မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏မေတ္တာပါဂရုစိုက်မှုကို ယုံကြည်ကိုးစားခြင်း

ယေဟောဝါ၏မေတ္တာပါဂရုစိုက်မှုကို ယုံကြည်ကိုးစားခြင်း

ဘဝ​အတ္ထုပ္ပတ္တိ

ယေဟောဝါ​၏​မေတ္တာပါ​ဂရုစိုက်​မှု​ကို ယုံကြည်​ကိုးစားခြင်း

အဲ​န်​နာ ဒဲန်စ် တာ​ပင်​န် ပြောပြ​သည်

“သမီး​က ‘ဘာဖြစ်​လို့လဲ’ ဆိုပြီး မေးခွန်း​သိပ်​ထူ​တာ​ပဲ!” လို့​အမေက ပြုံးပြုံးလေး​နဲ့​ပြော​တယ်။ ကျွန်မ​ငယ်ငယ်​ကတည်းက မိဘတွေကို မေးခွန်းတွေ တရ​စပ်​မေး​တတ်တယ်။ ဒါပေမဲ့ ကလေး​ပီပီ ကျွန်မ​စပ်စု​တာ​ကို အဖေနဲ့​အမေက တစ်ခါ​မှ မ​ဆူ​ခဲ့​ဘူး။ ကျမ်းစာ​နဲ့​လေ့ကျင့်ပေး​ထား​တဲ့​သိစိတ်ကို အခြေခံ​ပြီး အကျိုးသင့်အကြောင်းသင့် စဉ်းစား​ပြီး၊ ကိုယ်ပိုင် ဆုံးဖြတ်ချက်​တွေ​ချဖို့ သင်ပေးတယ်။ အဲ့ဒီ​လေ့ကျင့်မှု​ဟာ တကယ်​တန်ဖိုး​ရှိတယ်ဆိုတာ ထင်ရှား​လာတယ်! ကျွန်မ ၁၄ နှစ်​တုန်း​က နေ့ တစ်နေ့​မှာ ကျွန်မ​မိဘတွေကို နာဇီ​တွေ ဖမ်းသွား​ပြီး​ကတည်းက သူတို့နဲ့​ပြန်​မ​တွေ့ရ​တော့​ဘူး။

ကျွန်မ​ရဲ့​အဖေ အော့စ်​ကာ​ရ် ဒဲန်စ်​နဲ့ အမေ အဲ​န်​နာ မာ​ရီ​ယာ က ဆွစ်​နယ်စပ်​နားက ဂျာမနီ​မြို့​တစ်မြို့​ဖြစ်​တဲ့ လော့​ရ်​အာ​ခ်​မှာ နေကြ​တယ်။ သူတို့​လူငယ်​ဘဝ​တုန်း​က နိုင်ငံရေး​မှာ ပါဝင်​ခဲ့​ကြ​လို့ ရပ်ကွက်​ကလူ​တွေ သူတို့ကို​သိ​ပြီး လေးစား​ကြတယ်။ ဒါပေမဲ့ သူတို့​လက်ထပ်​ပြီး သိပ်​မကြာခင် ၁၉၂၂ ခုနှစ်​မှာ သူတို့ရဲ့​နိုင်ငံရေး​အမြင်​နဲ့ ဘဝ​ပန်းတိုင်​တွေ ပြောင်း​သွားတယ်။ အဲ့ဒီ​တုန်း​က ကျမ်းစာ​ကျောင်းသား​တွေ​လို့​ခေါ်​တဲ့ ယေဟောဝါသက်သေ​တွေ​နဲ့ အမေ ကျမ်းစာ​စလေ့လာ​ပြီး ဘုရားသခင့်​နိုင်ငံတော်​က ကမ္ဘာ​ပေါ် ငြိမ်းချမ်းရေး ဆောင်ကြဉ်း​ပေး​မယ်​လို့ သိ​ရတဲ့​အချိန်​မှာ ဝမ်းသာ​ပီတိ​ဖြစ်​ခဲ့​တယ်။ မကြာခင် အဖေ​လည်း အမေနဲ့​အတူ ကျမ်းစာ​လေ့လာ​ပြီး ကျမ်းစာ​ကျောင်းသား​တွေ​ရဲ့ အစည်းအဝေးတွေကို စတက်​တော့​တယ်။ အဲ့ဒီ​နှစ်​က ခရစ္စမတ်​လက်ဆောင်​အနေ​နဲ့ ကျမ်းစာ​လေ့လာ​ဖို့ အထောက်အကူ​ပြု​စာအုပ်​အဖြစ် ဘုရားသခင့်​စောင်းတော်​ကို​တောင် အဖေက အမေ့ကို ပေး​ခဲ့​သေး​တယ်။ တစ်ဦးတည်း​သောက​လေး​ဖြစ်​တဲ့ ကျွန်မ​ကို ၁၉၂၃၊ မတ် ၂၅ ရက်​နေ့မှာ မွေးဖွားခဲ့တယ်။

ကျွန်မ​တို့​ရဲ့ မိသားစု​ဘဝမှာ မေ့​လို့​မရတာ​တွေ အများကြီး​ပဲ—အေးဆေး​ငြိမ်သက်​နေတဲ့ တောနက်​မှာ နွေ​ရာသီ​ခြေကျင်​ခရီး​သွားတာ​တွေ၊ အိမ်မှုကိစ္စ​တွေ​ကို အမေ​သင်ပေးတာ​တွေ​ဟာ အမှတ်ရစရာတွေ​ပါ! မီးဖိုချောင်​မှာ အမေ​မတ်တတ်ရပ်​ပြီး သူ့​စားဖိုမှူး​လေး​ကို အချက်အပြုတ် သင်ပေး​နေတာ ခု​ထိ မြင်ယောင်​နိုင်​သေး​တယ်။ ဒါ့​ထက်​အရေးကြီးတာက ယေဟောဝါ​ဘုရားသခင်​ကို ချစ်​ပြီး ယုံကြည်​ကိုးစား​ဖို့ မိဘတွေက ကျွန်မ​ကို သင်ပေးခဲ့တယ်။

ကျွန်မ​တို့​အသင်းတော်မှာ တက်ကြွ​လှုပ်ရှား​တဲ့ ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ အ​ယောက် ၄၀ ရှိတယ်။ ကျွန်မ​ရဲ့​မိဘတွေက ဘုရားသခင့်​နိုင်ငံတော်​အကြောင်း ဟောပြောဖို့ အခွင့်အရေးတွေ ရှာယူ​တတ်တယ်။ အရင်က ရပ်ကွက်​လှုပ်ရှားမှု​တွေ​မှာ သူတို့​ပါဝင်​ခဲ့​ကြ​ဖူး​လို့ လူတွေနဲ့​ပေါင်းသင်း​တတ်​ပြီး လူတွေကလည်း သူတို့ကို လက်ခံဖို့ မ​ခက်​ဘူး။ ကျွန်မ​လည်း အသက် ၇ နှစ်​ရောက်တော့ တစ်အိမ်​မှ​တစ်အိမ် ဟောပြော​ချင်​လာတယ်။ ကျွန်မ ပထမဦးဆုံး အမှုဆောင်ထွက်​တဲ့​နေ့မှာ ကျွန်မ​အဖော်​က ကျွန်မ​ကို စာအုပ်​တွေ​ပေး​တယ်၊ အိမ်​တစ်အိမ်​ကို ထိုး​ပြပြီး “ဒါကို သူတို့​လိုချင်​မလား သွားပေး​ကြည့်” တဲ့။ ၁၉၃၁ ခုနှစ်​မှာ ဆွစ်ဇလန်​နိုင်ငံ၊ ဘယ်​ဇ​ယ်လ်​မြို့မှာ ကျမ်းစာ​ကျောင်းသား​တွေ ကျင်းပ​တဲ့ စည်းဝေးကြီး​တစ်ခု​ကို ကျွန်မ​တို့ သွား​တက်​ကြတယ်။ အဲ့ဒီ​စည်းဝေးကြီး​မှာ ကျွန်မ​ရဲ့​မိဘတွေ နှစ်ခြင်း​ခံ​ခဲ့​ကြတယ်။

ဗရုန်းသုန်းကား​မှ နှိပ်စက်​ကလူ​သို့

အဲ့ဒီ​အချိန်တုန်းက ဂျာမနီ​နိုင်ငံ​မှာ အကြီးအကျယ် ဗရုန်းသုန်းကား​ဖြစ်နေ​ပြီး လမ်းတွေပေါ်​မှာ နိုင်ငံရေး​အုပ်စုငယ်​တွေ အကြမ်းဖက်​တိုက်ခိုက်​နေကြ​တယ်။ တစ်ည​မှာ အိမ်နီးချင်း​အိမ်ကနေ စူးစူး​ဝါး​ဝါး​အော်သံ​ကြောင့် ကျွန်မ​လန့်နိုး​သွားတယ်။ ဆယ်ကျော်သက်​ကောင်လေး​နှစ်ယောက်​က သူတို့​အစ်ကို​ရဲ့​နိုင်ငံရေး​အမြင်ကို သဘောမတူ​လို့ သူ့ကို ကောက်​ဆွ​နဲ့​ထိုး​သတ်​လိုက်ကြတယ်။ ဂျူး​တွေ​ကို ရန်လို​တိုက်ခိုက်မှု​တွေ​က​လည်း ပို​ပြင်းထန်​လာတယ်။ ကျောင်း​မှာ ဂျူး​ကောင်မလေး​တစ်ယောက်ကို အခန်း​ထောင့်မှာ တမင်​သက်​သက် မတ်တတ်ရပ်​ခိုင်းတယ်။ သူ့ကို အရမ်း​သနား​မိတယ်၊ မကြာခင် ကျွန်မ​ကိုယ်တိုင်​လည်း အဲ့ဒီ​လို​အပယ်ခံ​ရမယ်ဆိုတာ မသိခဲ့ဘူး။

၁၉၃၃၊ ဇန်နဝါရီ ၃၀ ရက်​နေ့မှာ အဒေါ့ဖ် ဟစ်တလာ​က ဂျာမနီ​ဝန်ကြီးချုပ်​ဖြစ်လာ​တယ်။ နာဇီ​တွေ အောင်ပွဲခံ​ပြီး မြို့တော်​ခန်းမ​ပေါ်မှာ စ​ကြာ​တံဆိပ်​ပါ​တဲ့ သူတို့ရဲ့​အလံ ထောင်​လိုက်တာ​ကို နှစ်​ဘ​လောက်​အကွာ​ကနေ ကျွန်မ​တို့ မြင်​နေ​ရတယ်။ ကျောင်း​မှာ​ဆို​လည်း စိတ်​တက်ကြွ​နေတဲ့​ဆရာမ​က “ဟို​င်းလ် ဟစ်တလာ” လို့​နှုတ်ဆက်​တတ်​ဖို့ သင်ပေးတယ်။ အဲ့ဒီ​နေ့လယ်​မှာ အဖေ့ကို အဲ့ဒီ​အကြောင်း ပြောပြ​တော့ အဖေ အတော်လေး​စိုးရိမ်​သွားတယ်။ “အဲ့ဒီ​လို​နှုတ်ဆက်​တာ အဖေ မကြိုက်ဘူး။ ‘ဟို​င်းလ်’ ဆိုတာ ကယ်တင်ခြင်း​လို့ အဓိပ္ပာယ်​ရတယ်။ တကယ်လို့ ‘ဟို​င်းလ် ဟစ်တလာ’ လို့​အဖေ​တို့ ပြော​ရင် ယေဟောဝါ​ဆီက ကယ်တင်ခြင်း​ရတာ​မဟုတ်ဘဲ သူ့​ဆီက ရ​သလို​ဖြစ်သွား​မှာ​ပေါ့။ အဲ့ဒီ​လို မပြော​သင့်​ဘူးလို့ အဖေ​ထင်​တယ်၊ ဒါပေမဲ့ သမီး​ဘာသာ ဆုံးဖြတ်​ပါ” တဲ့။

ဒါနဲ့ ဟစ်တလာ​ကို အလေး​မပြုဘူး​လို့ ကျွန်မ​ဆုံးဖြတ်​ခဲ့​တာ​ကြောင့် အတန်းဖော်​တွေ​က ကျွန်မ​ကို ဝိုင်း​ပယ်​ကြ​တော့​တယ်။ ဆရာ​တွေ​အလစ်​မှာ ကောင်လေး​တချို့က ကျွန်မ​ကို ရိုက်​တောင်​ရိုက်​ကြတယ်။ နောက်ဆုံး​မှာ ကျွန်မ​ကို သူတို့ မနှောင့်ယှက်​ကြ​တော့​ပေမဲ့ သူငယ်ချင်းတွေရဲ့​အဖေ​တွေ​က ကျွန်မ​နဲ့​မကစား​ခိုင်း​တော့​ဘူးလို့ ပြောပြ​တယ်။ ကျွန်မ​က သူတို့​အတွက် အန္တရာယ်​ကောင်​ဖြစ်နေ​ပြီ​လေ။

ဂျာမနီ​နိုင်ငံ​မှာ နာဇီ​တွေ အာဏာ​သိမ်းပိုက်​ပြီး နှစ်လ​အကြာမှာ​ပဲ ယေဟောဝါ​သက်သေတွေကို တိုင်းပြည်​အတွက် အန္တရာယ်​ရှိတဲ့​သူတွေ​လို့​ဆိုပြီး ပိတ်ပင်​လိုက်တယ်။ နာဇီ​စစ်သား​တွေ​က မဲ​ဂျ်​ဘာ့ဂ်​မြို့က ဌာနခွဲရုံး​ကို ချိတ်ပိတ်​ပြီး အစည်းအဝေးတွေ​ပါ ကျင်းပ​ခွင့်​မပေးတော့ဘူး။ ဒါပေမဲ့ နယ်စပ်​နား​မှာ ကျွန်မ​တို့ နေကြ​တဲ့​အတွက် ဘယ်​ဇ​ယ်လ်​မြို့ကို​သွားဖို့ အဖေက ခွင့်ပြု​ချက်​ရထားလို့ တနင်္ဂနွေ​နေ့မှာ အစည်းအဝေးတွေ သွား​တက်​နိုင်​ခဲ့​ကြတယ်။ ဂျာမနီ​နိုင်ငံ​က ညီအစ်ကို​တွေ​လည်း ဒီလို​ဝိညာဉ်​အစာ​ရ​ရင် ကောင်း​မှာပဲ၊ ဒါမှ အနာဂတ်​ကို သတ္တိရှိရှိ​ရင်ဆိုင်​နိုင်​မယ်​လို့ အဖေ ခဏ​ခဏ​ပြော​တတ်တယ်။

စွန့်စား​သွားလာ​မှုများ

မဲ​ဂျ်​ဘာ့ဂ်​ဌာနခွဲရုံး ချိတ်ပိတ်​ခံရ​ပြီး​နောက်​မှာ အမှုထမ်း​တစ်ဦး​ဖြစ်​ခဲ့​တဲ့ ဂျူလီယက်​ရ​စ်​ဖယ်​လ်​က သူ့ရဲ့​နေရင်း​မြို့ လော့​ရ်​အာ​ခ်​ကို ရောက်လာ​ပြီး မြေအောက်​ဟောပြောခြင်း​လုပ်ငန်း​ကို စီစဉ်​ပေး​ခဲ့​တယ်။ ကူညီ​ပေး​မယ်​လို့ အဖေ ချက်ချင်း​ပြော​လိုက်တယ်။ အမေနဲ့​ကျွန်မ​ကို ထိုင်ခိုင်းပြီး ဆွစ်ဇလန်​ကနေ ဂျာမနီ​ကို ကျမ်းစာ,စာပေ​တွေ သယ်သွား​ပေး​ဖို့ အဖေ သဘောတူ​ထား​တဲ့​အကြောင်း ပြောပြ​တယ်။ အဲ့ဒီ​အလုပ်​က အန္တရာယ်​များတဲ့​အကြောင်း၊ အချိန်မရွေး အဖမ်းခံရ​နိုင်​တဲ့​အကြောင်း ပြောပြ​တယ်။ ကျွန်မတို့​အတွက် အန္တရာယ်​ရှိ​မှာ​စိုးလို့ ပါ​စ​ရာ​မလိုဘူးလို့​လည်း ပြော​တယ်။ အမေက ချက်ချင်းပဲ “ရှင်​နဲ့​အတူ ကျွန်မ​ပါ လုပ်ဆောင်မယ်” လို့​ပြော​တယ်။ သူတို့​နှစ်ယောက်စလုံး ကျွန်မ​ကို​လှမ်းကြည့်​တဲ့​အခါ “ကျွန်မ​လည်း လုပ်ဆောင်မယ်” လို့​ပြော​လိုက်တယ်။

ကင်းမျှော်စင်​မဂ္ဂဇင်း​အရွယ် တစ်ချောင်း​ထိုး​အိတ်​တစ်လုံး​ကို အမေ​ထိုး​ပေး​တယ်။ အိတ်ထဲမှာ စာပေ​ကို​ထည့်​ပြီး တစ်ချောင်း​ထိုး​အပ်​နဲ့ ပိတ်​ထား​လိုက်တယ်။ အဖေ့​ရဲ့​အဝတ်အစား​တွေ​မှာ လျှို့ဝှက်​အိတ်ကပ်​တွေ ချုပ်​ပေး​တယ်၊ အမေနဲ့​ကျွန်မ​အတွက်​တော့ ကျမ်းစာ,စာပေ​လေး​တွေ ဝှက်​ပြီး​ယူသွား​နိုင်​ဖို့ ကိုယ်​ကျပ်​အတွင်းခံ​နှစ်ခု ချုပ်​ထား​တယ်။ ကျွန်မ​တို့​ရဲ့​လျှို့ဝှက်​ဘဏ္ဍာ​ကို ယူသွား​နိုင်​တိုင်း သက်ပြင်းချ​ပြီး ယေဟောဝါ​ကို ကျေးဇူး​တင်​ခဲ့​ကြတယ်။ အဲ့ဒီ​စာပေ​တွေ​ကို ခေါင်မိုး​အောက် ထပ်ခိုး​မှာ ဝှက်ထား​တယ်။

အစပိုင်း​မှာ​တော့ နာဇီ​တွေ​က ကျွန်မ​တို့ကို ဘာမှ​သံသယ​မရှိခဲ့ဘူး။ ကျွန်မ​တို့ကို မေး​လည်း​မ​မေး​ဘူး၊ အိမ်ကိုလည်း လာ​မ​ရှာ​ကြဘူး။ ဘာပဲ​ဖြစ်ဖြစ် အခက်အခဲ​ပေါ်လာ​ရင် ကျွန်မ​တို့​ရဲ့​ဝိညာဉ်​ရေး​ညီအစ်ကို​တွေ​ကို သတင်းပို့​ဖို့ စကားဝှက်​တစ်ခု​ကို ကြိုတင်​စဉ်းစား​ထား​တယ်၊ အဲ့​ဒါက​တော့ ကျော်ကြား​တဲ့​ရေမွှေး​ရဲ့​အမည် ၄၇၁၁ ဖြစ်တယ်။ အိမ်ကို​လာဖို့ အန္တရာယ်​ရှိရင် အဲ့ဒီ​နံပါတ်​ကို တစ်နည်း​နည်းနဲ့​သုံးပြီး သူတို့ကို အသိပေး​လိုက်တယ်။ ကျွန်မ​တို့​အိမ်ထဲ​ကို မဝင်​ခင် ဧည့်​ခန်း​ပြတင်းပေါက်​တွေ​ကိုလည်း မော့ကြည့်​ဖို့ အဖေ မှာ​ထား​တယ်။ တကယ်လို့ ဘယ်ဘက်​ပြတင်းပေါက် ပွင့်​နေမယ်​ဆိုရင် ပြဿနာ​တစ်ခုခု​ဖြစ်နေ​ပြီ၊ အဲ့ဒီ​အခါ သူတို့ ရှောင်​သွား​သင့်တယ်။

၁၉၃၆ နဲ့ ၁၉၃၇ ခုနှစ်​တွေ​မှာ ဂက်စတာပို​က ထောင်နဲ့​ချီ​တဲ့ သက်သေခံတွေကို ဖမ်း​ပြီး ထောင်ချတယ်၊ ဒါမှ​မဟုတ် ချွေး​တပ်​စခန်း​တွေ​ဆီ ပို့​လိုက်တယ်၊ အဲ့ဒီ​မှာ သူတို့ကို ရက်ရက်စက်စက် နှိပ်စက်​ခဲ့​ကြတယ်။ အကျဉ်း​စခန်း​တွေ​ကနေ ခိုးထုတ်​လာတဲ့ သတင်း​အချက်အလက်​တွေ​အပါအဝင် တခြား​သတင်းတွေကို ဆွစ်ဇလန်​နိုင်ငံ၊ ဘာ​န်​မြို့​ဌာနခွဲရုံး​က စုဆောင်း​ပြီး နာဇီ​ရဲ့​ပြစ်မှု​တွေ​ကို ဖော်ထုတ်​ထား​တဲ့ ခရွိုအစ်စွပ်ခ် ဂေ​ဂ​င် ဒါ့​စ် ခရစ်​တန်​တွန် . . . စာအုပ်​ကို ထုတ်ဝေ​ခဲ့​တယ်။ နယ်စပ်​ကို​ဖြတ်ကျော်​ပြီး ဘယ်​ဇ​ယ်လ်​မြို့ကို အဲ့ဒီ​လျှို့ဝှက်​မှတ်တမ်းတွေ ယူသွား​ပေး​ရတဲ့​အလုပ်ကို ကျွန်မ​တို့ လုပ်ဆောင်ခဲ့​ကြတယ်။ အဲ့ဒီ​လျှို့ဝှက်​စာရွက်စာတမ်း​တွေ​ကို​သာ နာဇီ​တွေ တွေ့​သွား​ရင်​တော့ ကျွန်မ​တို့ကို ချက်ချင်း​ထောင်ချ​မှာ။ ကျွန်မ​တို့​ရဲ့​ညီအစ်ကို​တွေ နှိပ်စက်​ခံ​နေရ​တာတွေကို ဖတ်​ပြီး ကျွန်မ​ငို​ခဲ့​ရတယ်။ ဒါပေမဲ့ ကျွန်မ မကြောက်​ခဲ့​ဘူး။ ယေဟောဝါ​နဲ့ ကျွန်မ​ရဲ့​အကောင်းဆုံး​သူငယ်ချင်း​ဖြစ်​တဲ့ ကျွန်မ​မိဘတွေဟာ ကျွန်မ​ကို ကြည့်ရှု​စောင့်ရှောက်​မယ်​လို့ ယုံကြည်​စိတ်ချ​တယ်။

အသက် ၁၄ နှစ်မှာ ကျောင်း​ပြီးသွား​တော့ စ​တိုး​ဆိုင်​ကြီး​တစ်ခု​မှာ စာရေး​အလုပ်​ရခဲ့တယ်။ အဖေ အလုပ်​အား​တဲ့ စ​နေ,နေ့လယ်၊ ဒါမှ​မဟုတ် တနင်္ဂနွေ​နေ့မှာ ကျွန်မ​တို့​ရဲ့ သယ်ယူ​ပို့ဆောင်​ရေး​ခရီးစဉ်​ကို နှစ်ပတ်​တစ်ခါ​လောက် သွား​နေကျ​ဖြစ်တယ်။ ကျွန်မ​တို့​ပုံစံ​က ရက်သတ္တပတ်​အဆုံးပိုင်း​မှာ လမ်းလျှောက်ထွက်​တတ်ကြ​တဲ့ တခြား​မိသားစု​တွေ​နဲ့​တူ​နေတယ်၊ နယ်စပ်​အစောင့်​တွေ​က ကျွန်မ​တို့ကို လေးနှစ်​အထိ မ​စစ်ဆေး​ခဲ့​ဘူး၊ ၁၉၃၈၊ ဖေဖော်ဝါရီ​လရဲ့​တစ်ရက်​မှာ စစ်ဆေးခံ​ရတယ်။

ရှာဖွေ​တွေ့ ရှိ!

ဘယ်​ဇ​ယ်လ်​မြို့အနီး​က ကျွန်မ​တို့ စာအုပ်​သွား​ယူရ​မယ့် နေရာကို​ရောက်တာနဲ့ စာအုပ်​တစ်ပုံကြီး​ကို မြင်​လိုက်တဲ့ အဖေ့​ရဲ့​မျက်နှာကို ကျွန်မ ဘယ်တော့မှ မေ့​လို့​ရမှာ​မဟုတ်တော့ဘူး။ ကျွန်မ​တို့​လို သယ်ယူ​ပို့​ဆောင်ပေး​တဲ့ နောက်​မိသားစု​တစ်စု​က အဖမ်းခံ​လိုက်​ရလို့ ကျွန်မ​တို့ သယ်​စ​ရာ​စာအုပ်​တွေ အများကြီး​ဖြစ်နေ​တယ်။ နယ်စပ်​ရောက်တော့ အကောက်​ခွန်​အရာရှိ​တစ်ယောက်​က ကျွန်မ​တို့ကို မသင်္ကာ​တဲ့​မျက်လုံး​နဲ့​ကြည့်​ပြီး ရှာဖွေ​ဖို့​အမိန့်ပေး​လိုက်တယ်။ စာအုပ်​တွေ​ကို တွေ့​သွားတဲ့အခါ ကျွန်မ​တို့ကို သေနတ်​နဲ့​ချိန်​ပြီး ရဲ​ကား​ပေါ် တက်​ခိုင်းတယ်။ ကျွန်မ​တို့ကို ရဲအရာရှိ​တွေ ကားမောင်း​ခေါ်သွား​နေတုန်းမှာ အဖေက ကျွန်မ​လက်ကို ညှစ်​ပြီး အသံ​တိုးတိုး​လေး​နဲ့ “သစ္စာ​မ​ဖောက်​ရ​ဘူး၊ ဘယ်သူ့​နာမည်​ကို​မှ မပြော​ရ​ဘူး!” တဲ့။ “စိတ်ချ​ပါ” လို့​အဖေ့ကို ကျွန်မ​ပြန်​ပြော​လိုက်တယ်။ လော့​ရ်​အာ​ခ်​မြို့ကို ကျွန်မ​တို့​ပြန်​ရောက်တဲ့အခါ ကျွန်မ​ချစ်​ရတဲ့​အဖေ​ကို သူတို့​ခေါ်သွား​ကြတယ်။ အဖေ့ကို ထောင်​ထဲ​ထည့်​ပြီး တံခါးပိတ်​လိုက်တဲ့​အချိန်​ဟာ အဖေ့ကို နောက်ဆုံး​တွေ့​လိုက်ရ​ခြင်း​ပါ​ပဲ။

ဂက်စတာပို​လေးယောက်​က ကျွန်မ​ကို လေး​နာရီ​ကြာ စစ်ဆေး​မေးမြန်း​ပြီး တခြား​သက်သေခံတွေရဲ့ နာမည်​နဲ့ လိပ်စာကို ပြော​ခိုင်းတယ်။ ကျွန်မ,မပြောတဲ့​အခါ အရာရှိ​တစ်ယောက်​က အရမ်း​စိတ်ဆိုး​ပြီး “မင်း​ပြော​လာအောင် ငါ​တို့​မှာ နည်း​အမျိုးမျိုး​ရှိတယ်” တဲ့။ ကျွန်မ ဘာမှ​မပြောခဲ့​ပါ​ဘူး။ အဲ့ဒီ​နောက် အမေနဲ့​ကျွန်မ​ကို​ပြန်​ခေါ်သွား​ပြီး ကျွန်မ​တို့​အိမ်ကို ပထမဦးဆုံး ရှာ​တော့​တာ​ပဲ။ အမေ့ကို အချုပ်ခန်း​ထဲ ထည့်​လိုက်တယ်၊ ကျွန်မ​ကို​ကျ​တော့ ကျွန်မ​ရဲ့​အဒေါ်​အိမ်ကို ခေါ်သွား​ပြီး စောင့်ရှောက်​ခိုင်းတယ်၊ ဒါပေမဲ့ အဒေါ်​လည်း သက်သေခံ​တစ်ယောက်​ဖြစ်တယ်​ဆိုတာ သူတို့​မသိ​လိုက်​ကြဘူး။ ကျွန်မ​ကို အလုပ်​တက်ခွင့်​ပေး​ပေမဲ့ ကျွန်မ​သွားတဲ့​နေရာတိုင်း​ကို စောင့်ကြည့်ဖို့ အိမ်ရှေ့မှာ ကား​ရပ်​ထားပြီ ဂက်စတာပို​လေးယောက်​က ထိုင်စောင့်​ကြည့်​နေကြ​တယ်၊ ရဲ​တစ်ယောက်​ကျ​တော့ လမ်းဘေး​မှာ ကင်း​လှည့်​နေတယ်။

ရက်​အနည်းငယ်​အကြာ နေ့လယ်​ထမင်း​စားချိန်​မှာ အိမ်ရှေ့​ကို​ထွက်​လိုက်တာနဲ့ ညီအစ်မ​ငယ်​တစ်ယောက် ကျွန်မ​ဆီ​ကို စက်ဘီး​စီး​လာ​နေတာ တွေ့​လိုက်တယ်။ အနား​ရောက်လာတဲ့​အခါ စာရွက်​တစ်​ရွက် ပစ်ပေး​တော့​မယ်​ဆိုတာ ကျွန်မ​သိလိုက်တယ်။ အဲ့ဒီ​စာရွက်​ကို​လှမ်း​ဖမ်း​ပြီး ဂက်စတာပို​တွေ မြင်​သွား​သလား​လို့ လှမ်းကြည့်​လိုက်​တော့ ကျွန်မ အံ့ဩ​သွားတယ်၊ အဲ့ဒီ​အခိုက်အတန့်​မှာ သူတို့​အားလုံး ခေါင်းမော့​ပြီး ရယ်မော​နေကြ​တယ်​လေ!

အဲ့ဒီ​ညီအစ်မ​ရဲ့​စာ​က နေ့လယ်​မှာ သူ့​မိဘတွေရဲ့​အိမ်ကို​သွားဖို့ မှာ​ထား​တယ်။ ဒါပေမဲ့ ကျွန်မ​ကို ဂက်စတာပို​တွေ စောင့်ကြည့်​နေလို့ သူ့​မိဘတွေ​ဆီ ကျွန်မ​သွား​လိုက်ရင် သူတို့​အတွက် အန္တရာယ်​ရှိ​နိုင်တာ​ပေါ့။ ကား​ပေါ်​က ဂက်စတာပို​လေးယောက်ကို​ရော လမ်းပေါ်မှာ ခေါက်​တုံ့​ခေါက်​ပြန်လျှောက်​နေတဲ့ ရဲ​ကို​ပါ ကျွန်မ ကြည့်​လိုက်​မိတယ်။ ကျွန်မ​ဘာလုပ်​ရ​မှန်း​မသိ​ဘူး၊ ဒါနဲ့ ယေဟောဝါ ကူညီ​ပေး​ဖို့ ထက်ထက်သန်သန် ဆုတောင်း​လိုက်တယ်။ အဲ့ဒီ​အချိန်​မှာပဲ ရဲသား​က ဂက်စတာပို​ကား​အနား​သွားပြီး သူတို့နဲ့​စကားပြော​တယ်။ အဲ့ဒီ​နောက် သူလည်း ကား​ပေါ်​တက်ပြီး အားလုံး​ထွက်သွား​ပါ​လေ​ရော!

အဲ့ဒီ​အချိန်​မှာပဲ ကျွန်မ​အဒေါ်​လည်း ရောက်​လာတယ်။ မွန်းတည့်​ချိန်​တောင် ကျော်​နေပြီ။ စာတိုလေး​ကို အဒေါ်​ဖတ်​ပြီး စာ​မှာပါတဲ့​အတိုင်း အဲ့ဒီ​အိမ်ကို သွား​သင့်တယ်လို့ သူ​ယူဆတယ်၊ ညီအစ်ကို​တွေ​က ကျွန်မ​ကို ဆွစ်ဇလန်​နိုင်ငံ​ကို ခေါ်​သွားဖို့ စီစဉ်​ထားပြီး​ပုံ​ရတယ်လို့ သူ​ထင်​တယ်။ ကျွန်မ​တို့​ရောက်သွားတဲ့​အခါ အဲ့ဒီ​မိသားစုက ကျွန်မ,မသိတဲ့ ဟို​င်းရိခ် ရိုက်​ဖ်​နဲ့ မိတ်ဆက်​ပေး​တယ်။ ကျွန်မ ဘေးမ​သီ​ရန်​မ​ခ လွတ်မြောက်​လာတဲ့​အတွက် ဝမ်းသာ​ကြောင်း၊ ကျွန်မ​ကို ဆွစ်ဇလန်​ခေါ်​သွားဖို့ ရောက်လာ​ကြောင်း သူ​ပြောပြ​တယ်။ နာရီ​ဝက်​အတွင်း တောအုပ်​ထဲမှာ သူနဲ့​လာ​တွေ့​ဖို့ မှာ​သွားတယ်။

ပြည်နှင်ခံ​ဘဝ

ညီအစ်ကို​ရိုက်​ဖ်​နဲ့ တွေ့​တဲ့​အခါ ကျွန်မ​ရဲ့​မိဘတွေကို စွန့်ခွာ​ခဲ့​ရပြီ​ဆို​တဲ့​အတွေး​နဲ့ မျက်ရည်ကျခဲ့​တယ်။ အဖြစ်အပျက်​တွေ​အားလုံး​က မြန်ဆန်​လွန်း​လှတယ်။ ရင်​တ​မ​မ​နဲ့ ကမ္ဘာ့​လှည့်​ခရီးသည်​တစ်စု​နဲ့ ကျွန်မ​တို့​ရောပြီး ဆွစ်​နယ်စပ်​ကို ဘေးမ​သီ​ရန်​မ​ခ ဖြတ်ကျော်​ခဲ့​ကြတယ်။

ဘာ​န်​ဌာနခွဲရုံး​ကို ကျွန်မ​ရောက်တဲ့အခါ အဲ့ဒီ​က​ညီအစ်ကို​တွေ​က ကျွန်မ​ထွက်ပြေး​လာနိုင်​ဖို့ စီစဉ်​ပေး​ခဲ့​ကြ​တဲ့​အကြောင်း သိလိုက်​ရတယ်။ ကျွန်မ​နေဖို့ စီစဉ်​ပေး​တယ်။ မီးဖိုဆောင်​မှာ အလုပ်လုပ်​ရတာ ကျွန်မ အရမ်းပျော်​ခဲ့​တယ်။ ဒါပေမဲ့ ထောင်ဒဏ်​နှစ်နှစ်​ကျနေ​တဲ့ ကျွန်မ​ရဲ့​မိဘတွေ ဘယ်လို​နေမှန်း​မသိ​ရ​ဘဲ ပြည်နှင်ခံ​ဘဝနဲ့​နေရ​တာ တကယ်​ကို အနေရခက်​ပါ​တယ်! တစ်ခါ​တ​လေ စိုးရိမ်​ဝမ်းနည်း​လာတဲ့အခါ ရေချိုးခန်း​တံခါးပိတ်​ပြီး တစ်ယောက်​ထဲ ငို​ခဲ့​ရတယ်။ ဒါပေမဲ့​လည်း ကျွန်မ​ရဲ့​မိဘတွေ​နဲ့ စာ​မှန်မှန်​ဆက်သွယ်​ခဲ့​တယ်၊ သစ္စာ​ရှိဖို့ ကျွန်မ​ကို သူတို့​အားပေးခဲ့​ကြတယ်။

ကျွန်မ​မိဘတွေရဲ့ ယုံကြည်ခြင်း​ပုံသက်သေ​ကြောင့် ကျွန်မ​ရဲ့​ဘဝကို ယေဟောဝါ​ထံ ဆက်ကပ်​အပ်နှံ​ပြီး ၁၉၃၈၊ ဇူလိုင် ၂၅ ရက်​နေ့မှာ နှစ်ခြင်း​ခံ​ခဲ့​တယ်။ ဗေသလမှာ တစ်နှစ်​နေပြီး​နောက် ရှာနေ​လာ​ခြံ​မှာ ကျွန်မ အလုပ်လုပ်​ခဲ့​ရတယ်၊ အဲ့ဒီ​ခြံ​က ဗေသလ​မိသားစု​အတွက် အစားအစာ​တွေ​ရဖို့​နဲ့ ညှဉ်းပန်းမှု​ကြောင့် ထွက်ပြေး​လာတဲ့ ညီအစ်ကို​တွေ​နေဖို့ ဆွစ်​ဌာနခွဲရုံး​က ဝယ်ထား​တဲ့​ခြံ​ဖြစ်တယ်။

၁၉၄၀ ပြည့်နှစ်​မှာ ကျွန်မ​မိဘတွေရဲ့ ထောင်ဒဏ်​သက်တမ်း​စေ့​သွားတဲ့အခါ သူတို့ရဲ့​ယုံကြည်ခြင်းကို စွန့်​မယ်​ဆိုရင် နာဇီ​တွေ​က သူတို့ကို လွှတ်​ပေး​မယ်​လို့​ပြော​တယ်။ သူတို့ရဲ့​ယုံကြည်ခြင်းကို မစွန့်​ကြ​တဲ့​အတွက် အဖေ့ကို ဒါ့​ခ်ရှော၊ အမေ့ကို ရာ​ဗန်စ်​ဘ​ရု​ခ်​အကျဉ်း​စခန်း ပို့လိုက်​ကြတယ်။ ၁၉၄၁၊ ဆောင်း​ရာသီမှာ အကျဉ်း​စခန်း​မှာ​ရှိတဲ့ အမေနဲ့ တခြား​သက်သေခံ​ညီအစ်မ​တွေ​က စစ်​ဆိုင်ရာ အလုပ်​မလုပ်ပေးနိုင်ဘူး​လို့ ပြောလိုက်​လို့ သူတို့ကို အအေး​ထဲမှာ ၃ နေ့​နဲ့ ၃ ည​မတ်တတ်ရပ်​ခိုင်းတယ်၊ နောက်တော့ အမှောင်​ခန်း​ထဲမှာ ပိတ်​ထားပြီး ရက် ၄၀ အထိ မသေ​ရုံ​တ​မည် အစာ​ကျွေး​ခဲ့​တယ်။ ပြီး​တော့ သူတို့ကို ကြိမ်​ဒဏ်ပေး​တယ်။ ရက်ရက်စက်စက် အရိုက်ခံရ​ပြီး သုံး​ပတ်​အကြာ ၁၉၄၂၊ ဇန်နဝါရီ ၃၁ ရက်​နေ့မှာ အမေ ဆုံးသွား​ရှာတယ်။

အဖေ​ကို ဒါ့​ခ်ရှော​အကျဉ်း​စခန်း​ကနေ ဩစတြီးယား​နိုင်ငံ​က မော်​သော်​ဆန်​အကျဉ်း​စခန်း​ကို ပို့​လိုက်တယ်။ ဒီ​အကျဉ်း​စခန်း​မှာ နာဇီ​တွေ​က အကျဉ်း​သ​မား​တွေ​ကို မသေ​ရုံ​တ​မည်​အစာ​ကျွေး၊ မတန်တဆ​အလုပ်ခိုင်း​ပြီး တမင်တကာ ကွပ်မျက်​ပစ်​ကြတယ်။ အမေ​သေ​ပြီး ခြောက်​လမှာ နာဇီ​တွေ​က အဖေ့ကို တခြား​နည်း​ဖြစ်​တဲ့ ဆေးဝါး​အစမ်းသပ်ခံ​အဖြစ် သုံးပြီး သတ်ပစ်ခဲ့​ကြတယ်။ အကျဉ်း​စခန်း​က ဆရာဝန်​တွေ​က လူတွေ​ထဲ ရောဂါပိုး​ထည့်​ပြီး တီဘီ​ရောဂါ​ကို​စမ်း​ကြတယ်။ နောက်ဆုံး​တော့ အကျဉ်းသားတွေ​ကို သေ​ဆေး ထိုး​ပေး​လိုက်တယ်။ အဖေက “နှလုံး​အားနည်း” ပြီး​သေဆုံး​သွားတယ်လို့ တရားဝင်​ကြေညာ​လိုက်တယ်။ အဲ့ဒီ​တုန်း​က အဖေ ၄၃ နှစ်ပဲ​ရှိသေးတယ်။ အဖေနဲ့​အမေ ရက်ရက်စက်စက် အသတ်ခံခဲ့ရ​တာ​ကို တော်​တော်​ကြာ​မှ ကျွန်မ​သိခဲ့ရတယ်။ ခု​ထိ ကျွန်မ​ချစ်​ရတဲ့​မိဘတွေကို သတိရ​တိုင်း မျက်ရည်ကျ​နေဆဲ​ပါ။ ဒါပေမဲ့ ကောင်းကင်​အသက်တာ​မျှော်လင့်ချက်​ရှိခဲ့ကြတဲ့ အမေနဲ့ အဖေ​တို့​က ယေဟောဝါ​ရဲ့​လက်တော်​မှာ ဘေးကင်း​လုံခြုံစွာ ရှိနေတယ်​ဆိုတာ​သိရ​တော့ အခုရော အဲ့ဒီ​တုန်း​က​ပါ စိတ်သက်သာရာ​ရခဲ့တယ်။

ဒုတိယ​ကမ္ဘာ​စစ်​ပြီး​တဲ့​နောက် နယူးယောက်​မြို့မှာ​ရှိတဲ့ ၁၁ ကြိမ်​မြောက် ကင်းမျှော်စင် သမ္မာကျမ်းစာ ဂိလဒ်​ကျောင်း​ကို ကျွန်မ​တက်ခွင့်​ရခဲ့တယ်။ သမ္မာကျမ်းစာ​လေ့လာမှု​မှာ ငါး​လ​တာ​အထိ အာရုံနစ်​ထား​ရတာ တကယ်​ကို ပျော်စရာ​ကောင်းတယ်! ၁၉၄၈ ခုနှစ်​မှာ ကျောင်းဆင်း​တဲ့​အခါ ဆွစ်ဇလန်​နိုင်ငံ​မှာ ခရစ်ယာန်​သာသနာပြု​ဖို့ ကျွန်မ​ကို စေလွှတ်ခဲ့​တယ်။ အဲ့ဒီ​နောက် မကြာခင် ပ​ဉ္စ​မ​အကြိမ်မြောက် ဂိလဒ်​ကျောင်းဆင်း သစ္စာရှိ​ညီအစ်ကို ဂျိမ်း အယ်​လ်. တာ​ပင်​န်​နဲ့ ကျွန်မ​တွေ့ဆုံ​ခဲ့​ထ​ယ်။ တူရကီ​မှာ ပထမဦးဆုံး ဌာနခွဲရုံး​ကို တည်ထောင်​တဲ့​အချိန်​မှာ ဌာနခွဲ​ညှိနှိုင်းရေးမှူး​အဖြစ် သူ​တာဝန်​ထမ်းဆောင်​ခဲ့​တယ်။ ၁၉၅၁၊ မတ်​လမှာ ကျွန်မ​တို့​လက်ထပ်​လိုက်ပြီး မကြာခင် မိဘတွေ​ဖြစ်လာ​တော့​မယ်​လို့ သိလိုက်​ရတယ်။ ဒါနဲ့ အမေရိကန်​ပြည်ထောင်စု​ကို ကျွန်မ​တို့ ပြောင်း​သွား​ကြ​ပြီး အဲ့ဒီ​နှစ် ဒီဇင်ဘာ​လမှာ သမီးလေး​မာ​လင်း​ကို မွေးဖွားခဲ့တယ်။

နှစ်တွေ​တစ်လျှောက်​လုံး ဂျင်မ်​နဲ့​ကျွန်မ​တို့​နှစ်ယောက်စလုံး ဘုရားသခင့်​နိုင်ငံတော်​လုပ်ငန်းတော်မှာ အရမ်းပျော်​ခဲ့​ကြတယ်။ ကျမ်းစာ​လေ့လာ​ချင်​တဲ့ ပဲ​န်​နီ​ဆို​တဲ့ တရုတ်​မိန်းကလေး​တစ်ယောက်ကို ကျွန်မ​မှတ်မိ​သေး​တယ်။ သူ​နှစ်ခြင်း​ခံ​ပြီး​တဲ့​နောက် အခု ယေဟောဝါသက်သေ​ရဲ့ အုပ်ချုပ်ရေးအဖွဲ့မှာ အမှုထမ်းဆောင်​နေတဲ့ ဂို​င်ပီယပ်စ်​နဲ့ လက်ထပ်​လိုက်တယ်။ ကျွန်မ​ရဲ့​မိဘတွေ ကွယ်လွန်​သွား​လို့ ဟာ​ကျန်ရစ်​ခဲ့​တဲ့ ကွက်လပ်​ကို ချစ်​ရတဲ့​ဒီလို​သူတွေနဲ့ ဖြည့်ဆည်း​နိုင်​ခဲ့​တယ်။

၂၀၀၄ ခုနှစ်,နှစ်ဆန်း​ပိုင်း​မှာ ကျွန်မ​မိဘတွေရဲ့​နေရင်း​မြို့ လော့​ရ်​အာ​ခ်​က ညီအစ်ကို​တွေ ရှ​တစ်​ခ်​လမ်းမှာ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​အသစ်​တစ်လုံး ဆောက်​ခဲ့​ကြတယ်။ ယေဟောဝါသက်သေ​တွေ​ရဲ့​လုပ်ဆောင်မှုကို အသိအမှတ်ပြု​တဲ့​အနေ​နဲ့ မြို့တော်​ကောင်စီ​က ကျွန်မ​ရဲ့​မိဘတွေကို ဂုဏ်ပြု​ပြီး ဒဲန်​စ​ထ​ရာ​စာ (ဒဲန်စ်​လမ်း) လို့​နာမည်​အသစ်​ပေး​ဖို့ ဆုံးဖြတ်​လိုက်တယ်။ “သတ်ဖြတ်​ခံ​ခဲ့​ရသည့် ဒဲန်စ်​ဇနီး​မောင်နှံ​အား အထိမ်းအမှတ်– လမ်း​အမည်သစ်” လို့​ဆို​တဲ့ ခေါင်းစီး​အောက်မှာ ဒေသန္တရ​သတင်းစာ ဘာ​ဒီ​ရှ်​ရှာ ဇိုင်တွန်​က ကျွန်မ​ရဲ့​မိဘတွေ “နာဇီ​အုပ်ချုပ်မှု​အတွင်း သူတို့၏​ယုံကြည်ချက်​ကြောင့် ချွေး​တပ်​စခန်း​တွင် အသတ်ခံရ​သည်” လို့​ဖော်ပြ​ထား​တယ်။ မြို့တော်​ကောင်စီ​ရဲ့​လုပ်ရပ်​ကို ကျွန်မ အံ့အားသင့်​ခဲ့​ပေမဲ့ အခြေအနေ​တွေ​ပြောင်းလဲ​သွားတာ ဝမ်းသာ​ပီတိ​ဖြစ်​ရ​ပါ​တယ်။

ကျွန်မ​တို့​ရဲ့​အသက်တာမှာ အာမဂေဒုန်​မ​ရောက်​သေး​တဲ့​ပုံစံ​မျိုးနဲ့ ရှေ့ကို​ကြိုတင်​စီစဉ်​ပြီး တစ်ချိန်​ထဲမှာ မနက်ဖြန်​ပဲ ရောက်တော့​မယ့်​ပုံစံ​မျိုးနဲ့ အသက်ရှင်​နေထိုင်​သင့်တယ်လို့ အဖေ​ပြောတတ်​တဲ့ အဖိုးတန်​စကား​ကို ကျွန်မ အမြဲ​ကြိုးစား​လိုက်နာခဲ့တယ်။ စိတ်ရှည်မှု​နဲ့ မျှော်လင့်​တောင့်တ​မှု​ကို ဟန်ချက်ညီ​ညီ​ထား​ဖို့​က အမြဲ​မလွယ်​ဘူး၊ အထူးသဖြင့် အခုလို အိုမင်းမစွမ်း​နဲ့ အိမ်တွင်း​အောင်း​နေရ​တဲ့​အချိန်​မျိုးမှာ​ပေါ့။ ဒါပေမဲ့ သစ္စာရှိ​ကျေးကျွန်​တွေ​အတွက် ယေဟောဝါ​ပေး​ခဲ့​တဲ့ ဒီ​ကတိ​ကို ဘယ်တော့မှ သံသယ​မရှိပါဘူး– ‘ယေဟောဝါ​ကို စိတ်နှလုံး​အကြွင်းမဲ့​ကိုးစား​လော့။ သွား​လေ​ရာ​ရာ​၌ ယေဟောဝါ​ကို မျက်မှောက်ပြု​လော့။ သို့ပြုလျှင် သင်၏​လမ်းခရီး​တို့ကို ပဲ့ပြင်​တော်​မူ​မည်။’—သု. ၃:၅၊ ၆

[စာမျက်နှာ ၂၉ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

အတိတ်​ကာလ​မှ အဖိုးတန်​စာ​များ

အတော်အတန်​ဝေးသည့် ရွာ​တစ်ရွာ​မှ အမျိုးသမီး​တစ်ဦး​သည် ၁၉၈၀ ပြည့်လွန်​နှစ်များ​တွင် လော့​ရ်​အာ​ခ်​မြို့​သို့ လည်ပတ်​ရောက်ရှိ​ခဲ့​သည်။ ထို​အချိန်​က မြို့သား​များသည် သူတို့​မလိုချင်​သော​ပစ္စည်း​များ​ကို လူ​ပုံ​အလယ်တွင် ချထား​ပေး​ရာ အခြားသူများ​က ထို​ပစ္စည်း​များ​ကို ကြည့်ရှု​၍ သူတို့​လိုချင်ရာ​ကို ယူသွား​နိုင်​သည်။ ဤ​အမျိုးသမီး​သည် စက်​ချုပ်​ဘူး​တစ်​ဘူး​ကို​တွေ့ ရှိပြီး အိမ်​သို့​ယူသွား​၏။ ထို့နောက် ဘူး​အောက်တွင် မိန်းကလေး​တစ်ဦး၏​ဓာတ်​ပုံ​အချို့​နှင့် ချွေး​တပ်​စခန်း​တွင် ရေးသားခဲ့​သော စာ​များ​ကို သူ​တွေ့ ရှိခဲ့​သည်။ ထို​အမျိုးသမီး​သည် ၎င်း​စာ​များ​ကို အလွန်​စိတ်ဝင်စား​ရုံ​မ​က ကျစ်​ဆံမြီး​နှင့် မိန်းကလေး​သည် မည်သူ​မည်ဝါ​ဖြစ်​မည်​နည်း​ဟု သိ​လို​ခဲ့​၏။

၂၀၀၀ ပြည့်နှစ်​၏​တစ်နေ့​၌ လော့​ရ်​အာ​ခ်​မြို့တွင် သမိုင်းဝင်​ပြပွဲ​တစ်ခု​နှင့်​ပတ်သက်​သည့် သတင်းစာ​ဆောင်းပါး​တစ်ပုဒ်​ကို ထို​အမျိုးသမီး တွေ့ လိုက်​သည်။ ဤ​ဆောင်းပါး​တွင် နာဇီ​ခေတ်​အတွင်း ကျွန်မ​တို့၏​မိသားစု​အပါအဝင် ယေဟောဝါသက်သေ​များ​၏​သမိုင်း​ကို ဖော်ပြ​ထား​သည်။ ဆယ်ကျော်သက်​အရွယ် ကျွန်မ​၏​ဓာတ်​ပုံ​များလည်း​ပါ​၏။ အသေးစိတ်​အချက်များ တူ​နေသည်​ကို သတိထား​မိ​သော ထို​အမျိုးသမီး​သည် သတင်းစာ​ဆရာ​နှင့် ဆက်သွယ်​ပြီး စာ ၄၂ စောင်​အကြောင်း ပြောပြ​လိုက်​၏! အပတ်​အနည်းငယ်​အကြာတွင် ထို​စာ​များ​ကို ကျွန်မ​ရရှိ​လိုက်​သည်။ ကျွန်မ​မိဘ​၏​စာ​များသည် ကျွန်မ​အကြောင်း အဒေါ်​ကို မေးမြန်း​ထားသော​စာ​များ​ဖြစ်၏။ ကျွန်မ​ကို သူတို့ စိုးရိမ်​ပူပန်​ခဲ့​ကြသည်။ အနှစ် ၆၀ ကျော်​အထိ ရှိနေ​သော​ဤ​စာ​များ​ကို ပြန်​ရရှိခဲ့​ရာ အံ့အားသင့်​စ​ရာ​ပင်!

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ဟစ်တလာ အာဏာ​ရလာ​ချိန်​တွင် ကျွန်မ​တို့၏​ပျော်ရွှင်​သာယာသော မိသားစု တ​ကွဲ​တ​ပြား​ဖြစ်​ခဲ့​ရ

[Credit Line]

Hitler: U.S. Army photo

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

၁။ မဲ​ဂျ်​ဘာ့ဂ်​ရုံး

၂။ ထောင်နှင့်ချီ​သက်သေခံ​များ​ကို ဂက်စတာပို ဖမ်းဆီး​ခဲ့

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ဘုရားသခင့်​နိုင်ငံတော်​လုပ်ငန်း​တွင် ဂျင်မ်​နှင့်​ကျွန်မ အလွန်​ပျော်ရွှင်​ခဲ့​ကြ