ပေးကမ်းခြင်းမှရသည့် ပျော်ရွှင်မှုကို သင်သိပါသလော
ပေးကမ်းခြင်းမှရသည့် ပျော်ရွှင်မှုကို သင်သိပါသလော
ခရစ်ယာန်လုပ်ငန်းတော်တွင် အနှစ် ၅၀ နီးပါး တက်တက်ကြွကြွ ပါဝင်ခဲ့သည့် ခရစ်ယာန်အမျိုးသမီးတစ်ဦးဖြစ်သည်။ သူ့ခမျာ အသက်အရွယ်ကြီးရင့်သောကြောင့် အားနည်းနေရှာသော်လည်း ဆောက်ပြီးခါစ ဘုရားသခင့်နိုင်ငံတော်ခန်းမကို လည်ပတ်ကြည့်ရှုရန် စိတ်ဆုံးဖြတ်ထားသည်။ ခရစ်ယာန်ညီအစ်ကိုတစ်ဦး၏ အကူအညီဖြင့် ခန်းမထဲဝင်သွားကာ သူရည်ရွယ်ထားသည့်အတိုင်း အလှူငွေသေတ္တာဆီသို့ တန်းတန်းမတ်မတ် ဖြည်းဖြည်းချင်း လျှောက်သွား၏။ ထို့နောက် သူစုဆောင်းထားသည့် ငွေအနည်းငယ်ကို အလှူငွေသေတ္တာထဲ ထည့်လိုက်လေသည်။ ခန်းမဆောက်လုပ်ရေးတွင် သူမပါဝင်နိုင်သော်လည်း တစ်နည်းနည်းဖြင့် ကူညီပေးလို၏။
ဤခရစ်ယာန်အမျိုးသမီးသည် အခြားသစ္စာတည်ကြည်သည့် အမျိုးသမီးတစ်ဦးဖြစ်သူ ဝတ်ပြုရာအိမ်တော် ဘဏ္ဍာတိုက်ထဲသို့ ကြေးနီဒ င်္ဂါးနှစ်ပြား သွင်းချနေသည်ကို ယေရှုတွေ့မြင်တော်မူခဲ့သည့် “ဆင်းရဲသောမုဆိုးမ” ကို သတိရစေပေမည်။ သူ၏အခြေအနေကို ကျွန်ုပ်တို့မသိကြရသော်လည်း ထိုစဉ်က ခင်ပွန်းမရှိသည့် အမျိုးသမီးတစ်ဦးသည် ငွေရေးကြေးရေး အလွန်ခက်ခဲပေမည်။ သူ့ကို ယေရှုသနားမိမည်မှာ သေချာပါသည်၊ သူ၏အခြေအနေကို ကိုယ်တော် အပြည့်အဝသိနားလည်ပေမည်။ သူ့ကို မိမိ၏နောက်လိုက်များအတွက် စံနမူနာအဖြစ် တင်ပြရာတွင် ကိုယ်တော်သည် သူ၏အနည်းငယ်သော ပေးကမ်းမှုကို “[သူ၏] အသက်မွေးစရာ ဥစ္စာရှိသမျှ” ဟုခေါ်ဆိုခဲ့သည်။—မာကု ၁၂:၄၁-၄၄။
ဤဆင်းရဲသောမုဆိုးမသည် အဘယ်ကြောင့် ထိုမျှအနစ်နာခံ လှူဒါန်းခဲ့ရသနည်း။ သူသည် ယေဟောဝါဘုရားသခင်အား အလွန်တရာ ကြည်ညိုကိုင်းရှိုင်း၍ ယေရုရှလင်မြို့၌ ဗဟိုပြုသော ကိုယ်တော်၏ဝတ်ပြုရာအိမ်တော်ကို တန်ဖိုးထားသောကြောင့် ဖြစ်သည်။ သူသည် အကန့်အသတ်သာ လုပ်ဆောင်နိုင်သော်လည်း မြင့်မြတ်သောလုပ်ငန်းတော်ကို တိုးမြှင့်ပေးလို၏။ သည့်အပြင် သူတတ်နိုင်သမျှ ပေးလှူခြင်းမှ စစ်မှန်သောရွှင်လန်းမှု ခံစားရ၍ဖြစ်မည်။
ယေဟောဝါ၏လုပ်ငန်းတော်ကို ထောက်ပံ့ကူညီရန် ပေးကမ်းခြင်း
ရုပ်ပစ္စည်းနှင့် ငွေကြေးဥစ္စာတို့ဖြင့် ထောက်ပံ့ပေးခြင်းသည် စစ်မှန်သောဝတ်ပြုရေး၏ မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခု အမြဲဖြစ်ခဲ့သည့်အပြင် ယင်းမှ ကြီးမားသောရွှင်လန်းမှု ရရှိခဲ့သည်မှာ အမြဲဖြစ်၏။ (၁ ရာဇဝင်ချုပ် ၂၉:၉) ရှေးဣသရေလနိုင်ငံတွင် ဝတ်ပြုရာအိမ်တော်ကို ပြုပြင်မွမ်းမံပေးရန်သာမက ထိုတွင်ရှိ ယေဟောဝါ၏ဝတ်ပြုရေး ကဏ္ဍအသီးသီးကို နေ့စဉ်ဆောင်ရွက်သွားရန် အလှူငွေများကို အသုံးပြုလေ့ရှိသည်။ ဝတ်ပြုရာအိမ်တော်တွင် အမှုထမ်းဆောင်နေကြသည့် လေဝိသားများကို ထောက်ပံ့ပေးရန် ဣသရေလလူမျိုးသည် မိမိတို့၏ခြံထွက်သီးနှံမှ ဆယ်ဖို့တစ်ဖို့ပေးရမည်ဟု ပညတ်တရားက ချမှတ်ထားသည်။ လေဝိသားများသည်လည်း မိမိတို့ရရှိသည့်အသီးအနှံထဲမှ ဆယ်ဖို့တစ်ဖို့ကို ယေဟောဝါအား ပေးဆက်ကြရမည်ဖြစ်သည်။—တောလည်ရာ ၁၈:၂၁-၂၉။
ခရစ်ယာန်များသည် ပညတ်ပဋိညာဉ်ကို လိုက်လျှောက်ရန် မလိုတော့သော်လည်း စစ်မှန်သောဝတ်ပြုရေးကို ဘုရားသခင့်ကျေးကျွန်များ ထောက်ပံ့ကူညီရမည့်မူမှာ ပြောင်းလဲမသွားချေ။ (ဂလာတိ ၅:၁) ထို့ပြင် ပထမရာစုခရစ်ယာန်များသည် ချို့တဲ့နေသည့် ညီအစ်ကိုများအား ပေးကမ်းခြင်းကို ရွှင်လန်းစရာအဖြစ် ယူဆခဲ့ကြ၏။ (တမန်တော် ၂:၄၅၊ ၄၆) ဘုရားသခင်သည် ကောင်းချီးများ ရက်ရက်ရောရော ပေးတော်မူသည်နည်းတူ အခြားသူများကို ရက်ရောသင့်ကြောင်း တမန်တော်ပေါလုက ခရစ်ယာန်များအား သတိပေးခဲ့သည်။ သူဤသို့ရေးသားခဲ့၏– “ဤဘဝ၌ ငွေရတတ်သောသူတို့သည် မာန်မာနစိတ်နှင့်ကင်းလွတ်၍၊ မမြဲသောစည်းစိမ်ကိုမကိုးစားဘဲ၊ ငါတို့ခံစားဖို့ရာ အလုံးစုံတို့ကို ကြွယ်ဝစွာပေးသနားတော်မူသော အသက်ရှင်တော်မူသောဘုရားသခင်ကို ကိုးစားရမည်အကြောင်းနှင့်၊ သူတစ်ပါးအားကျေးဇူးပြုခြင်း၊ ကောင်းသောအကျင့်၌ ကြွယ်ဝပြည့်စုံခြင်း၊ စွန့်ကြဲချင်သောစေတနာစိတ်ရှိခြင်း၊ အချင်းချင်းဆက်ဆံခြင်း၊ မှန်သောအသက်ကိုဝင်စားလိုသောငှာ၊ နောင်ဘဝ၌ ကောင်းသောဘဏ္ဍာကို မိမိတို့အဖို့ ဆည်းပူးခြင်းတို့ကိုပြုရမည်အကြောင်း ပညတ်ထားလော့။” (၁ တိမောသေ ၆:၁၇-၁၉; ၂ ကောရိန္သု ၉:၁၁) “ခံယူခြင်းအရာထက် ပေးကမ်းခြင်းအရာသည် သာ၍[ပျော်ရွှင်]သည်” ဟု ယေရှုမိန့်မှာခဲ့ခြင်းသည် မှန်ကန်ကြောင်း မိမိ၏ဘဝအတွေ့အကြုံမှ ပေါလုပြောဆိုနိုင်ခဲ့သည်။—တမန်တော် ၂၀:၃၅၊ သမ္မာ။
မျက်မှောက်ခေတ် ခရစ်ယာန်ပေးကမ်းခြင်း
ယနေ့ ယေဟောဝါသက်သေများသည် ငွေအင်အားဖြင့် အချင်းချင်းကူညီပေးခြင်း၊ ဘုရားသခင့်လုပ်ငန်းတော်ကို ထောက်ပံ့ကူညီပေးခြင်းအမှုကို ဆက်လက်ပြုလုပ်နေကြသည်။ ငွေအင်အားအနည်းငယ်သာရှိသူတို့ပင် မိမိတို့တတ်နိုင်သလောက် ပေးကမ်းကြ၏။ ‘သစ္စာနှင့်သတိပညာရှိကျွန်’ သည် အဆိုပါရန်ပုံငွေများကို အကောင်းဆုံးနည်းဖြင့် အသုံးချရန် ယေဟောဝါရှေ့ တာဝန်ရှိသည်ဟု ယူမှတ်ကြ၏။ (မဿဲ ၂၄:၄၅) ထိုရန်ပုံငွေကို ဌာနခွဲရုံးလုပ်ငန်းများ ဆောင်ရွက်ရန်၊ သမ္မာကျမ်းစာနှင့် ကျမ်းစာစာပေများကို ဘာသာပြန်ထုတ်ဝေရန်၊ ကြီးမားသော ခရစ်ယာန်စည်းဝေးပွဲများကို စီစဉ်ပေးရန်၊ နယ်လှည့်ကြီးကြပ်မှူးများနှင့် ခရစ်ယာန်သာသနာပြုများကို လေ့ကျင့်ပေးပြီး စေလွှတ်ရန်၊ သဘာဝဘေးဒဏ်ကျရောက်သည့်အခါ ကယ်ဆယ်ရန်နှင့် အခြားမရှိမဖြစ်လိုအပ်သည့် လုပ်ငန်းများကိုထမ်းဆောင်ရန် အသုံးပြုကြသည်။ ဤလုပ်ငန်းတစ်ခုဖြစ်သည့် ဝတ်ပြုရာနေရာများ ဆောက်လုပ်ပေးခြင်းကို အာရုံစိုက်ကြပါစို့။
ယေဟောဝါသက်သေများသည် ဝိညာဉ်ရေးပညာပေးမှုနှင့် တည်ဆောက်မှုရှိ ပေါင်းသင်းမှုမှ အကျိုးရယူရန် ဘုရားသခင့်နိုင်ငံတော်ခန်းမများတွင် ပတ်စဉ်အကြိမ်ကြိမ်တွေ့ဆုံကြသည်။ သို့သော်၊ နိုင်ငံများစွာ၏ စီးပွားရေးအခြေအနေများကြောင့် ဒေသခံသက်သေခံများသည် ငွေကြေးအကူအညီမရရှိလျှင် ဘုရားသခင့်နိုင်ငံတော်ခန်းမများ ဆောက်လုပ်နိုင်စွမ်းမရှိချေ။ ထို့ကြောင့်၊ ၁၉၉၉ ခုနှစ်တွင် ယေဟောဝါသက်သေများသည် ပို၍ဆင်းရဲသည့်နိုင်ငံများတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမများ ဆောက်လုပ်ရန် ငွေအင်အားပိုရှိသောနိုင်ငံများမှ ရန်ပုံငွေများကို အသုံးပြုသည့်အစီအစဉ်ကို စတင်လိုက်ကြလေသည်။ ထို့အပြင် ထောင်သောင်းမကသော စေတနာ့ဝန်ထမ်းများသည် မကြာခဏပင် အဆိုပါဆင်းရဲသောနိုင်ငံများ၏ ဝေးခေါင်သည့်ဒေသများသို့သွားပြီး မိမိတို့၏အချိန်နှင့် အစွမ်းအစတို့ကို ပေးဆက်ခဲ့ကြပြီ။ ဆောက်လုပ်ရေး၌ပါဝင်ကြစဉ် ဒေသခံသက်သေခံများသည် ဆောက်လုပ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး အတတ်ပညာများကို သင်ယူကြ၏၊ ဘုရားသခင့်နိုင်ငံတော်ခန်းမရန်ပုံငွေဖြင့် လိုအပ်သော ပစ္စည်းကိရိယာများကို ဝယ်ယူနိုင်ကြ၏။ ယခု ဆောက်လုပ်ပြီးခါစ ခန်းမအသစ်များကို အသုံးပြုကြရသော သက်သေခံများသည် မိမိတို့၏ယုံကြည်သူချင်းများ လှူဒါန်းခဲ့ကြသည့် အချိန်နှင့်ငွေအင်အားကို အလွန်ကျေးဇူးတင်လျက်ရှိနေကြသည်။ ထို့ပြင် ဘုရားသခင့်နိုင်ငံတော်ခန်းမအသစ်ကို ပြုပြင်ထိန်းသိမ်းရန်၊ ဆောက်လုပ်ရေးကုန်ကျစရိတ် ကာမိစေရန် လတိုင်း အလှူငွေထည့်ဝင်ကြရာ ဘုရားသခင့်နိုင်ငံတော်ခန်းမများ ထပ်ဆောက်လုပ်နိုင်စေသည်။
ဒေသခံနည်းစနစ်များနှင့် ဒေသခံဆောက်လုပ်ရေးပစ္စည်းများကို အသုံးပြု၍ ဘုရားသခင့်နိုင်ငံတော်ခန်းမများကို ဆောက်လုပ်ခဲ့ကြ၏။ ၎င်းတို့သည် ခမ်းနားကြီးကျယ်သော ခန်းမများမဟုတ်သော်လည်း ရှုချင်စဖွယ်ဖြစ်ရုံမက အသုံးတည့်ပြီး နေရထိုင်ရကောင်းသည်။ ဆောက်လုပ်ရေးအစီအစဉ်ကို ၁၉၉၉ ခုနှစ်တွင် စတင်ခဲ့စဉ်က ငွေကြေးအကန့်အသတ်ရှိ နိုင်ငံပေါင်း ၄၀ ခန့် ပါဝင်သည်။ ထိုအချိန်ကတည်းက ဆောက်လုပ်ရေးအစီအစဉ်ကို တိုးချဲ့ခဲ့ကြရာ ယခု ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများ၏ အသင်းတော်ထက်ဝက်ကျော်မက ပါဝင်သည့် နိုင်ငံပေါင်း ၁၁၆ နိုင်ငံတွင် ဆောက်လုပ်နေကြရ၏။ လွန်ခဲ့သောငါးနှစ်က ဤအစီအစဉ်ဖြင့် ဘုရားသခင့်နိုင်ငံတော်ခန်းမပေါင်း ၉,၀၀၀ ကျော် ဆောက်လုပ်ပေးခဲ့ရာ တစ်နေ့လျှင် ပျမ်းမျှ ခန်းမအသစ် ၅ ခုကျော် ဆောက်ခဲ့ခြင်းဖြစ်၏! သို့တိုင်၊ ထို ၁၁၆ နိုင်ငံတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမအသစ် ၁၄,၅၀၀ ကိုဆောက်ဖို့ ကျန်ရှိနေပါသေးသည်။ ယေဟောဝါ၏ကောင်းချီးနှင့် ကမ္ဘာတစ်ဝန်းရှိ သက်သေခံများ၏ တလိုတလားစိတ်ဓာတ်နှင့် ရက်ရောမှုတို့ကြောင့် လိုအပ်နေသောခန်းမများကို ဆောက်လုပ်ပေးရန် ရန်ပုံငွေများ အလုံအလောက်ရှိမည်ဟု မျှော်လင့်ရ၏။—ဆာလံ ၁၂၇:၁။
ဘုရားသခင့်နိုင်ငံတော်ခန်းမများကြောင့် တိုးပွားလာ
ဤသို့ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့ခြင်းက ဒေသခံသက်သေခံများနှင့် ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းတို့အပေါ် အဘယ်အကျိုးသက်ရောက်မှုရှိစေသနည်း။ နေရာဒေသအတော်များများတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမအသစ် ဆောက်လုပ်ပြီးသည့်နောက်ပိုင်း၌ စည်းဝေးတက်ရောက်သူဦးရေ သိသိသာသာ တိုးများလာသည်။ ဘရွန်ဒီနိုင်ငံမှ ဤမှတ်တမ်းတွင် စံနမူနာတစ်ခု တွေ့ရှိရ၏– “ဘုရားသခင့်နိုင်ငံတော်ခန်းမ ဆောက်လုပ်ပြီးသည်နှင့်တစ်ပြိုင်နက် လူတွေနဲ့ ပြည့်လျှံသွားတော့သည်။ ဥပမာ၊ အစည်းအဝေးများ၌ တက်ရောက်သူ ပျမ်းမျှ ၁၀၀ ခန့်ရှိ အသင်းတော်တစ်ခုအတွက် ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခု ဆောက်လုပ်ပေးနေကြသည်။ သူတို့၏ ဘုရားသခင့်နိုင်ငံတော်ခန်းမအသစ်တွင် ထိုင်ခုံအလုံးပေါင်း ၁၅၀ ကို ကောင်းစွာစီထည့်ပေးနိုင်၏။ သို့သော် ခန်းမဆောက်လုပ်ပြီးစီးသည့်အခါ စည်းဝေးများကို လူပေါင်း ၂၅၀ တက်ရောက်ကြလေသည်။”
အဘယ်ကြောင့် ဤမျှများပြားလာရသနည်း။ အကြောင်းရင်းတစ်ခုမှာ စည်းဝေးကျင်းပရာနေရာ မရှိကြ၍ သစ်ပင်အောက် သို့မဟုတ် ကွင်းပြင်တွင် မဖြစ်မနေစည်းဝေးလုပ်ကြသည့် ဘုရားသခင့်နိုင်ငံတော်ကြေညာသူ အုပ်စုများကို လူတို့သည် တစ်ခါတစ်ရံ သင်္ကာမကင်းဖြစ်တတ်ကြသည်။ နိုင်ငံတစ်နိုင်ငံတွင် လူမျိုးစုအကြမ်းဖက်မှုသည် ထိုကဲ့သို့သော ဘာသာရေးအုပ်စုငယ်များကြောင့်ဖြစ်သည်ဟု ယူမှတ်ကြရာ ဥပဒေအရ ဘာသာရေးအစည်းအဝေးများကို ဝတ်ပြုရာအိမ်ထဲတွင် ကျင်းပရမည်ဟု အမိန့်ချမှတ်ထား၏။
ထို့အပြင် ကိုယ်ပိုင်ခန်းမများရှိထားခြင်းဖြင့် ယေဟောဝါသက်သေများသည် ဓမ္မဆရာတစ်ဦး၏ တပည့်နောက်လိုက်များမဟုတ်ကြောင်း လူထုအား တင်ပြခွင့်ရစေသည်။ ယေဟောဝါသက်သေများ၏ ဇင်ဘာဘွေဌာနခွဲရုံးက ဤသို့စာရေးပြောပြ၏– “ယခင်က ဤဒေသရှိ ညီအစ်ကိုများသည် သီးသန့်အိမ်များတွင် စည်းဝေးကျင်းပခဲ့ကြရသည်၊ ထိုအခါ ဒေသခံပြည်သူလူထုက ၎င်းအသင်းတော်ကို သူတို့စည်းဝေးကျင်းပသော အိမ်ပိုင်ရှင်၏အမည်ဖြင့် နာမည်တပ်ခေါ်တတ်ကြ၏။ သို့ဖြင့် ညီအစ်ကိုများကို ‘မစ္စတာ ဘယ်သူဘယ်ဝါ’ ၏ချာ့ခ်ျမှသူများဟူ၍ ခေါ်ဆိုကြသည်။ ယခုတွင်မူ ခန်းမတိုင်းတွင် ‘ယေဟောဝါသက်သေများ၏ နိုင်ငံတော်ခန်းမ’ ဟူသော ပေါ်လွင်ထင်ရှားသည့် ဆိုင်းဘုတ်များတပ်ဆင်ထားရာ ၎င်းကို လူတို့တွေ့ မြင်သောအခါ သဘောထားပြောင်းလဲလာကြပေပြီ။”
ဝမ်းမြောက်ရွှင်လန်းစွာ ပေးကမ်းသူများ
“စေတနာစိတ်နှင့်လှူသောသူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏” ဟု တမန်တော်ပေါလုက ရေးသားခဲ့၏။ (၂ ကောရိန္သု ၉:၇) အလှူငွေများများ ထည့်ဝင်လှူဒါန်းခြင်းက အမှန်တကယ်ပင် များစွာအကူအညီဖြစ်စေသည်။ သို့သော် ယေဟောဝါသက်သေများ၏လုပ်ငန်းအတွက် ထည့်ဝင်လှူဒါန်းကြသည့် ရန်ပုံငွေအတော်များများသည် နိုင်ငံတော်ခန်းမရှိ အလှူငွေသေတ္တာများမှ ဖြစ်၏။ အလှူငွေများများထည့်သည်ဖြစ်စေ၊ အနည်းငယ်သာထည့်သည်ဖြစ်စေ အလှူငွေအားလုံးသည် အရေးပါ၏၊ ယင်းကို တန်ဖိုးလည်းထား၏။ ယေရှုသည် ကြေးနီဒ င်္ဂါးနှစ်ပြား ထည့်ဝင်လှူဒါန်းခဲ့သည့် ဆင်းရဲသောမုဆိုးမကို တွေ့ မြင်နိုင်သည့်နေရာတွင် ရှိခဲ့ကြောင်း ပြန်အမှတ်ရပါ။ ကောင်းကင်တမန်များနှင့် ယေဟောဝါလည်း သူ့ကို တွေ့မြင်သည်။ အဆိုပါမုဆိုးမ၏အမည်ကို ကျွန်ုပ်တို့မသိရပါ၊ သို့တိုင် ယေဟောဝါသည် ကိုယ်ကျိုးမငဲ့သော သူ၏လုပ်ရပ်ကို သမ္မာကျမ်းစာထဲတွင် အစဉ်အမြဲ မှတ်တမ်းတင်စေတော်မူခဲ့၏။
ကျွန်ုပ်တို့၏ အလှူငွေများသည် ဘုရားသခင့်နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေးအပြင် အရေးပါသည့် ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းနှင့်ဆိုင်သော အခြားကဏ္ဍများကိုပါ ပံ့ပိုးပေးပါသည်။ ဤနည်းဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းက ကျွန်ုပ်တို့အား ရွှင်လန်းဝမ်းမြောက်စေကာ “ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းစရာအကြောင်း” ဖြစ်ပေါ်စေသည်။ (၂ ကောရိန္သု ၉:၁၂) ဘီနင်နိုင်ငံမှ ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်ကိုများက ဤသို့သတင်းပို့၏– “အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုအသင်းအပင်းမှ လက်ခံရရှိသည့် ငွေကြေးအကူအညီအတွက် ကျေးဇူးတင်ကြောင်း ဆုတောင်းသံများသည် ယေဟောဝါထံ နေ့စဉ် ရောက်ရှိသွားသည်။” တစ်ချိန်တည်းတွင် ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းကို ငွေအင်အားဖြင့် ပံ့ပိုးကူညီခွင့်ရရှိကြသူ ကျွန်ုပ်တို့အားလုံး ခရစ်ယာန်ပေးကမ်းခြင်းမှရရှိသည့် ပျော်ရွှင်မှုကို ခံစားကြရ၏!
[စာမျက်နှာ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
အချို့သူများလှူဒါန်းရန် ရွေးချယ်ကြပုံ နည်းလမ်းများ
ကမ္ဘာချီလုပ်ငန်းအတွက် ပါဝင်လှူဒါန်းခြင်း
များစွာသောသူတို့သည် “ကမ္ဘာချီလုပ်ငန်းအတွက်အလှူငွေ—မဿဲ ၂၄:၁၄” ဟုရေးထားသော အလှူငွေသေတ္တာတွင် ထည့်ဝင်ရန် မိမိတို့၏ငွေကြေးများကို သီးသန့်ဖယ်ထားကြသည်။
အသင်းတော်များသည် ယင်းအလှူငွေများကို မိမိတို့၏သက်ဆိုင်ရာနိုင်ငံရှိ ယေဟောဝါသက်သေများ၏ရုံးသို့ လစဉ်ပေးပို့ကြသည်။ စေတနာအလျောက်ထည့်ဝင်သော ငွေကြေးအလှူငွေများကို Watch Tower Bible and Tract Society of Pennsylvania, c/o Office of the Secretary and Treasurer, 25 Columbia Heights, Brooklyn, New York 11201-2483, သို့မဟုတ် သင့်နိုင်ငံကို တာဝန်ယူပေးရသော ဌာနခွဲရုံးသို့ တိုက်ရိုက်ပေးပို့နိုင်သည်။ ချက်လက်မှတ်များကို “ကင်းမျှော်စင်” သို့ပေးသင့်သည်။ ကျောက်မျက်ရတနာနှင့် အခြားတန်ဖိုးရှိအရာများကိုလည်း လှူဒါန်းနိုင်သည်။ ဤသို့ပေးပို့လှူဒါန်းရာတွင် လုံးလုံးလျားလျားလှူဒါန်းကြောင်း ဖော်ပြသည့် စာတိုကလေးပါ ထည့်ပေးသင့်သည်။
ကန့်သတ်ချက်ဖြင့် လှူဒါန်းခြင်း အစီအစဉ်
ကင်းမျှော်စင်အသင်း၏အကျိုးအတွက် ငွေကို ယုံကြည်စိတ်ချစွာ အပ်နှံထားနိုင်ပါသည်။ သို့သော် လှူဒါန်းသူတောင်းခံလာပါက အလှူငွေကို ပြန်လည်ပေးအပ်ပါမည်။ ထပ်မံသိလိုပါက အထက်တွင် ဖော်ပြထားသော လိပ်စာရှိ The office of the Secretary and Treasurer ကို ကျေးဇူးပြု၍ ဆက်သွယ်ပါ။
လှူဒါန်းရန်စီစဉ်ထားခြင်း
ငွေကြေး လုံးလုံးလျားလျား ပေးအပ်ခြင်းအပြင် ကမ္ဘာချီနိုင်ငံတော်လုပ်ငန်းကို အထောက်အကူပြုရန် အခြားပေးကမ်းနည်းများရှိသည်။ ၎င်းတို့တွင် အောက်ပါနည်းများ ပါဝင်သည်–
အာမခံ– ကင်းမျှော်စင်အသင်းအမည်ဖြင့် အသက်အာမခံကြေးခံစားခွင့်များ၊ အငြိမ်းစားခံစားခွင့်များကို ပြုလုပ်ပေးနိုင်သည်။
ဘဏ်စာရင်းများ– ဘဏ်ရှင်းတမ်းများ၊ ငွေစုစာအုပ်များ၊ အငြိမ်းစားခံစားခွင့်စာရင်းများကို ဒေသန္တရဘဏ်စည်းကမ်းများအရ ကင်းမျှော်စင်အသင်းထံ အပ်နှံ သို့မဟုတ် ကာယကံရှင် သေဆုံးမှ လွှဲပြောင်းပေးရန် စီစဉ်နိုင်သည်။
အစုရှယ်ယာလက်မှတ်နှင့် ငွေချေးစာချုပ်များ– အစုရှယ်ယာလက်မှတ်များနှင့် ငွေချေးစာချုပ်များကို လုံးလုံးလျားလျား ပေးအပ်လှူဒါန်းနိုင်သည်။
အိမ်ရာအဆောက်အအုံများ– ရောင်းချနိုင်သော အိမ်ရာအဆောက်အအုံများကို လှူဒါန်းခြင်းနှင့်ပတ်သက်၍ လုံးလုံးလျားလျားဖြစ်စေ၊ လှူဒါန်းသူ အသက်ရှင်နေသရွေ့ နေထိုင်ရန်အပိုင်းကို ချန်လှပ်၍ဖြစ်စေ ပေးအပ်လှူဒါန်းနိုင်သည်။ ဤသို့ပေးလှူရန် စာချုပ်စာတမ်းမပြုမီ သင့်နိုင်ငံမှ ဌာနခွဲရုံးကို အကြောင်းကြားပါ။
နှစ်စဉ်ထောက်ပံ့ကြေး– နှစ်စဉ်ထောက်ပံ့ကြေးသည်ငွေကြေး သို့မဟုတ် အာမခံပစ္စည်းများကို ကင်းမျှော်စင်အသင်းသို့ လွှဲပြောင်းပေးသော အစီအစဉ်တစ်ခုဖြစ်သည်။ ယင်းအတွက် လှူဒါန်းသူ သို့မဟုတ် လှူဒါန်းသူအမည် သတ်မှတ်ထားသော တစ်ဦးတစ်ယောက်သည် နှစ်စဉ်ထောက်ပံ့ကြေးငွေအပေါ် သတ်မှတ်ထားသည့် ထုတ်ပေးငွေကို တစ်သက်လုံး နှစ်စဉ်ရရှိသွားမည်။ လှူဒါန်းသူသည် နှစ်စဉ်ထောက်ပံ့ကြေး ဝင်ငွေခွန်မှ လွတ်ငြိမ်းခွင့်ပြုငွေကို ရရှိသွားမည်။
သေတမ်းစာနှင့် လွှဲအပ်စာများ– ပစ္စည်းဥစ္စာ သို့မဟုတ် ငွေကြေးများကို ကင်းမျှော်စင်အသင်းသို့ တရားဝင်သေတမ်းစာဖြင့် အမွေပေးလှူဒါန်းနိုင်သည် သို့မဟုတ် လွှဲအပ်စာချုပ်တွင် ကင်းမျှော်စင်အသင်းက အကျိုးခံစားခွင့်ရှိသူအဖြစ် ပါဝင်စေနိုင်သည်။ ဤသို့ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းကို လွှဲအပ်ရာတွင် အခွန်နှင့်ပတ်သက်သည့် အကျိုးအမြတ်တစ်စုံတစ်ရာကို ဖြစ်ထွန်းစေပေမည်။
“လှူဒါန်းရန်စီစဉ်ထားခြင်း” ဝေါဟာရက အဓိပ္ပာယ်သက်ရောက်စေသည့်အတိုင်း ဤသို့လှူဒါန်းသောနည်းများကို ပြုရာတွင် လှူဒါန်းသူဘက်မှ ကြိုတင်စီစဉ်ထားမှုအချို့ လိုအပ်ပေမည်။ လှူဒါန်းရန်စီစဉ်ထားသည့် နည်းတစ်မျိုးမျိုးဖြင့် ယေဟောဝါသက်သေများ၏ ကမ္ဘာချီလုပ်ငန်းကို အကျိုးပြုရန် ဆန္ဒရှိသူများအတွက် အကူအညီဖြစ်ဖို့ ကမ္ဘာချီဘုရားသခင့်နိုင်ငံတော်လုပ်ငန်းကို အကျိုးပြုဖို့ လှူဒါန်းရန် စီစဉ်ထားခြင်း ဟုခေါင်းစဉ်တပ်ထားသည့် အင်္ဂလိပ်နှင့် စပိန်ဘာသာတို့ဖြင့် ဘရိုရှာကို အသင်းမက ပြင်ဆင်ပြီးခဲ့ပြီ။ မေတ္တာဖြင့်လွှဲအပ်သောပစ္စည်းများကို ယခု သို့မဟုတ် သေတမ်းစာဖြင့် ပေးအပ်သည့် နည်းအမျိုးမျိုးကို ဖော်ပြပေးရန် ဤဘရိုရှာကိုရေးသားခဲ့ခြင်းဖြစ်သည်။ ဤဘရိုရှာကိုဖတ်ရှုပြီး ဥပဒေအရ သို့မဟုတ် အခွန်အရ အကြံပေးသူများနှင့်သော်လည်းကောင်း၊ လှူဒါန်းခြင်းဆိုင်ရာ စီမံဌာနနှင့်သော်လည်းကောင်း ဆွေးနွေးပြီးနောက် ကမ္ဘာချီယေဟောဝါသက်သေများ၏လုပ်ငန်းကို ကူညီထောက်ပံ့ပေးနိုင်သူများစွာရှိခဲ့ပြီး အခွန်ကင်းလွတ်ခွင့် တိုး၍ရရှိစေခဲ့ကြပါသည်။ လှူဒါန်းခြင်းဆိုင်ရာ စီမံဌာနမှ ၎င်းဘရိုရှာကို တိုက်ရိုက်တောင်းယူနိုင်ပေမည်။
ထပ်ဆင့်သိလိုလျှင် အောက်ဖော်ပြပါ လိပ်စာ သို့မဟုတ် သင့်နိုင်ငံတွင် လုပ်ငန်းကို စီမံကွပ်ကဲသော ယေဟောဝါသက်သေများ၏ရုံး၊ လှူဒါန်းခြင်းဆိုင်ရာစီမံဌာနသို့ စာရေး၍ဖြစ်စေ၊ တယ်လီဖုန်းဆက်၍ဖြစ်စေ ဆက်သွယ်နိုင်ပါသည်။
Charitable Planning Office
Watch Tower Bible and Tract Society of Pennsylvania
100 Watchtower Drive,
Patterson, New York 12563-9204
Telephone: (845) 306-0707
[စာမျက်နှာ ၂၀၊ ၂၁ ပါ ရုပ်ပုံ]
ယေဟောဝါသက်သေများ၏ ဝတ်ပြုရာနေရာအဟောင်းများနှင့် အသစ်များ
ဇမ်ဘီယာ
ဗဟိုအာဖရိကသမ္မတနိုင်ငံ