စာရှုသူများထံမှ မေးခွန်းလွှာ
စာရှုသူများထံမှ မေးခွန်းလွှာ
နတ်ဆိုးများသည် ခရစ်တော်၏ အနှစ်တစ်ထောင်စိုးစံရာကာလအတွင်း အဘယ်နေရာတွင် ရှိနေကြမည်နည်း။
ဤမေးခွန်းကို သမ္မာကျမ်းစာက ရှင်းရှင်းလင်းလင်း အဖြေမပေးချေ။ သို့ရာတွင်၊ ခရစ်တော်၏ အနှစ်တစ်ထောင်စိုးစံရာကာလအတွင်း နတ်ဆိုးများ ရှိနေကြမည့်နေရာနှင့်ပတ်သက်၍ ဆင်ခြင်တုံတရားနှင့်အညီ ကျွန်ုပ်တို့ကောက်ချက်ချနိုင်သည်။
ဤအနှစ်တစ်ထောင်၏ အစပိုင်းနှင့် အဆုံးပိုင်းတွင် ဖြစ်ပျက်မည့်အရာနှင့်စပ်လျဉ်း၍ တင်ကြိုမြင်ကွင်းကို တမန်တော်ယောဟန်က ဤသို့ဖော်ပြသည်– “ကောင်းကင်တမန်တစ်ပါးသည် အနက်ဆုံးသောတွင်း၏သော့နှင့် သံကြိုးကြီးတစ်စင်းကိုကိုင်လျက် ကောင်းကင်ကဆင်းသက်သည်ကို ငါမြင်ရ၏။ သူသည် . . . စာတန်ဖြစ်သော ရှေးမြွေဟောင်းတည်းဟူသော နဂါးကိုကိုင်ဖမ်း၍ အနှစ်တစ်ထောင်ဖို့ ချည်နှောင်လေ၏။ အနှစ်တစ်ထောင်မကုန်မီ လူအမျိုးမျိုးကို ဆက်လက်၍မလှည့်ဖြားရမည်အကြောင်း အနက်ဆုံးသောတွင်းထဲသို့ ပစ်ချလှောင်ထား၍ တံဆိပ်ခတ်လေ၏။ အနှစ်တစ်ထောင်ကုန်ပြီးမှ ခဏလွှတ်ရမည်။” (ဗျာ. ၂၀:၁-၃၊ သမ္မာ) ဤအခန်းငယ်များက စာတန်ကို တွင်းနက်ထဲပစ်ချခြင်းနှင့် သူ့ကို နောက်ဆုံးတွင် တစ်ခဏ ပြန်လွှတ်ပေးမည့်အကြောင်းတို့ကိုသာ ပြောပြသည်။ နတ်ဆိုးများအကြောင်း မဖော်ပြထားသော်လည်း အနက်ဆုံးသောတွင်း၏သော့ကို ကိုင်ထားသည့် ကောင်းကင်တမန်ဖြစ်သူ ဘုန်းဝင်စားပြီးဖြစ်သော ယေရှုခရစ်သည် စာတန်ကို ဖမ်းဆီး၍ တွင်းနက်ထဲ ချပစ်သောအခါ နတ်ဆိုးများကိုလည်း ထပ်တူပြုမည်မှာ သေချာသည်။—ဗျာ. ၉:၁၁။
၁၉၁၄ ခုနှစ်တွင် ယေရှုခရစ်သည် ကောင်းကင်၌ ဘုရင်ဖြစ်လာသောအခါ စာတန်နှင့်နတ်ဆိုးများအပေါ် အကြီးအကျယ်အကျိုးသက်ရောက်စေခဲ့သည့်နည်းဖြင့် အရေးယူဆောင်ရွက်ခဲ့၏။ ဗျာ. ၁၂:၇-၉ က ဤသို့ဆိုသည်– “ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ကောင်းကင်တမန်တို့သည် နဂါးကိုစစ်တိုက်ကြ၏။ နဂါးနှင့်သူ၏တမန်တို့ [နတ်ဆိုးများ] သည် စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ။ ထိုအခါ ဤလောကတစ်နိုင်ငံလုံးကို လှည့်ဖြား၍ . . . စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကိုလည်းကောင်း၊ သူနှင့်အတူ သူ၏တမန်တို့ကိုလည်းကောင်း မြေကြီးသို့ချလိုက်ကြ၏။” ထိုအချိန်မှစ၍ စာတန်နှင့် သူ၏နတ်ဆိုးများသည် မြေကြီးဝန်းကျင်တွင် ခြေချုပ်မိသွားကြပြီဖြစ်သည်။ ကမ္ဘာမြေကြီးသည် စာတန့်သြဇာဆိုးမှ လွတ်မြောက်စေရန် သူ၏လှုပ်ရှားမှုကို ယေရှုခရစ်ထပ်၍ကန့်သတ်လိုက်သောအခါ နတ်ဆိုးများကိုလည်း ထပ်တူပြုမည်ဟု ဆင်ခြင်တုံတရားနှင့်အညီ ယူဆနိုင်ပါသည်။
ထို့အပြင် သမ္မာကျမ်းစာ၏ ပထမဦးဆုံးပရောဖက်ပြုချက်ကိုလည်း သုံးသပ်ကြည့်ပါ။ ယင်းက ဤသို့ဆို၏– “သင် [စာတန်] နှင့်မိန်းမ [ယေဟောဝါ၏ ကောင်းကင်အဖွဲ့အစည်း] ကိုလည်းကောင်း၊ သင်၏ [စာတန်၏] အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ် [ယေရှု] ကိုလည်းကောင်း၊ ငါ [ဘုရားသခင်] သည် ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်။ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်။” (ကမ္ဘာဦး ၃:၁၅) မြွေ၏ခေါင်းကိုကြိတ်မည်ဟုဆိုရာတွင် ခရစ်တော်၏ အနှစ်တစ်ထောင်စိုးစံရာကာလအတွင်း စာတန်ကို တွင်းနက်ထဲ ချပစ်လှောင်ထားခြင်းပါဝင်သည်။ ခေါင်းကိုကြိတ်မည့်သူနှင့် စာတန်၏အမျိုးအနွယ်စပ်ကြား ရန်ငြိုးရှိမည်ဟု အဆိုပါပရောဖက်ပြုချက်က ထပ်၍ဖော်ပြသည်။ ဤအမျိုးအနွယ် သို့မဟုတ် အဖွဲ့အစည်းတွင် မျက်မြင်မရအစိတ်အပိုင်းဖြစ်သော ဆိုးယုတ်သည့်ကောင်းကင်တမန်များ သို့မဟုတ် နတ်ဆိုးများပါဝင်သည်။ ထို့ကြောင့် ယေရှုသည် စာတန်ကို တွင်းနက်ထဲချပစ်သောအခါ နတ်ဆိုးများကိုလည်း ချုပ်နှောင်ပြီး တွင်းနက်ထဲ ချပစ်လှောင်ထားမည်ဖြစ်ကြောင်း ကောက်ချက်ချခြင်းက အကျိုးသင့်အကြောင်းသင့်ရှိပါသည်။ တွင်းနက်ကို ဆိုးယုတ်သည့် ဝိညာဉ်သတ္တဝါများ အလွန်အမင်းကြောက်လန့်ကြခြင်းက ဤလာလတ္တံ့သော ချုပ်လှောင်ခြင်းကို သူတို့သိရှိကြောင်း ဖော်ပြသည်။—လုကာ ၈:၃၁။
သို့သော်၊ နတ်ဆိုးများသည် စာတန့်အမျိုးအနွယ်၏ မျက်မြင်ရအစိတ်အပိုင်းနှင့်အတူ အာမဂေဒုန်တွင် ဖျက်ဆီးခံခဲ့ရ၍ သူတို့အကြောင်းကို ဗျာ. ၂၀:၁-၃ က မဖော်ပြခြင်း ဖြစ်နိုင်ပါသလော။ ထိုသို့ဖြစ်နိုင်ပုံမရှိကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ စာတန်၏ နောက်ဆုံးအဖြစ်နှင့်စပ်လျဉ်း၍ ကျမ်းစာက ဤသို့ဆိုသည်– “သူတို့ကိုလှည့်ဖြားသော [စာတန်] ကိုလည်း သားရဲနှင့် ပရောဖက် [အတု] ရှိရာ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ ချပစ်လျှင်၊ သူတို့သည် နေ့ညမပြတ် ကမ္ဘာအဆက်ဆက် ပြင်းစွာသောဝေဒနာကို ခံရကြလတ္တံ့။” (ဗျာ. ၂၀:၁၀) သားရဲနှင့် ပရောဖက်အတုတို့သည် နိုင်ငံရေးအာဏာပိုင်ပုဂ္ဂိုလ်များဖြစ်ကြပြီး စာတန်၏ မျက်မြင်ရအဖွဲ့အစည်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ (ဗျာ. ၁၃:၁၊ ၂၊ ၁၁-၁၄; ၁၆:၁၃၊ ၁၄) ၎င်းတို့သည် ကမ္ဘာ့တိုင်းနိုင်ငံရှိရှိသမျှကို ဘုရားသခင့်နိုင်ငံတော် ချိုးဖဲ့ဖျက်ဆီးချိန် အာမဂေဒုန်တွင် နိဂုံးချုပ်ကြရမည်။ (ဒံယေလ ၂:၄၄၊ ၄၅) သမ္မာကျမ်းစာက ‘စာတန်နှင့် သူ၏တမန်တို့အဖို့ ပြင်ဆင်ထားသော ထာဝရမီး’ ကို ရည်ညွှန်းသည်။ (မဿဲ ၂၅:၄၁) စာတန်နှင့် သူ၏နတ်ဆိုးများသည် သားရဲနှင့် ပရောဖက်အတုတို့ ပစ်ချခံကြရမည့် “ကန့်နှင့်ရောနှောသော မီးအိုင်” ထဲတွင်ပင် ထာဝစဉ် ဖျက်ဆီးခံရကြပါလိမ့်မည်။ ပို၍အစွမ်းတန်ခိုးကြီးမားသည့် စာတန်၏ မျက်မြင်မရ အစိတ်အပိုင်းသည် အာမဂေဒုန်တွင် ဖျက်ဆီးခံခဲ့ရပြီဆိုလျှင် နတ်ဆိုးများသည် သားရဲနှင့် ပရောဖက်အတုတို့နှင့်အတူ ထိုပုံဆောင်မီးအိုင်ထဲတွင် ရှိနေပြီးဖြစ်ကြောင်း ကျမ်းစာက အမှန်ဖော်ပြလိမ့်မည်။ ဗျာ. ၂၀:၁၀ တွင် နတ်ဆိုးများအကြောင်း မဖော်ပြထားခြင်းက အာမဂေဒုန်တွင် သူတို့ ဖျက်ဆီးမခံရကြောင်း ညွှန်ပြသည်။
နတ်ဆိုးများသည် တွင်းနက်ထဲ ချပစ်ခံရသည်ဟု ရှင်းရှင်းလင်းလင်းမဖော်ပြထားသောကြောင့် သူတို့သည် ၎င်းတွင်းနက်ထဲမှ လွတ်မြောက်လာသည်ဟုလည်း တိတိကျကျ မပြောထားပါ။ သို့ရာတွင် ၎င်းတို့၏နောက်ဆုံးအဖြစ်သည် စာတန်နည်းတူပင်ဖြစ်၏။ လူသားတို့ နောက်ဆုံးစမ်းသပ်ခံရမည့် အနှစ်တစ်ထောင်အကုန်တွင် နတ်ဆိုးများသည် စာတန်နှင့်အတူ လွတ်လာကြကာ သူနှင့်ပူးပေါင်းလုပ်ဆောင်ကြပြီးနောက် သူတို့သည် မီးအိုင်ထဲသို့ ချပစ်ခံရခြင်းဖြင့် ထာဝစဉ် ဖျက်ဆီးခံရကြပါလိမ့်မည်။—ဗျာ. ၂၀:၇-၉။
ဗျာ. ၂၀:၁-၃ က စာတန်ကိုသာ ဖမ်းဆီးပြီး မလှုပ်မရှားနိုင်သည့် တွင်းနက်ထဲ ချပစ်မည်ဟု ဆိုသည့်တိုင် သူ၏တမန်များကိုလည်း ချည်နှောင်ပြီး တွင်းနက်ထဲ ချပစ်မည်ဟု ဆင်ခြင်တုံတရားက ကျွန်ုပ်တို့ကို ကောက်ချက်ချစေသည်။ ကမ္ဘာမြေကြီးကို ပရဒိသုအဖြစ်သို့ ပြုပြင်ပြောင်းလဲပြီး ခရစ်တော်၏ အနှစ်တစ်ထောင်စိုးစံရာကာလအတွင်း လူသားတို့ကို ပြန်လည်စုံလင်စေရန် ဘုရားသခင့်ရည်ရွယ်တော်မူချက် ပြည့်စုံလာခြင်းကို စာတန်နှင့် သူ၏နတ်ဆိုးများ ဝင်ရောက်စွက်ဖက်ခွင့် ရရှိမည်မဟုတ်ချေ။
ထို့ကြောင့်၊