ထူးခြားသည့် လူ့ဉာဉ်
ထူးခြားသည့် လူ့ဉာဉ်
ဂျိုဒီသည် အိမ်ရာမြေရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးဖြစ်၏။ သူသည် အမျိုးသမီးတစ်ဦး၏ ကွယ်လွန်သူညီမ၏ပိုင်ဆိုင်ရာ အိမ်ထောင်ပရိဘောဂများကို အမျိုးအစားခွဲ၍ ရောင်းချရန် ကူညီပေးနေသည်။ မီးလင်းဖိုဟောင်းတစ်ခုတွင် ဟိုရှာသည်ရှာလုပ်နေစဉ် ငါးမျှားကိရိယာများ ထည့်သိမ်းထားတတ်သည့် ဘူးဟောင်းနှစ်ဘူးကို တွေ့ရှိလေသည်။ ဘူးတစ်ဘူးကို ဖွင့်ကြည့်လိုက်ရာ သူအလွန်အံ့အားသင့်သွား၏။ အလူမီနီယံပြားဖြင့် လိပ်ပတ်ထားသော စုစုပေါင်းဒေါ်လာ ၈၂,၀၀၀ ရှိ ဒေါ်လာ ၁၀၀ တန်ငွေစက္ကူများ ဖြစ်နေလေသည်! ထိုအခန်းထဲတွင် ဂျိုဒီတစ်ဦးတည်းရှိနေသည်။ သူဘာလုပ်ရမည်နည်း။ ထိုဘူးကို တိတ်တဆိတ်ယူထားလိုက်ရမည်လော၊ ထိုငွေစက္ကူများတွေ့ရှိကြောင်း အမျိုးသမီးအား ပြောပြလိုက်ရမည်လော။
ဝေခွဲမရဖြစ်နေသည့် ဂျိုဒီ၏အဖြစ်သည် ကျွန်ုပ်တို့နှင့် တိရစ္ဆာန်များ ကွာခြားသည့် ထူးခြားသောစရိုက်တစ်ခုကို ပေါ်လွင်စေသည်။ ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းက ဤသို့ဆို၏– “လူသားတို့၏ ထူးခြားသောဉာဉ်တစ်ခုမှာ ဘယ်အရာလုပ်သင့်သည်၊ မလုပ်သင့်သည်နှင့်ပတ်သက်၍ စဉ်းစားစေသော မေးခွန်းများ မေးတတ်ခြင်းဖြစ်သည်။” စားပွဲပေါ်တွင်တင်ထားသော အသားတုံးတစ်တုံးကို ဗိုက်ဆာနေသော ခွေးတစ်ကောင် တွေ့ရှိသွားသည့်အခါ အသားတုံးကို စားသင့်မစားသင့် စဉ်းစားနေမည်မဟုတ်ချေ။ သို့သော် ဂျိုဒီတွင်မူ မိမိ၏ဆုံးဖြတ်ချက်နှင့်ပတ်သက်သည့် ကိုယ်ကျင့်တရားကို ချင့်ချိန်နိုင်စွမ်းရှိ၏။ အဆိုပါငွေကို သူယူထားလိုက်မည်ဆိုလျှင် ခိုးမှုဖြစ်သွားမည်၊ သို့သော် အဖမ်းခံရနိုင်ဖွယ်မရှိချေ။ အဆိုပါငွေကို သူမပိုင်ဆိုင်ပါ; သို့သော် ယင်းငွေရှိကြောင်းကို အမျိုးသမီး မသိပေ။ ထို့အပြင် အဆိုပါငွေကို အမျိုးသမီးအား ပြန်ပေးလိုက်မည်ဆိုပါက ဂျိုဒီ၏အသိုင်းအဝိုင်းမှ လူအများစုက သူ့ကို လူနုံလူအဟု ယူဆကြပေလိမ့်မည်။
ဂျိုဒီ၏အခြေအနေမျိုးတွင် သင်ရှိနေမည်ဆိုလျှင် အဘယ်သို့ပြုမည်နည်း။ ဤမေးခွန်းကို သင်ဖြေဆိုပုံက သင်ရွေးချယ်လက်ခံခဲ့သည့် ကျင့်ဝတ်တရားစံနှုန်းများအပေါ် မူတည်ပါလိမ့်မည်။
ကျင့်ဝတ်တရားဟူသည် အဘယ်အရာကိုဆိုလိုသနည်း
ကျင့်ဝတ်တရားကို “ကိုယ်ကျင့်တရားအရ အဘယ်အရာ မှန်သည်၊ မှားသည်နှင့်ပတ်သက်သော ကိစ္စရပ်များကို လေ့လာခြင်း” ဟူ၍ ဖော်ပြကြသည်။ (ကောလင်း ကိုဘီလ် အင်္ဂလိပ်အဘိဓာန်) စာရေးဆရာ အဲရစ် ဂျေ. အီစတန်က ဤသို့ဆိုသည်– “‘ကျင့်ဝတ်တရား’ နှင့် ‘ကိုယ်ကျင့်တရား’ တို့၏ အဓိပ္ပာယ်ရင်းမြစ်မှာ အတူတူပင်ဖြစ်သည်။ မူရင်းတွင် ပထမစကားလုံးသည် ဂရိစကားလုံး (အီသီကိုစ်) နှင့် ဒုတိယစကားလုံးမှာမူ လက်တင်စကား (မိုရာလစ္စ) တို့ဖြစ်ကြပြီး နှစ်မျိုးစလုံးက ထုံးတမ်းဓလေ့နှင့် မိရိုးဖလာသြဇာညောင်းမှုကို ရည်ညွှန်းသည်။
ဘာသာတရားသည် အများအားဖြင့် လူတို့လက်ခံကြသည့် ကျင့်ဝတ်စံနှုန်းများကို နှစ်အတန်ကြာ ဩဇာလွှမ်းခဲ့ပေပြီ။ လူ့ဘောင်အဖွဲ့အစည်းများစွာတွင် သမ္မာကျမ်းစာသည် ဩဇာညောင်းသည့် စွမ်းအားတစ်ခုဖြစ်ခဲ့ပြီ။ သို့သော်၊ . . . စံနှုန်းအမျိုးမျိုးကို လက်တွေ့မကျ၊ ကျမ်းစာ၏ကျင့်ဝတ်စည်းကမ်းတို့သည်လည်း ခေတ်နောက်ကျသွားပြီဟုဆိုကာ ပစ်ပယ်လိုက်ကြသူအရေအတွက်သည် ကမ္ဘာတစ်ဝန်းတွင် များသည်ထက်များလာပေပြီ။ ဤနေရာလွတ်တွင် မည်သည့်အရာ အစားဝင်သွားပြီနည်း။ စီးပွားရေးလောကရှိ ကျင့်ဝတ်တရားစာအုပ်ကဆိုသည်မှာ “ယခင်က ဘာသာတရား ပိုင်ဆိုင်ခဲ့သည့် ဩဇာညောင်းမှုကို လောကအသိဉာဏ်က အနိုင်ယူသွားပြီ” ဟူ၍ဖြစ်သည်။ ဘာသာရေးရင်းမြစ်များကို အားထားကြမည့်အစား လူအများသည် ကျင့်ဝတ်ဆိုင်ရာဘာသာရပ်များဘက် ကျွမ်းကျင်သည့် လောကပညာရှင်များ၏ လမ်းညွှန်မှုကို ရယူလိုကြသည်။ ဇီဝကျင့်ဝတ်ပညာရှင် ပေါလ် မက်နီးလ်က ဤသို့ဆိုသည်– “ကျင့်ဝတ်ပညာရှင်များသည် လောကဘုန်းကြီးများဖြစ်ကြသည်ဟု ကျွန်ုပ်ယူဆသည်။ . . . လူတို့သည် ယခင်က ဘာသာတရားနှင့်ဆက်နွှယ်ပြီး ပြောဆိုခဲ့ကြမည်ဖြစ်သော်လည်း ယခုအခါ ကျင့်ဝတ်တရားအပေါ်မူတည်၍ ပြောဆိုလေ့ရှိတော့သည်။”
သင်သည် ဆုံးဖြတ်ချက်ချရခက်သည့်အခါ အမှားအမှန်ကို မည်သို့ပိုင်းခြားသနည်း။ သင်၏ကျင့်ဝတ်စံနှုန်းများကို ဘုရားသခင်အား သတ်မှတ်စေသလော သို့မဟုတ် သင်ကိုယ်တိုင်သတ်မှတ်သလော။