ဝိညာဉ်ရေးအဖိုးတန်ရာများ လိုက်စားခြင်းမှ အကျိုးရယူလော့
ဝိညာဉ်ရေးအဖိုးတန်ရာများ လိုက်စားခြင်းမှ အကျိုးရယူလော့
“ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒမပြေနိုင်။ စည်းစိမ်ကို တပ်မက်သောသူသည် စည်းစိမ်တိုးပွားသော်လည်း မရောင့်ရဲနိုင်။”—ဒေ. ၅:၁၀။
အလုပ်ဝန်ပိမှုကြောင့် စိတ်ဖိစီးမှုဖြစ်ပေါ်လာနိုင်၏၊ စိတ်ဖိစီးမှုကြောင့် ကျန်းမာရေးထိခိုက်လာနိုင်၏၊ တစ်ခါတစ်ရံ သေသွားနိုင်၏။ နိုင်ငံများစွာတွင် လင်မယားကွာရှင်းခြင်းကြောင့် မိသားစုများ ပြိုကွဲလျက်ရှိသည်။ စည်းစိမ်ဥစ္စာအပေါ် အလွန်အမင်း အာရုံစိုက်မှုကြောင့် ထိုသို့သောကြေကွဲဖွယ်ရာများ ဖြစ်လာတတ်သည်။ ရှိသမျှနှင့်ရောင့်ရဲမည့်အစား၊ ဥစ္စာပစ္စည်းပိုင်ဆိုင်ဖို့သာ အာရုံစိုက်နေသူသည် ဖြစ်ပေါ်လာမည့်အကျိုးဆက်ကို ပမာဏမပြုဘဲ အတောမသတ်နိုင်အောင် လိုချင်နေပေမည်။ ကိုယ့်အားကိုယ်ကိုးလမ်းညွှန်စာအုပ်တစ်အုပ်က ဤသို့ဖော်ပြ၏– “အိမ်နီးချင်းတစ်ဦးသည် နေ့ရောညပါ အလုပ်မလုပ်ရမနေနိုင် လုပ်ကိုင်သောကြောင့် အသက်လေးဆယ့်သုံးနှစ်အရွယ်တွင် နှလုံးရောဂါဖြစ်တော့မည်ကို သိကြလျက်နှင့် သူနှင့်ပြိုင်ဆိုင်လိုကြခြင်းသည် လူ့ဝါသနာပင်ဖြစ်သည်။”
ရလေ၊ လိုလေ စိတ်ကြောင့် ရရှိနိုင်မည့် ပျော်ရွှင်မှုပင် ပျောက်ဆုံးပေလိမ့်မည်။ ဤကိစ္စတွင် လူ့အားနည်းမှုကို ဆွဲဆောင်မှုရှိသောကြော်ငြာက အနိုင်ယူလေ့ရှိ၏! ရုပ်မြင်သံကြားကြော်ငြာများသည် သင်,အမှန်တကယ် မလိုအပ်၊ မဝယ်နိုင်သော ပစ္စည်းများကို အတင်းဝယ်ခိုင်းလေ့ရှိ၏။ ယင်းတို့အားလုံးသည် ဘေးသင့်စေနိုင်၏။
ချုပ်တည်းမှုမရှိ စိတ်အလိုလိုက်ခြင်းသည် ကျွန်ုပ်တို့၏ကာယရေးနှင့် ကိုယ်ကျင့်တရားကို မသိမသာပျက်စီးသွားစေနိုင်သည်။ ဥပမာ၊ ပညာရှိရှင်ဘုရင်ရှောလမုန်က “ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေ” သည်ဟု ပြောခဲ့၏။ (သု. ၁၄:၃၀) ယင်းနှင့်ခြားနားစွာ၊ အလုပ်ကြိုးစားလွန်းခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် ပစ္စည်းဥစ္စာစုဆောင်းလွန်းခြင်းတို့သည် ကျွန်ုပ်တို့၏ကျန်းမာရေးကို ထိခိုက်စေပြီး ပျော်ရွှင်မှုကို ပျောက်ဆုံးစေနိုင်၏။ ကျွန်ုပ်တို့၏ဘဝတွင် စည်းစိမ်ဥစ္စာကို အဓိကထားလျှင် ပေါင်းသင်းဆက်ဆံရေးလည်း ထိခိုက်၏။ လူတစ်ဦး၏မိသားစုဘဝနှင့် လူမှုဆက်ဆံရေးတို့ ပျက်ပြားသွားသည့်အခါ သူ၏ဘဝအရည်အသွေးလည်း ထိခိုက်သွားနိုင်၏။
ဝိညာဉ်ရေးအဖိုးတန်ရာများ၏ အားသာချက်
ရာစုနှစ်များစွာကတည်းက ‘လောကပုံသဏ္ဌာန်ကိုမဆောင်ကြ’ နှင့်ဟု တမန်တော်ပေါလုက ဆုံးမခဲ့၏။ (ရောမ ၁၂:၂) ဤလောကသည် ၎င်း၏စံနှုန်းနှင့်အညီ နေထိုင်သူများကို ချစ်မြတ်နိုး၏။ (ယောဟန် ၁၅:၁၉) ဥစ္စာမက်မောသော ဘဝပုံစံအတိုင်း နေထိုင်ရန် သင်၏အကြား၊ အမြင်၊ အနံ့၊ အရသာ၊ အထိအတွေ့စသည့် အာရုံငါးပါးကို ဆွဲဆောင်ပေလိမ့်မည်။ သင်နှင့် အခြားသူများအား ပစ္စည်းဥစ္စာစုဆောင်းကြရန် “မျက်စိတပ်မက်ခြင်း” ကိုအလေးပေးစေ၏။—၁ ယောဟန် ၂:၁၅-၁၇။
သို့ရာတွင် ငွေကြေး၊ ကျော်ကြားမှုနှင့် စည်းစိမ်တို့ထက် သာ၍အရေးကြီးသည့် အဖိုးတန်ရာများ ရှိပါသည်။ ရာစုနှစ်များစွာက ဘုရင်ရှောလမုန်သည် ဤလောကမှရရှိနိုင်သမျှ စည်းစိမ်ဥစ္စာများကို စုဆောင်းနိုင်ခဲ့သည်။ သူ့တွင် အိမ်များ၊ ပန်းခြံများ၊ သီးစားခြံများ၊ အစေခံများ၊ ခြံမွေးတိရစ္ဆာန်များ၊ သီချင်းသည်ယောက်ျားမိန်းမများအပြင် ရွှေငွေများစွာရှိ၏။ ရှောလမုန်သည် သူ့အရင်က ချမ်းသာသူအားလုံးတို့ထက် စည်းစိမ်ဥစ္စာရှိသည်။ သူ့အား သူဌေးသူကြွယ်ဟူ၍ ခေါ်ဆိုခြင်းသည် လျှော့ပြောနေခြင်းဖြစ်သည်။ သူသည် လိုတရသူတစ်ဦးဖြစ်၏။ သို့တိုင် သူ၏အောင်မြင်မှုများကို သူကြည့်ပြီး “အလုံးစုံတို့သည် အ[ချည်းနှီး]အမှု၊ လေကိုကျက်စားသောအမှုဖြစ်၏” ဟုဆိုခဲ့သည်။—ဒေ. ၂:၁-၁၁။
ဝိညာဉ်ရေးအဖိုးတန်ရာများကို လိုက်စားမှသာ သာ၍ကျေနပ်ရောင့်ရဲမှုရှိနိုင်ကြောင်း ရှောလမုန်ရရှိထားသည့် သာလွန်သောဉာဏ်ပညာဖြင့် သူသိရှိခဲ့သည်။ ထို့ကြောင့် သူဤသို့ရေးသားခဲ့သည်– “အချုပ်အခြာစကားဟူမူကား ဘုရားသခင်ကို ကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။”—ဒေ. ၁၂:၁၃။
ဘုရားသခင့်စကားတော် သမ္မာကျမ်းစာတွင် တွေ့ရှိနိုင်သည့် ဘဏ္ဍာသည် ရွှေငွေထက် သာ၍တန်ဖိုးရှိ၏။ (သု. ၁၆:၁၆) ကျောက်မျက်ရတနာများနှင့်တူသည့် နက်နဲသောအမှန်တရားကို ထိုတွင် သင်တွေ့ရှိရမည်။ ၎င်းကို သင်ရှာဖွေဆည်းပူးမည်လော။ (သု. ၂:၁-၆) အမှန်တကယ်တန်ဖိုးရှိရာများ၏ ရင်းမြစ်ဖြစ်သော ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် ၎င်းကိုရှာဖွေဆည်းပူးရန် တိုက်တွန်းထားပြီး ကူညီပေးတော်မူလိမ့်မည်။ မည်သို့အားဖြင့်နည်း။
ယေဟောဝါသည် မိမိ၏စကားတော်၊ ဝိညာဉ်တော်နှင့် အဖွဲ့အစည်းတို့မှတစ်ဆင့် အမှန်တရားကျောက်မျက်များကို ပေးသနားတော်မူ၏။ (ဆာလံ ၁:၁-၃; ဟေရှာယ ၄၈:၁၇၊ ၁၈; မဿဲ ၂၄:၄၅-၄၇; ၁ ကောရိန္သု ၂:၁၀) တန်ဖိုးမဖြတ်နိုင်သော ဤရှားပါးကျောက်မျက်များကို ဆန်းစစ်ကြည့်ခြင်းဖြင့် အကောင်းဆုံးနှင့် အကျိုးအရှိဆုံးဘဝလမ်းစဉ်ကို အသိဉာဏ်ရှိရှိ ရွေးချယ်နိုင်သည်။ ထိုသို့ပြုရန် ခက်မည်မဟုတ်ပေ၊ အကြောင်းမှာ ကျွန်ုပ်တို့၏ဖန်ဆင်းရှင် ယေဟောဝါသည် ကျွန်ုပ်တို့ စစ်မှန်သောပျော်ရွှင်မှုရရှိရန် အဘယ်အရာလိုကြောင်း သိထားတော်မူ၏။
အမြင့်မြတ်ဆုံးအဖိုးတန်ရာများကို ကျမ်းစာအားပေး
သမ္မာကျမ်းစာတွင်ပါရှိသည့် အလွန်ကောင်းသောဆုံးမစကားသည် လက်တွေ့ကျပြီး ပြိုင်စံရှားသည်။ ကျမ်းစာထောက်ခံသော ကိုယ်ကျင့်တရားစံနှုန်းများသည် ထူးကဲသာလွန်၏။ ၎င်း၏ဆုံးမစကားသည် အစဉ်အကျိုးရှိ၏။ ယင်းသည် ယနေ့ထိ မှန်ကန်ပြီး လက်တွေ့ကျဆဲပင်။ ကျမ်းစာ၏အလွန်ကောင်းသော အကြံပြုချက်အချို့မှာ အလုပ်ကြိုးစားရန်၊ ရိုးသားရန်၊ ငွေကို ပညာရှိရှိသုံးစွဲရန်၊ မပျင်းရိရန်တို့ဖြစ်သည်။—သု. ၆:၆-၈; ၂၀:၂၃; ၃၁:၁၆။
၎င်းနှင့်အညီ ယေရှုဤသို့မိန့်ဆိုခဲ့သည်– “သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကိုမဆည်းပူးကြနှင်။ သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးမထွင်းမဖောက် မခိုးမယူရာ ကောင်းကင်ဘုံ၌ဘဏ္ဍာကို ဆည်းပူးကြလော့။”—မဿဲ ၆:၁၉၊ ၂၀။
လွန်ခဲ့သောအနှစ် ၂၀၀၀ ကအဆိုပါ အချိန်တန်ဆုံးမစကားသည် ယနေ့အထိ အကျုံးဝင်၏။ စည်းစိမ်ဥစ္စာကို အတောမသတ် စုဆောင်းမည့်အစား သာလွန်ထူးကဲသော ဘဝလမ်းစဉ်ကို လိုက်လျှောက်ခြင်းမှ ယခုပင် အကျိုးရရှိနိုင်သည်။ အဓိကသော့ချက်မှာ စစ်မှန်သောပျော်ရွှင်မှုနှင့် ကျေနပ်ရောင့်ရဲသည့်ဘဝ ရရှိစေသည့် ဝိညာဉ်ရေးဘဏ္ဍာကို စုဆောင်းခြင်းဖြစ်သည်။ မည်သို့စုဆောင်းနိုင်သနည်း။ သမ္မာကျမ်းစာကို ဖတ်ရှုပြီး ယင်း၏သွန်သင်ချက်ကို လိုက်လျှောက်ခြင်းအားဖြင့်ဖြစ်သည်။
ဝိညာဉ်ရေးအဖိုးတန်ရာများ အကျိုးပြု
ဝိညာဉ်ရေးအဖိုးတန်ရာများကို လျောက်ပတ်စွာ အသုံးပြုမည်ဆိုလျှင် ကာယရေးအရ၊ စိတ်ဓာတ်ရေးအရ၊ ဝိညာဉ်ရေးအရ ကျွန်ုပ်တို့ အကျိုးခံစားရသည်။ ကမ္ဘာမြေပြင်အထက်ရှိ အိုဇုန်းလွှာသည် ဘေးသင့်စေနိုင်သော နေရောင်ခြည်များမှ ကျွန်ုပ်တို့ကို ကာကွယ်ပေးသကဲ့သို့ အလွန်ကောင်းသော ကိုယ်ကျင့်တရားစံနှုန်းများသည် စည်းစိမ်ဥစ္စာစုဆောင်းခြင်း အန္တရာယ်ကို သိရှိစေခြင်းအားဖြင့် ကာကွယ်ပေးသည်။ ခရစ်ယာန်တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “ငွေရတတ်ခြင်းငှာ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်းတတ်ကြ၏။ အကြောင်းမူကား၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကိုတပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှလွဲသွား၍ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ် ထုတ်ချင်းခပ်အောင် ထိုးကြပြီ။”—၁ တိမောသေ ၆:၉၊ ၁၀။
စည်းစိမ်ဥစ္စာတပ်မက်မှုကြောင့် ပိုချမ်းသာရန်၊ ရာထူးကြီးရန်၊ အခွင့်အာဏာရှိရန် လူတို့ ကြိုးစားတတ်ကြ၏။ များသောအားဖြင့် ဤပန်းတိုင်များသို့ရောက်ရှိရန် လိမ်လည်ကောက်ကျစ်သောနည်းများကို အသုံးပြုတတ်ကြသည်။ စည်းစိမ်ဥစ္စာစုဆောင်းခြင်းသည် အချိန်၊ ခွန်အားနှင့် စွမ်းရည်တို့ကို အလဟဿကုန်ခန်းစေ၏။ ယင်းကြောင့် အိပ်ရေးပျက်နိုင်၏။ (ဒေ. ၅:၁၂) ရလေ၊ လိုလေ စိတ်ထားသည် ဝိညာဉ်ရေးတိုးတက်မှုကို ဟန့်တားသည်။ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားဖြစ်သူ ယေရှုခရစ်သည် သာ၍ကောင်းသောလမ်းစဉ်ကို ဤသို့ရှင်းလင်းစွာ ဖော်ပြခဲ့သည်– “ဝိညာဉ်ရေးတွင် လိုလျက်နေကြောင်း သတိပြုမိသူများသည် ပျော်ရွှင်ကြ၏။” (မဿဲ ၅:၃၊ ကဘ) ဝိညာဉ်ရေးစည်းစိမ်များသည် ထာဝစဉ်ကောင်းကျိုးခံစားရစေပြီး ယာယီခံပစ္စည်းဥစ္စာထက် အလွန့်အလွန်တန်ဖိုးရှိကြောင်း ကိုယ်တော် သိရှိတော်မူ၏။—လုကာ ၁၂: ၁၃-၃၁။
အမှန်ပင် အကျိုးရှိသလော
ဂရက်ဂ်က ဤသို့အမှတ်ရသည်– “ဝိညာဉ်ရေးတန်ဖိုးရှိရာတွေက လက်တွေ့မကျဘူးလို့ မိဘတွေက ကျွန်တော့်ကို ကြိုးစားဖျောင်းဖျကြတယ်။ ဒါပေမဲ့ ဝိညာဉ်ရေးပန်းတိုင်တွေနောက် လိုက်တဲ့အတွက် စည်းစိမ်ဥစ္စာပြိုင်ဆိုင်မှုဒဏ်ကို ကျွန်တော်မခံရဘဲ အရမ်းကို စိတ်ငြိမ်သက်တယ်။”
ဝိညာဉ်ရေးအဖိုးတန်ရာများသည်လည်း ပုဂ္ဂိုလ်ရေးဆက်ဆံမှုများကို သာ၍ကောင်းလာစေ၏။ မိတ်ဆွေစစ်များသည် သင်၏ပိုင်ဆိုင်ရာကိုမဟုတ်ဘဲ သင်၏ကိုယ်ရည်ကိုယ်သွေးကို နှစ်သက်ကြ၏။ သမ္မာကျမ်းစာက “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏” ဟုထောက်ခံသည်။ (သု. ၁၃:၂၀) ထို့ပြင် သာယာသောအိမ်ထောင်တစ်ခုသည် စည်းစိမ်ဥစ္စာဖြင့်မဟုတ်ဘဲ ဉာဏ်ပညာ၊ ချစ်ခြင်းမေတ္တာတို့ဖြင့် တည်ဆောက်ထားခြင်းဖြစ်၏။—ဧဖက် ၅: ၂၂–၆:၄။
ကျွန်ုပ်တို့သည် တန်ဖိုးရှိရာများကို သိရှိ၍ မွေးလာသည်မဟုတ်။ ယင်းတို့ကို ကျွန်ုပ်တို့၏ရွယ်တူချင်း သို့မဟုတ် မြင့်မြတ်သောရင်းမြစ်တစ်ခုမှ သင်ယူရမည်။ ထိုအကြောင်းကြောင့် ကျမ်းစာအခြေပြုပညာသည် စည်းစိမ်ဥစ္စာအပေါ် ကျွန်ုပ်တို့၏အမြင်ကို လုံးလုံးပြောင်းလဲသွားစေနိုင်၏။ “ကျွန်တော် တန်ဖိုးထားရာများကို ပြန်သုံးသပ်ကြည့်ဖို့ အကူအညီပေးခံရတဲ့အခါ အခြေခံလိုအပ်ရာတွေနဲ့ပဲ ရောင့်ရဲတတ်လာတယ်” ဟုဘဏ်လုပ်ငန်းရှင်ဟောင်း ဒေါန်က ပြောပြသည်။
တာရှည်ခံဝိညာဉ်ရေးဥစ္စာအင်ခွင်ကို စုဆောင်းလော့
ဝိညာဉ်ရေးအဖိုးတန်ရာများသည် ရေတိုအားရကျေနပ်မှုမဟုတ်ဘဲ ရေရှည်အကျိုးပြု၏။ ပေါလုက ‘မျက်မှောက်တွင်ရှိရာ [စည်းစိမ်ဥစ္စာ] သည် တစ်ခဏမျှဖြစ်ပြီး မျက်မှောက်တွင်မရှိရာ [ဝိညာဉ်ရေးရာ] သည်ထာဝရတည်၏’ ဟုရေးသားခဲ့သည်။ (၂ ကောရိန္သု ၄:၁၈၊ ကဘ) စည်းစိမ်ဥစ္စာသည် စိတ်အလိုကို လတ်တလော ဖြည့်ဆည်းပေးသည်မှန်သော်လည်း လိုဘတက်ခြင်းသည် နောင်အတွက် အကျိုးမရှိ။ ဝိညာဉ်ရေးအဖိုးတန်ရာများမူ ထာဝစဉ်အကျိုးရှိ၏။—သု. ၁၁:၄; ၁ ကောရိန္သု ၆:၉၊ ၁၀။
ဤအချိန်တွင် အလွန်ရေပန်းစားနေသည့် စည်းစိမ်ဥစ္စာစုဆောင်းခြင်းအပေါ် အာရုံစိုက်မှုကို သမ္မာကျမ်းစာက ပြစ်တင်ရှုတ်ချထားသည်။ ကျွန်ုပ်တို့၏မျက်စိကို ရိုးရှင်းစေခြင်းအားဖြင့် ကိုယ်ကျိုးရှာစိတ်ဓာတ်ကို ချိုးနှိမ်ရန် ကျမ်းစာက သွန်သင်ပေးပြီး သာ၍အရေးကြီးသည့် ဝိညာဉ်ရေးရာများကို အာရုံစိုက်စေ၏။ (ဖိလိပ္ပိ ၁:၁၀၊ ကဘ) အမှန်ဆိုရလျှင် လိုဘတက်ခြင်းသည် မိမိကိုယ်ကို အရေးပေးလွန်းခြင်းဖြစ်ကြောင်း ဖော်ပြသည်။ သမ္မာကျမ်းစာမှ ကျွန်ုပ်တို့သိရှိရာတို့ကို ကျင့်သုံးလေလေ၊ အလွန်ပျော်ရွှင်လေလေဖြစ်သည်။ ရယူခြင်းထက် ပေးကမ်းခြင်းကို အာရုံစိုက်စေ၏။ စိတ်အလိုလိုက်ခြင်းကို ဝိညာဉ်ရေးအဖိုးတန်ရာများနှင့် အစားထိုးရန် တကယ်ကို အစွမ်းကြီးသည့် လှုံ့ဆော်မှုတစ်ခုဖြစ်၏!
ငွေသည် အတော်အတန် ကာကွယ်ပေးသည်မှာ မှန်၏။ (ဒေ. ၇:၁၂) သို့သော် သမ္မာကျမ်းစာက ဤသို့မှန်ကန်စွာဖော်ပြ၏– ‘ရွှေလင်းယုန်သည် ပျံတတ်သကဲ့သို့ သင်၏ငွေသည် တစ်မုဟုတ်ချင်း ပျောက်သွားတတ်၏။’ (သု. ၂၃:၅၊ သမ) လူတို့သည် ရုပ်ပစ္စည်း ပိုမိုကြွယ်ဝလာရေးအတွက် သူတို့၏ကျန်းမာရေး၊ သူတို့၏မိသားစု၊ သူတို့၏ကြည်လင်သောသိစိတ်တို့ကို ဆိုးကျိုးသက်ရောက်စေသည့်အထိ ပုံပေးခဲ့ကြပြီ။ ဝိညာဉ်ရေးစိတ်ထားရှိလျှင်မူ ကျွန်ုပ်တို့အတွက် အရေးကြီးဆုံးအရာများဖြစ်သော ချစ်ခြင်းမေတ္တာ၊ ရည်ရွယ်ချက်နှင့် မေတ္တာရှင်ဘုရားသခင် ယေဟောဝါအား ကိုးကွယ်ဖို့ လိုအပ်ချက်တို့ ပြည့်ဝသွားစေသည်။ ဘုရားသခင်ပေးထားသော မျှော်လင့်ချက်ဖြစ်သည့် ပရဒိသုကမ္ဘာမြေပေါ်တွင် စုံလင်သူများအဖြစ် ထာဝစဉ်အသက်ရှင်ရာလမ်းသို့လည်း လမ်းညွှန်ပေး၏။
မကြာမီ ဘုရားသခင့်ကမ္ဘာသစ်တွင် ကြီးပွားချမ်းသာလိုသော လူ့ဆန္ဒ ပြည့်ဝလာလိမ့်မည်။ (ဆာလံ ၁၄၅:၁၆) ထိုအခါ ကမ္ဘာမြေတစ်ခွင်သည် ‘ယေဟောဝါအား သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်’ ဖြစ်သည်။ (ဟေရှာယ ၁၁:၉) ဝိညာဉ်ရေးအဖိုးတန်ရာများသည် တိုးပွားများပြားလာပါလိမ့်မည်။ စည်းစိမ်ဥစ္စာမက်မောခြင်းနှင့် ၎င်းကြောင့်ဖြစ်ပေါ်လာသော ဆိုးကျိုးများ လုံးဝပျောက်ကွယ်သွားပါလိမ့်မည်။ (၂ ပေတရု ၃:၁၃) ထိုအခါ ကျန်းမာရေးကောင်းခြင်း၊ ကျေနပ်ဖွယ်အလုပ်အကိုင်ရှိခြင်း၊ အကျိုးရှိရှိအပန်းဖြေခြင်း၊ နွေးထွေးသောမိသားစုဆက်ဆံရေးရှိခြင်း၊ ဘုရားသခင်နှင့်မိတ်ဆွေ အမြဲဖြစ်ခြင်းတို့သည် ထာဝစဉ်အမှန်တကယ်ပျော်ရွှင်စေပြီး အသက်ရှင်ရကျိုးနပ်ပါလိမ့်မည်။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
သင့်ငွေကို ပညာရှိရှိ အသုံးပြု!
သင့်လိုအပ်ရာများကို ခွဲခြားသိရှိပါ။ ယေရှုသည် ကျွန်ုပ်တို့ကို ဤသို့ဆုတောင်းရန် သင်ပေးခဲ့သည်– “အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား နေ့ရက်အစဉ်အတိုင်း ပေးသနားတော်မူပါ။” (လုကာ ၁၁:၃) ယနေ့ လိုချင်ရာများကို မနက်ဖြန် လိုအပ်ရာများ မဖြစ်စေပါနှင့်။ သင့်အသက်သည် သင့်ပိုင်ဆိုင်ရာများမှ ဖြစ်ပေါ်လာခြင်းမဟုတ်ကြောင်း သတိရပါ။—လုကာ ၁၂:၁၆-၂၁။
ဘတ်ဂျက်ဆွဲပါ။ စိတ်ကူးပေါက်ရာ မဝယ်ပါနှင့်။ သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– “လုံ့လဝီရိယပြုသောသူ၏ အကြံအစည်သည် ကြွယ်ဝခြင်းနှင့်လည်းကောင်း၊ . . . သတိမရှိသောသူ၏ အကြံအစည်သည် ဆင်းရဲခြင်းနှင့်လည်းကောင်း ဆိုင်ပေ၏။” (သု. ၂၁:၅) စီးပွားရေးလုပ်ငန်းတစ်ခုခုမစမီ ကုန်ကျစရိတ်ကို တွက်ချက်ပါဟူ၍ တရားနာသူများအား ယေရှုအကြံပြုခဲ့သည်။—လုကာ ၁၄:၂၈-၃၀။
မလိုအပ်ဘဲ အကြွေးယူခြင်းကိုရှောင်ပါ။ အကြွေးနှင့်ဝယ်မည့်အစား ဖြစ်နိုင်လျှင် ငွေစုပြီးမှ ဝယ်ပါ။ ယင်းကို နယပုံပြင်ကျမ်းက ဤသို့ဆို၏– “ချေးငှားယူသောသူသည် ချေးငှားပေးသောသူ၌ ကျွန်ဖြစ်၏။” (သု. ၂၂:၇) သင်၏ဘတ်ဂျက်ဘောင်အတွင်း နေထိုင်ခြင်းဖြင့် အဓိကလိုအပ်ရာများကို ဝယ်ယူနိုင် မည်ဖြစ်သည်။
ဖြုန်းတီးခြင်းကိုရှောင်ပါ။ ရှိနှင့်ပြီးသား ပစ္စည်းများကို မပျက်စီးစေဘဲ ကြာရှည်ခံစေခြင်းအားဖြင့် သုံးဖြုန်းခြင်းကိုလျော့နည်း စေပါ။ ယေရှုသည် မိမိအသုံးပြုရာနှင့်စပ်လျဉ်း၍ သိမ်းဆည်းခြင်းဆိုင်ရာ သဘောထားမှန်ဖော်ပြခဲ့သည်။—ယောဟန် ၆:၁၀-၁၃။
ဦးစားထားသင့်ရာများကို ဦးစားထားပါ။ ပညာရှိသည် သာ၍အရေးကြီးသောပန်းတိုင်များကို လိုက်မီရန် ‘အချိန်ဝယ်ယူ’ မည်။—ဧဖက် ၅:၁၅၊ ၁၆။
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
အတွေ့အကြုံမှ သင်ယူခြင်းထက် —သာ၍ကောင်းသော သင်ယူနည်းရှိ
ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကိုယ်ပိုင်အတွေ့အကြုံ နှစ်ခုစလုံးမှ တန်ဖိုးရှိသင်ခန်းစာများ ရရှိနိုင်၏။ သို့သော်အတွေ့အကြုံ သည် အကောင်းဆုံးဆရာဖြစ်သည်ဟူသော အဆိုသည် မှန်ပါသလော။ မမှန်ပါ၊ ထိုထက်ကောင်းသော လမ်းညွှန်မှုရင်းမြစ်တစ်ခုရှိသည်။ ဆာလံဆရာသည် သူဆုတောင်းစဉ် ယင်းကို ဤသို့ခွဲခြားဖော်ပြသည်– “နှုတ်[မြွက်စကား]တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။”—ဆာလံ ၁၁၉:၁၀၅။
ကိုယ်ပိုင်အတွေ့အကြုံမှ သင်ယူခြင်းထက် ဘုရားသခင်၏ လမ်းညွှန်မှုမှ သင်ယူခြင်းသည် အဘယ်ကြောင့် သာလွန်ကောင်းမြတ်သနည်း။ အကြောင်းရင်းတစ်ခုမှာ မှားလိုက်ပြင်လိုက် အတွေ့အကြုံမှ သင်ယူခြင်းသည် ပေးဆပ်မှုများပြီး အထိနာနိုင်၏။ ထိုသို့ ဖြစ်စရာလည်း မလိုပါ။ ဘုရားသခင်သည် ရှေးဣသရေလလူတို့ကို ဤသို့မိန့်ဆိုခဲ့သည်– “သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ ပြုလျှင် သင်၏ချမ်းသာသည် မြစ်ကဲ့သို့လည်းကောင်း၊ သင်၏ဖြောင့်မတ်ခြင်း . . . သည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။”—ဟေရှာယ ၄၈:၁၈။
သမ္မာကျမ်းစာသည် အထူးကောင်းမွန်သော လမ်းညွှန်ချက်ဖြစ်ရသည့် အကြောင်းရင်းတစ်ခုမှာ ၎င်းတွင် ရှေးအကျဆုံးနှင့် အတိကျဆုံး လူ့တွေ့ ကြုံမှုမှတ်တမ်းပါရှိခြင်းဖြစ်၏။ အခြားသူတို့၏အမှားများကို လိုက်၍မမှားဘဲ သူတို့၏အောင်မြင်မှုများနှင့် ကျရှုံးမှုများမှ နစ်နာခံရမှုမရှိ သင်ခန်းစာယူခြင်းသည် သာ၍ကောင်းကြောင်း သင်သိရှိပေမည်။ (၁ ကောရိန္သု ၁၀:၆-၁၁) ထို့ထက်ကား ဘုရားသခင်သည် လုံးလုံးလျားလျား ယုံကြည်စိတ်ချရသော အကောင်းဆုံးပညတ်များနှင့် လမ်းညွှန်ချက်ဆိုင်ရာမူများကို သမ္မာကျမ်းစာတွင် ဖော်ပြပေးထားသည်။ ‘ယေဟောဝါ၏တရားတော်သည် စုံလင်သည်။ ယေဟောဝါ၏သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်၏။’ (ဆာလံ ၁၉:၇) မေတ္တာရှိဖန်ဆင်းရှင်၏ ဉာဏ်ပညာမှ သင်ယူခြင်းသည် အမှန်တကယ်ပင် အကောင်းဆုံးဖြစ်သည်။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ဤလောကသည် သင့်ကို စည်းစိမ်ဥစ္စာ မက်မောသော ဘဝပုံစံဖြင့် နေထိုင်စေလို
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာတွင်တွေ့ ရှိရသည့် ဘဏ္ဍာသည် ရွှေငွေထက် သာ၍တန်ဖိုးရှိ