မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ဖြောင့်မတ်သောသူတို့၏တဲမူကား ကြီးပွားလိမ့်မည်’

‘ဖြောင့်မတ်သောသူတို့၏တဲမူကား ကြီးပွားလိမ့်မည်’

‘ဖြောင့်မတ်​သော​သူတို့၏​တဲ​မူ​ကား ကြီးပွား​လိမ့်​မည်’

ဟာ​မဂေဒုန်​မုန်တိုင်း ရုတ်တရက်​ကျရောက်​ပြီး စာတန့်​စနစ်ဆိုး​ကို အဆုံးတိုင်​စေသော​အခါ “မတရားသော​သူ၏​အိမ်သည် ပြိုလဲ​လိမ့်​မည်။” “ဖြောင့်မတ်​သော​သူ [တို့] ၏​တဲ” ကော အသို့နည်း။ ဘုရားသခင်​၏​ကမ္ဘာသစ်​တွင် ‘ကြီးပွား​လိမ့်​မည်။’—သု. ၁၄:၁၁

သို့ရာတွင် ‘အဓမ္မ​လူ​တို့ကို ပြည်တော်​မှ ပယ်ရှား​ပြီး လွန်ကျူး​သော​သူတို့ကို နုတ်​ပစ်’ မည့်​အချိန်အထိ အပြစ်​မရှိသော​သူတို့သည် အဓမ္မ​လူ​တို့​နှင့်အတူ နေကြ​ရ​လိမ့်​မည်။ (သု. ၂:၂၁၊ ၂၂) ယင်း​အခြေအနေ​မျိုး​အောက်တွင် ဖြောင့်မတ်​သူများ ကြီးပွား​နိုင်​ကြ​ပါ​မည်​လော။ ကျွန်ုပ်​တို့သည် ဉာဏ်ပညာ​နှင့်​အညီ ပြောဆို​ပြုမူ​မည်​ဆိုလျှင် ယခု​ပင် အတိုင်းအတာ​တစ်ခု​အထိ ချမ်းသာ​ကြွယ်ဝ​ပြီး တည်ငြိမ်မှု​ရှိ​နိုင်​မည်​ဖြစ်​ကြောင်း နယပုံပြင် အခန်းကြီး ၁၄ အခန်းငယ် ၁ မှ ၁၁ တွင် ဖော်ပြ​ထား​သည်။

အိမ်ထောင်​ကို ဉာဏ်ပညာ​ဖြင့် တည်ဆောက်​သောအခါ

မိသားစု​၏​ကောင်းကျိုး​ချမ်းသာ​ကို ဇနီးသည် များစွာ​သြဇာ​ပြု​နိုင်​ကြောင်း ရှေး​ဣသရေလ​ရှင်ဘုရင် ရှောလမုန်က ဤသို့​ဆို​သည်– “ပညာ​ရှိသော​မိန်းမသည် မိမိ​အိမ်ကို တည်ဆောက်​တတ်၏။ မိုက်​သော​မိန်းမ​မူ​ကား ကိုယ်လက်​နှင့် ဖြိုဖျက်​တတ်၏။” (သု. ၁၄:၁) ဉာဏ်ပညာ​ရှိသူ အမျိုးသမီး​တစ်ဦး​သည် မိမိ၏​အိမ်ကို မည်သို့​တည်ဆောက်​နိုင်​ပါ​မည်​နည်း။ ပညာရှိ​အမျိုးသမီး​တစ်ဦး​သည် ဦးစီးမှု​ဆိုင်ရာ ဘုရားသခင့်​အစီအစဉ်ကို ရိုသေ​လေးမြတ်​တတ်၏။ (၁ ကောရိန္သု ၁၁:၃) စာတန့်​လောကတွင် စိမ့်ဝင်​ပျံ့နှံ့​နေသည့် လွတ်လပ်​လို​စိတ်၏ ဩဇာ​ကို သူ​မခံရ​ချေ။ (ဧဖက် ၂:၂) မိမိ၏​ခင်ပွန်း​ကို သူ​လက်အောက်ခံ​ပြီး အမွှမ်းတင်​ပြောဆို​လေ့​ရှိသောကြောင့် အခြားသူ​တို့​က ခင်ပွန်း​ကို ပို​၍​ရိုသေ​လေးစား​လေ​တော့​သည်။ ပညာရှိ​အမျိုးသမီး​တစ်ဦး​သည် မိမိ​သားသမီး​များ​၏ ဝိညာဉ်​ရေး​နှင့် လက်တွေ့ကျ​ပညာ သွန်သင်ပေး​ရေး​တို့​တွင် ကိုယ်တိုင်​ပါ​ဝင်လေ့​ရှိသည်။ မိမိ​အိမ်ထောင်​၏​အကျိုးကို ကြိုးစား​ဆောင်ရွက်​သည်​ဖြစ်​ရာ မိမိ၏​နေအိမ်​ကို မိသားစု​ပျော်မွေ့​ဖွယ်၊ သက်သောင့်သက်သာ​ရှိသည့်​နေရာ ဖြစ်စေ​သည်။ သူ၌ ဉာဏ်​အမြော်အမြင်​ရှိသောကြောင့် အသုံးအစွဲ​ကျစ်လျစ်​ပြီး ကောင်းစွာ စီမံ​အုပ်ချုပ်​လေ​သည်။ အမှန်တကယ်​ပညာ​ရှိသော အမျိုးသမီး​သည် မိသားစု​၏ ကြီးပွား​တိုးတက်မှု​နှင့် တည်ငြိမ်မှု​ကို ဖြစ်ပွား​စေ​သည်။

မိုက်​သော​အမျိုးသမီး​မူ​ကား ဦးစီးမှု​ဆိုင်ရာ ဘုရားသခင့် အစီအစဉ်ကို မလေးစား​ချေ။ မိမိ​လင်ယောက်ျား​အကြောင်း မကောင်း​ပြောဆို​ဖို့​လည်း ဝန်မလေး​ချေ။ မခြိုးခြံ​မချွေတာ​တတ်သော​ကြောင့် ခဲ​ခဲယဉ်း​ယ​ဉ်း​ရှာဖွေ​ထားသော အိမ်ထောင်​၏​အသုံးစရိတ်​ကို သုံးဖြုန်း​ပစ်​တတ်​သည်။ အချိန်​လည်း ဖြုန်း​၏။ ထို့​ကြောင့် သူ၏​အိမ်သည် ဖရိုဖရဲ​ဖြစ်​ကာ သားသမီး​များ​ခမျာ ကာယရေး​နှင့် ဝိညာဉ်​ရေး​ဘက် ထိခိုက်​ရ​ရှာ​သည်။ မိုက်မဲ​သော​သူသည် မိမိ၏​အိမ်ထောင်​ကို အမှန်ပင် ဖြိုဖျက်​တတ်၏။

လူတစ်ဦး​သည် ပညာရှိ​သူ​လော၊ မိုက်မဲ​သူ​လော​ဆို​သည်ကို မည်သို့​ခွဲခြား​သတ်မှတ်​နိုင်​မည်​နည်း။ နယပုံပြင် ၁၄:၂ က ဤသို့​ဆို​သည်– “ဖြောင့်သော​လမ်း​သို့ လိုက်​သော​သူသည် ထာဝရ​ဘုရား [ယေဟောဝါ] ကို ကြောက်ရွံ့​တတ်၏။ ကောက်​သော​လမ်း​သို့​လိုက်​သော​သူ​မူ​ကား မထီမဲ့မြင်​ပြု​တတ်၏။” ဖြောင့်မတ်​သော​သူသည် စစ်မှန်သော​ဘုရားသခင်​ကို ကြောက်ရွံ့​တတ်​သည်၊ ယေဟောဝါ ‘ဘုရားသခင်​ကို ကြောက်ရွံ့​သော​သဘော​သည် ဉာဏ်ပညာ​၏ အချုပ်အခြာ​ဖြစ်၏။’ (ဆာလံ ၁၁၁:၁၀) ‘စစ်မှန်သော ဘုရားသခင်​ကို ကြောက်ရွံ့​၍ ပညတ်တော်​တို့ကို စောင့်ရှောက်’ ရမည့်​တာဝန်​ရှိကြောင်း အမှန်တကယ်​ပညာရှိ​သူ သိရှိ​ထား​၏။ (ဒေ. ၁၂:၁၃) အခြား​တစ်ဖက်​တွင်​မူ မိုက်မဲ​သူသည် ဘုရားသခင်​၏ ဖြောင့်မတ်​သော​စံနှုန်း​များနှင့်​မညီ​သည့် လမ်းစဉ်​ကို လိုက်လျှောက်​တတ်​သည်။ သူ၏​လုပ်ပုံကိုင်ပုံ​များ​မှာ မရိုးသား​ချေ။ ထိုသို့​သော​သူသည် ဘုရားသခင်​ကို မထီမဲ့မြင်​ပြု​၍ ‘ယေဟောဝါ​မရှိ’ ဟု ပြောဆို​လျက်​နေ​၏။—ဆာလံ ၁၄:၁

နှုတ်ခမ်း​များ​ကို ဉာဏ်ပညာ လမ်းညွှန်​သောအခါ

ယေဟောဝါ​အား ကြောက်ရွံ့​ရိုသေ​သော​သူနှင့် ကိုယ်တော့်​ကို မထီမဲ့မြင်​ပြုသူ​တို့၏ အပြောအဆို​နှင့်​ပတ်သက်​၍ အဘယ်အရာ​ပြောဆို​နိုင်​သနည်း။ ‘မိုက်​သော​သူ၏​နှုတ်၌ မာန​ကြိမ်လုံး​ရှိ၏။ ပညာရှိ​သူတို့၏ နှုတ်ခမ်း​မူ​ကား ကိုယ်ကို​စောင့်ရှောက်​တတ်၏’ ဟု ရှင်ဘုရင်​က ဆို​၏။ (သု. ၁၄:၃သမ္မာ) အထက်​အရပ်မှ​လာသော ဉာဏ်ပညာ​မရှိသည့် မိုက်မဲ​သူသည် အသင့်အတင့်​မနေ​တတ်၊ အကျိုးသင့်အကြောင်းသင့်​လည်း မစဉ်း​စား​တတ်​ပေ။ သူ၏​ခြေလှမ်း​များ​ကို လမ်းညွှန်​ပေး​သည့် ဉာဏ်ပညာ​သည် မြေကြီး​ပညာ၊ ဇာတိ​ပကတိ​ပညာ၊ နတ်ဆိုး​ပညာ​ဖြစ်၏။ ရန်လို​သည့်​စကား၊ မောက်မာ​သည့်​စကား​များ​ကို​သာ သူ​ပြောဆို​တတ်​သည်။ သူ၏​နှုတ်​မှ​ထွက်​သည့် မာန​ထောင်လွှား​သော​စကား​များသည် မိမိ​ကိုယ်တိုင်​နှင့် အခြား​သူများကို စိတ်​ဆင်းရဲ​စေ​သည်။—ယာကုပ် ၃:၁၃-၁၈

ပညာရှိ​၏​နှုတ်ခမ်းသည် သူ့ကို ကာကွယ်​စောင့်ရှောက်​ပေး​ကာ ကျေနပ်​အားရ​စေ​သည်။ မည်သို့​အားဖြင့်​နည်း။ သမ္မာကျမ်းစာ​က ဤသို့​ဆို​၏– “သန်လျက်နှင့်​ထိုး​သကဲ့သို့ မစဉ်း​စား​ဘဲ ပြောဆို​တတ်သော​သူ​အချို့​ရှိ၏။ ပညာရှိ​တို့၏​လျှာ​မူ​ကား အနာ​ကို​ငြိမ်း​စေ​တတ်၏။” (သု. ၁၂:၁၈သမ္မာ) ပညာရှိ​၏​စကား​သည် မစဉ်း​စား​မဆင်ခြင်ဘဲ ပြောဆို​သော၊ ထိခိုက်​နာကြည်း​စေသော စကား​များ​မဟုတ်ပေ။ သူသည် မည်သို့​ပြန်​ပြော​ရမည်ကို စိတ်နှလုံး​ထဲမှာ ဆင်ခြင်​တတ်၏။ (သု. ၁၅:၂၈) ဂရုတစိုက် စဉ်းစား​ချင့်ချိန်​ပြောဆို​သည့် သူ၏​စကား​များသည် ကုစား​ပေး​တတ်​သည်၊ စိတ်ဓာတ်ကျ​နေသူတို့​ကို အားပေး​နှစ်သိမ့်​တတ်​၍ အ​နှိမ်​ခံရ​သူတို့ကို စိတ်​လန်းဆန်း​စေ​သည်။ သူတစ်ပါးကို ဒေါသ​ထွက်​စေ​မည့်​အစား သူ၏​အပြောအဆို​သည် အသင့်အတင့်​ရှိစေ​၍ ငြိမ်သက်​အေးဆေး​မှု​ကို တိုးပွား​စေ​သည်။

လူ့​ကြိုးပမ်းမှု​များ​ကို ဉာဏ်ပညာ လမ်းညွှန်​သည့်​အခါ

လုပ်ငန်း​တစ်ခု​ကို လက်ခံ​ဆောင်ရွက်ခြင်း​နှင့်​စပ်လျဉ်း၍ ၎င်း​၏​ကောင်းကျိုး၊ ဆိုးကျိုး​များ​ကို အကဲဖြတ် ချင့်ချိန်​ကြည့်​ဖို့​လို​ကြောင်း စိတ်ဝင်စားစရာ နယပုံပြင်​တစ်ခု​ကို ရှောလမုန် ဆက်​ဖော်ပြ​သည်။ သူ​ဤသို့​ဆို​၏– ‘နွား​ထီး [“ကျွဲ​နွား​တိရစ္ဆာန်၊” က​ဘ] မရှိသော တင်းကုပ် [“နွား​စား​ခွက်၊” က​ဘ] သည် စင်ကြယ်​၏။ သို့သော်လည်း နွား​ခွန်အား​ကြောင့် အသီးအနှံ​များ​တတ်၏။’—သု. ၁၄:၄

ဤ​နယပုံပြင်​၏ အဓိပ္ပာယ်​ကို ကိုးကားချက်​တစ်ခု​က ဤသို့​ဖော်ပြ​သည်– “ဗလာကျင်း​နေသည့် နွား​တင်းကုပ် [နွား​စား​ခွက်] က နွား​ရှ​ဉ်း [ကျွဲ​နွား​တိရစ္ဆာန်] မရှိကြောင်း​ကို ဖော်ညွှန်း​လေ​ရာ သန့်ရှင်းရေး​လုပ်ခြင်း၊ တိရစ္ဆာန်​များ​ကို ကြည့်ရှု​စောင့်ရှောက်​ရခြင်း​နှင့် အလုပ်​မ​ရှုပ်​နေရ​ခြင်း၊ အသုံးစရိတ်​လည်း​နည်း​ခြင်း​ကို ဖော်ပြ​သည်။ သို့သော် အခန်းငယ် ၄ခ အရ ဤ ‘အကျိုး’ သည် အချည်းနှီး​ဖြစ်သွား​၏၊ နွား​ရှ​ဉ်း​ကို အသုံးမပြု​သောကြောင့် ရိတ်သိမ်း​စ​ရာ​နည်း​မည်​ကို ဆိုလို​သည်။” လယ်သမား​တစ်ဦး​သည် ပညာရှိရှိ ရွေးချယ်​ဖို့​လို​သည်။

ကျွန်ုပ်​တို့သည် အလုပ်​ပြောင်း​မည်၊ နေထိုင်ရာ​အိမ်ကို ရွေးချယ်​မည်၊ ကား​ဝယ်​မည်၊ အိမ်မွေး​တိရစ္ဆာန်​တစ်ကောင် ဝယ်​မည် အစ​ရှိသည်​တို့ကို ပြုလုပ်​မည်​ဆိုလျှင် ဤ​နယပုံပြင်​၏​မူ​အတိုင်း ပြုလုပ်​ရန်လို​မည်​မဟုတ်ပေ​လော။ ပညာရှိ​သူသည် ကောင်းကျိုး၊ ဆိုးကျိုး​များ​ကို ချင့်ချိန်​ဝေဖန်​ပြီး​မှ အမှန်တကယ် ကြိုးစား​ထိုက်​မထိုက်၊ စရိတ်​စ​က​အကုန်ခံ​ထိုက်​မထိုက် အကဲဖြတ်​ပေမည်။

သက်သေ​တစ်ဦး ပညာရှိ​သောအခါ

“မှန်သော​သက်သေ​သည် မုသာ​မ​သုံး​တတ်။ မမှန်​သော​သက်သေ​မူ​ကား မုသာ​ကို​သုံး​တတ်၏” ဟု ရှောလမုန်က ဆက်​ပြော​သည်။ (သု. ၁၄:၅သမ္မာ) မမှန်​သော​သက်သေ​၏ လိမ်ညာမှု​များသည် များစွာ ထိခိုက်​နစ်နာ​စေ​တတ်​သည်။ အဓမ္မ​လူ​နှစ်ယောက်​၏ မမှန်​သော​သက်သေခံချက်​ကြောင့် ယေဇရေလ​မြို့သား နာဗုတ်​သည် ကျောက်ခဲ​နှင့်​ပစ်သတ်​ခံ​ခဲ့​ရ၏။ (၃ ဓမ္မ​ရာဇဝင် ၂၁:၇-၁၃) ယေရှုသည်​လည်း မမှန်​သော​သက်သေ​များ​ကြောင့် သေဆုံး​ခဲ့​ရသည် မဟုတ်ပေ​လော။ (မဿဲ ၂၆:၅၉-၆၁) မိမိ၏​ယုံကြည်ခြင်း​အတွက် ဦးဆုံး​အသတ်ခံ​လိုက်ရ​သည့် ယေရှု၏​တပည့် သတေဖန်​ကိုလည်း မမှန်​သော​သက်သေ​များ စွပ်စွဲ​ပြောဆို​ခဲ့​ကြ​၏။—တမန်​တော် ၆:၁၀၊ ၁၁

လိမ်လည်​သူ​တစ်ဦး​သည် လောလောဆယ် အဆင်ပြေ​နေ​မည်​ဖြစ်သော်လည်း သူ၏​အနာဂတ်​ကို စဉ်းစား​ကြည့်​ပါ။ ယေဟောဝါ​သည် “မုသာ​စကား​ကို​ပြော​၍ မမှန်​သော​သက်သေ” ခံ​သူကို မုန်းတော်မူ​ကြောင်း သမ္မာကျမ်းစာ​က​ဆို​သည်။ (သု. ၆:၁၆-၁၉) ထိုသို့​သော​သူသည် လူ့​အသက်ကို​သတ်​သော​သူ၊ မတရားမေထုန်​ပြုသောသူ၊ ရုပ်ပုံ​ကိုးကွယ်​သော​သူများ​နှင့်အတူ ဒုတိယ​သေခြင်း​ဖြစ်သော ကန့်​နှင့်​ရောနှော​သည့် မီး​အိုင်​ထဲ​တွင် ဝေပုံ​ကျ​ပါ​လိမ့်​မည်။—ဗျာ. ၂၁:၈

မှန်သော​သက်သေ​သည် တရားရုံး​တော်​တွင် ကျမ်း​သစ္စာ​ကျိန်ဆို​ရသည့်​အခါ မုသား​သက်သေ​မ​ထွက်ဆို​ပါ။ သူ၏​သက်သေ​ထွက်ဆိုချက်​တွင် လိမ်ညာမှု​များ မပါ​ချေ။ သို့သော် ယင်းကြောင့် သူသည် ယေဟောဝါ​၏​လူမျိုးတော်ကို တစ်နည်း​နည်းဖြင့် အန္တရာယ်​ပြု​လို​သူတို့အား သတင်း​အပြည့်အစုံ​ပေး​ရန် တာဝန်​ရှိသည်​ဟု မဆိုလို​ချေ။ ဘိုးဘေး အာဗြဟံ​နှင့် ဣဇာက်​တို့သည် ယေဟောဝါ​အား ဝတ်မပြု​သူတို့ကို အဖြစ်မှန်​အားလုံး မဖော်​ပြ​ခဲ့​ကြ​ချေ။ (ကမ္ဘာဦး ၁၂:၁၀-၁၉; ၂၀:၁-၁၈; ၂၆:၁-၁၀) ယေရိခေါမြို့​သူ ရာခပ်​သည် မင်းလုလင်​တို့ကို တလွဲ​လမ်းညွှန်​လိုက်​၏။ (ယောရှု ၂:၁-၇) ယေရှု​ခရစ်​ကိုယ်တော်တိုင်​လည်း မခြွင်းမချန်​ပြောဆိုခြင်း​ကြောင့် အန္တရာယ်​ကျရောက်​နိုင်​သဖြင့် အတိအလင်း​မပြော​ဘဲ နေခဲ့​ဖူး​သည်။ (ယောဟန် ၇:၁-၁၀) ကိုယ်တော်​က “သန့်ရှင်းသော​အရာ​ကို ခွေး​တို့အား မပေး​ကြ​နှင့်၊ သင်တို့၏ ပုလဲ​များ​ကိုလည်း ဝက်​တို့​ရှေ့မှာ မချ​မထား​ကြ​နှင့်” ဟု မိန့်တော်မူ​ခဲ့​၏။ အဘယ်ကြောင့်​နည်း။ သို့ပြုလျှင် “ထို​အရာများ​ကို ကျော်နင်း​၍ သင်တို့ကို လှည့်​လျက် ကိုက်​ပက်​ကြလိမ့်မည်” ဖြစ်သည်။—မဿဲ ၇:၆သမ္မာ။

‘အသိပညာ​သည် ရလွယ်​သည့်​အရာ​ဖြစ်’ ချိန်​ဝယ်

ဉာဏ်ပညာ​သည် လူ​ခပ်သိမ်း ပိုင်ဆိုင်ရာ​ဖြစ်သလော။ နယပုံပြင် ၁၄:၆ က ဤသို့​ဆို​သည်– ‘မထီမဲ့မြင်​ပြုသောသူ​သည် ဉာဏ်ပညာ​ကို ရှာ၍​မ​တွေ့ရ။ သိ​နားလည်​သော​သူ​အတွက်​မူ​ကား အသိပညာ​သည် ရလွယ်​သော​အရာ​ဖြစ်၏။’ မထီမဲ့မြင်​ပြုသူ​သည် ဉာဏ်ပညာ​ကို​ရှာ​သော်လည်း စစ်မှန်သော​ဉာဏ်ပညာ​ကို ရှာဖွေ​၍​မရပါ။ မထီမဲ့မြင်​ပြုသူ​သည် ဘုရားသခင်​နှင့်​ဆိုင်​သည့်​အရာများ​ကို မောက်မောက်မာမာ မထီလေးစား​ပြုသော​ကြောင့် ဉာဏ်ပညာ​ရှိဖို့ အခြေခံ​လိုအပ်ချက်​ဖြစ်သည့် စစ်မှန်သော​ဘုရားသခင်​၏ တိကျ​မှန်ကန်သော​အသိပညာကို မရနိုင်​ချေ။ သူ၏​မာန်​မာန​နှင့် မောက်မာ​မှု​တို့​က သူ့​အား ဘုရားသခင်​အကြောင်း​သင်​ယူ၍ ဉာဏ်ပညာ​မရ​စေနိုင်​ပါ။ (သု. ၁၁:၂) ထို့​ကြောင့် ဉာဏ်ပညာ​ကို သူ အဘယ်ကြောင့် ဒုက္ခ​ခံ ရှာဖွေ​နေ​ဦး​မည်​နည်း။ နယပုံပြင်​က မဖော်ပြသော်လည်း ဖြစ်​နိုင်​ခြေ​ရှိသည်​မှာ မိမိ​အား ပညာရှိ​ဟု အခြား​သူများကို ထင်မြင်​စေလို၍​ဖြစ်​မည်။

သိ​နားလည်​တတ်​သူသည် ‘အသိပညာကို အလွယ်တကူ​ရ၏။’ သိနားလည်မှုကို “စိတ်​နှင့် မိမိ​ရ​ရ သဘောပေါက်ခြင်း– သဘောပေါက်​နားလည်​နိုင်စွမ်း၊” “ထူးခြားသည့်​အရာများ​၏ ယေဘုယျ​သက်ဆိုင်မှု​များ​ကို သိမြင်​နားလည်​နိုင်စွမ်း” ဟူ၍ အဓိပ္ပာယ်​ဖွင့်ဆို​ကြသည်။ အကြောင်းအရာ​တစ်ခု​၏ ရှုထောင့်​အမျိုးမျိုးကို ဆက်စပ်​နိုင်​ပြီး တစ်စိတ်​တစ်ပိုင်း​ကို​သာ​မဟုတ်ဘဲ ကိစ္စရပ်​တစ်ခုလုံး​ကို သိမြင်နိုင်စွမ်း​ရှိ​ခြင်း​ဖြစ်သည်။ ဤ​အရည်အချင်း​ရှိသူ​အတွက် အသိပညာ​ရရှိရန် မ​ခဲယဉ်း​ပါ​ဟု ဤ​နယပုံပြင်​က ပြောဆို​နေခြင်း​ပင်​ဖြစ်၏။

ယင်း​နှင့်​စပ်လျဉ်း၍ အသင်​ကိုယ်တိုင် ကျမ်းစာ​အမှန်တရား​ဆိုင်ရာ အသိပညာ​ရရှိလာပုံ​ကို စဉ်းစား​သုံးသပ်ကြည့်​ပါ။ သင်သည် သမ္မာကျမ်းစာ​ကို စတင်​လေ့လာ​သည့်​အခါ ဘုရားသခင်​အကြောင်း၊ ကိုယ်တော်​၏​ကတိတော်​များ၊ ကိုယ်တော့်​သားတော်​အကြောင်း​ဖြစ်သော အခြေခံ​သွန်သင်ချက်​များ​ကို ဦးဆုံး​သင်ယူ​ခဲ့​ပေမည်။ ယင်း​တို့သည် သီးခြား​အကြောင်းအရာများ​အဖြစ် အတန်ကြာ​ရှိခဲ့​ပေမည်။ သို့သော် သင်​ဆက်၍​လေ့လာ​သည့်​အခါ အဆိုပါ​အပိုင်းအစ​များသည် ဆက်စပ်မှု​ရှိလာပြီး အချက်အလက်​အသီးသီး​သည် လူသား​တို့​နှင့် ကမ္ဘာ​မြေကြီး​အတွက် ယေဟောဝါ​၏ ရည်ရွယ်တော်မူချက်​နှင့် မည်သို့​ဆက်စပ်​ကြောင်း သင် ရှင်းရှင်းလင်းလင်း သိမြင်​လာ​သည်။ ထို​အခါ ကျမ်းစာ​အမှန်တရားသည် ဆင်ခြင်တုံ​တရား​နှင့်​ညီ​ပြီး အပြန်အလှန်​ဆက်စပ်မှု​ရှိလာ​သည်။ သည့်​နောက် အသေးစိတ်​အချက်အလက်​အသစ်များ​ကို သင်ယူပြီး မှတ်မိ​စေရန် ပို​လွယ်ကူ​လာပြီ၊ အကြောင်း​မှာ ရုပ်လုံးပေါ်​လာ​စေရန် ယင်း​တို့ကို မည်သို့​ဆက်စပ်​ပေး​ရ​ကြောင်း သင်​သဘောပေါက်​လာသော​ကြောင့်​ဖြစ်၏။

ထို​ပညာရှိ​ဘုရင်ကြီး​က မည်သို့သော​သူ​ထံ​၌ အသိပညာ​ရရှိ​မည်​မဟုတ်​ကြောင်း သတိပေး​၏။ “မိုက်​သော​သူ​ထံ​မှ ထွက်သွား​လော့။ သူ၏​နှုတ်ခမ်းသည် အသိပညာကို မ​မြွက်​မဆို​တတ်” ဟု သူ​ဆို​သည်။ (သု. ၁၄:၇သမ္မာ) မိုက်​သော​သူ၌ စစ်မှန်​သည့် အသိပညာ​မရှိ​ချေ။ အသိပညာ​မြွက်ဆို​တတ်​သည့် နှုတ်ခမ်း​ကို သူ​မပိုင်ဆိုင်​ပါ။ ထို့​ကြောင့် သူ့​ထံ​မှ ရှောင်​ထွက်သွား​ရန် အကြံပေး​ထား​သည်၊ သူနှင့်​ဝေးဝေး​နေခြင်း​က ပညာရှိရာ​ကျ​၏။ “လူ​မိုက်​တို့​နှင့်​ပေါင်းဖော်သော​သူ” မည်သူ​မဆို “ပျက်စီး​လိမ့်​မည်။”—သု. ၁၃:၂၀သမ္မာ။

‘ပညာသတိ​ရှိသောသူ​၏ ဉာဏ်ပညာ​ကား ကိုယ်​သွားရာလမ်းကို ပိုင်းခြား​သိမြင်ခြင်း​တည်း။ မိုက်​သော​သူ၏ မိုက်မဲခြင်း​မူ​ကား လှည့်စားခြင်း​တည်း’ ဟု ရှောလမုန်​ဆက်ဆို​၏။ (သု. ၁၄:၈) ပညာရှိ​သူသည် သူ၏​လုပ်ရပ်များ​ကို ဆင်ခြင်​တတ်၏။ သူ၏​အခွင့်အလမ်း​များ​ကို ဆင်ခြင်​သုံးသပ်​ပြီး ၎င်းတို့၏​ကောင်းကျိုး​ဆိုးကျိုး​ကို ချင့်ချိန်​နှိုင်း​ဆ​တတ်၏။ မိမိ၏​လမ်းစဉ်​ကို ပညာရှိရှိ ရွေးချယ်​တတ်၏။ မိုက်​သော​သူ​မူ​ကား အသို့နည်း။ မိုက်မဲ​သော​လမ်းစဉ်​ကို သူ​ရွေးချယ်​ကာ မိမိ​လုပ်ဆောင်​ရာ​ကို မိမိ​သိ​သည်၊ အကောင်းဆုံး​ကို ရွေးချယ်​ပြုမူ​နေသည်​ဟု ယူမှတ်​တတ်၏။ သူ၏​မိုက်မဲမှု​သည် သူ့ကို လှည့်စား​လေ​သည်။

ဆက်ဆံ​ရေး​များ​ကို ဉာဏ်ပညာ လမ်းညွှန်​ပေး​သည့်​အခါ

ဉာဏ်ပညာ​၏​လမ်းညွှန်မှုကို ခံယူ​သူသည် အခြားသူ​တို့​နှင့် ငြိမ်းချမ်း​စွာ​ဆက်ဆံ​တတ်၏။ ‘မိုက်​သော​သူတို့သည် အပြစ်ကို ပြက်ရယ်ပြု​ကြ​၏။ ဖြောင့်မတ်​သော​သူတို့မူကား တစ်ယောက်​နှင့်​တစ်ယောက် သဘောချင်း​တိုက်ဆိုင်​ကြ​၏’ ဟု ဣသရေလ​ရှင်ဘုရင်​က ဆို​သည်။ (သု. ၁၄:၉) လူ​မိုက်​တစ်ဦး​အဖို့ အပြစ်ရှိ​သည်​ဟူသော​ခံစားချက်​သည် ရ​ယ်​စ​ရာ​ပင်​ဖြစ်သည်။ သူသည် “မာန​ထောင်လွှား​လွန်း​သဖြင့် ကျေ​ရာ​ကျေ​ကြောင်း အဘယ်အရာကို​မျှ မပြု​လို၊” ပြန်၍​သင့်တင့်​အောင် မ​ရှာကြံ​သဖြင့် အိမ်​၌​လည်းကောင်း၊ အခြား​နေရာ၌​လည်းကောင်း ဆက်ဆံ​ရေး​ပျက်ပြား​စေ​ခဲ့​၏။ (အင်္ဂလိပ်​ကျမ်းစာ​သစ်) ဖြောင့်မတ်​သော​သူသည် အခြား​သူတို့၏ ချွတ်ယွင်းချက်​များ​ကို ထည့်သွင်း​စဉ်းစား​ပေး​လို​စိတ်​ရှိသည်။ သူသည် တောင်းပန်​ဖို့​အသင့်ရှိ​ပြီး မိမိ​မှား​နေပါက ကျေ​ရာ​ကျေ​ကြောင်း​ပြု​တတ်​သည်။ ငြိမ်သက်ခြင်း​ကို သူ​မီအောင်လိုက်​သောကြောင့် ပျော်ရွှင်​ပြီး အခြား​သူများ​နှင့် ဆက်ဆံ​ရေး​ကောင်း​၏။—ဟေဗြဲ ၁၂:၁၄

လူမှု​ဆက်ဆံ​ရေး​အပေါ် ကန့်သတ်​ထား​သည့်​အကြောင်း​တစ်ခု​ကို ရှောလမုန် ဆက်လက်​ဖော်ပြ​ခဲ့​သည်။ သူက ဤသို့​ဆို​၏– ‘စိတ်နှလုံး​သည် မိမိ​ခါးသီးမှု​ကို သိ​၏။ စိတ်နှလုံး​ရွှင်လန်းခြင်း​အကြောင်းကိုလည်း သူစိမ်း​ဝင်စွက်​ဖက်​မည်​မဟုတ်။’ (သု. ၁၄:၁၀) ကျွန်ုပ်​တို့၏ ဝမ်းနည်းစရာ၊ ရွှင်လန်းစရာ အတွင်းရေး​အကြောင်း​များ​ကို အခြားသူများ​အား အမြဲ​ဖော်ပြ​ပြောဆို​နိုင်​ပါသလော၊ ကျွန်ုပ်​တို့​တွေ့ ကြုံ​ခံစား​နေရ​ရာ​များ​ကို ခရေစေ့​တွင်း​ကျ ပြောပြ​နိုင်​ပါသလော။ သူ​တစ်​ထူး မည်သို့​ခံစား​နေရ​သည်ကို အမြဲတမ်း အပြည့်အဝ​သိ​နားလည်​နိုင်​ပါသလော။ ဤ​မေးခွန်း​နှစ်ခုစလုံး​၏ အဖြေ​မှာ မဟုတ်​ဟူ၍​ဖြစ်သည်။

ဥပမာ​အနေ​နှင့် သတ်​သေချင်စိတ်​ကို သုံးသပ်ကြည့်​ပါ။ သတ်​သေချင်စိတ်​ရှိသူ​တစ်ဦး​သည် အဆိုပါ​ခံစားချက်​ကို မိသားစု​မှ​တစ်ဦး​တစ်ယောက်၊ သို့​မဟုတ် မိတ်ဆွေ​တစ်ဦး​အား ဖော်ထုတ်​ပြောပြ​လို​စိတ်​မရှိ​ချေ။ အခြားသူများ​က​လည်း မိမိတို့၏ မိတ်သင်္ဂဟ​တွင် ထိုသို့​သော​ခံစားချက်​များ​၏ အရိပ်လက္ခဏာ​များ​ကို အမြဲ​သတိ​မပြုမိ​တတ်​ချေ။ အဆိုပါ​အရိပ်လက္ခဏာ​များ​ကို ကျွန်ုပ်​တို့​မသိ​မြင်​လိုက်​သည့်​အတွက်၊ အကူအညီ​မပေး​မိ​ခဲ့​သည့်​အတွက် မိမိမှာ​အပြစ်ရှိ​သည်​ဟု ယူမှတ်​စ​ရာ​မလိုပါ။ စာနာ​တတ်သော​မိတ်ဆွေ​တစ်ဦး​က စိတ်ပိုင်း​ဆိုင်ရာ ထောက်ပံ့​ကူညီ​မှု​ပေး​သည့်​အခါ စိတ်သက်သာ​မှု​ရသည်​မှန်​သော်လည်း လူ​တို့​ပေး​နိုင်သော သက်သာမှု​မှာ အကန့်အသတ်​သာ​ဖြစ်​ကြောင်း ဤ​နယပုံပြင်​က သွန်သင်ပေး​သည်။ အချို့​သော​အခက်အခဲ​များ​ကို ရင်ဆိုင်​ဖြေရှင်း​သည့်​အခါ ယေဟောဝါ​တစ်ပါး​တည်း​ကို​သာ ကျွန်ုပ်​တို့​မှီခို​အားထား​နိုင်​ကြသည်။

“ထို​သူ၏​အိမ်​၌ စည်းစိမ်ဥစ္စာ​ကြွယ်ဝ”

“မတရားသော​သူ၏​အိမ်သည် ပြိုလဲ​တတ်၏။ ဖြောင့်မတ်​သော​သူ၏​တဲ​မူ​ကား ပွင့်လန်း [“ကြီးပွား”၊ က​ဘ] တတ်၏” ဟု ဣသရေလ​ရှင်ဘုရင်​က​ဆို​၏။ (သု. ၁၄:၁၁သမ္မာ) ဤ​အစီအစဉ်​စနစ်​တွင် မတရားသော​သူသည် ကြီးပွား​တိုးတက်​ပြီး အိမ်ကြီးအိမ်ကောင်း​နှင့် နေထိုင်​နိုင်​မည်​ဖြစ်သော်လည်း သူမရှိတော့​သည့်​အခါ အဘယ်​အကျိုးရှိ​ပါ​မည်​နည်း။ (ဆာလံ ၃၇:၁၀) အခြား​တစ်ဖက်​တွင်​မူ ဖြောင့်မတ်​သော​သူ နေထိုင်ရာ​နေရာ​သည် တော်ရုံ​သင့်​ရုံ​သာ​ဖြစ်​ပေမည်။ သို့သော် “ထို​သူ၏​အိမ်​၌ စည်းစိမ်ဥစ္စာ ကြွယ်ဝ” သည်​ဟု ဆာလံ ၁၁၂:၃ က​ဆို​၏။ ယင်း​တို့​ကား အဘယ်နည်း။

ကျွန်ုပ်​တို့၏​အပြောအဆို၊ အပြု​အမူ​များသည် ဉာဏ်ပညာ​၏ လမ်းညွှန်မှု​အတိုင်း​ဖြစ်​မည်​ဆိုလျှင် ဉာဏ်ပညာ​နှင့်​ဆိုင်​သည့် “စည်းစိမ်​နှင့် ဂုဏ်​အသရေ” ကျွန်ုပ်​တို့​၌​ရှိသည်။ (သု. ၈:၁၈) ယင်း​တို့​တွင် ဘုရားသခင်​နှင့်​လည်းကောင်း၊ လူ​လူ​ချင်း​နှင့်​လည်းကောင်း ငြိမ်းချမ်း​သော​ဆက်ဆံ​ရေး​ရှိ​ခြင်း၊ ပျော်ရွှင်​ချမ်းမြေ့​ခြင်း​နှင့် တည်ငြိမ်မှု​အတော်အသင့်​ရှိ​ခြင်း​တို့ ပါဝင်​သည်။ မှန်ပါသည်၊ “ဖြောင့်မတ်​သော​သူတို့၏​တဲ” သည် ယခု​ပင် ကြီးပွား​တိုးတက်​နိုင်​ပါ​သည်။

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

ပညာ​ရှိသော​မိန်းမသည် မိမိ၏​အိမ်ကို တည်ဆောက်​တတ်၏

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

“ပညာရှိ​တို့၏​လျှာ​မူ​ကား အနာ​ကို​ငြိမ်း​စေ​တတ်၏”