မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဦးဆောင်ဖို့ အမှန်တကယ် အရည်အချင်းရှိသူတစ်ဦး

ဦးဆောင်ဖို့ အမှန်တကယ် အရည်အချင်းရှိသူတစ်ဦး

ဦးဆောင်ဖို့ အမှန်တကယ် အရည်အချင်း​ရှိသူ​တစ်ဦး

လွန်ခဲ့သော အနှစ်​နှစ်ထောင်​က ကောင်းကင်တမန်​တစ်ပါး​သည် မာရိ​အမည်​ရှိ ဂျူး​အမျိုးသမီးငယ်​တစ်ဦး​ကို ဤသို့​မိန့်ဆိုခဲ့သည်– “သင်သည် ပဋိသန္ဓေ​စွဲ​ယူ၍ သား​ယောက်ျား​ကို ဖွားမြင်​လိမ့်​မည်။ ထို​သားကို ယေရှု​အမည်​ဖြင့် မှည့်​ရမည်။ ထို​သား​သည်​ကား၊ ကြီးမြတ်သော​သူ​ဖြစ်​လိမ့်​မည်။ အမြင့်ဆုံး​သော​ဘုရား[သခင်]၏ သားတော်​ဟု ခေါ်ဝေါ်​သမုတ်ခြင်း​ကို ခံရ​လိမ့်​မည်။ သူ့​အဘ​ဒါဝိဒ်​၏​ရာဇ​ပလ္လင်​ကို ထာဝရ​အရှင်​ဘုရားသခင်​သည် သူ့​အားပေး​တော်​မူ​မည်။ ထို​သူသည်​လည်း ယာကုပ်​အမျိုးအနွယ်​ကို အစဉ်မပြတ်​အုပ်စိုး​လိမ့်​မည်။ သူ၏​နိုင်ငံ​သည်လည်း ဆုံး​ခြင်း​မရှိ​ရ။” (လုကာ ၁:၃၁-၃၃) မှန်ပါသည်၊ နာဇရက်​မြို့သား​ယေရှုသည် သမ္မာကျမ်းစာ​ပရောဖက်ပြုချက် ခွဲခြား​ဖော်ပြ​သည့် ရှင်ဘုရင်​ဖြစ်သည်။

ဘာသာရေး​ပန်းချီ​ကားချပ်​တို့​က ယေရှုကို ကလေးငယ်​တစ်ဦး​အဖြစ်၊ အာဟာရချို့​တဲ့​နေသော လူ​ပျော့​တစ်ဦး​အဖြစ်၊ ကြုံတွေ့​ရာ​ကို မျက်စိ​စုံ​မှိတ် ခေါင်းငုံ့ခံ​သည့် ခြိုးခြံ​၍​ကျင့်​သူ​တစ်ဦး​အဖြစ် ပုံဖော်​လေ့​ရှိသည်။ အဆိုပါ​ရုပ်ပုံများ​က ကိုယ်တော်​အား အုပ်စိုးရှင်​အဖြစ် ယုံကြည်​ကိုးစားမှု မရှိစေ​ပါ။ သို့သော် သမ္မာကျမ်းစာ​၏ တကယ့်​ယေရှု​ခရစ်​သည် ဇွဲ​ထက်သန်မှု​နှင့် ဦးဆောင်မှု​စွမ်းရည်​အပြည့်​ရှိ ထက်မြက်​ရင့်ကျက်သော အမျိုးသား​တစ်ဦး​အဖြစ် ကြီးပြင်း​လာ​ပါ​သည်။ ထို့​အပြင် ကိုယ်တော်​တွင် ခေါင်းဆောင်မှု​အတွက် အရည်အချင်း​ပြည့်မီ​စေသည့် အခြား​အရည်အသွေးများ​လည်း​ရှိ၏။ (လုကာ ၂:၅၂) အောက်ပါ​တို့​မှာ ကိုယ်တော်​၏ ထူးခြားသော​ကိုယ်​ရည်​ကိုယ်​သွေး အနည်းငယ်​သာ​ဖြစ်သည်။

ယေရှုသည် သမာဓိ အပြည့်အဝ​ရှိ၏။ ကိုယ်တော်​၏ ရိုးသား​ဖြောင့်မတ်​သော​အပြုအမူက ရန်သူများ​အား မိမိကို ခြေမြစ်​သော​စွဲချက်​တင်​ရန် လူသိရှင်ကြား စိန်ခေါ်​စေ​ခဲ့​သည်။ ထို​ရန်သူများ​သည် ကိုယ်တော်​အား မစွပ်စွဲ​နိုင်​ခဲ့​ကြ​ချေ။ (ယောဟန် ၈:၄၆) ကိုယ်တော်​၏ အယောင်ဆောင်​မှု​ကင်းမဲ့​သည့် သွန်သင်ချက်​များ​က စိတ်​ရိုး​မှန်​သူများစွာ​ကို ကိုယ်တော်​၏​နောက်တော်လိုက်​များ​ဖြစ်လာ​စေ​၏။—ယောဟန် ၇:၄၆; ၈:၂၈-၃၀; ၁၂:၁၉

ယေရှုသည် ဘုရားသခင်​ထံ အပြည့်အဝ ဆက်ကပ်​အပ်နှံ​ထား​၏။ ကိုယ်တော်​သည် ဘုရားသခင်​ခန့်အပ်​ထား​သည့် လုပ်ငန်း​ကို အပြီး​လုပ်ဆောင်ရန် အလွန်​စိတ်​ထက်သန်​သည်၊ ကိုယ်တော်​အား ခြိမ်းခြောက်​ဟန့်တား​နိုင်​သည့် လူသား​ပြိုင်ဘက် သို့​မဟုတ် နတ်ဆိုး​ပြိုင်ဘက် မရှိ​ချေ။ အကြမ်းဖက်​တိုက်ခိုက်မှု​များ​က ကိုယ်တော်​အား ထိတ်လန့်​မသွား​စေပါ။ (လုကာ ၄:၂၈-၃၀) ပင်ပန်း​နွမ်း​နယ်​မှု​နှင့် ဆာလောင်​မွတ်​သိပ်​မှု​တို့​က ကိုယ်တော့်​ကို စိတ်ဓာတ်​မကျ​စေ​ခဲ့​ပါ။ (ယောဟန် ၄:၅-၁၆၊ ၃၁-၃၄) ယေရှု၏​မိတ်ဆွေများ​က ကိုယ်တော်​ကို စွန့်ပစ်​သွား​သည့်​တိုင် ကိုယ်တော်​သည် မိမိ၏​ပန်းတိုင်​မှ လွဲချော်​မသွား​ခဲ့​ချေ။—မဿဲ ၂၆:၅၅၊ ၅၆; ယောဟန် ၁၈:၃-၉

ယေရှုသည် လူ​တို့အတွက် အလွန်​စိုးရိမ်​ပူပန်​တော်​မူ​၏။ ဆာလောင်​နေသူတို့​ကို အစားအသောက် စီမံ​ပေး​ခဲ့​၏။ (ယောဟန် ၆:၁၀၊ ၁၁) စိတ်ဓာတ်ကျ​နေသူတို့​ကို နှစ်သိမ့်​အားပေးခဲ့​၏။ (လုကာ ၇:၁၁-၁၅) မျက်မမြင်​သူတို့ကို မျက်စိ​ပြန်မြင်​စေ​၏၊ နား​မကြား​သူတို့ကို နား​ပြန်ကြား​စေ​၏၊ ဖျားနာသူ​တို့ကို ပြန်​ကျန်းမာ​လာ​စေ​ခဲ့​၏။ (မဿဲ ၁၂: ၂၂; လုကာ ၈:၄၃-၄၈; ယောဟန် ၉:၁-၆) အလုပ်​ကြိုးစား​သည့် တမန်​တော်​များ​ကိုလည်း ကိုယ်တော်​အားပေးခဲ့​သည်။ (ယောဟန် အခန်းကြီး ၁၃-၁၇) မိမိ၏​သိုး​တို့ကို ဂရုစိုက်​သည့် “ကောင်းသော​သိုးထိန်း” ဖြစ်​ကြောင်း ကိုယ်တော်​သက်သေထူ​ခဲ့​၏။—ယောဟန် ၁၀:၁၁-၁၄

ယေရှုသည် အလုပ်လုပ်​ကိုင်​ဖို့ အသင့်ရှိ​သည်။ အရေးကြီးသော​သင်ခန်းစာ​တစ်ရပ်​ကို ကိုယ်တော်​သွန်သင်ပေး​ရန် တမန်​တော်​များ​၏​ခြေ​ကို ဆေး​ပေး​ခဲ့​၏။ (ယောဟန် ၁၃: ၄- ၁၅) ဣသရေလ​တိုင်းပြည်​၏ ဖုန်​ထူ​သော​လမ်းများ​ပေါ်​တွင် သတင်းကောင်း လိုက်လံ​ဟောပြော​စဉ် ကိုယ်တော်တိုင်​၏​ခြေ​များ ပေ​ရေ​ခဲ့​သည်။ (လုကာ ၈:၁) “ဆိတ်ကွယ်ရာ​အရပ်” ၌ အနားယူ​ရန် ကြံရွယ်​ထားချိန်​၌​ပင် ကိုယ်တော့်​ကို လူအုပ်​က လာ​ရှာ၍ လမ်းညွှန်ချက် ထပ်မံ​တောင်းဆို​သောအခါ ကိုယ်တော်​ချက်ချင်း​ကူညီ​ပေး​ခဲ့​သည်။ (မာကု ၆:၃၀-၃၄) ဤနည်းဖြင့် ခရစ်ယာန်​တိုင်း​အတွက် လုံ့လ​ဝီရိယ​ရှိသည့် ပုံသက်သေ​ကို ကိုယ်တော်​တင်ပြ​ခဲ့​သည်။—၁ ယောဟန် ၂:၆

ယေရှုသည် မိမိ၏​တာဝန်​ကို အပြီး​ထမ်းဆောင်​ကာ ကမ္ဘာ​မြေကြီးပေါ်​မှ ထွက်ခွာ​သွားခဲ့​၏။ ကိုယ်တော်​သည် တည်ကြည်သော​ကြောင့် ကိုယ်တော်​အား ကောင်းကင်​တွင် မသေ​နိုင်သော​အသက်တာ​ရှိ ဘုရင်​အရာ​ကို ယေဟောဝါ​ဘုရားသခင် ပေးအပ်​ခဲ့​လေ​သည်။ ရှင်ပြန်ထမြောက်​ခဲ့​သည့် ယေရှု​နှင့်​စပ်လျဉ်း၍ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “ခရစ်တော်​သည် သေခြင်း​မှ​ထမြောက်​သောအခါ၊ သေခြင်းနှင့်​အစဉ်​ကင်းလွတ်​တော်​မူ​၏။ သေခြင်း​တရားသည် နောက်​တစ်ဖန် ကိုယ်တော်​ကို မ​အုပ်စိုး​ရ။” (ရောမ ၆:၉) ကိုယ်တော်​၏​လုပ်ငန်း​သည်လည်း အရည်အချင်း​မရှိသော ဆက်ခံသူ​တစ်ဦး​ကြောင့် ပျက်စီး​သွား​စ​ရာ​အကြောင်း ရှိ​မည်​မဟုတ်။ သို့သော် လူ့​အကျိုးအတွက် အဘယ်အရာကို ကိုယ်တော် အထူးသဖြင့် လုပ်ဆောင်​တော်​မူ​မည်​နည်း။

ဤ​ခေါင်းဆောင်​အသစ် လုပ်ဆောင်​မည့်​အမှု

စုံလင်​၍ မသေ​နိုင်သော ဤ​ရှင်ဘုရင်​သည် မည်သို့​အုပ်ချုပ်​သွား​မည်​နှင့်​စပ်လျဉ်း၍ ဆာလံ ၇၂ [သမ္မာ] က ပရောဖက်ပြုချက်​ဆိုင်ရာ အသေးစိတ်​အချက်အလက်​တချို့​ကို ဖော်​ပြပေး​ထား​ပါ​သည်။ အခန်းငယ် ၇ နှင့် ၈ တွင် ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရ၏– “လက်ထက်​တော်​၌ ဖြောင့်မတ်ခြင်း​တိုးတက်၍ လ​သည် ပပျောက်​ခြင်း​သို့ ရောက်​သည်​တိုင်အောင် ငြိမ်သက်​ချမ်းသာ​များပြား​ပါစေ​သော။ ပင်လယ်​တစ်ပြင်​မှ​တစ်ပြင်​တိုင်အောင်​လည်းကောင်း၊ မြစ်​ကြီး​မှ​မြေကြီးစွန်း​တိုင်အောင်​လည်းကောင်း အစိုးရ​တော်​မူ​ပါစေ​သော။” ကိုယ်တော်​၏ အကျိုးပြု အုပ်ချုပ်မှု​အောက်တွင် မြေကြီးသား​များသည် စဉ်​ဆက်​မပြတ် ထာဝစဉ်​တည်ရှိ​သော လုံခြုံမှု​၌ ပျော်မွေ့​ကြ​ရ​လိမ့်​မည်။ ကိုယ်တော်​သည် လက်ရှိ​အဖျက်​လက်နက်​အားလုံး​ကို ဖျက်ဆီး​ပစ်လိုက်​ပြီး ဆိုင်ပြိုင်​တိုက်ခိုက်​လို​သည့် စိတ်ဆန္ဒ​ကို​ပင် လူ့​နှလုံး​ထဲ​မှ ဖယ်ရှားပစ်​ပါ​လိမ့်​မည်။ ယနေ့ လုယက်​ဖျက်ဆီး​တတ်သော ခြင်္သေ့​များ​ကဲ့သို့ အခြား​သူတို့ကို ရန်မူ​တိုက်ခိုက်​ကြ​သူများ သို့​မဟုတ် မိမိတို့၏​အိမ်နီးချင်း​များ​ကို ခက်ထန်​သော​ဝက်ဝံများ​ကဲ့သို့ ပြုမူ​ကျင့်ကြံ​သူများ​၏ စိတ်​နေ​စိတ်ထား​များသည် လုံးလုံး​ပြောင်းလဲ​သွား​ကြလိမ့်မည်။ (ဟေရှာယ ၁၁:၁-၉) ငြိမ်းချမ်း​သာယာမှု များပြား​ပေ​လိမ့်​မည်။

ဆာလံ ၇၂ အခန်းငယ် ၁၂ မှ ၁၄ တွင် ဤသို့​ထပ်၍​ဆို​သည်– “နွမ်းပါး​သူ​အော်ဟစ်​သောအခါ ထို​သူကိုလည်း​ကောင်း၊ ခိုကိုးရာ​မရ​သော​ဆင်းရဲသူ​ကိုလည်း​ကောင်း ကယ်လွှတ်​တော်​မူ​၏။ ဆင်းရဲသူ​နှင့် နွမ်းပါး​သူကို သနား​၍ နွမ်းပါး​သူတို့၏​အသက်ကို ကယ်တင်​တော်​မူ​၏။ သူတို့​အသွေးကို နှမြော​တော်​မူ​သဖြင့် အသက်ကို ညှဉ်းဆဲခြင်း​နှင့် ကြမ်းကြုတ်ခြင်း​၏​လက်​မှ ရွေးနုတ်​တော်​မူ​၏။” ဆင်းရဲ​နွမ်းပါး​သူနှင့် ဖိနှိပ်ခံ​ရသူ​တို့သည် ဘုရင်​ယေရှု​ခရစ်​၏​ဦးဆောင်မှု​အောက်တွင် စည်းလုံး​ပျော်ရွှင်သော လူ့​မိသားစုကြီး​ထဲ​တွင် ပါဝင်​လာ​ကြလိမ့်မည်။ ထို​အခါ သူတို့​ဘဝ​အသက်တာတွင် နာကျင်မှု​နှင့် မျှော်လင့်ချက်​ကင်းမဲ့မှု​တို့ မရှိတော့ဘဲ ရွှင်လန်း​ဝမ်းမြောက်မှု​ရှိ​လိမ့်​မည်။—ဟေရှာယ ၃၅:၁၀

အခန်းငယ် ၁၆ က ဤသို့​ကတိပေး​သည်– “ပြည်တော်​၌ များစွာသော​စပါး​ရှိ၍ အသီးအနှံ​သည် လေဗနုန်​တော​ကဲ့သို့ တောင်ထိပ်​ပေါ်မှာ​လှုပ်ရှား​လိမ့်​မည်။” ယနေ့ ကမ္ဘာ​ပေါ်​ရှိ လူ​သန်းပေါင်း​များစွာ​သည် ဆာလောင်​မွတ်​သိပ်​နေကြ၏။ နိုင်ငံရေး​အယူဝါဒ​နှင့် လို​ဘ​ကြီး​မှု​တို့​ကြောင့် အစားအစာ လုံလုံလောက်လောက် မျက်နှာမလိုက် ဖြန့်​ဝေပေး​မှု​ကို ဟန့်တား​လေ့​ရှိရာ လူ​အမြောက်အမြား အထူးသဖြင့် ကလေး​သူငယ်​များသည် ငတ်မွတ်​ပြီး သေဆုံး​နေကြ​ရ​ရှာ​သည်။ သို့ရာတွင် ယေရှု​ခရစ်​၏​အုပ်ချုပ်မှု​အောက်တွင် ဤ​ပြဿနာ ရှိ​မည်​မဟုတ်။ ကမ္ဘာ​မြေကြီးပေါ် အလွန်​ကောင်းမွန်သော​အသီးအနှံ​တို့ ဖြစ်ထွန်း​နေပါ​လိမ့်​မည်။ လူသား​အားလုံး ဝဝလင်လင် သုံးဆောင်​ရ​ကြ​မည်။

ခေါင်းဆောင်မှု​ကောင်း​နှင့်​ဆိုင်သော အဆိုပါ​ကောင်းချီး​များ​ကို သင်​ခံစား​လို​ပါသလော။ သင်​ခံစား​လိုလျှင် မြေတစ်ပြင်လုံး​ကို မကြာမီ အပြည့်အဝ​ထိန်းချုပ်​တော့​မည့် ခေါင်းဆောင်​အကြောင်း သင်ယူဖို့ သင့်ကို ကျွန်ုပ်​တို့​အားပေးပါ​သည်။ ယေဟောဝါသက်သေ​များသည် သင့်​အား ဝမ်းမြောက်​ဝမ်းသာ ကူညီ​ပေး​ကြ​ပါ​လိမ့်​မည်။ ယေဟောဝါ​ဘုရားသခင်​ကိုယ်တော်တိုင် မိမိ၏​သားတော်​နှင့်​စပ်လျဉ်း၍ ဤသို့​မိန့်တော်မူ​သည့်​အတွက် သင်​စိတ်ပျက်​ရမည်​မဟုတ်​ချေ– “ငါ​၏​ရှင်ဘုရင်​ကို သန့်ရှင်းသော​ဇိအုန်​တောင်တော်​ပေါ်မှာ ငါ​ကိုယ်တိုင်​ဘိသိက်ပေး​ပြီ။။”—ဆာလံ ၂:၆

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ယေရှုသည် ဆာလောင်​မွတ်​သိပ် နေသူတို့​ကို ကျွေးမွေး​ခဲ့​သည်၊ ဖျားနာ​နေသူတို့​ကို ကုသ​ပေး​ခဲ့​၍ ခရစ်ယာန်​အားလုံး​အတွက် ပုံသက်သေ​ကောင်း တင်ပြ​ခဲ့​၏