ဘုရားသခင့်စကားတော်ကို သတ္တိရှိရှိ ဟောပြောလော့
ဘုရားသခင့်စကားတော်ကို သတ္တိရှိရှိ ဟောပြောလော့
“သွားလော့။ ငါ၏လူ . . . မျိုးတွင် ပရောဖက်ပြုလော့။”—အာမုတ် ၇:၁၅။
၁၊ ၂။ အာမုတ်ကား မည်သူနည်း၊ သမ္မာကျမ်းစာက သူ့အကြောင်း အဘယ်အရာဖော်ပြသနည်း။
ယေဟောဝါသက်သေတစ်ဦးသည် အမှုဆောင်နေစဉ် ယဇ်ပုရောဟိတ်တစ်ဦးနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။ ယဇ်ပုရောဟိတ်က ‘မဟောနဲ့! ဒီကနေ ထွက်သွား!’ ဟုအော်ငေါက်လိုက်၏။ ထိုသက်သေသည် အဘယ်အရာ ပြုလုပ်ခဲ့သနည်း။ သူပြောသည့်အတိုင်း ထွက်သွားသလော၊ သို့မဟုတ် ဘုရားသခင့်စကားတော်ကို သတ္တိရှိရှိ ဆက်ဟောသလော။ ထိုသူသည် မိမိ၏နာမည်နှင့်ရေးထားသော စာစောင်တွင် မိမိ၏တွေ့ကြုံမှုများကို မှတ်တမ်းတင်ထားသောကြောင့် ယင်းကို သင်တွေ့ရှိနိုင်သည်။ ၎င်းကား အာမုတ်ကျမ်းဖြစ်၏။ သို့သော် ထိုယဇ်ပုရောဟိတ်နှင့် ထိပ်တိုက်ရင်ဆိုင်မှုအကြောင်း မလေ့လာမီ အာမုတ်၏နောက်ခံကို အနည်းငယ်သုံးသပ်ကြည့်ကြစို့။
၂ အာမုတ်ကား မည်သူနည်း။ သူသည် အဘယ်အချိန်တွင် အသက်ရှင်ခဲ့ပြီး အဘယ်နေရာတွင် နေထိုင်ခဲ့သနည်း။ အာမုတ် ၁:၁ တွင် အဆိုပါမေးခွန်းများ၏အဖြေကို တွေ့ရှိရမည်၊ ထိုတွင် “ယုဒရှင်ဘုရင်သြဇိမင်း၊ ဣသရေလရှင်ဘုရင်ယောရှ၏သား ယေရောဗောင်မင်းတို့လက်ထက် . . . သိုးထိန်းစုအဝင်ဖြစ်သော တေကောရွာသား အာမုတ်” ဟုရေးသားထား၏။ အာမုတ်သည် ယုဒပြည်သားတစ်ဦးဖြစ်၏။ သူ၏ဇာတိမှာ ယေရုရှလင်မြို့၏တောင်ပိုင်း ဆယ်မိုင်အကွာတွင်ရှိသော တေကောရွာဖြစ်၏။ ယုဒပြည်တွင် ဩဇိမင်း အုပ်ချုပ်ပြီး ဣသရေလဆယ်နွယ်နိုင်ငံကို ဒုတိယမြောက်ယေရောဗောင်မင်း အုပ်စိုးသည့် ဘီ.စီ.အီး. ကိုးရာစုအကုန်ပိုင်းတွင် သူအသက်ရှင်ခဲ့သည်။ အာမုတ်သည် သိုးထိန်းတစ်ဦးဖြစ်၏။ အမှန်မှာ၊ သူသည် “နွားကျောင်းသောသူ” ဖြစ်ရုံမက ‘သဖန်းသီးကိုဖောက်သောသူ’ လည်းဖြစ်သည်ဟု အာမုတ် ၇:၁၄ ကဆို၏။ သို့ဖြစ်၍ သူသည် ရာသီအလိုက် နှစ်စဉ် အလုပ်လုပ်သူဖြစ်သည်။ သဖန်းသီးများကို ဖောက်ရ၏။ သဖန်းသီးများ အမှည့်မြန်စေရန် ထိုသို့ဖောက်ရခြင်းဖြစ်သည်။ ထိုအလုပ်သည် အလွန်ငြီးငွေ့စရာကောင်း၏။
‘သွား၍ ပရောဖက်ပြုလော့’
၃။ ဟောပြောရန် အရည်အချင်းမပြည့်မီဟု ကျွန်ုပ်တို့ခံစားရလျှင် အာမုတ်အကြောင်း သိရှိရခြင်းက မည်သို့အထောက်အကူပြုမည်နည်း။
၃ အာမုတ်က “ငါသည် ပရောဖက်မဟုတ်၊ ပရောဖက်၏သားလည်းမဟုတ်” ဟုရိုးသားပွင့်လင်းစွာ ပြောခဲ့သည်။ (အာမုတ် ၇:၁၄) သူသည် ပရောဖက်၏သားအဖြစ် မွေးဖွားလာသည်မဟုတ်၊ ပရောဖက်အဖြစ်လည်း လေ့ကျင့်ပေးခံခဲ့ရသည်မဟုတ်။ သို့သော် ယေဟောဝါသည် ယုဒပြည်ရှိ လူအပေါင်းတို့ထဲမှ အာမုတ်အား ရွေးချယ်၍ မိမိ၏လုပ်ငန်းတော်ကို ထမ်းဆောင်စေသည်။ ထိုအချိန်က တန်ခိုးအာဏာရှိ ဘုရင်တစ်ပါး၊ ပညာတတ် ယဇ်ပုရောဟိတ်တစ်ပါး၊ သို့မဟုတ် ချမ်းသာကြွယ်ဝသော အကဲအမှူးတစ်ဦးကို ဘုရားသခင် မရွေးချယ်ခဲ့ချေ။ ယင်းက ကျွန်ုပ်တို့အတွက် အားရှိဖွယ်သင်ခန်းစာတစ်ခုဖြစ်၏။ ကျွန်ုပ်တို့သည် လူမှုရေးအဆင့်အတန်း နိမ့်ကျပေမည်၊ သို့မဟုတ် ကျောင်းပညာ အနည်းအကျဉ်းသာရှိပေမည်။ သို့သော် ယင်းကြောင့် ဘုရားသခင့်စကားတော်ကို ဟောပြောရန် အရည်အချင်းမရှိဟု ကျွန်ုပ်တို့ ခံစားသင့်သလော။ မခံစားသင့်ချေ! ယေဟောဝါ၏သတင်းတရားကို ခက်ခဲသောရပ်ကွက်များ၌ပင် ကြေညာရန် ကျွန်ုပ်တို့ကို ကိုယ်တော် ထောက်မကူညီပေးနိုင်သည်။ ယေဟောဝါသည် အာမုတ်ကို ထိုအတိုင်းထောက်မကူညီပေးခဲ့ရာ ဘုရားသခင့်စကားတော်ကို သတ္တိရှိရှိ ဟောပြောလိုသူအားလုံး ရဲစွမ်းသတ္တိရှိသော ထိုပရောဖက်၏ပုံနမူနာကို သုံးသပ်ကြည့်လျှင် မှတ်သားနာယူစရာများရှိပေမည်။
၄။ ဣသရေလပြည်တွင် ပရောဖက်ပြုရန် အာမုတ်အတွက် အဘယ်ကြောင့် စိန်ခေါ်ချက်တစ်ရပ်ဖြစ်ခဲ့သနည်း။
၄ ယေဟောဝါသည် အာမုတ်အား “သွားလော့။ ငါ၏လူဣသရေလအမျိုးတွင် ပရောဖက်ပြုလော့” ဟုမိန့်မှာခဲ့သည်။ (အာမုတ် ၇:၁၅) ထိုတာဝန်သည် စိန်ခေါ်ချက်တစ်ရပ်ဖြစ်၏။ ထိုအချိန်က ဣသရေလဆယ်နွယ်နိုင်ငံသည် ငြိမ်းချမ်းသာယာ၊ လုံခြုံပြီး ချမ်းသာကြွယ်ဝလျက်ရှိသည်။ လူအများတွင် သာမန်ရွှံ့အုတ်နှင့်မဟုတ်ဘဲ တန်ဖိုးကြီး “ဆစ်သောကျောက်” နှင့်ဆောက်ထားသော ‘ဆောင်းကာလစံနန်းတော်’ အပြင် ‘နွေကာလစံနန်းတော်’ များပါရှိကြ၏။ အချို့သည် ခန့်ညားထည်ဝါသော ဆင်စွယ်ဖြင့် စီခြယ်ထားသည့် ပရိဘောဂများ ပိုင်ဆိုင်ကြပြီး “နှစ်သက်ဖွယ်သော စပျစ်ဥယျာဉ်” ထွက် စပျစ်ရည်ကို သောက်သုံးခဲ့ကြသည်။ (အာမုတ် ၃:၁၅; ၅:၁၁) ထို့ကြောင့် လူအများသည် အကျေနပ်ကြီးကျေနပ်နေကြသည်။ အာမုတ် တာဝန်ရရှိထားသော ရပ်ကွက်သည် ယနေ့ ခရစ်ယာန်ဓမ္မအမှုဆောင်သူအချို့၏ ရပ်ကွက်နှင့် ဆင်တူပေမည်။
၅။ ဣသရေလလူအချို့သည် အဘယ်မတရားသောအမှုများကို ပြုလုပ်နေကြသနည်း။
၅ ဣသရေလလူတို့ ဥစ္စာပစ္စည်းပိုင်ဆိုင်ခြင်းသည် မမှားချေ။ သို့သော် ဣသရေလလူအချို့သည် မတရားသောနည်းလမ်းများဖြင့် ချမ်းသာကြွယ်ဝနေကြသည်။ လူကုံထံတို့သည် ‘ဆင်းရဲသောသူတို့ကို ညှဉ်းဆဲပြီး ငတ်မွတ်သောသူတို့ကို နှိပ်စက်’ နေကြသည်။ (အာမုတ် ၄:၁) ဩဇာအာဏာရှိ ကုန်သည်များ၊ တရားသူကြီးများနှင့် ယဇ်ပုရောဟိတ်များသည် ဆင်းရဲသားများထံမှ လုယက်ရန် ပူးပေါင်းကြံစည်ကြ၏။ ယခု ထိုခေတ်အခါသို့ ပြန်သွားပြီး အဆိုပါလူတို့၏လုပ်ရပ်များကို ကြည့်ကြစို့။
ဘုရားသခင်၏ပညတ်တရားကို ချိုးဖောက်
၆။ ဣသရေလကုန်သည်များသည် အခြားသူများကို မည်သို့ခေါင်းပုံဖြတ်ခဲ့ကြသနည်း။
၆ ကျွန်ုပ်တို့ ဦးဆုံး ဈေးသို့သွားကြမည်။ ထိုတွင်ရှိ မရိုးသားသောကုန်သည်များသည် “ဧဖာလေးကိုငယ်စေ . . . ကျပ်လေးကို ကြီးစေ” ၍ “ညံ့သောဂျုံဆန်” ကိုပင် ရောင်းချလျက်ရှိကြသည်။ (အာမုတ် ၈:၄-၆) ကုန်သည်များသည် အလေးခိုးပြီး ဈေးနှုန်းမြှင့်ကာ အမျိုးအစားညံ့သော ပစ္စည်းများကို ရောင်းကြသည်။ ကုန်သည်များသည် ဆင်းရဲသားများ လုံးဝမွဲတေသွားသည့်အထိ ခေါင်းပုံဖြတ်အမြတ်ထုတ်ကြသောကြောင့် အကြောင်းမလှသော ဤသူများသည် ကျွန်များအဖြစ် မိမိတို့ကိုယ်ကို ရောင်းခဲ့ရရှာသည်။ ထို့နောက် သူတို့ကို “ခြေနင်းတစ်ရန်” ၏တန်ဖိုးနှင့် ကုန်သည်များ ဝယ်ခဲ့ကြသည်။ (အာမုတ် ၈:၅) မြင်ယောင်ကြည့်လိုက်ပါ! အဆိုပါလိုဘကြီးသောကုန်သည်များသည် သူတို့၏ဣသရေလအမျိုးသားချင်းများကို ဖိနပ်တစ်ရန်လောက်ထက် ပို၍တန်ဖိုးမထားခဲ့ကြချေ! ဆင်းရဲသားများကို အရှက်တကွဲအကျိုးနည်းစေပြီး ဘုရားသခင်၏ပညတ်တရားကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းပင်! သို့တိုင် အဆိုပါကုန်သည်များပင် “ဥပုသ်” စောင့်ခဲ့ကြသည်။ (အာမုတ် ၈:၄) မှန်ပါသည်၊ သူတို့သည် ဟန်ပြဘုရားတရားကြည်ညိုသူများသာ ဖြစ်ကြ၏။
၇။ ဣသရေလကုန်သည်များသည် ဘုရားသခင်၏ပညတ်တရားကို ချိုးဖောက်ရန် အဘယ်အကြောင်းဖန်လာခဲ့သနည်း။
၇ ထိုကုန်သည်များသည် “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်” ဟူသော ဘုရားသခင်၏ပညတ်တရား ချိုးဖောက်ခြင်းအပြစ်ဒဏ်ကိုမခံရဘဲ မည်သို့လွတ်မြောက်ခဲ့ကြသနည်း။ (ဝတ်ပြုရာ ၁၉:၁၈) ပညတ်တရားကို အတည်ပြုသင့်သော တရားသူကြီးများသည် သူတို့နှင့်ကြံရာပါများဖြစ်ကြရာ လွတ်မြောက်နိုင်ခဲ့ကြ၏။ တရားရေးကိစ္စများ ဆောင်ရွက်သည့် မြို့တံခါးဝတွင် တရားသူကြီးများသည် ‘တံစိုးစားပြီး ဆင်းရဲသားကို မတရားသဖြင့် စီရင်ကြ၏။’ ထိုတရားသူကြီးများသည် ဆင်းရဲသားများကို ကာကွယ်ပေးမည့်အစား တံစိုးစားပြီး သူတို့ကို အပ်နှံခဲ့ကြသည်။ (အာမုတ် ၅:၁၀၊ ၁၂) ထို့ကြောင့် တရားသူကြီးများသည်လည်း ဘုရားသခင်၏ပညတ်တရားကို ဥပေက္ခာပြုခဲ့ကြသည်။
၈။ ဆိုးညစ်သောယဇ်ပုရောဟိတ်များသည် အဘယ်အကျင့်အကြံကို မျက်ကွယ်ပြုကြသနည်း။
၈ ထိုအချိန်တွင် ဣသရေလယဇ်ပုရောဟိတ်များသည် အဘယ်အခန်းကဏ္ဍမှ ပါဝင်နေကြသနည်း။ ယင်းကို သိရှိရန် အခြားနေရာဒေသတစ်ခုကို အာရုံစိုက်ကြမည်။ ယဇ်ပုရောဟိတ်များသည် ‘သူတို့ဘုရားသခင်၏အိမ်၌’ အဘယ်အပြစ်များကို ကျူးလွန်ခွင့်ပြုကြောင်း သတိပြုပါ။ ဘုရားသခင်သည် အာမုတ်မှတစ်ဆင့် ဤသို့မိန့်ဆိုခဲ့သည်– “ငါ၏နာမမြတ်ကို ရှုတ်ချခြင်းငှာ အဘနှင့်သားသည် တစ်ဦးတည်းသောမိန်းမကို ပေါင်းဖော်” ကြ၏။ (အာမုတ် ၂:၇၊ ၈) စဉ်းစားကြည့်ပါ! ဣသရေလလူမျိုးဖြစ်သူ ဖခင်တစ်ဦးနှင့် သူ၏သားသည် ဝတ်ပြုရာအိမ်တော် ပြည့်တန်ဆာမတစ်ဦးတည်းနှင့် လိင်အကျင့်ယိုယွင်းကြသည်။ အဆိုပါဆိုးညစ်သောယဇ်ပုရောဟိတ်များသည် ထိုအကျင့်ယိုယွင်းမှုကို မျက်ကွယ်ပြုကြ၏!—ဝတ်ပြုရာ ၁၉:၂၉; တရားဟောရာ ၅:၁၈; ၂၃:၁၇။
၉၊ ၁၀။ ဣသရေလလူတို့သည် ဘုရားသခင်၏ပညတ်တရားကို အဘယ်သို့ချိုးဖောက်ခဲ့ကြသနည်း၊ ကျွန်ုပ်တို့ခေတ်နှင့် အဘယ်ဆင်တူချက်ရှိသနည်း။
၉ အပြစ်ရှိသော သူတို့၏အခြားအကျင့်ကို ရည်ညွှန်း၍ ယေဟောဝါက “ပေါင်ထားသောအဝတ်ကို ခပ်သိမ်းသောယဇ်ပလ္လင်တို့အနား၌ ခင်း၍အိပ်သောအပြစ်၊ လျော်ပြစ်ငွေနှင့်ဝယ်သော စပျစ်ရည်ကို သူတို့ဘုရား[သခင်]၏အိမ်၌သောက်သောအပြစ် သုံးပါးမက အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ” ဟုမိန့်ဆိုခဲ့သည်။ (အာမုတ် ၂:၈) မှန်၏၊ ပေါင်ထားသောအဝတ်ကို မိုးမချုပ်မီ ပြန်ပေးရမည်ဟုဆိုထားသော ထွက်မြောက်ရာ ၂၂:၂၆၊ ၂၇ တွင် မှတ်တမ်းတင်ထားသည့် ပညတ်တရားကိုလည်း ယဇ်ပုရောဟိတ်များနှင့် လူအများတို့က ဥပေက္ခာပြုခဲ့ကြသည်။ ၎င်းအစား၊ မှားယွင်းသောဘုရားသခင်များအနားတွင် လဲလျောင်း၍ စားသောက်ပျော်ပါးစဉ် စောင်အဖြစ် ခင်းခဲ့ကြသည်။ ဆင်းရဲသားများမှ ရယူထားသော လျော်ပြစ်ငွေများနှင့် မှားယွင်းသောဘာသာရေးပွဲတော်များတွင် သောက်စားရန် စပျစ်ရည်ကို သူတို့ဝယ်ယူခဲ့ကြသည်။ သူတို့သည် စင်ကြယ်သောဝတ်ပြုရေးမှ အလွန်အလှမ်းဝေးသွားကြလေပြီ!
၁၀ ဣသရေလလူတို့သည် ယေဟောဝါနှင့် လူသားချင်းကို ချစ်ပါဟူသော အကြီးမြတ်ဆုံးပညတ်နှစ်ခုကို မျက်နှာပြောင်တိုက်ကာ ချိုးဖောက်နေကြ၏။ သို့ဖြစ်၍ ဘုရားသခင်သည် အာမုတ်ကိုစေလွှတ်၍ သူတို့၏သစ္စာမဲ့မှုကို ပြစ်တင်ရှုတ်ချခဲ့သည်။ ယနေ့ ခရစ်ယာန်ဘောင်မှလူများအပါအဝင် ကမ္ဘာ့နိုင်ငံသားများသည် ရှေးဣသရေလလူတို့ကဲ့သို့ ကိုယ်ကျင့်တရား ယိုယွင်းလျက်ရှိကြ၏။ လုပ်ငန်းရှင်ကြီးများ၊ နိုင်ငံရေးနှင့် မှားယွင်းသောဘာသာရေးတို့မှ ကောက်ကျစ်သည့် ခေါင်းဆောင်များ၏ အကျင့်ယိုယွင်းမှုကြောင့် လူအချို့သည် ကြီးပွားချမ်းသာနေကြသော်လည်း အများစုမှာမူ ငွေကြေးချွတ်ခြုံကျပြီး စိတ်ထိခိုက်လျက်ရှိကြသည်။ သို့သော် ယေဟောဝါသည် ဆင်းရဲဝေဒနာခံစားနေရသူများနှင့် ကိုယ်တော့်ကို ရှာဖွေရန် လှုံ့ဆော်ခံရသူများအတွက် စိုးရိမ်ပူပန်၏။ ထို့ကြောင့် ကိုယ်တော်သည် မျက်မှောက်ခေတ်ကျေးကျွန်များကို အာမုတ်ကဲ့သို့ ကိုယ်တော်၏စကားတော်ကို သတ္တိရှိရှိဟောပြောရန် တာဝန်အပ်နှင်းထားသည်။
၁၁။ အာမုတ်၏ပုံသက်သေမှ အဘယ်သင်ခန်းစာရရှိနိုင်သနည်း။
၁၁ ကျွန်ုပ်တို့နှင့် အာမုတ်၏လုပ်ငန်းသည် ဆင်တူသောကြောင့် သူ၏ပုံနမူနာကို သုံးသပ်ခြင်းမှ အကျိုးကျေးဇူးများစွာ ရရှိပါလိမ့်မည်။ အာမုတ်က (၁) အဘယ်အကြောင်းဟောပြောသင့်ကြောင်း၊ (၂) မည်သို့ဟောပြောသင့်ကြောင်း၊ (၃) အတိုက်အခံပြုသူများသည် ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းကို အဘယ်ကြောင့် မတားဆီးနိုင်ကြောင်း ကျွန်ုပ်တို့အား ဖော်ပြပေး၏။ အဆိုပါအချက်များကို တစ်ချက်ချင်းစီ သုံးသပ်ကြည့်ကြစို့။
အာမုတ်ကို တုပနိုင်ပုံ
၁၂၊ ၁၃။ ယေဟောဝါသည် ဣသရေလလူတို့ကို မနှစ်သက်ခဲ့ကြောင်း မည်သို့ဖော်ပြခဲ့သနည်း၊ သူတို့ မည်သို့တုံ့ပြန်ခဲ့ကြသနည်း။
၁၂ ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့သည် ခရစ်ယာန်ဓမ္မအမှုဖြစ်သော ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းအပေါ် အာရုံစိုက်ကြ၏။ (မဿဲ ၂၈:၁၉၊ ၂၀; မာကု ၁၃:၂၀) မည်သို့ပင်ဆိုစေ၊ ယေဟောဝါသည် လူဆိုးများကို တရားစီရင်တော့မည့်အကြောင်း အာမုတ်ကြေညာသကဲ့သို့ပင် ကျွန်ုပ်တို့လည်း ဘုရားသခင်၏သတိပေးချက်များကို ဟောပြောနေကြသည်။ ဥပမာ၊ ယေဟောဝါသည် ဣသရေလလူတို့အား မနှစ်သက်တော့ကြောင်း ကြိမ်ဖန်များစွာ ပွင့်ပွင့်လင်းလင်း သတိပေးခြင်းကို အာမုတ် ၄:၆-၁၁ တွင်ဖော်ပြထားသည်။ ကိုယ်တော်သည် သူတို့အပေါ် “အစာခေါင်းပါးခြင်း၊” ‘မိုးခေါင်ခြင်း’ ဖြစ်ပေါ်စေပြီး “လေထိ၍ အပင်သေခြင်း၊ အရည်ယို၍ သေခြင်းဘေး” ကိုကျရောက်စေကာ “ကာလနာဘေး” စေလွှတ်ခဲ့၏။ အဆိုပါအခြင်းအရာများကြောင့် ဣသရေလလူတို့သည် နောင်တယူခဲ့သလော။ ဘုရားသခင်က သင်တို့သည် “ငါ့ထံသို့ပြန်၍မလာကြ” ဟုမိန့်ဆိုခဲ့၏။ ဣသရေလလူတို့သည် ယေဟောဝါအား အထပ်ထပ် အခါခါ ငြင်းပယ်ခဲ့ကြသည်။
၁၃ နောင်တမယူသော ဣသရေလလူတို့ကို ယေဟောဝါ ဒဏ်စီရင်ခဲ့သည်။ သို့သော် သူတို့သည် ပရောဖက်ပြုချက်ဆိုင်ရာ သတိပေးချက်ကို ဦးစွာရရှိခဲ့ကြသည်။ ယင်းနှင့်အညီ ဘုရားသခင်က “မိမိကျွန်ပရောဖက်တို့အား မဖော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ” ဟုအခိုင်အမာမိန့်ဆိုခဲ့သည်။ (အာမုတ် ၃:၇) ရေလွှမ်းမိုးတော့မည်ဟု နောဧအား ဘုရားသခင် ပြောပြပြီး လူတို့ကို သတိပေးစေခဲ့သည်။ ထိုနည်းတူ၊ ယေဟောဝါသည် အာမုတ်ကို နောက်ဆုံးအနေနှင့် သတိပေးခိုင်းသည်။ ဝမ်းနည်းစရာမှာ ဣသရေလလူတို့သည် ဘုရားသခင်၏သတင်းတရားကို ဥပေက္ခာပြုပြီး လုပ်သင့်လုပ်အပ်ရာကို မပြုလုပ်ခဲ့ခြင်းဖြစ်သည်။
၁၄။ အာမုတ်ခေတ်နှင့် ကျွန်ုပ်တို့ခေတ်၏ ဆင်တူချက်များကား အဘယ်နည်း။
၁၄ အာမုတ်ခေတ်နှင့် ကျွန်ုပ်တို့ခေတ်၏ ထူးခြားသော ဆင်တူချက်များကို သင်သတိပြုမိမည်မှာ သေချာ၏။ ဤဆုံးခန်းကာလတွင် ဘေးဆိုးကြီးများ ဖြစ်ပျက်လာမည်ဟု ယေရှုခရစ် ပရောဖက်ပြုခဲ့သည်။ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းအကြောင်းကိုလည်း ကြိုဟောခဲ့၏။ (မဿဲ ၂၄:၃-၁၄) သို့သော် အာမုတ်ခေတ်ကကဲ့သို့ပင် မျက်မှောက်ခေတ်ရှိ လူအများစုသည် ခေတ်ကာလ၏နိမိတ်များနှင့် ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို လျစ်လျူရှုနေကြသည်။ ဤသူများသည် နောင်တမရသောဣသရေလလူတို့ ကြုံတွေ့ခဲ့ရသည့် ဆိုးကျိုးများကို ခံစားရပါလိမ့်မည်။ ယေဟောဝါက သူတို့ကို “သင်၏ဘုရားသခင်နှင့်တွေ့ခြင်းငှာ ကိုယ်ကိုပြင်ဆင်လော့” ဟု သတိပေးခဲ့သည်။ (အာမုတ် ၄:၁၂) အာရှုရိလူမျိုးသည် သူတို့ကို အနိုင်ယူသိမ်းပိုက်ခဲ့သည့်အခါ ဘုရားသခင်နှင့်တွေ့ခဲ့ကြရ၏။ ယနေ့ ဘုရားတရားမဲ့ ဤလောကသည် အာမဂေဒုန်တွင် “ဘုရားသခင်နှင့်တွေ့” ကြလိမ့်မည်။ (ဗျာ. ၁၆:၁၄၊ ၁၅) သို့တိုင် ယေဟောဝါ စိတ်ရှည်နေသရွေ့ကာလပတ်လုံး ‘ယေဟောဝါကိုရှာကြလော့။ ရှာလျှင် အသက်ချမ်းသာရကြလိမ့်မည်’ ဟု လူများနိုင်သလောက်များများကို ကျွန်ုပ်တို့ နှိုးဆော်ပါသည်။—အာမုတ် ၅:၆။
အာမုတ်နည်းတူ ဆန့်ကျင်မှုကို ရင်ဆိုင်ခြင်း
၁၅-၁၇။ (က) အာမဇိကား မည်သူနည်း၊ အာမုတ်၏ကြေညာချက်များကို သူမည်သို့တုံ့ပြန်ခဲ့သနည်း။ (ခ) အာမဇိသည် အာမုတ်ကို အဘယ်စွဲချက်များ တင်ခဲ့သနည်း။
၁၅ ကျွန်ုပ်တို့ဟောပြောရမည့်အကြောင်းသာမက မည်သို့ဟောပြောရမည်ကိုလည်း အာမုတ်အား အတုယူနိုင်သည်။ ဤဆောင်းပါးအစတွင် ဖော်ပြခဲ့သည့် ယဇ်ပုရောဟိတ်အကြောင်းကို အခန်းကြီး ၇ တွင် အလေးပေးဖော်ပြသည်။ ထိုသူသည် “ဗေသလယဇ်ပုရောဟိတ် အာမဇိ” ဖြစ်၏။ (အာမုတ် ၇:၁၀) ဗေသလမြို့သည် ဣသရေလလူတို့၏ နွားရုပ်ကိုးကွယ်မှုပါဝင်သည့် ဖောက်ပြန်သည့်ဘာသာရေး ဗဟိုအချက်အချာဖြစ်ခဲ့သည်။ ထို့ကြောင့် အာမဇိသည် နိုင်ငံတော်ဘာသာ၏ ယဇ်ပုရောဟိတ်တစ်ဦးဖြစ်သည်။ သူသည် အာမုတ်၏သတ္တိရှိရှိသတိပေးချက်များကို မည်သို့တုံ့ပြန်ခဲ့သနည်း။
၁၆ အာမဇိက အာမုတ်အား ဤသို့ဆိုခဲ့သည်– “အိုပရောဖက် ယုဒပြည်သို့ပြေးသွားလော့။ ထိုပြည်မှာ ပရောဖက်ပြု၍ အသက်မွေးလော့။ နောက်တစ်ဖန် ဗေသလမြို့တစ်ဖက်၌ ပရောဖက်မပြုနှင့်။ ရှင်ဘုရင်၏သန့်ရှင်းရာဌာနတော်ဖြစ်၏။ နန်းတော်တည်ရာမြို့လည်းဖြစ်၏။” (အာမုတ် ၇:၁၂၊ ၁၃) အမှန်မှာ အာမဇိက ‘အိမ်သို့ပြန်သွားလော့။ ငါတို့၌ ကိုယ်ပိုင် ဘာသာတရားရှိ၏’ ဟုဆိုခဲ့ခြင်းဖြစ်သည်။ ထို့ပြင် “အာမုတ်သည် ဣသရေလအမျိုးအလယ်တွင် ကိုယ်တော်တစ်ဖက်၌ မကောင်းသောအကြံကို ကြံစည်ပါပြီ” ဟူ၍ ဒုတိယမြောက်ဘုရင် ယေရောဗောင်ကို ပြောဆို၍ အာမုတ်၏လုပ်ဆောင်မှုများကို တားဆီးရန် အစိုးရကိုလည်း သွေးထိုးပေးခဲ့သည်။ (အာမုတ် ၇:၁၀) အာမုတ်ကို သစ္စာဖောက်ဟု အာမဇိ စွပ်စွဲလိုက်ခြင်းပင်! “ယေရောဗောင်သည် ဓားဖြင့်သေရလိမ့်မည်။ ဣသရေလအမျိုးသားတို့သည် နေရင်းပြည်မှ ဆက်ဆက်နှင်သွားခြင်းကို ခံရကြလိမ့်မည်ဟု အာမုတ်ဆိုတတ်ပါသည်” ဟူ၍ ရှင်ဘုရင်အား သူလျှောက်ဆိုလေ၏—အာမုတ် ၇:၁၁။
၁၇ အဆိုပါစကားများတွင် အထင်မှားစေသည့် အချက်သုံးချက်ကို အာမဇိထည့်သွင်းပြောဆိုခဲ့သည်။ သူက ဤသို့ “အာမုတ်ဆိုတတ်ပါသည်” ဟုပြောခဲ့သည်။ အမှန်မှာ ထိုပရောဖက်ပြုချက်သည် မိမိ၏စကားဟု အာမုတ် တစ်ခါမျှမပြောခဲ့ချေ။ ၎င်းအစား၊ ‘ယေဟောဝါမိန့်တော်မူသည်ကား’ ဟုအာမုတ်ပြောလေ့ရှိသည်။ (အာမုတ် ၁:၃) “ယေရောဗောင်သည် ဓားဖြင့်သေရလိမ့်မည်” ဟု အာမုတ်ပြောသည်ဟူ၍လည်း စွပ်စွဲခဲ့၏။ သို့သော် အာမုတ် ၇:၉ တွင်ဖော်ပြထားသည့်အတိုင်း အာမုတ်က “ယေရောဗောင်မင်းမျိုးကိုလည်း ဓားနှင့် ငါ [ယေဟောဝါ] တိုက်မည်” ဟုပရောဖက်ပြုခဲ့သည်။ ယေရောဗောင်၏သားစဉ်မြေးဆက်များဖြစ်သည့် “မင်းမျိုး” အပေါ် ထိုသို့သောဘေးဆိုးသက်ရောက်လိမ့်မည်ဟု ဘုရားသခင်က ကြိုဟောခဲ့၏။ ထို့ပြင် ‘ဣသရေလလူမျိုးသည် ဆက်ဆက်နှင်သွားခြင်းခံရလိမ့်မည်’ ဟူ၍ အာမုတ်ပြောသည်ဟု အာမဇိစွပ်စွဲခဲ့သည်။ သို့ရာတွင် ဘုရားသခင်ထံ ပြန်လှည့်လာသူ အဘယ်ဣသရေလမဆို ကောင်းချီးခံစားရမည်ဟု အာမုတ် ပရောဖက်ပြု၏။ အာမဇိသည် လှည့်စားသည့် တစ်ဝက်တစ်ပျက်စကားများကိုအသုံးပြု၍ အာမုတ်၏ဟောပြောခြင်းလုပ်ငန်းကို တရားဝင်တားဆီးပိတ်ပင်ရန် ကြိုးစားခဲ့သည်မှာ ထင်ရှား၏။
၁၈။ အာမဇိအသုံးပြုခဲ့သည့်နည်းများနှင့် ယနေ့ ခရစ်ယာန်ဘုန်းကြီးများ အသုံးပြုနေကြသည့် နည်းများ၏ ဆင်တူချက်အချို့ကား အဘယ်နည်း။
၁၈ အာမဇိအသုံးပြုခဲ့သည့် နည်းများနှင့် ယနေ့ ယေဟောဝါသက်သေများအား ဆန့်ကျင်သူများ အသုံးပြုသည့်နည်းများတွင် ဆင်တူချက်များ တွေ့ရှိမိပါသလော။ အာမဇိသည် အာမုတ်ကို နှုတ်ပိတ်သွားစေရန် ကြိုးစားခဲ့သကဲ့သို့ ကျွန်ုပ်တို့ခေတ်ရှိ ခရစ်ယာန်ဂိုဏ်းအုပ်များနှင့် အချို့သည် ယေဟောဝါကျေးကျွန်များ၏ ဟောပြောခြင်းလုပ်ငန်း ရပ်တန့်သွားစေရန် ကြိုးစားလျက်ရှိကြသည်။ အာမဇိသည် အာမုတ်အား သစ္စာဖောက်ဟု မဟုတ်မမှန်စွပ်စွဲခဲ့၏။ ထိုနည်းတူ၊ ယနေ့လည်း ခရစ်ယာန်ဓမ္မဆရာအချို့က ယေဟောဝါသက်သေများသည် အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်သည်ဟု မတရားစွပ်စွဲကြသည်။ အာမဇိသည် အာမုတ်ကို ဆန့်ကျင်တိုက်ခိုက်ရန် ဘုရင်၏အကူအညီကို တောင်းခံသကဲ့သို့ ခရစ်ယာန်ဓမ္မဆရာများသည် ယေဟောဝါသက်သေများကို ညှဉ်းပန်းနှိပ်စက်ရန် နိုင်ငံရေးမဟာမိတ်များထံ အကူအညီတောင်းခံလေ့ရှိသည်။
ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းကို ဆန့်ကျင်သူများ မရပ်စဲစေနိုင်
၁၉၊ ၂၀။ အာမဇိ၏ဆန့်ကျင်မှုကို အာမုတ် မည်သို့တုံ့ပြန်ခဲ့သနည်း။
၁၉ အာမဇိ၏ဆန့်ကျင်မှုကို အာမုတ် မည်သို့တုံ့ပြန်ခဲ့သနည်း။ အာမုတ်က ယဇ်ပုရောဟိတ်အား ‘ဣသရေလအမျိုးတစ်ဖက်၌ ပရောဖက်မပြုနှင့်ဟု သင်ဆိုသလော’ ဟုဦးစွာမေးခဲ့သည်။ ထို့နောက် ဘုရားသခင်၏သတ္တိရှိပရောဖက်သည် အာမဇိမကြားချင်သည့် စကားများကို မဆိုင်းမတွ ပြောဆိုလိုက်သည်။ (အာမုတ် ၇:၁၆၊ ၁၇) အာမုတ် မကြောက်ရွံ့ခဲ့ချေ။ ယင်းသည် ကျွန်ုပ်တို့အတွက် တကယ်ကောင်းမွန်သည့် စံနမူနာတစ်ခုပင်! ကျွန်ုပ်တို့သည် ခေတ်သစ်အာမဇိများ ရက်စက်ကြမ်းတမ်းစွာ ညှဉ်းပန်းနှိပ်စက်သည့်နိုင်ငံများ၌ပင် နာခံမှုရှိရှိ ဘုရားသခင့်စကားတော်ကို ဟောပြောကြမည်။ အာမုတ်နည်းတူ ကျွန်ုပ်တို့သည်လည်း ‘ယေဟောဝါမိန့်တော်မူသည်ကား’ ဟူ၍ ဆက်ကြေညာလျက်ရှိကြသည်။ ‘ယေဟောဝါ၏လက်တော်သည်’ ကျွန်ုပ်တို့နှင့်အတူရှိသောကြောင့် ဆန့်ကျင်သူများသည် ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းကို ဘယ်တော့မျှ ရပ်တန့်သွားစေနိုင်မည်မဟုတ်ချေ။—တမန်တော် ၁၁:၁၉-၂၁။
အာမုတ် ၃:၃-၈ အရ အကျိုးဆက်တိုင်းမှာ အကြောင်းတရားရှိကြောင်း မေးခွန်းနှင့် ပုံဥပမာများစွာဖြင့် အာမုတ်ဖော်ပြခဲ့သည်။ ထို့နောက် သူသည် ဤသို့လျှောက်လဲခဲ့သည်– ‘ခြင်္သေ့ဟောက်သောအခါ အဘယ်သူမျှ မကြောက်မလန့်ဘဲ နေလိမ့်မည်နည်း။ ယေဟောဝါမိန့်တော်မူသောအခါ အဘယ်သူသည် ပရောဖက်မပြုဘဲနေလိမ့်မည်နည်း။’ တစ်နည်းအားဖြင့်ဆိုသော် အာမုတ်က ‘ခြင်္သေ့ဟောက်သံကို သင်ကြားသည့်အခါ မကြောက်ဘဲမနေနိုင်သကဲ့သို့ ဘုရားသခင့်စကားတော် ဟောပြောပါဟူသော ယေဟောဝါ၏အမိန့်တော်ကို ကြားရသည့်အခါ အကျွန်ုပ် မဟောဘဲမနေနိုင်’ ဟုပြောခဲ့သည်။ ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်း သို့မဟုတ် ယေဟောဝါအား အလွန်ရိုသေလေးမြတ်ခြင်းက အာမုတ်ကို သတ္တိရှိရှိဟောပြောရန် စေ့ဆော်ပေးခဲ့၏။
၂၀ အာမဇိသည် မိမိ၏ခြိမ်းခြောက်မှုများ အချည်းနှီးဖြစ်မည်ဟု သိသင့်သည်။ ကမ္ဘာပေါ်ရှိ မည်သူမျှ မိမိကို မတားဆီးနိုင်ကြောင်း အာမုတ် ပြောခဲ့ပြီးဖြစ်သည်၊ ၎င်းသည် ကျွန်ုပ်တို့ သုံးသပ်ကြမည့် တတိယအချက်ဖြစ်၏။၂၁။ သတင်းကောင်းကို ဟောပြောရမည်ဟူသော ဘုရားသခင်၏မိန့်မှာချက်ကို ကျွန်ုပ်တို့ မည်သို့တုံ့ပြန်ကြသနည်း။
၂၁ ကျွန်ုပ်တို့သည်လည်း ဟောပြောရမည်ဟူသော ယေဟောဝါ၏မိန့်မှာချက်ကို ရထားကြ၏။ ကျွန်ုပ်တို့ မည်သို့တုံ့ပြန်ကြမည်နည်း။ အာမုတ်နှင့် ယေရှု၏အစောပိုင်းနောက်လိုက်များနည်းတူ ကျွန်ုပ်တို့သည် ယေဟောဝါ၏ထောက်မမှုဖြင့် ကိုယ်တော်၏စကားတော်ကို သတ္တိရှိရှိ ဟောပြောကြ၏။ (တမန်တော် ၄:၂၃-၃၁) ဆန့်ကျင်သူများ နှိုးဆွပေးသော ညှဉ်းပန်းနှိပ်စက်မှုကြောင့်ဖြစ်စေ၊ ကျွန်ုပ်တို့ ဟောပြောလိုက်သူများ၏ အေးတိအေးစက်နိုင်မှုကြောင့်ဖြစ်စေ ကျွန်ုပ်တို့ နှုတ်ဆိတ်နေကြမည်မဟုတ်ပေ။ အာမုတ်ကဲ့သို့ စိတ်ထက်သန်မှုရှိကြသော ကမ္ဘာတစ်ဝန်းမှ ယေဟောဝါသက်သေများသည် သတင်းကောင်းကို သတ္တိရှိရှိ ဆက်ဟောပြောရန် နှိုးဆော်ခံရကြ၏။ မကြာမီ ကျရောက်တော့မည့် ယေဟောဝါ၏တရားစီရင်ချက်အကြောင်း လူတို့ကို သတိပေးဟောပြောရန် ကျွန်ုပ်တို့တွင် တာဝန်ရှိသည်။ ၎င်းတရားစီရင်ချက်တွင် အဘယ်အရာပါဝင်သနည်း။ ထိုမေးခွန်းကို နောက်ဆောင်းပါးတွင် ဖြေဆိုပေးပါလိမ့်မည်။
သင်မည်သို့ဖြေဆိုမည်နည်း
• အာမုတ်သည် အဘယ်အခြေအနေမျိုးအောက်တွင် ဘုရားသခင်ပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သနည်း။
• အာမုတ်နည်းတူ ကျွန်ုပ်တို့သည် အဘယ်အရာကိုဟောပြောသင့်သနည်း။
• အဘယ်စိတ်သဘောထားဖြင့် ကျွန်ုပ်တို့၏ဟောပြောခြင်း လုပ်ငန်းကို ထမ်းဆောင်သင့်သနည်း။
• ဆန့်ကျင်သူများသည် ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းကို အဘယ်ကြောင့် မရပ်တန့်စေနိုင်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ဘုရားသခင်သည် မိမိ၏လုပ်ငန်းကို ထမ်းဆောင်ရန် သဖန်းသီးဖောက်သူ အာမုတ်အား ရွေးချယ်ခဲ့
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
အာမုတ်နည်းတူ အသင်သည် ယေဟောဝါ၏သတင်းတရားကို သတ္တိရှိရှိ ကြေညာနေသလော