မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏နှိမ့်ချခြင်းက ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိ

ယေဟောဝါ၏နှိမ့်ချခြင်းက ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိ

ယေဟောဝါ​၏​နှိမ့်ချ​ခြင်း​က ကျွန်ုပ်​တို့အတွက် အဘယ်​အဓိပ္ပာယ်​ရှိ

ဒါဝိဒ်​သည် ဆင်းရဲ​ခက်ခဲ​မှု​အကြောင်း သိ​နားလည်​သူ​ဖြစ်သည်။ မနာလို​စိတ်​ရှိသည့် ယောက္ခမ​ဖြစ်သူ ဘုရင်​ရှောလု​၏​နှိပ်စက်မှု​ခံ​ခဲ့​ရသည်။ ရှောလုသည် ဒါဝိဒ်​ကို လှံ​နှင့်​ထိုး​သတ်​ဖို့ သုံးကြိမ်​တိုင်​ကြိုးစား​ခဲ့​သော်လည်း မအောင်မြင်​သဖြင့် နှစ်ချီ၍​လိုက်လံ​သတ်ဖြတ်​ခဲ့​ရာ ဒါဝိဒ်​ခမျာ ထွက်ပြေး​တိမ်းရှောင်​နေခဲ့ရ​သည်။ (၁ ဓမ္မ​ရာဇဝင် ၁၈:၁၁; ၁၉:၁၀; ၂၆:၂၀) သို့​တိုင် ဒါဝိဒ်​နှင့်အတူ ယေဟောဝါ​ရှိ​တော်​မူ​၏။ ယေဟောဝါ​သည် သူ့ကို ရှောလု​၏​ရန်​မှ​မ​က အခြား​ရန်သူများ​လက်​မှ​လည်း ကယ်တင်​ပေး​ခဲ့​သည်။ ထို့​ကြောင့် ဒါဝိဒ်က– “ထာဝရ​ဘုရား [သခင်] သည် ငါ​၏​ကျောက်၊ ငါ​၏​ရဲတိုက်၊ ငါ့ကို​ကယ်လွှတ်​သော​သခင် . . . ဖြစ်​တော်​မူ​၏။ [ယေဟောဝါ] သည် ကယ်တင်​တော်​မူ​ခြင်း ဒိုင်းလွှား​ကို​အပ်​၍ ကိုယ်တော်​၏​နှိမ့်ချ​တော်​မူ​ခြင်း​အားဖြင့် အကျွန်ုပ်သည် ချီးမြှောက်​ခြင်း​သို့​ရောက်​ပါ​၏” ဟု​သီဆို​ခဲ့​ခြင်း​ကို ကျွန်ုပ်​တို့​သဘောပေါက်​နိုင်​ကြသည်။ (၂ ဓမ္မ​ရာဇဝင် ၂၂:၂၊ ၃၆က​ဘ) ဒါဝိဒ်​သည် ဣသရေလ​နိုင်ငံ​တွင် အတော်အတန်​ချီးမြှောက်ခံ​ခဲ့​ရသည်။ သို့သော် ယေဟောဝါ​၏​နှိမ့်ချ​ခြင်း​နှင့် မည်သို့​ပတ်သက်​သနည်း။

သမ္မာကျမ်းစာ​က ယေဟောဝါ​အား နှိမ့်ချမှု​ရှိသူ​အဖြစ်​ဖော်ပြ​သောအခါ ကိုယ်တော်​သည် ကန့်သတ်ချက်​ရှိသည်၊ သို့​မဟုတ် အခြား​သူတို့ကို​လက်အောက်ခံ​ရသည်​ဟု ဆိုလို​နေခြင်း​မဟုတ်ပါ။ ယင်းအစား ဤ​နှစ်လိုဖွယ်​အရည်အသွေး​က ကိုယ်တော်​၏​မျက်နှာသာတော်​ရရှိရန် စိတ်ရင်းမှန်​ဖြင့် ကြိုးစား​သူတို့​အပေါ် ကိုယ်တော်​စာနာစိတ်​ရှိပြီး ကရုဏာ​ပြတော်မူ​ကြောင်း​ဖော်ပြ​သည်။ ဆာလံ ၁၁၃:၆၊ ၇က​ဘ တွင် ကျွန်ုပ်​တို့​ဤသို့​ဖတ်​ရ၏– “[ယေဟောဝါ] သည် ကိုယ်ကို​နှိမ့်ချ၍ မိုးကောင်းကင်​နှင့် မြေကြီးကို ငုံ့၍​ကြည့်ရှု​တော်​မူ​၏၊ . . . ဆင်းရဲသော​သူကို မြေမှုန့်​ထဲ​က ချီးမြှောက်​တော်​မူ​သည်။” ‘ကိုယ်ကို​နှိမ့်ချ​သည်’ ဟူ​သည့်​အဓိပ္ပာယ်​မှာ ‘ကိုယ်တော်​သည် ငုံ့၍​ကြည့်ရှု​တော်​မူ​သည်၊’ သို့​မဟုတ် ‘ကြည့်ရှု​ရန် နှိမ့်ချ​တော်​မူ​သည်’ ဟူ၍​ဖြစ်၏။ ထို့​ကြောင့် မစုံလင်​သော်လည်း နှိမ့်ချ​စိတ်​ရှိသည့် ဘုရားသခင့်​အမှုတော်​ဆောင်​သူ ဒါဝိဒ်​ကို ယေဟောဝါ​ကိုယ်တော်တိုင် ကောင်းကင်​မှ ‘ငုံ့၍’ သို့​မဟုတ် ‘ကိုယ်ကို​နှိမ့်ချ၍’ ဂရုစိုက်​ကြည့်ရှု​တော်​မူ​သည်။ ထို့​ကြောင့် ဒါဝိဒ် ဤသို့​အာမခံ​နိုင်​ခဲ့​ခြင်း​ဖြစ်၏– “ထာဝရ​ဘုရား [သခင်] သည် မြင့်မြတ်​တော်​မူ​သော်လည်း စိတ်​နှိမ့်ချသော​သူတို့ကို ကြည့်ရှု​တော်​မူ​၏။” (ဆာလံ ၁၃၈:၆) ဒါဝိဒ်​နှင့် ယေဟောဝါ​ဆက်ဆံ​ခဲ့​သည့် သနား​ညှာတာ၊ စိတ်ရှည်သော​နည်းလမ်း​က ဘုရားသခင့်​အလိုတော်​ဆောင်​လို​သူအား​လုံး​ကို အားရှိစေ​သင့်​သည်။

စကြဝဠာ​အရှင်​ယေဟောဝါ​သည် အမြင့်မြတ်ဆုံး​သခင်​ဖြစ်သော်လည်း ကျွန်ုပ်​တို့​တစ်ဦးစီ​နှင့် အဆက်အသွယ်​ပြု​လို​တော်​မူ​သည်။ ယင်းကို​သိထားခြင်းက အခက်ခဲဆုံး​အခြေအနေ​များ​တွင်​ပင် ကျွန်ုပ်​တို့ကို ကိုယ်တော် မပျက်​မ​ကွက်​ကူညီ​လိမ့်​မည်​ဟု ယုံကြည်​စိတ်ချ​စေ​သည်။ ကျွန်ုပ်​တို့ကို ကိုယ်တော်​မေ့လျော့​သွား​မည်​ဟု စိုးရိမ်​စ​ရာ​မလိုပါ။ ရှေး​ဣသရေလ​လူမျိုး​နှင့်​စပ်လျဉ်းပြီး ယေဟောဝါ​သည် “ကရုဏာတော် အစဉ်အမြဲ​တည်​သည်​ဖြစ်၍ နှိမ့်ချလျက်​နေသော [သူတို့] ကို အောက်မေ့​တော်​မူ​ထ​သော​ဘုရား [သခင်]” ဖြစ်သည်ဟု သင့်လျော်​စွာ​ဖော်ပြ​နိုင်​ပါ​သည်။—ဆာလံ ၁၃၆:၂၃

ယေဟောဝါ​၏ မျက်မှောက်ခေတ်​ကျေးကျွန်​များ​အနေ​နှင့် ကျွန်ုပ်​တို့​လည်း ဒါဝိဒ်​ကဲ့သို့ ဆင်းရဲ​ခက်ခဲ​မှုများ​ခံစား​ကြ​ရ​ပေမည်။ ဘုရားသခင်​ကို​မသိသော​သူများ​၏​လှောင်ပြောင်ခြင်း​ကို ကျွန်ုပ်​တို့​ခံ​နေကြ​ရမည်၊ သို့​မဟုတ် ကျန်းမာ​ရေး​မကောင်းခြင်း၊ ဆွေမျိုးရင်းချာ​တစ်ဦး ဆုံးပါး​သွားခြင်း​တို့ကို ကြုံတွေ့​ရ​ပေမည်။ ကျွန်ုပ်​တို့၏​အခြေအနေ မည်သို့​ပင်​ဖြစ်ပါစေ၊ စိတ်ရင်းမှန်​နှင့်​ဆုတောင်း​ပြီး ယေဟောဝါ​ထံ​ချဉ်းကပ်​နိုင်​သည်၊ ကိုယ်တော်​၏​သနားခြင်း​ကရုဏာတော်​ကို တောင်းခံ​နိုင်​ကြ​ပါ​သည်။ ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို ဂရုစိုက်​ကြည့်ရှု​ရန်၊ ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​ကို နားညောင်း​ရန် ‘ငုံ့၍​ကြည့်​တော်​မူ’ လိမ့်​မည်။ မှုတ်သွင်းခံ​ဆာလံဆရာ​ရေးခဲ့​သည့်​အတိုင်း “ထာဝရ​ဘုရား [သခင်]သည် ဖြောင့်မတ်​သော​သူတို့ကို ကြည့်ရှု​တော်​မူ​၏။ သူတို့​အော်ဟစ်သံ​ကိုလည်း နားထောင်​တော်​မူ​၏။” (ဆာလံ ၃၄:၁၅) ယေဟောဝါ​၏ ဤ​ချစ်ခင်​ဖွယ်​အရည်အသွေး​ဖြစ်သော နှိမ့်ချ​ခြင်း​သဘောကို တွေးတော​ဆင်ခြင်​ကြည့်​ရန် လှုံ့ဆော်​ခံရ​သည်မဟုတ်​ပေ​လော။

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် ဒါဝိဒ်​၏ ဆုတောင်းချက်​များ​ကို နားညောင်း​တော်​မူ​သကဲ့သို့ ယနေ့ ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​ကို တလိုတလား နားညောင်း​တော်​မူ​၏