နှလုံးကို စစ်ဆေးတော်မူသော ယေဟောဝါအား ရှာဖွေလော့
နှလုံးကို စစ်ဆေးတော်မူသော ယေဟောဝါအား ရှာဖွေလော့
“ငါ့ကို ရှာကြလော့။ ရှာလျှင် အသက်ချမ်းသာရကြလိမ့်မည်။”—အာမုတ် ၅:၄။
၁၊ ၂။ ယေဟောဝါသည် “နှလုံးကို ကြည့်ရှုတတ်သည်” ဟူ၍ ကျမ်းစာဆိုရာတွင် အဘယ်အဓိပ္ပာယ်ရှိသနည်း။
ယေဟောဝါဘုရားသခင်က ‘လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ယေဟောဝါမူကား နှလုံးကိုကြည့်ရှုတတ်သည်’ ဟုပရောဖက်ရှမွေလကို မိန့်တော်မူ၏။ (၁ ဓမ္မရာဇဝင် ၁၆:၇) ယေဟောဝါသည် “နှလုံးကို” မည်သို့ “ကြည့်ရှု” သနည်း။
၂ သမ္မာကျမ်းစာတွင် နှလုံးကို ပုံဆောင်သဘောအရ လူတစ်ဦး၏အတွင်းပိုင်းဖြစ်သော သူ၏အလိုဆန္ဒများ၊ အတွေးအခေါ်များ၊ စိတ်လှုပ်ရှားမှုများနှင့် ချစ်ခင်နှစ်သက်မှုများတို့ကို ကိုယ်စားပြုလေ့ရှိသည်။ ထို့ကြောင့် နှလုံးကို ဘုရားသခင် ကြည့်ရှုသည်ဟု ကျမ်းစာဆိုသည့်အခါ ကိုယ်တော်သည် အပြင်ပန်းသဏ္ဌာန်ကိုမကြည့်ဘဲ ဤသူသည် အဘယ်လူစားမျိုးဖြစ်ကြောင်း သတိမူခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ရ၏။
ဣသရေလလူမျိုးကို ဘုရားသခင် စစ်ဆေး
၃၊ ၄။ အာမုတ် ၆:၄-၆ အရ ဣသရေလဆယ်နွယ်နိုင်ငံတွင် အဘယ်အခြေအနေများ ရှိခဲ့သနည်း။
၃ နှလုံးကို စစ်ဆေးတော်မူရှင်သည် အာမုတ်ခေတ်က ဣသရေလဆယ်နွယ်နိုင်ငံကို ကြည့်ရှုသည့်အခါ အဘယ်အရာ တွေ့မြင်ခဲ့သနည်း။ “ဆင်စွယ်ခုတင်ပေါ်မှာအိပ်၍ မွေ့ရာပေါ်မှာလျောင်း” နေကြသူတို့အကြောင်း အာမုတ် ၆:၄-၆ ကဆို၏။ သူတို့သည် “သိုးစုထဲက သိုးသငယ်တို့ကိုလည်းကောင်း၊ နွားတင်းကုပ်ထဲက နွားသငယ်တို့ကိုလည်းကောင်း ယူ၍စား” နေကြသည်။ ဤသူတို့သည် “တီးမှုတ်ရာ တူရိယာမျိုးအသစ်ကို” တီထွင်ပြီး “စပျစ်ရည်ကို ဖလားနှင့်သောက်” နေကြ၏။
၄ အစပထမတွင် ယင်းသည် သာယာချမ်းမြေ့ပုံရ၏။ လူကုံထံများသည် သူတို့၏ဇိမ်ခံအိမ်ကြီးများတွင် ကောင်းစွာစားသောက်လျက် အကောင်းဆုံး တူရိယာများဖြင့် စည်းစိမ်ခံနေကြသည်။ သူတို့တွင် “ဆင်စွယ်ခုတင်” များလည်းရှိကြ၏။ ရှေးဟောင်းသုတေသနပညာရှင်များသည် ဣသရေလနိုင်ငံ၏မြို့တော် ရှမာရိတွင် လှပစွာထွင်းထုထားသော ဆင်စွယ်များကို တွေ့ရှိခဲ့ကြသည်။ (၃ ဓမ္မရာဇဝင် ၁၀:၂၂) ယင်းတို့မှ အများကို ပရိဘောဂများတွင် တပ်ဆင်ထားပြီး နံရံများတွင် မြှုပ်သွင်းစီခြယ်ထားနိုင်ဖွယ်ရှိ၏။
၅။ အာမုတ်ခေတ်မှ ဣသရေလလူတို့ကို ဘုရားသခင် အဘယ်ကြောင့် မနှစ်သက်ခဲ့သနည်း။
၅ ဣသရေလလူမျိုးသည် ဇိမ်ရှိရှိနေထိုင်၍ အရသာရှိရှိ စားကြ၊ စပျစ်ရည်ကောင်းကို သောက်ကြပြီး တေးသီချင်းနားထောင်ခြင်းတို့ကို ယေဟောဝါဘုရားသခင် မနှစ်သက်၍လော။ လုံးဝမဟုတ်ပါ! အမှန်ဆိုရလျှင် ကိုယ်တော်သည် လူတို့ကို ပျော်မွေ့စေလို၍ ဤအရာများကို အလျှံပယ်ပေးသနားထားခြင်းဖြစ်သည်။ (၁ တိမောသေ ၆:၁၇) သူတို့၏ မကောင်းသောစိတ်ဆန္ဒ၊ ဆိုးညစ်သောနှလုံး၊ ဘုရားသခင်အပေါ် မခန့်လေးစားပြုသည့်စိတ်ထားနှင့် ဣသရေလချင်းများအပေါ် မေတ္တာမရှိခြင်းတို့ကို ယေဟောဝါ မနှစ်သက်ခြင်းဖြစ်၏။
၆။ အာမုတ်ခေတ်တွင် ဣသရေလနိုင်ငံ၏ ဝိညာဉ်ရေးအခြေအနေကား အဘယ်သို့နည်း။
၆ ‘မွေ့ရာပေါ်မှာလျောင်းသော၊ သိုးစုထဲက သိုးသငယ်တို့ကိုစားသော၊ စပျစ်ရည်သောက်သော၊ တီးမှုတ်ရာတူရိယာမျိုးအသစ်ကို တီထွင်သော’ ဤသူတို့သည် အံ့အားသင့်ကြရမည်ဖြစ်သည်။ ‘ဘေးဆိုးကျရောက်မည့်နေ့ကို သင်တို့၏စိတ်မှ ထုတ်ထားသလော’ ဟုသူတို့ကို မေးမြန်းခဲ့သည်။ သူတို့သည် ဣသရေလနိုင်ငံ၏အခြေအနေကြောင့် အကြီးအကျယ်စိတ်ဆင်းရဲနေသင့်သော်လည်း “ယောသပ်အမျိုးဆင်းရဲခံရသည်ကို စိတ်မကြင်နာဘဲနေ” ကြ၏။ (အာမုတ် ၆:၃-၆) ထိုနိုင်ငံ၏စီးပွားရေး အောင်မြင်နေလင့်ကစား ယောသပ်—သို့မဟုတ် ဣသရေလနိုင်ငံ—၏ဝိညာဉ်ရေးကပ်ဆိုက်နေသည်ကို ဘုရားသခင် ကြိုမြင်တော်မူ၏။ သို့တိုင် ထိုလူမျိုးသည် အပူအပင်မရှိ နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နေကြသည်။ ယနေ့ လူအများစုသည်လည်း ထိုသို့ပင်ဖြစ်၏။ ဆင်းရဲခက်ခဲသည့်ကာလတွင် အသက်ရှင်နေထိုင်ရကြောင်း သူတို့ အသိအမှတ်ပြုကြသော်လည်း သူတို့ကိုယ်တိုင် အထိမနာသရွေ့ အခြားသူများ၏အကျိုးကို ဂရုမစိုက်၊ ဝိညာဉ်ရေးရာများကို စိတ်မဝင်စားကြချေ။
ဣသရေလ —ပျက်စီးယိုယွင်းနေသောနိုင်ငံ
၇။ ဣသရေလလူမျိုးသည် ဘုရားသခင်၏သတိပေးချက်များကို အရေးမစိုက်ကြလျှင် မည်သို့ဖြစ်မည်နည်း။
၇ အပြင်ပန်းအားဖြင့် ကောင်းစားနေပုံပေါက်သော်လည်း တစ်နိုင်ငံလုံး ပျက်စီးယိုယွင်းနေသည့်အခြေအနေကို အာမုတ်ကျမ်းက ဖော်ပြသည်။ လူတို့သည် ဘုရားသခင်၏သတိပေးချက်များကို အရေးမစိုက်သည့်အပြင် သူတို့၏အမြင်ကိုလည်း မပြုပြင်မပြောင်းလဲကြသောကြောင့် ယေဟောဝါသည် သူတို့ကို ရန်သူများလက်သို့ အပ်လိမ့်မည်ဖြစ်သည်။ အာရှုရိလူမျိုးသည် သူတို့၏ဇိမ်ခံဆင်စွယ်ခုတင်များပေါ်မှ သူတို့ကို ဆွဲချပြီး ကျွန်သပေါက်များအဖြစ် ခေါ်ဆောင်သွားကြလိမ့်မည်။ သူတို့ ဇိမ်ခံနိုင်တော့မည်မဟုတ်!
၈။ ဣသရေလနိုင်ငံတွင် ဝိညာဉ်ရေးအခြေအနေ မည်သို့ဆိုးရွားလာသနည်း။
၈ ဣသရေလလူတို့သည် ထိုအခြေအနေမျိုးသို့ မည်သို့ရောက်ရှိခဲ့ကြသနည်း။ ဘုရင်ရှောလမုန်၏သား ရောဗောင် ထီးနန်းဆက်ခံပြီး ယုဒနှင့်ဗင်ယာမိန်အမျိုးအနွယ်မှ ဣသရေလဆယ်နွယ် ခွဲထွက်သွားသည့် ဘီ.စီ.အီး. ၉၉၇ ခုနှစ်ကတည်းက ထိုသို့ဖြစ်လာလေသည်။ ဣသရေလဆယ်နွယ်နိုင်ငံ၏ ပထမဦးဆုံးရှင်ဘုရင်မှာ “နေဗတ်၏သား” ပထမမြောက်ယေရောဗောင်ဖြစ်၏။ (၃ ဓမ္မရာဇဝင် ၁၁:၂၆) ယေဟောဝါအား ဝတ်ပြုကိုးကွယ်ရန် ယေရုရှလင်မြို့သို့ ခရီးသွားရခြင်းသည် ပင်ပန်းလွန်းသည်ဟု ယေရောဗောင်က သူ၏နိုင်ငံသားများကို ယူမှတ်စေခဲ့သည်။ သို့သော် သူသည် လူတို့၏အကျိုးကို အမှန်တကယ် စိတ်ဝင်စားခြင်းမရှိချေ။ ယင်းအစား၊ သူ့အကျိုးအတွက် ကြိုးစားကာကွယ်နေခြင်းဖြစ်သည်။ (၃ ဓမ္မရာဇဝင် ၁၂:၂၆) ဣသရေလလူတို့သည် ယေရုရှလင်မြို့ရှိ ဝတ်ပြုရာအိမ်တော်တွင် နှစ်စဉ်ကျင်းပသော ပွဲတော်များကိုတက်ပြီး ယေဟောဝါအား ဝတ်ပြုကိုးကွယ်နေလျှင် နောက်ဆုံး၌ ယုဒနိုင်ငံအပေါ် တည်ကြည်သွားမည်ကို ယေရောဗောင် စိုးရိမ်လာ၏။ ထိုသို့မဖြစ်စေရန် ယေရောဗောင်သည် ရွှေနွားရုပ်နှစ်ခု ပြုလုပ်ပြီး ဒန်မြို့တွင် တစ်ခုနှင့် ဗေသလမြို့တွင် တစ်ခုထား၏။ သို့နှင့် နွားရုပ်ကိုးကွယ်မှုသည် ဣသရေလနိုင်ငံ၏ ဘာသာရေးဖြစ်လာလေသည်!—၂ ရာဇဝင်ချုပ် ၁၁:၁၃-၁၅။
၉၊ ၁၀။ (က) ပထမမြောက်ဘုရင် ယေရောဗောင်သည် အဘယ်ဘာသာရေးပွဲများကို စီစဉ်ကျင်းပခဲ့သနည်း။ (ခ) ဒုတိယမြောက်ဘုရင် ယေရောဗောင်လက်ထက်၌ ဣသရေလနိုင်ငံတွင် ကျင်းပခဲ့သော ပွဲတော်များကို ဘုရားသခင် မည်သို့ရှုမြင်ခဲ့သနည်း။
၉ ယေရောဗောင်သည် ထိုဘာသာတရားအသစ်ကို ကြိုးစား၍ ရိုသေလေးစားဟန်ပြခဲ့သည်။ ယေရုရှလင်မြို့တွင် ကျင်းပလေ့ရှိသည့် ပွဲတော်များနှင့် အတော်အတန်ဆင်တူသောပွဲများကို သူစီစဉ်ပေးသည်။ ၃ ဓမ္မရာဇဝင် ၁၂:၃၂ တွင်ကျွန်ုပ်တို့ ဤသို့ဖတ်ရ၏– ယေရောဗောင်သည် “ယုဒပြည်၌ခံသောပွဲကဲ့သို့ အဋ္ဌမလတစ်ဆယ့်ငါးရက်နေ့တွင် ပွဲကိုစီရင်၍ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်၏။ ထိုသို့ဗေသလမြို့၌စီရင်၍ မိမိလုပ်သောနွားသငယ်တို့အား ယဇ်ပူဇော်၏။”
၁၀ အဆိုပါမှားယွင်းသောဘာသာရေးပွဲများကို ယေဟောဝါ တစ်ခါမျှ လက်မခံခဲ့ချေ။ နောက်အနှစ်တစ်ရာကျော် ဘီ.စီ.အီး. ၈၄၄ ခုနှစ်ခန့်တွင် ဣသရေလဆယ်နွယ်နိုင်ငံ၏ ဘုရင်ဖြစ်လာသူ ဒုတိယမြောက် ယေရောဗောင်လက်ထက်၌ အာမုတ်မှတစ်ဆင့် ယင်းကို ကိုယ်တော် ရှင်းလင်းပြတ်သားစွာ ဖော်ပြခဲ့သည်။ (အာမုတ် ၁:၁) အာမုတ် ၅:၂၁-၂၄ အရ ဘုရားသခင် ဤသို့မိန့်ဆိုခဲ့သည်– ‘သင်တို့စောင့်သောပွဲနေ့တို့ကို ငါမုန်း၏။ စက်ဆုပ်ရွံရှာ၏။ ခြိုးခြံစွာ ကျင့်သောနေ့ရက်တို့၌ ငါမမွေ့လျော်။ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်ရာယဇ်တို့ကို ဆက်ကပ်သော်လည်း ငါလက်မခံ။ ဆူဝသောတိရစ္ဆာန်တို့ကို မိတ်သဟာယယဇ်ပူဇော်သော်လည်း ငါသည် ပမာဏမပြု။ သင်တို့သီချင်းဆိုသံကို ပယ်ရှားကြလော့။ တယောထိုးသံကို ငါနားငြီးလှ၏။ တရားသဖြင့် စီရင်ခြင်းကို ရေကဲ့သို့လည်းကောင်း၊ ဖြောင့်မတ်ခြင်းကို မပြတ်စီးသောမြစ်ရေကဲ့သို့လည်းကောင်း စီးစေကြလော့။’
မျက်မှောက်ခေတ် ဆင်တူချက်များ
၁၁၊ ၁၂။ ရှေးဣသရေလနိုင်ငံ၏ ကိုးကွယ်မှုနှင့် ခရစ်ယာန်ဘောင်တွင်တွေ့ရှိရသည့် ကိုးကွယ်မှု၌ အဘယ်ဆင်တူချက်များ တွေ့ရှိနိုင်သနည်း။
၁၁ ယေဟောဝါသည် ဣသရေလနိုင်ငံ၏ပွဲတော်များတွင် ပါဝင်သူများ၏နှလုံးကို စစ်ဆေးပြီး သူတို့၏ကိုးကွယ်မှုနှင့် ပူဇော်ရာယဇ်များကို လက်မခံခဲ့သည်မှာ ရှင်းပါသည်။ ထိုနည်းတူ ယနေ့လည်း ခရစ္စမတ်နှင့် အီစတာပွဲများအစရှိသော ခရစ်ယာန်ဘောင်၏ အယူမှားအထိမ်းအမှတ်ပွဲများကို ဘုရားသခင် လက်မခံချေ။ ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများအဖို့ တရားသောအမှုနှင့် မတရားသောအမှုသည် မပေါင်းဖက်နိုင်၊ အလင်းနှင့် အမှောင်သည် မရောယှက်နိုင်ပေ။—၂ ကောရိန္သု ၆:၁၄-၁၆။
၁၂ နွားရုပ်ကိုးကွယ်သော ဣသရေလလူတို့၏ ကိုးကွယ်မှုနှင့် ခရစ်ယာန်ဘောင်တွင် တွေ့ရှိရသည့် ကိုးကွယ်မှုတို့တွင် တခြားဆင်တူချက်များကို သတိပြုနိုင်သည်။ ခရစ်ယာန်အမည်ခံသူအချို့သည် သမ္မာကျမ်းစာ၏အမှန်တရားကို လက်ခံကြသော်လည်း ခရစ်ယာန်ဘောင်၏ကိုးကွယ်မှုသည် ဘုရားသခင်ကိုချစ်သည့် စစ်မှန်သောမေတ္တာအပေါ် မူမတည်ချေ။ ယေဟောဝါကို ထိုသို့သာချစ်မည်ဆိုလျှင် ကိုယ်တော်အား “. . . ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း” ကိုးကွယ်ကြလိမ့်မည်၊ အကြောင်းမှာ ကိုယ်တော်သည် ထိုသို့ဝတ်ပြုခြင်းကို နှစ်သက်တော်မူ၏။ (ယောဟန် ၄:၂၄) ထို့ပြင် ခရစ်ယာန်ဘောင်သည် “တရားသဖြင့် စီရင်ခြင်းကို ရေကဲ့သို့လည်းကောင်း၊ ဖြောင့်မတ်ခြင်းကို မပြတ်စီးသောမြစ်ရေကဲ့သို့လည်းကောင်း စီးစေ” ခြင်းမရှိကြချေ။ ယင်းအစား၊ ကိုယ်ကျင့်တရားဆိုင်ရာ ဘုရားသခင်၏တောင်းဆိုချက်များကို အမြဲပင် ပေါ့ပေါ့တန်တန် သဘောထားသည်။ မတရားမေထုန်နှင့် တခြားကြီးလေးသောအပြစ်များကို အရေးမယူရုံမက လိင်တူချင်းပေါင်းဖက်ခြင်းကိုပင် လက်ခံအတည်ပြု ကောင်းချီးပေး၏။
‘ကောင်းမှုကို ချစ်ကြလော့’
၁၃။ အာမုတ် ၅:၁၅ ပါစကားများကို အဘယ်ကြောင့် ကျင့်သုံးဖို့လိုသနည်း။
၁၃ ယေဟောဝါလက်ခံနိုင်သည့်နည်းဖြင့် ကိုးကွယ်လိုသူအားလုံးအား ကိုယ်တော်က ‘မကောင်းမှုကို မုန်း၍ ကောင်းမှုကို ချစ်ကြလော့’ ဟုမိန့်ဆို၏။ (အာမုတ် ၅:၁၅) ချစ်ခြင်းနှင့် မုန်းခြင်းတို့သည် ပုံဆောင်နှလုံးမှဖြစ်ပေါ်လာသော ပြင်းပြသည့်စိတ်လှုပ်ရှားမှုများဖြစ်၏။ စိတ်နှလုံးသည် စဉ်းလဲတတ်သောကြောင့် ယင်းကို အတတ်နိုင်ဆုံး ကာကွယ်ရမည်။ (သု. ၄:၂၃; ယေရမိ ၁၇:၉) ကျွန်ုပ်တို့သည် မှားယွင်းသောစိတ်ဆန္ဒများကို မွေးမြူမည်ဆိုလျှင် မကောင်းမှုကို ချစ်ပြီး ကောင်းမှုကို မုန်းမိနိုင်သည်။ ထိုလိုအင်ဆန္ဒအတိုင်း အပြစ်ကျူးလွန်နေပါက အကြီးအကျယ်စိတ်ထက်သန်စွာအမှုဆောင်နေပါစေ ဘုရားသခင်၏မျက်နှာသာတော်ကို ရရှိမည်မဟုတ်ပေ။ ထို့ကြောင့် ‘မကောင်းမှုကိုမုန်း၍ ကောင်းမှုကိုချစ်’ တတ်ရန် ဘုရားသခင်၏အကူအညီရရှိဖို့ ဆုတောင်းကြစို့။
၁၄၊ ၁၅။ (က) ဣသရေလနိုင်ငံတွင် ကောင်းမှုပြုသူများကား အဘယ်သူများနည်း၊ သို့သော် သူတို့ထဲမှအချို့ မည်သို့ဆက်ဆံခံနေကြရသနည်း။ (ခ) ယနေ့ အချိန်ပြည့်လုပ်ငန်းတော်တွင် ပါဝင်နေကြသူများကို မည်သို့အားပေးနိုင်သနည်း။
၁၄ ယေဟောဝါ၏ရှေ့မှောက်တော်တွင် ဣသရေလလူတိုင်း မကောင်းမှုပြုနေကြခြင်းမဟုတ်ချေ။ ဥပမာ၊ ဟောရှေနှင့် အာမုတ်တို့သည် ‘ကောင်းမှုကိုချစ်’ ပြီး ပရောဖက်များအနေနှင့် ဘုရားသခင်၏အမှုတော်ကို သစ္စာရှိစွာ ထမ်းဆောင်ခဲ့ကြသည်။ အခြားသူများမူ နာဇရိများအဖြစ် သစ္စာကတိပြုခဲ့ကြ၏။ သူတို့သည် နာဇရိများဖြစ်နေစဉ်တစ်လျှောက်လုံး စပျစ်ပင်ထွက် အစားအသောက်များ အထူးသဖြင့် စပျစ်ရည်ကို ရှောင်ကြဉ်ကြသည်။ (တောလည်ရာ ၆:၁-၄) ဤသို့သော ကောင်းမှုပြုသူများ၏ ကိုယ်ကျိုးစွန့်လမ်းစဉ်ကို တခြားဣသရေလလူတို့ မည်သို့ရှုမြင်ကြသနည်း။ ဤမေးခွန်း၏ တုန်လှုပ်ဖွယ်အဖြေသည် ထိုလူမျိုး၏ဝိညာဉ်ရေးအခြေအနေ မည်မျှကျဆင်းနေကြောင်း ဖော်ပြသည်။ အာမုတ် ၂:၁၂ ကဤသို့ဆိုသည်– “သင်တို့မူကား နာဇရိလူသောက်ဖို့ စပျစ်ရည်ကိုပေးကြပြီ။ ပရောဖက်တို့ကိုလည်း ပရောဖက်ပြု၍ မဟောကြနှင့်ဟု မြစ်တားကြပြီ။”
၁၅ နာဇရိနှင့် ပရောဖက်တို့၏ သစ္စာရှိစံနမူနာများကို မြင်တွေ့သော အဆိုပါဣသရေလလူတို့သည် အရှက်တရားရပြီး သူတို့၏လမ်းစဉ်ကို ပြောင်းလဲသင့်သည်။ ယင်းအစား၊ သူတို့သည် ဘုရားသခင်၏ဘုန်းတော် ထင်ရှားစေသော သစ္စာရှိသူများ စိတ်ပျက်အားလျော့သွားစေရန် မေတ္တာတရားကင်းမဲ့စွာ ကြိုးစားခဲ့ကြသည်။ ရှေ့ဆောင်များ၊ ခရစ်ယာန်သာသနာပြုများ၊ နယ်လှည့်ကြီးကြပ်မှူးများ၊ ဗေသလအိမ်သားများအား သူတို့၏အချိန်ပြည့်လုပ်ငန်းတော်ကို ရပ်နားပြီး ပုံမှန်ဘဝသို့ရောက်ရှိစေရန် ဘယ်သောအခါမျှ မတိုက်တွန်းမိပါစေနှင့်။ ယင်းအစား၊ သူတို့၏ကောင်းမှုကို ဆက်လုပ်ဆောင်သွားနိုင်ကြရန် တိုက်တွန်းအားပေးကြစို့!
၁၆။ ဣသရေလလူတို့သည် အာမုတ်အချိန်ကထက် မောရှေအချိန်တွင် အဘယ်ကြောင့် သာ၍ကောင်းစားခဲ့သနည်း။
၁၆ အာမုတ်ခေတ်က ဣသရေလလူများစွာသည် စည်းစိမ်ခံနေကြသော်လည်း “ဘုရားသခင်ရှေ့တော်၌ ဆင်းရဲသောသူ” များဖြစ်ကြသည်။ (လုကာ ၁၂:၁၃-၂၁) သူတို့၏ဘိုးဘေးများသည် တောကန္တာရတွင် အနှစ် ၄၀ တိုင် မန္နမုန့်ကိုသာ စားသုံးခဲ့ကြရ၏။ သူတို့သည် ဆူအောင်ကျွေးထားသော နွားများကို မစားခဲ့ကြရချေ၊ ဆင်စွယ်ခုတင်များပေါ်မှာ ပျင်းရိစွာ မအိပ်ခဲ့ရချေ။ သို့သော် မောရှေက သူတို့ကို ဤသို့လျောက်ပတ်စွာ ပြောဆိုခဲ့သည်– ‘သင်တို့ပြုလေရာရာ၌ သင်တို့၏ဘုရားသခင် ယေဟောဝါသည် ကောင်းချီးပေးတော်မူပြီ။ အနှစ်လေးဆယ်ပတ်လုံး သင်တို့၏ဘုရားသခင် ယေဟောဝါသည် သင်တို့နှင့်အတူ ရှိတော်မူသည်ဖြစ်၍ သင်တို့၌ ဘာမျှမလို။’ (တရားဟောရာ ၂:၇) ဣသရေလလူတို့သည် တောကန္တာရတွင် ရှိစဉ်အခါ သူတို့အမှန်တကယ်လိုအပ်ရာများ အမြဲရရှိခဲ့ကြသည်။ ထို့ထက်ကား၊ ဘုရားသခင်၏မေတ္တာ၊ ကာကွယ်စောင့်ရှောက်မှုနှင့် ကောင်းချီးများကို သူတို့ခံစားခဲ့ကြရသည်!
၁၇။ ယေဟောဝါသည် အစောပိုင်းဣသရေလလူတို့ကို ကတိထားရာပြည်သို့ အဘယ်ကြောင့် ပို့ဆောင်ပေးခဲ့သနည်း။
၁၇ ယေဟောဝါသည် အာမုတ်၏တစ်ခေတ်တည်းသားများ၏ ဘိုးဘေးများကို ကတိထားရာပြည်သို့ ခေါ်ဆောင်သွားပြီး သူတို့၏ရန်သူများကို အနိုင်ရရှိရန် ကူညီပေးခဲ့ကြောင်း သူတို့ကို အမှတ်ရစေခဲ့သည်။ (အာမုတ် ၂:၉၊ ၁၀) သို့သော် ဘုရားသခင်သည် အစောပိုင်းဣသရေလလူတို့ကို အီဂျစ်ပြည်မှ ခေါ်ထုတ်ပြီး ကတိထားရာပြည်သို့ အဘယ်ကြောင့် ပို့ဆောင်ပေးခဲ့သနည်း။ ဇိမ်ကျကျနေထိုင်ကြပြီး သူတို့၏ဖန်ဆင်းရှင်ကို ငြင်းပယ်ဖို့လော။ မဟုတ်ပါ! လွတ်လပ်ပြီး ဝိညာဉ်ရေးအရ သန့်ရှင်းသောလူမျိုးအနေနှင့် ကိုယ်တော့်အား ဝတ်ပြုကိုးကွယ်နိုင်ရန်ဖြစ်သည်။ သို့သော် ဣသရေလဆယ်နွယ်နိုင်ငံသားများသည် မကောင်းမှုကို မမုန်း၊ ကောင်းမှုကို မချစ်ခဲ့ကြချေ။ ၎င်းအစား၊ ယေဟောဝါဘုရားသခင်ကိုမဟုတ်ဘဲ ထွင်းထုထားသော ရုပ်ပုံများကို ဂုဏ်တင်ခဲ့ကြ၏။ တကယ်ကို ရှက်စရာကောင်းလိုက်လေစွ!
ယေဟောဝါ စစ်ကြော
၁၈။ ယေဟောဝါသည် ကျွန်ုပ်တို့ကို အဘယ်ကြောင့် ဝိညာဉ်ရေးလွတ်လပ်မှုပေးခဲ့သနည်း။
၁၈ ဣသရေလလူတို့၏ ရှက်ဖွယ်လုပ်ရပ်ကို ဘုရားသခင် ဥပေက္ခာမပြုခဲ့ချေ။ “သင်တို့အပြစ်ရှိသမျှတို့ကို ငါစစ်ကြောမည်” ဟုမိန့်တော်မူစဉ် ကိုယ်တော်၏ရှုမြင်ချက်ကို ရှင်းလင်းစွာဖော်ပြ၏။ (အာမုတ် ၃:၂) အဆိုပါစကားများက မျက်မှောက်ခေတ်အီဂျစ်ပြည်ဖြစ်သော ဤဆိုးညစ်သောအစီအစဉ်စနစ်၏ ကျွန်သပေါက်အဖြစ်မှ ကျွန်ုပ်တို့ကိုယ်တိုင် လွတ်မြောက်လာခြင်းကို စဉ်းစားသုံးသပ်စေသင့်သည်။ ယေဟောဝါသည် ကျွန်ုပ်တို့ကို ကိုယ်ကျိုးရှာပန်းတိုင်များ လိုက်မီနိုင်ရန် ဝိညာဉ်ရေးလွတ်လပ်မှုပေးခဲ့ခြင်းမဟုတ်ချေ။ ၎င်းအစား၊ စစ်မှန်သောဝတ်ပြုကိုးကွယ်မှုတွင် ပါဝင်သည့် လွတ်လပ်သောလူမျိုးအနေနှင့် ကိုယ်တော့်ကို စိတ်နှလုံးအကြွင်းမဲ့ ဂုဏ်တင်ချီးမွမ်းနိုင်ရန် လွတ်လပ်မှုပေးခြင်းဖြစ်၏။ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်ပေးသောလွတ်လပ်မှုကို အသုံးပြုပုံအတိုင်း စစ်ကြောစီရင်ခြင်းခံရကြလိမ့်မည်။—ရောမ ၁၄:၁၂။
၁၉။ အာမုတ် ၄:၄၊ ၅ အရ ဣသရေလအများစုသည် အဘယ်အရာကို ချစ်မြတ်နိုးလာကြသနည်း။
၁၉ ဝမ်းနည်းစရာမှာ ဣသရေလနိုင်ငံသားအများစုသည် အာမုတ်၏ပြင်းထန်သောသတင်းစကားကို လျစ်လျူရှုခဲ့ကြသည်။ ပရောဖက်သည် အာမုတ် ၄:၄၊ ၅ တွင်မှတ်တမ်းတင်ထားသည့် ဤစကားများဖြင့် ဝိညာဉ်ရေးအရ နှလုံးရောဂါဖြစ်နေသည့် သူတို့၏အခြေအနေကို ဖော်ထုတ်ပြခဲ့သည်– “ဗေသလမြို့သို့သွား၍ ပြစ်မှားကြလော့။ ဂိလဂါလမြို့သို့လည်းသွား၍ များစွာသောပြစ်မှားခြင်းကိုပြုကြလော့။ . . . အိုဣသရေလအမျိုးသားတို့ ထိုသို့ပြုရာတွင် သင်တို့သည် မွေ့လျော်တတ်ကြသည်။” ဣသရေလလူတို့သည် လျောက်ပတ်သောလိုအင်ဆန္ဒများကို မမွေးမြူခဲ့ကြချေ။ သူတို့၏နှလုံးကို မကာကွယ်ခဲ့ကြချေ။ သို့နှင့် သူတို့အများစုသည် မကောင်းမှုကို ချစ်ပြီး ကောင်းမှုကို မုန်းလာကြလေသည်။ အဆိုပါခေါင်းမာသော နွားရုပ်ကိုးကွယ်သူများ မပြောင်းလဲခဲ့ကြချေ။ ယေဟောဝါသည် သူတို့ကို စစ်ကြောစီရင်မည်ဖြစ်ရာ သူတို့အပြစ်များအတွက် သေကြရမည်!
၂၀။ အာမုတ် ၅:၄ နှင့်အညီ မည်သို့လိုက်လျှောက်နိုင်သနည်း။
၂၀ ထိုအချိန်က ဣသရေလနိုင်ငံတွင် အသက်ရှင်နေထိုင်ခဲ့သော မည်သူမဆို ယေဟောဝါအပေါ် ဆက်တည်ကြည်ရန် လွယ်ကူမည်မဟုတ်ပေ။ ပုံဆောင်သဘောအရ၊ ယနေ့ ခေတ်ရေစီးကြောင်းကို ဆန်တက်ရန် မလွယ်ကူကြောင်း ခရစ်ယာန်လူကြီးလူငယ်မရွေး ကောင်းစွာသိထားကြသည်။ သို့တိုင် ဣသရေလလူအချို့သည် ဘုရားသခင်ကို ချစ်သည့်မေတ္တာနှင့် ကိုယ်တော်၏စိတ်တော်နှင့်တွေ့လိုသည့်ဆန္ဒတို့ကြောင့် စစ်မှန်သောဝတ်ပြုရေးတွင် ပါဝင်ခဲ့ကြသည်။ အာမုတ် ၅:၄ တွင်မှတ်တမ်းတင်ထားသည့်အတိုင်း ယေဟောဝါက “ငါ့ကိုရှာကြလော့။ ရှာလျှင် အသက်ချမ်းသာရကြလိမ့်မည်” ဟုသူတို့ကို လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်ခဲ့သည်။ ယနေ့လည်း နောင်တယူကာ တိကျမှန်ကန်သော ကျမ်းစာအသိပညာကို ဆည်းပူးပြီးနောက် ကိုယ်တော်၏အလိုတော်အတိုင်း လုပ်ဆောင်၍ ကိုယ်တော့်ကို ရှာဖွေသူများအား ဘုရားသခင် ကရုဏာပြတော်မူသည်။ ထိုလမ်းစဉ်အတိုင်း လိုက်လျှောက်ရန် မလွယ်ကူသော်လည်း ထိုသို့လိုက်လျှောက်ခြင်းဖြင့် ထာဝရအသက်ကို ရရှိစေနိုင်သည်။—ယောဟန် ၁၇:၃။
ချမ်းသာသော်လည်း ဝိညာဉ်ရေးငတ်မွတ်
၂၁။ စစ်မှန်သောဝတ်ပြုရေးတွင် မပါဝင်သူများသည် အဘယ်အငတ်ဘေးကို ကြုံတွေ့ရသနည်း။
၂၁ စစ်မှန်သောဝတ်ပြုရေးကို မထောက်ခံသူများ အဘယ်အခြေအနေမျိုးနှင့် တွေ့ကြုံရသနည်း။ အဆိုးရွားဆုံးအငတ်ဘေးဖြစ်သည့် ဝိညာဉ်ရေးငတ်ပြတ်မှုပင်ဖြစ်သည်! အကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ယေဟောဝါက ဤသို့မိန့်ဆိုခဲ့သည်– ‘မွတ်သိပ်ခြင်းဘေးကို တစ်ပြည်လုံး၌ ငါဖြစ်စေသောကာလရောက်လိမ့်မည်။ အစာခေါင်းပါး၍ မွတ်သိပ်ခြင်းဘေးမဟုတ်၊ ရေငတ်ခြင်းဘေးလည်းမဟုတ်၊ ယေဟောဝါ၏အမိန့်တော်ကို မကြားရသော မွတ်သိပ်ခြင်းဘေးဖြစ်လိမ့်မည်။’ (အာမုတ် ၈:၁၁) ခရစ်ယာန်ဘောင်တွင် ထိုသို့သောဝိညာဉ်ရေးအငတ်ဘေး ဆိုက်လျက်ရှိ၏။ သို့သော် စိတ်နှလုံးရိုးဖြောင့်သော ခရစ်ယာန်ဘောင်အဖွဲ့သားများသည် ဘုရားသခင့်လူမျိုးတော်၏ ဝိညာဉ်ရေး ချမ်းသာကြွယ်ဝမှုကို တွေ့ မြင်ကြပြီး ယေဟောဝါ၏အဖွဲ့အစည်းသို့ စုဝေးရောက်ရှိလာကြသည်။ ခရစ်ယာန်ဘောင်နှင့် စစ်မှန်သောခရစ်ယာန်များကြားရှိ ခြားနားသောအခြေအနေကို ယေဟောဝါ၏ ဤစကားတော်က လျောက်ပတ်စွာ ဖော်ပြသည်– “ငါ၏ကျွန်တို့သည် စားကြလိမ့်မည်။ သင်တို့မူကား မွတ်သိပ်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် သောက်ကြလိမ့်မည်။ သင်တို့မူကား ရေငတ်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့မူကား ရှက်ကြောက်ကြလိမ့်မည်။”—ဟေရှာယ ၆၅:၁၃။
၂၂။ ကျွန်ုပ်တို့၌ အဘယ်ကြောင့် ဝမ်းမြောက်စရာ အကြောင်းကောင်းရှိသနည်း။
၂၂ ယေဟောဝါ၏ကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့ရရှိထားသည့် ဝိညာဉ်ရေးပြင်ဆင်ပေးချက်များနှင့် ကောင်းချီးများကို တန်ဖိုးထားလေးမြတ်ကြပါသလော။ သမ္မာကျမ်းစာနှင့် ခရစ်ယာန်စာပေများကို လေ့လာပြီး အစည်းအဝေးများ၊ စည်းဝေးပွဲများနှင့် စည်းဝေးကြီးများကို တက်ရောက်ကြသည့်အခါ ကျွန်ုပ်တို့၏နှလုံးအခြေအနေ ကောင်းမွန်မှုကြောင့် ရွှင်လန်းစွာ ဟစ်ကြွေးလိုကြမည်မှာ အမှန်ပင်။ ဘုရားသခင့်မှုတ်သွင်းခံ အာမုတ်ပရောဖက်ပြုကျမ်းနှင့် သမ္မာကျမ်းစာကို ကျွန်ုပ်တို့ ရှင်းလင်းစွာ နားလည်သဘောပေါက်ထားသည့်အတွက် ဝမ်းမြောက်ကြပေမည်။
၂၃။ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေသူများသည် အဘယ်အရာကို ပျော်မွေ့နိုင်ကြသနည်း။
၂၃ အာမုတ်၏ပရောဖက်ပြုချက်တွင် ဘုရားသခင်ကို ချစ်မြတ်နိုးပြီး ဘုန်းတော်ထင်ရှားလိုသူအားလုံးအတွက် မျှော်လင့်ခြင်းသတင်းတရားပါရှိသည်။ ကျွန်ုပ်တို့၏ လက်ရှိစီးပွားရေးအခြေအနေ မည်သို့ပင်ရှိပါစေ၊ ဆင်းရဲခက်ခဲသည့် ဤလောကတွင် အဘယ်စမ်းသပ်မှုမျိုးကိုမဆို ရင်ဆိုင်ရပါစေ ဘုရားသခင်ကိုချစ်ကြသော ကျွန်ုပ်တို့သည် ဘုရားသခင်၏ကောင်းချီးများနှင့် အကောင်းဆုံးဝိညာဉ်အစာကို ပျော်မွေ့လျက်ရှိကြ၏။ (သု. ၁၀:၂၂; မဿဲ ၂၄:၄၅-၄၇) သို့ဖြစ်၍ ကျွန်ုပ်တို့ကို ကြွယ်ဝစွာပေးသနားတော်မူသော ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေသင့်သည်။ ထို့ကြောင့် ကိုယ်တော့်ကို ထာဝစဉ် အားပါးတရချီးမွမ်းရန် သန္နိဋ္ဌာန်ချကြပါစို့။ နှလုံးကိုစစ်ဆေးတော်မူသောအရှင် ယေဟောဝါအား ကျွန်ုပ်တို့ ရှာဖွေမည်ဆိုလျှင် ယင်းသည် ကျွန်ုပ်တို့၏ရွှင်လန်းဖွယ် အခွင့်အရာဖြစ်ပါလိမ့်မည်။
သင်မည်သို့ဖြေဆိုမည်နည်း
• အာမုတ်ခေတ်တွင် ဣသရေလနိုင်ငံ၌ အဘယ်အခြေအနေ ရှိခဲ့သနည်း။
• ဣသရေလဆယ်နွယ်နိုင်ငံ၏အခြေအနေသည် မျက်မှောက်ခေတ်နှင့် မည်သို့ဆင်တူသနည်း။
• ယခု ကြိုဟောထားသော အဘယ်အငတ်ဘေးဆိုက်နေ သနည်း၊ သို့သော် အဘယ်သူတို့သည် ယင်း၏ဆိုးကျိုးကို မခံစားရကြသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ဣသရေလလူများစွာသည် ဇိမ်ကျကျနေထိုင်ခဲ့ကြသော်လည်း ဝိညာဉ်ရေးချမ်းသာကြွယ်ဝမှုမရှိခဲ့
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
အချိန်ပြည့်အမှုတော်ဆောင်သူများအား သူတို့၏ကောင်းအမှုကို ဆက်ပြုလုပ်ကြရန် အားပေးပါ
[စာမျက်နှာ ၂၄၊ ၂၅ ပါ ရုပ်ပုံ]
ယေဟောဝါ၏ပျော်ရွှင်သောလူမျိုးတော်အလယ်တွင် ဝိညာဉ်ရေးငတ်ပြတ်မှုမရှိ