မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပရဒိသု–သင့်အတွက်လော

ပရဒိသု–သင့်အတွက်လော

ပရဒိသု–သင့်အတွက်​လော

“ခရစ်တော်​၏​တပည့်ဖြစ်​သော​လူတစ်ယောက် . . . သည် ပရဒိသု​ဘုံ​သို့ ချီဆောင်ခြင်း​ကို​ခံရ . . . သည်​အကြောင်းကို​ငါ​သိ​၏။”—၂ ကောရိန္သု ၁၂:၂-၄

၁။ သမ္မာ​ကျမ်းစာ​ပါ အဘယ်​ကတိ​များ​ကို လူများစွာ နှစ်သက်​ကြ​သနည်း။

ပရဒိသု။ မြေကြီး​ပရဒိသု​ကို ဘုရားသခင်​ကတိ​ထား​တော်​မူ​ကြောင်း ပထမဦးဆုံး​အကြိမ် ကြား​ခဲ့​ဖူး​ချိန်​၌ သင်​မည်သို့​ခံစား​ခဲ့​ရသည်ကို မှတ်မိ​သေး​သလော။ ‘မျက်စိကန်း​သူများ မျက်စိ​ပြန်မြင်​လာ​ကြ​မည်၊ နားပင်း​သူများ နား​ကြား​ရမည်၊ တော​မှ စမ်းရေ​ထွက်​မည်’ အကြောင်း သင်​သိရှိ​ခဲ့​ချိန်​ကို ပြန်သတိရ​ပေမည်။ ထို့​ပြင် တောခွေး​သည် သိုးသငယ်​နှင့်အတူ​နေ​မည်၊ လူ​သူငယ်​သည် ကျားသစ်​နှင့်​ကစား​မည်​ဟူ​သည့် ပရောဖက်ပြုချက်​ကော အသို့နည်း။ မိမိ​ချစ်​မြတ်နိုး​ရသော သေလွန်သူ​များသည် ထို​ပရဒိသု​တွင် အမြဲ​နေထိုင်ရန် ထမြောက်​လာ​မည့်​အကြောင်း ဖတ်​ရသည့်​အခါ ပီတိ​မဖြစ်ခဲ့​ပေ​လော။—ဟေရှာယ ၁၁:၆; ၃၅:၅၊ ၆; ယောဟန် ၅:၂၈၊ ၂၉

၂၊ ၃။ (က) ကျမ်းစာ​အခြေခံ​သော သင်၏​မျှော်လင့်ချက်​သည် အခြေအမြစ်​ရှိသည်​ဟု အဘယ်ကြောင့် ဆိုနိုင်​သနည်း။ (ခ) မျှော်လင့်​ရန်​အတွက် အခြား အဘယ်​အခြေခံ​အကြောင်းရင်း ရှိသေး​သနည်း။

သင့်​မျှော်လင့်ချက်​သည် အခြေအမြစ်​မရှိ​ရာ မဟုတ်ပါ။ ပရဒိသု​နှင့်​ပတ်သက်​သည့် ကျမ်းစာ​၏​ကတိ​များ​ကို ယုံကြည်​စိတ်ချ​စ​ရာ အကြောင်း​ရှိသည်။ ဥပမာ၊ “သင်သည် ငါ​နှင့်အတူ ပရဒိသု​ဘုံ​၌ ရှိ​လိမ့်​မည်” ဟူ၍ နှက်တိုင်​တင်​ခံရ​သူ လူဆိုး​အား ယေရှု​ပြော​ခဲ့​သော​စကား​ကို သင်​ယုံကြည်​စိတ်ချ​သည်။ (လုကာ ၂၃:၄၃) “ဖြောင့်မတ်ခြင်း​တရား​တည်နေရာ မိုးကောင်းကင်​သစ်​နှင့် မြေကြီး​သစ်​ကို ငါ​တို့သည် ကတိတော်​နှင့်​အညီ မျှော်လင့်​ကြ​၏” ဟူ​သည့်​ကတိ​ကိုလည်း သင်​ယုံကြည်​၏။ ထို့​အပြင် ဘုရားသခင်​သည် ကျွန်ုပ်​တို့၏​မျက်ရည်များ​ကို သုတ်​ပေး​မည်၊ သေခြင်း​မရှိတော့၊ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ ပင်ပန်းခြင်း​လည်း မရှိတော့​ဟူ​သည့် ကတိ​များ​ကိုလည်း သင်​ယုံကြည်​၏။ ယင်း​တို့​ကား မြေကြီး​ပရဒိသု ပြန်လည်​တည်ရှိ​မည်​ဟူ​သည့် အဓိပ္ပာယ်​သက်ရောက်​သည်!—၂ ပေတရု ၃:၁၃; ဗျာ. ၂၁:၄

ဤ​ပရဒိသု​မျှော်လင့်ချက်​အတွက် နောက်​အခြေခံ​အကြောင်းရင်း​တစ်ခု​မှာ ကမ္ဘာ​တစ်ဝန်း​ရှိ​ခရစ်ယာန်​များ ယခု​ပင် တစ်စိတ်​တစ်​ဒေသ​ပါဝင်​နေသော​အရာ​ဖြစ်၏။ ယင်း​ကား အဘယ်နည်း။ ဘုရားသခင်​သည် ဝိညာဉ်​ရေး​ပရဒိသု​တစ်ခု​ကို ဖြစ်ပေါ်​စေ​ရာ ၎င်း​အတွင်း​သို့ မိမိ၏​လူမျိုး​ကို ပို့​ဆောင်ပေး​ခဲ့ပြီ။ “ဝိညာဉ်​ရေး​ပရဒိသု” ဟူ​သည့်​အသုံးအနှုန်း​မှာ စိတ်ကူးယဉ်​ဆန်​ပြီး နားလည်​ရ​ခက်​ကောင်း​ခက်​နေ​ပေမည်၊ သို့သော် ယင်း​ပရဒိသု​အကြောင်း ကြိုတင်​ဟောထား​ရာ အမှန်တကယ်​လည်း တည်ရှိ​သည်။

ပရဒိသု​မြင်ကွင်း​တစ်ခု

၄။ ၂ ကောရိန္သု ၁၂:၂-၄ တွင် အဘယ်​မြင်ကွင်း​အကြောင်း ဖော်ပြ​ထား​သနည်း၊ ယင်းကို မည်သူ တွေ့မြင်​ခဲ့​ဖွယ်​ရှိ​သနည်း။

ဤကိစ္စနှင့်​စပ်လျဉ်း၍ တမန်​တော်​ပေါလု ရေးသားခဲ့​သည်ကို သတိပြုပါ– “ခရစ်တော်​၏​တပည့်ဖြစ်​သော လူတစ်ယောက်ကို တတိယ​ကောင်းကင်​သို့​တိုင်အောင် ချီဆောင်​သည်​အကြောင်းကို ငါ​သိ​၏။ ထို​အခါ သူ၌ ကိုယ်ခန္ဓာ​ပါ​သည်​မပါ​သည်ကို ငါ​မသိ။ ဘုရားသခင်​သိတော်မူ၏။ ထို​သူသည် ပရဒိသု​ဘုံ​သို့ ချီဆောင်ခြင်း​ကို​ခံရ​၍၊ လူ​မပြော​အပ် မပြော​နိုင်သော​စကား​ကို ကြား​သည်​အကြောင်းကို​ငါ​သိ​၏။” (၂ ကောရိန္သု ၁၂:၂-၄) ပေါလု​က မိမိသည် တမန်​တော်​အဖြစ်ကို ခံယူ​ထိုက်​ကြောင်း ချေပ​ပြော​ဆိုပြီး​ပြီး​ချင်း ထိုစကား​ကို ပြောဆို​ခဲ့​ခြင်း​ဖြစ်သည်။ ထို့​အပြင် ထိုသို့​သော​အတွေ့အကြုံ​မျိုး တွေ့ကြုံ​ဖူး​သည့် အခြား​မည်​သူ့​အကြောင်း​မျှ သမ္မာကျမ်းစာ​က မဖော်​ပြ​ထား​ချေ၊ ယင်းကို ပေါလု​တစ်ဦးတည်း​သာ ပြောပြ​၏။ သို့​ဖြစ်၍ ယင်း​မြင်ကွင်း​ကို တွေ့မြင်​ခဲ့​သူ​မှာ ပေါလု​သာ​ဖြစ်​မည်။ ဤ​ထူးကဲ​ဆန်းပြား​သည့်​အတွေ့အကြုံ​တွင် မည်သည့် “ပရဒိသု” အတွင်း သူ​ဝင်​ခဲ့​သနည်း။—၂ ကောရိန္သု ၁၁:၅၊ ၂၃-၃၁

၅။ ပေါလု​သည် အဘယ်အရာကို မမြင်​ခဲ့​သနည်း၊ ယင်းကြောင့် ဤ “ပရဒိသု” ကား အဘယ်​အမျိုးအစား​ဖြစ်သနည်း။

“တတိယ​ကောင်းကင်” ဟု​ဆို​သော ကျမ်းပိုဒ်​၏ ရှေ့နောက်စကား​က ကျွန်ုပ်​တို့၏​ကမ္ဘာ့​လေထု​ဝန်းကျင်​တစ်ဝိုက်​ဖြစ်သည်၊ အာကာသ​ဖြစ်သည်၊ သို့​မဟုတ် အာကာသ​ရူပဗေဒ​ပညာရှင်​များ အဆို​တင်သွင်း​သည့် အလားတူ​စကြဝဠာ​များ​ဖြစ်သည်ဟု ဖော်ပြ​ထားခြင်း​မရှိ​ချေ။ ကျမ်းစာ​တွင် လေးနက်မှု၊ ပြင်းထန်မှု၊ ခိုင်မာ​မှု​ကို​ဖော်ပြ​ရန် နံပါတ်​သုံး​ဂဏန်း​ကို အသုံးပြုလေ့​ရှိသည်။ (ဒေ. ၄:၁၂; ဟေရှာယ ၆:၃; မဿဲ ၂၆:၃၄၊ ၇၅; ဗျာ. ၄:၈) သို့​ဖြစ်၍ ပေါလု​မြင်ခဲ့​သော မြင်ကွင်း​မှာ မြင့်မြတ်​သော​အရာ​ဖြစ်သည်။ ယင်းသည် ဝိညာဉ်​ရေး​နှင့်​ဆိုင်​သည်။

၆။ အဘယ်​သမိုင်း​ဆိုင်ရာ​အဖြစ်အပျက်က ပေါလု​တွေ့မြင်​ခဲ့​ရာ​ကို ထိုးထွင်း​သိမြင်​စေ​သနည်း။

အစောပိုင်း​တွင် ဖော်ပြ​ခဲ့​သော ကျမ်းစာ​ပရောဖက်ပြုချက်​များ​က ကျွန်ုပ်​တို့အား ထိုးထွင်း​သိမြင်​စေ​သည်။ ဘုရားသခင်​၏ ရှေးခေတ်​လူမျိုး​သည် သစ္စာမဲ့​သဖြင့် ကိုယ်တော်​သည် ယုဒပြည်​နှင့် ယေရုရှလင်​မြို့ကို ဗာဗုလုန်​လူမျိုး​အား ချင်းနင်း​တိုက်ခိုက်​ခွင့်ပြု​ခဲ့​သည်။ ယင်းကြောင့် ကျမ်းစာ​ခုနှစ်​အရ ဘီ.စီ.အီး. ၆၀၇ တွင် လုံးလုံး​ဖျက်ဆီး​ခံ​ခဲ့​ရသည်။ ထို​ပြည်​သည် အနှစ် ၇၀ ကြာ လူဆိတ်ညံ​မည်၊ ထို့နောက် ဘုရားသခင်​သည် နောင်တ​ရသော​ဂျူး​များ​ကို ထို​ပြည်​သို့​ပြန်​စေပြီး စစ်မှန်သော​ဝတ်ပြုရေးကို ပြန်လည်​တည်ထောင်​ခွင့်ပြု​မည်​ဟု ပရောဖက်ပြုချက်​က ဖော်ပြ​၏။ ဘီ.စီ.အီး. ၅၃၇ မှ​စ၍ ထိုသို့​ဖြစ်ပျက်​ခဲ့​သည်။ (တရားဟောရာ ၂၈:၁၅၊ ၆၂-၆၈; ၄ ဓမ္မ​ရာဇဝင် ၂၁:၁၀-၁၅; ၂၄:၁၂-၁၆; ၂၅:၁-၄; ယေရမိ ၂၉:၁၀-၁၄) သို့သော် ထို​မြေနေရာ​သည် မည်သို့​ဖြစ်​ခဲ့​သနည်း။ ထို​အနှစ် ၇၀ ကာလ​အတွင်း ထို​နေရာ​သည် တော​ထ​သော၊ ပူပြင်း​ခြောက်သွေ့​သော၊ မြေခွေး​တို့​ကျက်စား​သော​နေရာ ဖြစ်နေ​ခဲ့​ပါ​သည်။ (ယေရမိ ၄:၂၆; ၁၀:၂၂) သို့​တိုင် ကတိတော်​က “ထာဝရ​ဘုရား​သည် ဇိအုန်​မြို့ကို ချမ်းသာပေး​တော်​မူ​မည်။ သူ၏ ဆိတ်ညံ​ရာ​အရပ်​အလုံးစုံ​တို့ကို ချမ်းသာပေး​မည်။ သူ၏​တော​ကို ဧဒင်​အရပ်​ကဲ့သို့​လည်းကောင်း၊ သူ၏​လွင်ပြင်ကို ထာဝရ​ဘုရား​၏​ဥယျာဉ် [သို့​မဟုတ် ပရဒိသု၊ စက်​တွား​ဂျင့်] ကဲ့သို့​လည်းကောင်း ဖြစ်စေ​တော်​မူ . . . လိမ့်​မည်” ဟု​ဆို​သည်။—ဟေရှာယ ၅၁:၃

၇။ အနှစ် ၇၀ လူဆိတ်ညံ​ပြီး​နောက် အဘယ်အရာ ဖြစ်ပျက်​ခဲ့​မည်​နည်း။

အနှစ် ၇၀ ကုန်လွန်​ပြီး​နောက် ထိုသို့​ဖြစ်ပျက်​ခဲ့​သည်။ ဘုရားသခင်​၏​ကောင်းချီး​ကြောင့် အခြေအနေ တိုးတက်​ကောင်းမွန်​လာ​၏။ သင့်​စိတ်ထဲ​တွင် ဤ​ပုံ​ကို​ဖော်ကြည့်​ပါ– “တော​နှင့်​လွင်ပြင်​သည် ဝမ်းမြောက်​လိမ့်​မည်။ ဆိတ်ညံ​သော​အရပ်​သည်လည်း ရွှင်လန်း​၍ နှင်းပွင့်​ကဲ့သို့ အပွင့်​ပွင့်​လိမ့်​မည်။ အလွန်​ပွင့်လန်း​၍ ဝမ်းမြောက်ခြင်း၊ သီချင်းဆို​ခြင်း​နှင့်​တကွ မြူးထူး​လိမ့်​မည်။ . . . ခြေဆွံ့​သော​သူတို့သည် ဒ​ရ​ယ်​ကဲ့သို့​ခုန်​ကြလိမ့်မည်။ စကား​အသော​သူတို့သည် သီချင်းဆို​ကြလိမ့်မည်။ အကြောင်း​မူ​ကား တော​၌​စမ်းရေ​ထွက်၍ လွင်ပြင်​၌​မြစ်ရေ​စီး​လိမ့်​မည်။ တံလျှပ်​သည် ရေကန်​ဖြစ်​လိမ့်​မည်။ သွေ့ခြောက်​သော​မြေ​သည် စမ်းရေ​တွင်း​ဖြစ်​လိမ့်​မည်။ မြေခွေး​အိပ်ရာ​နေရာ၌ ကျူပင်​နှင့်​ဂမာပင်​အစား မြက်​ပင်​ပေါက်​လိမ့်​မည်။”—ဟေရှာယ ၃၅:၁-၇

ပြန်လည်​တည်ထောင်​ပြီး အသွင်ပြောင်း​သော လူမျိုးတစ်မျိုး

၈။ ဟေရှာယ​အခန်းကြီး ၃၅ သည် လူ​တို့ကို အာရုံစိုက်​ကြောင်း မည်သို့​သိရ​သနည်း။

အမှန်တကယ်​ထူးခြားသော ပြောင်းလဲမှု​ပင်! ဆိတ်ညံ​ရာ​အရပ်မှ ပရဒိသု​အဖြစ်သို့ အသွင်ပြောင်း​လဲ​ခဲ့​လေ​ပြီ။ ထို​နည်းတူ ဤ​ပရောဖက်ပြုချက်​နှင့် စိတ်ချ​နိုင်​သည့် အခြား​ပရောဖက်ပြုချက်​များ​က ဆိတ်ညံ​ရာ​အရပ်မှ သီးပွင့်​ဖြစ်ထွန်း​သည့်​အခြေအနေ ဖြစ်လာ​သကဲ့သို့ လူ​တို့​လည်း ပြောင်းလဲ​လိမ့်​မည်​ဟု ဖော်ပြ​သည်။ အဘယ်ကြောင့် ထိုသို့​ဆိုနိုင်​သနည်း။ အကြောင်း​မှာ မိမိတို့​ပြည်​သို့ “ဝမ်းမြောက်ခြင်း​သရဖူ​ကို​ဆောင်း​လျက်” ပြန်လာ​ကြ​ပြီး “ဝမ်းမြောက်​ရွှင်လန်းခြင်း​အခွင့်” ကို​ရ​ကြ​မည့် ‘ယေဟောဝါ ကယ်လွှတ်​သော​သူတို့’ အကြောင်း ဟေရှာယ အာရုံစိုက်ခဲ့​ခြင်း​ကြောင့်​ဖြစ်သည်။ (ဟေရှာယ ၃၅:၁၀) ယင်းသည် ပကတိ​မြေကြီးကို မဆိုလို​ဘဲ လူ​တို့ကို ဆိုလို​၏။ ထို့​အပြင်၊ ဇိအုန်​ကို ပြန်ရောက်​လာ​မည့်​လူမျိုး​အကြောင်း ဟေရှာယ​က ဤသို့​ဖော်ပြ​သေး​၏– ‘ထို​သူတို့သည် ဖြောင့်မတ်ခြင်း​သပိတ်ပင်၊ ဘုန်း​အသရေတော်​ဖို့ ထာဝရ​ဘုရားသခင် စိုက်​ပျိုး​တော်​မူ​သော​အပင်​ဟူ၍ သမုတ်ခြင်း​ကို​ခံရ​ကြလိမ့်မည်။ မြေကြီး​သည် အပင်ကို​ပေါက်​စေ​သကဲ့သို့ . . . ထာဝရ​ဘုရားသခင်​သည် ခပ်သိမ်း​သော​လူမျိုး​ရှေ့မှာ ဖြောင့်မတ်ခြင်း​နှင့်​ချီးမွမ်း​ခြင်း​ကို ပေါ်ထွန်း​စေတော်မူ​လိမ့်​မည်။’ ဘုရားသခင်​၏​လူမျိုး​နှင့်​ပတ်သက်​၍ ဟေရှာယ​က ဤသို့​လည်း​ဖော်ပြ​သည်– ‘ထာဝရ​ဘုရားသခင်​သည် သင့်ကို အစဉ်​ပဲ့ပြင်​တော်​မူ​မည်။ . . . သင်၏​အရိုး​တို့ကို ခိုင်ခံ့​စေတော်မူ​မည်။ သင်သည် ရေလောင်း​သော​ဥယျာဉ်​ကဲ့သို့ . . . ဖြစ်​လိမ့်​မည်။’ (ဟေရှာယ ၅၈:၁၁; ၆၁:၃၊ ၁၁; ယေရမိ ၃၁:၁၀-၁၂) ထို့​ကြောင့် ပကတိ​မြေ​၏ ပတ်ဝန်းကျင်​အခြေအနေ​များ တိုးတက်​ပြောင်းလဲ​လာ​သကဲ့သို့ ပြန်လည်​ထူထောင်​လာ​သည့် ဂျူး​လူမျိုး​တွင်​လည်း ပြောင်းလဲမှု​များ​ရှိ​မည်။

၉။ အဘယ် “ပရဒိသု” ကို ပေါလု မြင်ခဲ့​သနည်း၊ အဘယ်​အချိန်တွင် ပြည့်စုံ​ခဲ့​သနည်း။

ဤ​သမိုင်း​ဖြစ်ရပ်​က ပေါလု​မြင်ခဲ့​သည့် မြင်ကွင်း​ကို နားလည်စေ​၏။ ယင်း​တွင် “ဘုရားသခင်​၏​ဥယျာဉ်တော်” ဟု သူ​သမုတ်​ခဲ့​သည့် သီးပွင့်​ဖြစ်ထွန်း​မည့် ခရစ်ယာန်​အသင်းတော် ပါဝင်​ပတ်သက်​သည်။ (၁ ကောရိန္သု ၃:၉) ထို​မြင်ကွင်း​သည် အဘယ်​အချိန်တွင် ပြည့်စုံ​ရမည်​နည်း။ ပေါလု​က သူ​မြင်တွေ့ခဲ့​ရာ​ကို အနာဂတ်​အဖြစ် အပျက် ‘အဆင်းအာရုံ’ ဟု​ခေါ်ဆို​ခဲ့​သည်။ သူ​သေသွား​ပြီး​နောက်ပိုင်း အယူဖောက်ပြန်မှု အကြီးအကျယ်​ဖြစ်လာ​မည်​ကို သူသိ​ထား​သည်။ (၂ ကောရိန္သု ၁၂:၁; တမန်​တော် ၂၀:၂၉၊ ၃၀; ၂ သက်သာလောနိတ် ၂:၃၊) အယူဖောက်ပြန်သူ​များ ကြီးစိုး​အောင်မြင်​ပုံ​ရ​နေစဉ်​တွင် စစ်မှန်သော​ခရစ်ယာန်​များ​ကို စိုပြည်​သော​ဥယျာဉ်​တစ်ခု​နှင့် နှိုင်းယှဉ်​၍​မရနိုင်​ချေ။ သို့​တိုင် စစ်မှန်သော​ဝတ်ပြုရေး ပြန်လည်​မြှင့်တင်​ခံရ​မည့်​အချိန် ရောက်လာ​ရမည်။ ‘ဖြောင့်မတ်​သော​သူတို့သည် နေ​ထွန်းလင်း​သကဲ့သို့ မိမိတို့​အဘ​၏​နိုင်ငံတော်​၌ ထွန်းလင်း​နိုင်​ကြ’ ရန် ဘုရားသခင်​၏​လူမျိုး​တို့ ပြန်လည်​ထူထောင်​ခံရ​ကြ​မည်​ဖြစ်သည်။ (မဿဲ ၁၃:၂၄-၃၀၊ ၃၆-၄၃) ကောင်းကင်​တွင် ဘုရားသခင်​၏​နိုင်ငံတော် တည်ထောင်​ပြီး​နောက် နှစ်​အနည်းငယ်​တွင် ထို​အတိုင်း​ဖြစ်ပျက်​လာ​သည်။ ဆယ်စုနှစ်​များစွာ ကုန်လွန်​လေ​သော် ဘုရားသခင်​၏​လူမျိုး​သည် ပေါလု​ကြိုတင်​မြင်ခဲ့​သော ဝိညာဉ်​ရေး​ပရဒိသု​၌ မွေ့လျော်​နေကြောင်း အလွန်​ထင်ရှား​လာ​ပါ​သည်။

၁၀၊ ၁၁။ ကျွန်ုပ်​တို့သည် မစုံလင်​ကြသော်လည်း ဝိညာဉ်​ရေး​ပရဒိသု​တစ်ခု​တွင် ရှိနေကြ​သည်​ဟု အဘယ်ကြောင့် ဆိုနိုင်​သနည်း။

၁၀ မှန်ပါသည်၊ ကျွန်ုပ်​တို့​တစ်ဦးစီ​သည် မစုံလင်​ကြသော​ကြောင့် ပေါလု​ခေတ်​က​ကဲ့သို့​ပင် တစ်ခါတစ်ရံ ခရစ်ယာန်​များ​ကြား ပြဿနာ​များ​ပေါ်လာ​တတ်​ခြင်း​ကို အံ့ဩစရာ​မဟုတ်ပါ။ (၁ ကောရိန္သု ၁:၁၀-၁၃; ဖိလိပ္ပိ ၄:၂၊ ၃; ၂ သက်သာလောနိတ် ၃:၆-၁၄) သို့ရာတွင် ယခု​ပင် ကျွန်ုပ်​တို့ မွေ့လျော်​နေကြ​သည့် ဝိညာဉ်​ရေး​ပရဒိသု​ကို စဉ်းစား​ကြည့်​ပါ။ တစ်ချိန်က ဝိညာဉ်​ရေး​အရ ကျွန်ုပ်​တို့​ဖျားနာ​ခဲ့​သည့်​အခြေအနေ​နှင့် ယခု ကုသ​ခံရ​ပြီး​သည့်​အခြေအနေ​ကို နှိုင်းယှဉ်​ကြည့်​လိုက်ပါ။ တစ်ချိန်က ငတ်မွတ်​ရသည့်​အခြေအနေ​ကို ဝိညာဉ်​အစာ ဝဝလင်လင်​စားသုံး​ရသည့် လက်ရှိ​အခြေအနေ​နှင့် နှိုင်းယှဉ်​ကြည့်​ပါ။ ခြောက်သွေ့​နေသော ဝိညာဉ်​ရေး​နယ်ပယ်​တွင် ခက်ခက်ခဲခဲ​ရုန်းကန်​နေကြ​မည့်​အစား ဘုရားသခင်​၏​လူမျိုး​သည် ကိုယ်တော့်​မျက်နှာသာ​ရပြီး ကောင်းချီး​များစွာ ခံစား​နေကြ​ရသည်။ (ဟေရှာယ ၃၅:၁၊) မြေတွင်း​ခန်း​ကဲ့သို့​သော ဝိညာဉ်​ရေး​မှောင်မိုက်​တွင် မမြင်​မ​ကန်း​ဖြစ်နေ​ကြ​မည့်​အစား လွတ်လပ်ခြင်း​အလင်း​ကို မြင်​နေရ​၍ ဘုရားသခင်​၏​မျက်နှာသာတော် ရထား​ကြ​၏။ တစ်ချိန်က ကျမ်းစာ​ပရောဖက်ပြုချက်​များ​ကို မကြား​ခဲ့​သူများစွာ​သည် ယခု ကျမ်းစာ​အကြောင်း ကြား​လာ​ကြ​ရပြီး သဘောပေါက်​နားလည်​နေကြပြီ။ (ဟေရှာယ ၃၅:၅) ဥပမာ၊ ကမ္ဘာ​တစ်ဝန်း​ရှိ သန်းနှင့်ချီသော ယေဟောဝါသက်သေ​များသည် ဒံယေလ​ပရောဖက်ပြုချက်​ကို အခန်းငယ်​တစ်ခု​ချင်း​စီ လေ့လာ​ခဲ့​ကြပြီ။ ထို့နောက် ဟေရှာယကျမ်း​စောင်​ကို တစ်ခန်း​ချင်း​စီ နက်နက်နဲနဲ သုံးသပ်​ဆင်ခြင်​ခဲ့​ကြသည်။ လန်းဆန်းမှု​ပေး​သော ထို​ဝိညာဉ်​အစာ​က ဝိညာဉ်​ရေး​ပရဒိသု တည်ရှိ​ကြောင်း ထင်ရှားစေ​သည် မဟုတ်ပေ​လော။

၁၁ ထို့​ပြင် ဘဝ​နောက်ခံ​အသီးသီး​မှ စိတ်နှလုံး​ရိုး​ဖြောင့်​သူများ​သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို နားလည်​သဘောပေါက်​ပြီး လက်တွေ့​ကျင့်သုံး​ဖို့ ကြိုးစား​ကြ​စဉ် စရိုက်​များစွာ ပြောင်းလဲ​လာ​ခြင်း​ကို စဉ်းစား​ကြည့်​ပါ။ ယခင်​က သူတို့တွင် ရှိ​ဖူး​သည့် လူ​မ​ဆန်​သော​စရိုက်​များ​ကို ကြိုးစား​ပြီး ချွတ်ပယ်​ခဲ့​ကြပြီ။ အသင်​လည်း ထိုသို့ ထူးထူးခြားခြား​လုပ်ဆောင်ခဲ့​ပြီး​ဖြစ်​မည်၊ သင်၏​ဝိညာဉ်​ရေး​ညီအစ်ကို​ညီအစ်မ​များလည်း ထို့​အတူ​ပြု​ခဲ့ပြီ​ဖြစ်သည်။ (ကောလောသဲ ၃:၈-၁၄) ထို့​ကြောင့် ယေဟောဝါသက်သေ​များ​၏ အသင်းတော်​တစ်ခု​နှင့် သင်​ပေါင်းသင်း​ရာ​တွင် သင်သည် ယခင်​က​ထက် အေးဆေး​ငြိမ်သက်​ပြီး နှစ်လိုဖွယ်​ကောင်း​သူများ ဖြစ်လာ​သူတို့နှင့်​အတူ ရှိနေ​မည်။ သူတို့သည် မစုံလင်​ကြ​သေး​ပါ၊ သို့သော် သူတို့ကို ကြမ်းကြုတ်​သော​ခြင်္သေ့​များ သို့​မဟုတ် သားရဲတိရစ္ဆာန်​များနှင့် လုံးဝ​မ​နှိုင်းယှဉ်​နိုင်​ပါ။ (ဟေရှာယ ၃၅:၉) ဤ​ငြိမ်းချမ်း​သာယာသော ဝိညာဉ်​ရေး​ပေါင်းသင်းမှု​သည် အဘယ်အရာကို ဖော်ပြ​သနည်း။ ဝိညာဉ်​ရေး​ပရဒိသု​ဟု ကျွန်ုပ်​တို့ လျောက်ပတ်​စွာ​ခေါ်ဆို​နိုင်​သည့် ဝိညာဉ်​ရေး​အခြေအနေ​၌ မွေ့လျော်​နေကြောင်း ထင်ရှား​ပါ​သည်။ ထို့​အပြင် ယေဟောဝါ​အပေါ် ကျွန်ုပ်​တို့​သစ္စာစောင့်သိ​ကြ​မည်​ဆိုလျှင် ကျွန်ုပ်​တို့​မွေ့လျော်​နိုင်​မည့် မြေကြီး​ပရဒိသု​တစ်ခု ရောက်ရှိ​မည်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ပရဒိသု​က ကြိုတင်​ဖော်ပြ​ပါ​သည်။

၁၂၊ ၁၃။ ဝိညာဉ်​ရေး​ပရဒိသု​တွင် ဆက်​တည်​ရှိနေ​ရန် အဘယ်အရာ​လုပ်ဆောင်​ရမည်​နည်း။

၁၂ သို့​တိုင် ကျွန်ုပ်​တို့ လျစ်လျူ​မ​ရှု​အပ်​သည့်​အရာတစ်ခု ရှိသေး​သည်။ ဘုရားသခင်​က ဣသရေလ​လူမျိုး​အား ဤသို့​မိန့်တော်မူ​ခဲ့​သည်– “သင်တို့သည် သွား​၍​ဝင်စား​လတ္တံ့​သော​ပြည်​ကို ကြီးစွာ​သော​ခွန်အား​နှင့် ဝင်စား​မည်​အကြောင်း . . . ယနေ့ ငါ​မှာ​ထား​သမျှ​သော ပညတ်​တို့ကို​စောင့်ရှောက်​ရ​ကြ​မည်။” (တရားဟောရာ ၁၁:၈၊ ၉) ဝတ်ပြုရာ ၂၀:၂၂၊ ၂၄ တွင်​လည်း ထို​ပြည်တော်​အကြောင်း ဤသို့​ဖော်ပြ​ထား​သည်– “သင်တို့ကို ငါ​ပို့ဆောင်​၍ နေရာချ​သော​ပြည်​သည် မ​အော့​အန်​စေခြင်း​ငှာ သင်တို့သည် ငါ​စီရင်ထုံး​ဖွဲ့​သမျှ​တို့ကို ကျင့်ဆောင်​ရမည်။ သူတို့​ပြည်​တည်း​ဟူသော နို့​နှင့်​ပျားရည်​စီး​သော​ပြည်​ကို သင်တို့သည်​အမွေခံ​စေခြင်း​ငှာ ငါ​အပိုင်ပေး​မည်​ဟု ငါ့​အမိန့်တော်​ရှိ၏။” မှန်ပါသည်၊ ကတိထားရာ​ပြည်တော်​ကို ပိုင်ဆိုင်ရေး​သည် ယေဟောဝါ​ဘုရားသခင်​နှင့် ကောင်းသော​ဆက်ဆံ​ရေး​အပေါ် မူတည်​သည်။ ဘုရားသခင်​အား ဣသရေလ​လူမျိုး မနာခံ​ခဲ့​ကြသော​ကြောင့် ကိုယ်တော်​သည် မိမိ​လူမျိုးအပေါ် ဗာဗုလုန်​လူမျိုး​ကို အနိုင်ယူ​စေပြီး သူတို့​နေထိုင်ရာ​အရပ်မှ မောင်းထုတ်​ခွင့် ပေး​ခဲ့​ခြင်း​ဖြစ်သည်။

၁၃ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ပရဒိသု​ကို အလွန်​နှစ်သက်​နေကြ​မည်။ ယင်း​၏​ပတ်ဝန်းကျင်​အခြေအနေ​မှာ မျက်စိပသာဒ​ကျ​ပြီး စိတ်အေး​ချမ်း​စေ​၏။ လူ​မ​ဆန်​သော​စရိုက်​များ​ကို ကြိုးစား​ချွတ်ပယ်​ခဲ့​ကြ​သည့် ခရစ်ယာန်​များနှင့် အသင့်အတင့်​ရှိကြ​၏။ သူတို့သည် ကြင်နာ​မှု​ရှိသည့် ဝိုင်းဝန်း​ကူညီ​တတ်​သူများ​ဖြစ်​ရန် ကြိုးစား​နေကြ၏။ သို့​တိုင် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ပရဒိသု​တွင် ဆက်​တည်​ရှိနေ​ရန် ဤသူတို့​နှင့် ဆက်ဆံ​ရေး​ကောင်းခြင်း​ထက်မက လိုအပ်​သည်။ ယေဟောဝါ​နှင့် ကောင်းသော​ဆက်ဆံ​ရေး​ရှိပြီး ကိုယ်တော့်​အလိုတော်​ဆောင်ရန် လို​သည်။ (မိက္ခာ ၆:၈) ဤ​ဝိညာဉ်​ရေး​ပရဒိသု​အတွင်း ကျွန်ုပ်​တို့​စိတ်လို​ကိုယ်​လျောက် ဝင်လာ​ခဲ့​ကြပြီ၊ သို့သော် ဘုရားသခင်​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ကောင်း​ကို မထိန်းသိမ်း​ထား​လျှင် ကျွန်ုပ်​တို့သည် အပြင်​သို့ တရွေ့ရွေ့​ထွက်သွား​နိုင်၏၊ သို့​မဟုတ် နှင်ထုတ်​ခံရ​နိုင်၏။

၁၄။ ဝိညာဉ်​ရေး​ပရဒိသု​တွင် ကျွန်ုပ်​တို့​ဆက်​ရှိနေ​ရေး​ကို အဘယ်အရာက ထောက်ကူ​ပေး​မည်​နည်း။

၁၄ ကျွန်ုပ်​တို့ကို အကူအညီ​ပေး​နိုင်​သည့် အရေးကြီးသော​အချက်​တစ်ချက်​မှာ ဘုရားသခင့်​စကားတော်​မှ ခွန်အား​ဆက်​ယူ​နေခြင်း​ဖြစ်သည်။ ဆာလံ ၁:၁-၃ ပါ​ဥပစာစကား​ကို သတိပြုပါ– “မတရားသော​သူတို့၏​တိုက်တွန်းခြင်း​သို့​မလိုက် . . . ထာဝရ​ဘုရား[သခင်]၏​တရားတော်​၌ မွေ့လျော်​၍ တရားတော်​ကို နေ့​ည​မပြတ် ဆင်ခြင်​အောက်မေ့​သော​သူသည် မင်္ဂလာ​ရှိ၏။ အကြောင်း​မူ​ကား ထို​သူသည် မြစ်​နား​မှာ​စိုက်​လျက် မိမိ​အချိန်တန်​မှ​အသီးကို​သီး​၍ အရွက်​မညှိုးနွမ်း​တတ်သော အပင်​နှင့်​တူ​၏။ ပြု​လေ​သမျှ​တို့​၌ အောင်​လိမ့်​သတည်း။” ထို့​အပြင် သစ္စာ​နှင့်​သတိ​ပညာရှိ ကျေးကျွန်​အတန်းအစား​၏ ကျမ်းစာ​အခြေပြု စာအုပ်​စာပေ​များသည် ဝိညာဉ်​ရေး​ပရဒိသု​တွင် ရှိသူ​များ​ကို ဝိညာဉ်​အစာ​ကျွေးမွေး​ပေး​သည်။—မဿဲ ၂၄:၄၅-၄၇

ပရဒိသု​အပေါ် သင်၏​အမြင်ကို အားဖြည့်​ခြင်း

၁၅။ မောရှေ​သည် ဣသရေလ​လူမျိုး​ကို ကတိထားရာ​ပြည်တော်​ထဲ အဘယ်ကြောင့် ဦးဆောင်​ခေါ်သွား​ခွင့် မရခဲ့​သနည်း၊ သို့သော် အဘယ်အရာကို သူ​မြင်ခဲ့​သနည်း။

၁၅ ပရဒိသု​၏​ကြိုတင်​မြင်ကွင်း နောက်တစ်ခု​ကို သုံးသပ်ကြည့်​ပါ။ တောကန္တာရ​တွင် အနှစ် ၄၀ တိုင် ဣသရေလ​လူမျိုး လှည့်လည်​ပြီး​နောက် မောရှေ​သည် သူတို့ကို ယော်ဒန်​မြစ်​အရှေ့ဘက်၊ မောဘ​လွင်ပြင်​သို့ ဦးဆောင်​ခေါ်သွား​ခဲ့​သည်။ အတိတ်​က မောရှေ၏​အမှား​တစ်ခု​ကြောင့် ယေဟောဝါ​သည် မောရှေ​အား ဣသရေလ​လူမျိုး​ကို ဦးဆောင်​၍ ယော်ဒန်​မြစ်​ဖြတ်ကူး​ခွင့်​မပြု​ခဲ့​ချေ။ (တောလည်ရာ ၂၀:၇-၁၂; ၂၇:၁၂၊ ၁၃) ထို​အခါ မောရှေ​က “အကျွန်ုပ်သည် ယော်ဒန်​မြစ်​တစ်ဖက်​သို့​ကူး​၍ ထို​ကောင်းမွန်သော​ပြည်​နှင့် လေဗနုန်​တောင်​မှ​စ၍ တင့်တယ်​သော​တောင်​များ​ကို မြင်ရ​မည်​အကြောင်း အခွင့်ပေး​တော်​မူ​ပါ” ဟု​ဘုရားသခင်​အား အနူးအညွတ်​တောင်းပန်​လေ​သည်။ သို့​နှင့် မောရှေ​သည် ကတိထားရာပြည်​သို့ ဝင်ခွင့်​မရ​သော်လည်း ပိသဂါ​တောင်ပေါ်​သို့​တက်ပြီး ပြည်တော်​၏​ဒေသ အသီးသီး​ကို တွေ့မြင်​သည့်​အခါ “ကောင်းမွန်သော​ပြည်” အမှန်​ဖြစ်​ကြောင်း သိရှိ​ခဲ့​ရ၏။ ထို​ပြည်​သည် မည်သို့သော​ပြည်​ဖြစ်​မည်​ဟု သင်​ထင်​သနည်း။—တရားဟောရာ ၃:၂၅-၂၇

၁၆၊ ၁၇။ (က) ရှေးခေတ် ကတိထားရာ​ပြည်တော်​သည် များ​မကြာသေးမီ​က ထို​ပြည်တော်​အခြေအနေ​နှင့် မည်သို့​ခြားနား​သနည်း။ (ခ) တစ်ချိန်က ကတိထားရာ​ပြည်တော်​သည် ပရဒိသု​ဖြစ်​ခဲ့​သည်​ဟု အဘယ်ကြောင့် ကျွန်ုပ်​တို့ ယုံကြည်​နိုင်​သနည်း။

၁၆ ထို​ဒေသ​ကို မကြာသေးမီ​က​ပုံစံ​အရ သင်​စိတ်ကူး​ကြည့်​မည်​ဆိုလျှင် ခြောက်သွေ့​သော​သဲပြင်​များ၊ ကျောက်​ထူထပ် ပေါများ​လှ​သည့်​ကန္တာရ​နှင့် ပူလောင်​သော​ပြည်​အဖြစ် သင့်​စိတ်ကူး​တွင် မြင်ယောင်​ပေမည်။ သို့ရာတွင်၊ ထို​ဒေသ​တစ်ခုလုံး​သည် ကျမ်းစာ​ခေတ်​က အတော့်​ကို​ခြားနား​ခဲ့​သည်​ဟု ကောက်ချက်​ချ​စ​ရာ အကြောင်း​ရှိပါ​သည်။ သိပ္ပံ​အမေရိကန်​ဂျာနယ်​တွင် ရေ​မြေ​ကျွမ်းကျင်​သူ ဒေါက်တာ ဝေါလ်တာ စီ. လော်​ဒါ​မိ​လ်ခ်​က ဤ​ပြည်​သည် “အနှစ်​တစ်ထောင်​ကြာ အလွဲသုံး​မှု​ကြောင့် ပျက်စီး” သွားခဲ့ပြီ​ဟု ရှင်းပြသည်။ ဤ​မြေဆီလွှာ​နှင့် သီးနှံ​အတတ်ပညာ​ရှင်​က ဤသို့​ရေးသားခဲ့​သည်– “တစ်ချိန်​တစ်ခါ​က အလွန်​စိုပြည်​ခဲ့​သော​ပြည်​သည် ‘ကန္တာရ’ ဖြစ်သွား​ရခြင်း​မှာ သဘာဝ​ကြောင့်​မဟုတ်ဘဲ လူ့​လက်ချက်​ကြောင့်​ဖြစ်သည်။” အမှန်​မှာ “ဤ​ပြည်​သည် တစ်ချိန်က ကျေးလက်​ပရဒိသု​ဖြစ်​ခဲ့” သည်​ဟု သူ့​လေ့လာမှု​များ​က ဖော်ပြ​၏။ လူတို့၏​အလွဲသုံးစား​ပြု​မှု​ကြောင့် “ကျေးလက်​ပရဒိသု​တစ်ခု” ပျက်စီး​သွားခဲ့​ရခြင်း​ဖြစ်​ကြောင်း ထင်ရှား​သည်။ *

၁၇ ကျမ်းစာ​တွင် သင်​ဖတ်​ခဲ့​ရာ​များ​ကို သုံးသပ်ကြည့်​လျှင် ထိုသို့​ကောက်ချက်​ချ​ခြင်း​သည် ဆင်ခြင်တုံ​တရား​နှင့်​ညီ​ကြောင်း သင်​သဘောပေါက်​ပါ​လိမ့်​မည်။ မောရှေ​မှ​တစ်ဆင့် လူ​တို့​အားပေး​သော ယေဟောဝါ​၏ အာမခံချက်ကို ပြန်သတိရ​ပါ– “သင်တို့​သွား​၍ ဝင်စား​လတ္တံ့​သော​ပြည်​သည် တောင်​များ၊ ချိုင့်​များနှင့်​ပြည့်စုံ​၍ မိုး​ရေ​ကို​သောက်​သော​ပြည်၊ သင်တို့၏​ဘုရားသခင်​ထာဝရ​ဘုရား​ပြုစု​၍ တစ်နှစ်​ပတ်လုံး​ကြည့်ရှု​တော်​မူ​သော​ပြည်​ဖြစ်၏။”—တရားဟောရာ ၁၁:၈-၁၂

၁၈။ ကတိထားရာ​ပြည်တော်​သည် အဘယ်​သို့​ရှိခဲ့​မည်​ကို ဣသရေလ​လူမျိုး​အား ဟေရှာယ ၃၅:၂ က​မည်သို့​ဖော်ပြ​ခဲ့​မည်​နည်း။

၁၈ ကတိထားရာ​ပြည်တော်​၏ တချို့သော​ဒေသ​များ​ရှိ စိမ်းလန်း​စိုပြည်​လှပမှု​နှင့် သီးပွင့်​ဖြစ်ထွန်း​မှု​တို့ကို​သာ ဖော်ပြ​ကာ​မျှ​ဖြင့် ပရဒိသု​နှင့်​တူသော အခြေအနေ​များ​ကို မြင်ယောင်​စေ​သည်။ ဣသရေလ​လူမျိုး​သည် ဗာဗုလုန်​မှ ပြန်လာ​သည့်​အချိန်တွင် ကနဦး​ပြည့်စုံ​ခဲ့​သည့် ဟေရှာယ​အခန်းကြီး ၃၅ ပါ​ပရောဖက်ပြုချက်​က ယင်းကို​ထင်ရှားစေ​သည်။ ဟေရှာယ​က ဤသို့​ကြိုတင်​ဟောခဲ့​သည်– “အလွန်​ပွင့်လန်း​၍ ဝမ်းမြောက်ခြင်း၊ သီချင်းဆို​ခြင်း​နှင့်​တကွ မြူးထူး​လိမ့်​မည်။ လေဗနုန်​တောင်​၏​ဘုန်း​နှင့်​လည်းကောင်း၊ ကရမေလ​တောင်၊ ရှာရုန်​အရပ်​တို့၏ တင့်တယ်ခြင်း​အသရေ​နှင့်​လည်းကောင်း ပြည့်စုံ​လိမ့်​မည်။ ထာဝရ​ဘုရား​၏​ဘုန်းတော်​ကိုလည်း​ကောင်း၊ ငါ​တို့​ဘုရားသခင်​၏ တန်ခိုး​အာနုဘော်​တော်​ကိုလည်း​ကောင်း မြင်ရ​ကြလိမ့်မည်။” (ဟေရှာယ ၃၅:၂) လေဗနုန်၊ ကရမေလ၊ ရှာရုန်​တို့ကို ရည်ညွှန်း​ရုံ​ဖြင့် ဣသရေလ​လူမျိုး​သည် ကျေနပ်​အားရဖွယ်၊ နှစ်လိုဖွယ်​မြင်ကွင်း မြင်ယောင်​ခဲ့​မည်။

၁၉၊ ၂၀။ (က) ရှေးခေတ်​ရှာရုန်​ဒေသ​ကို ဖော်ပြ​ပါ။ (ခ) ပရဒိသု​မျှော်လင့်ချက်ကို ကျွန်ုပ်​တို့ ပိုမို​ခိုင်ခံ့​စေနိုင်​သည့်​နည်း​တစ်နည်း​ကား အဘယ်နည်း။

၁၉ ရှမာရိ​တောင်တန်း​များနှင့် ပင်လယ်​ကြီး သို့​မဟုတ် မြေထဲပင်လယ်​ကြား​ရှိ ပင်လယ်​ကမ်းရိုးတန်း​လွင်ပြင်​တစ်ခု​ဖြစ်သော ရှာရုန်​အရပ်​ကို သုံးသပ်ကြည့်​ပါ။ (စာမျက်နှာ ၁၀ ပါ​ပုံ​ကို ရှု​ပါ။) ယင်း​၏​စိမ်းစို​လှပမှု​နှင့် သီးပွင့်​ဖြစ်ထွန်း​မှု​ကို လူသိ​များ​၏။ ရေ​များ​သဖြင့် မြေ​သြဇာ​ကောင်းသော​ပြည်​ဖြစ်​ပြီး မြောက်ပိုင်း​တွင် ဝက်​သစ်​ချ​တော​ကြီး​များ​ရှိသည်။ (၁ ရာဇဝင်ချုပ် ၂၇:၂၉; ရှောလမုန်သီချင်း ၂:၁က​ဘ​အောက်ခြေမှတ်ချက်; ဟေရှာယ ၆၅:၁၀) ထို့​ကြောင့် ဟေရှာယ ၃၅:၂ က ပြန်လည်​တည်ထောင်​လာ၍ ပရဒိသု​တစ်ခု​ကဲ့သို့ တင့်တယ်ခြင်း​အသရေ​နှင့် ပွင့်လန်း​မည့်​ပြည်​တစ်ခု​အကြောင်း ကြိုတင်​ဟောထား​ခြင်း​ဖြစ်သည်။ ထို​ပရောဖက်ပြုချက်​သည် နောက်ပိုင်း၌ ပေါလု​တွေ့ခဲ့​သော​မြင်ကွင်း​အတိုင်း နှစ်လိုဖွယ်​ဝိညာဉ်​ရေး​ပရဒိသု​ကို ရည်ညွှန်း​သည်။ နောက်ဆုံး​တွင် အခြား​ပရောဖက်ပြုချက်​များနှင့်​အတူ ဤ​ပရောဖက်ပြုချက်​သည် လူသားတို့​အတွက် မြေကြီး​ပရဒိသု​ကို​မျှော်လင့်​စ​ရာ​အကြောင်း ပို​ခိုင်လုံ​စေ​သည်။

၂၀ ကျွန်ုပ်​တို့သည် ဝိညာဉ်​ရေး​ပရဒိသု​တွင် နေထိုင်ကြ​စဉ် ယင်း​အတွက် ကျွန်ုပ်​တို့၏​လေးမြတ်မှု​နှင့် ကမ္ဘာ့​ပရဒိသု​အတွက် ကျွန်ုပ်​တို့၏​မျှော်လင့်ချက်ကို ပိုမို​ခိုင်ခံ့​စေနိုင်​၏။ မည်သို့​နည်း။ ကျမ်းစာ​တွင် ကျွန်ုပ်​တို့​ဖတ်​ရ​သမျှ​ကို ပိုမို​နားလည်​သဘောပေါက်​လာ​ခြင်း​အားဖြင့်​ဖြစ်သည်။ ကျမ်းစာ​ပါ ဖော်ပြချက်များ​နှင့် ပရောဖက်ပြုချက်​များ​တွင် နေရာ​ဒေသ​တချို့​ကို သတ်သတ်မှတ်မှတ်​ဖော်ပြ​ထား​၏။ ဤ​ဒေသ​များသည် အဘယ်​နေရာတွင်​ရှိကြောင်း​နှင့် ယင်း​တို့သည် ပထဝီ​ဆိုင်ရာ အခြား​ဒေသ​များနှင့် မည်သို့​ဆက်နွှယ်မှု​ရှိကြောင်း ပိုမို​နားလည်​သဘောပေါက်​လို​ပါသလော။ နောက်​ဆောင်းပါး​တွင် ယင်းကို အကျိုးရှိရှိ မည်သို့ လုပ်ဆောင်​နိုင်​ကြောင်း ကျွန်ုပ်​တို့ သုံးသပ်ကြ​ပါ​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 16 ကျမ်းစာ​ပထဝီဝင်​ဟူ​သည့်​စာအုပ်​တွင် ဒဲနစ္စ ဘေ​လီ ဤသို့​ဖော်ပြ​သည်– “အပင်များ​၏​သဘောသဘာဝ​သည် ကျမ်းစာ​ခေတ်​ကတည်းက အကြီးအကျယ် ပြောင်းလဲ​ခဲ့​မည်​ဖြစ်သည်” အဘယ်​အကြောင်းကြောင့်​နည်း။ “လူတို့သည် လောင်စာ​အတွက်ရော၊ အဆောက်အအုံ​အတွက်​ပါ သစ်သား​နှင့် ထင်း​လို​သဖြင့် . . . သစ်ပင်​များ​ကို ခုတ်လှဲ​ခဲ့​ကြ​ရာ ထို​မြေ​သည် ရာသီဥတုဒဏ်​ကို အပြင်းအထန်​ခံ​ခဲ့​ရလေ​၏။ ပတ်ဝန်းကျင်​ကို ဤသို့​ဖျက်ဆီး​သောကြောင့် ရာသီဥတု​သည် . . . တဖြည်းဖြည်း​နှင့် ထို​မြေ​ကို ဖျက်ဆီး​သည့် အဓိက​တရားခံ ဖြစ်လာ​လေ​သည်။”

သင်​မှတ်မိ​သလော

အဘယ်“ပရဒိသု”ကို မြင်ကွင်း​တွင် ပေါလု​တွေ့ မြင်ခဲ့​သနည်း။

ဟေရှာယ​အခန်းကြီး ၃၅ နှင့်​စပ်လျဉ်း၍ ယင်း​၏ ကနဦး ပြည့်စုံချက်​ကား အဘယ်နည်း၊ ယင်းသည် ပေါလု​မြင်ခဲ့​ရာ​နှင့် မည်သို့​ဆက်စပ်​သနည်း။

ဝိညာဉ်​ရေး​ပရဒိသု​အပေါ် ကျွန်ုပ်​တို့၏​တန်ဖိုး​ထား​လေးမြတ်မှု​နှင့် မြေကြီး​ပရဒိသု​မျှော်လင့်ချက်ကို ကျွန်ုပ်​တို့ မည်သို့ ပိုမို ခိုင်ခံ့​စေနိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ပါ ရုပ်ပုံ]

ကတိထားရာ​ပြည်တော်​ရှိ သီးပွင့်​ဖြစ်ထွန်း​သော ရှာရုန်​လွင်ပြင်

[Credit Line]

Pictorial Archive (Near Eastern History) Est.

[စာမျက်နှာ ပါ ရုပ်ပုံ]

“ကောင်းမွန်သော​ပြည်” ဖြစ်​ကြောင်း မောရှေ​သိရှိ​ခဲ့