မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မည်မျှကြာကြာ လူတို့အသက်ရှင်နိုင်ကြသနည်း

မည်မျှကြာကြာ လူတို့အသက်ရှင်နိုင်ကြသနည်း

မည်မျှ​ကြာကြာ လူ​တို့​အသက်ရှင်​နိုင်​ကြ​သနည်း

စပိန်​လူမျိုး စူးစမ်း​ရှာဖွေသူ ဝှမ်း ပေါ​န်​စေ ဒဲ့ လေ​ယောန်​သည် ၁၅၁၃၊ မတ်​လ ၃ ရက်​နေ့တွင် ထူးခြားသော စူးစမ်း​လေ့လာရေး​ခရီးစဉ်​တစ်ခု​ကို စတင်​ခဲ့​သည်။ ဘီ​မီ​နီ​ကျွန်း​သို့​ရောက်​လို​၍ ပွာတီရီကို​ကျွန်း​မှ ရွက်လွှင့်​ခဲ့​သည်။ ဒဏ္ဍာရီ​အရ သူသည် နုပျို​စေသော အံ့ဖွယ်​စမ်းရေ​တစ်ခု​ကို ရှာပုံတော်ဖွင့်​ခဲ့​သည်​ဆို​၏။ ထို​ကျွန်း​သို့​မ​ရောက်​ဘဲ ယခု ယူ.အက်စ်.အေ. ဖလော်ရီဒါ​ပြည်နယ်​ဟု ခေါ်ဆို​သည့်​နေရာတွင် သူ၏​သင်္ဘော​ဆိုက်​ခဲ့​သည်။ ထို​မရှိသော​စမ်းရေ​ကို သူ လုံးဝ​မ​တွေ့ခဲ့​ပါ။

ယနေ့ လူအများသည် အသက် ၇၀၊ ၈၀ ထက်​ပို​၍ အသက်​မရှည်​ကြ​ပါ။ အလွန်​သက်တမ်းရှည်​သူတို့ကို သမ္မာကျမ်းစာ​က စာရင်းပြု​ဖော်ပြ​ထား​သော်လည်း ၂၀၀၂ ဂ​င်း​နစ်​ကမ္ဘာ့​စံချိန်​များ​စာအုပ်​က ၁၂၂ နှစ်​နှင့် ၁၆၄ ရက် အသက်ရှင်ခဲ့​သူသည် အသက်ရှင်ခဲ့သမျှ​တွင် အသက်​အကြီးဆုံး​သူ​ဖြစ်သည်ဟု ဆို​၏။ (ကမ္ဘာဦး ၅:​၃-၃၂) သို့သော် ဆေးပညာ​ကျင့်ဝတ်​ဆိုင်ရာ​ပညာရှင် ဂျောန်ဟဲ​ရ​စ္စ​က ဤသို့​ပြော​ခဲ့​သည်– “ယခု သုတေသန​ပြု​၍ တွေ့ရှိချက်​အသစ်​အရ အိုမင်း​ခြင်း​ကို​မ​က သေခြင်းကို​ပင် ရှောင်လွှဲ​နိုင်​တော့​မည့် လူ့​လောကကို ရေး​ရေး​မျှ​တွေ့မြင်​နေရ​ပြီ​ဖြစ်သည်။” ၂၁ ရာစု သုတေသီ​အတော်များများလည်း “အမှန်တကယ် မသေ​နိုင်သော​အဖြစ်၊” “၂၀၉၉ ခုနှစ်​တိုင်သော် လူ့​သက်တမ်း အကန့်အသတ်မဲ့​ခြင်း၊” “ဆဲလ်​များ မပြတ်​တမ်း ပေါက်ပွား​နိုင်​ခြင်း” နှင့် အလားတူ​အကြောင်းအရာများ​ကို ပြော​လာ​ကြသည်။

ထာဝစဉ်​အသက်ရှင်ခြင်း​အိပ်မက်​ဟူသော စာအုပ်​တွင် မာ့ခ်​ဘယ်​နီ​ကေ​က ဤသို့​ဆို​သည်– “လူ့​ခန္ဓာကိုယ်​ရှိ ဆဲလ်​အားလုံးနီးပါး​သည် ဘဝ​အသက်တာ​တစ်လျှောက် အကြိမ်ကြိမ်​အသစ်​လဲ​ကြသည်။ . . . ကျွန်ုပ်​တို့သည် ခု​နစ်​နှစ်​တစ်ကြိမ် အမှန်တကယ် လူသစ်​ဖြစ်လာ​ကြသည်။” သို့သော် ထိုသို့ အချိန်​အကန့်အသတ်မဲ့ ဖြစ်​မနေ​ပါ၊ အကြောင်း​မှာ ဆဲလ်​များသည် ကြိုတင်​သတ်မှတ်​ထားသော ခွဲစိတ်​ပိုင်းခြား​ချိန် အကြိမ်ကြိမ်​ဖြစ်​ပြီး​နောက် မ​ပွား​တော့​ချေ။ ထိုသို့​သာ​မဟုတ်လျှင် “လူ့​ခန္ဓာကိုယ်​သည် အလွန်​ကြာမြင့်စွာ၊ ထာဝစဉ်​ပင် မိမိကိုယ်ကို ပြုပြင်​ပြောင်းလဲ​နိုင်​သည်” ဟု ဘယ်​နီ​ကေ​က​ဆို​၏။

ထို့​ပြင် တိုတောင်း​လှ​သော လူ့​သက်တမ်း​အတွင်း ကျွန်ုပ်​တို့​အသုံးပြုနိုင်​သည့် အတိုင်းအတာ​ထက် သာလွန်​များပြား​စွာ အသုံးပြုနိုင်​သော စွမ်းပကား​ရှိသည့် လူ့​ဦးနှောက်​၏​အံ့ဖွယ်​အစွမ်း​ကိုလည်း သုံးသပ်ကြည့်​ပါ။ ဗြိတဲန်နီကာ​စွယ်စုံ​ကျမ်း​အရ လူ့​ဦးနှောက်​သည် “တစ်သက်တာ​အတွင်း သုံးနိုင်​သည်ထက် ပို​၍​များပြား​သော​စွမ်းပကား​ရှိ၏။” (၁၉၇၆ ခု​ထုတ်၊ အတွဲ ၁၂၊ စာမျက်နှာ ၉၉၈) ဒေးဗစ် အေ. စူ​စာ​၏ ဦးနှောက်​သင်ယူ​ပုံ​ဟူသော​စာအုပ်​က ဤသို့​ဆို​၏– “စင်စစ်​အားဖြင့် ဦးနှောက်​၏ သတင်း​အချက်အလက် သိမ်းဆည်း​ထား​နိုင်သော စွမ်းပကား​မှာ အကန့်အသတ်​မရှိ​ချေ။”​—စာမျက်နှာ ၇၈၊ ဒုတိယ​အကြိမ်​ထုတ်။ မူပိုင် ၂၀၀၁။

သုတေသီ​များသည် ကျွန်ုပ်​တို့​သေရ​သော ဇီဝ​က​မ္မ​ဆိုင်ရာ​အကြောင်းရင်းကို အဘယ်ကြောင့်​ရှာမတွေ့​နိုင်​ကြ​သနည်း။ လူ့​ဦးနှောက်​တွင် အဘယ်ကြောင့် ဤမျှ​ကြီးမားသော​စွမ်းပကား​ရှိ​ရသနည်း။ ကျွန်ုပ်​တို့သည် ထာဝစဉ် အသိပညာ​ဆည်းပူး​နေနိုင်​ရန် ပုံစံ​ပြု​ခံရ​၍​လော။ ထာဝစဉ်​အသက်ရှင်ခြင်းကို ကျွန်ုပ်​တို့ အဘယ်ကြောင့် တွေးတော​နိုင်​ကြ​ရသနည်း။

သမ္မာကျမ်းစာ​က ဤသို့​ဖော်ပြ​သည်– “[ဘုရားသခင်​သည်] လူ​စိတ်နှလုံး​ကိုလည်း [အဆုံးမဲ့] ကာလ​၌ စွဲလမ်း​စေတော်မူ​ပြီ။ သို့ရာတွင် ဘုရားသခင်​စီရင်တော်မူ​သော​အမှုကို အစ​မှ​အဆုံးတိုင်အောင် လူသည်​စစ်၍​မကုန်နိုင်။” (ဒေ. ၃:၁၁) ဤ​စကား​များ​အရ ထာဝစဉ်​အသက်ရှင်ခြင်း​အတွေး​ကို ကျွန်ုပ်​တို့​စိတ်ထဲ​တွင် ဘုရားသခင် ထည့်သွင်း​ထား​ပေး​သည်။ သို့ဖြင့် ဘုရားသခင်​အကြောင်း၊ ကိုယ်တော်​၏​အမှုတော်များ​အကြောင်း ကျွန်ုပ်​တို့​သင်ယူစရာ​များ အမြဲတစေ​ရှိနေ​ပေ​လိမ့်​မည်။ ကျွန်ုပ်​တို့သည် အနှစ်​ဘီလီယံပေါင်း​များစွာ​မ​က ထာဝစဉ်​ပင် အသက်ရှင်​ကြ​မည်​ဆိုလျှင် ဘုရားသခင်​၏ အံ့ချီးဖွယ်​ဖန်ဆင်း​ခြင်း​လက်ရာများ​အကြောင်း သင်ယူစရာ​များ အစဉ်အမြဲ​ရှိ​နေပါ​လိမ့်​မည်။

ထာဝစဉ်​အသက်ရှင်​နိုင်​ကြောင်း ယေရှု​ခရစ်​၏ ဤ​စကား​များ​က​လည်း ဖော်ပြ​ပါ​သည်– “ထာဝရ​အသက်​ဟူ​မူ​ကား၊ မှန်သော​ဘုရားသခင်​တစ်ဆူတည်း​ဖြစ်​တော်​မူ​သော ကိုယ်တော်​ကိုလည်း​ကောင်း၊ စေလွှတ်​တော်​မူ​သော ယေရှု​ခရစ်​ကိုလည်း​ကောင်း သိကျွမ်းခြင်း​တည်း။” (ယောဟန် ၁၇:၃) အသင်​ကော။ ထာဝစဉ်​အသက်ရှင်​လို​ပါသလော။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

နုပျို​စေသော​စမ်းရေ​ကို ဝှမ်း ပေါ​န်​စေ ဒဲ့ လေ​ယောန် ရှာပုံတော်ဖွင့်​ခဲ့

[Credit Line]

Ponce de Leó​n: Harper’s Encyclopædia of United States History