မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

ရှင်ပြန်ထမြောက်​ခဲ့​သော ယေရှုသည် သောမ​ကို မိမိ​အား ထိ​ကိုင်​စေ​ခဲ့​သော်လည်း အစောပိုင်း​တွင် မာဂဒလမာရိ​ကို အဘယ်ကြောင့် မထိ​ကိုင်​စေ​ခဲ့​သနည်း။

ယေရှုသည် မာဂဒလမာရိ​ကို မိမိ​အား မကိုင်​နှင့်​ဟု မိန့်ဆိုခဲ့​ကြောင်း ရှေး​ဘာသာပြန်​ကျမ်း​အချို့​က ဖော်ပြ​ကြသည်။ ဥပမာ၊ သမ္မာကျမ်းစာတော်​က ယေရှု၏​စကား​များ​ကို ဤသို့​ပြန်ဆို​သည်– “ငါ့ကို မကိုင်​နှင့်​ဦး။ ငါသည် ခမည်း​တော့်​ထံ​သို့ မ​တက်​ရ​သေး။” (ယောဟန် ၂၀:၁၇) သို့သော် “ကိုင်” သည်​ဟူ၍ ပြန်ဆို​လေ့​ရှိသော မူရင်း​ဂရိ​ကြိယာ​မှာ “ဖက်တွယ်၊” “ဆုပ်ကိုင်၊” “ကိုင်​ဖမ်း၊” “ဖမ်းဆုပ်၊” “ကိုင်တွယ်” သည်​ဟု​လည်း အဓိပ္ပာယ်​ရ၏။ ယေရှုသည် မိမိ​အား မာဂဒလမာရိ ကိုင်​ရုံ​ကိုင်​ခြင်း​ကို တားဆီး​နေခြင်း​မဟုတ်၊ အကြောင်း​မှာ သင်္ချိုင်းဂူ​တွင်​ရှိနေကြ​သော အခြား​အမျိုးသမီးများ​အား မိမိ၏ ‘ခြေ​ကို ဖက်ယမ်း’ ခွင့်ပြု​ခဲ့​သောကြောင့်​ဖြစ်သည်။—မဿဲ ၂၈:၉

သန့်ရှင်းသော​ကျမ်း​စာစောင်​များ​၏ ကမ္ဘာသစ်​ဘာသာပြန်​ကျမ်း၊ ယေရုရှလင်​ကျမ်းစာ​သစ် နှင့် အင်္ဂလိပ်​ကျမ်းစာ​သစ်​အစ​ရှိသော ခေတ်​သစ်​စကား​ဖြင့် ဘာသာပြန်​ကျမ်း​များစွာက “ငါ့ကို မ​ဖက်တွယ်​ထား​နှင့်” ဟူ၍ ပြန်ဆိုခြင်း​အားဖြင့် ယေရှု​စကား​၏​အဓိပ္ပာယ်မှန်​ကို နားလည်စေ​သည်။ ယေရှုသည် မိမိ၏​ရင်းနှီးသော​မိတ်ဆွေ​ဖြစ်သူ မာဂဒလမာရိ​အား အဘယ်ကြောင့် ထိုသို့​ပြောဆို​ခဲ့​ရသနည်း။—လုကာ ၈: ၁-၃

ကောင်းကင်​သို့ ယေရှု​တက်ကြွ​သွား​မည်​ကို မာဂဒလမာရိ စိုးရိမ်​နေ​ပုံ​ရ၏။ သူ၏​သခင် ယေရှုကို သံယောဇဉ်​ကြီးမားသော​ကြောင့် ထွက်ခွာ​ခွင့်​မပြု​ဘဲ ဖက်တွယ်​ထားခြင်း​ဖြစ်​မည်။ ယေရှုသည် ချက်ချင်း​မ​ထွက်ခွာ​သွား​သေး​ကြောင်း မာရိ​ကို စိတ်ချ​စေရန် မိမိကို​မ​ဖက်တွယ်​ထား​ဘဲ မိမိ၏​ရှင်ပြန်ထမြောက်ခြင်း​သတင်းကို တပည့်​များ​အား သွား​၍​ပြောကြား​ရန် မိန့်မှာ​ခဲ့​သည်။—ယောဟန် ၂၀:၁၇

သောမ​ကို ယေရှု​ပြော​ခဲ့​သော​စကား​နှင့် အဓိပ္ပာယ်​မတူ​ချေ။ တပည့်​အချို့​ကို ယေရှု ကိုယ်ယောင်​ပြ​စဉ်​အခါ ထို​တွင် သောမ,မရှိခဲ့​ချေ။ နောက်ပိုင်း​တွင် သောမ​သည် ယေရှု၏​ရှင်ပြန်ထမြောက်ခြင်း​ကို သံသယ​ဖြစ်​ကာ ယေရှု၏​သံ​ရိုက်ရာ​များ​ကို မမြင်​ရ​လျှင်၊ လှံ​ထိုး​ထား​ခံရ​သော ယေရှု၏​နံဘေး​ကို မ​စမ်း​ကြည့်​ရ​လျှင် မယုံ​ဟုဆိုလေ၏။ ထို့နောက် ရှစ်​ရက်​ကြာသော် တပည့်​များ​ရှေ့ ယေရှု တစ်ဖန် ကိုယ်ယောင်​ပြ​ခဲ့​သည်။ ဤ​အချိန်တွင် သောမ​ရှိနေပြီး ယေရှု​က မိမိ၏​သံ​ရိုက်ရာ​များ​ကို ထိ​ကိုင်​စေ​ခဲ့​သည်။—ယောဟန် ၂၀:၂၄-၂၇

ထို့​ကြောင့် မာဂဒလမာရိ​၏​အဖြစ်အပျက်​တွင် မိမိ​အား ထွက်ခွာ​ခွင့်​မပြု​လို​သည့် သဘောထား​မှား​ကို ဖြေရှင်း​နေခြင်း​ဖြစ်​ပြီး၊ သောမ​အဖြစ်​တွင်​မူ သံသယဝင်​နေ​သူ​တစ်ဦး​အား ကူညီ​ပေး​နေခြင်း​ဖြစ်သည်။ ၎င်း​ဖြစ်ရပ်​နှစ်ခုစလုံး​တွင် ယေရှု၏​ပြုမူ​လုပ်ဆောင်မှု​သည် အကြောင်းကောင်း​ရှိခဲ့​၏။