မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူဆိုးများကို ယေဟောဝါ တရားစီရင်တော့မည်

လူဆိုးများကို ယေဟောဝါ တရားစီရင်တော့မည်

လူဆိုးများ​ကို ယေဟောဝါ တရား​စီရင်​တော့​မည်

“သင်၏​ဘုရားသခင်​နှင့်​တွေ့​ခြင်း​ငှာ ကိုယ်ကို​ပြင်ဆင်​လော့။”—အာမုတ် ၄:၁၂

၁၊ ၂။ ဘုရားသခင်​သည် ဆိုးသွမ်းမှု​ကို အဆုံးတိုင်​စေ​တော့​မည်​ဖြစ်​ကြောင်း အဘယ်ကြောင့် ယုံကြည်​စိတ်ချ​နိုင်​သနည်း။

ယေဟောဝါ​သည် ဤ​ကမ္ဘာ​မြေပေါ်​ရှိ ဆိုးသွမ်းမှု​နှင့် ဆင်းရဲ​ဝေဒနာ​တို့ကို အဆုံးတိုင်​စေ​တော့​မည်​လော။ ၂၁ ရာစုနှစ်​စ​ပိုင်း​တွင် ထို​မေးခွန်း​သည် ယခင်​က​ထက် ပို​၍​သင့်တော်​ပေ​သည်။ နေရာတိုင်း​၌ လူသားချင်း စာနာမှု​မရှိကြောင်း ကျွန်ုပ်​တို့ တွေ့မြင်​နေကြ​ရသည်။ ရက်စက်မှု၊ အကြမ်းဖက်မှု​နှင့် ဖောက်ပြန်မှု​တို့​မရှိသည့် ကမ္ဘာ​ကို ကျွန်ုပ်​တို့ အမှန်ပင် တမ်းတ​ကြ​၏။

သတင်းကောင်း​မှာ ယေဟောဝါ​သည် ဆိုးသွမ်းမှု​ကို အဆုံးသတ်​တော့​မည်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့ လုံးလုံးလျားလျား ယုံကြည်​စိတ်ချ​နိုင်​ခြင်း​ဖြစ်၏။ ဘုရားသခင်​သည် လူဆိုး​တို့အား အရေးယူ​တော့​မည်​ကို ကိုယ်တော်​၏​အရည်အသွေးများ​က စိတ်ချ​စေ​၏။ ယေဟောဝါ​သည် ဖြောင့်မတ်​ပြီး တရား​မျှတ​၏။ ဆာလံ ၃၃:၅ အရ ကိုယ်တော်​သည် “ဖြောင့်မတ်​စွာ​ကျင့်​ခြင်း​နှင့် တရား​သဖြင့်​စီရင်ခြင်း​ကို နှစ်သက်​တော်​မူ​၏” ဟု​သိရှိ​ရသည်။ ဆာလံ​နောက်​တစ်ပုဒ်​က “မတရားသော​သူနှင့် လုယူ​ဖျက်ဆီး​လို​သော​သူကို [ယေဟောဝါ​၏] ဝိညာဉ်တော်သည် မုန်းတော်မူ​၏” ဟု​ဆို​သည်။ (ဆာလံ ၁၁:၅) ဖြောင့်မတ်​စွာ​ကျင့်​ခြင်း​နှင့် တရား​သဖြင့်​စီရင်ခြင်း​ကို နှစ်သက်​တော်​မူ​သော တန်ခိုး​ကြီး​ရှင် ဘုရားသခင် ယေဟောဝါ​သည် မိမိ​မုန်းတီးသော​အရာ​ကို ထာဝစဉ်​ခွင့်ပြု​ထား​မည်​မဟုတ်ပေ။

၃။ အာမုတ်​ပရောဖက်ပြုချက်​ကို ဆက်​သုံးသပ်​ရာ​တွင် အဘယ်အရာကို အလေးပေး​ဖော်ပြ​မည်​နည်း။

ယေဟောဝါ​သည် ဆိုးသွမ်းမှု​ကို ဖယ်ရှား​မည်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့ စိတ်ချ​နိုင်​သည့် နောက်ထပ်​အကြောင်းရင်း​တစ်ခု​ကို သုံးသပ်ကြည့်​ပါ။ အတိတ်​က လူသား​တို့ကို ကိုယ်တော်​ဆက်ဆံ​ခဲ့​သည့် မှတ်တမ်းက ယင်းကို အာမခံ​၏။ လူဆိုး​တို့​နှင့် ယေဟောဝါ​ဆက်ဆံ​ခဲ့​သည့် ထူးခြား​ထင်ရှားသော​ပုံ​နမူနာ​များ​ကို အာမုတ်ကျမ်း​က ဖော်ပြ​သည်။ အာမုတ်​ပရောဖက်ပြုချက်​ကို ဆက်​သုံးသပ်​ရာ​တွင် ဘုရားသခင်​တရား​စီရင်ခြင်း​ဆိုင်ရာ အချက်​သုံးချက်​ကို အလေးပေး​ဖော်ပြ​ထား​ကြောင်း တွေ့ရှိ​ရမည်။ ပထမ​တစ်ချက်​မှာ၊ တရား​စီရင်ချက်​သည် အမြဲ​မှန်ကန်​၏။ ဒုတိယ၊ ရှောင်တိမ်း​၍ မရချေ။ တတိယ၊ စိစစ်​၍ တရား​စီရင်​သည်၊ အကြောင်း​မှာ ယေဟောဝါ​သည် လူဆိုး​တို့ကို တရား​စီရင်​သော်လည်း နောင်တ​ရသူ၊ စိတ်ထားမှန်​သူများကို ကရုဏာ​ပြတော်မူ​၏။—ရောမ ၉:၁၇-၂၆

ဘုရားသခင်​၏​တရား​စီရင်ချက် အမြဲ​ထိုက်​သင့်​ရာ

၄။ ယေဟောဝါ​သည် အဘယ်​နေရာသို့ အာမုတ်ကို စေလွှတ်ခဲ့​သနည်း၊ အဘယ်​ရည်ရွယ်ချက်​အတွက်​နည်း။

အာမုတ်ခေတ်​တွင် ဣသရေလ​လူမျိုး​သည် နှစ်​နိုင်ငံ​အဖြစ် ကွဲ​နေ​နှင့်​ပြီ​ဖြစ်သည်။ တစ်နိုင်ငံ​မှာ တောင်ပိုင်း​ယုဒ​နှစ်နွယ်​နိုင်ငံ​ဖြစ်၏။ နောက်​တစ်နိုင်ငံ​မှာ မြောက်ပိုင်း​ဣသရေလ​ဆယ်နွယ်​နိုင်ငံ​ဖြစ်၏။ ယေဟောဝါ​သည် အာမုတ်ကို သူ၏​ဇာတိ ယုဒ​နိုင်ငံ​မှ ဣသရေလ​နိုင်ငံ​သို့ စေလွှတ်​၍ ပရောဖက်ပြု​စေ​ခဲ့​သည်။ ထို​တွင် ဘုရားသခင်​၏​တရား​စီရင်ချက်​ကို အာမုတ် ကြေညာ​ရမည်​ဖြစ်သည်။

၅။ အာမုတ်​သည် အဘယ်​နိုင်ငံ​များ​ကို ပထမ​ဦးစွာ ပရောဖက်ပြု​ခဲ့​သနည်း၊ ၎င်းတို့သည် ဘုရားသခင်​၏​တရား​စီရင်ခြင်း ခံထိုက်​ရသည့် အကြောင်းရင်း​တစ်ချက်​ကား အဘယ်နည်း။

အာမုတ်​သည် ကလန်ကဆန်​ပြုသော မြောက်ပိုင်း​ဣသရေလ​နိုင်ငံ​ကို ယေဟောဝါ​၏​တရား​စီရင်ချက် ကြွေးကြော်​ခြင်း​အားဖြင့် သူ၏​လုပ်ငန်း​ကို စတင်​ခဲ့​ခြင်း​မဟုတ်​ချေ။ ယင်းအစား၊ အနီး​ပတ်ဝန်းကျင်​ရှိ ခြောက်​နိုင်ငံ​အပေါ် ဘုရားသခင်​၏​တရား​စီရင်ချက်​ကို ကြေညာ​ခြင်း​ဖြင့် လုပ်ငန်း​စတင်​ခဲ့​၏။ အဆိုပါ​နိုင်ငံ​များ​မှာ ရှုရိ၊ ဖိလိတ္တိ၊ တုရု၊ ဧဒုံ၊ အမ္မုန်၊ မောဘ​တို့​ဖြစ်သည်။ သို့သော် ၎င်းတို့သည် ဘုရားသခင်​၏​တရား​စီရင်ချက် အမှန်ပင် ခံထိုက်​သလော။ ဧကန်​မုချ​ခံထိုက်​၏။ တစ်ချက်​အနေ​နှင့် ၎င်းတို့သည် ကြာမြင့်စွာ​အချိန်​ကတည်းက ယေဟောဝါ​လူမျိုးတော်​၏ ရန်သူများ​ဖြစ်​ခဲ့​ကြသည်။

၆။ ဘုရားသခင်​သည် ရှုရိ၊ ဖိလိတ္တိ​နှင့် တုရု​တို့​အပေါ် အဘယ်ကြောင့် ဘေးဆိုး​ကျရောက်​စေ​တော့​မည်​နည်း။

ဥပမာ၊ ရှုရိ​လူတို့သည် “ဂိလဒ်​ပြည်​ကို စပါး​နယ်​ရာ သံ​ယန္တရား​စက်​တို့​နှင့် ကြိတ်နယ်” သောကြောင့် ယေဟောဝါ ပြစ်တင်​ရှုတ်ချခဲ့​သည်။ (အာမုတ် ၁:၃) ရှုရိ​လူတို့သည် ယော်ဒန်​မြစ်​အရှေ့ဘက် ဣသရေလ​နိုင်ငံ​၏​ဒေသ​တစ်ခု​ဖြစ်သော ဂိလဒ်​ပြည်​ကို သိမ်းပိုက်​ပြီး ထို​တွင်​နေထိုင်သူ ဘုရားသခင့်​လူမျိုးတော်ကို အကြီးအကျယ်​ဆင်းရဲ​ခက်ခဲ​စေ​ခဲ့​သည်။ ဖိလိတ္တိ​နှင့် တုရု​တို့​ကော အသို့နည်း။ ဖိလိတ္တိ​လူတို့သည် ဣသရေလ​လူမျိုး​ကို အဓမ္မ​ခေါ်ဆောင်​သွား​သည့် သို့​မဟုတ် ဖမ်းဆီး​၍ ဧဒုံ​လူ​တို့​ထံ​ရောင်းချ​သည့် အပြစ်ရှိ​၏၊ သို့ဖြင့် ဣသရေလလူ​အချို့​သည် တုရု​ကျွန်​ကုန်ကူးသူ​များ​၏​လက်​သို့ ကျရောက်​ခဲ့​ရသည်။ (အာမုတ် ၁:၆၊ ၉) ဘုရားသခင့်​လူမျိုးတော်ကို ကျွန်​သ​ပေါက်​များ​အဖြစ် ရောင်းချ​နေကြ​သည်ကို စဉ်းစား​ကြည့်​ပါ! ထို့​ကြောင့် ယေဟောဝါ​သည် ရှုရိ၊ ဖိလိတ္တိ​နှင့် တုရု​တို့​အပေါ် ဘေးဆိုး​ကျရောက်​စေခြင်း​သည် အံ့အားသင့်​စ​ရာ​မဟုတ်ပါ။

၇။ ဧဒုံ၊ အမ္မုန်​နှင့် မောဘ​တို့သည် ဣသရေလ​လူမျိုး​နှင့် မည်သို့​တော်စပ်​ကြ​သနည်း၊ သို့သော် သူတို့သည် ဣသရေလ​လူမျိုး​ကို မည်သို့​ဆက်ဆံ​ခဲ့​ကြ​သနည်း။

ဧဒုံ၊ အမ္မုန်​နှင့် မောဘ​လူမျိုး​တို့​၌ ဣသရေလ​လူမျိုး​နှင့်​လည်းကောင်း၊ အချင်းချင်း​နှင့်​လည်းကောင်း တူညီသော​အရာတစ်ခု​ရှိသည်။ ထို​လူမျိုး​သုံးမျိုး​စ​လုံး​သည် ဣသရေလ​လူမျိုး​နှင့် ဆွေမျိုး​တော်စပ်​ကြသည်။ ဧဒုံ​လူမျိုး​သည် ယာကုပ်​၏​အမြွှာ​ညီနောင် ဧသော​မှ​ဆင်းသက်လာ​သော အာဗြဟံ​၏​သားစဉ်မြေးဆက်​များ​ဖြစ်​ကြသည်။ တစ်နည်း​အားဖြင့်​ဆို​သော် သူတို့သည် ဣသရေလ​လူမျိုး၏​ညီအစ်ကို​များ​ဖြစ်​ကြသည်။ အမ္မုန်​နှင့် မောဘ​လူမျိုး​တို့သည် အာဗြဟံ​၏​တူ လောတ​၏​သားစဉ်မြေးဆက်​များ​ဖြစ်​ကြသည်။ သို့သော် ဧဒုံ၊ အမ္မုန်​နှင့် မောဘ​လူမျိုး​တို့သည် သူတို့၏​ဆွေမျိုးသားချင်း ဣသရေလလူ​တို့ကို ညီအစ်ကို​ချင်း​ကဲ့သို့ ဆက်ဆံ​ခဲ့​သလော။ ဆက်ဆံ​ဖို့​ဝေး​စွ! ဧဒုံ​သည် သူ၏ “ညီအစ်ကို” ကို​သနား​ကြင်နာ​မှု​ကင်းမဲ့​စွာ ဓား​နှင့်​လိုက်၍ အမ္မုန်​သည် ဣသရေလ​သုံ့ပန်းများ​ကို ရက်ရက်စက်စက် ပြုမူ​ဆက်ဆံ​ကြ​၏။ (အာမုတ် ၁:၁၁၊ ၁၃) ဘုရားသခင်​၏​လူမျိုးတော်ကို မောဘ​လူမျိုး​က နှိပ်စက်​သည့်​အကြောင်း အာမုတ် တိုက်ရိုက်​မဖော်ပြသော်လည်း မောဘ​လူမျိုး​သည် ဣသရေလ​လူမျိုး​ကို ဆန့်ကျင်​တိုက်ခိုက်​ခဲ့​သည်​မှာ ကြာမြင့်​ပြီ။ သို့​ဖြစ်၍ ဆွေမျိုး​တော်စပ်​သည့် အဆိုပါ​လူမျိုး​သုံးမျိုး​ကို ပြင်းထန်​စွာ အပြစ်ပေး​ရ​လိမ့်​မည်။ ယေဟောဝါ​သည် သူတို့ကို မီး​ဖြင့်​ဖျက်ဆီး​ပါ​လိမ့်​မည်။

ဘုရားသခင်​၏​တရား​စီရင်ချက်​ကို ရှောင်တိမ်း​၍​မရ

၈။ ဣသရေလ​နိုင်ငံ​အနီးရှိ ခြောက်​နိုင်ငံ​သည် ဘုရားသခင်​၏​တရား​စီရင်ချက်​များ​ကို အဘယ်ကြောင့် မ​ရှောင်တိမ်း​နိုင်​ခဲ့​ကြ​သနည်း။

အာမုတ်​ပရောဖက်ပြုချက်​၏ အစပိုင်း​တွင်​ဖော်ပြ​ထားသော ထို​ခြောက်​နိုင်ငံ​သည် ဘုရားသခင်​၏​တရား​စီရင်ခြင်း​ကို ခံထိုက်​သည်​မှာ သေချာ​၏။ ထို့​ပြင် ထို​တရား​စီရင်ခြင်း​ကို သူတို့ မခံရ​ဘဲ​နေရ​စ​ရာ​အကြောင်း​မရှိ​ချေ။ အာမုတ်ကျမ်း​အခန်းကြီး ၁၊ အခန်းငယ် ၃ မှ​အခန်းကြီး ၂၊ အခန်းငယ် ၁ အထိ ယေဟောဝါ​က “ငါသည် ဒဏ်​မပေး​ဘဲ​မနေ” ဟု​ခြောက်​ကြိမ်​မိန့်ဆို​၏။ ကိုယ်တော်​၏​စကားတော်​နှင့်​အညီ အဆိုပါ​နိုင်ငံ​များ​ကို တရား​စီရင်​ခဲ့​သည်။ နောက်ပိုင်း​တွင် ထို​နိုင်ငံ​အသီးသီး​အပေါ် ဘေးဆိုး​ကျရောက်​ခဲ့​ကြောင်း သမိုင်း​မှတ်တမ်းက သက်သေထူ​၏။ နောက်ဆုံး​တွင် ၎င်း​တို့​မှ အနည်းဆုံး လေးနိုင်ငံ​ဖြစ်သည့် ဖိလိတ္တိ၊ မောဘ၊ အမ္မုန်​နှင့် ဧဒုံ​တို့သည် လုံးဝ​ပျောက်ကွယ်​သွားလေသည်!

၉။ ယုဒ​နိုင်ငံသား​များသည် အဘယ်အရာ ခံထိုက်​သနည်း၊ အဘယ်ကြောင့်​နည်း။

ထို့နောက် အာမုတ်​၏​ပရောဖက်ပြုချက်​က သတ္တမ​မြောက်​နိုင်ငံ​ဖြစ်သည့် သူ၏​နေရင်းပြည် ယုဒ​နိုင်ငံ​ကို အလေးပေး​ဖော်ပြ​ခဲ့​သည်။ မြောက်ပိုင်း​ဣသရေလ​နိုင်ငံ​ရှိ အာမုတ်​၏​ပရောဖက်ပြုချက်​ကို နားဆင်​နေ​သူများ​သည် ယုဒ​နိုင်ငံ​အပေါ် ကျရောက်​မည့် တရား​စီရင်ချက်​အကြောင်း ကြား​ရသည့်​အခါ အံ့အားသင့်​ကြ​ပေမည်။ ယုဒ​နိုင်ငံသား​များသည် အဘယ်ကြောင့် တရား​စီရင်ခြင်း​ခံထိုက်​သနည်း။ ‘ယေဟောဝါ​စီရင်တော်မူချက်​တို့ကို မ​စောင့်’ သောကြောင့်​ဖြစ်သည်ဟု အာမုတ် ၂:၄ က​ဆို​၏။ ယေဟောဝါ​သည် မိမိ၏​ပညတ်တရား​ကို ဤသို့​တမင်တကာ​မလိုက်လျှောက်​ခြင်း​ကို ဥပေက္ခာ​မပြု​နိုင်​ချေ။ အာမုတ် ၂:၅ အရ ကိုယ်တော် ဤသို့ ကြို​ဟောခဲ့​သည်– “ယုဒပြည်​အပေါ်​သို့ မီးကို​လွှတ်​၍ ယေရုရှလင်​မြို့​၏[ဝတ်ပြုရာ​အိမ်တော်]တို့ကို လောင်​စေမည်။”

၁၀။ ယုဒ​နိုင်ငံ​သည် ဘေးဆိုး​မှ အဘယ်ကြောင့် မလွတ်​မြောက်​နိုင်​ခဲ့​သနည်း။

၁၀ သစ္စာမဲ့​ယုဒ​နိုင်ငံ​သည် ကျရောက်​တော့​မည့်​ဘေးဆိုး​မှ မလွတ်​မြောက်​နိုင်​ခဲ့​ချေ။ ယေဟောဝါ​သည် ခု​နစ်​ကြိမ်​တိုင် ဤသို့​မိန့်ဆိုခဲ့​၏– “ငါသည် ဒဏ်​မပေး​ဘဲ​မနေ။” (အာမုတ် ၂:၄) ဘီ.စီ.အီး. ၆၀၇ ခုနှစ်​၌ ယုဒ​နိုင်ငံ​ကို ဗာဗုလုန်​လူမျိုး ဖျက်ဆီး​ချိန်​တွင် ကြိုတင်​ဟောထား​သော​အပြစ်ဒဏ်​ကို သူတို့​ခံ​ခဲ့​ရ၏။ လူဆိုးများ​သည် ဘုရားသခင်​၏​တရား​စီရင်ခြင်း​မှ မလွတ်​ခဲ့​ကြောင်း ဤ​တွင် တစ်ဖန် သိရှိ​ရ​ပြန်​၏။

၁၁-၁၃။ အာမုတ်​သည် အဘယ်​နိုင်ငံ​အကြောင်း အထူးသဖြင့် ပရောဖက်ပြု​ခဲ့​သနည်း၊ ထို​အချိန်​က အဘယ်​ဖိနှိပ်​ချုပ်ချယ်​မှုများ ရှိခဲ့​သနည်း။

၁၁ ယေဟောဝါ​သည် ခု​နစ်​နိုင်ငံ​ကို တရား​စီရင်​တော့​မည့်​အကြောင်း ပရောဖက်​အာမုတ် ကြေညာ​ပြီး​ခါ​စ​ရှိသေး​သည်။ သို့သော် အာမုတ် ပရောဖက်ပြု​စ​ရာ​အကြောင်း မရှိတော့​ဟု တစ်ဦး​တစ်ယောက်​က ယူဆ​ခဲ့​လျှင် မှားသွား​လိမ့်​မည်။ ပရောဖက်ပြု​စ​ရာ​များစွာ ကျန်ရှိ​သေး​သည်! သူသည် မြောက်ပိုင်း​ဣသရေလ​နိုင်ငံ​ကို တရား​စီရင်​မည့်​အကြောင်း ခါးခါးသီးသီး​ကြေညာ​ရန် အထူး​တာဝန်​အပ်နှင်း​ခံ​ခဲ့​ရသည်။ ဣသရေလ​နိုင်ငံ​သည် ကိုယ်ကျင့်တရား​နှင့် ဝိညာဉ်​ရေး​ယိုယွင်း​ပျက်ပြားမှု​တို့​ကြောင့် ဘုရားသခင်​၏​တရား​စီရင်ခြင်း​ကို ခံထိုက်​၏။

၁၂ အာမုတ်​၏​ပရောဖက်ပြုချက်​က ဣသရေလ​နိုင်ငံ​တွင် ပြု​လေ့​ပြု​ထ​ရှိသော ဖိနှိပ်​ချုပ်ချယ်​မှု​ကို ဖော်ထုတ်​သည်။ ယင်း​နှင့်​စပ်လျဉ်း၍ အာမုတ် ၂:၆-၈ တွင်​ဤသို့​ဖတ်​ရသည်– ‘တစ်ဖန် ယေဟောဝါ​မိန့်တော်မူသည်​ကား ဣသရေလ​အမျိုး​သည် ဖြောင့်မတ်​သော​သူကို ငွေ​နှင့်​လည်းကောင်း၊ ဆင်းရဲသော​သူကို ခြေနင်း​တစ်​ရန်​နှင့်​လည်းကောင်း ရော​င်း​သော​အပြစ်၊ ဆင်းရဲသော​သူတို့၏​ခေါင်း​ကို မြေမှုန့်​နှင့်​ဖုံးလွှမ်း​စေခြင်း​ငှာ အလွန်​အလို​ကြီး​၍ နှိမ့်ချသော​သူကို မတရား​သဖြင့်​စီရင်​သော အပြစ်​သုံးပါး​မ​က အပြစ်​လေးပါး​ကြောင့် ငါသည် ဒဏ်​မပေး​ဘဲ​မနေ။’

၁၃ ဖြောင့်မတ်​သော​သူများကို “ငွေ​နှင့်” ရော​င်း​ခြင်း​ဟူသည် တံစိုး​လက်ဆောင်​အဖြစ် ငွေ​လက်ခံသော တရားသူကြီး​များ​က အပြစ်မဲ့​သူများ​အား အပြစ်ဒဏ်​စီရင်​နေကြ​ကြောင်းကို ဆိုလို​နိုင်​ဖွယ်​ရှိ၏။ ကြွေးရှင်​များသည် အကြွေး​အနည်းငယ်​အတွက် “ခြေနင်း​တစ်​ရန်” ၏​တန်ဖိုး​နှင့် ဆင်းရဲသား​များ​ကို ကျွန်​သ​ပေါက်​အဖြစ် ရော​င်း​ခဲ့​ကြသည်။ “ဆင်းရဲသော​သူတို့” သည် ဆင်းရဲ​ဝေဒနာ၊ ဝမ်းနည်းပူဆွေး​ခြင်း၊ အရှက်တကွဲ​အကျိုး​နည်း​ရခြင်း အမှတ်အသား​အဖြစ် သူတို့​ခေါင်း​ပေါ် မြေမှုန့်​နှင့်​ဖုံးလွှမ်း​စေ​မည့် အဖြစ်မျိုး​သို့​ရောက်​ရသည့်​အထိ အကြင်နာ​ကင်းမဲ့​သူတို့သည် “အလွန်​အလို​ကြီး” ငမ်းငမ်းတက်​ဖြစ်နေ​ကြသည်။ “နှိမ့်ချသော​သူ” များ တရား​မျှတခြင်း​ကို ရှာမတွေ့​နိုင်​တော့​သည့်​အထိ ဤမျှ​အကျင့်ပျက်​ပြား​ခဲ့​ကြ​၏။

၁၄။ ဣသရေလ​ဆယ်နွယ်​နိုင်ငံ​တွင် မည်သူ​တို့သည် မတရား​ဖိနှိပ်ခံနေ​ကြ​ရသနည်း။

၁၄ မတရား​ဖိနှိပ်ခံ​ရသူများကို သတိပြုပါ။ သူတို့သည် ဖြောင့်မတ်၊ ဆင်းရဲ၊ နှိမ့်ချသော နိုင်ငံသား​များ​ဖြစ်​ကြသည်။ ဣသရေလ​လူမျိုး​နှင့် ယေဟောဝါ​ဖွဲ့​ထားသော ပညတ်ပဋိညာဉ်​က အားနည်း​ပြီး ဆင်းရဲသူ​များ​ကို သနား​ကြင်နာ​မှု​ပြ​ရန် တောင်းဆို​သည်။ သို့သော် ဣသရေလ​ဆယ်နွယ်​နိုင်ငံ​ရှိ ဤသို့​သော​သူများ​၏​အခြေအနေ​သည် အလွန်​အလွန့်​ဆိုးရွား​နေ​၏။

“သင်၏​ဘုရားသခင်​နှင့်​တွေ့​ခြင်း​ငှာ ကိုယ်ကို​ပြင်ဆင်​လော့”

၁၅၊ ၁၆။ (က) “သင်၏​ဘုရားသခင်​နှင့်​တွေ့​ခြင်း​ငှာ ကိုယ်ကို​ပြင်ဆင်​လော့” ဟူ၍ ဣသရေလ​လူမျိုး အဘယ်ကြောင့် သတိပေး​ခံ​ခဲ့​ရသနည်း။ (ခ) လူဆိုး​တို့သည် ဘုရားသခင်​၏​တရား​စီရင်ခြင်း​ကို မ​ရှောင်တိမ်း​နိုင်​ကြောင်း အာမုတ် ၉:၁၊ ၂ က​မည်သို့​ဖော်ပြ​သနည်း။ (ဂ) ဘီ.စီ.အီး. ၇၄၀ ပြည့်နှစ်​တွင် ဣသရေလ​ဆယ်နွယ်​နိုင်ငံ​သည် မည်သို့​ဖြစ်သွား​သနည်း။

၁၅ ဣသရေလ​နိုင်ငံ​တွင် အကျင့်​ယိုယွင်းမှု​နှင့် တခြား​အပြစ်​များ ပြု​နေကြ​သောကြောင့် ပုန်ကန်​လို​သော​ထို​နိုင်ငံ​ကို ပရောဖက်​အာမုတ် ဤသို့​သတိပေး​ခြင်း​သည် အကြောင်းကောင်း​ရှိ၏– “သင်၏​ဘုရားသခင်​နှင့်​တွေ့​ခြင်း​ငှာ ကိုယ်ကို​ပြင်ဆင်​လော့။” (အာမုတ် ၄:၁၂) ယေဟောဝါ​က “ငါသည် ဒဏ်​မပေး​ဘဲ​မနေ” ဟု​ရှစ်​ကြိမ်​မြောက် ကြေညာ​လိုက်​ပြန်​ရာ တည်ကြည်မှု​မရှိသော ဣသရေလ​လူမျိုး​သည် ကျရောက်​လာတော့​မည့် ဘုရားသခင်​၏​တရား​စီရင်ခြင်း​မှ လွတ်မြောက်​နိုင်​မည်​မဟုတ်​ချေ။ (အာမုတ် ၂:၈) ပုန်းရှောင်​ရန် ကြိုးစား​နေကြ​မည့် လူဆိုးများ​နှင့်​စပ်လျဉ်း၍ ဘုရားသခင်​က ဤသို့​မိန့်ဆိုခဲ့​၏– “ပြေး​သော​သူသည် မလွတ်​ရ။ လွတ်​သော​သူသည်​လည်း ချမ်းသာ​ကို​မ​တွေ့ရ။ မရ​ဏာ​နိုင်ငံ​တိုင်အောင် တွင်း​တူး​သော်လည်း ငါ​နုတ်ယူ​မည်။ မိုးကောင်းကင်​သို့​တက်​သော်လည်း ငါ​ချ​မည်။”—အာမုတ် ၉:၁၊ ၂

၁၆ လူဆိုး​တို့သည် “မရ​ဏာ​နိုင်ငံ​တိုင်အောင်” တွင်း​တူး​ခြင်း​ကို တင်စား​သည့် မြေကြီး​ထဲ တွင်း​နက်​တူး၍ ပုန်းရှောင်​ရန် ကြိုးစား​သော်လည်း ယေဟောဝါ​၏​တရား​စီရင်ချက်​မှ လွတ်မြောက်​နိုင်​မည်​မဟုတ်​ချေ။ “မိုးကောင်းကင်​သို့” တက်​ခြင်း​ဟု​ဆို​သည့် မြင့်မားသော​တောင်​များ​ပေါ် ခိုလှုံရာ​ရှာတွေ့​ရန် ကြိုးစား​သော်လည်း ဘုရားသခင်​၏​စီရင်ချက်​ကို ရှောင်တိမ်း​နိုင်​မည်​မဟုတ်ပေ။ ယေဟောဝါ​၏​သတိပေး​ချက်​သည် ရှင်းလင်း​ပြတ်သား​သည်– ကိုယ်တော်​မ​ရောက်ရှိ​နိုင်​သည့်​အထိ ပုန်းရှောင်​ရာ​နေရာ​မရှိ​ချေ။ ဘုရားသခင်​သည် တရား​မျှတသော​ကြောင့် ဣသရေလ​နိုင်ငံ​ရှိ ဆိုးညစ်သူ​များ​၏ အပြု​အမူ​များ​အတွက် စာရင်း​ရှင်း​ရမည်​ဖြစ်သည်။ စာရင်း​ရှင်း​ရမည့်​အချိန် ရောက်ရှိ​လာ​ခဲ့​သည်။ အာမုတ်​၏​ပရောဖက်ပြုချက်​ကို မှတ်တမ်းတင်​ပြီး အနှစ် ၆၀ ခန့်အကြာ ဘီ.စီ.အီး. ၇၄၀ ပြည့်နှစ်​တွင် ဣသရေလ​နိုင်ငံ​သည် အာရှုရိလက်​သို့ ကျရောက်​ခဲ့​လေ​သည်။

စိစစ်​၍ ဘုရားသခင် တရား​စီရင်

၁၇၊ ၁၈။ အာမုတ်ကျမ်း​အခန်းကြီး ၉ သည် ဘုရားသခင့်​ကရုဏာတော်​အကြောင်း မည်သို့​ဖော်ပြ​သနည်း။

၁၇ ဘုရားသခင်​၏ တရား​စီရင်ချက်​သည် အမြဲ​ထိုက်​သင့်​ရာ​ဖြစ်​ပြီး ၎င်း​မှ မလွတ်​မြောက်​နိုင်​ဟု အာမုတ်​၏​ပရောဖက်ပြုချက်​က ကျွန်ုပ်​တို့အား သိမြင်​စေ​သည်။ သို့သော် ယေဟောဝါ​သည် စိစစ်​၍ တရား​စီရင်တော်မူ​ကြောင်း​လည်း အာမုတ်ကျမ်း​က ဖော်ပြ​၏။ လူဆိုး​တို့သည် အဘယ်​နေရာတွင် ပုန်းရှောင်​နေပါ​စေ သူတို့ကို ဘုရားသခင် တွေ့မြင်​ပြီး တရား​စီရင်​နိုင်၏။ ကိုယ်တော် ကရုဏာ​ပြ​လို​သည့် နောင်တ​ရသူ​များနှင့် ဖြောင့်မတ်​သူများကို​လည်း ရှာတွေ့နိုင်​သည်။ အာမုတ်ကျမ်း​၏ နောက်ဆုံး​အခန်းကြီး​တွင် ၎င်းကို အလေးပေး​ဖော်ပြ​ထား​သည်။

၁၈ အာမုတ်ကျမ်း​အခန်းကြီး ၉၊ အခန်းငယ် ၈ အရ ယေဟောဝါ​က “ယာကုပ်​အမျိုး​ကို ရှင်းရှင်း​မဖျက်ဆီး” ဟု​မိန့်တော်မူ၏။ အခန်းငယ် ၁၃ မှ ၁၅ တွင်​ဖော်ပြ​ထား​သည့်​အတိုင်း ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်ကို “တစ်ဖန် ငါ​ဆောင်​ခဲ့” ဦး​မည်​ဟု ကတိပြု​ခဲ့​သည်။ သူတို့သည် ကရုဏာ​ပြ​ခံရ​ပြီး လုံခြုံ​ချမ်းသာ​ကြ​ပါ​လိမ့်​မည်။ ‘လယ်ထွန်​သော​သူသည် စပါး​ရိတ်​သော​သူကို မီ​လိမ့်​မည်’ ဟု ယေဟောဝါ ကတိပြု​တော်​မူ​၏။ နောက်​တစ်ကြိမ် ထွန်ယက်​မျိုးကြဲ​ချိန်​တွင် ရိတ်သိမ်း​၍​မပြီးပြတ်​နိုင်​သေး​သည့်​အထိ ရိတ်သိမ်း​စ​ရာ ဤမျှ​များပြား​သည်ကို မြင်ယောင်​ကြည့်​လိုက်ပါ!

၁၉။ ဣသရေလ​နှင့် ယုဒ​အကြွင်းအကျန်​သည် မည်သို့​ဖြစ်ပျက်​ခဲ့​သနည်း။

၁၉ ယုဒ​နှင့် ဣသရေလ​နိုင်ငံ​တို့​ရှိ လူဆိုး​တို့ကို ယေဟောဝါ​တရား​စီရင်​ရာ​တွင် နောင်တ​ရသူ​များနှင့် စိတ်ထားမှန်​သူများကို ကရုဏာ​ပြတော်မူ​ခဲ့​ရာ ကိုယ်တော်​သည် စိစစ်​၍ တရား​စီရင်​သည်​ဟု ဆိုနိုင်၏။ အာမုတ်ကျမ်း​အခန်းကြီး ၉ တွင်​မှတ်တမ်း​တင်ထားသော ပြန်လည်​ထူထောင်ခြင်း ပရောဖက်ပြုချက်​ပြည့်စုံ​သည့်​အခါ နောင်တ​ရ​ကြသော ဣသရေလ​နှင့် ယုဒ​အကြွင်းအကျန်​သည် ဘီ.စီ.အီး. ၅၃၇ ခုနှစ်​တွင် ဗာဗုလုန်​၏​ချုပ်နှောင်​မှု​အောက်​မှ လွတ်မြောက်​လာ​ခဲ့​ကြသည်။ သူတို့​မြတ်နိုးသော နေရင်း​တိုင်းပြည်​သို့ ပြန်ရောက်​လာပြီး စင်ကြယ်သော​ဝတ်ပြုရေးကို ပြန်လည်​ထူထောင်​ခဲ့​ကြ​၏။ လုံခြုံ​စိတ်ချ​ရသော အခြေအနေ​မျိုး​တွင်​လည်း သူတို့၏​အိမ်များ​ကို ဆောက်​ပြီး စပျစ်​ခြံ​များနှင့် ဥယျာဉ်​များ​ကို စိုက်​ပျိုး​ခဲ့​ကြသည်။

ယေဟောဝါ ပြစ်ဒဏ်​စီရင်​တော့​မည်!

၂၀။ အာမုတ်​ကြေညာ​သော တရား​စီရင်ခြင်း​သတင်းတရား​တို့ကို ကျွန်ုပ်​တို့ သုံးသပ်ခြင်းက အဘယ်အရာကို စိတ်ချ​စေ​သင့်​သနည်း။

၂၀ အာမုတ်​ကြေညာ​ခဲ့​သည့် ဘုရားသခင်​၏​တရား​စီရင်ခြင်း​သတင်းတရားကို ကျွန်ုပ်​တို့ သုံးသပ်ခြင်းက ကျွန်ုပ်​တို့​ခေတ်​ရှိ ဆိုးသွမ်းမှု​ကို ယေဟောဝါ အဆုံးတိုင်​စေ​တော့​မည်​ဟု စိတ်ချ​စေ​သင့်​သည်။ ၎င်းကို ကျွန်ုပ်​တို့ အဘယ်ကြောင့် ယုံကြည်​စိတ်ချ​နိုင်​သနည်း။ ပထမ​တစ်ချက်​အနေ​နှင့် အတိတ်​မှ လူဆိုးများ​ကို ဘုရားသခင်​စီရင်​ခဲ့​ပုံ​က ကျွန်ုပ်​တို့​ခေတ်တွင် ကိုယ်တော် မည်သို့​ပြုမူ​မည်​ကို ဖော်ပြ​၏။ ဒုတိယ​ကား၊ ဖောက်ပြန်​သည့် ဣသရေလ​နိုင်ငံ​ကို ဘုရားသခင် တရား​စီရင်​ခဲ့​ခြင်း​က မှောက်မှားသော​ဘာသာရေး ကမ္ဘာ့​အင်ပါယာ ‘မဟာ​ဗာဗုလုန်’ ၏​အပြစ်တင်​အထိုက်ဆုံး ခရစ်ယာန်ဘောင်​ကို ဘုရားသခင် ဖျက်ဆီး​တော့​မည်​ဖြစ်​ကြောင်း စိတ်ချ​စေ​သည်။—ဗျာ. ၁၈:၂

၂၁။ ခရစ်ယာန်ဘောင်​သည် ဘုရားသခင်​၏​ပြစ်ဒဏ်​စီရင်ခြင်း​ကို အဘယ်ကြောင့် ခံထိုက်​သနည်း။

၂၁ ခရစ်ယာန်ဘောင်​သည် ဘုရားသခင်​၏​ပြစ်ဒဏ်​စီရင်ခြင်း ခံထိုက်​ကြောင်း ထင်ရှား​၏။ သူ၏​အလွန်​ဆိုးရွား​လှ​သည့် ဘာသာရေး​နှင့် ကိုယ်ကျင့်တရား အခြေအနေ​များ​က စီရင်ခံထိုက်​ကြောင်း ဖော်ပြ​နေသည်။ ခရစ်ယာန်ဘောင်​နှင့် စာတန်​၏​ကျန်ရှိ​သည့်​လောကသည် ယေဟောဝါ​၏​တရား​စီရင်ခြင်း ခံထိုက်​၏။ ရှောင်တိမ်း​၍​လည်း ရနိုင်​မည်​မဟုတ်၊ အကြောင်း​မှာ တရား​စီရင်​ချိန်​ရောက်​သည့်​အခါ အာမုတ်ကျမ်း​အခန်းကြီး ၉၊ အခန်းငယ် ၁ ပါ​ဤ​စကား​များ​ပြည့်စုံ​လာ​လိမ့်​မည်– “ပြေး​သော​သူသည် မလွတ်​ရ။ လွတ်​သော​သူသည်​လည်း ချမ်းသာ​ကို​မ​တွေ့ရ။” မှန်ပါသည်၊ လူဆိုးများ အဘယ်​နေရာတွင် ပုန်း​နေပါ​စေ၊ သူတို့ကို ယေဟောဝါ ရှာတွေ့​တော်​မူ​လိမ့်​မည်။

၂၂။ ၂ သက်သာလောနိတ် ၁:၆-၈ တွင်​ဘုရားသခင်​၏​တရား​စီရင်ခြင်း​နှင့်​စပ်လျဉ်း၍ အဘယ်​အချက်များ​ကို ရှင်းပြ​ထား​သနည်း။

၂၂ ဘုရားသခင်​၏​တရား​စီရင်ခြင်း​သည် အမြဲ​ထိုက်​သင့်​ရာ​ဖြစ်သည်၊ ယင်းကို ရှောင်တိမ်း​၍​လည်း​မရ၊ စိစစ်​၍ တရား​စီရင်​၏။ ယင်းကို တမန်​တော်​ပေါလု​၏ ဤ​စကား​က​ဖော်ပြ​သည်– “သခင်​ယေရှု​ခရစ်​သည် တန်ခိုး​ရှိသော​ကောင်းကင်တမန်​တို့​နှင့်အတူ ကောင်းကင်ဘုံ​က​ပေါ်ထွန်း​တော်​မူ​၍ ဘုရားသခင်​ကို​မသိသော​သူ၊ ငါ​တို့​သခင်​ယေရှု​ခရစ်​၏ ဧဝံဂေလိတရား​ကို နားမထောင်​သော​သူတို့ကို မီးလျှံ​အားဖြင့် ဒဏ်ပေး​တော်​မူ​သောအခါ သင်တို့ကို ဆင်းရဲ​စေ​ဖူး​သော​သူတို့၌ ဆင်းရဲခြင်း​ကိုလည်း​ကောင်း၊ ဆင်းရဲခံ​ရ​ဖူး​သော သင်တို့၌ ငါ​တို့​နှင့်အတူ ချမ်းသာခြင်း​ကိုလည်း​ကောင်း ဘုရားသခင်​ဆပ်ပေး​၍ တရား​သဖြင့် စီရင်တော်မူ​လိမ့်​မည်။” (၂ သက်သာလောနိတ် ၁:၆-၈) ကိုယ်တော်​၏​ဝိညာဉ်​တော်​ဖွား​များ​အား ဆင်းရဲ​စေသည့်​အတွက် တရား​စီရင်ခြင်း​ခံထိုက်​သူများကို “ဘုရားသခင်​ဆပ်ပေး​၍ တရား​သဖြင့် စီရင်တော်မူ​လိမ့်​မည်။” ထို​တရား​စီရင်ချက်​ကို ရှောင်တိမ်း​၍​မရ၊ အကြောင်း​မှာ ‘ယေရှုသည် တန်ခိုး​ရှိသော​ကောင်းကင်တမန်​တို့​နှင့်အတူ မီးလျှံ​အားဖြင့် ပေါ်ထွန်း​တော်​မူ’ သည့်​အခါ လူဆိုးများ​သည် လွတ်မြောက်​လိမ့်​မည်​မဟုတ်။ ယေရှုသည် “ဘုရားသခင်​ကို မသိသော​သူ၊ . . . ဧဝံဂေလိတရား​ကို နားမထောင်​သော​သူတို့ကို” အရေးယူ​မည်​ဖြစ်​ရာ ဘုရားသခင်​၏​တရား​စီရင်ချက်​သည် စိစစ်​၍ စီရင်​ကြောင်း​ထင်ရှား​လိမ့်​မည်။ ဆင်းရဲ​ဝေဒနာ​ခံရ​သော ဘုရားသခင်​အား ကြောက်ရွံ့​သူများ​သည် ကိုယ်တော်​၏​တရား​စီရင်ခြင်း​ကြောင့် စိတ်​ချမ်းသာ​ကြလိမ့်မည်။

ဖြောင့်မတ်​သူများ​အတွက် မျှော်လင့်ချက်

၂၃။ အာမုတ်ကျမ်း​မှ အဘယ်​မျှော်လင့်ချက်​နှင့် စိတ်သက်သာ​မှု ရရှိနိုင်​သနည်း။

၂၃ အာမုတ်​၏​ပရောဖက်ပြုချက်​တွင် စိတ်ရင်းမှန်​သူများ​အတွက် အလွန်​ကောင်း​သည့် မျှော်လင့်ချက်​နှင့် စိတ်သက်သာ​စေသော သတင်းတရား​ပါရှိ​၏။ အာမုတ်ကျမ်း​၌ ကြို​ဟောထား​သည့်​အတိုင်း ယေဟောဝါ​သည် ရှေးခေတ်​က မိမိ၏​လူမျိုးတော်ကို ရှင်းရှင်း​မဖျက်ဆီး​ခဲ့​ချေ။ နောက်ဆုံး​တွင် ကိုယ်တော်​သည် ဣသရေလ​နှင့် ယုဒ​ကျွန်​သ​ပေါက်​များ​ကို ပြန်​စုသိမ်း​ကာ သူတို့၏​နေရင်းပြည်​သို့ ပို့ဆောင်​၍ လုံခြုံ​စိတ်ချ​ပြီး ချမ်းသာ​ကြွယ်ဝ​စေခြင်း​ဖြင့် ကောင်းချီး​ပေး​ခဲ့​၏။ ယင်းသည် ကျွန်ုပ်​တို့​ခေတ်​အတွက် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။ ယေဟောဝါ​သည် တရား​စီရင်​ချိန်​တွင် လူဆိုး​တို့​အဘယ်​နေရာတွင်​ပင် ပုန်း​နေကြပါ​စေ ရှာတွေ့​မည်​ဖြစ်​ပြီး ကိုယ်တော်​၏​ကရုဏာ​ခံထိုက်​သူများ​လည်း ဤ​ကမ္ဘာ​မြေ​၏ အဘယ်​နေရာတွင်​ပင် နေထိုင်​ပါစေ ရှာတွေ့နိုင်​သည်ကို စိတ်ချ​စေ​၏။

၂၄။ ယေဟောဝါ​၏​မျက်မှောက်ခေတ်​ကျေးကျွန်​များသည် အဘယ်​နည်းများဖြင့် ကောင်းချီး​ရ​နေကြ​သနည်း။

၂၄ လူဆိုး​တို့ကို ယေဟောဝါ​တရား​စီရင်​တော့​မည့်​အချိန်ကို ကျွန်ုပ်​တို့ စောင့်မျှော်​နေကြ​စဉ် ကိုယ်တော်​၏​တည်ကြည်သော ကျေးကျွန်​များ​အနေ​နှင့် ကျွန်ုပ်​တို့ အဘယ်အရာ တွေ့ကြုံ​ရသနည်း။ ကျွန်ုပ်​တို့ကို ဝိညာဉ်​ရေး​ကြွယ်ဝ​ချမ်းသာမှု အလျှံပယ်​ဖြင့် ယေဟောဝါ ကောင်းချီး​ပေး​နေ​၏။ ခရစ်ယာန်ဘောင်​၏ မှားယွင်းသော​သွန်သင်ချက်​များ​ကြောင့် ဖြစ်ပေါ်​လာ​သည့် လိမ်လည်မှု​နှင့် အထင်မှား​မှု​တို့​မရှိသည့် ဝတ်ပြု​ကိုးကွယ်​ရေး​တွင် ကျွန်ုပ်​တို့ ပျော်မွေ့​နေကြ​သည်။ ထို့​ပြင် ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို ဝိညာဉ်​ရေး​အစာ အလျှံပယ်​ကျွေးမွေး​တော်​မူ​သည်။ သို့သော် ယေဟောဝါ​ထံ​မှ​ရရှိသော အဆိုပါ​ကောင်းချီး​များနှင့်​အတူ ကြီးမားသော​တာဝန်​တစ်ခု ဒွန်တွဲ​လိုက်ပါ​လာ​သည်ကို သတိရပါ။ ဘုရားသခင်​သည် ကျရောက်​လာတော့​မည့် တရား​စီရင်ခြင်း​အကြောင်း အခြား​သူများကို သတိပေး​စေ​လို​သည်။ သို့​ဖြစ်၍ ကျွန်ုပ်​တို့အားလုံး​သည် “ထာဝရ​အသက်ကို တလိုတလား​ရှိသူ” များ​အား ရှာတွေ့​ရန် အတတ်နိုင်ဆုံး ကြိုးစား​လုပ်ဆောင်​လို​ကြ​၏။ (တမန်​တော် ၁၃:၄၈က​ဘ) မှန်ပါသည်၊ ယခု ကျွန်ုပ်​တို့​ပျော်မွေ့​နေကြ​ရသည့် ဝိညာဉ်​ရေး​ချမ်းသာ​ကြွယ်ဝမှု​ကို တတ်နိုင်​သလော​က် လူများ​များ​ကို ဝေမျှပေး​လို​ကြ​၏။ ထို့​ပြင် လူဆိုး​တို့​အပေါ် ကျရောက်​တော့​မည့် ဘုရားသခင်​၏​တရား​စီရင်ခြင်း​မှ သူတို့ကို လွတ်မြောက်​စေ​လို​သည်။ အဆိုပါ​ကောင်းချီး​များ​ကို ဝေမျှ​ရန် ကျွန်ုပ်​တို့​တွင် စိတ်ရင်းမှန်​ရှိ​ရမည်​ဖြစ်သည်။ နောက်​ဆောင်းပါး​တွင် ကျွန်ုပ်​တို့ တွေ့ရှိ​ရမည့်​အတိုင်း အာမုတ်​၏​ပရောဖက်ပြုချက်​က ယင်းကို​လည်း အလေးပေး​ဖော်ပြ​ထား​သည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

ယေဟောဝါ​၏​ပြစ်ဒဏ်​စီရင်ခြင်း​သည် အမြဲ​ထိုက်​သင့်​ရာ ဖြစ်​ကြောင်း အာမုတ်​၏​ပရောဖက်ပြုချက်​က မည်သို့ ဖော်ပြ​သနည်း။

အာမုတ်​သည် ဘုရားသခင်​၏​တရား​စီရင်ခြင်း​ကို ရှောင်တိမ်း​၍​မရနိုင်​ကြောင်း အဘယ်​အထောက်အထား​ပြသ,သနည်း။

ဘုရားသခင်​သည် စိစစ်​၍ တရား​စီရင်​ကြောင်း အာမုတ်ကျမ်း​က မည်သို့​ဖော်ပြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]

ဣသရေလ​နိုင်ငံ​သည် ဘုရားသခင်​၏​တရား​စီရင်ချက်​မှ မလွတ်​မြောက်​ခဲ့

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဘီ.စီ.အီး. ၅၃၇ ခုနှစ်​တွင် ဣသရေလ​နှင့် ယုဒ​အကြွင်းအကျန်​သည် ဗာဗုလုန်​သုံ့ပန်း​ဘဝ​မှ လွတ်မြောက်​ခဲ့