မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် ထာဝစဉ်အသက်ရှင်လိုပါသလော

သင် ထာဝစဉ်အသက်ရှင်လိုပါသလော

သင် ထာဝစဉ်​အသက်ရှင်​လို​ပါသလော

“သေ​ရမှာ​ကို ကျွန်မ မကြောက်​ပါ​ဘူး၊ ဒီ​ပန်း​တွေ​နဲ့​ခွဲခွာ​ရမှာ​ကို​တော့ စိတ်မကောင်း​ဖြစ်​မိတယ်” ဟု​ဂျပန်​နိုင်ငံ​မှ သက်ကြီးရွယ်အို​အမျိုးသမီး​တစ်ဦး​ဆို​၏။ သူ့​အိမ်​သို့ အလည်အပတ်​ရောက်ရှိ​နေသော ခရစ်ယာန်​အမှုဆောင်​က သူ​အဘယ်ကြောင့် ထိုသို့​ပြော​ရ​ကြောင်း သဘောပေါက်​သည်၊ အကြောင်း​မှာ ထို​အမျိုးသမီး​၏ ဥယျာဉ်သည် အလွန်​လှပသော​ကြောင့်​ဖြစ်သည်။ သေ​ရမှာ မကြောက်​ပါ​ဟု ပြောဆိုသူ​များစွာ​သည် ဘုရားသခင်​၏ အံ့ချီးဖွယ်​ဖန်ဆင်း​ရာ​များ​ကို အလွန်​နှစ်သက်​မြတ်နိုးကြ​၍ အမှန်​အားဖြင့် ထာဝစဉ်​အသက်ရှင်​လို​ကြသည်။

ထာဝစဉ်​အသက်ရှင်ခြင်း​ဟုတ်​စ။ လူအများသည် ထို​အတွေးမျိုးကို စိတ်ထဲ​မှ​ဖျောက်ပစ်​ကြ​ပေမည်။ အချို့​က ထာဝစဉ်​အသက်ရှင်ဖို့ စိတ်မဝင်စား​ဟု​ပင် ဆို​ကြ​ပေမည်။ အဘယ်ကြောင့် ထိုသို့​ဆို​ကြ​သနည်း။

ထာဝရ​အသက်—ငြီးငွေ့စရာ​လော

ထာဝစဉ်​အသက်ရှင်ခြင်း​သည် ငြီးငွေ့စရာ​ဖြစ်​မည်​ဟု အချို့​ယူမှတ်​ကြ​၏။ လုပ်ကိုင်​စ​ရာ​အလုပ်​မရှိ၊ ရုပ်မြင်သံကြား​စက်​ကို ထိုင်​ငေး​ကြည့်​နေကြ​ရသော အငြိမ်းစား​ယူ​သူ များစွာ​တို့၏ ငြီးငွေ့​ဖွယ်​ဘဝကို သူတို့​ညွှန်ပြ​ကြ​ပေမည်။ ထိုသို့​သင်ယူ​မှတ်​မည်​ဆိုလျှင် ထာဝစဉ်​အသက်ရှင်ခြင်း​သည် ကောင်းချီး​ဖြစ်​မည်​လော၊ ကျိန်ခြင်း​ဖြစ်​မည်​လော​ဟု မေးမြန်း​ခံရ​ချိန်​၌ နက္ခတ္တ​ဗေဒ​ပညာရှင် ရောဘတ် ဂျက်​စ်​ထ​ရို​၏​အဖြေကို သုံးသပ်ကြည့်​ပါ။ “စူးစမ်း​ချင်စိတ်​ရှိပြီး အစဉ်မပြတ်​သင်ယူ​လို​စိတ်​ရှိသူတို့​အတွက် ယင်းသည် ကောင်းချီး​ဖြစ်​ပေမည်။ ထာဝစဉ် အသိပညာ​ဆည်းပူး​နေခွင့်​ရှိ​မည်​ဟု သိရှိ​ရခြင်း​ကို သူတို့​အလွန်​သဘောကျ​လိမ့်​မည်။ သို့သော် သိရှိ​နိုင်​သမျှ သိထား​ပြီ​ဟု​ယူမှတ်​ပြီး အမြင်​ကျဉ်း​သူများ​အတွက်​မူ ထာဝစဉ် အသက်ရှင်​ရခြင်း​သည် ဆိုးရွား​သော​ကျိန်စာ​ဖြစ်​ပေမည်။ အချိန်ကို မည်သို့​အသုံးပြု​ရ​မှန်း သူတို့​သိ​ကြ​မည်​မဟုတ်​ချေ” ဟု​ဂျက်​စ်​ထ​ရို​ဖြေဆိုခဲ့သည်။

ထာဝရ​အသက်သည် ငြီးငွေ့စရာ​ဖြစ်​မဖြစ် ဆုံးဖြတ်​ရန်​မှာ သင်၏​သဘောထား​အပေါ် များစွာ​မူတည်​၏။ သင့်​မှာ ‘စူးစမ်း​ချင်စိတ်​ရှိပြီး အစဉ်မပြတ်​သင်ယူ​လို​စိတ်​ရှိ’ မည်​ဆိုလျှင် အနုပညာ၊ တေးဂီတ၊ ဗိသုကာ​အတတ်ပညာ၊ ဥယျာဉ်​စိုက်ပျိုးရေး သို့​မဟုတ် သင်​ဝါသနာ​ပါ​သော မည်သည့်​လေ့လာမှု​မဆို​ကို မည်မျှ​တတ်မြောက်​လာနိုင်​ကြောင်း စဉ်းစား​ကြည့်​ပါ။ မြေကြီးပေါ် ထာဝစဉ်​အသက်ရှင်ခြင်း​ဖြင့် သင်​စိတ်ဝင်စား​ရာ​ပညာရပ်​တို့​တွင် စွမ်းရည်​အကြီးအကျယ် တိုးတက်လာ​နိုင်​စ​ရာ​အကြောင်း​ရှိသည်။

မေတ္တာကို ထာဝစဉ်​တင်ပြ​နိုင်​ရုံ​မ​က ကိုယ်​ကိုယ်တိုင် မေတ္တာပြ​ခံရ​သည့်​အတွက် ထာဝစဉ်​အသက်ရှင်​ရကျိုးနပ်​ပေ​လိမ့်​မည်။ ကျွန်ုပ်​တို့သည် မေတ္တာပြ​နိုင်သော​စွမ်းရည်​ဖြင့် ဖန်ဆင်း​ခံ​ထား​ကြ​ရပြီး ချစ်​မြတ်နိုး​ခံရသော​အခါ ဖွံ့ဖြိုး​ရှင်သန်​ကြသည်။ စစ်မှန်သော​မေတ္တာကို မျှဝေ​ခံစား​ကြ​ရခြင်း​သည် အစဉ်​ကျေနပ်မှု​ရှိစေသည်။ ထာဝစဉ်​အသက်ရှင်ခြင်း​ဖြင့် လူလူချင်းကို​သာမက အထူးသဖြင့် ဘုရားသခင်​အား ချစ်​မြတ်နိုး​စိတ် တိုးပွား​စေနိုင်​သော​အခွင့်အရေး​ကို အစဉ်မပြတ်​ရရှိ​သည်။ “အကြင်သူသည် ဘုရားသခင်​ကို​ချစ်​လျှင်​မူ​ကား ထို​သူကို​ဘုရားသခင်​သိကျွမ်း​တော်​မူ​၏” ဟု​တမန်​တော်​ပေါလု​ပြော​ခဲ့​သည်။ (၁ ကောရိန္သု ၈:၃သမ္မာ) စကြဝဠာ​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင်​အား သိကျွမ်း​ရပြီး ကျွန်ုပ်​တို့ကို ကိုယ်တော်​အသိအမှတ်​ပြုခြင်း​သည် အမှန်တကယ်​ထူးမြတ်​သော အခွင့်အရေး​ပင်! ထို့​ပြင် မေတ္တာ​ရှိသော ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​အကြောင်း သင်ယူစရာ မကုန်နိုင်​ပါ။ သို့​ဖြစ်၍ ထာဝရ​အသက်သည် ငြီးငွေ့စရာ၊ အကျိုး​မဖြစ်​စ​ရာ​အကြောင်း မည်သို့​ရှိ​နိုင်​မည်​နည်း။

အသက်—နေ့​မြင်​ည​ပျောက်​ဖြစ်၍ အဖိုးတန်

အချို့​က အသက်​တိုတောင်း​ခြင်း​က ယင်းကို အလွန်​အဖိုးတန်​ရာ​ဖြစ်စေ​သည်​ဟု ယူမှတ်​ကြ​၏။ အသက်ကို အနည်း​အကျဉ်း​သာ​ရှိသော ရွှေ​နှင့် သူတို့​ခိုင်းနှိုင်း​တတ်ကြ​သည်။ ရွှေ​ကို နေရာတကာ​တွင် တွေ့​နိုင်​မည်​ဆိုလျှင် တန်ဖိုး​ရှိတော့မည်​မဟုတ်​ဟု သူတို့​ဆို​သည်။ မည်သို့​ဆို​စေ ရွှေ​သည် လှပ​တင့်တယ်​ဆဲ​ဖြစ်​မည်။ အသက်​နှင့်​ပတ်သက်​၍​လည်း ထို​နည်းတူ​ပင်။

ထာဝစဉ်​အသက်ရှင်ခြင်း​အား လေ​အလျှံပယ်​ရှိ​ခြင်း​နှင့် နှိုင်းယှဉ်​ကြည့်​နိုင်​ပေ​သည်။ စက်​ချို့ယွင်း​နေသော ရေငုပ်​သင်္ဘော​တစ်စီး​ရှိ သင်္ဘောသား​များသည် လေကို အလွန်​တန်ဖိုး​ထား​ကြ​ပေမည်။ သူတို့သည် ကယ်ဆယ်​ခံရ​ပြီး​နောက် လေ ဝဝရှူ​ရခြင်း​ကို ကျေးဇူး​မတင်​ဘဲ​နေကြ​မည် ထင်​သလော။ ဝေးလေစွ!

အဆိုပါ​သင်္ဘောသား​များ​ကဲ့သို့ ကျွန်ုပ်​တို့​လည်း ကယ်ဆယ်​ခံရ​နိုင်​ပေ​သည်၊ သို့သော် နှစ်​အနည်းငယ်​အသက်ရှင်ဖို့​မဟုတ်ဘဲ ထာဝစဉ်​အသက်ရှင်​ရန် ကယ်ဆယ်​ခံရ​ခြင်း​ဖြစ်သည်။ “အပြစ်​တရား​၏​အ​ခ​ကား သေခြင်း​ပေ​တည်း။ ဘုရားသခင်​ပေး​တော်​မူ​သော ဆုကျေးဇူး​တော်​ကား၊ ငါ​တို့​သခင်​ယေရှု​ခရစ်​အားဖြင့် ထာဝရ​အသက်​ပေ​တည်း” ဟု​တမန်​တော်​ပေါလု ရေးသားခဲ့​သည်။ (ရောမ ၆:၂၃) ဘုရားသခင်​သည် လူ့​မစုံလင်မှု​နှင့် သေခြင်းကို ယေရှု၏​ရွေးနုတ်ဖိုး​ပူဇော်ရာ​ယဇ်​အားဖြင့် ဖယ်ရှားပစ်​ပြီး နာခံမှု​ရှိသော​လူသားတို့အား ထာဝရ​အသက်ဆု​ကျေးဇူး ပေးသနား​တော်​မူ​လိမ့်​မည်။ ဤမျှ​မေတ္တာပါ​သော အစီအစဉ်ကို ကျွန်ုပ်​တို့​အမှန်တကယ် ကျေးဇူး​တင်​သင့်​သည်!

သင်​ချစ်​မြတ်နိုး​ရသူ​များ​ကော

အချို့​က ‘ကျွန်ုပ်​ချစ်​မြတ်နိုး​ရသူ​များ​ကော။ သူတို့​သာ ကျွန်ုပ်​နဲ့​အတူ​မရှိခဲ့​ရင် မြေကြီးပေါ် ထာဝစဉ်​အသက်ရှင်​ရတာ အဓိပ္ပာယ်​ရှိ​မှာ​မဟုတ်ဘူး’ ဟု​စဉ်းစား​ကြ​ပေမည်။ သင်သည် သမ္မာကျမ်းစာ​အသိပညာကို ဆည်းပူး​ရယူ​ထားပြီး မြေကြီး​ပရဒိသု​တွင် ထာဝစဉ်​အသက်ရှင်​နိုင်​ခွင့်​ရှိကြောင်း သိရှိ​ထားပြီး​ဖြစ်​ပေမည်။ (လုကာ ၂၃:၄၃; ယောဟန် ၃:၁၆; ၁၇:၃) ထို့​ကြောင့် သင်၏​မိသားစု​မှ​သူများ၊ အခြား​ချစ်​မြတ်နိုး​ရသူ​များနှင့် ချစ်​မိတ်ဆွေများ​ကိုလည်း ထို​တွင် ရှိစေ​လို​မည်​ဖြစ်​ပြီး ဘုရားသခင်​ကတိထားရာ ဖြောင့်မတ်​သော​ကမ္ဘာသစ်​တွင် ခံစားရ​မည့် ပျော်ရွှင်မှု​များ​ကို သူတို့အား ခံစား​စေ​လို​ပေမည်။—၂ ပေတရု ၃:၁၃

သို့သော် သင်၏​မိတ်ဆွေများ​နှင့် ချစ်​မြတ်နိုး​ရသူ​များ​က မြေကြီး​ပရဒိသု​ပေါ် ထာဝစဉ်​အသက်ရှင်​လို​စိတ် မ​ရှိလျှင်​ကော။ ယင်းကြောင့် စိတ်ဓာတ်​မကျ​ပါ​နှင့်။ တိကျ​မှန်ကန်သော​ကျမ်းစာ​အသိပညာကို ဆက်လက်​ဆည်းပူး​ပြီး ယင်း​နှင့်​အညီ ပြုမူ​ကျင့်ကြံ​လျက်​နေပါ။ တမန်​တော်​ပေါလု​က “အချင်း​မိန်းမ၊ သင်သည် ကိုယ်​ခင်ပွန်း​ကို​ကယ်တင်​မည်၊ မ​ကယ်တင်​မည်​ကို အဘယ်​သို့​သိ​သနည်း။ အချင်း​ယောက်ျား၊ သင်သည် ကိုယ်​ခင်ပွန်း​ကို​ကယ်တင်​မည်၊ မ​ကယ်တင်​မည်​ကို အဘယ်​သို့​သိ​သနည်း” ဟု​ရေးသားခဲ့​သည်။ (၁ ကောရိန္သု ၇:၁၆) လူတို့သည် စိတ်​ပြောင်းလဲ​တတ်ကြ​သည်။ ဥပမာ၊ ယခင်​က ခရစ်ယာန်​ဘာသာ​ကို အတိုက်အခံပြု​ခဲ့​သော အမျိုးသား​တစ်ဦး​သည် စိတ်ပြောင်း​လဲ​၍ နောက်ပိုင်း​တွင် ခရစ်ယာန်​အသင်းတော်​အကြီးအကဲ​တစ်ဦး ဖြစ်လာ​ခဲ့​သည်။ သူက “ကျွန်တော့်​မိသားစု​လေး​ဟာ ကျွန်တော်​အတိုက်အခံပြု​ခဲ့​ချိန်​တစ်လျှောက် ကျမ်းစာ​မူတွေကို တည်တည်​ကြည်​ကြည်​ဆုပ်ကိုင်​ခဲ့​တဲ့​အတွက် ကျွန်တော်​တကယ်​ကျေးဇူး​တင်​မိတယ်” ဟု​ဆို​၏။

ဘုရားသခင်​သည် သင်​နှင့် သင်​ချစ်​မြတ်နိုး​ရသူ​တို့၏​အသက်ကို အလွန်​တန်ဖိုး​ထား​တော်​မူ​၏။ အမှန်​မှာ “ယေဟောဝါ​သည် . . . မည်သူမျှ​ဖျက်ဆီးခြင်း​မခံရ​ဘဲ ရှိသမျှ​နောင်တ​ရစေ​ရန် ဆန္ဒရှိ . . . တော်​မူ​၏။” (၂ ပေတရု ၃:၉က​ဘ) ယေဟောဝါ​ဘုရားသခင်​သည် သင်​နှင့် သင်​ချစ်​မြတ်နိုး​ရသူ​တို့ကို ထာဝစဉ်​အသက်ရှင်​စေ​လို​၏။ ကိုယ်တော်​၏​ချစ်ခြင်း​မေတ္တာသည် မစုံလင်​သော​လူသားများ​၏​မေတ္တာ​ထက် ကြီးမား​တော်​မူ​၏။ (ဟေရှာယ ၄၉:၁၅) သို့​ဖြစ်၍ ဘုရားသခင်​နှင့် ဆက်ဆံ​ရေး​ကောင်း​ရှိ​ရန် ပြုစု​ပျိုးထောင်​ပါ​လေ။ ထို​သို့ပြုလျှင် သင်​ချစ်​မြတ်နိုး​ရသူ​များ​အား ထပ်တူ​ပြု​ရန် ကူညီ​ပေး​နိုင်​ပေ​လိမ့်​မည်။ သူတို့သည် ထာဝစဉ်​အသက်ရှင်​ရန် လောလောဆယ် မျှော်လင့်ချက်​မထား​သေး​လျှင်​ပင် သမ္မာကျမ်းစာ​၏ တိကျ​မှန်ကန်သော​အသိပညာနှင့်​အညီ အသင် ပြုမူ​ကျင့်ကြံ​သည်ကို မြင်တွေ့ရ​သောအခါ သူတို့၏​သဘောထား ပြောင်း​သွား​နိုင်​ပါ​သည်။

သင်​ချစ်​မြတ်နိုး​ရသော ကွယ်လွန်​သူများ​ကော အသို့နည်း။ သေဆုံး​ခဲ့​ကြ​သူ သန်းပေါင်း​များစွာ​သည် သေခြင်း​မှ​နိုးထ​လာပြီး မြေကြီး​ပရဒိသု​တွင် အသက်ရှင်​နေထိုင်​နိုင်​ရန် ရှင်ပြန်ထမြောက်ခြင်း အံ့ဖွယ်​မျှော်လင့်ချက်ကို သမ္မာကျမ်းစာ​က ကမ်း​လှမ်း​ထား​သည်။ ယေရှု​ခရစ်​က “သင်္ချိုင်း​များ​မှာ​ရှိသောသူ​အပေါင်းတို့သည် . . . ထွက်​ရမည့်​အချိန်ကာလ​ရောက်​လတ္တံ့” ဟု​ကတိပြု​ခဲ့​သည်။ (ယောဟန် ၅:၂၈၊ ၂၉) ဘုရားသခင်​ကို​မသိဘဲ သေဆုံး​ခဲ့​ကြ​သူများ​ပင် အသက်ပြန်ရှင်​ကြ​မည်၊ အကြောင်း​မှာ သမ္မာကျမ်းစာ​က “ဖြောင့်မတ်​သော​သူ၊ မဖြောင့်မတ်​သော​သူ​ရှိသမျှ​တို့သည် သေခြင်း​မှ​ထမြောက်​ကြလိမ့်မည်” ဟု​ဖော်ပြ​ထား​၏။ (တမန်​တော် ၂၄:၁၅) သူတို့ ပြန်​အသက်ရှင်​လာ​သည့်​အခါ ကြိုဆို​ခွင့်​ရခြင်း​သည် အလွန်​ပျော်ရွှင်စရာ​ကောင်း​ပါ​လိမ့်​မည်!

ထာဝရ​အသက်—ပျော်ရွှင်ဖွယ်​အလားအလာ

ယခု​ပင် ဤ​လောက​၏​ဆင်းရဲ​ခက်ခဲ​မှုများ​အကြား ပျော်ရွှင်မှု​နှင့် ကျေနပ်​ရောင့်ရဲမှု တွေ့ရှိ​နိုင်​လျှင် မြေကြီး​ပရဒိသု​ပေါ်​တွင် ထာဝစဉ်​အသက်ရှင်​ရသည့်​အခါ သင်​အမှန်​ပျော်ရွှင်​နိုင်​ပါ​လိမ့်​မည်။ ထာဝစဉ်​အသက်ရှင်​ချိန်​တွင် ရရှိ​မည့် ဆုကျေးဇူး​များ​ကို ယေဟောဝါသက်သေ​တစ်ဦး​က ပြောပြ​သောအခါ အမျိုးသမီး​တစ်ဦး​က ဤသို့​ဆို​၏– “ကျွန်မ​တော့ ထာဝစဉ်​အသက်မရှင်​ချင်​ပါ​ဘူး။ အခု အသက် ၇၀၊ ၈၀ နေရ​တာ တော်​လောက်​ပါ​ပြီ။” ထိုသို့​ပြောဆိုချိန်​တွင်​ရှိ​နေ၍ ယင်း​စကား​များ​ကို​ကြား​လိုက်​သော ခရစ်ယာန်​အကြီးအကဲ​တစ်ဦး​က “ခင်ဗျား​သေသွား​ရင် ခင်ဗျား​ရဲ့​သားသမီးတွေ ဘယ်လို​ခံစား​ရမယ်ဆိုတာ​ကို စဉ်းစား​ဖူး​သလား” ဟု​မေး​လေ​သည်။ မိခင်​ဆုံးရှုံး​ရ​သဖြင့် သူတို့​ကြုံတွေ့​ခံစားရ​မည့် ဝမ်းနည်းပူဆွေးမှု​ကို စဉ်းစား​ကြည့်​လိုက်​ရာ ထို​အမျိုးသမီး​သည် မျက်ရည်များ​ကျ​လာ​လေ​၏။ သူ​ဤသို့​ဝန်ခံ​သည်– “ကျွန်မ​ဘယ်လောက် တစ်ကိုယ်ကောင်း​ဆန်​တယ်​ဆိုတာ အခု​မှ စဉ်းစား​မိတယ်၊ ထာဝစဉ်​အသက်ရှင်​တာ​ဟာ ကိုယ်ကျိုး​အတွက်သာ​မဟုတ်ဘဲ တခြား​သူတွေ​အတွက် အသက်ရှင်​တာ​လည်း​ဖြစ်တယ်​ဆိုတာ ကျွန်မ​နားလည်​လာပြီ။”

မိမိတို့​ရှင်​သည်​ဖြစ်စေ၊ သေ​သည်​ဖြစ်စေ မည်​သူ့​အတွက်​မျှ အရေး​မကြီး​ပါ​ဟု အချို့​ယူဆကြ​ပေမည်။ သို့သော် ကျွန်ုပ်​တို့၏ အသက်ပေး​ပိုင်ရှင်​အတွက် အရေးပါ​၏။ ကိုယ်တော်​က “ငါ​အသက်ရှင်​သည်​အတိုင်း ဆိုးသော​သူသည် အသေခံ​ခြင်း​အမှုကို ငါ​နှစ်သက်​သည်မဟုတ်။ ဆိုးသော​သူသည် မိမိ​ဆိုးသော​လမ်း​မှ​လွှဲ​၍ အသက်ရှင်ခြင်း​အမှုကို​သာ ငါ​နှစ်သက်​၏” ဟု​ဆို​ခဲ့​သည်။ (ယေဇကျေလ ၃၃:၁၁) လူဆိုး​၏​အသက်သည်​ပင် ဘုရားသခင်​အတွက် ဤမျှ​အရေးပါ​သည်​ဖြစ်​ရာ မိမိ​အား ချစ်​မြတ်နိုးသူ​တို့ကို ကိုယ်တော်​ပို​၍​ပင် ဂရုစိုက်​တော်​မူ​၏။

ရှေးခေတ်​ဣသရေလ​ရှင်ဘုရင် ဒါဝိဒ်​သည် ယေဟောဝါ​၏​မေတ္တာပါ​သော စောင့်ရှောက်မှု​ကို​ခံစားရ​ကြောင်း ယုံကြည်​စိတ်ချ​ခဲ့​သည်။ တစ်ခါ​က ဒါဝိဒ်​ဤသို့​ပြော​ခဲ့​ဖူး​သည်– “ကိုယ်​မိဘတို့​သည် အကျွန်ုပ်​ကို​စွန့်​သော်လည်း ထာဝရ​ဘုရား[သခင်]သည် အကျွန်ုပ်​ကို​ချီယူ​တော်​မူ​မည်။” (ဆာလံ ၂၇:၁၀) မိဘများသည် မိမိကို​ချစ်​ကြောင်း ဒါဝိဒ်​စိတ်ချ​ခဲ့​ပေမည်။ သို့သော် သူနှင့်​အရင်းနှီးဆုံး​ဖြစ်သူ မိဘများသည် သူ့ကို​စွန့်ခဲ့​လျှင်​ပင် ဘုရားသခင်​သည် သူ့ကို​စွန့်ပစ်​မည်​မဟုတ်​ကြောင်း သူသိ​ထား​သည်။ ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို မေတ္တာ​ရှိ၍ စိတ်ဝင်စား​သောကြောင့် ထာဝရ​အသက်ကို​ကမ်း​လှမ်း​ပြီး ကိုယ်တော်​၏ ထာဝရ​မိတ်ဆွေများ​ဖြစ်စေ​လို​တော်​မူ​၏။ (ယာကုပ် ၂:၂၃) ဤ​ထူးကဲ​သော​ဆုကျေးဇူး​များ​ကို ကျေးဇူး​တင်​စွာ​ဖြင့် လက်ခံသင့်​သည်မဟုတ်​ပေ​လော။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဘုရားသခင်​နှင့် အိမ်နီးချင်း​ကို​ချစ်​သည့် မေတ္တာက ထာဝစဉ်​အသက်ရှင်​ရ​ကျိုး နပ်​စေပါ​မည်