မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ထိုပြည်တွင် လျှောက်သွားလော့’

‘ထိုပြည်တွင် လျှောက်သွားလော့’

‘ထို​ပြည်​တွင် လျှောက်​သွားလော့’

“သင်​ထ၍ မြေ​ကို​အလျား​အားဖြင့်လည်း​ကောင်း၊ အနံ​အားဖြင့်လည်း​ကောင်း လျှောက်​သွားလော့။”—ကမ္ဘာဦး ၁၃:၁၇

၁။ ဘုရားသခင်​သည် အာဗြဟံ​အား အဘယ်​စိတ်ဝင်စားဖွယ် ညွှန်ကြားချက်​ကို ပေး​ခဲ့​သနည်း။

စ​နေ၊ တနင်္ဂနွေ​နေ့​များ​တွင် ကျေးလက်​သို့ ကား​ဖြင့်​လည်ပတ်​ရခြင်း​ကို နှစ်ခြိုက်​သလော။ လေ့ကျင့်ခန်း​လည်း​ဖြစ်၊ ရှုမျှော်ခင်း​များ​ကိုလည်း စိမ်ပြေ​န​ပြေ ရှုစား​နိုင်​ဖို့ စက်ဘီး​စီး​သွား​လို​သူများ​လည်း​ရှိသည်။ တချို့​ကျ​ပြန်​လျှင် အရပ်ဒေသ​တစ်ခု​နှင့်​လည်း အကျွမ်းဝင်၊ ဒေသ​၏​အရသာ​ကိုလည်း တစိမ့်စိမ့်​ခံစား​နိုင်​ဖို့ ခြေကျင်​ခရီး​ကို ရွေး​ကြ​၏။ ထိုသို့​သော​အပျော်ခရီး​စဉ်​များသည် အခိုက်အတန့်​သာ​ကြာ​လေ့​ရှိသည်။ သို့သော် အာဗြဟံ​အား ဘုရားသခင်​က “သင်​ထ၍ မြေ​ကို​အလျား​အားဖြင့်လည်း​ကောင်း၊ အနံ​အားဖြင့်လည်း​ကောင်း လျှောက်​သွားလော့။ သင့်​အား​ငါ​ပေး​မည်” ဟု​ပြော​သည့်​အခါ သူ​မည်သို့​ခံစားရ​မည်​ကို မြင်ယောင်​ကြည့်​ပါ!—ကမ္ဘာဦး ၁၃:၁၇

၂။ အာဗြဟံ​သည် အီဂျစ်​ပြည်​မှ အဘယ်​နေရာသို့ ထွက်သွား​ခဲ့​သနည်း။

ထိုစကား​၏ ရှေ့နောက်စကား​ကို သုံးသပ်ကြည့်​ပါ။ အာဗြဟံ​သည် သူ၏​ဇနီး​အပါအဝင် အခြားသူများ​နှင့်အတူ အီဂျစ်​ပြည်​တွင် ဧည့်သည်​အဖြစ်​နေထိုင်ခဲ့​သည်။ ထို့နောက် ကမ္ဘာဦးကျမ်း​အခန်းကြီး ၁၃ အရ သူတို့သည် အီဂျစ်​ပြည်​မှ ထွက်သွား​ကြ​ပြီး ခါ​နာ​န်​ပြည်​တောင်ပိုင်း ‘နေဂပ်​ပြည်’ သို့ သိုးအုပ်​များ​ကို ပြောင်းရွှေ့​သွား​ကြ​၏။ ၎င်းနောက် အာဗြဟံ​သည် “တောင်ပိုင်း​မှ ခရီး​သွား​၍ ဗေသလ​နယ်​အတွင်း ဗေသလ​မြို့” တွင် စခန်းချ​နေထိုင်ခဲ့​သည်။ သူ၏​နွား​ကျောင်းသား​များနှင့် တူ​ဖြစ်သူ လောတ​၏​နွား​ကျောင်းသား​များ ခိုက်ရန်​ဖြစ်ပွား​ခဲ့​ရာ သီးခြား​စားကျက်​မြေ ရှာ​ရန် လိုအပ်​လာသော​အခါ အာဗြဟံ​သည် လောတ​အား သဘောထားကြီး​စွာ ဦးဆုံး​ရွေးချယ်ခွင့်​ပေး​ခဲ့​သည်။ ထို​အခါ လောတ​သည် ‘ယေဟောဝါ​၏​ဥယျာဉ်တော်​နှင့်​တူသော’ စိမ်းလန်း​သည့် “ယော်ဒန်​ချိုင့်” ဝှမ်း​ကို​ရွေးချယ်​ခဲ့​ပြီး အတန်​ကြာသော် သောဒုံ​မြို့တွင် အခြေချ​ခဲ့​သည်။ ဘုရားသခင်​က အာဗြဟံ​အား “သင်​ရှိသော​အရပ်​က တောင်၊ မြောက်၊ အရှေ့၊ အနောက်​သို့​မျှော်ကြည့်​လော့” ဟု​မိန့်တော်မူ၏။ ဗေသလ​အနီး အမြင့်​ပိုင်း​ဒေသ​မှ အာဗြဟံ​သည် အခြား​နေရာများ​ကို မြင်နိုင်​ဖွယ်​ရှိ၏။ သို့​တိုင် ထို​ထက်မက သူ​လုပ်ဆောင်​ရဦး​မည်။ ဘုရားသခင်​က ထို​ပြည်​တွင် သူ့ကို “လျှောက်​သွား” စေပြီး ယင်း​၏​အနေအထား​နှင့် အရပ်ဒေသ​များ​ကို အကျွမ်းဝင်​စေ​လို​ခဲ့​သည်။

၃။ အာဗြဟံ​၏​ခရီးစဉ်​ကို မြင်ယောင်​ကြည့်​ဖို့ အဘယ်ကြောင့် ခက်ခဲ​နိုင်​သနည်း။

ဟေဗြုန်​မြို့​သို့ မရောက်မီ မည်မျှ​နှံ့​ခဲ့​ကြောင်း​မသိ​ရ​သော်လည်း ကျွန်ုပ်​တို့​အများစု​ထက် အာဗြဟံ​သည် ကတိထားရာပြည်​ကို အမှန်တကယ် သိကျွမ်း​ခဲ့​မည်။ ဤ​မှတ်တမ်း​တွင် ဖော်ပြ​ထား​သည့် နေဂပ်၊ ဗေသလ၊ ယော်ဒန်​ချိုင့်ဝှမ်း၊ သောဒုံ​နှင့် ဟေဗြုန်​အရပ်​တို့ကို စဉ်းစား​ကြည့်​ပါ။ ထို​အရပ်ဒေသ​များသည် အဘယ်​နေရာတွင် တည်ရှိ​ကြောင်း စိတ်ထဲ​တွင် ပုံဖော်​မရ ဖြစ်နေ​ပါသလော။ ယင်းသည် လူအများ​အတွက် ခက်ခဲ​ပေ​လိမ့်​မည်၊ အကြောင်း​မှာ ယေဟောဝါ​၏​လူ အနည်းငယ်​လောက်​သာ ကျမ်းစာ​တွင် ဖတ်ရှု​ရသည့် နယ်မြေ​ဒေသ​အလျား​အနံ​ကို လည်ပတ်​ရောက်ခဲ့ဖူး​ကြ​မည်။ သို့​တိုင်၊ ကျွန်ုပ်​တို့သည် ကျမ်းစာ​နေရာ​ဒေသ​များ​ကို အလွန်​စိတ်ဝင်စား​သင့်​သည့်​အကြောင်း​ရှိ၏။ အဘယ်ကြောင့်​နည်း။

၄၊ ၅။ (က) ကျမ်းစာ​နယ်မြေ​များနှင့်​ပတ်သက်​သည့် အသိပညာနှင့် နားလည်မှု​က သု. ၁၈:၁၅ နှင့်​မည်သို့​ဆက်စပ်​သနည်း။ (ခ) ဇေဖနိ​အခန်းကြီး ၂ က အဘယ်အရာကို ဖော်ပြ​သနည်း။

ဘုရားသခင့်​နှုတ်မြွက်​စကားတော်​က ဤသို့​ဆို​သည်– “အသိဉာဏ်​ရှိသောသူ​၏​စိတ်နှလုံး​သည် အသိပညာကို​သိုထား​တတ်၏။ ပညာရှိ​သော​သူ၏​နား​သည် အသိပညာကို​ရှာ​တတ်၏။” (သု. ၁၈:၁၅က​ဘ) ကျွန်ုပ်​တို့ အသိပညာ​ဆည်းပူး​နိုင်​စ​ရာ အကြောင်းအရာ​များစွာ​ရှိ၏၊ သို့​တိုင် ယေဟောဝါ​ဘုရားသခင်​နှင့် ကိုယ်တော်​၏​ပြုမူ​ဆက်ဆံမှု​များ​ဆိုင်ရာ တိကျ​မှန်ကန်သော​အသိပညာ​သည် အရေး​အကြီးဆုံး​ဖြစ်သည်။ ကျမ်းစာ​တွင် ကျွန်ုပ်​တို့​ဖတ်ရှု​ကြ​ရ​သမျှ​သည် တိကျ​မှန်ကန်သော​အသိပညာနှင့်​ဆိုင်​သည်။ (၂ တိမောသေ ၃:၁၆) သို့သော် နားလည်​သဘောပေါက်မှု ပါဝင်​ပတ်သက်​ကြောင်း သတိပြုပါ။ ယင်းသည် အကြောင်းအရာ​တစ်ခု​ကို သိမြင်နိုင်စွမ်း​ဖြစ်​ပြီး ထို​အကြောင်းအရာ​၏ အစိတ်အပိုင်း​များသည် တစ်ခုလုံး​နှင့် မည်သို့​ဆက်နွှယ်​ကြောင်းကို ပိုင်းခြား​သိမြင်၊ သဘောပေါက်ခြင်း​ဖြစ်သည်။ သမ္မာကျမ်းစာ​တွင် ဖော်ပြ​ထား​သည့် နေရာ​ဒေသ​များနှင့်​ပတ်သက်​၍ ထိုသို့​သဘောပေါက်ခြင်း​ဖြစ်သည်။ သာဓက​အနေ​ဖြင့် အီဂျစ်​ပြည် တည်ရှိရာ​နေရာကို ကျွန်ုပ်​တို့​အများစု သိ​ကြသည်၊ သို့သော် အာဗြဟံ​သည် အီဂျစ်​ပြည်​မှ ခါ​နာ​န်​တောင်ပိုင်း ‘နေဂပ်​သို့’ ထွက်သွား​ပြီး​နောက် ဗေသလ​သို့၊ ထို့နောက်​ဟေဗြုန်​သို့ ထွက်သွား​သည်​ဟူ​သည့်​အချက်​ကို ကျွန်ုပ်​တို့ အဘယ်​အထိ သဘောပေါက်​နားလည်​ကြ​သနည်း။ ထို​နေရာ​ဒေသ​များ​၏​ဆက်စပ်မှု​ကို သင်​သိ​နားလည်​ပါသလော။

သို့​မဟုတ် ကျမ်းစာ​ဖတ်ရှုခြင်း​အစီအစဉ်​တွင် ဇေဖနိ​အခန်းကြီး ၂ ကို သင်​ဖတ်ရှု​ခဲ့​ပြီး​ဖြစ်​ပေမည်။ ထို​တွင် ဂါ​ဇ​မြို့၊ အာရှကေလုန်​မြို့၊ အာဇုတ်​မြို့၊ ဧကြုန်​မြို့၊ သောဒုံ​မြို့၊ နိနေဝေ​မြို့​တို့​အပြင် ခါ​နာ​န်​ပြည်၊ မောဘ​ပြည်၊ အမ္မုန်​ပြည်၊ အာရှုရိပြည်​စ​သည့် မြို့​အမည်၊ လူ​အမည်​နှင့် တိုင်းပြည်​အမည်​တို့ကို ထို​အခန်းကြီး​တစ်ခန်း​တည်း​တွင် ဖတ်​ရ၏။ ဘုရားသခင်​၏​ပရောဖက်ပြုချက် ပြည့်စုံ​ရေး​တွင် ပါဝင်​ပတ်သက်​ခဲ့​သူတို့ နေထိုင်ခဲ့​သည့် ထို​နေရာများ​ကို သင်​မည်မျှ ကောင်းစွာ စွဲမှတ်​ထား​နိုင်​ခဲ့​သနည်း။

၆။ ခရစ်ယာန်​တချို့​သည် မြေပုံများ​ကို အဘယ်ကြောင့် တန်ဖိုး​ထား​တတ်လာ​ကြပြီ​နည်း။ (လေးထောင့်ကွက်​ရှု။)

ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို လေ့လာသူ​များစွာ​သည် ကျမ်းစာ​မြေပုံများ​ကို လေ့လာခြင်း​ဖြင့် အကျိုးများစွာ ခံစား​ခဲ့​ကြ​ရပြီ။ မြေပုံများ​ကို သူတို့​စိတ်ဝင်စား​ကြ​သည့်​အတွက်သာ​မဟုတ်ဘဲ မြေပုံ​ကို​အသုံးပြုခြင်း​အားဖြင့် ကျမ်းစာ​အသိပညာ တိုးပွား​စေနိုင်​ကြောင်း သူတို့​သိရှိ​ထား​ကြ​၍ ဤသို့​ပြုခြင်း​ဖြစ်သည်။ မြေပုံများ​သည် ၎င်းတို့၏​သိနားလည်မှုကို တိုးပွား​စေနိုင်​ပြီး သူတို့​သိရှိ​ထား​ရာ​များသည် အခြား​အချက်အလက်​များနှင့် မည်သို့​ဆက်စပ်​ကြောင်း သိမြင်​စေ​သည်။ နမူနာ​တချို့​ကို သုံးသပ်ကြ​စဉ် ယေဟောဝါ​အား လေးမြတ်မှု ပို​များ​လာပြီး သမ္မာကျမ်းစာ​မှတ်တမ်းများ​ကို ပိုမို ထိုးထွင်း​သိမြင်​လာ​ပေ​လိမ့်​မည်။—စာမျက်နှာ ၁၄ ပါ​လေးထောင့်ကွက်​ရှု။

အကွာအဝေး​ကို​သိထားခြင်းက ပိုမို​သဘောပေါက်​စေ

၇၊ ၈။ (က) ဂါ​ဇ​မြို့တွင် ရှံဆုန်​သည် အဘယ်​အံ့ဖွယ်​လုပ်ရပ်​ကို ပြုလုပ်​ခဲ့​သနည်း။ (ခ) ရှံဆုန်​၏​စွမ်းဆောင်မှု​ကို အဘယ်​အချက်အလက်​များ​က ပို​၍​ထူးခြား​စေနိုင်​သနည်း။ (ဂ) ရှံဆုန်​အကြောင်း ပိုမို​သိရှိနားလည်​ခြင်း​က ကျွန်ုပ်​တို့ကို မည်သို့​ထောက်ကူ​နိုင်​သနည်း။

တရားသူကြီး ၁၆:၂ တွင် ဂါ​ဇ​မြို့၌ ရှံဆုန်​ရောက်ရှိ​နေသည့်​အကြောင်း ဖတ်​ရ၏။ ယနေ့ခေတ် သတင်း​များ​တွင် ဂါ​ဇ [ဂါဇာ] အမည်​ကို မကြာခဏ ကြားနေ​ရသည့်​အတွက် မြေထဲပင်လယ်​ကမ်းရိုးတန်း​ဒေသ​အနီး ဖိလိတ္တိ​နယ်တွင် ရှံဆုန်​ရောက်ရှိ​နေကြောင်း သင်​သတိပြုမိ​မည်။ [၁၁] ယခု၊ တရားသူကြီး ၁၆:၃ ကို​သတိပြုပါ– “ရှံဆုန်​သည် သန်း​ခေါင်​တိုင်အောင်​အိပ်​ပြီး​မှ သန်း​ခေါင်​အချိန်၌​ထ၍ [ဂါ​ဇ] မြို့တံခါး​ရွက်​တို့ကို တံခါး​တိုင်၊ ကန့်​လန့်​ကျင်​နှင့်​တကွ​ယူ၍ ပခုံး​ပေါ်​တင်​လျက် ထမ်း​သွား​၍ ဟေဗြုန်​မြို့​ရှေ့ တောင်ပေါ်​၌ ပစ်ထား​လေ​၏။”

ရဲတိုက်​ဖြစ်သော ဂါ​ဇ​မြို့​၏​တံခါး​နှင့် တံခါး​တိုင်​များ​မှာ ကြီးမား​ပြီး လေးလံ​မည်​မှာ​သေချာ​သည်။ ၎င်းကို ထမ်း​သွားခြင်း​ကို စိတ်ကူး​ကြည့်​ပါ! ရှံဆုန် ထမ်း​သွားခဲ့သည်၊ သို့သော် အဘယ်​နေရာ​အထိ ထမ်း​သွား​သနည်း၊ အဘယ်​လမ်းခရီး​မျိုး​ပေါ် သွားခဲ့​ရသနည်း။ ဂါ​ဇ​မြို့​သည် ပင်လယ်ရေ​ပြင်​နှင့် တညီတည်း​ခန့်​ရှိသော​ကမ်းခြေ​မြို့​ဖြစ်သည်။ [၁၅] ဟေဗြုန်​မြို့မှာ​မူ ၎င်း​၏​အရှေ့ဘက်စူးစူး အမြင့်ပေ ၃,၀၀၀ တွင်​ရှိရာ တကယ့်​အတက်​ခရီး​ဖြစ်၏! “ဟေဗြုန်​မြို့​ရှေ့ တောင်” ၏​နေရာ​အတိအကျ​ကို ကျွန်ုပ်​တို့​မသိ​ရ​သော်လည်း ဂါ​ဇ​မြို့မှ ၃၇ မိုင်​ခန့်​ဝေးသည့်​အပြင် တောင်တက်​လည်း ဖြစ်၏! ဤ​အကွာအဝေး​ကို သိလိုက်​ကြ​ရာ ရှံဆုန်​၏​စွမ်းဆောင်မှု​ကို ပို​ထူးခြား​စေ​သည် မဟုတ်ပေ​လော။ ထိုသို့​သော​လုပ်ရပ်များ​ကို ရှံဆုန် အဘယ်ကြောင့်​လုပ်ဆောင်​နိုင်​ကြောင်းကို​လည်း သတိရပါ၊ ‘ထာဝရ​ဘုရားသခင်​၏​ဝိညာဉ်တော်သည် သူ့​အပေါ်မှာ​သက်ရောက်’ တော်​မူ​ခဲ့​၏။ (တရားသူကြီး ၁၄:၆၊ ၁၉; ၁၅:၁၄) ယနေ့ ခရစ်ယာန်​များ​အနေ​ဖြင့် ကျွန်ုပ်​တို့​အပေါ် ဘုရားသခင့်​ဝိညာဉ်​တော် သက်ရောက်​ပြီး ထူးထူးခြားခြား​စွမ်းဆောင်​နိုင်​ရန် မမျှော်လင့်​ကြ​ပါ။ သို့​တိုင် ထို​ထက်မြက်​သော ဝိညာဉ်တော်သည် နက်နဲ​သော​ဝိညာဉ်​ရေးရာ​အကြောင်း​များ​ကို ကျွန်ုပ်​တို့အား သိ​နားလည်​စေနိုင်​ပြီး ကျွန်ုပ်​တို့​အတွင်းလူ​ကို ခွန်အား​ရှိစေ​နိုင်၏။ (၁ ကောရိန္သု ၂:၁၀-၁၆; ၁၃:၈; ဧဖက် ၃:၁၆; ကောလောသဲ ၁:၉၊ ၁၀) မှန်ပါသည်၊ ရှံဆုန်​အကြောင်း သိ​နားလည်​ထားခြင်း​က ဘုရားသခင်​၏​ဝိညာဉ်တော်သည် ကျွန်ုပ်​တို့ကို ထောက်ကူ​ပေး​နိုင်​ကြောင်း အလေးအနက်​ပေါ်လွင်​စေ​သည်။

၉၊ ၁၀။ (က) မိဒျန်​လူမျိုးအပေါ် ဂိဒေါင်​အောင်ပွဲခံ​မှု​တွင် အဘယ်အရာ ပါဝင်​ပတ်သက်​သနည်း။ (ခ) ဤ​တွင် ပထဝီဝင်​အနေအထား​ကို သိထားခြင်းက ယင်း​မှတ်တမ်း​ကို မည်သို့ အဓိပ္ပာယ်​ပို​ရှိစေ​သနည်း။

မိဒျန်​လူမျိုးအပေါ် ဂိဒေါင်​အောင်ပွဲခံ​ခဲ့​ခြင်း​အကြောင်း​က​လည်း အလှမ်းဝေး​ခြင်း​ကိစ္စ​ကို မှတ်သား​စေ​သည်။ တရားသူကြီး ဂိဒေါင်​နှင့် သူ၏​လက်ရွေးစင်​လူ ၃၀၀ တို့သည် မော​ရေ​တောင်​အနီး ယေဇရေလ​ချိုင့်​တွင် တပ်​ချ​သည့် ဝင်ရောက်​ကျူးကျော်သူ မိဒျန်​လူမျိုး၊ အာမလက်​လူမျိုး​နှင့် အခြား​လူမျိုး စုစုပေါင်း ၁၃၅,၀၀၀ အဖွဲ့ကို ချေမှုန်း​ခဲ့​ကြောင်း ကျမ်းစာ​ဖတ်ဖူး​သူ​အများ သိ​ကြသည်။ [၁၈] ဂိဒေါင်​၏​လူတို့သည် တံပိုးမှုတ်​၍ အိုး​တို့ကို​ခွဲ​လိုက်​ရာ မီးခွက်​တို့ကို ကိုင်​မြှောက်​လျက် ‘ယေဟောဝါ​နှင့် ဂိဒေါင်​၏​ဓား!’ ဟူ၍ ကြွေးကြော်​ကြ​လေ​သည်။ ယင်းက ရန်သူများ​ကို ရှုပ်ထွေး​ကြောက်လန့်​သွား​စေ​သဖြင့် သူတို့​အချင်းချင်း​တိုက်ခိုက်​ကြ​လေ​၏။ (တရားသူကြီး ၆:၃၃; ၇:၁-၂၂) ထို​ဖြစ်ရပ်​တစ်ခုလုံး​သည် ည​တွင်း​ချင်း အဖြစ်အပျက်​လော။ တရားသူကြီး​အခန်းကြီး ၇ နှင့် ၈ ကို​ဆက်​ဖတ်​ကြည့်​ပါ။ ဂိဒေါင်​သည် ဆက်လက်​တိုက်ပွဲ​ဆင်​ခဲ့​ကြောင်း တွေ့ရှိ​ရ​ပါ​လိမ့်​မည်။ အမည်ဖော်​ပြ​ထား​သည့် နေရာများ​စွာ​အနက် တချို့​ကို ယနေ့ လူ​တို့​သိ​ကြ​သည့်​နေရာများ​နှင့် ဆက်စပ်​သတ်မှတ်​မပေးနိုင်​သဖြင့် ကျမ်းစာ​မြေပုံများ​တွင် ထို​နေရာ​ဒေသ​များ​ကို တွေ့ရ​မည် မဟုတ်​ချေ။ သို့​တိုင် ဂိဒေါင်​ပြုလုပ်​ခဲ့​ရာ​များ​ကို ကျွန်ုပ်​တို့​သိရှိ​နိုင်​ရန် နေရာ​အလုံအလောက် ဖော်ပြ​ထား​သည်။

၁၀ ဂိဒေါင်​သည် ထို​တပ်​ပေါင်းစု​မှ ကြွင်းကျန်​သူတို့ကို ဗက်-ရှိတ္တ​မြို့​တိုင်အောင်၊ ထို့နောက် ယော်ဒန်​မြစ်​နား​ရှိ အာဗေလ-မ​ဟော​လ​မြို့​တိုင်အောင် တောင်ဘက်​ပိုင်း​သို့ လိုက်လံ​တိုက်ခိုက်​ခဲ့​သည်။ (တရားသူကြီး ၇:၂၂-၂၅) မှတ်တမ်းက ဤသို့​ဆို​သည်– “ဂိဒေါင်​သည် ယော်ဒန်​မြစ်​သို့​ရောက်​သောအခါ၊ သူ၌​ရှိသောသူ​သုံး​ရာ​တို့သည် ပင်ပန်း​လျက်​နှင့် ကူး​၍​လိုက်​ကြ​၏။” ကူး​ပြီး​သည်​နှင့် ဣသရေလ​လူမျိုး​သည် တောင်ဘက်​စူးစူး ယဗ္ဗုတ်​ချောင်း​အနီး သုကုတ်​မြို့​နှင့် ပေနွေလ​မြို့​အထိ ရန်သူများ​ကို လိုက်လံ​တိုက်ခိုက်​ကြ​ပြီး​နောက် (ခေတ်​သစ် ဂျော်ဒန်​နိုင်ငံ၊ အာမမ်​မြို့အနီး) တောင်တန်း​ဒေသ​ရှိ ယုဗ္ဗေဟ​မြို့​အထိ လိုက်​တိုက်​ခဲ့​ကြသည်။ ယင်းကြောင့် မိုင် ၅၀ ခန့်​လိုက်လံ​တိုက်ခိုက်​ခဲ့​လေ​သည်။ ဂိဒေါင်​သည် မိဒျန်​မင်းကြီး​နှစ်ပါး​ကို ဖမ်းဆီး​သတ်ဖြတ်​ခဲ့​ပြီး တိုက်ပွဲ​စတင်​ခဲ့​သည့် သူ​နေထိုင်ရာ ဩဖ​ရ​မြို့အနီး​သို့ ပြန်ရောက်​လာ​၏။ (တရားသူကြီး ၈:၄-၁၂၊ ၂၁-၂၇) ရှင်း​နေသည်​မှာ ဂိဒေါင်​၏​အောင်ပွဲ​သည် မိနစ်​အနည်းငယ်​အတွင်း တံပိုးမှုတ်​၍ မီးခွက်​များ​ကို ကိုင်​မြောက်​ကာ ကြွေးကြော်​ခြင်း​ထက်မက ကြာ​သည်။ ထို့​အပြင် ယုံကြည်ခြင်း​ရှိ​သူများ​အကြောင်း ဖော်ပြ​ပုံ​သည် မည်မျှ​လေးနက်​လာ​စေ​သည်ကို သတိပြုပါ– “ဂိဒေါင် [နှင့် အခြားသူ​တို့] . . . အကြောင်း​များ​ကို ပြော​၍​မကုန်နိုင်။ ထို​သူတို့သည် . . . အားနည်းခြင်း​မှ အားကြီးခြင်း​သို့​ရောက် . . . ကြ​၏။” (ဟေဗြဲ ၁၁:၃၂-၃၄သမ္မာ) ခရစ်ယာန်​များလည်း ယနေ့ ကာယရေး​အရ မောပန်း​ကြ​ပေမည်၊ သို့သော် ဘုရားသခင်​၏​အလိုတော်ကို ဆက်လက်​ထမ်းဆောင်​နေ​ရန် အရေး​မကြီး​ပေ​လော။—၂ ကောရိန္သု ၄:၁၊ ၁၆; ဂလာတိ ၆:၉က​ဘ။

လူ​တို့ မည်သို့​ယူဆ​ပြီး  တုံ့ပြန်​ကြ​သနည်း

၁၁။ ကာဒေရှ​သို့ ဣသရေလ​လူမျိုး မရောက်မီ​နှင့် ရောက်ရှိ​ပြီး​နောက် အဘယ်​ခရီး​ကို နှင်ခဲ့​သနည်း။

၁၁ လူတချို့​သည် နေရာများ​ကို​ရှာတွေ့​ရန် ကျမ်းစာ​မြေပုံများ​ကို အသုံးပြု​ကြ​ပေမည်၊ သို့သော် မြေပုံများ​အားဖြင့် လူတို့၏​အတွေးအခေါ်ကို ထိုးထွင်း​သိမြင်​နိုင်​မည် ထင်​သလော။ ဥပမာ၊ သိနာ​တောင်​မှ ကတိထားရာ​ပြည်တော်​သို့ သွားခဲ့​ကြ​သည့် ဣသရေလ​လူမျိုး​ကို​ကြည့်​ပါ။ ခရီး​တစ်လျှောက် စခန်း​များ​ချ​ခဲ့​ကြ​ပြီး နောက်ဆုံး​တွင် ကာဒေရှ (သို့​မဟုတ်၊ ကာဒေရှ​ဗာနာ) သို့ ရောက်​ကြ​လေ​သည်။ [၉] ယင်းသည် မိုင် ၁၇၀ ခန့်​ဝေး​သော ၁၁ ရက်​ခရီး​ကွာ​သည်​ဟု တရားဟောရာ ၁:၂ က ဖော်ပြ​၏။ မောရှေ​သည် ထို​နေရာ​မှ ကတိထားရာ​ပြည်တော်​သို့ သူလျှို ၁၂ ဦး​ကို စေလွှတ်ခဲ့​သည်။ (တောလည်ရာ ၁၀:၁၂၊ ၃၃; ၁၁:၃၄၊ ၃၅; ၁၂:၁၆; ၁၃:၁-၃၊ ၂၅၊ ၂၆) သူလျှို​များသည် နေဂပ်​အရပ်​ကို ဖြတ်သန်း​ပြီး ဗေရရှေဗ၊ ဟေဗြုန်​မြို့များ​ကို​ကျော်​၍ ကတိထားရာပြည်​၏ မြောက်ပိုင်း​နယ်နိမိတ်​များ​တိုင် ရောက်​ခဲ့​ကြ​မည်။ (တောလည်ရာ ၁၃:၂၁-၂၄) သူလျှို​ဆယ်ဦး​၏ သတင်းဆိုး​ကို လက်ခံ​ယုံကြည်ခဲ့​ကြ​သဖြင့် ဣသရေလ​လူမျိုး​သည် တောကန္တာရ​တွင် အနှစ် ၄၀ လှည့်လည်​သွားလာ​ခဲ့​ကြ​ရ၏။ (တောလည်ရာ ၁၄:၁-၃၄) ယင်းက သူတို့၏​ယုံကြည်ခြင်း​အကြောင်း၊ ယေဟောဝါ​အား တလိုတလား​ကိုးစားမှု​အကြောင်း အဘယ်အရာ ဖော်ပြ​သနည်း။—တရားဟောရာ ၁:၁၉-၃၃; ဆာလံ ၇၈:၂၂၊ ၃၂-၄၃; ယုဒ ၅

၁၂။ ဣသရေလ​လူမျိုး၏ ယုံကြည်ခြင်း​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့ အဘယ်​ကောက်ချက်​ချ​နိုင်​သနည်း၊ ကျွန်ုပ်​တို့အတွက် အဘယ်ကြောင့် စဉ်းစားစရာ​ဖြစ်သနည်း။

၁၂ ပထဝီဝင်​ရှုထောင့်​မှ ယင်းကို စဉ်းစား​ကြည့်​ပါ။ ဣသရေလ​လူမျိုး​သည် ယောရှု​နှင့် ကာလက်​တို့၏ အကြံပေး​ချက်​ကို ယုံကြည်​လက်ခံ​ပြီး ထို​အတိုင်း လုပ်ဆောင်ခဲ့​ကြ​မည်​ဆိုလျှင် ကတိထားရာ​ပြည်တော်​သို့ ရောက်သွား​ရန် ဝေးဝေး​သွား​ကြ​ရမည်​လော။ ကာဒေရှ​သည် ဣဇာက်​နှင့် ရေဗက္က​တို့ အခြေချ​နေထိုင်ခဲ့​သည့် ဗေ​ရ​လဟဲ​ရော​မှ ဆယ်​မိုင်​ခန့်​သာ​ဝေး​သည်။ [gl ] ယင်းသည် ကတိထားရာပြည်​၏ တောင်ဘက်​စွန်းပိုင်း​ရှိ ဗေရရှေဗ​မှ မိုင် ၆၀ ပင်မ​ရှိ​ချေ။ (ကမ္ဘာဦး ၂၄:၆၂; ၂၅:၁၁; ၂ ဓမ္မ​ရာဇဝင် ၃:၁၀) အီဂျစ်​ပြည်​မှ သိနာ​တောင်​သို့၊ ထို​မှ​တစ်ဖန် ကာဒေရှ​သို့ မိုင် ၁၇၀ ခရီးနှင်​ခဲ့​ကြ​ရာ ကတိထားရာပြည်​၏ တံခါးဝ​တွင် ရောက်ရှိ​နေကြ​သည့်​အလား​ပင်။ ကျွန်ုပ်​တို့​အနေ​နှင့် ကတိထားရာ မြေကြီး​ပရဒိသု​တံခါးဝ​တွင် ရောက်ရှိ​နေကြ၏။ ကျွန်ုပ်​တို့ အဘယ်​သင်ခန်းစာ​ရရှိကြ​သနည်း။ တမန်​တော်​ပေါလု​က ဣသရေလ​လူမျိုး၏​အခြေအနေ​နှင့်​ဆက်စပ်​၍ ဤသို့​ဆုံးမ​ခဲ့​သည်– “ထို​ကြောင့်၊ ဣသရေလလူ​တို့သည် မယုံကြည်​သော​စိတ်​ရှိသဖြင့် လဲ​သကဲ့သို့ ငါ​တို့သည်​မလဲ၊ ထို​ချမ်းသာ​ထဲ​သို့​ဝင်​ရမည်​အကြောင်း ကြိုးစား​အားထုတ်​ကြ​ကုန်​အံ့။”—ဟေဗြဲ ၃:၁၆–၄:၁၁

၁၃၊ ၁၄။ (က) ဂိဗောင်​မြို့သား​တို့သည် အဘယ်​အခြေအနေ​မျိုး​တွင် ယတိပြတ်​ဆုံးဖြတ် ပြုလုပ်​ခဲ့​ကြ​သနည်း။ (ခ) ဂိဗောင်​မြို့သား​တို့၏​သဘောထားကို အဘယ်အရာက ဖော်ပြ​သနည်း၊ ယင်း​မှ ကျွန်ုပ်​တို့ အဘယ်​သင်ခန်းစာ ရယူ​သင့်​သနည်း။

၁၃ ဂိဗောင်​မြို့သား​များနှင့်​ပတ်သက်​သည့် ကျမ်းစာ​မှတ်တမ်း​မှ ထူးခြားသော​သဘောထား​ဖြစ်သည့် ကိုယ်တော့်​အလိုတော်​ဆောင်ရန် ဘုရားသခင်​အား ကိုးစားခြင်း​သဘော ပေါ်လွင်​ထင်ရှား​သည်။ ယောရှု​သည် ဣသရေလ​လူမျိုး​ကို​ဦးဆောင်​၍ အာဗြဟံ​၏​မိသားစု​အား ဘုရားသခင်​ကတိ​ထား​တော်​မူ​သည့် ပြည်တော်​ထဲ​ဝင်ရန် ယော်ဒန်​မြစ်ကို ဖြတ်ကူး​ပြီး​နောက်​တွင် ခါ​နာ​န်​လူမျိုးများ​ကို နှင်ထုတ်​ရန်​အချိန်တိုင်​လေ​သည်။ (တရားဟောရာ ၇:၁-၃) ထို​တွင် ဂိဗောင်​မြို့သား​များလည်း ပါဝင်​၏။ ဣသရေလ​လူမျိုး​သည် ယေရိခေါမြို့​နှင့် အာဣ​မြို့​တို့ကို အနိုင်​ရပြီး ဂိလဂါလ​မြို့ အနီးတစ်ဝိုက်​တွင် အခြေချ​နေကြ​သည်။ ဂိဗောင်​မြို့သား​တို့သည် ကျိန်ခြင်း​ခံရ​သော ခါ​နာ​န်​လူမျိုး​ကဲ့သို့ အသတ်​မခံလို​ကြ​ရာ ဂိလဂါလ​မြို့ရှိ ယောရှု​ထံ ကိုယ်စားလှယ်​များ လွှတ်လိုက်​ကြ​၏။ ဤသူတို့​က ဟေဗြဲ​လူမျိုး​နှင့် မိတ်သဟာယ​ဖွဲ့​ရန် ခါ​နာ​န်​ပြည် ပြင်ပ​မှ ရောက်လာ​သ​ယောင် ပရိယာယ်​ဆင် ပြုလုပ်​ခဲ့​ကြသည်။

၁၄ ထို​ကိုယ်စားလှယ်​များ​က ဤသို့​ပြောဆို​ခဲ့​ကြသည်– “ကိုယ်တော်​၏ ဘုရားသခင် ထာဝရ​ဘုရား​၏​နာမတော်​ကြောင့် ကိုယ်တော်​ကျွန်​တို့သည် အလွန်​ဝေး​သော​ပြည်​က လာ​ပါ​ပြီ။” (ယောရှု ၉:၃-၉) သူတို့၏​အဝတ်အစား​နှင့် စား​နပ်​ရိက္ခာ​များ​က ဝေးလံ​သော​အရပ်မှ ရောက်လာ​ပုံ​ပေါက်​သော်လည်း အမှန်​မှာ ဂိဗောင်​မြို့​သည် ဂိလဂါလ​မြို့မှ မိုင် ၂၀ ခန့်​သာ​ဝေး​ပါ​သည်။ [gl ၁၉] ယောရှု​နှင့် သူ၏​အကဲအမှူး​များသည် ဂိဗောင်​မြို့​နှင့်​ရော ဂိဗောင်​မြို့အနီး​အနား​မြို့များနှင့်​ပါ မဟာမိတ်ဖွဲ့​လိုက်​သည်​အထိ သူတို့ကို လက်ခံ​ယုံကြည်ခဲ့​ကြသည်။ ဂိဗောင်​မြို့သား​များသည် ဖျက်ဆီး​စီရင်​မခံရ​ရုံ​သက်​သက် ပရိယာယ်​ဆင်​ခဲ့​ကြ​ခြင်း​လော။ ထိုသို့​မဟုတ်ဘဲ ဣသရေလ​ဘုရားသခင်​၏ မျက်နှာသာ​ရလိုသည့်​ဆန္ဒ​ကို သူတို့​တင်ပြ​ခဲ့​ကြသည်။ ထို​အခါ ဂိဗောင်​မြို့သား​တို့သည် “ထာဝရ​ဘုရား ရွေးကောက်​တော်​မူ​သော​အရပ်၌​တည်​သော ယဇ်​ပလ္လင်တော်​အဖို့​နှင့် ပရိသတ်​တော်​အဖို့ . . . ထင်း​ခုတ်​၍ ရေခပ်” သူများ​ဖြစ်လာ​ခွင့်​ကို​ပေး​ရန် ယေဟောဝါ နှစ်သက်​လက်ခံခဲ့သည်။ (ယောရှု ၉:၁၁-၂၇) ဂိဗောင်​မြို့သား တို့သည် ယေဟောဝါ​၏​လုပ်ငန်းတော်တွင် နိမ့်ကျ​သည့်​တာဝန်​များ​ကို ထမ်းဆောင်​လို​စိတ် ဆက်​ပြ​ခဲ့​ကြသည်။ ဗာဗုလုန်​မှ ပြန်လာ​ပြီး ပြန်လည်​တည်ဆောက်​ထားသော ဗိမာန်တော်တွင် အမှုထမ်း​သူ ဘုရားသခင်​၏​ကျွန်​တို့​တွင် သူတို့​မှ​အချို့ ပါဝင်​မည်​ဖြစ်သည်။ (ဧဇရ ၂:၁၊ ၂၊ ၄၃-၅၄; ၈:၂၀) ကျွန်ုပ်​တို့သည် ဘုရားသခင်​နှင့်​မိတ်သဟာယ ဆက်​ဖွဲ့​ရန် ကြိုးစား​ပြီး ကိုယ်တော့်​လုပ်ငန်းတော်တွင် နိမ့်ကျ​သည့် အလုပ်​တာဝန်​များ​ကို​ပင် စေတနာ​စိတ်​နှင့် လုပ်ကိုင်​ခြင်း​အားဖြင့် သူတို့၏​သဘောထားကို တုပ​နိုင်​ကြသည်။

တကူးတက​ပြုလုပ်ခြင်း

၁၅။ ခရစ်ယာန်​ကျမ်းစောင်​များနှင့်​စပ်လျဉ်း၍ ပထဝီ​သည် အဘယ်ကြောင့် စိတ်ဝင်စားဖွယ်​ဖြစ်သနည်း။

၁၅ ယေရှု​နှင့် တမန်​တော်​ပေါလု​တို့၏ ခရီးစဉ်​နှင့် ခရစ်ယာန်​ဓမ္မ​အမှု​စ​သည့် ခရစ်ယာန်​ဂရိ​ကျမ်းစောင်​ပါ မှတ်တမ်းများတွင် ကျမ်းစာ​နယ်မြေ​ပထဝီ​အကြောင်း ပါဝင်​သည်။ (မာကု ၁:၃၈; ၇:၂၄၊ ၃၁; ၁၀:၁; လုကာ ၈:၁; ၁၃:၂၂; ၂ ကောရိန္သု ၁၁:၂၅၊ ၂၆) အောက်ပါ​မှတ်တမ်းများတွင် ဖော်ပြ​ထား​သည့် ခရီးစဉ်​များ​ကို စိတ်​တွင် ပုံဖော်​ကြည့်​ပါ။

၁၆။ ဗေရိ​မြို့ရှိ ခရစ်ယာန်​များသည် ပေါလု​ကို တန်ဖိုး​ထား​ကြောင်း မည်သို့​ဖော်ပြ​ခဲ့​ကြ​သနည်း။

၁၆ ပေါလု​၏​ဒုတိယ​ခရစ်ယာန်​သာသနာပြု​ခရီးစဉ် (မြေပုံ​ပေါ် ခရမ်းရောင်​မျဉ်း​ကြောင်း) တွင် ယခု ဂရိ​နိုင်ငံ​ရှိ ဖိလိပ္ပိ​မြို့​သို့ ရောက်​သည်။ [gl ၃၃] ထို​တွင် သူ​သက်သေခံ​ခဲ့​ပြီး ထောင်ကျ​ခဲ့​၏၊ ထောင်​မှ​လွတ်​လာပြီး​နောက် သက်သာလောနိတ်​မြို့​သို့ သူ​ဆက်သွား​ခဲ့​သည်။ (တမန်​တော် ၁၆:၆–၁၇:၁) ဂျူး​တို့သည် ဆူပူ​ထကြွ​ရန် လူများ​ကို လှုံ့ဆော်​ကြသောအခါ သက်သာလောနိတ်​ညီအစ်ကို​များ​က ပေါလု​အား မိုင် ၄၀ ခန့်​ဝေး​သော ဗေရိ​မြို့​သို့ ထွက်ခွာ​သွား​စေ​ကြသည်။ ဗေရိ​မြို့တွင်​လည်း ပေါလု အောင်မြင်စွာ ဓမ္မ​အမှုဆောင်​နိုင်​ခဲ့​၏၊ သို့သော် ဂျူး​တို့​ရောက်လာ​ကြ​ပြီး လူများ​ကို သွေးထိုး​လှုံ့ဆော်​ခဲ့​ကြ​၏။ ထို့​ကြောင့် “ညီအစ်ကို​တို့သည် ပေါလု​ကို ပင်လယ်​လမ်းဖြင့်​သွား​စေခြင်း​ငှာ ချက်ချင်း​လွှတ်လိုက်​ကြ” ပြီး “ပေါလု​ကို​ပို့​သော​သူတို့သည် အာသင်မြို့​တိုင်အောင်​ပို့ဆောင်” ကြ​လေ​သည်။ (တမန်​တော် ၁၇:၅-၁၅) ဘာသာဝင်​လူသစ်​အချို့​သည် အေဂျီယန်​ပင်လယ်​အထိ ၂၅ မိုင်​လမ်းလျှောက်​ပြီး မိုင် ၃၀၀ ခန့်​ရှိ ရေ​လမ်းခရီး​ကို သင်္ဘော​ခ​အကုန်ခံ​ကာ ပေါလု​ကို လိုက်​ပို့ပေး​လို​ကြ​ကြောင်း ထင်ရှား​သည်။ ထို​ခရီးစဉ်​သည် အန္တရာယ်​ရှိ​နိုင်​သော်လည်း ညီအစ်ကို​များသည် အန္တရာယ်များ​ကြား ဘုရားသခင်​၏ ဤ​နယ်လှည့်​ကိုယ်စားလှယ်​နှင့် အချိန်ကုန်​ခံ​လို​ခဲ့​ကြသည်။

၁၇။ မိ​လက်​မြို့​နှင့် ဧဖက်​မြို့​၏​အကွာအဝေး​ကို ကျွန်ုပ်​တို့ သိရှိနားလည်​သည့်​အခါ အဘယ်အရာကို ပိုမို​သဘောပေါက်​နိုင်​သနည်း။

၁၇ ပေါလု​၏​တတိယ​ခရီးစဉ် (မြေပုံ​ပေါ်​မှ အစိမ်းရောင်​မျဉ်း) တွင် သူသည် မိ​လက်​ဆိပ်ကမ်း​မြို့​သို့ ရောက်ရှိ​ခဲ့​သည်။ မိုင် ၃၀ ခန့်​ဝေး​သော ဧဖက်​အသင်းတော်​မှ အသက်ကြီးသူ​များ​ကို သူ​အခေါ်လွှတ်​လိုက်​သည်။ ထို​အကြီးအကဲ​များသည် ပေါလု​ထံ​သွား​ရန် သူတို့၏​လုပ်ငန်း​အားလုံး ပစ်ထား​ခဲ့​ကြသည်​ကို စဉ်းစား​ကြည့်​ပါ။ လမ်းလျှောက်သွား​ကြ​ရင်း ပေါလု​နှင့်​တွေ့ဆုံ​ရမည့်​အကြောင်း ဝမ်းသာ​အားရ ပြောဆို​နေကြ​ပေမည်။ တွေ့ဆုံ​ခဲ့​ကြ​သည့်​အခါ ပေါလု​သည် သူတို့နှင့်​အတူ​ဆုတောင်း​ပြီး​နောက် “ထို​သူအပေါင်း​တို့သည် အလွန်​ငိုကြွေး​၍၊ ပေါလု​၏​လည်ပင်း​ကို ဖက်ယမ်း​လျက် သူ့ကို​နမ်း​ကြ​၏။” ထို့နောက် ယေရုရှလင်​မြို့​သို့ ခရီးဆက်​ရန် “ပေါလု​ကို သင်္ဘော​ပေါ် ပို့လိုက်​ကြ​၏။” (တမန်​တော် ၂၀:၁၄-၃၈) ဧဖက်​မြို့​သို့ အပြန်ခရီး​တွင် သူတို့ စဉ်းစား​တွေးတော ပြောဆို​စ​ရာ များစွာ​ရှိကြ​ပေမည်။ သူတို့ကို အားပေး​တည်ဆောက်​နိုင်​သည့် နယ်လှည့်​အမှုဆောင်​တစ်ဦး​နှင့်​တွေ့ဆုံ​ရန် ခရီး​ဝေး​လျှောက်လာ​ကြ​ခြင်း​ဖြင့် သူတို့​ပြသ​ခဲ့​သည့် လေးမြတ်မှု​က သင့်အတွက် စွဲမှတ်စရာ မဖြစ်​ပေ​လော။ ဤ​အဖြစ်အပျက်​မှ သင့်​အသက်တာ​နှင့် သင့်​အတွေးအခေါ်​တွင် လက်တွေ့​ကျင့်သုံး​နိုင်​စ​ရာ​တစ်ခုခု တွေ့မြင်​ပါသလော။

ထို​ပြည်တော်​အကြောင်း​နှင့် ရှေ့​အလားအလာ​အကြောင်း သင်ယူ​လော့

၁၈။ ကျမ်းစာ​နေရာ​ဒေသ​များနှင့်​ပတ်သက်​၍ အဘယ်အရာ​လုပ်ဆောင်ရန် ကျွန်ုပ်​တို့​စိတ်ပိုင်းဖြတ်​နိုင်​သနည်း။

၁၈ ကျမ်းစာ​မှတ်တမ်းများ​စွာ​တွင် အချက်အချာ​ဖြစ်သော ဣသရေလ​လူမျိုး​အား ဘုရားသခင်​ပေး​ခဲ့​သော​ပြည်​နှင့် အကျွမ်းတဝင်​ရှိ​ခြင်း​၏​အကျိုးကို အထက်ပါ​ဥပမာ​များ​က ဖော်ပြ​သည်။ (ထို့​အပြင် ကျမ်းစာ​မှတ်တမ်းများတွင် ဖော်ပြ​ထားသော ပြည်တော်​၏ ပတ်ဝန်းကျင်​နယ်မြေ​များ​ကိုလည်း တိုး၍​သိမြင်​ထား​သင့်​သည်။) အထူးသဖြင့် ကတိထားရာ​ပြည်တော်​အကြောင်း ကျွန်ုပ်​တို့ ပိုမို​သိရှိ နားလည်​သဘောပေါက်ခြင်း​ဖြင့် “နို့​နှင့်​ပျားရည်​စီး​သော” ပြည်​ထဲ ဣသရေလ​လူမျိုး ဝင်ရောက်​နေထိုင်​နိုင်​ရန် အခြေခံ​လိုအပ်ချက်​တစ်ခု​ကို သတိပြု​နိုင်​သည်။ ယင်း​ကား ယေဟောဝါ​အား ကြောက်ရွံ့​ပြီး ကိုယ်တော့်​ပညတ်တော်​များ​ကို လိုက်လျှောက်ခြင်း​ဖြစ်သည်။—တရားဟောရာ ၆:၁၊ ၂; ၂၇:၃

၁၉။ အဘယ်​ပရဒိသု​နှစ်ခု​ကို ကျွန်ုပ်​တို့ အာရုံစိုက်​သင့်​သနည်း။

၁၉ အလားတူ ယနေ့လည်း ယေဟောဝါ​အား ကြောက်ရွံ့​ပြီး ကိုယ်တော့်​နည်းလမ်းတော်​များ​ကို ကျွန်ုပ်​တို့​ဆည်းကပ်​မှီဝဲ​ရန်လို​၏။ ထိုသို့​ပြုခြင်း​ဖြင့် ကမ္ဘာချီ​ခရစ်ယာန်​အသင်းတော်တွင် ယခု​တည်ရှိ​သော ဝိညာဉ်​ရေး​ပရဒိသု​ကို ကျွန်ုပ်​တို့ တိုး၍​အလှဆင်​ကြ​မည်။ ၎င်း​၏​အသွင်သဏ္ဌာန်​နှင့် ကောင်းချီး​များ​အကြောင်း ပိုမို​သိရှိနားလည်​လာ​ပါ​လိမ့်​မည်။ ကောင်းချီး​များစွာ ခံစားရ​ဦး​မည်​ဖြစ်​ကြောင်း​လည်း ကျွန်ုပ်​တို့​သိရှိ​ကြ​၏။ ယောရှု​သည် ဣသရေလ​လူမျိုး​ကို ယော်ဒန်​မြစ်​တစ်ဖက်၊ သီးပွင့်​၍ ကျေနပ်ဖွယ်​ကောင်းသော​ပြည်တော်​ထဲ ဦးဆောင်​ခေါ်သွား​ခဲ့​သည်။ ယခု ကျွန်ုပ်​တို့၏​ရှေ့တွင် ရှိနေ​သော ကောင်းမွန်သော​ပြည်​ဖြစ်သည့် မြေကြီး​ပရဒိသု​ကို စိတ်ချ​လက်ချ စောင့်မျှော်​နေနိုင်​စ​ရာ အကြောင်း​ရှိ၏။

သင်​မှတ်မိ​သလော

ကျမ်းစာ​နယ်မြေ​များ​အကြောင်း အဘယ်ကြောင့် တိုး​သိ​နားလည်​လို​စိတ်​ရှိ​သင့်​သနည်း။

ဤ​ဆောင်းပါး​တွင် သုံးသပ်​ခဲ့​သော အဘယ်​ပထဝီဝင် အချက် အ​လက်​က သင့်​အသိဉာဏ်​ကို အထူးသဖြင့် ပွင့်လင်း​စေ သနည်း။

ဖြစ်ရပ်​တချို့​နှင့်​ပတ်သက်​သည့် ပထဝီဝင်​အနေအထား အကြောင်း သင်​ပို​၍​သိရှိ​လာ​သည်​နှင့်​အမျှ အဘယ်​သင်ခန်းစာ ရရှိ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

“ကောင်းမွန်သော​ပြည်​ကို ကြည့်​လော့”

၂၀၀၃ နှင့် ၂၀၀၄ ခုနှစ်​များ​အတွင်း ကျင်းပ​ခဲ့​သော ခရိုင်​စည်းဝေးကြီး​များ​တွင် ယေဟောဝါသက်သေ​များသည် “ကောင်းမွန်သော​ပြည်​ကို ကြည့်​လော့” ဘရိုရှာ​ကို လက်ခံ​ရရှိခဲ့​ရာ အလွန်​ဝမ်းသာ​ကြသည်။ ဘာသာ​စကား ၈၀ ခန့် ဖြင့်​ထုတ်ဝေ​သည့် ဤ​ဘရိုရှာ​အသစ်​တွင် ကျမ်းစာ​ခေတ်​က နယ်မြေ​ဒေသ​များ၊ အထူးသဖြင့် အချိန်ကာလ​အသီးသီး​ရှိ ကတိထားရာပြည်​ကို ဖော်ပြ​သည့် ရောင်စုံ​မြေပုံများ​နှင့် ဇယား​များ​ပါရှိ​သည်။

ပူးတွဲ​ပါ ဆောင်းပါး​သည် [gl ၁၅] စ​သည်​ဖြင့် စာလုံး​မည်း​ဖြင့် ဖော်ပြ​ထားသော စာမျက်နှာ​များ​ဖြင့် သက်ဆိုင်ရာ​မြေပုံများ​ကို ညွှန်း​ထား​သည်။ သင့်​မှာ ဤ​ဘရိုရှာ​အသစ်​ရှိ​မည်​ဆိုလျှင် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို သင်​တိုး​သိ​နားလည်​လာ​စေရန် ၎င်း​၏​အထူး​အသွင်သဏ္ဌာန်​များ​ကို အချိန်​ယူ​လေ့လာ​ပါ။

(၁) မြေပုံ​အများ​ပေါ်​တွင် အထူး​သင်္ကေတ​များ သို့​မဟုတ် အမှတ်အသား​များ​ကို ဖော်ပြ​သည့် ပုံစာ သို့​မဟုတ် လေးထောင့်ကွက်​တစ်ခု ပါရှိ​သည်။ [gl ၁၈] (၂) မြေပုံ​အများစု​တွင် အရွယ်အစား သို့​မဟုတ် အကွာအဝေး​ကို သိ​နားလည်​ရန် မိုင်​နှင့် ကီလိုမီတာ​စကေး​များ​ပါရှိ​သည် [gl ၂၆]။ (၃) အရပ်မျက်နှာ​ကို​သိရှိ​ရန် များသောအားဖြင့် မြောက်ဘက်​သို့ မြား​ပြ​ထား​သည် [gl ၁၉]။ (၄) အမြင့်ပေ​အသီးသီး​ကို ဖော်ပြ​ရန် မြေပုံများ​ကို ရောင်စုံ​ဖြင့် ဖော်ပြ​ထား​သည် [gl ၁၂]။ (၅) မြေပုံ​၏​ဘေး​ပတ်လည်​တွင် အက္ခရာ​များ/နံပါတ်​များ​ပါရှိ​သော သင်​အသုံးပြုနိုင်​သည့် စတုရန်း​ကွက်​တစ်ခု​ပါ​ရှိ၍ ၎င်း​ဖြင့် မြို့များ သို့​မဟုတ် အမည်များ​ကို သင်​ရှာဖွေ​နိုင်​မည် [gl ၂၃]။ (၆) စာမျက်နှာ​နှစ်​မျက်နှာ​ပါ နေရာ​အမည်များ​အညွှန်း [gl ၃၄-၅] ပေါ်​တွင် စာလုံး​မည်း​ဖြင့် စာမျက်နှာ၊ ထို့နောက် င​၂ စ​သည့် ဂရစ်ကွက်​များ​ဖြင့် ဖော်ပြ​ထား​သည်ကို တွေ့ရ​မည်။ ဤ​ကဏ္ဍ​များ​ကို အကြိမ်ကြိမ်​အသုံးပြုပြီး​နောက် သင့် သမ္မာကျမ်းစာ အသိပညာနှင့် သိနားလည်မှုကို တိုးပွား​စေသည့် အရေးကြီး​သော့ချက်​တစ်ခု​ဖြစ်သည်​ကို တအံ့တသြ​ဖြစ်​မိ​ပေမည်။

[စာမျက်နှာ ၁၆ ပါ ဇယား/ ရုပ်ပုံ]

သဘာဝ​အပိုင်းအခြား​ကြီး​များ​ပြ ကားချပ်

(ကား​ချက်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

က။ ပင်လယ်​ကြီး ကမ်းရိုးတန်း

ခ။ ယော်ဒန်​အနောက်ပိုင်း မြေပြန့်​လွင်ပြင်

၁။ အာရှာ မြေပြန့်​လွင်ပြင်

၂။ ဒေါ​ရ ကမ်းမြှောင်​ဒေသ

၃။ ရှာရုန် စားကျက်​မြေများ

၄။ ဖိလိတ္တိ မြေပြန့်​လွင်ပြင်

၅။ အလယ်ပိုင်း အရှေ့-အနောက်​ချိုင့်ဝှမ်း

က။ မေဂိဒ္ဒေါ မြေပြန့်​လွင်ပြင်

ခ။ ယေဇရေလ မြေပြန့်​လွင်ပြင်

ဂ။ ယော်ဒန်​အနောက်ပိုင်း တောင်တန်း​များ

၁။ ဂါလိလဲ တောင်ကုန်း​များ

၂။ ကရမေလ တောင်ကုန်း​များ

၃။ ရှမာရိ တောင်ကုန်း​များ

၄။ ရှ​ဖေ​လာ (တောင်ကုန်း​နိမ့်​များ)

၅။ ယုဒ တောင်ကုန်း​ဒေသ

၆။ ယုဒ တောကန္တာရ

၇။ နေဂပ်​ပြည်

၈။ ပါ​ရန် တောကန္တာရ

အရာဗာ (မြေလွှာ​ကျွံ​ချိုင့်ဝှမ်း)

၁။ ဟူး​လား ချိုင့်ဝှမ်း

၂။ ဂါလိလဲ​အိုင် ဝန်းကျင်​ဒေသ

၃။ ယော်ဒန်​မြစ်ဝှမ်း

၄။ ရေ​ငန်​အိုင် (ပင်လယ်သေ)

၅။ အရာဗာ (ရေ​ငန်​အိုင် တောင်ပိုင်း)

င။ ယော်ဒန်​အရှေ့ပိုင်း တောင်တန်း​များ/ကုန်းပြင်မြင့်​များ

၁။ ဗာရှန်​ပြည်

၂။ ဂိလဒ်​ပြည်

၃။ အမ္မုန်​နှင့် မောဘ​ပြည်

၄။ ဧဒုံ တောင်​ကုန်းပြင်မြင့်

စ။ လေဗနုန်​တောင်တန်း​များ

[မြေပုံ]

ဟေရမုန်​တောင်

ယေရုရှလင်

ဗေရရှေဘ

မော​ရေ​တောင်

အာဗေလ-မ​ဟော​ရ

ဗေသလ

ဂိဗောင်

ဂါ​ဇ

သုကုတ်

ဂိလဂါလ

ဟေဗြုန်

သောဒုံ?

ကေ​ဒ​ရှ

ယုဗ္ဗေဟ

[စာမျက်နှာ ၁၅ ပါ မြေပုံ/ ရုပ်ပုံ]

(ကား​ချက်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

မေဂိဒ္ဒေါ

ဒေါသန်

ရှေခင်

ခါ​နာ​န်

ဗေသလ (လု​ဇ)

ယေရုရှလင် (ရှာ​လင်)

ဗက်လင် (ဧဖရတ်)

မံ​ရေ

ဂေ​ရာ

ရ​ဟော​ဘုတ်?

ဂိလဒ်

အာဣ

ဟေဗြုန် (မပ္ပေလ)

ဗေရရှေဗ

သောဒုံ?

နေဂပ်

[တောင်]

မောရိ

[ရေ​အစုအဝေး]

ရေ​ငန် အိုင်

[မြစ်]

ယော်ဒန်

[ရုပ်ပုံ]

အာဗြဟံ​သည် ပြည်တော်​တစ်ခွင်​လျှောက်​သွားခဲ့

[စာမျက်နှာ ၁၈ ပါ မြေပုံ]

(ကား​ချက်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

တ​ရော

သာ​မော​သရက်​ကျွန်း

နာ​ပေါလိ

ဖိလိပ္ပိ

အံဖိပေါလိ

သက်သာလောနိတ်

ဗေရိ

အာသင်

ကောရိန္သု

ဧဖက်

မိ​လက်

ရောဒုကျွန်း