​တို့၏​ခေတ်တွင် လူအများသည် စိတ်ဝင်စားမှု​မရှိ၊ ကိုယ်ကျင့်တရား​ပျက်ပြား​နေသည့်​ကြား ဗီ​စ​ဝါ​မြို့မှ ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​သူများ​သည် သူတို့၏​သမာဓိကို ကြိုးစား​ဆက်​ထိန်းထား​ကြသော​ကြောင့် ကောင်းချီး​များစွာ ခံစား​နေကြ​ရ၏။ ထို​ဒေသ​ရှိ သက်သေခံ​လူမျိုးဆက် တစ်ဆက်​ပြီး​တစ်ဆက်​သည် တမန်​တော်​ပေါလု​၏ ဤ​စကား​များ မှန်ကန်ကြောင်း သက်သေထူ​နိုင်​ခဲ့​ကြပြီ– “ဘုရားသခင်​သည် ငါ​တို့​ဘက်၌​ရှိတော်မူလျှင် အဘယ်သူ​သည် ငါ​တို့​တစ်ဖက်၌ နေနိုင်​မည်​နည်း။”—ရောမ ၈:၃၁

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

အမီ​လီ​ယာ က​ဇော့ခ်​သည် သူ၏​ကလေး​များ ဟီ​လီ​နာ၊ အ​မဲ​လီ​ယာ၊ ယာ​န်​တို့​နှင့်အတူ ဘို​ဟီး​မီး​ယား​နိုင်ငံ​ရှိ ယာယီ​အကျဉ်း​စခန်း​သို့ အ​ပို့​ခံ​ခဲ့​ရ

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ပါ​ဗဲလ် ရှဲ​လ်​ဘော​တ်​သည် စစ်မှု​မ​ထမ်း​ခြင်း​ကြောင့်​သတ္တုတွင်း​တွင် အလုပ်လုပ်​ရန် အ​ပို့​ခံ​ခဲ့​ရ

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

အော့ဇ်ဝစ်​သို့ ညီအစ်ကို​များ အ​ပို့​ခံရ​ပြီး သေဆုံး​သွားခဲ့သော်​လည်း​ဗီ​စ​ဝါ​မြို့တွင် လုပ်ငန်းတော် တိုးတက်​မြဲ​တိုးတက်​နေ

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ပါ​ဗဲလ် ပီလ်ခ်​နှင့် ယာ​န် ပို​လာ​ခ်​တို့သည် လော့​ဒ်ဇ်​မြို့ရှိ လူငယ်​အကျဉ်း​စခန်း​သို့ အ​ပို့​ခံ​ခဲ့​ရ

[Picture Credit Line on page 25]

Berries and flowers: © R.M. Kosinscy/www.kosinscy.pl