မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏ ပျော်ရွှင်သော ကျေးကျွန်များ

ယေဟောဝါ၏ ပျော်ရွှင်သော ကျေးကျွန်များ

ယေဟောဝါ​၏ ပျော်ရွှင်သော ကျေးကျွန်​များ

“ဝိညာဉ်ရေးတွင် လိုလျက်​နေကြောင်း သတိပြုမိ​သူများ​သည် ပျော်ရွှင်​ကြ​၏။”—မဿဲ ၅:၃၊ က​ဘ။

၁။ စစ်မှန်သော​ပျော်ရွှင်မှု​ကား အဘယ်နည်း၊ ယင်းက အဘယ်အရာကို ထင်ဟပ်ပြ​သနည်း။

ယေဟောဝါ​၏​လူများ ပိုင်ဆိုင်​ထား​သည့်​အဖိုးတန်အရာ​တစ်ခု​မှာ ပျော်ရွှင်မှု​ဖြစ်သည်။ ဆာလံဆရာ​ဒါဝိဒ်က ဤသို့​ကြွေးကြော်​ခဲ့​သည်– “ယေဟောဝါ​ကို မိမိ​ဘုရားသခင်​အဖြစ် ကိုးကွယ်​သော​လူမျိုး​သည် ပျော်ရွှင်​၏။” (ဆာလံ ၁၄၄:၁၅က​ဘ) ပျော်ရွှင်မှု​သည် ချမ်းသာ​သုခ​တစ်ပါး​ဖြစ်၏။ စိတ်နှလုံး​ထဲ​မှ အူလှိုက်သည်းလှိုက်​ပျော်ရွှင်မှု​သည် ယေဟောဝါ​၏ ကောင်းချီး​ခံစားရ​သည်​ဟူ​သည့်​အသိ​မှ ဖြစ်ပေါ်​ခံစား​လာ​ရခြင်း​ဖြစ်သည်။ (သု. ၁၀:၂၂) ထိုသို့​သော​ပျော်ရွှင်မှု​က မိမိသည် ကောင်းကင်​ခမည်းတော်​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး​ရရှိ​ထားပြီး ကိုယ်တော့်​အလိုတော်ကို ဆောင်ရွက်​နေသည်​ဟု အသိအမှတ်ပြု​နေခြင်း​ကို ထင်ဟပ်ပြ​သည်။ (ဆာလံ ၁၁၂:၁; ၁၁၉:၁၊ ၂) ကျွန်ုပ်​တို့ ပျော်ရွှင်​နိုင်​သည့် အကြောင်းရင်း​ကိုးခု​ကို ယေရှု ဖော်ပြ​ခဲ့​ခြင်း​မှာ စိတ်ဝင်စားစရာ​ဖြစ်သည်။ ဤ​ဆောင်းပါး​နှင့် နောက်​ဆောင်းပါး​ပါ ပျော်ရွှင်မှု သို့​မဟုတ် ပီတိ​ဖြစ်​ခြင်း​ဆို​သည့်​အရာများ​ကို ဆန်းစစ်​ကြ​ရာ​တွင် ‘ပျော်ရွှင်သော ဘုရားသခင်’ ယေဟောဝါ​ကို တည်ကြည်​စွာ​ဝတ်ပြု​ကြ​မည်​ဆိုလျှင် ကျွန်ုပ်​တို့ မည်မျှ​ပျော်ရွှင်​နိုင်​ကြောင်း သဘောပေါက်​ကြ​ပါ​လိမ့်​မည်။—၁ တိမောသေ ၁:၁၁က​ဘ။

မိမိတို့​တွင် ဝိညာဉ်​ရေး လိုလျက်​နေကြောင်း သတိပြုမိ​ခြင်း

၂။ ပျော်ရွှင်မှု​အကြောင်း ယေရှု အဘယ်​အချိန်တွင် ဟော​ကြား​တော်​မူ​ခဲ့​သနည်း၊ ကိုယ်တော့်​အဖွင့်​ဟောပြောချက်​ကား အဘယ်နည်း။

စီ.အီး. ၃၁ ခုနှစ်​၌​သမိုင်း​တွင် အကျော်ကြားဆုံး​ဟောပြောချက်​တစ်ခု​ကို ယေရှု ဟော​ကြား​ခဲ့​သည်။ ဂါလိလဲ​ပင်လယ်​ကို အပေါ်​စီး​မှ​မြင်နိုင်​သည့် တောင်စောင်း​တစ်ခု​တွင် ယေရှု ဟောပြောခဲ့​သောကြောင့် တောင်ပေါ်​တရားတော်​ဟု ၎င်းကို​ခေါ်တွင်​ခဲ့​သည်။ မဿဲ​ခရစ်ဝင်​ကျမ်း​တွင် ဤသို့​ဖော်ပြ​သည်– ‘ထို​လူအပေါင်း​တို့ကို​မြင်လျှင်၊ ယေရှုသည် တောင်ပေါ်​သို့​တက်​၍ ထိုင်​တော်​မူ​သောအခါ၊ တပည့်​တို့သည် ကိုယ်တော်​ရင်း​သို့ ချဉ်းကပ်​ကြ​၏။ ထို​အခါ နှုတ်​တော်​ကို​ဖွင့်​၍ တပည့်​တို့အား ဆုံးမ​တော်​မူ​သည်​မှာ၊ ‘ဝိညာဉ်ရေးတွင် လိုလျက်​နေကြောင်း သတိပြုမိ​သူများ​သည် ပျော်ရွှင်​ကြ​၏။ အကြောင်း​မူ​ကား၊ ကောင်းကင်​နိုင်ငံတော်​သည် သူတို့​ပိုင်ဆိုင်ရာ​ဖြစ်​သတည်း။’’ တိုက်ရိုက်​ပြန်​ဆိုလျှင် ယေရှု၏​အဖွင့်​စကား​များ​ကို ဤသို့​ဖတ်​ရသည်– “ဝိညာဉ်​ရေး​ဆင်းရဲသူ​များသည် ပျော်ရွှင်​ကြ​၏၊” သို့​မဟုတ် “ဝိညာဉ်​ရေး ငတ်ပြတ် တောင်းစား​သူတို့သည် ပျော်ရွှင်​ကြ​၏။” (မဿဲ ၅:၁-၃; နိုင်ငံတော်​ကြားညှပ်; အောက်ခြေမှတ်ချက်) ခေတ်သုံး​အင်္ဂလိပ်​ဘာသာပြန်​ကျမ်း​တွင် “ဝိညာဉ်ရေးတွင် ဆင်းရဲ​ကြောင်း သိ​သူတို့သည် ပျော်ရွှင်​ကြ​၏” ဟု​ဖတ်​ရသည်။

၃။ နှိမ့်ချသော​သဘောထား​သည် ကျွန်ုပ်​တို့အား မည်သို့ ပျော်ရွှင်​စေ​သနည်း။

ကိုယ်တော်​၏​တောင်ပေါ်​တရားတော်​တွင် လူတစ်ဦး​သည် ဝိညာဉ်ရေးတွင် လိုလျက်​နေကြောင်း​ကို သတိပြုမိ​လျှင် သာ၍​ပျော်ရွှင်သူ​ဖြစ်​ကြောင်း ယေရှု ထောက်ပြ​ခဲ့​သည်။ မိမိတို့၏​အပြစ်ရှိ​သော အခြေအနေ​ကို အပြည့်အဝ​သတိပြုမိ​သည့် နှိမ့်ချမှု​ရှိသူ ခရစ်ယာန်​များသည် ခရစ်တော်​၏​ရွေးနုတ်ဖိုး ပူဇော်ရာ​ယဇ်​အပေါ်​အခြေပြု​၍ ယေဟောဝါ​ထံ ခွင့်လွှတ်​မှု​ရရှိရန် တောင်းပန်​ကြသည်။ (၁ ယောဟန် ၁:၉) ထို့​ကြောင့် သူတို့သည် စိတ်​ငြိမ်သက်မှု​နှင့် စစ်မှန်သော​ပျော်ရွှင်မှု​ကို ခံစား​ကြ​ရသည်။ ‘အပြစ်​မှ​လွတ်ခြင်း၊ အပြစ်ကို​ဖုံးအုပ်ခြင်း​သို့​ရောက်​သော​သူသည် ပျော်ရွှင်​၏။’—ဆာလံ ၃၂:၁; ၁၁၉:၁၆၅

၄။ (က) ကျွန်ုပ်​တို့​ရော အခြားသူများ​ပါ ဝိညာဉ်ရေးတွင် လိုလျက်​နေသည်​ကို သတိပြုမိ​ကြောင်း အဘယ်​နည်းများဖြင့် ဖော်ပြ​နိုင်​သနည်း။ (ခ) ဝိညာဉ်ရေးတွင် လိုလျက်​နေကြောင်း သတိပြု​သည့်​အခါ အဘယ်အရာက ကျွန်ုပ်​တို့၏​ပျော်ရွှင်မှု​ကို တိုးပွား​စေ​သနည်း။

ဝိညာဉ်ရေးတွင် လိုလျက်​နေကြောင်း သတိပြုမိ​ခြင်း​က သမ္မာကျမ်းစာ​ကို နေ့စဉ်​ဖတ်ရှု​ရန်၊ “သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်” မှ “အချိန်တန်” ပြင်ဆင်​ပေး​သည့် ဝိညာဉ်​အစာကို မှီဝဲ​ရန်၊ ခရစ်ယာန်​အစည်းအဝေး​များ​ကို မှန်မှန်​တက်ရောက်​ရန် ကျွန်ုပ်​တို့အား လှုံ့ဆော်ပေး​၏။ (မဿဲ ၂၄:၄၅; ဆာလံ ၁:၁၊ ၂; ၁၁၉:၁၁၁; ဟေဗြဲ ၁၀:၂၅) လူသားချင်း​ကို​ချစ်​သည့်​မေတ္တာက အခြားသူများ ဝိညာဉ်ရေးတွင် လိုလျက်​နေကြောင်း​ကို သတိပြုမိ​စေပြီး ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို ဟောပြော​သွန်သင်ရာ​တွင် စိတ်​ထက်သန်​သူများ​ဖြစ်စေ​သည်။ (မာကု ၁၃:၁၀; ရောမ ၁:၁၄-၁၆) အခြားသူများ​အား ကျမ်းစာ​အမှန်တရား​ဝေမျှပေး​ခြင်း​က ကျွန်ုပ်​တို့ကို ပျော်ရွှင်​စေ​၏။ (တမန်​တော် ၂၀:၂၀၊ ၃၅) ဘုရားသခင့်​နိုင်ငံတော်​နှင့်​ပတ်သက်​သည့် ထူးကဲ​သော​မျှော်လင့်ချက်​နှင့် ထို​နိုင်ငံတော်​က ဆောင်ကြဉ်း​ပေး​မည့် ကောင်းချီး​များ​ကို တွေးတော​ဆင်ခြင်​သည့်​အခါ ကျွန်ုပ်​တို့၏​ပျော်ရွှင်မှု​မှာ သာ၍​နက်ရှိုင်း​လာ​သည်။ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​ဖြစ်သော “သိုးစုငယ်” အတွက် ဘုရားသခင့်​နိုင်ငံတော်​မျှော်လင့်ချက်​မှာ ခရစ်တော်​၏​နိုင်ငံတော်​အစိုးရ​အဖွဲ့ဝင်​များ​အဖြစ် ကောင်းကင်​တွင် မသေ​နိုင်သော​အသက် ရရှိကြ​မည်​ဖြစ်သည်။ (လုကာ ၁၂:၃၂; ၁ ကောရိန္သု ၁၅:၅၀၊ ၅၄) “အခြားသိုး​တို့” အတွက်​မူ ထို​နိုင်ငံတော်​အစိုးရ​လက်အောက်​ရှိ မြေကြီး​ပရဒိသု​တွင် ထာဝရ​အသက်​ရရှိကြ​မည်​ဖြစ်သည်။—ယောဟန် ၁၀:၁၆; ဆာလံ ၃၇:၁၁; မဿဲ ၂၅:၃၄၊ ၄၆

ဝမ်းနည်းပူဆွေး​သူများ ပျော်ရွှင်​နိုင်​ပုံ

၅။ (က) “ဝမ်းနည်းပူဆွေး​သော​သူတို့” ဟူ​သည့် အသုံးအနှုန်း​သည် အဘယ်အရာကို ဆိုလို​သနည်း။ (ခ) ထိုသို့​ဝမ်းနည်းပူဆွေး​သော​သူတို့သည် မည်သို့ စိတ်သက်သာ​မှု​ရရှိကြ​သနည်း။

ယေရှု​ဖော်ပြ​ခဲ့​သော ပျော်ရွှင်မှု​နှင့်​ပတ်သက်​သည့် နောက်ထပ်​စကား​သည် ဆန့်ကျင်​ပုံ​ရသည်။ ကိုယ်တော်​က “ဝမ်းနည်းပူဆွေး​သော​သူတို့သည် ပျော်ရွှင်​ကြ​၏။ အကြောင်း​မူ​ကား၊ သူတို့သည် နှစ်သိမ့်မှု​ကို​ခံရ​ကြလိမ့်မည်” ဟု​မိန့်ဆိုခဲ့သည်။ (မဿဲ ၅:၄က​ဘ) ဝမ်းနည်းပူဆွေး​နေ​သူသည် တစ်ချိန်တည်း​တွင် မည်သို့ ပျော်ရွှင်​နိုင်​မည်​နည်း။ ယေရှု​ဆိုလို​ရာ​ကို သဘောပေါက်​ရန် မည်သို့သော​ဝမ်းနည်းပူဆွေးမှု​မျိုးကို ပြော​နေကြောင်း သုံးသပ်ရန်​လို​မည်။ ကျွန်ုပ်​တို့​ကိုယ်တိုင်​၏ အပြစ်ရှိ​သော​အခြေအနေ​သည် ဝမ်းနည်းပူဆွေး​စ​ရာ​ဖြစ်​သင့်​ကြောင်း တပည့်​ဖြစ်သူ​ယာကုပ်​က ရှင်းပြသည်။ သူ ဤသို့​ရေးသားခဲ့​သည်– “အပြစ်ရှိ​သော​သူတို့၊ သင်တို့​လက်ကို စင်ကြယ်​စေ​ကြလော့။ စိတ်​နှစ်ခွ​ရှိသောသူ​တို့၊ သင်တို့​စိတ်နှလုံး​ကို သန့်ရှင်း​စေ​ကြလော့။ ဆင်းရဲ​ငြိုငြင်​ခြင်း၊ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ ငိုကြွေး​မြည်တမ်း​ခြင်း​ရှိကြလော့။ သင်တို့​ရ​ယ်​ခြင်း​ကို စိတ်​မ​သာ​ညည်းတွား​ခြင်း​ဖြစ်စေ​ကြလော့။ ဝမ်းမြောက်ခြင်း​ကိုလည်း ဝမ်းနည်းခြင်း​ဖြစ်စေ​ကြလော့။ ဘုရားသခင့်​ရှေ့တော်၌ ကိုယ်ကို​ကိုယ်​နှိမ့်ချ​ကြလော့။ သို့ပြုလျှင်၊ သင်တို့ကို​ချီးမြှောက်​တော်​မူ​လိမ့်​မည်။” (ယာကုပ် ၄:၈-၁၀) မိမိတို့၏​အပြစ်ရှိ​သော​အခြေအနေ​ကြောင့် အမှန်တကယ် ဝမ်းနည်း​နေသူတို့​သည် ခရစ်တော်​၏​ရွေးနုတ်ဖိုး​ပူဇော်ရာ​ယဇ်ကို ယုံကြည်​ကြောင်း​တင်ပြ​ပြီး ယေဟောဝါ​၏​အလိုတော်​ဆောင်ခြင်း​အားဖြင့် စစ်မှန်သော​နောင်တ တင်ပြ​ကြ​မည်​ဆိုလျှင် မိမိတို့၏​အပြစ်​များ ခွင့်လွှတ်​ခံရ​နိုင်​ကြောင်း သိရှိ​ကြ​သည့်​အခါ နှစ်သိမ့်မှု​ရရှိ​ကြသည်။ (ယောဟန် ၃:၁၆; ၂ ကောရိန္သု ၇:၉၊ ၁၀) သို့​ဖြစ်၍ သူတို့သည် ယေဟောဝါ​နှင့် အဖိုးတန်​သော​ဆက်ဆံ​ရေး ရရှိနိုင်​ပြီး ကိုယ်တော်​အား ထာဝစဉ်​ဝတ်ပြု​ချီးမွမ်း​မည့် မျှော်လင့်ချက်ကို ရရှိ​ကြသည်။ ယင်းက စိတ်ပျော်​ရွှင်​မှု​ကို ရရှိစေ​သည်။—ရောမ ၄:၇၊ ၈

၆။ လူတချို့​သည် အဘယ်​သဘောဖြင့် ဝမ်းနည်းပူဆွေး​ကြ​သနည်း၊ သူတို့​မည်သို့ သက်သာမှု​ရရှိကြ​သနည်း။

ယေရှု၏​မိန့်ဆိုချက်​တွင် မြေကြီးပေါ် အနှံ့အပြား​ရှိ စက်ဆုပ်​ရွံရှာဖွယ်​အခြေအနေ​များ​ကြောင့် ဝမ်းနည်းပူဆွေး​နေသူတို့​လည်း ပါဝင်​သည်။ ဟေရှာယ ၆၁:၁-၃ ပါ​ပရောဖက်ပြုချက်​သည် မိမိ​နှင့်​သက်ဆိုင်​ကြောင်း ယေရှု ဤသို့​ဖော်ပြ​ခဲ့​သည်– “ထာဝရ​ဘုရား[သခင်]၏​ဝိညာဉ်တော်သည် ငါ့​အပေါ်မှာ​တည်​တော်​မူ​၏။ အကြောင်း​မူ​ကား ဆင်းရဲသား​တို့အား ဝမ်းမြောက်စရာ​သတင်းကို ကြား​ပြော​စေခြင်း​ငှာ ငါ့ကို ဘိသိက်ပေး​တော်​မူ​ပြီ။ နှလုံး​ကြေကွဲ​သော​သူတို့၏​အနာ​ကို စည်း​စေခြင်း​ငှာ​လည်းကောင်း၊ . . . စိတ်​မ​သာ​ညည်းတွား​သော​သူတို့အား နှစ်သိမ့်​စေခြင်း​ငှာ​လည်းကောင်း . . . ငါ့ကို စေလွှတ်​တော်​မူ​ပြီ။” ထို​တာဝန်​ကို “အခြားသိုး​တို့” ၏​အကူအညီ​ဖြင့် မြေကြီးပေါ်​ရှိ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များလည်း ထမ်းဆောင်​နေကြ​သည်။ သူတို့​အားလုံး​သည် ‘[ခရစ်ယာန်ဘောင်​ကို ပုံဆောင်​သော အယူဖောက်ပြန်​သည့်] ယေရုရှလင်​မြို့​အလယ်​၌ လျှောက်​သွားပြီး မြို့ထဲ​၌​ပြု​သမျှ​သော စက်ဆုပ်​ရွံရှာဖွယ်​အမှုတို့​ကြောင့် ညည်းတွား​ငိုကြွေး​သော​သူတို့၏” နဖူးကို ပုံဆောင်​သဘော​အရ မှတ်သား​ရသည့်​လုပ်ငန်း​တွင် ပါဝင်​နေကြ​သည်။ (ယေဇကျေလ ၉:၄) ထိုသို့​ဝမ်းနည်းပူဆွေး​သော​သူတို့သည် ‘ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း’ ကြောင့် နှစ်သိမ့်မှု​ရရှိ​ကြသည်။ (မဿဲ ၂၄:၁၄) စာတန်​၏​ဆိုးညစ်သော​အစီအစဉ်​စနစ်​သည် များ​မကြာမီ ယေဟောဝါ​၏​ဖြောင့်မတ်​သော​ကမ္ဘာသစ်​ဖြင့် အစားထိုး​ခြင်း​ခံ​ရတော့မည်​ဖြစ်​ကြောင်း သူတို့​သိရှိ​ကြ​သည့်​အတွက် ပျော်ရွှင်​ကြ​၏။

နူးညံ့​သိမ်မွေ့​သော​သူတို့သည် ပျော်ရွှင်​ကြ

၇။ “နူးညံ့​သိမ်မွေ့​သော” ဟူ​သည့်​ဝေါဟာရ​သည် အဘယ်အရာကို မဆိုလို​သနည်း။

ယေရှုသည် တောင်ပေါ်​တရားတော်​တွင် ဤသို့ ဆက်​ဟောပြောခဲ့​သည်– “နူးညံ့​သိမ်မွေ့​သော​သူတို့သည် ပျော်ရွှင်​ကြ​၏။ အကြောင်း​မူ​ကား၊ ထို​သူတို့သည် မြေကြီးကို အမွေ​ရ​ကြ​လတ္တံ့။” (မဿဲ ၅:၅က​ဘ) နူးညံ့​သိမ်မွေ့​သည့်​သဘောကို တစ်ခါတစ်ရံ အားနည်းမှု​ဟု ယူဆ​တတ်ကြ​သည်။ သို့ရာတွင် ထိုသို့​မဟုတ်ပါ။ “နူးညံ့​သိမ်မွေ့​သော” ဟု ဘာသာ​ပြန်ဆို​ထား​သည့် စကားလုံး​၏​အဓိပ္ပာယ်​ကို ကျမ်းစာ​ပညာရှင်​တစ်ဦး​က ဤသို့​ရှင်းပြသည်– “[နူးညံ့​သိမ်မွေ့] သူ၏​အမြင့်မြတ်ဆုံး​လက္ခဏာ​မှာ အပြည့်အဝ​ချုပ်တည်း​နိုင်​သူ​ဖြစ်​ခြင်း​ဖြစ်သည်။ ယင်းသည် ကြံ့ခိုင်မှု​နည်းသော​နူးညံ့မှု၊ စိတ်​ပျော့ပျောင်း​မှု၊ ငြိမ်ခံ​နေတတ်​မှု​မျိုး မဟုတ်​ချေ။ ယင်းသည် ထိန်းချုပ်​ထား​သည့် ခွန်အား​တစ်မျိုး​ဖြစ်သည်။” ယေရှု​က မိမိကိုယ်ကို ဤသို့​ဖော်ပြ​ခဲ့​သည်– “ငါသည် နူးညံ့​သိမ်မွေ့ နှိမ့်ချသော စိတ်သဘော​ရှိ၏။” (မဿဲ ၁၁:၂၉) သို့​တိုင် ယေရှုသည် ဖြောင့်မှန်​သော​မူများ​ကို သတ္တိရှိရှိ ခုခံ​ကာကွယ်​ပေး​ခဲ့​ပါ​သည်။—မဿဲ ၂၁:၁၂၊ ၁၃; ၂၃:၁၃-၃၃

၈။ နူးညံ့​သိမ်မွေ့​ခြင်း​သည် အဘယ်အရာ​နှင့် အလွန်​နီးစပ်​သနည်း၊ အခြား​သူများ​နှင့် ကျွန်ုပ်​တို့​ဆက်ဆံ​ရာ​တွင် ယင်း​အရည်အသွေး​ရှိဖို့ အဘယ်ကြောင့် လိုအပ်​သနည်း။

သို့​ဖြစ်၍ နူးညံ့​သိမ်မွေ့​မှု​သည် ကိုယ်ကို​ကိုယ်​ချုပ်တည်း​ခြင်း​နှင့် အလွန်​နီးစပ်​သည်။ စင်စစ်​တွင် တမန်​တော်​ပေါလု​သည် ‘ဝိညာဉ်​အသီးများ’ ကို​ဖော်ပြ​သည့်​အခါ နူးညံ့​သိမ်မွေ့​ခြင်း​နှင့် ကိုယ်ကို​ကိုယ်​ချုပ်တည်း​ခြင်း​တို့ကို တွဲ​ဖော်ပြ​ခဲ့​သည်။ (ဂလာတိ ၅:၂၂၊ ၂၃) နူးညံ့​သိမ်မွေ့​ခြင်း​ကို သန့်ရှင်းသော​ဝိညာဉ်​တော်​အကူအညီ​ဖြင့် ပျိုးထောင်​ပေး​ရမည်။ ယင်းသည် ခရစ်ယာန်​အသင်းတော်​၏ အတွင်း၊ အပြင်​ရှိ​လူများ​နှင့် အသင့်အတင့်​ရှိစေ​သည့် ခရစ်ယာန်​အရည်အသွေး​တစ်ခု​ဖြစ်သည်။ ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “ထို​ကြောင့် သင်တို့သည် ဘုရားသခင်​ရွေးကောက်​သော​သူ၊ သန့်ရှင်းသော​သူ၊ ချစ်အပ်သော​သူ​ကဲ့သို့၊ သနားစုံမက်​ခြင်း၊ ကျေးဇူးပြု​ခြင်း၊ စိတ်​နှိမ့်ချ​ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း၊ စိတ်ရှည်ခြင်း​တို့ကို ယူတင်​ဝတ်ဆောင်​ကြလော့။ တစ်ယောက်​၌​တစ်ယောက် အပြစ်တင်စရာ​အခွင့်​ရှိလျှင်၊ အချင်းချင်း​သည်းခံ၍ အပြစ်ကို​လွှတ်​ကြလော့။။”—ကောလောသဲ ၃:၁၂၊ ၁၃

၉။ (က) နူးညံ့​သိမ်မွေ့​သော​သဘောကို အခြား​သူများ​နှင့် ဆက်ဆံ​ရာ​၌​သာ အဘယ်ကြောင့် တင်ပြ​ရသည်​မဟုတ်​သနည်း။ (ခ) နူးညံ့​သိမ်မွေ့​သူများ​သည် ‘မြေကြီးကို မည်သို့​အမွေ​ရ’ ကြ​မည်​နည်း။

သို့ရာတွင် အခြား​လူများ​နှင့် ဆက်ဆံ​ရာ​၌​သာ နူးညံ့​သိမ်မွေ့​ဖို့ လို​သည်မဟုတ်​ပါ။ ယေဟောဝါ​၏​စကြဝဠာ​ပိုင်သ​အုပ်စိုးမှု​ကို စိတ်လို​ကိုယ်​လျောက် လက်အောက်ခံခြင်း​အားဖြင့် နူးညံ့​သိမ်မွေ့​မှု​ကို ကျွန်ုပ်​တို့​တင်ပြ​ကြသည်။ ဤ​ကိစ္စ​တွင် အဓိက​စံနမူနာရှင်​မှာ ယေရှု​ခရစ်​ဖြစ်သည်၊ ဤ​ကမ္ဘာ​ပေါ် ကိုယ်တော်​ရှိ​စဉ် နူးညံ့​သိမ်မွေ့​ခြင်း​နှင့် ခမည်းတော်​၏​အလိုတော်ကို အပြည့်အဝ​လက်အောက်ခံခြင်း​တို့ကို ဖော်ပြ​ခဲ့​သည်။ (ယောဟန် ၅:၁၉၊ ၃၀) ယေရှုသည် မြေကြီးကို အုပ်စိုး​ရန် ခန့်အပ်​ခံ​ထား​ရသော​ကြောင့် ကိုယ်တော်​သည် ယင်းကို​ဦးဆုံး​အမွေ​ရသူ​ဖြစ်သည်။ (ဆာလံ ၂:၆-၈; ဒံယေလ ၇:၁၃၊ ၁၄) ယင်း​အမွေ​ကို ကိုယ်တော်​သည် ‘မြေကြီးကို ရှင်ဘုရင်များ​အဖြစ် အုပ်စိုး’ ရန် ‘လူ​အမျိုးအနွယ်​ခပ်သိမ်း​မှ’ ရွေးနုတ်​ထားသော ‘တွဲဖက်​အမွေခံ’ ၁၄၄,၀၀၀ နှင့်​မျှဝေ​ခံစား​တော်​မူ​၏။ (ရောမ ၈:၁၇; ဗျာ. ၅:၉၊ ၁၀; ၁၄:၁၊ ၃၊ ၄; ဒံယေလ ၇:၂၇) ခရစ်တော်​နှင့် ကိုယ်တော်​၏​တွဲဖက်​အုပ်စိုးရှင်​များသည် ပရောဖက်ပြုချက်​ဖြစ်သော ဤ​ဆာလံ​စကား​၏ ပျော်ရွှင်ဖွယ်​ပြည့်စုံမှု​ကို ခံစား​ကြ​ရမည့် သန်းနှင့်ချီ​သည့် သိုး​ကဲ့သို့​သော အမျိုးသား​အမျိုးသမီးများ​ကို အုပ်စိုး​ကြ​ပါ​လိမ့်​မည်– “စိတ်​နှိမ့်ချသော​သူတို့မူကား ပြည်တော်​ကို​အမွေခံ​၍ များပြား​သော​ငြိမ်သက်ခြင်း​၌ မွေ့လျော်​ကြလိမ့်မည်။”—ဆာလံ ၃၇:၁၁; မဿဲ ၂၅:၃၃၊ ၃၄၊ ၄၆

ဖြောင့်မတ်ခြင်း​တရားကို ဆာငတ်​သူတို့သည် ပျော်ရွှင်​ကြ

၁၀။ ‘ဖြောင့်မတ်ခြင်း​တရားကို ဆာငတ်’ သူတို့ ဝ​ပြော​နိုင်​သည့်​နည်း​တစ်နည်း​ကား အဘယ်နည်း။

၁၀ ဂါလိလဲ​တောင်​ဆင်ခြေလျှော​တွင် ယေရှု​ဟောပြော​စဉ် ကိုယ်တော်​နောက်ထပ်​ဖော်ပြ​သော​ပျော်ရွှင်မှု​မှာ ‘ဖြောင့်မတ်ခြင်း​တရားကို ဆာငတ်​ခင်​မွတ်​သော​သူတို့သည် ပျော်ရွှင်​ကြ​၏။ အကြောင်း​မူ​ကား၊ ထို​သူတို့သည် ဝ​ပြော​ခြင်း​သို့ ရောက်​ကြ​လတ္တံ့’ ဟူ၍​ဖြစ်သည်။ (မဿဲ ၅:၆က​ဘ) ခရစ်ယာန်​များ​အတွက် ဖြောင့်မတ်မှု​စံနှုန်း​ကို ယေဟောဝါ ချမှတ်​ထား​တော်​မူ​သည်။ သို့​ဖြစ်၍ ဖြောင့်မတ်ခြင်း​တရားကို ဆာငတ်​သူတို့သည် တစ်နည်း​အားဖြင့် ဘုရားသခင့်​လမ်းညွှန်မှုကို ဆာငတ်​ကြသည်။ ထိုသို့​သော​သူများ​သည် မိမိတို့၏​အပြစ်​နှင့် မစုံလင်မှုကို ကောင်းစွာ​သတိပြုမိ​ကြ​ပြီး ယေဟောဝါ​၏​ရှေ့မှောက်တော်​တွင် နှစ်သက်​လက်ခံဖွယ် အနေအထား​ရရှိ​လို​ကြသည်။ ထို့​ကြောင့် သူတို့သည် နောင်တ​ရပြီး ခရစ်တော်​၏​ရွေးနုတ်ဖိုး​ပူဇော်ရာ​ယဇ်ကို အခြေပြု​၍ ခွင့်လွှတ်​မှု​ရရှိရန် ကြိုးစား​ကြ​မည်​ဆိုလျှင် ဘုရားသခင်​၏​ရှေ့မှောက်​တွင် ဖြောင့်မတ်​သည့် အနေအထား​ရရှိနိုင်​ကြောင်း သမ္မာကျမ်းစာ​မှ သိရှိ​လာ​ကြ​သည့်​အခါ သူတို့ အလွန်​ပျော်ရွှင်​ကြ​ပေ​သည်!—တမန်​တော် ၂:၃၈; ၁၀:၄၃; ၁၃:၃၈၊ ၃၉; ရောမ ၅:၁၉

၁၁၊ ၁၂။ (က) ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည် ဖြောင့်မတ်ခြင်း​တရားကို မည်သို့​ရရှိကြ​သနည်း။ (ခ) ဝိညာဉ်​တော်​ဖွား​များ​၏ အပေါင်းပါများ​သည် ဖြောင့်မတ်ခြင်း​တရား​ဆာငတ်မှု မည်သို့​ပြေ​သွား​မည်​နည်း။

၁၁ ထိုသို့​သော​သူများ​သည် ‘ချင်​ရဲ​ပြေ​ကြ’ မည်​ဖြစ်​ရာ ပျော်ရွှင်​ကြ​မည်​ဟု ယေရှု​ဆို​ခဲ့​သည်။ (မဿဲ ၅:၆နိုင်ငံတော်​ကြားညှပ်) ကောင်းကင်​တွင် ခရစ်တော်​နှင့်အတူ ‘ဘုရင်​များ​အဖြစ် အုပ်စိုး’ ရန်​ဖိတ်ခေါ်​ခံရ​သူ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည် “အသက်​နှင့်ယှဉ်သော​ဖြောင့်မတ်​ရာ​သို့ ရောက်​ခြင်း​အခွင့်​ကို ရ​ကြ” ၏။ (ရောမ ၅:၁၊ ၉၊ ၁၆-၁၈) သူတို့ကို ယေဟောဝါ ဖြစ်ပွား​စေ​သဖြင့် ဝိညာဉ်​ရေးသား​များ​အဖြစ် မွေးစား​ထား​၏။ သို့​နှင့် သူတို့သည် ခရစ်တော်​၏ ကောင်းကင်​နိုင်ငံတော်​အစိုးရ​တွင် ဘုရင်​များနှင့် ယဇ်ပုရောဟိတ်​များ​ဖြစ်လာ​ကြ​ရန် အခေါ်​ခံရ​သည့် ကိုယ်တော်​၏​တွဲဖက်​အမွေခံများ​ဖြစ်လာ​ကြသည်။—ယောဟန် ၃:၃; ၁ ပေတရု ၂:၉

၁၂ ထို​ဝိညာဉ်​တော်​ဖွား​များ​၏​အပေါင်းပါများ​သည် အသက်​နှင့်ယှဉ်သော​ဖြောင့်မတ်ခြင်း​အခွင့်​ကို မရ​ကြ​သေး​ပါ။ သို့ရာတွင် ခရစ်တော်​သွန်းလောင်းခဲ့​သော အသွေးကို ယုံကြည်ခြင်း​ကြောင့် ယေဟောဝါ​၏​ရှေ့မှောက်တော်​တွင် ဖြောင့်မတ်​သည့်​အနေအထား​ကို အတိုင်းအတာ​တစ်ခု​အထိ ရရှိ​ထား​ကြသည်။ (ယာကုပ် ၂:၂၂-၂၅; ဗျာ. ၇:၉၊ ၁၀) သူတို့သည် ‘ကြီးစွာ​သော​ဆင်းရဲခြင်း’ ကာလ​တွင် ကယ်တင်​ခံရ​ရန် ယေဟောဝါ​၏​မိတ်ဆွေများ​အဖြစ် ဖြောင့်မတ်​သူများ​ဖြစ်​ကြသည်။ (ဗျာ. ၇:၁၄) သူတို့၏ ဖြောင့်မတ်ခြင်း​တရား​ဆာငတ်မှု​သည် “ကောင်းကင်သစ်” အောက်​ရှိ​မည့် “ဖြောင့်မတ်ခြင်း​တရား​တည်နေရာ” မြေကြီး​သစ်​တွင် သူတို့​နေထိုင်ကြ​သည့်​အခါ ထပ်၍​ပြေ​သွားပါ​လိမ့်​မည်။—၂ ပေတရု ၃:၁၃; ဆာလံ ၃၇:၂၉

သနားစုံမက်​တတ်​သူတို့သည် ပျော်ရွှင်​ကြ

၁၃၊ ၁၄။ ကျွန်ုပ်​တို့သည် အဘယ်​လက်တွေ့ကျ​သော​နည်းဖြင့် ကရုဏာ​ရှိ​သူများ​ဖြစ်​ကြောင်း တင်ပြ​သင့်​သနည်း၊ အဘယ်​အကျိုး​ရရှိ​မည်​နည်း။

၁၃ မိမိ၏​တောင်ပေါ်​တရားတော်​တွင် ယေရှု ဤသို့​ဆက်​ပြော​သည်– “သနားစုံမက်​တတ်သော​သူတို့သည် ပျော်ရွှင်​ကြ​၏။ အကြောင်း​မူ​ကား၊ ထို​သူတို့သည် သနားစုံမက်​ခြင်း​ကို ခံရ​ကြ​လတ္တံ့။” (မဿဲ ၅:၇က​ဘ) တရားရေး​သဘော​အရ သနားစုံမက်​ခြင်း​ဟူသည် အပြစ်​ကျူးလွန်​သူ​တစ်ဦး​ကို တရားသူကြီး​က သက်ညှာမှု​ပြပြီး တရား​ဥပဒေ​အတိုင်း အပြည့်အဝ​အပြစ်ဒဏ်​မပေး​ခြင်း​ဖြစ်သည်ဟု နားလည်​ရ၏။ သို့ရာတွင် သမ္မာကျမ်းစာ​တွင် အသုံးပြု​ထား​သည့်​သဘော​အရ “သနားစုံမက်​ခြင်း” ဟု​ပြန်ဆို​ထား​သည့် မူရင်း​စကားလုံး​များသည် အခွင့်မသာ​သူတို့ကို သက်သာမှု​ရရှိစေရန် ကြင်နာ​ထောက်ထား​ခြင်း၊ သနားခြင်း​သဘောကို အများဆုံး ရည်ညွှန်း​သည်။ သို့​ဖြစ်၍ သနားစုံမက်​တတ်​သူများ​သည် ထောက်ထား​စာနာမှု​ကို ပြ​တတ်ကြ​သည်။ အကူအညီ​လို​သူအား ‘သနား​သဖြင့်​ပြုမူ​သော’ သူ​တစ်ဦး၏ ပုံသက်သေ​ကောင်း​ကို အိမ်နီးချင်းစိတ်ရှိ​သူ ရှမာရိ​အမျိုးသား​ပုံ​ဥပမာ​တွင် ယေရှု​ဖော်ပြ​ခဲ့​သည်။—လုကာ ၁၀:၂၉-၃၇

၁၄ သနားစုံမက်​ခြင်း​အားဖြင့် ပျော်ရွှင်မှု​ရ​ရန် အကူအညီ​လိုအပ်သူ​များ​ကို ကြင်နာ​မှု​ပြ​ရန်လို​သည်။ (ဂလာတိ ၆:၁၀) ယေရှုသည် ကိုယ်တော်​တွေ့မြင်​သူများ​အပေါ် စာနာမှု​ပြ​ခဲ့​သည်။ “သူတို့သည် ထိန်း​သူ​မရှိ၊ ပစ်ထား​သော​သိုး​ကဲ့သို့​ဖြစ်​ကြသည်​ကို သနားခြင်း​စိတ်တော်​ရှိ၍ များစွာသော​ဆုံးမ [သွန်သင်ခြင်း] ကို ပေး​တော်​မူ​၏။” (မာကု ၆:၃၄) လူသား​တို့​အလိုအပ်ဆုံး​အရာ​မှာ ဝိညာဉ်​ရေးရာ​ဖြစ်​ကြောင်း ယေရှု​သဘောပေါက်ခဲ့​သည်။ ကျွန်ုပ်​တို့​လည်း အခြားသူများ အလိုအပ်ဆုံး​အရာ​ဖြစ်သည့် ‘ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း’ ကို​ဟောပြောခြင်း​အားဖြင့် ထောက်ထား​စာနာ​တတ်​သူ၊ သနားစုံမက်​တတ်​သူများ​ဖြစ်​ကြောင်း တင်ပြ​နိုင်​ကြသည်။ (မဿဲ ၂၄:၁၄) သက်ကြီးရွယ်အို ခရစ်ယာန်​ချင်း​များ၊ မုဆိုးမများ၊ မိဘမဲ့​များ​ကို လက်တွေ့ကျကျ​ကူညီ​ပေး​ပြီး “စိတ်​ငယ်​သော​သူတို့ကို အားပေး” နိုင်​သည်။ (၁ သက်သာလောနိတ် ၅:၁၄; သု. ၁၂:၂၅; ယာကုပ် ၁:၂၇) သို့​ပြုခြင်း​ဖြင့် ပျော်ရွှင်မှု​ရရှိ​မည်​သာမက ယေဟောဝါ​၏​ကရုဏာတော်​ကို ခံစားရ​သူများ​ဖြစ်လာ​နိုင်​သည်။—တမန်​တော် ၂၀:၃၅; ယာကုပ် ၂:၁၃

စိတ်နှလုံး​ဖြူစင်​ပြီး ငြိမ်သက်​စေသော​သူ

၁၅။ ကျွန်ုပ်​တို့သည် စိတ်နှလုံး​ဖြူစင်​ပြီး ငြိမ်သက်​စေသော​သူများ မည်သို့​ဖြစ်​နိုင်​ကြ​မည်​နည်း။

၁၅ ယေရှု​က ဆဋ္ဌမ​နှင့် သတ္တမ​မြောက် ပျော်ရွှင်မှု​တို့ကို ဤသို့​ဖော်ပြ​ခဲ့​သည်– “စိတ်နှလုံး​ဖြူစင်​သော​သူတို့သည် ပျော်ရွှင်​ကြ​၏။ အကြောင်း​မူ​ကား၊ ထို​သူတို့သည် ဘုရားသခင်​ကို မြင်ရ​ကြ​လတ္တံ့။ ငြိမ်သက်​စေသော​သူများ​သည် ပျော်ရွှင်​ကြ​၏။ အကြောင်း​မူ​ကား၊ ထို​သူတို့သည် ‘ဘုရားသခင်​၏​သားတော်​များ’ ဟု ခေါ်ဝေါ်​ခြင်း​ကို ခံရ​ကြ​လတ္တံ့။” (မဿဲ ၅:၈၊ ၉က​ဘ) စိတ်နှလုံး​ဖြူစင်​သူသည် ကိုယ်ကျင့်တရား​သန့်ရှင်း​ရုံ​သာမက ဝိညာဉ်​ရေး​ဘက်၌​လည်း စင်ကြယ်​ပြီး ယေဟောဝါ​အား အကြွင်းမဲ့​ဆည်းကပ်​ဝတ်ပြု​၏။ (၁ ရာဇဝင်ချုပ် ၂၈:၉; ဆာလံ ၈၆:၁၁) “ငြိမ်သက်​စေသော​သူများ” ဟု​ပြန်ဆို​ထား​သည့် မူရင်း​စကားလုံး​၏​ဆိုလိုရင်း​မှာ “ရန်​ငြိမ်း​စေ​သူများ” ဖြစ်သည်။ ငြိမ်သက်​စေသော​သူများ​သည် မိမိတို့၏​ခရစ်ယာန်​ညီအစ်ကို​ချင်း​များနှင့်​ဖြစ်စေ၊ အိမ်နီးချင်း​များနှင့်​ဖြစ်စေ တတ်နိုင်​သမျှ​အတိုင်း ငြိမ်းချမ်း​စွာ အသင့်အတင့်​နေထိုင်ကြ​၏။ (ရောမ ၁၂:၁၇-၂၁) သူတို့သည် “သူတစ်ပါး​နှင့်​အသင့်အတင့်​နေခြင်း​ကို​ရှာ၍ မီအောင်လိုက်” တတ်ကြ​သည်။—၁ ပေတရု ၃:၁၁

၁၆၊ ၁၇။ (က) ဝိညာဉ်​တော်​ဖွား​များ​ကို ‘ဘုရားသခင်​၏​သားများ’ ဟု​အဘယ်ကြောင့် ခေါ်​ကြ​သနည်း၊ သူတို့သည် ‘ဘုရားသခင်​ကို မည်သို့​မြင်’ ကြ​သနည်း။ (ခ) “အခြားသိုး​တို့” သည် ‘ဘုရားသခင်​ကို မည်သို့​မြင်’ သနည်း။ (ဂ) “အခြားသိုး” တို့သည် ‘ဘုရားသခင်​၏​သားများ’ ဟူ၍ အဘယ်​အချိန်တွင် အဘယ်​နည်းဖြင့် အပြည့်အဝ​ဖြစ်လာ​ကြ​မည်​နည်း။

၁၆ စိတ်နှလုံး​ဖြူစင်​၍ ငြိမ်သက်​စေသော​သူတို့အား “‘ဘုရားသခင်​၏​သားများ’ ဟု​ခေါ်ဝေါ်” ကြ​ပြီး “ဘုရားသခင်​ကို မြင်ရ​ကြ” လိမ့်​မည်​ဟု ကတိပြု​သည်။ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည် မြေကြီးပေါ်​ရှိ​စဉ်​ပင် ယေဟောဝါ​၏ ‘သားများ’ အဖြစ် မွေးစား​ခံရ​ကြသည်။ (ရောမ ၈:၁၄-၁၇) သူတို့သည် ကောင်းကင်​တွင် ခရစ်တော်​နှင့်အတူ​နေထိုင်ရန် ရှင်ပြန်ထမြောက်​သွား​ကြ​သည့်​အခါ သူတို့သည် ယေဟောဝါ​၏​မျက်မှောက်​တော်​တွင် အမှုထမ်း​ကြ​ကာ ကိုယ်တော်​ကို အမှန်တကယ် မြင်ကြ​ရ၏။—၁ ယောဟန် ၃:၁၊ ၂; ဗျာ. ၄:၉-၁၁

၁၇ ငြိမ်သက်​စေသော “အခြားသိုး” တို့သည် မိမိတို့၏ “ထာဝရ​အဘ” ဖြစ်လာ​သူ သိုးထိန်း​ကောင်း ခရစ်တော်​ယေရှု​လက်အောက်​တွင် ယေဟောဝါ​အား ဝတ်ပြု​ကြသည်။ (ယောဟန် ၁၀:၁၄၊ ၁၆; ဟေရှာယ ၉:၆) ခရစ်တော် အနှစ်​တစ်ထောင်​အုပ်စိုး​ပြီး​နောက် နောက်ဆုံး​စမ်းသပ်ခံ​ရခြင်း​ကို အောင်မြင်သူ​တို့သည် ယေဟောဝါ​၏​မြေကြီးဆိုင်ရာ သားများ​အဖြစ် မွေးစား​ခံရ​ကြ​မည်​ဖြစ်​ပြီး “ဘုရားသခင်​သားတို့​၏ ထူးမြတ်​သော​လွတ်ခြင်း​ချမ်းသာ” ကို​ဝင်စား​ကြ​ရ​လိမ့်​မည်။ (ရောမ ၈:၂၁; ဗျာ. ၂၀:၇၊) ယင်းကို စောင့်မျှော်​ရင်း ယေဟောဝါ​အား မိမိတို့၏​ခမည်းတော်​အဖြစ် ခေါ်ဝေါ်​ကြသည်၊ အကြောင်း​မှာ ကိုယ်တော်​အား အသက်​ပေးရှင်​အဖြစ် အသိအမှတ်ပြု​ကြ​ကာ မိမိတို့၏​အသက်တာကို ကိုယ်တော့်​ထံ ဆက်ကပ်​အပ်နှံ​ထား​ကြသော​ကြောင့်​ဖြစ်သည်။ (ဟေရှာယ ၆၄:၈) ထို​အခါ ရှေးခေတ် ယောဘ​နှင့် မောရှေ​တို့​နည်းတူ ယုံကြည်ခြင်း​မျက်စိဖြင့် “ဘုရားသခင်​ကို မြင်” နိုင်​ကြ​၏။ (ယောဘ ၄၂:၅; ဟေဗြဲ ၁၁:၂၇) ‘စိတ်နှလုံး​မျက်စိ’ ဖြင့်​ဖြစ်စေ၊ ဘုရားသခင်​နှင့်​ပတ်သက်​သည့် တိကျ​မှန်ကန်သော အသိပညာ​တို့​ဖြင့်​ဖြစ်စေ ယေဟောဝါ​၏​အံ့ဖွယ်​ဂုဏ်ရည်တော်​များ​ကို သူတို့​သိမြင်​နိုင်​ကြ​ပြီး ကိုယ်တော့်​အလိုတော်​ဆောင်ခြင်း​ဖြင့် ကိုယ်တော်​အား ကြိုးစား​တုပ​ကြသည်။—ဧဖက် ၁:၁၈; ရောမ ၁:၁၉၊ ၂၀; ၃ ယောဟန် ၁၁

၁၈။ ယေရှု​ဖော်ပြ​ခဲ့​သော ပျော်ရွှင်မှု ပထမ​ခု​နစ်​မျိုး​အရ ယနေ့ မည်သူ​တို့သည် အမှန်တကယ် ပျော်ရွှင်​နေကြ​သနည်း။

၁၈ ဝိညာဉ်​ရေး လိုလျက်​နေကြောင်း​သတိပြုမိ​သူ၊ ဝမ်းနည်းပူဆွေး​သူ၊ နူးညံ့​သိမ်မွေ့​သူ၊ ဖြောင့်မတ်ခြင်း​တရားကို ဆာငတ်​သူ၊ သနားစုံမက်​တတ်သော​သူ၊ စိတ်နှလုံး​ဖြူစင်​သူ၊ ငြိမ်သက်​စေသော​သူတို့သည် ယေဟောဝါ​၏​အမှုတော်ထမ်း​ဆောင်ခြင်း​ဖြင့် စစ်မှန်သော ပျော်ရွှင်မှု​ကို ခံစား​ကြ​ရ​ကြောင်း တွေ့ရှိ​ခဲ့​ကြ​ရပြီ။ သို့​တိုင် ထို​သူတို့သည် ဆန့်ကျင်မှု​မ​က နှိပ်စက်​ညှဉ်းပန်းမှု​ကို​ပင် အမြဲတမ်း တွေ့ကြုံ​ရင်ဆိုင်ခဲ့​ကြ​ရသည်။ ယင်းကြောင့် သူတို့​ပျော်ရွှင်မှု လျော့နည်း​သွား​သလော။ ဤ​မေးခွန်း​ကို နောက်​ဆောင်းပါး​တွင် ဆွေးနွေး​သုံးသပ်ပါ​မည်။

ပြန်လည်​သုံးသပ်ခြင်း​ဖြင့်

ဝိညာဉ်​ရေး​လိုလျက်​နေကြောင်း သတိပြု​သူတို့သည် အဘယ်​ပျော်ရွှင်မှု​ကို ခံစား​ကြ​ရသနည်း။

ဝမ်းနည်းပူဆွေး​သူတို့သည် အဘယ်​နည်းများဖြင့် စိတ်သက်သာ​မှု​ရ​ကြ​သနည်း။

နူးညံ့​သိမ်မွေ့ မှု​ကို ကျွန်ုပ်​တို့ မည်သို့​တင်ပြ​ကြ​သနည်း။

ကျွန်ုပ်​တို့သည် သနားစုံမက်​သူ၊ စိတ်နှလုံး​ဖြူစင်​သူ၊ ငြိမ်သက်​စေ​တတ်​သူများ အဘယ်ကြောင့် ဖြစ်​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

“ဝိညာဉ်ရေးတွင် လိုလျက် နေကြောင်း သတိပြုမိ​သူများ​သည် ပျော်ရွှင်​ကြ”

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

‘သနားစုံမက်​တတ်သော​သူတို့သည် ပျော်ရွှင်​ကြ’

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

‘ဖြောင့်မတ်ခြင်း​တရားကို ဆာငတ်​သူတို့သည် ပျော်ရွှင်​ကြ’