မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စစ်မှန်သောလုံခြုံမှု ခံစားရပါဦးမည်လော

စစ်မှန်သောလုံခြုံမှု ခံစားရပါဦးမည်လော

စစ်မှန်သော​လုံခြုံမှု ခံစားရ​ပါ​ဦး​မည်​လော

မိဘများနှင့်​အတူ သားသမီး​များ မြူးထူး​ပျော်ရွှင်စွာ​ကစား​နေသည့်​မြင်ကွင်း​ကို မ​ရှုစား​လို​သူ မည်သူ​ရှိ​သနည်း။ သားသမီးတို့​သည် ဂရုစိုက်​တတ်​သည့်​မိဘများနှင့်​အတူ ရှိနေကြ​သောအခါ လုံခြုံမှု​အပြည့်အဝ​ရှိသည်​ဟု ခံစား​ကြ​ရသည်။ သို့​တိုင် လူငယ်များစွာသည် ဤသို့​သော​ပျော်ရွှင်ဖွယ်​သမယ​များ​ကို ခံစားရ​ခဲ​လှ​၏။ ထိုသို့​ဖြစ်​မည့်​အစား ကလေး​အချို့​သည် ည​အခါ အဘယ်​နေရာတွင်​အိပ်စက်​ရမည်ကို နေ့တိုင်း​ပူပန်​နေကြ​ရသည်။ ဤ​အိုးမဲ့အိမ်မဲ့​ကလေး​များနှင့် လုံခြုံမှု​ကင်းမဲ့​သည့် အခြားသူ​တို့အတွက် အဘယ်​မျှော်လင့်ချက်​ရှိ​သနည်း။

ဤသူတို့​၏​အနာဂတ်​သည် မျှော်လင့်ချက်​ကင်းမဲ့​နေ​ဟန်​ရှိသော်လည်း သမ္မာကျမ်းစာ​က မျှော်လင့်ချက်​ရှိစေသည်။ လူအပေါင်း​သည် လုံလုံခြုံခြုံ​နေထိုင်ကြ​ရတော့မည်​ဖြစ်​ကြောင်း ပရောဖက်​ဟေရှာယ​ကြို​ဟောထား​သည်။ သူ​ဤသို့​ရေးခဲ့​၏– “ထို​သူတို့သည် ကိုယ်​ဆောက်​သော​အိမ်​၌ နေကြ​လိမ့်​မည်။ ကိုယ်​စိုက်​သော​စပျစ်​ဥယျာဉ်​အသီးကို စား​ကြလိမ့်မည်။ သူတို့သည် အိမ်ကို​ဆောက်​၍ အခြားသော​သူ​နေရ​မည်​မဟုတ်။ သူတို့သည် စပျစ်​ဥယျာဉ်​ကို​စိုက်​၍ အခြားသော​သူ​စား​ရမည်​မဟုတ်။”—ဟေရှာယ ၆၅:၂၁၊ ၂၂

သို့ရာတွင် ယင်း​မျှော်လင့်ချက်​သည် ခြေမြစ်​ခိုင်လုံ​ပါသလော။ အမှန်​မှာ “မျှော်လင့်ချက်” ဟူ​သည့်​စကားလုံး​သည် သေချာပေါက်​ဖြစ်​ခြင်း​ကို အမြဲတမ်း​မ​ရည်ညွှန်း​ပေ။ သာဓက​အနေ​နှင့် “နောက်ဆုံး​တွင် မျှော်လင့်ချက်​သည် ပျောက်ကွယ်​သွား​၏” ဟု ဘရာဇီး​နိုင်ငံ​တွင် အဆို​ရှိသည်။ ဆိုလိုသည်မှာ လူအများသည် မျှော်လင့်​စ​ရာ​အကြောင်း အ​ခိုင်​အ​လုံမ​ရှိသည့်​တိုင် မျှော်လင့်​လျက်​နေကြ​ခြင်း​ဖြစ်သည်။ သို့ရာတွင် အသက်ရှင်​တော်​မူ​သော ဘုရားသခင်​ပေး​သည့် မျှော်လင့်ချက်​မှာ​မူ ထိုသို့​မဟုတ်ပေ။ တမန်​တော်​ပေါလု ဤသို့​ရေးခဲ့​၏– “[ဘုရားသခင်] ကို ယုံကြည်​သော​သူ​မည်​သည်​ကား စိတ်ပျက်ခြင်း​မရှိ။” (ရောမ ၁၀:၁၁က​ဘ) ပြည့်စုံ​ခဲ့​ပြီး​သော ကျမ်းစာ​ပရောဖက်ပြုချက်​များ​က ယေဟောဝါ​ဘုရားသခင်​ပေး​ခဲ့​သည့် အခြား​ကတိတော်​များ​အားလုံး​လည်း အမှန်​ပြည့်စုံ​လာ​မည်​ဖြစ်​ကြောင်း စိတ်ချ​စေ​၏။ ထို​ကတိတော်​များ အမှန်တကယ်​ပြည့်စုံ​လာသော​အခါ ကလေး​များ လမ်းပေါ်တွင်​နေကြ​ရသည့်​အဖြစ်​မှာ အတိတ်​တွင် ကျန်ရစ်​ခဲ့​ပေ​လိမ့်​မည်။

ယနေ့​ပင် သမ္မာ​ကျမ်းစာ​ပါ လက်တွေ့ကျ​အကြံပြုချက်များ​က မျှော်လင့်ချက်​ကင်းမဲ့​နေသူတို့​၏​ဘဝကို တိုးတက်စေ​ပြီး စစ်မှန်သော​လုံခြုံမှု​ခံစား​စေ​သည်။ မည်သို့​ဖြစ်​နိုင်​မည်​နည်း။ ဤ​မေးခွန်း​၏​အဖြေ​ရရှိရန် သင့်​ဒေသ​ရှိ​ယေဟောဝါသက်သေ​များ ကူညီ​ပေး​လို​ကြ​ပါ​သည်။