မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်တို့ သင့်နှလုံးကို သင့်မိဘများ ကူညီစောင့်ရှောက်ပါစေ

လူငယ်တို့ သင့်နှလုံးကို သင့်မိဘများ ကူညီစောင့်ရှောက်ပါစေ

လူငယ်တို့ သင့်​နှလုံးကို သင့်​မိဘများ ကူညီ​စောင့်ရှောက်​ပါစေ

သင်္ဘော​မာ​လိ​န်မှူး​တစ်ဦး ရင်ဆိုင်​ရသည့်​အခက်အခဲ​ဆုံး​အရာ​ကား အဘယ်အရာ​ဖြစ်​မည်​ဟု သင်​ထင်​သနည်း။ ကျယ်ပြော​သော​သမုဒ္ဒရာ​ကြီး​ကို အန္တရာယ်ကင်း​စွာ ကူးဖြတ်​ရေး​လော။ မဟုတ်ပါ။ များသောအားဖြင့် သင်္ဘော​များသည် ပင်လယ်ပြင်​တွင်​မဟုတ်ဘဲ ကမ်း​နား​တွင် ပျက်​လေ့​ရှိသည်။ စင်စစ် သင်္ဘော​တစ်စင်း​ကို ကမ်း​ကပ်​ခြင်း​သည် လေယာဉ်ပျံ​ဆင်းသက်​ခြင်း​ထက်​ပင် ပို​၍​အန္တရာယ်​ရှိ​နိုင်​သည်။ အဘယ်ကြောင့်​နည်း။

မာ​လိ​န်မှူး​တစ်ဦး​သည် မိမိ၏​သင်္ဘော​ကို ကမ်း​မ​ကပ်​မီ ဆိပ်ကမ်း​တွင် ရှိ​ကောင်း​ရှိ​နိုင်​မည့် အန္တရာယ်​မှန်သမျှကို ရှောင်​ရသည်။ အခြား​သင်္ဘော​များနှင့်​မ​တိုက်မိ​အောင် ပဲ့ကိုင်​ရင်း ရေ​အောက်​စီး​ကြောင်းကို​လည်း သတိပြု​ရန်လို​သည်။ ရေ​အောက်​ရှိ သဲသောင်​များ၊ ကျောက်​များ သို့​မဟုတ် အပျက်အစီး​မှန်သမျှ​တို့ကို​လည်း ကွေ့​ရှောင်​ရမည်။ ယင်းသည် သူ၏​ပထမ​ဆုံး​အကြိမ် ကမ်း​ကပ်​ခြင်း​ဖြစ်​မည်​ဆိုလျှင် ပို​၍​ပင်​ဆိုးပေ​မည်။

ဤ​အခက်အခဲ​များ​ကို ကျော်လွှား​နိုင်​ရန် ပညာရှိ​မာ​လိ​န်မှူး​တစ်ဦး​သည် ဒေသန္တရ​ရေ​အခြေအနေ​ကို ကောင်းစွာ​သိထား​သည့် ရေကြောင်း​ပြ​တစ်ဦး၏​အကူအညီ ယူရ​ပေမည်။ ထို​ရေကြောင်း​ပြ​သည် မာ​လိ​န်မှူး​ဘေး​တွင် ရပ်​ပြီး ကောင်းစွာ လမ်းညွှန်​ပေး​လိမ့်​မည်။ သူတို့သည် အန္တရာယ်များ​ကို အတူတကွ​သုံးသပ်​ပြီး သင်္ဘော​ကို ကျဉ်းမြောင်းသော​လမ်းကြောင်း​များ​မှ ဖြတ်ကူး​စေ​၍ ဆိပ်ကမ်း​သို့ မောင်းနှင်​သွား​ကြ​မည်။

ရေကြောင်း​ပြ​၏​အဖိုးတန်​သော​ကျွမ်းကျင်​မှု​သည် ခက်ခဲ​သော​ဘဝ​ရေစီးကြောင်း​များ​တစ်လျှောက် လမ်းစဉ်​တစ်ခု​ကို​ရွေးချယ်​သွား​ရမည့် ခရစ်ယာန်​လူငယ်များ ရရှိနိုင်​သည့် တန်ဖိုး​ဖြတ်​မရ​သည့်​အကူအညီကို သရုပ်ဖော်​သည်။ ယင်း​အကူအညီ​ကား အဘယ်နည်း။ ဆယ်ကျော်သက်​များသည် ထို​အကူအညီကို အဘယ်ကြောင့် လိုအပ်​ကြ​သနည်း။

သင်္ဘော​ပုံ​ပ​မာ​ကို ဆက်လက်​သုံးသပ်ကြည့်​ကြ​စို့။ သင်သည် မြီး​ကောင်​ပေါက်​အရွယ်​ဖြစ်​မည်​ဆိုလျှင် နောက်ဆုံး​တွင် သင်၏​အသက်တာကို သင်​တာဝန်​ယူရ​မည်​ဖြစ်သော​ကြောင့် သင်သည် သင်္ဘော​မာ​လိ​န်မှူး​နှင့် အတော်အတန်​ဆင်တူ​သည်။ ထို့​ပြင် သင့်​အသက်တာတွင် သင်ရင်​ဆိုင်​ရဦး​မည့် အခက်ခဲဆုံး​သော​အခြေအနေ​အချို့​ကို ဖြတ်ကျော်​ရန် လမ်းညွှန်​ပေး​သော သင့်​မိဘများသည် သင်္ဘော​ရေကြောင်း​ပြ​တစ်ဦး​နှင့်​တူ​သည်။ သို့ရာတွင် ဆယ်ကျော်သက်​အရွယ်​၌ သင့်​မိဘများ​၏​အကြံဉာဏ်​ကို သင်​လက်ခံရ​ခက်​ပေမည်။ အဘယ်ကြောင့်​နည်း။

အဓိက​ပြဿနာ​မှာ နှလုံး​ကြောင့်​ဖြစ်လေ့​ရှိသည်။ သင့်​ပုံဆောင်​နှလုံး​သည် တားမြစ်​ထား​ရာ​ကို လိုချင်​စေ​ပေမည် သို့​မဟုတ် လွတ်လပ်မှုကို တားဆီး​ပုံ​ပေါက်​သည့်​အရာ​မှန်သမျှကို မတရား​ဟု ထင်​စေ​ပေမည်။ “လူတို့သည် ငယ်​သော​အရွယ်​မှ​စ၍ စိတ်နှလုံး​အကြံအစည်​ဆိုး​ကြ​၏” ဟု​ကျမ်းစာ​က ဆို​သည်။ (ကမ္ဘာဦး ၈:၂၁) သင့်​ရှေ့တွင် တကယ့်​စိန်ခေါ်ချက်​ရှိကြောင်း ယေဟောဝါ​က ရှင်းလင်းစွာ​ဖော်ပြ​ထား​သည်။ “စိတ်နှလုံး​သည် ခပ်သိမ်း​သော​အရာ​ထက် စဉ်းလဲ​တတ်၏။ အလွန်​ယိုယွင်းသော​သဘော​ရှိ၏။” (ယေရမိ ၁၇:၉) မကောင်းသော​ဆန္ဒ​များ​ရှိစေ​သည့်​အပြင် သင့်​နှလုံး​သည် သင့်ကို​လှည့်ဖြား​၍ အတွေ့အကြုံ​ပို​ရှိသော​မိဘများ​ထက် သင်​ပို​၍​သိ​နားလည်​သည်​ဟု ထင်မြင်​စေ​သည်။ ခက်ခဲ​သော​ဆယ်ကျော်သက်​အရွယ်ကို သင်​ဖြတ်ကျော်​သွား​ချိန်​တွင် မိဘများ​၏​အကူအညီ​ရယူဖို့ အကြောင်းကောင်း​များစွာ​ရှိသည်။

မိဘ​စကား အဘယ်ကြောင့် နားထောင်​ရမည်​နည်း

အရေးကြီးဆုံး​မှာ မိသားစုကို အစပြု​သူ ယေဟောဝါ​ရှင်​က သင့်​မိဘများ​၏​ညွှန်ကြားချက်​ကို နားထောင်​သင့်​သည်​ဟု မိန့်မှာ​သည်။ (ဧဖက် ၃:၁၅) သင့်ကို​ကြည့်ရှု​ရန် သင့်​မိဘများ​အား ဘုရားသခင်​က တာဝန်​ပေး​ထားသော​ကြောင့် ကိုယ်တော်​က ဤသို့​ဆုံးမ​သည်– “သားသမီးတို့၊ သခင်​ဘုရား​၏​အလိုတော်နှင့်​အညီ မိဘ​စကား​ကို​နားထောင်​ကြလော့။ မိဘ​စကား​ကို​နားထောင်ခြင်း​အမှုသည် တရားသော​အမှု​ဖြစ်၏။” (ဧဖက် ၆:၁-၃; ဆာလံ ၇၈:၅) ယခု သင်သည် ဆယ်ကျော်သက်​အရွယ် ရှိနေ​မည်​ဖြစ်သော်လည်း သင့်​အား​လမ်းညွှန်​ပေး​ရန် သင့်​မိဘများ​မှာ တာဝန်​ရှိကြ​ဆဲ​ဖြစ်သည့်​အပြင် သင်သည်​လည်း နားထောင်​ရမည့်​တာဝန်​ရှိသည်။ သားသမီး​များသည် မိဘ​စကား နားထောင်​ရမည်ဟု တမန်​တော်​ပေါလု ရေးသား​သည့်​အခါ မည်သည့်​အသက်အရွယ်​ရှိ သားသမီး​များနှင့်​မဆို သက်ဆိုင်​သည့် ဂရိ​စကားလုံး​တစ်လုံး​ကို အသုံးပြု​ခဲ့​သည်။ ဥပမာ၊ မဿဲ ၂၃:၃၇ တွင်​မှတ်တမ်း​တင်ထား​သည့်​အတိုင်း ယေရုရှလင်​မြို့သူ​မြို့သား​အများစုမှာ အရွယ်ရောက်​ပြီး​သား လူကြီး​များ​ဖြစ်​ကြ လင့်​ကစား သူတို့ကို ‘သားသမီးတို့’ ဟု ယေရှု​ရည်ညွှန်း​ခေါ်ဆို​ခဲ့​သည်။

ရှေးခေတ်​သစ္စာရှိ​အမျိုးသားများစွာ​သည် လူကြီး​များ​ဖြစ်လာ​ကြ​ပြီး​နောက်​ပင် မိဘ​စကား​ကို ဆက်​နားထောင်​ခဲ့​ကြသည်။ ယာကုပ်​သည် လူကြီး​ဖြစ်နေ​ပြီ​ဖြစ်သော်လည်း ယေဟောဝါ​အား မကိုးကွယ်​သူ အမျိုးသမီး​တစ်ဦး​နှင့် လက်မ​ထပ်​ဖို့ ဖခင်​၏​အမိန့်​ကို နာခံ​ခဲ့​သည်။ (ကမ္ဘာဦး ၂၈:၁၊ ၂) ဖြစ်​နိုင်​သည်​မှာ ဘုရားသခင်​မဲ့ ခါ​နာ​န်​အမျိုးသမီးများ​ကို အစ်ကို​ဖြစ်သူ လက်ထပ်ခဲ့​ခြင်း​ကြောင့် မိဘများ စိတ်​ဆင်းရဲ​ကြ​ကြောင်း ယာကုပ် သတိပြု​ခဲ့​မည်​ဖြစ်သည်။—ကမ္ဘာဦး ၂၇:၄၆

သင့်​အား လမ်းညွှန်​ပေး​ဖို့ ဘုရားသခင်​ပေး တာဝန်ရ​ရှိ​ထား​ကြ​သည့်​အပြင် သင့်​ခရစ်ယာန်​မိဘများသည် သင့်​အား​အကြံပေး​သူများ​ဖြစ်​ရန် အရည်အချင်း​အပြည့်မီဆုံး​ဖြစ်​ကြ​မည်။ သို့​ဖြစ်​ရခြင်း​မှာ သူတို့သည် သင့်ကို​ကောင်းစွာ​သိထားကြ​ပြီး နှစ်ပေါင်း​များစွာ သင့်​အား ကိုယ်ကျိုးမဲ့​မေတ္တာ ပြ​ခဲ့​သောကြောင့်​ဖြစ်သည်။ သင်္ဘော​၏ ရေကြောင်း​ပြ​ကဲ့သို့​ပင် သူတို့သည် အတွေ့အကြုံ​ရှိ​သူများ ဖြစ်​ကြသည်။ သူတို့​ကိုယ်တိုင်​လည်း “လူပျို​တို့၏​တပ်မက်​ခြင်း​ကိ​လေ​သာ​စိတ်” ရှိခဲ့​ဖူး​သည်။ စစ်မှန်သော​ခရစ်ယာန်​များ​အနေ​နှင့်​လည်း ကျမ်းစာ​မူများ​ကို လိုက်နာ​ကျင့်သုံး​ခဲ့​ခြင်း​တန်ဖိုး​ကို ကိုယ်တိုင် သိ​နားလည်ခဲ့​ကြသည်။—၂ တိမောသေ ၂:၂၂

သင့်​အနီးအနား​တွင် ဤမျှ​အတွေ့အကြုံရင့်​ကျက်​သူ​ရှိရာ သူတို့၏​အကူအညီ​ဖြင့် အခက်ခဲဆုံး​အခြေအနေ​များ​ကို​ပင် အောင်မြင်စွာ သင်​ကိုင်တွယ်​သွား​နိုင်​ပါ​လိမ့်​မည်။ ဥပမာ၊ လိင်​ခြား​သူနှင့် သင်၏​ဆက်ဆံ​ရေး​ကို သုံးသပ်ကြည့်​ပါ။ ဤ​သိမ်မွေ့​သော​ကိစ္စ​မျိုး​တွင် သင်၏​ခရစ်ယာန်​မိဘများသည် သင့်​အား မည်သို့​လမ်းညွှန်​ပေး​နိုင်​သနည်း။

လိင်​ခြား​သူကို စွဲလမ်းခြင်း

ရေ​အောက်​ရှိ သဲသောင်​များ​ကို ဝေးဝေး​မှ​ရှောင်ရန် သင်္ဘော​မာ​လိ​န်မှူး​များ​အား ရေကြောင်း​ပြ​များ​က အကြံပေး​တတ်​သည်။ သဲသောင်​များသည် ပျော့ပျောင်း​သော်လည်း အလွန်​စိုးရိမ်​စ​ရာ​ရှိသည်၊ အကြောင်း​မှာ ၎င်းတို့၏​အနေအထား​မှာ အမြဲ​ပြောင်း​တတ်သော​ကြောင့်​ဖြစ်သည်။ ထို့​ကြောင့် သင့်​မိဘများသည် သင့်​အား စိတ်​လှုပ်ရှား​စေ​မည့် ကျော့မိ​စေနိုင်​စ​ရာ အခြေအနေ​များ​မှ ခပ်​ခွာ​ခွာ​နေ​စေ​လို​ပေမည်။ ဥပမာ၊ လိင်​ခြား​သူ​အပေါ် ခံစားချက်​များသည် ပြင်းထန်​နိုင်​ပြီး အတိအကျ​ဖော်ပြ​ရန် ခက်ခဲ​မည်​ဖြစ်​ကြောင်း မိဘများ​သိထားကြသည်။ ယင်း​ခံစားချက်​များ​ပေါ်လာ​ပြီ​ဆိုလျှင် သင့်​အား သောင်တင်​သွား​စေနိုင်​သည်။

ဒိန​၏​ပုံ​နမူနာ​က အန္တရာယ်​နှင့်​နီးကပ်​စွာ​နေခြင်း​၏ အန္တရာယ်ကို ဖော်ပြ​သည်။ ဒိန​သည် စပ်စု​လွန်း​၍ ပျော်ပါး​လို​စိတ်​ရှိခဲ့​ခြင်း​ကြောင့် အကျင့်​လျော့​ရဲ​ကြောင်း​ထင်ရှား​သည့် ခါ​နာ​န်​အမျိုးသမီးများနှင့် ပေါင်းသင်း​လို​ခဲ့​ပေမည်။ အစပိုင်း​တွင် အန္တရာယ်​မရှိသော အပျော်သက်သက်​မျှ​ဖြစ်ပုံရ​သော်လည်း မကြာမီ​ပင် ဝမ်းနည်း​ကြေကွဲစရာ​ဖြစ်သွား​လေ​သည်၊ ထို​မြို့မှ “အသရေ​အရှိဆုံး” လူငယ်​တစ်ဦး​က သူ့ကို ဗလက္ကာရပြု​ကျင့်​လိုက်​သည်။—ကမ္ဘာဦး ၃၄:၁၊ ၂၊ ၁၉

ကျွန်ုပ်​တို့​အသက်ရှင်နေ​သည့် လိင်ကို​အသားပေး​သော​အချိန်​သည် ထိုသို့​သော​အန္တရာယ်​မျိုး ပို​များ​စေ​၏။ (ဟောရှေ ၅:၄) လူငယ်​အများစုက လိင်​ခြား​သူနှင့် ပျော်ပါး​ရခြင်း​သည် စိတ်​လှုပ်ရှား​စ​ရာ​အကောင်းဆုံး​ဖြစ်​ပုံ ဖမ်း​ကြ​ပေမည်။ သင့်အတွက် ဆွဲဆောင်မှု​ရှိသူ​တစ်ဦး​နှင့် နှစ်ဦး​တည်းနေ​ခြင်း​ကို စဉ်းစားမိ​ရုံ​ဖြင့် ရင်ခုန်​လာပေမည်။ သို့သော် မေတ္တာ​ပြည့်ဝသော​မိဘများ​က ဘုရားသခင့်​စံနှုန်း​များ​ကို မလေးစား​သူ လူငယ်များနှင့် မပေါင်းသင်း​ရန် သင့်​အား ကြိုးစား​တားဆီး​ပေ​လိမ့်​မည်။

စပ်စု​လို​စိတ်​သည် ဆယ်ကျော်သက်​များ​အား အန္တရာယ်ကို မမြင်​သည့်​အထိ ဖြစ်စေ​နိုင်​ကြောင်း လော်ရာ​က ဝန်ခံ​သည်။ “ကျွန်မ​အတန်း​ထဲ​က မိန်းကလေးတွေက ကောင်လေး​ချော​ချော​လေး​တွေ​နဲ့ တစ်ညလုံး တွဲ​က​ကြ​တဲ့​အကြောင်း ပြောပြ​တဲ့​အခါ သူတို့​မမေ့နိုင်​တဲ့​အတွေ့အကြုံ​လို ဖြစ်အောင်​ပြောတတ်​ကြတယ်။ သူတို့​ချဲ့ကား​ပြော​နေမှန်း သိပေမဲ့ ကျွန်မ​မှာ​စပ်စု​ချင်စိတ်​ပေါ်လာ​ပြီး သူတို့​လို မပျော်​ပါး​ရ​ပါ​လားလို့ ထင်​မိတယ်။ ကျွန်မ​မိဘတွေက အဲဒီလို​နေရာ​မျိုး​တွေ​ကို သွားခွင့်​မပေး​တာ ကောင်း​မှန်း​သိပေမဲ့ ကျွန်မ စူးစမ်း​ချင်စိတ်​တွေ ပေါ်လာ​မိတယ်။”

သင်္ဘော​များ​တွင် ဘရိတ်​မရှိသော​ကြောင့် ချက်ချင်း​မ​ရပ်​နိုင်​ပါ။ အချစ်စိတ်​သည်လည်း အလားတူ​ဖြစ်​ကြောင်း မိဘများ သိထားကြသည်။ ထို့​ကြောင့် နယပုံပြင်​ကျမ်း​က ကာ​မ​စိတ် မချုပ်တည်း​နိုင်​သူ​တစ်ဦး​အား အသတ်ခံရ​မည့် နွား​တစ်ကောင်​နှင့် နှိုင်းယှဉ်​ထား​၏။ (သု. ၇:၂၁-၂၃) သင်သည် ထိုသို့​ဖြစ်​လို​မည်​မဟုတ်၊ စိတ်ပိုင်း​နှင့် ဝိညာဉ်​ရေး​ပိုင်း​အရ သင်္ဘော​ပျက်​ခြင်း​ကို ခံ​လို​မည် မဟုတ်ပေ။ ဤ​ကဏ္ဍပိုင်း​တွင် သင်၏​နှလုံး သင့်​အား​လှည့်ဖြား​နေသည်​ကို သင့်​မိဘများ​သိ​ကောင်း​သိမည်​ဖြစ်​ပြီး လိုအပ်​သလို သင့်​အား ဆုံးမ​ကြ​ပေမည်။ သူတို့၏​စကား​ကို နားထောင်ခြင်း​အားဖြင့် အန္တရာယ်ကို ရှောင်ကွင်း​နိုင်​ဖို့ ဉာဏ်ပညာ​ရှိပါ​မည်​လော။—သု. ၁:၈; ၂၇:၁၂

ရွယ်တူချင်း​ဖိအား​ကို ရင်ဆိုင်​ရသည့်​အခါလည်း သင့်​မိဘများ​၏​အကူအညီ လို​သည်။ သင့်​အား သူတို့ မည်သို့​ကူညီ​ပေး​နိုင်​သနည်း။

သင့်​ရွယ်တူချင်း​များ​၏​သြဇာ

ဆွဲအား​ကောင်းသော ဒီရေ သို့​မဟုတ် ရေစီးကြောင်း​သည် သင်္ဘော​တစ်စင်း​ကို လမ်းလွဲ​သွား​စေနိုင်​၏။ ယင်း​ရေ​စီး​အား​ကို တိုက်ဖျက်​ရန် သင်္ဘော​ကို အခြား​တစ်ဖက်​သို့ ဦးတည်​မောင်းနှင်​ရ၏။ အလားတူ​ပင် အခြား​လူငယ်များ​၏​သြဇာ​ကို သင်​မတွန်းလှန်​နိုင်​လျှင် သင်၏​ဝိညာဉ်​ရေး​လမ်းကြောင်း​မှ သွေဖည်​သွား​နိုင်​သည်။

ဒိန​၏​အတွေ့အကြုံ​အရ “လူ​မိုက်​တို့​နှင့်​ပေါင်းဖော်သော​သူ​မူ​ကား ပျက်စီး​တတ်၏။” (သု. ၁၃:၂၀) “လူ​မိုက်” ဟူသော ကျမ်းစာ​အသုံးအနှုန်း​အရ ထို​သူသည် ယေဟောဝါ​အား မသိကျွမ်း​သူ သို့​မဟုတ် ကိုယ်တော်​၏​လမ်းစဉ်​အတိုင်း မလျှောက်​လှမ်း​လို​သူ​ဖြစ်​ကြောင်း သတိရပါ။

သို့ရာတွင် သင့်​အတန်းဖော်​များ​၏ သဘောထားများ သို့​မဟုတ် အကျင့်​များ​ကို ငြင်းပယ်​ရ​ခက်​ပေမည်။ မာ​ရီ​ယာ ဟို​စေး​က ဤသို့​ရှင်းပြသည်– “ကျွန်မ​ကို တခြား​လူငယ်တွေ လက်သင့်ခံ​တာ​လိုချင်​တယ်။ ကျွန်မ​က လူ​ထူး​မဖြစ်ချင်​တဲ့​အတွက် သူတို့ကို အတတ်နိုင်ဆုံး အတုယူ​လုပ်ကိုင်​လာတယ်။” သင်​ကြိုက်​နှစ်သက်​တတ်သော​သီချင်း၊ သင့်​အဝတ်အစား၊ သင်​စကားပြော​ဆို​ပုံ​တို့သည် သင်​သတိ​မပြုမိ​ဘဲ သင့်​ရွယ်တူချင်း​များ​၏​သြဇာ​အတိုင်း ဖြစ်နေ​သည်ကို သင်​သတိ​မပြုမိ​ဘဲ​နေ​မည်။ သင်သည် သက်တူရွယ်တူ​ချင်း​များနှင့် ပေါင်းသင်း​ရ​၍ ပျော်ရွှင်မှု​ရှိ​မည်​ဖြစ်သည်။ ယင်းသည် သဘာဝ​ပင်၊ သို့သော် အကျိုး​ပျက်​စေနိုင်​သည့် ဩဇာ​လွှမ်းမိုး​ခံရ​စ​ရာ​အကြောင်း​ရှိစေ​နိုင်​သည်။—သု. ၁:၁၀-၁၆

လွန်ခဲ့သော​နှစ်​အနည်းငယ်​က ရင်ဆိုင်ခဲ့​ရသည့် ခက်ခဲ​သော​အခြေအနေ​ကို ကယ်ရိုလိုင်း ဤသို့​ပြန်​ပြောပြ​သည်– “ကျွန်မ ပေါင်းသင်း​ခဲ့​တဲ့ မိန်းကလေး​အများစုဟာ ၁၃ နှစ်အရွယ်​လောက်​ကစပြီး ရည်းစား​ထား​ကြတယ်၊ နှစ်​အတော်ကြာ​ပဲ သူတို့​လို​လိုက်လုပ်ဖို့ ကျွန်မ​ကို​ဖိအား​ပေး​ကြတယ်။ ဒါပေမဲ့ ကျွန်မ​ရဲ့​အမေက အဲဒီ​ခက်ခဲ​တဲ့​အချိန်​မှာ ကျွန်မ​ကို ပဲ့ကိုင်​ထိန်းကျောင်း​ပေး​ခဲ့​တယ်။ ကျွန်မ​စကား​ကို သူ​အကြာကြီး​နားထောင်ပေး​တယ်၊ ကျွန်မ​ကို ကျိုးကြောင်း​ရှင်း​ပြပေး​တယ်၊ ကျွန်မ နည်းနည်း​ကြီး​လာတော့​မှ အဲ​သလို​ဆက်ဆံမှု​မျိုး​တွေ​ရှိဖို့​ကောင်း​တာ​ကို သဘောပေါက်​လာခဲ့တယ်။”

ကယ်ရိုလိုင်း​၏​မိခင်​နည်းတူ သင့်​မိဘများသည်​လည်း ရွယ်တူချင်း​ဖိအား​ကို သတိထားဖို့၊ တချို့သော​အမှု​များ​ကို မပြု​လုပ်ဖို့၊ သို့​မဟုတ် တချို့​သူများ​နှင့် မပေါင်းသင်း​ဖို့ ဆုံး​မပေးဖို့​လို​သည်​ဟု ယူဆကြ​ပေမည်။ ထို​ကိစ္စ​များနှင့်​ပတ်သက်ပြီး မိဘများနှင့် အကြိမ်ကြိမ် အငြင်းအခုံ​ဖြစ်​ခဲ့​ကြောင်းကို နာသန်​သတိရ​သည်။ “ကျွန်တော့်​သူငယ်ချင်းတွေက သူတို့နဲ့​အလည်​သွားဖို့ လာ​ခေါ်​ကြတယ်၊ ဒါပေမဲ့ အုပ်စုဖွဲ့​ပြီး ဒါမှ​မဟုတ် အထိန်းအကွပ်​မရှိတဲ့​ပါတီပွဲ​တွေ သွားတာကို ကျွန်တော့်​မိဘတွေက တားဆီး​တယ်။ အဲဒီ​အချိန်တုန်းက တခြား​မိဘတွေ​ကြ​တော့ ဘာကြောင့် ခွင့်ပြု​နိုင်တယ်​ဆိုတာ​ကို ကျွန်တော်​နားမလည်​နိုင်​ခဲ့​ဘူး။”

သို့ရာတွင် နောက်ပိုင်း​တွင် နာသန်​သဘောပေါက်​သွား​သည်။ “‘လူငယ်​ရဲ့​နှလုံး​ထဲမှာ မိုက်တဲ့​သဘော ထုပ်​ထား​တာ’ ကို​ကျွန်တော်​သိလာတယ်။ အဲဒီ​မိုက်တဲ့​သဘော​ဟာ လူငယ်တွေ အုပ်စုဖွဲ့​တဲ့​အခါ အလွယ်တကူ ပေါ်လာ​နိုင်တာ​ကို​သိလာတယ်။ တစ်ယောက်​က မကောင်းတာ တစ်ခုခု စ​လုပ်လိုက်တာ​နဲ့ နောက်​တစ်ယောက်​က နောက်​တစ်ဆင့်​တက်ပြီး ဆိုး​ပြ​လေ​ရော၊ တတိယ​တစ်ယောက်​က အဲ့ဒီ​ထက်မက ပို​ဆိုး​ပြ​တော့​တာ​ပဲ။ နောက်ဆုံး အခြားသူ​အားလုံး​လည်း အဲ့​ဒါကို​ဝင်လုပ်​မိ​ကြ​ရော။ ယေဟောဝါ​ကို ကိုးကွယ်​တဲ့ လူငယ်တွေ​တောင် ဒီလို​ထောင်ချောက်​မျိုး​ထဲ ကျရောက်​သွားနိုင်တယ်။”—သု. ၂၂:၁၅

နာသန်​ရော မာ​ရီ​ယာ​ဟို​စေး​ပါ သူတို့၏​မိဘများ​က ရွယ်တူချင်း​များ လုပ်ဆောင်​ရာ​များ​ကို နား​ယောင်​ပြီး​လိုက်လုပ်ဖို့ ခွင့်​မပြု​သည့်​အခါ နှလုံး​အလို​မလိုက်​မိ​ရန် ရုန်းကန်​ခဲ့​ကြ​ရသည်။ သို့သော် သူတို့ စကား​နားထောင်​ခဲ့​ကြ​သည့်​အတွက် ဝမ်း​မနည်း​ကြ​ပါ။ နယပုံပြင်​တွင် ဤသို့​ဆို​သည်– “သင်၏​နား​ကို​ညွှတ်​၍ ပညာရှိ​စကား​ကို​နားထောင်​လော့။ ငါ့​ပညာ​အတတ်ကို​လည်း စိတ်နှလုံး​၌​စွဲလမ်း​လော့။”—သု. ၂၂:၁၇

ဂုဏ်တင်ထိုက်

တိမ်းစောင်း​နေသော သင်္ဘော​ကို ပဲ့ကိုင်​ရ​ခက်​သည်၊ အတိမ်း​စောင်း​လွန်သွား​လျှင် မှော​က်​သွား​နိုင်​သည်။ ကျွန်ုပ်​တို့၏​မစုံလင်မှု​ကြောင့် ကျွန်ုပ်​တို့အားလုံး​သည် အတ္တဆန်​သည့်၊ တားမြစ်​ရာ​ကို​လုပ်​လို​သည့် သဘော​သို့ တိမ်းစောင်း​တတ်ကြ​၏။ ဤသို့​သော​ဉာဉ်ဆိုး​များ​ရှိ​လင့်​ကစား လူငယ်များသည် မိဘများ​၏​လမ်းညွှန်မှုကို ဂရုတစိုက်​လိုက်လျှောက်​ကြ​မည်​ဆိုလျှင် အောင်မြင်​နိုင်​ပါ​သည်။

ဥပမာ၊ အသက်​သို့​ပို့ဆောင်​သည့်​လမ်းကျဉ်း​နှင့် ပျက်စီးခြင်း​သို့​ရောက်စေသည့် လမ်း​ကျယ်​တို့​ကြား​တွင် အလယ်​လမ်း​တစ်​လမ်း​ရှိသေး​သည်​ဟူသော အယူအဆကို ငြင်းပယ်​ရန် သင့်​မိဘများ​က ကူညီ​ပေး​နိုင်​သည်။ (မဿဲ ၇:၁၃၊ ၁၄) မှားယွင်းမှု​ကို အပြည့်အဝ​မဟုတ်ဘဲ အနည်း​အကျဉ်း​လိုက်စား​နိုင်​သည်​ဟု​ယူဆ​ခြင်း​သည် မျို​မချ​ဘဲ “အရသာ” ခံနိုင်​သည်​ဟု ယူဆ​ခြင်း​ကဲ့သို့​ပင် လက်တွေ့​မကျ​ချေ။ ထိုသို့​သော​လမ်းစဉ်​ကို လိုက်လျှောက်ရန်​ကြိုးစား​သူတို့သည် ‘အယူအဆ​နှစ်မျိုး​စပ်ကြား​တွင် ယုံမှား​သော​စိတ်​နှင့်​ရပ်နေ’ ကြ​ကာ ယေဟောဝါ​အား အတိုင်းအတာ​တစ်ခု​အထိ ဝတ်ပြု​ကိုးကွယ်​စဉ် ဤ​လောက​နှင့် လောက​ရှိ​အရာများ​ကို ချစ်​နေကြ​သူများ​သည် ဝိညာဉ်​ရေး​အရ အလွယ်တကူ တိမ်းစောင်း​သွား​နိုင်​ကြသည်။ (၃ ဓမ္မ​ရာဇဝင် ၁၈:၂၁; ၁ ယောဟန် ၂:၁၅) ထိုသို့ အဘယ်ကြောင့်​ဖြစ်​ရသနည်း။ ကျွန်ုပ်​တို့၏ အပြစ်ရှိ​သော​ဉာဉ်ဆိုး​များ​ကြောင့်​ဖြစ်သည်။

ကျွန်ုပ်​တို့၏​မစုံလင်​သော​ဆန္ဒ​များ​၏​အလို​သို့​လိုက်​လျှင် ယင်း​တို့သည် မိမိကို ပိုမို​လွှမ်းမိုး​လာ​ပေ​လိမ့်​မည်။ ကျွန်ုပ်​တို့၏ ‘စဉ်းလဲ​သော​နှလုံး’ သည် တစ်​လု​တ်​စာ​လောက် မြည်းစမ်း​ရ​ရုံ​ဖြင့် တင်းတိမ်​တော့​မည် မဟုတ်​ချေ။ ပိုမို​လိုချင်​လာ​လိမ့်​မည်။ (ယေရမိ ၁၇:၉) ဝိညာဉ်ရေးတွင် ကျွန်ုပ်​တို့​အစပြု ရွေ့​လျော့​သွားပြီ​ဆိုလျှင် ဤ​လောကသည် ကျွန်ုပ်​တို့ကို ပိုမို​သြဇာလွှမ်း​မိုး​လာ​ပါ​လိမ့်​မည်။ (ဟေဗြဲ ၂:၁) သင်သည် ဝိညာဉ်ရေးတွင် တိမ်းစောင်း​နေကြောင်း ကိုယ့်​ကိုယ်ကို​သတိ​မပြုမိ​သော်လည်း သင့်​မိဘများ​က သတိပြုမိ​ပေမည်။ မှန်ပါသည်၊ သူတို့သည် ကွန်ပျူတာ​ပရိုဂရမ်​တစ်ခု​ကို သင့်​လောက် တတ်​မြန်​မည်​မဟုတ်သော်လည်း စဉ်းလဲ​သော​နှလုံး​အကြောင်းကို​မူ သင့်​ထက် သူတို့​ပို​သိထားကြသည်။ သူတို့သည် အသက်​ရစေ​နိုင်​သည့် ‘လမ်းပေါ် သင့်​စိတ်နှလုံး​ကို ပို့ဆောင်’ ပေး​လို​ကြသည်။—သု. ၂၃:၁၉

မှန်ပါသည်၊ သင့်​မိဘများသည် တေးဂီတ၊ ဖျော်ဖြေမှု​နှင့် ဝတ်စား​ဖြီးလိမ်းပုံ​စ​သည့် ခက်ခဲ​သော​ကဏ္ဍ​များ​တွင် သင့်​အား လမ်းညွှန်​ပေး​ကြ​သည့်​အခါ အရာရာကို အပြစ်ဆိုဖွယ်​မရှိ သူတို့​စီရင်​ပေး​တတ်​မည်​ဟု မမျှော်လင့်​ပါ​နှင့်။ သင့်​မိဘများ​တွင် ရှောလမုန်​၏​ဉာဏ်ပညာ၊ ယောဘ​၏​စိတ်ရှည်​သည်းခံမှု​မျိုး ရှိ​ချင်​မှ​ရှိ​မည်။ သင်္ဘော​ပဲ့ကိုင်​တစ်ဦး​ကဲ့သို့ သတိထား​လွန်း​၍ တစ်ခါတစ်ရံ မှား​တတ်ကြ​ပေမည်။ သို့​တိုင် သင်သည် ‘အဘ​၏​နည်း​ဥပဒေသကို နားထောင်​၍ အမိ​၏​တရားကို​လည်း မ​ပယ်’ လျှင် သူတို့၏​လမ်းညွှန်မှု​သည် တန်ဖိုး​ဖြတ်​မရ​ဖြစ်​ပေ​လိမ့်​မည်။—သု. ၁:၈၊ ၉

တခြား​လူငယ်များ​က သူတို့၏​မိဘများ​ကို အထင်အမြင်​သေး​စွာ ရှုတ်ချ​ပြောဆို​ကြ​ပေ​လိမ့်​မည်။ သို့​တိုင် သင့်​မိဘများသည် သမ္မာကျမ်းစာ​ကို ကြိုးစား​လိုက်လျှောက်​နေကြ​မည်​ဆိုလျှင် အချိန်​အခါ​မရွေး အခက်အခဲ​အမျိုးမျိုး ရင်ဆိုင်​ရချိန်တွင် သင့်​အနီးအနား​တွင် သင့်​မိဘများ​ရှိနေကြပါ​လိမ့်​မည်။ အတွေ့အကြုံ​ရှိသည့် ရေကြောင်း​ပြ​၏​အကြံဉာဏ်​ကို​လိုက်ရ​သည့် သင်္ဘော​မာ​လိ​န်မှူး​ကဲ့သို့​ပင် ပညာရှိ​လမ်းစဉ်တွင်​လျှောက်လှမ်း​ရန် သင့်​မိဘများ​၏​လမ်းညွှန်​ပေး​မှု၊ ဦး​ဆောင်ပေး​မှု လိုအပ်​ပါ​သည်။ ရရှိ​မည့်​အကျိုး​ရလဒ်များ​ကို တွက်ချက်​၍​မကုန်နိုင်​ချေ။

“ပညာ​သည် သင်၏​နှလုံး​ထဲ​သို့​ဝင်၍ သင်သည် သိ​ကြား​ခြင်း​၌​မွေ့လျော်​သောအခါ၊ [ကောင်းသော]သတိ​သည် သင့်ကို​ထိန်းသိမ်း​၍ ဉာဏ်​သည်လည်း စောင့်ရှောက်​သဖြင့်၊ ဆိုးသော​လမ်း​မှ ကယ်တင်​လိမ့်​မည်။ ကောက်​သော​စကား​ကို​ပြောတတ်​သော​သူ၊ ဖြောင့်မတ်​သော​လမ်းကို​စွန့်​၍ မိုက်မဲ​သော​လမ်း​သို့​လိုက်​သော​သူ . . . တို့၏​လက်​မှ . . . ကယ်တင်​လိမ့်​မည်။ . . . ဖြောင့်မတ်​သော​သူတို့သည် ပြည်တော်​၌​နေ၍ စုံလင်သော​သူတို့သည် နေရာကျ​ကြလိမ့်မည်။”—သု. ၂:၁၀-၁၇၊ ၂၁

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

အခြား​လူငယ်များ​၏​သြဇာ​သည် သင့်ကို ဝိညာဉ်​ရေး လမ်းလွဲ​သွား​စေနိုင်

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ဒိန​၏​အတွေ့အကြုံကို သတိရပါ

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

သင်္ဘော​မာ​လိ​န်မှူး​တစ်ဦး​သည် အတွေ့အကြုံ​ရှိသော ရေကြောင်း​ပြ​တစ်ဦး၏ အကြံပေး​ချက်​ကို ရှာယူ​သကဲ့သို့ လူငယ်များသည် ၎င်း​တို့​မိဘများ​၏ လမ်းညွှန်မှုကို ရှာယူ​သင့်

[Picture Credit Line on page 24]

Photo: www.comstock.com