မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်အုပ်ချုပ်မှုအတွက် ကျွန်ုပ်တို့ အခိုင်အမာဆုံးဖြတ်ချက်ချခဲ့

ဘုရားသခင့်အုပ်ချုပ်မှုအတွက် ကျွန်ုပ်တို့ အခိုင်အမာဆုံးဖြတ်ချက်ချခဲ့

ဘဝ​အတ္ထုပ္ပတ္တိ

ဘုရားသခင့်​အုပ်ချုပ်မှု​အတွက် ကျွန်ုပ်​တို့ အခိုင်အမာ​ဆုံးဖြတ်ချက်​ချ​ခဲ့

မိုက်ကယ် ဇို​ဘရိတ် ပြောပြ​သည်

ကျွန်တော် တစ်လ​လောက် တိုက်ပိတ်​ခံရ​ပြီး​နောက် စစ်ဆေး​မေးမြန်း​သူ​ဆီ တ​ရွတ်​တိုက်​ဆွဲခေါ်​ခံ​ခဲ့​ရတယ်။ သိပ်​မကြာ​ပါ​ဘူး၊ သူ့​မျက်နှာ​နီရဲ​သွားပြီး “သူလျှိုတွေ! အမေရိကန်​သူလျှိုတွေ!” ဆိုပြီး​အော်​ပါ​လေ​ရော။ ဘာက သူ့ကို ဒီလောက်​ဒေါသ​ထွက်​စေ​တာလဲ။ ကျွန်တော့်​ကို ဘယ်​ဘာသာဝင်​လဲ​လို့​မေးတဲ့​အတွက် “ယေဟောဝါသက်သေ​တစ်ယောက်​ပါ” ဆိုပြီး ကျွန်တော်​ပြန်ဖြေ​လိုက်လို့​ပဲ။

အဲ့​ဒါ လွန်ခဲ့တဲ့​အနှစ် ၅၀ ကျော်​က ဖြစ်​ခဲ့​တာ​ပါ။ ဟို​တုန်း​က ကျွန်တော်​နေထိုင်တဲ့​နိုင်ငံ​ဟာ ကွန်မြူနစ်​အုပ်ချုပ်မှု​အောက်မှာ​ရှိတယ်။ ဒါပေမဲ့ အဲ့ဒီ​အချိန်​မတိုင်ခင်​ကတည်းက ကျွန်တော်​တို့​ရဲ့ ခရစ်ယာန်​ပညာပေး​ရေး​လုပ်ငန်း​ကို အကြီးအကျယ်​အတိုက်အခံလုပ်​ခဲ့​ကြတယ်။

စစ်​၏​နာကြည်းဖွယ်​ဆိုးကျိုး​များ ခံစားရ​ကြ

ပထမ​ကမ္ဘာ​စစ်​ကြီး​စ​ဖြစ်​တဲ့ ၁၉၁၄ ခုနှစ်​မှာ ကျွန်တော့်​အသက်​ရှစ်နှစ်ပဲ​ရှိသေးတယ်။ အဲ့ဒီ​တုန်း​က ကျွန်တော်​နေတဲ့ ဇ​လူ​ဇ​စ်စဲ​ရွာ​လေး​ကို အော့စ်​ထ​ရို-ဟန်​ဂေ​ရီ​အင်ပါယာ​က အုပ်ချုပ်​တယ်။ စစ်​ကြီး​က ကမ္ဘာ့​မြင်ကွင်း​ကို ပျက်ပြား​စေ​ရုံ​မ​က ကျွန်တော့်​ရဲ့​ကလေး​ဘဝကို​ပါ အဆုံးသတ်​ပေး​လိုက်တယ်။ စစ်ပွဲ​စ​ဖြစ်​တဲ့​နှစ်မှာ​ပဲ စစ်သား​ဖြစ်​တဲ့ ကျွန်တော့်​အဖေ သေဆုံး​ခဲ့​ရတယ်။ ဒါ​ကြောင့် အမေရယ်၊ ညီမလေး​နှစ်ယောက်​နဲ့​ကျွန်တော်​တို့ မွဲ​ပြာကျ​တဲ့​ဘဝမျိုး ရောက်သွား​ကြတယ်။ ကျွန်တော်​က အိမ်မှာ​အကြီးဆုံး​ယောက်ျားလေး​ဖြစ်​တော့ ကျွန်တော်​တို့​ရဲ့​လယ်ကွက်​လေး​နဲ့ အိမ်​ဝန်းကျင်​မှာ တာဝန်​တွေ​တစ်ပုံကြီး​ယူ​ခဲ့​ရတယ်။ ကျွန်တော်​ငယ်ငယ်​ကတည်းက ဘာသာရေး​ကိုင်းရှိုင်း​ခဲ့​တယ်။ ကျွန်တော်​တို့​ရဲ့ ပြုပြင်​ပြောင်းလဲရေး (ကယ်​လ်ဗင်​နစ်) ချာ့ခ်ျ​ရဲ့ အမှုဆောင်​က သူ​မရှိတဲ့​အခါ ကျွန်တော့်​အတန်းဖော်တွေကို သူ့အစား သင်ကြား​ပို့ချ​ခိုင်းတယ်။

၁၉၁၈ ခုနှစ်​မှာ ပထမ​ကမ္ဘာ​စစ်​ကြီး​ပြီးဆုံး​သွား​လို့ ကျွန်တော်​တို့​အရမ်းပျော်​ခဲ့​ကြတယ်။ အော့စ်​ထ​ရို-ဟန်​ဂေ​ရီ​အင်ပါယာ ကျဆုံးသွား​တဲ့​အတွက် ကျွန်တော်​တို့​ဟာ ချက်ကိုစလိုဗက်ကီးယား​သမ္မတနိုင်ငံ​ရဲ့ လက်အောက်​ရောက်သွား​တယ်။ မကြာခင်​မှာပဲ ကျွန်တော်​တို့​ဒေသက​နေ အမေရိကန်​ပြည်ထောင်စု​ကို ပြောင်းရွှေ့​သွားတဲ့​သူ အတော်များများ ပြန်ရောက်​လာကြတယ်။ ပြန်လာ​ကြ​တဲ့​သူတွေထဲမှာ ၁၉၂၂ ခုနှစ်​က ကျွန်တော်​တို့​ရွာကို​ရောက်လာ​တဲ့ မိုက်ကယ် ပက်ထရစ်​ခ်​လည်း​ပါ​တယ်။ ကျွန်တော်​တို့​ရပ်ကွက်​က မိသားစု​တစ်စု​ဆီ သူ​အလည်အပတ်​ရောက်လာ​ချိန်မှာ ကျွန်တော်​နဲ့​အမေကို​လည်း ဖိတ်ခေါ်​ခဲ့​တယ်။

ဘုရားသခင့်​အုပ်ချုပ်မှု​သည် ကျွန်တော်​တို့အတွက် အမှန်တကယ်​ဖြစ်လာ

မိုက်ကယ်​ဟာ အဲ့ဒီ​တုန်း​က ယေဟောဝါသက်သေ​တွေ​လို့​ခေါ်​တဲ့ ကျမ်းစာ​ကျောင်းသား​တစ်ယောက်​ဖြစ်တယ်၊ သူ​ပြောပြ​တဲ့ အရေးကြီးတဲ့​ကျမ်းစာ​အကြောင်း​တွေ​ကို ကျွန်တော် အရမ်း​စိတ်ဝင်စား​ခဲ့​တယ်။ အဲ့ဒီ​အကြောင်းအရာတွေ​ထဲမှာ အရေးကြီးဆုံး​က ယေဟောဝါ​ရဲ့​နိုင်ငံတော်​လာတော့​မယ့်​အကြောင်း​ပဲ။ (ဒံယေလ ၂:၄၄၊ ၄၅) နောက်​တနင်္ဂနွေ​နေ့​ကျ​ရင် ဇ​ဟို​ရ်​ရွာမှာ ခရစ်ယာန်​အစည်းအဝေး​တစ်ခု​ရှိမယ်လို့ သူ​ပြော​တော့ ကျွန်တော်​သွား​တက်​ဖို့ ဆုံးဖြတ်​လိုက်တယ်။ မနက် ၄ နာရီ​မှာ အိပ်ရာထ၊ ငါး​မိုင်​ကျော်​ဝေး​တဲ့ ကျွန်တော့်​ဝမ်းကွဲ​အိမ်ကို လမ်းလျှောက်သွား​ပြီး စက်ဘီး​ငှား​ခဲ့​တယ်။ လေ​လျော့​နေတဲ့​တာယာ​ကို​ပြင်​ပြီး ဇ​ဟို​ရ်​ရွာကို နောက်ထပ် ၁၅ မိုင် ခရီးဆက်​ခဲ့​ရတယ်။ အစည်းအဝေး ဘယ်မှာ​ကျင်းပ​မယ်​ဆိုတာ မသိတဲ့​အတွက် လမ်း​တစ်​လမ်းမှာ စက်ဘီး​ကို​ဖြည်းဖြည်း​နင်း​သွား​ရင်း အိမ်​တစ်အိမ်​ကနေ ဘုရားသခင့်​နိုင်ငံတော်​သီချင်းဆို​သံ ကြား​လိုက်​တော့ ကျွန်တော်​အရမ်း​ဝမ်းသာ​သွားတယ်။ အဲ့ဒီ​အိမ်ထဲ​ဝင်​သွားပြီး လာ​ရတဲ့​အကြောင်းရင်းကို ရှင်းပြ​လိုက်တယ်။ အဲ့ဒီ​မိသားစုက သူတို့နဲ့အတူ​နံနက်​စာ​စားဖို့ ဖိတ်ခေါ်​ပြီး အစည်းအဝေး​ကို​ခေါ်သွား​ခဲ့​တယ်။ အဲ့ဒီ​ကနေ အိမ်ပြန်ရောက်​ဖို့ မိုင် ၂၀ ကျော် စက်ဘီး​နင်း​ပြီး​နောက် ခြေကျင်​လျှောက်ခဲ့​ရပေမဲ့ မောပန်း​တယ်လို့​မခံစားရဘူး။—ဟေရှာယ ၄၀:၃၁

ယေဟောဝါသက်သေ​တွေ​ရဲ့ နားလည်​လွယ်​တဲ့ ကျမ်းစာ​အခြေပြု​ရှင်းပြချက်တွေကို ကျွန်တော်​သိပ်​ကြိုက်တယ်။ ဘုရားသခင့်​အုပ်ချုပ်မှု​အောက်မှာ အပြည့်အဝ​ကျေနပ်​ရောင့်ရဲ​မယ့် အသက်တာ​မျိုး​ရရှိမယ်​ဆို​တဲ့​မျှော်လင့်ချက်​က ကျွန်တော့်​နှလုံးကို တကယ်​ထိမိတယ်။ (ဆာလံ ၁၀၄:၂၈) အဲ့ဒီ​နောက် အမေရော ကျွန်တော်​ပါ ချာ့ခ်ျ​ကနေ နုတ်ထွက်​စာ​တင်​ဖို့ ဆုံးဖြတ်​လိုက်ကြတယ်။ ဒါ​ကြောင့် ကျွန်တော်​တို့​ရွာမှာ အတော်လေး လှုပ်လှုပ်ရွရွ​ဖြစ်သွား​တယ်။ လူတချို့​ဆိုရင် ကျွန်တော်​တို့ကို စကား​မပြောတော့ဘူး၊ ဒါပေမဲ့ ကျွန်တော်​တို့​ဒေသမှာ​ရှိတဲ့ ယေဟောဝါသက်သေ​တွေ​နဲ့ ကောင်းကောင်း​ပေါင်းသင်း​ခဲ့​ရတယ်။ (မဿဲ ၅:၁၁၊ ၁၂) မကြာခင်​မှာပဲ အူး​မြစ်​မှာ ကျွန်တော်​နှစ်ခြင်း​ခံ​ခဲ့​တယ်။

အမှုတော်​ဆောင်ခြင်း​သည် ကျွန်တော့်​ဘဝ​လမ်းစဉ်​ဖြစ်လာ

ကျွန်တော်​တို့​အခွင့်အရေး​ရ​တိုင်း ယေဟောဝါ​ရဲ့​နိုင်ငံတော်​အကြောင်း​ဟောတယ်။ (မဿဲ ၂၄:၁၄) အထူးသဖြင့် တနင်္ဂနွေ​နေ့တွေမှာ စည်းစနစ်ကျ​တဲ့ ဟောပြောခြင်း​ကင်ပိန်း​တွေ​ကို အာရုံစိုက်​ပြုလုပ်​ခဲ့​ကြတယ်။ အဲ့ဒီ​တုန်း​က လူတွေဟာ အများအားဖြင့် အိပ်ရာ​စောစောထ​ကြ​လို့ ဟောပြောခြင်းကို ကျွန်တော်​တို့ ခပ်​စောစော စ​နိုင်​ခဲ့​ကြတယ်။ နေ့လယ်​ပိုင်း​မှာ လူထု​အစည်းအဝေး​တစ်ခု စီစဉ်​ပေးလေ့​ရှိတယ်။ ကျမ်းစာ​သွန်သင်သူ​တွေ​ဟာ အများအားဖြင့် လက်တန်း​ဟောပြော​ကြတယ်။ သူတို့က စိတ်ဝင်စားသူ​အရေအတွက်၊ သူတို့ရဲ့​ဘာသာရေး​နောက်ခံ၊ သူတို့နဲ့​သက်ဆိုင်​တဲ့​အကြောင်း​တွေ​ကို သုံးသပ်​တင်ပြ​ခဲ့​ကြတယ်။

ကျွန်တော်​တို့​ဟောပြောတဲ့ ကျမ်းစာ​အမှန်တရားက စိတ်​ရိုး​မှန်​သူ​အတော်များများ​ရဲ့ မျက်စိ​တွေ​ကို ပွင့်​သွား​စေ​ခဲ့​တယ်။ ကျွန်တော်​နှစ်ခြင်း​ခံ​ပြီး မကြာခင်​မှာပဲ ထ​ရ်​ဟို​ဗစ်ရှ်​တီ​ရွာမှာ သွား​အမှုဆောင်တယ်။ အိမ်​တစ်အိမ်​မှာ ဇူ​ဇား​နာ မိုစ်​ကာ​လို့​ခေါ်​တဲ့ အရမ်း​ဖော်ရွေ​တဲ့ အမျိုးသမီး​တစ်ယောက်ကို ဟောပြောခဲ့တယ်။ သူနဲ့ သူ့ရဲ့​မိသားစုဟာ တစ်ချိန်က ကျွန်တော်​တို့​လို ကယ်​လ်ဗင်​နစ်​ချာ့ခ်ျ​က ဖြစ်တယ်။ သူဟာ ကျမ်းစာ​ကို အကျွမ်းတဝင်​ရှိပေမဲ့ ကျမ်းစာ​နဲ့​ပတ်သက်​တဲ့ မေးခွန်း​အတော်များများလည်း​ရှိနေတယ်။ ကျွန်တော်​တို့ တစ်​နာရီ​ကြာ​ဆွေးနွေး​ခဲ့​ပြီး​နောက် ဘုရားသခင့်​စောင်းတော်​စာအုပ် ဝေငှ​ပေး​ခဲ့​တယ်။ *

မိုစ်​ကာ​မိသားစုဟာ သူတို့ရဲ့​ပုံမှန်​ကျမ်းစာ​ဖတ်ရှုခြင်း​အစီအစဉ်မှာ စောင်းတော်​စာအုပ်​ကို ချက်ချင်း​စ​ဖတ်​ကြ​တော့​တယ်။ အဲ့ဒီ​ရွာ​က မိသားစု​အတော်များများ စိတ်ဝင်စား​လာကြပြီး ကျွန်တော်​တို့​ရဲ့​အစည်းအဝေးတွေကို စတက်​ခဲ့​ကြတယ်။ ကယ်​လ်ဗင်​နစ်​အမှုဆောင်​က ကျွန်တော်​တို့​နဲ့ ကျွန်တော်​တို့​ရဲ့​စာပေ​တွေ​ကို လက်မခံ​ဖို့ အကြီးအကျယ်​သတိပေး​တယ်။ ဒါနဲ့ စိတ်ဝင်စားသူ​တချို့က အစည်းအဝေး​လာ​တက်ပြီး ကျွန်တော်​တို့​ရဲ့​သွန်သင်ချက်​တွေ​မှား​ကြောင်း ပွင့်ပွင့်လင်းလင်း​ဆွေးနွေး​ဖို့ အဲဒီ​အမှုဆောင်​ကို အကြံပြု​တယ်။

အမှုဆောင် ရောက်​လာတယ်၊ ဒါပေမဲ့ သူရဲ့​သွန်သင်ချက်​တွေ​ကို​ထောက်ခံ​တဲ့ ကျမ်းချက်​တစ်ချက်​မှ မဖွင့်ပြ​နိုင်ဘူး။ သူက “ကျမ်းစာ​ထဲမှာ​ပါ​သမျှ​အားလုံး​ကို ငါ​တို့​မယုံ​ဘူး။ လူတွေ​ရေးခဲ့တဲ့​စာအုပ်​ပဲ၊ ဘာသာရေး​မေးခွန်းတွေကို တခြား​နည်းနဲ့​ဖြေရှင်း​လို့​ရတယ်” ဆိုပြီး သူ့ကိုယ်သူ​ကာကွယ်​ပြောဆို​ခဲ့​တယ်။ အဲ့​ဒါက လူ​အတော်များများ​အတွက် ပြောင်းလဲစရာ​အကြောင်း ဖြစ်​ခဲ့​တယ်။ တချို့က အမှုဆောင်​ကိုယ်တိုင် ကျမ်းစာ​ကို​မယုံ​မှ​တော့ သူ​ဟောတဲ့​တရားကို လာပြီး​နားမထောင်​နိုင်​တော့​ဘူးလို့​ပြော​ကြတယ်။ ဒါနဲ့ ကယ်​လ်ဗင်​နစ်​ချာ့ခ်ျ​ကနေ သူတို့​နုတ်ထွက်​လိုက်​ကြ​တာ အဲ့ဒီ​ရွာ​က လူ ၃၀ ကျော် ကျမ်းစာ​အမှန်တရား​ဘက် အခိုင်အမာ​ရပ်တည်ခဲ့​ကြတယ်။

ဘုရားသခင့်​နိုင်ငံတော် သတင်းကောင်း​ဟောပြောတာဟာ ကျွန်တော်​တို့​ရဲ့​အသက်တာ​လမ်းစဉ် ဖြစ်လာ​တယ်၊ ဒါ​ကြောင့် ကျွန်တော့်​အိမ်ထောင်ဖက်​ကို ဝိညာဉ်​ရေး​သန်စွမ်း​တဲ့​မိသားစု​ထဲ​က​ပဲ ရှာယူ​ခဲ့​တယ်။ အမှုတော်​ဆောင်​လုပ်ငန်းမှာ ကျွန်တော့်​ရဲ့​လုပ်ဖော်ဆောင်ဖက်​ဖြစ်​တဲ့ ယန် ပက်​ထ​ရူး​စ​ကာ,ဟာ အမေရိကန်​ပြည်ထောင်စု​မှာ အမှန်တရား​ရခဲ့တယ်။ သူ့လို​ပဲ လူတိုင်းကို​သက်သေခံဖို့​အသင့်​ရှိတဲ့ သူ့ရဲ့​သမီး မာ​ရီး​အာကို ကျွန်တော်​သဘောကျ​မိတယ်။ ဒါနဲ့ ၁၉၃၆ ခုနှစ်​မှာ ကျွန်တော်​တို့​လက်ထပ်​လိုက်ပြီး မာ​ရီး​အာ​ကွယ်လွန်​သွားတဲ့ ၁၉၈၆ ခုနှစ်​အထိ အနှစ် ၅၀ လုံးလုံး သူဟာ ကျွန်တော့်​ရဲ့​သစ္စာရှိ​အိမ်ထောင်ဖက်​ဖြစ်​ခဲ့​တယ်။ ၁၉၃၈ ခုနှစ်​မှာ ကျွန်တော်​တို့​ရဲ့​တစ်ဦးတည်း​သော​သား အက်ဒ်​ဝဒ် မွေးလာတယ်။ အဲ့ဒီ​အချိန်​လောက်​က ဥရောပ​မှာ နောက်ထပ်​စစ်​ဖြစ်စရာ​အကြောင်း​ရှိနေတယ်။ ကျွန်တော်​တို့​ရဲ့​ဟောပြောခြင်း​လုပ်ငန်း ဘယ်လို​ဖြစ်​မလဲ။

ကျွန်တော်​တို့​ရဲ့ ခရစ်ယာန်​ကြားနေ​ခြင်း စမ်းသပ်ခံ​ရ

ဒုတိယ​ကမ္ဘာ​စစ်​ကြီး​စ​တော့ သီးခြား​နိုင်ငံ​ဖြစ်လာ​တဲ့ စ​လို​ဗက်ကီး​ယား​နိုင်ငံ​ဟာ နာဇီ​လက်အောက်​ရောက်သွား​တယ်။ ဒါပေမဲ့ အစိုးရ​က ယေဟောဝါ​သက်သေတွေကို အဖွဲ့အစည်း​လိုက် မဆန့်ကျင်​ခဲ့​ဘူး။ ကျွန်တော်​တို့ လျှို့ဝှက်​အမှုဆောင်​ကြ​ရတာ​တော့​ရှိတယ်၊ ကျွန်တော်​တို့​ရဲ့​စာပေ​တွေ​ကိုလည်း စိစစ်​ကြတယ်။ ဒါပေမဲ့ ကျွန်တော်​တို့​ရဲ့​လုပ်ငန်း​ကို သတိရှိရှိ ဆက်​လုပ်ဆောင်​နိုင်​ခဲ့​တယ်။—မဿဲ ၁၀:၁၆

စစ်​အရှိန်​ပြင်းထန်​လာတော့ ကျွန်တော့်​အသက် ၃၅ နှစ်​ကျော်​နေပေမဲ့ စစ်​ထဲ​ဝင်​ခိုင်းတယ်။ ခရစ်ယာန်​ကြားနေ​မှု​ကြောင့် စစ်​ထဲ​ဝင်​ဖို့ ကျွန်တော်​ငြင်း​လိုက်တယ်။ (ဟေရှာယ ၂:၂-၄) ဝမ်းသာစရာက ကျွန်တော့်​ကို​ဘယ်လို​စီရင်​ရ​မှန်း အာဏာပိုင်တွေ​မဆုံးဖြတ်​ခင်​မှာ ကျွန်တော့်​အသက်အရွယ်​ပိုင်း​ရှိသူ​အားလုံး လွတ်ငြိမ်းခွင့်​ရခဲ့တယ်။

ရွာ​တွေ​မှာ​နေတဲ့​ကျွန်တော်​တို့​ထက် မြို့ထဲက​ညီအစ်ကို​တွေ​ဟာ ပို​အခက်​ကြုံ​မယ်​ဆိုတာ ကျွန်တော်​တို့​သိလာတယ်။ ကျွန်တော်​တို့​မှာ​ရှိတာတွေကို ဝေမျှပေး​ချင်​ကြတယ်။ (၂ ကောရိန္သု ၈:၁၄) ဒါ​ကြောင့် အစားအသောက်​တွေ သယ်​နိုင်​သမျှ​သယ်​ပြီး ဗ​ရာ​တစ်စ​လာ​ဗာ​မြို့ကို မိုင် ၃၀၀ ကျော် ခရီးနှင်​ခဲ့​ကြတယ်။ စစ်​အတွင်း ကျွန်တော်​တို့​ပြ​ခဲ့​ကြ​တဲ့ ခရစ်ယာန်​ချင်း​ရင်းနှီးမှု​နဲ့​မေတ္တာက ရှေ့လျှောက်​ကြုံတွေ့​ရမယ့် ခက်ခဲ​တဲ့​နှစ်တွေ​အတွက် ကျွန်တော်​တို့ကို ခွန်​အားပေးခဲ့တယ်။

လိုအပ်သော​အားပေးမှု ရရှိ​လာ

ဒုတိယ​ကမ္ဘာ​စစ်​ပြီး​နောက် စ​လို​ဗက်ကီး​ယား​က ချက်ကိုစလိုဗက်ကီးယား​နိုင်ငံ​ရဲ့​အစိုးရ​အောက် တစ်ခါ​ပြန်ရောက်​သွားတယ်။ ၁၉၄၆ ကနေ ၁၉၄၈ ခုနှစ်​အထိ ယေဟောဝါသက်သေ​တွေ​ရဲ့ နိုင်ငံတစ်ဝန်း​စည်းဝေးကြီး​ကို ဘာ​ရ်​နို​မြို့ ဒါမှ​မဟုတ် ပ​ရားဂ်​မြို့မှာ​ကျင်းပ​ကြတယ်။ စည်းဝေးကြီး​ကိုယ်စားလှယ်​တွေ​အတွက်​စီစဉ်​ပေး​တဲ့ အထူး​ရထား​တွဲ​တွေ​နဲ့ ကျွန်တော်​တို့ စ​လို​ဗက်ကီး​ယား​အရှေ့ပိုင်း​ကို​သွား​ကြတယ်။ တစ်​လမ်း​လုံး​သီချင်းဆို​သွား​ကြ​လို့ သီချင်းဆို​ရထား​တွဲ​တွေ​လို့ ခေါ်​ရင်​မမှား​ဘူး။—တမန်​တော် ၁၆:၂၅

ညီအစ်ကို နေသန် အိပ်ခ်ျ. နောရ်​အပါအဝင် ကမ္ဘာ့​ဌာနချုပ်​က ခရစ်ယာန်​ကြီးကြပ်မှူး​သုံးဦး တက်ရောက်​ခဲ့​တဲ့ ၁၉၄၇ ခုနှစ်၊ ဘာ​ရ်​နို​မြို့မှာ​ကျင်းပ​တဲ့​စည်းဝေးကြီး​ကို ကျွန်တော်​အထူး​အမှတ်ရမိ​တယ်။ လူထု​ဟောပြောချက်ကို​ကြေညာ​ဖို့ ကြော်ငြာ​ကတ်ပြား​တွေ​ချိတ်ဆွဲ​ပြီး မြို့ထဲမှာ​လျှောက်ခဲ့​ကြတယ်။ ကျွန်တော့်​ရဲ့​ကိုးနှစ်​သားလေး အက်ဒ်​ဝဒ်​က ကြော်ငြာ​ကတ်ပြား​မရလို့ အတော်လေး​စိတ်မကောင်း​ဖြစ်​ခဲ့​တယ်။ ဒါနဲ့ ညီအစ်ကို​တွေ​က သူနဲ့ တခြား​ကလေးငယ်​တွေ​အတွက်​ပါ ဆိုင်းဘုတ်​လေး​တွေ​လုပ်ပေး​ကြတယ်။ ဒီ​ကလေး​အုပ်စု​လည်း ဟောပြောချက်ကို တော်တော်လေး ကြေညာ​ပေး​ခဲ့​ကြတယ်!

၁၉၄၈ ခုနှစ်​မှာ ကွန်မြူနစ်​တွေ​အာဏာပြ​လာကြတယ်။ နောက်​ဆိုရင် အစိုးရ​က ကျွန်တော်​တို့​ရဲ့​အမှုတော်​ဆောင်​လုပ်ငန်း​ကို ဟန့်တား​ပိတ်ပင်​တော့​မယ်​ဆိုတာ ကျွန်တော်​တို့​ကြိုသိ​ထား​ကြတယ်။ အစည်းအဝေးတွေကို သုံးနှစ်လောက်​ပဲ လွတ်လပ်​စွာ​ကျင်းပ​ခွင့်​ရပြီး​တဲ့​နောက် ကျွန်တော်​တို့​ရဲ့​စုဝေးမှု​တွေ​ကို ပိတ်ပင်​မှာ​စိုးရိမ်​ပြီး ပ​ရားဂ်​မြို့မှာ ၁၉၄၈၊ စက်တင်ဘာ​လမှာ စည်းဝေးကြီး​တစ်ခု​ကျင်းပ​ခဲ့​ကြတယ်။ အဲ့ဒီ​စည်းဝေးကြီး​ကနေ မ​ထွက်ခွာ​ခင် ကျွန်တော်​တို့ ဒီလို​အဓိဋ္ဌာန်​ပြု​ခဲ့​ကြတယ်– “ကျွန်ုပ်​တို့ ယေဟောဝါသက်သေ​များသည် . . . ဘုရားသခင်​၏​မခံစားထိုက်သော ကရုဏာ​အားဖြင့် အချိန်​အခါ​မရွေး ခက်ခဲ​သည့်​အချိန်တွင်​ပင် မဆုတ်မနစ်​ကြိုးစား​ပြီး ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို အပြည့်အဝ​ကြေညာ​ခြင်း​ဖြင့် ပျော်ရွှင်စရာ ဤ​လုပ်ငန်း​ကို တိုးချဲ့​လုပ်ကိုင်​သွားပါ​မည်​ဟု သန္နိ​ဋ္ဌာန်​ချပါ​သည်။”

“နိုင်​ငံ့​ရန်သူများ”

ပ​ရားဂ်​စည်းဝေးကြီး​ပြီး​လို့ နှစ်လ​အကြာမှာ လျှို့ဝှက်​ပုလိပ်​တွေ​က ပ​ရားဂ်​မြို့အနီး ဗေသလ​ကို စီးနင်း​တိုက်ခိုက်​ခဲ့​တယ်။ ပစ္စည်းဥစ္စာ​တွေ၊ တွေ့​သမျှ​စာပေ​တွေ​ကို​သိမ်းသွား​ပြီး ဗေသလ​အိမ်သား​အားလုံး​နဲ့ တခြား​ညီအစ်ကို​တွေ​ကို​ပါ ဖမ်းဆီး​ခဲ့​ကြတယ်။ အဲ့​ဒါ​ထက်မက ပြုလုပ်​ကြ​ဦး​မှာ​ဖြစ်တယ်။

၁၉၅၂၊ ဖေဖော်ဝါရီ​လ ၃-၄ ရက်​ည​မှာ လုံခြုံရေး​စစ်တပ်​က နိုင်ငံတစ်ဝန်း​လိုက်လံ​ရှာဖွေပြီး သက်သေခံ ၁၀၀ ကျော်​ကို ဖမ်းဆီး​လိုက်တယ်။ ကျွန်တော်​လည်း အဖမ်း​ခံရ​တယ်။ နံနက်​သုံးနာရီ​လောက်​မှာ ရဲက ကျွန်တော်​တို့​တစ်​မိသားစု​လုံး​ကို နှိုး​လိုက်တယ်။ ဘာမှ​မရှင်းပြဘဲ ကျွန်တော့်​ကို သူတို့နဲ့​လိုက်ခဲ့​ဖို့​ပြော​တယ်။ ကျွန်တော့်​ကို လက်​ထိပ်​ခတ်၊ မျက်လုံးကို​အဝတ်​စည်း​ပြီး တခြား​လူတွေနဲ့​အတူ ထရပ်ကား​နောက်ခန်း​ထဲ တွန်း​ထည့်​လိုက်တယ်။ ဒီလိုနဲ့ ကျွန်တော် တိုက်ပိတ်​ခံ​လိုက်ရတယ်။

တစ်လ​လုံးလုံး ကျွန်တော့်​ကို ဘယ်သူမှ​မေးမြန်း​စစ်ဆေးခြင်း​မရှိဘူး။ တံခါး​မှာ​ရှိတဲ့ အပေါက်​ကနေ အစာ​မလောက်​မ​ငှ​လေး​ကို ထိုးထည့်​ပေး​တဲ့ အစောင့်​ကိုပဲ တွေ့ရ​တယ်။ အဲ့ဒီ​နောက် အစပိုင်း​မှာ​ပြော​ခဲ့​သလို ကျွန်တော့်​ကို​စစ်ဆေး​မေးမြန်း​ဖို့ ဆင့်ခေါ်​ခဲ့​တယ်။ ကျွန်တော့်​ကို သူလျှိုလို့ သူ​ခေါ်​ပြီး “ဘာသာ​တရား​ရှိတယ်ဆိုတာ အသိဉာဏ်​နည်း​လို့​ပဲ၊ ဘုရားသခင်​မရှိဘူး! ငါ​တို့​ရဲ့​အလုပ်သမား​လူတန်းစားတွေ လူ​မိုက်​ဖြစ်အောင် မင်းကို​လုပ်​ခွင့်​မပေး​နိုင်ဘူး။ မင်း ကြိုးပေး​ခံရ​မယ်၊ ဒါမှ​မဟုတ် ထောင်​ထဲမှာ​သေသွား​ရလိမ့်မယ်။ မင်းရဲ့​ဘုရားသခင် ဒီကို​ဆင်းလာ​ရင် သူ့ကို​ပါ ငါ​တို့​သတ်ပစ်​မယ်!” လို့​ဆက်​ပြော​ခဲ့​တယ်။

ကျွန်တော်​တို့​ရဲ့​ခရစ်ယာန်​လုပ်ငန်း​ကို​ပိတ်ပင်​ဖို့ သီးသန့်​ဥပဒေ​မရှိဘူး​ဆိုတာ အာဏာပိုင်တွေ သိထားတဲ့​အတွက် ကျွန်တော်​တို့​ရဲ့​လုပ်ငန်း​ကို ဥပဒေ​နဲ့​ငြိ​စွန်း​စေဖို့ ကျွန်တော်​တို့ကို “နိုင်ငံ​ရဲ့​ရန်သူတွေ၊” တိုင်းတစ်ပါး​သူလျှိုတွေ ပုံစံ​ထွက်​စေ​ချင်​ကြတယ်။ ဒီလို​ဖြစ်အောင် ကျွန်တော်​တို့​ရဲ့​စိတ်ဆန္ဒ​စွမ်းအား​ကို ချိုးဖျက်​ဖို့​ကြိုးစား​ပြီး သူတို့ရဲ့​မတရား​စွပ်စွဲချက်​တွေ​ကို “ဝန်ခံ” စေ​ချင်​ကြတယ်။ စစ်ဆေး​မေးမြန်း​ပြီး​တဲ့​ည​မှာ ကျွန်တော့်​ကို​အိပ်ခွင့်မပေး​ဘူး။ နာရီ​အနည်းငယ်​အကြာမှာ ထပ်​ပြီး​စစ်ဆေး​မေးမြန်း​ပြန်​တယ်။ ဒီ​အချိန်​မှာ​တော့ အဲ့ဒီ​စစ်ဆေး​မေးမြန်း​သူက ဒီ​ထွက်ဆို​ဝန်ခံချက်​ကို လက်မှတ်​ထိုးခိုင်း​တယ်– “ချက်ကိုစလိုဗက်ကီးယား​သမ္မတနိုင်ငံ​၏​ရန်သူ​ဖြစ်သော ကျွန်ုပ်​သည် အမေရိကန်​များ​ရောက်လာ​ဖို့ စောင့်မျှော်​နေသည့်​အတွက် [စုပေါင်း​လယ်ယာ] တွင် မဝင်​ခဲ့​ပါ။” ဒီ​မုသား​တွေ​ပါ​တဲ့​ထွက်ဆိုချက်​ကို ကျွန်တော်​လက်မှတ်​မ​ထိုး​တဲ့​အတွက် ပုံစံ​ပေး​အကျဉ်း​ချ​ခံ​ခဲ့​ရတယ်။

ကျွန်တော့်​ကို အိပ်ခွင့်၊ လှဲ​ခွင့်၊ ထိုင်​ခွင့်​တောင်​မပေးခဲ့​ဘူး။ မတ်တတ်ရပ်​ရုံ ဒါမှ​မဟုတ် လမ်းလျှောက်​ရုံ​ပဲ နေခဲ့​ရတယ်။ ကျွန်တော်​ပင်ပန်း​လာတဲ့အခါ သမံတလင်း​ကြမ်းပြင်​ပေါ် လဲလျောင်း​လိုက်တယ်။ အဲ့ဒီ​အခါ အစောင့်​တွေ​က စစ်ဆေးရေး​ရုံး​ထဲ ပြန်​ခေါ်သွား​ကြတယ်။ စစ်ဆေး​သူက “အခု မင်း လက်မှတ်ထိုး​တော့​မလား” လို့​မေးတယ်။ ကျွန်တော်​ထပ်​ငြင်း​ပြန်​တော့ ကျွန်တော့်​မျက်နှာကို သူ​ထိုး​လိုက်လို့ သွေး​ထွက်​လာတယ်။ အဲ့ဒီ​နောက် အစောင့်​တွေ​ကို သူ​ငေါ​က်​င​မ်း​လိုက်တာ​က– “ဒီ​ကောင် သေချင်​နေပြီ၊ သူ့ကို သေချာ​စောင့်ကြပ်​ထား​ကြ!” တဲ့။ ဒါနဲ့​ပဲ ကျွန်တော်​တိုက်ပိတ်​ခံရ​ပြန်​တယ်။ ခြောက်​လ​လောက် ဒီလိုပဲ အကြိမ်ကြိမ်​စစ်ဆေး​မေးမြန်း​ပြန်​တယ်။ ဘယ်လိုပဲ နိုင်ငံရေး​ဝါဒဖြန့်​သွေးထိုး​ပေမဲ့၊ နိုင်​ငံ့​ရန်သူ​ပါ​လို့ ကျွန်တော်​ဝန်ခံ​အောင် ကြိုးပမ်း​ပေမဲ့ ဘယ်အရာ​က​မျှ ယေဟောဝါ​အပေါ် ကျွန်တော့်​ရဲ့​သမာဓိ​စောင့်သိမှု​ကို မချိုးဖျက်​နိုင်​ခဲ့​ဘူး။

ကျွန်တော့်​ကို​အမှုစစ်ဆေး​ဖို့ တစ်လ​အလိုမှာ ပ​ရားဂ်​မြို့ကနေ ရှေ့နေ​တစ်ဦး​ရောက်လာ​ပြီး ကျွန်တော်​တို့​အုပ်စု​ထဲ​က ညီအစ်ကို ၁၂ ယောက်​ကို တစ်ယောက်ချင်း​စီ စစ်ဆေး​မေးမြန်းခဲ့​တယ်။ သူက “အနောက်​နိုင်ငံ​က နယ်​ချဲ့​တွေ ငါ​တို့​ရဲ့​နိုင်ငံ​ကို လာ​တိုက်ခိုက်​တဲ့​အခါ မင်း​ဘာလုပ်​မလဲ” လို့​မေးတယ်။ “ဒီ​နိုင်ငံ​က ဟစ်တလာ​နဲ့​ပူးပေါင်း​ပြီး ယူအက်စ်အက်စ်အာ​ရ်​ကို တိုက်ခိုက်​တုန်း​က ကျွန်တော်​လုပ်ခဲ့တဲ့​အတိုင်းပဲ​လုပ်မယ်၊ ကျွန်တော်​ဟာ ခရစ်ယာန်​တစ်ယောက်​ဖြစ်​လို့ ကြားနေ​ရတဲ့​အတွက် အဲ့ဒီ​အချိန်​က ကျွန်တော် မတိုက်ခိုက်​ခဲ့​ဘူး၊ အခုလည်း မတိုက်ခိုက်​နိုင်ဘူး” လို့​ပြန်​ပြော​လိုက်တယ်။ အဲ့ဒီ​နောက် သူက “ယေဟောဝါ​သက်သေတွေကို ငါ​တို့​သည်းမခံ​နိုင်ဘူး၊ ငါ​တို့​တိုင်းပြည်​ကို အနောက်​နိုင်ငံ​က​နယ်​ချဲ့​တွေ လာ​တိုက်​ရင် စစ်သား​တွေ​လိုတယ်၊ အနောက်​နိုင်ငံ​က ငါ​တို့​ရဲ့​အလုပ်သမား​လူတန်းစားတွေ လွတ်မြောက်​ဖို့ စစ်သား​တွေ​လိုတယ်” လို့​ပြော​တယ်။

၁၉၅၃၊ ဇူလိုင် ၂၄ ရက်မှာ ကျွန်တော်​တို့ကို တရားရုံး​တော်​ထဲ​ခေါ်သွင်း​ခဲ့​တယ်။ ကျွန်တော်​တို့ ၁၂ ယောက်​ကို တစ်ယောက်​ပြီး​တစ်ယောက် တရားသူကြီး​အဖွဲ့​ရှေ့ ခေါ်ထုတ်​တယ်။ ကျွန်တော်​တို့​အခွင့်ကောင်း​ယူပြီး ကျွန်တော်​တို့​ရဲ့​ယုံကြည်ခြင်းကို တင်ပြ​ပြောဆို​သက်သေခံ​ခဲ့​ကြတယ်။ ကျွန်တော်​တို့​နဲ့​ပတ်သက်​တဲ့ မတရား​စွပ်စွဲချက်​တွေ​ကို ဖြေဆို​ပြီး​နောက်​မှာ ရှေ့နေ​တစ်ယောက်​က ထရပ်​ပြီး “ဒီ​တရားရုံး​ကို ငါ​အကြိမ်ကြိမ်​ရောက်​ဖူး​တယ်၊ ခါ​တိုင်း​ဆိုရင် ငို​ပြီး​တောင် ဝန်ချ​တောင်းပန်​ကြ​တာ​ကိုပဲ မြင်ရ​ကြား​ရတယ်၊ ဒီ​လူတွေကျတော့ အခန်း​ထဲ​ဝင်လာတဲ့​အချိန်​က​ထက် ခံယူ​ချက်​ပို​ခိုင်မာ​ပြီး ပြန်ထွက်​သွား​ကြ​မှာ” လို့​ပြော​ခဲ့​တယ်။ အဲ့ဒီ​နောက် ကျွန်တော်​တို့ ၁၂ ယောက်​စ​လုံး နိုင်ငံ​ကို​ဆန့်ကျင်​ပုန်ကန်​တဲ့​အပြစ်ဒဏ် စီရင်ခံ​လိုက်ရတယ်။ ကျွန်တော့်​ကို သုံးနှစ်​ထောင်ချ​ခဲ့​ရုံ​မ​က ကျွန်တော်​ပိုင်ဆိုင်​သမျှ အသိမ်း​ခံ​ခဲ့​ရတယ်။

အိုမင်း​ခြင်း​က ကျွန်တော့်​ကို​မရပ်တန့်​စေ​ခဲ့

ကျွန်တော်​အိမ်ပြန်ရောက်​ပြီး​နောက်​မှာလည်း လျှို့ဝှက်​ပုလိပ်​တွေ​က အမြဲ​ချောင်းမြောင်း​စောင့်ကြပ်​ခဲ့​တယ်။ ဒါကို​မကြောက်​ဘဲ ကျွန်တော့်​ရဲ့ သီအိုကရက်တစ်​လုပ်ငန်း​တွေ​ကို ဆက်လုပ်​ကိုင်​ခဲ့လို့ အသင်းတော်ရဲ့​ဝိညာဉ်​ရေး​ကို ကြီးကြပ်​ပေး​ဖို့ တာဝန်ရ​ခဲ့​တယ်။ အသိမ်း​ခံ​ထား​ရတဲ့ ကျွန်တော်​တို့​ရဲ့​အိမ်မှာ နေခွင့်​ရပေမဲ့ နောက်​အနှစ် ၄၀ ကြာ ကွန်မြူနစ်​တွေ​ကျဆုံး​ပြီး​နောက်​မှ ကိုယ့်​အိမ်​ကိုယ် တရားဝင်​ပြန်​ပိုင်ဆိုင်ခွင့်​ရခဲ့တယ်။

ကျွန်တော်​တစ်ယောက်ပဲ ထောင်ချ​ခံရ​တာ​မဟုတ်ပါဘူး။ ကျွန်တော်​အိမ်ပြန်ရောက်​လာလို့ သုံးနှစ်​ကြာ​တော့ အက်ဒ်​ဝဒ်​လည်း စစ်​ထဲ​ဝင်​ဖို့​အမိန့်စာ​ရခဲ့တယ်။ ကျမ်းစာ​အတိုင်း​လေ့ကျင့်​ထား​တဲ့ သိစိတ်​ကြောင့် စစ်​ထဲ​မဝင်​တဲ့​အတွက် သူ​ထောင်ကျ​ခဲ့​တယ်။ နောက်တော့ ကျွန်တော့်​ရဲ့​မြေး ပီတာ​ဟာ ကျန်းမာ​ရေး​မကောင်းတဲ့​ကြား အဲ့ဒီ​လို​ပဲ​တွေ့ကြုံ​ခဲ့​ရတယ်။

၁၉၈၉ ခုနှစ်​မှာ ချက်ကိုစလိုဗက်ကီးယား​နိုင်ငံ​ရဲ့ ကွန်မြူနစ်​အုပ်ချုပ်ရေး​ကျရှုံး​သွားတယ်။ အနှစ်​လေးဆယ် လုပ်ငန်း​ပိတ်ပင်​ခံရ​ပြီး​နောက် တစ်အိမ်​မှ​တစ်အိမ် လွတ်လွတ်လပ်လပ်​ဟောပြော​ခွင့်​ရတဲ့​အတွက် ကျွန်တော်​တကယ်​ပျော်ရွှင်​ခဲ့​တယ်! (တမန်​တော် ၂၀:၂၀) ကျန်းမာ​ရေး​ကောင်း​နေ​သ၍ ဒီလို​အမှုဆောင်​ရတာ သိပ်​ပျော်​တယ်။ အခု ကျွန်တော် ၉၈ နှစ်​ရှိပြီ​ဆိုတော့ အရင်​လို​ကျန်းမာ​ရေး​မကောင်း​တော့​ဘူး၊ ဒါပေမဲ့ အနာဂတ်​အတွက် ယေဟောဝါ​ရဲ့​ဘုန်း​ကျက်သရေ​ပြည့်ဝ​တဲ့ ကတိတော်​တွေ​အကြောင်း လူတွေကို​သက်သေခံခွင့်​ရလို့ ပျော်​တယ်။

ကျွန်တော့်​ဇာတိမြေ​ကို​အုပ်စိုး​ခဲ့​တဲ့ ငါး​နိုင်ငံ​ရဲ့ ခေါင်းဆောင် ၁၂ ယောက်​ကို ကျွန်တော်​ရေတွက်​ပြ​နိုင်တယ်။ သူတို့တွေ​ထဲမှာ အာဏာရှင်​တွေ၊ သမ္မတ​တွေ​နဲ့ ဘုရင်​တစ်ပါး​ပါ​တယ်။ သူတို့​အုပ်ချုပ်​ခဲ့​တဲ့ အချိန်အတွင်း​မှာ သူတို့​တစ်ယောက်​ကမှ အခက်အခဲ​ကြုံနေ​သူတွေရဲ့​ပြဿနာ​တွေ​ကို အမြဲတမ်း​ဖြေရှင်း​မပေးနိုင်​ခဲ့​ဘူး။ (ဆာလံ ၁၄၆:၃၊ ၄) ကျွန်တော်​ငယ်ငယ်​ကတည်းက ယေဟောဝါ​ကို သိကျွမ်းခွင့်​ရလို့ သိပ်​ကျေးဇူး​တင်​တယ်။ ဒါ​ကြောင့် မေရှိယနိုင်ငံတော်​အားဖြင့် အဲ့ဒီ​အခက်အခဲတွေကို ကိုယ်တော်​ဖြေရှင်း​ပေး​မယ်​ဆိုတာ သဘောပေါက်​ပြီး ဘုရားသခင်​မပါတဲ့ အချည်းနှီး​အသက်ရှင်​တဲ့​ဘဝမျိုးကို ကျွန်တော်​ရှောင်နိုင်​ခဲ့​တယ်။ အကောင်းတကာ့​အကောင်းဆုံး​သတင်းကို ၇၅ နှစ်​ကျော် တက်တက်ကြွကြွ​ကြေညာ​နိုင်​ခဲ့​တဲ့​အတွက် ကျွန်တော့်​ဘဝမှာ ရည်ရွယ်ချက်​ရှိတယ်၊ ကျေနပ်​ရောင့်ရဲ​တယ်၊ ကမ္ဘာ​မြေကြီး​ပေါ်မှာ ထာဝရ​အသက်​ရနိုင်​မယ့် တောက်ပ​တဲ့​မျှော်လင့်ချက်လည်း ရရှိ​ထား​တယ်။ ကျွန်တော့်​မှာ ဘာများ​လို​သေး​လို့လဲ။ *

[အောက်​မှတ်ချက်များ]

^ အပိုဒ်၊ 14 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​ခဲ့၊ ယခု မ​ထုတ်​တော့​ပါ။

^ အပိုဒ်၊ 38 ဝမ်းနည်းစရာမှာ ဤ​ဆောင်းပါး​ကို​ပြင်ဆင်​နေစဉ် ညီအစ်ကို​မိုက်ကယ် ဇို​ဘရိတ်​သည် အားယုတ်​ပြီး ရှင်ပြန်ထမြောက်ခြင်း​မျှော်လင့်ချက်​ဖြင့် သစ္စာရှိ​စွာ​ကွယ်လွန်​ခဲ့​၏။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ကျွန်တော်​တို့​လက်ထပ်​ပြီး​မကြာမီ

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

၁၉၄၀ ပြည့်လွန်​နှစ်များ​အစောပိုင်း​တွင် အက်ဒ်​ဝဒ်​နှင့်အတူ

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

၁၉၄၇ ခုနှစ်၊ ဘာ​ရ်​နို​မြို့တွင် စည်းဝေးကြီး​ကို ကြေညာ​နေစဉ်