“မှန်သောဘုရားသခင်နှင့် ထာဝရအသက်” ဖြစ်သောသူကား အဘယ်သူနည်း
“မှန်သောဘုရားသခင်နှင့် ထာဝရအသက်” ဖြစ်သောသူကား အဘယ်သူနည်း
သခင်ယေရှုခရစ်၏ ခမည်းတော် ယေဟောဝါသည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် မိမိအား ချစ်မြတ်နိုးသူများကို ထာဝရအသက်ပေးနိုင်သော ဖန်ဆင်းရှင်လည်း ဖြစ်တော်မူ၏။ သမ္မာကျမ်းစာကို ဖတ်ရှုသည့် ယုံကြည်သူအများသည် အထက်ပါခေါင်းစဉ်ရှိမေးခွန်းကို ထိုအတိုင်းဖြေဆိုပေလိမ့်မည်။ အမှန်ဆိုရသော် ယေရှုကိုယ်တော်တိုင် ဤသို့မိန့်ဆိုခဲ့သည်– “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။”—ယောဟန် ၁၇:၃။
သို့တိုင် ချာ့ခ်ျတက်သူအများသည် ထိုဖော်ပြချက်ကို တလွဲအဓိပ္ပာယ်ကောက်ကြ၏။ အထက်ပါခေါင်းစဉ်၏ စကားများသည် ၁ ယောဟန် ၅:၂၀ (ကဘ) မှဖြစ်၍ ဤသို့ဆို၏– “ငါတို့သည် မှန်သောသူ၌ သူ၏သားတော် ယေရှုခရစ်အားဖြင့် တစ်လုံးတစ်ဝတည်းရှိကြ၏။ ထိုသူသည် မှန်သောဘုရားသခင်နှင့် ထာဝရအသက် ဖြစ်တော်မူ၏။”
သုံးပါးပေါင်းတစ်ဆူအယူဝါဒကို ယုံကြည်ကြသူများက အညွှန်းနာမ်စား “ထို” (အောတိုစ်) သည် ၎င်း၏ရှေ့နားလေးတွင်ရှိသောစကားလုံး ယေရှုခရစ်အား ရည်ညွှန်းသည်ဟုဆိုကြ၏။ ယေရှုသည် “မှန်သောဘုရားသခင်နှင့် ထာဝရအသက်” ဟူ၍ သူတို့အခိုင်အမာဆိုကြသည်။ သို့သော် ဤအဓိပ္ပာယ်ဖွင့်ဆိုချက်သည် သမ္မာကျမ်းစာ၏ကျန်အပိုင်းများနှင့် မအပ်စပ်တော့ချေ။ ယုံကြည်စိတ်ချရလောက်သော ကျမ်းပညာရှင်များစွာသည် ဤသုံးပါးပေါင်းတစ်ဆူအမြင်ကို လက်မခံကြချေ။ ကဲင်းဗရိတ်ခ်ျတက္ကသိုလ်ကျမ်းပညာရှင် ဘီ. အက်ဖ်. ဝက်စ်ကော့တ်က ဤသို့ရေးသားခဲ့သည်– “[နာမ်စား အောတိုစ်၏] ယုတ္တိအရှိဆုံး ရည်ညွှန်းမှုမှာ ဤနာမ်စားနှင့်ကပ်လျက်ရှိသော အကြောင်းအရာကိုမဟုတ်ဘဲ တမန်တော်၏စိတ်ကို စိုးမိုးထားသောအညွှန်းခံအား ရည်ညွှန်းခြင်းဖြစ်၏။” သို့ဖြစ်၍ တမန်တော်ယောဟန်၏စိတ်ထဲတွင် ယေရှု၏ခမည်းတော်ရှိနေသည်။ ဂျာမန်ဓမ္မပညာရှင် အဲရစ်ခ် ဟော့ပ်သည် ဤသို့ရေးသားခဲ့၏– “ဆက်လက်တင်ပြထားသည့် [အောတိုစ်]သည် အရင်ကျသည့် ကပ်လျက်ရှိသော အကြောင်းအရာကို ရည်ညွှန်းခြင်း၊ . . . သို့မဟုတ် ကပ်လျက်မဟုတ်သည့် ပို၍အရင်ကျသော ဘုရားသခင်အား ရည်ညွှန်းခြင်းလောဟု ပိုင်းခြားဆုံးဖြတ်ရန်ဖြစ်သည်။ . . . ရုပ်ပုံများကို ကြဉ်ရှောင်ရမည်ဟူသော နောက်ဆုံးပိတ် သတိပေးချက်နှင့် ပို၍ကိုက်ညီပုံရသည်မှာ ယေရှု၏ ဘုရားသခင်အဖြစ်တော်ကို ဖော်ပြခြင်းထက် စစ်မှန်၍တစ်ဆူတည်းဖြစ်တော်မူသော ဘုရားသခင်အား သက်သေခံချက်ဖြစ်၏။”
ရောမမြို့ရှိ ပုပ်ရဟန်းမင်း၏ကျမ်းစာကျောင်းက ထုတ်ဝေသည့် ဂရိဓမ္မသစ်ကျမ်း၏ သဒ္ဒါဆိုင်ရာဆန်းစစ်ချက် စာအုပ်ကပင် ဤသို့ဆိုသည်– “[အောတိုစ်] သည် [အခန်းငယ်] ၁၈-၂၀ ၏အထွတ်အထိပ်အနေနှင့် အယူမှားဝါဒ (အခန်းငယ် ၂၁) ကိုဆန့်ကျင်ပြီး အမှန်တကယ်ရှိသည့် စစ်မှန်သောဘုရားသခင်အား ဖော်ညွှန်းခြင်းဖြစ်မည်မှာ အသေချာဆုံးဖြစ်၏။”
အများအားဖြင့် “ထို” သို့မဟုတ် “ထိုသူ” ဟူ၍ ပြန်ဆိုသော အောတိုစ်သည် စကားရပ်တစ်ခု၏ရှေ့ကပ်လျက်ရှိသော အကြောင်းအရာကို ရည်ညွှန်းလေ့မရှိချေ။ တခြားကျမ်းချက်များက ဤအချက်ကို ဖော်ပြ၏။ ယောဟန်ပထမစာစောင်ကိုရေးခဲ့သော တမန်တော်ကပင် ၂ ယောဟန် ၇ (ကဘ) တွင်ဤသို့ရေးသားခဲ့သည်– “လှည့်ဖြားသောသူအများတို့သည် လောကထဲသို့ဝင်ကြပြီ၊ သူတို့သည် သွေးသားအားဖြင့် ယေရှုခရစ်ကြွလာကြောင်းကို ငြင်းပယ်ကြ၏။ ထိုသူ [အောတိုစ်] သည် လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏။” ဤတွင် နာမ်စားသည် ယေရှုကို ရည်ညွှန်းနေခြင်းမဖြစ်နိုင်ချေ။ “ထိုသူ” သည် ယေရှုကိုငြင်းပယ်သူများဖြစ်ကြောင်း ထင်ရှား၏။ သူတို့တစုတရုံးသည် “လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏။”
တမန်တော်ယောဟန်သည် သူ၏ခရစ်ဝင်ကျမ်းတွင် ဤသို့ရေးသားခဲ့သည်– “ယောဟန်၏စကားကြား၍ နောက်တော်သို့လိုက်သောသူနှစ်ယောက်တို့တွင် တစ်ယောက်ကား အန္ဒြေဖြစ်သော ရှိမုန်ပေတရု၏ညီတည်း။ ထိုသူ [အောတိုစ်] သည် မိမိအစ်ကိုရှိမုန်ကို ရှေးဦးစွာတွေ့” ၏။ (ယောဟန် ၁:၄၀၊ ၄၁၊ ကဘ) “ထိုသူ” မှာ နောက်ဆုံးဖော်ပြထားသူကိုမဟုတ်ဘဲ အန္ဒြေကို ရည်ညွှန်းနေခြင်းဖြစ်သည်မှာ ထင်ရှား၏။ တမန်တော်သည် ၁ ယောဟန် ၂:၂၂ (ကဘ) တွင် ထပ်တူပုံစံဖြင့် အောတိုစ်ကို အသုံးပြုထားသည်။
တမန်တော် ၄:၁၀၊ ၁၁ တွင်တွေ့ရသည့်အတိုင်း လုကာသည် ထိုနာမ်စားအောတိုစ်ကို အသုံးပြုထားသည်– ‘သင်တို့သည် လက်ဝါးကပ်တိုင်မှာကွပ်မျက်၍ ဘုရားသခင်သည် သေခြင်းမှထမြောက်စေတော်မူသော နာဇရက်မြို့သား ယေရှုခရစ်၏နာမတော်အားဖြင့် ဤသူသည် သင်တို့မျက်မှောက်၌ ကျန်းမာလျက်ရှိသည်။ ထို [အောတိုစ်] သခင်ကား၊ သင်တို့သည် တိုက်ကိုတည်လုပ်သောအခါပယ်ထား၍ နောက်တစ်ဖန် တိုက်ထောင့်အထွတ်ဖျားသို့ရောက်ပြန်သော ကျောက်ဖြစ်တော်မူ၏။’ နာမ်စားဖြစ်သော “ထို” သည်ရောဂါပျောက်ကင်းသွားသူကို ရည်ညွှန်းခြင်းမဟုတ်ပါ။ အခန်းငယ် ၁၁ မှ “ထို” သည်ခရစ်ယာန်အသင်းတော်ကို အုတ်မြစ်ချခဲ့သော “တိုက်မြစ်” ဖြစ်သည့် နာဇရက်မြို့သား ယေရှုခရစ်ကို ရည်ညွှန်းနေခြင်းဖြစ်သည်။—ဧဖက် ၂:၂၀; ၁ ပေတရု ၂:၄-၈။
တမန်တော် ၇:၁၈၊ ၁၉ (ကဘ) တွင်လည်း ထိုအချက်ကို ဤသို့ဖော်ပြထားသည်– “အီဂျစ်တွင် နောက်မင်းကြီးတစ်ပါး ပေါ်ထွန်းလာကာ ယောသပ်ကို မသိသောသူဖြစ်၏။ ထိုသူ [အောတိုစ်] သည် ငါတို့အဆွေအမျိုးကို ပရိယာယ်ပြု” သည်။ ဂျူးလူမျိုးကို ဖိနှိပ်ခဲ့သော “ထိုသူ” သည်ယောသပ်မဟုတ်ဘဲ၊ အီဂျစ်ဘုရင် ဖာရောဖြစ်၏။
ဂရိအညွှန်းနာမ်စားများနှင့်စပ်လျဉ်း၍ “နာမ်စားရှေ့နားရှိ အကြောင်းအရာသည် စာရေးဆရာ၏စိတ်ထဲရှိရာ ဖြစ်ချင်မှဖြစ်မည်” ဟုဆိုသော ဂရိကျမ်းပညာရှင် ဒယ်နီယယ်လ် ဝေါလ်လေစ်၏ ထင်မြင်ယူဆချက်ကို ဤသို့သောစာပိုဒ်များက ထောက်ခံသည်။
“မှန်သောဘုရားသခင်”
တမန်တော်ယောဟန်ရေးသားခဲ့သည့်အတိုင်း “မှန်သောဘုရားသခင်” မှာယေရှုခရစ်၏ခမည်းတော် ယေဟောဝါဖြစ်တော်မူသည်။ ကိုယ်တော်သာလျှင် တစ်ဆူတည်းဖြစ်ပြီး စစ်မှန်သောဘုရားသခင် ဖန်ဆင်းရှင်ဖြစ်၏။ တမန်တော်ပေါလုက ဤသို့ဝန်ခံခဲ့သည်– “ထိုခမည်းတော်ဘုရားသခင်တစ်ပါးတည်းသာ ငါတို့၌ရှိတော်မူ၏။ အကြင်သခင်အားဖြင့် ငါတို့မှစ၍ ခပ်သိမ်းသောအရာဖြစ်ကြ၏။” (၁ ကောရိန္သု ၈:၆; ဟေရှာယ ၄၂:၈) ၁ ယောဟန် ၅:၂၀ တွင်ရည်ညွှန်းထားသော ယေဟောဝါသည် “မှန်သောဘုရားသခင်” ဖြစ်ရသည့် အကြောင်းရင်းနောက်တစ်ခုမှာ ကိုယ်တော်သည် အမှန်တရား၏ရင်းမြစ်ဖြစ်သောကြောင့်တည်း။ ကိုယ်တော်ပြုလုပ်သမျှသည် သစ္စာတော်နှင့်အညီဖြစ်ပြီး မုသားမသုံးနိုင်သောကြောင့် ဆာလံဆရာက ယေဟောဝါအား “မှန်သော ဘုရားသခင်” ဟုခေါ်ဆိုခဲ့သည်။ (ဆာလံ ၃၁:၅၊ ကဘ; ထွက်မြောက်ရာ ၃၄:၆; တိတု ၁:၁) သားတော်သည် မိမိ၏ကောင်းကင်ခမည်းတော်ကို ရည်ညွှန်းကာ ဤသို့မိန့်ဆိုခဲ့သည်– “ကိုယ်တော်၏စကားတော်သည် အမှန်တရားဖြစ်ပါ၏။” ထို့ပြင် မိမိ၏သွန်သင်ချက်နှင့်ပတ်သက်၍လည်း ယေရှုဤသို့ဆိုခဲ့သည်– ‘ငါဟောသောတရားတော်သည် ငါ၏တရားတော်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူ၏ တရားတော်ဖြစ်၏။’—ယောဟန် ၇:၁၆; ၁၇:၁၇၊ ကဘ။
ယေဟောဝါသည် “ထာဝရအသက်” လည်းဖြစ်တော်မူ၏။ ကိုယ်တော်သည် ခရစ်တော်အားဖြင့် မခံစားထိုက်သောဆုကျေးဇူးအဖြစ် အသက်ကိုပေးသနားသောအရှင် အသက်၏ပင်းရင်းဖြစ်တော်မူသည်။ (ဆာလံ ၃၆:၉; ရောမ ၆:၂၃) ဘုရားသခင်သည် “ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူ” ၏ဟု တမန်တော်ပေါလု ပြောခဲ့ခြင်းသည် အလွန်အဓိပ္ပာယ်ရှိ၏။ (ဟေဗြဲ ၁၁:၆) ဘုရားသခင်သည် သားတော်အား သေခြင်းမှ ထမြောက်စေခြင်းဖြင့် ဆုကျေးဇူးပေးတော်မူခဲ့သည်နည်းတူ ခမည်းတော်၏အမှုတော်ကို စိတ်နှလုံးအကြွင်းမဲ့ ထမ်းဆောင်သူများအား ထာဝရအသက်ဆု ပေးသနားတော်မူလိမ့်မည်။—တမန်တော် ၂၆:၂၃; ၂ ကောရိန္သု ၁:၉။
ထို့ကြောင့် ကျွန်ုပ်တို့သည် မည်သို့ကောက်ချက်ချသင့်သနည်း။ ယေဟောဝါသည်သာ ‘မှန်သောဘုရားသခင်ဖြစ်ပြီး ထာဝရအသက်လည်းဖြစ်တော်မူ’ ကြောင်း ကောက်ချက်ချသင့်၏။ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းထားတော်မူသောကြောင့် ကိုယ်တော်အားသာ အကြွင်းမဲ့ဝတ်ပြုကိုးကွယ်ထိုက်၏။—ဗျာ. ၄:၁၁။