ယောရှုကျမ်းမှ ပေါ်လွင်ချက်များ
ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏
ယောရှုကျမ်းမှ ပေါ်လွင်ချက်များ
ဘီ.စီ.အီး. ၁၄၇၃ ခုနှစ်တွင် မောဘလွင်ပြင်၌ စခန်းချနေကြသော ဣသရေလလူတို့သည် ဤစကားများကို ကြားရသောအခါ ဝမ်းသာပီတိဖြစ်ခဲ့ကြမည်– ‘သင်တို့၏ဘုရားသခင် ယေဟောဝါအပိုင်ပေးတော်မူသောပြည်ကို ဝင်စားခြင်းငှာ သုံးရက်အတွင်းတွင် ဤယော်ဒန်မြစ်တစ်ဖက်သို့ ကူးရသောကြောင့် ရိက္ခာကို ပြင်ဆင်ရမည်။’ (ယောရှု ၁:၁၁) သူတို့၏အနှစ် ၄၀ တောလမ်းခရီးစဉ်သည် မကြာမီ အဆုံးတိုင်တော့မည်။
နောက်အနှစ်,နှစ်ဆယ်ကျော်ကျော်လေးတွင် သူတို့၏ခေါင်းဆောင် ယောရှုသည် ခါနာန်ပြည်အလယ်တွင်ရပ်၍ ဣသရေလအသက်ကြီးသူများအား ဤသို့ကြေညာလေသည်– ‘ယော်ဒန်မြစ်မှစ၍ အနောက်ပင်လယ်ကြီးတိုင်အောင် ငါပယ်ရှင်းသမျှသော လူမျိုးတို့နှင့်တကွ ကြွင်းသေးသော ဤလူမျိုးနေသောပြည်ကို သင်တို့အမျိုးများ အမွေခံစရာဖို့ စာရေးတံချ၍ ငါဝေဖန်ပြီ။ သင်တို့၏ဘုရားသခင် ယေဟောဝါကတိတော်ရှိသည်အတိုင်း ဤလူမျိုးတို့ကို နှင်ထုတ်၍ သင်တို့မမြင်ရအောင် သုတ်သင်ပယ်ရှင်းတော်မူသဖြင့် သူတို့၏မြေကို သင်တို့သည် အပိုင်ရကြလိမ့်မည်။’—ယောရှု ၂၃:၄၊ ၅။
ဘီ.စီ.အီး. ၁၄၅၀ ပြည့်နှစ်၌ ယောရှုရေးသားခဲ့သော ယောရှုကျမ်းသည် အဆိုပါ ၂၂ နှစ်အတွင်း စိတ်လှုပ်ရှားဖွယ်အဖြစ်အပျက်များ၏ သမိုင်းဝင်မှတ်တမ်းဖြစ်သည်။ ကတိထားရာကမ္ဘာသစ်၏ အဝင်ဝတွင် ရပ်နေကြသော ကျွန်ုပ်တို့၏အခြေအနေသည် ကတိထားရာပြည်ကို သိမ်းပိုက်ရန် အသင့်ရှိနေကြသည့် ဣသရေလလူတို့နှင့် ဆင်တူ၏။ သို့ဖြစ်၍ ယောရှုကျမ်းကို စိတ်ဝင်တစား သုံးသပ်ကြည့်ကြစို့။—ဟေဗြဲ ၄:၁၂။
“ယေရိခေါလွင်ပြင်” သို့
ယေဟောဝါ ဤသို့မိန့်ဆိုချိန်တွင် ယောရှု တာဝန်တစ်ခုရခဲ့သည်– “ငါ၏ကျွန် မောရှေသည် [သေဆုံး]လေပြီ။ သို့ဖြစ်၍ သင်နှင့် သင်၌ပါသော ဤလူအပေါင်းတို့သည် ယခုထ၍ ယော်ဒန်မြစ်တစ်ဖက်သို့ ကူးကြလော့။ ဣသရေလအမျိုးသားတို့အား ငါပေးသောပြည်ကို ဝင်စားကြလော့။” (ယောရှု ၁:၂) ယောရှုသည် သန်းနှင့်ချီသော လူမျိုးတစ်မျိုးကို ကတိထားရာပြည်သို့ ဦးဆောင်ခေါ်သွားရမည်ဖြစ်သည်။ ကြိုတင်ပြင်ဆင်သည့်အနေနှင့် ပထမဆုံးသိမ်းပိုက်ရမည့် ယေရိခေါမြို့သို့ သူလျှိုနှစ်ဦးကို စေလွှတ်လိုက်သည်။ မိမိ၏လူမျိုးတော်အတွက် ယေဟောဝါ လုပ်ဆောင်ပေးခဲ့သော တန်ခိုးပါလုပ်ရပ်များအကြောင်း ကြားသိခဲ့သော ပြည့်တန်ဆာရာခပ်သည် ထိုမြို့တွင် နေထိုင်၏။ သူသည် သူလျှိုများကို ကာကွယ်၍ ကူညီပေးခဲ့သောကြောင့် အသက်ချမ်းသာပေးမည်ဟူသော ကတိကို ရရှိခဲ့သည်။
သူလျှိုများ ပြန်ရောက်သွားသည့်အခါ ယောရှုနှင့် ဣသရေလလူမျိုးသည် ခရီးဆက်၍ ယော်ဒန်မြစ်ကို ဖြတ်ကူးရန် အသင့်ရှိနေကြသည်။ ယေဟောဝါသည် ရေကာတာကဲ့သို့ ရေကို နောက်ပြန်,ဆန်တက်စေပြီး တစ်ဖက်ကို ပင်လယ်သေထဲသို့ စီးဝင်သွားစေသောကြောင့် ယင်းသည် သူတို့အတွက် အတားအဆီးမဖြစ်ချေ။ ဣသရေလလူတို့သည် ယော်ဒန်မြစ်ကို ဖြတ်ကူးပြီးနောက် ယေရိခေါမြို့အနီးရှိ ဂိလဂါလမြို့တွင် တပ်ချလိုက်ကြ၏။ နောက်လေးရက်အကြာ အဗိဗ ၁၄ ရက်ညနေပိုင်း၌ ယေရိခေါလွင်ပြင်တွင် ပသခါပွဲကို သူတို့ကျင်းပကြသည်။ (ယောရှု ၅:၁၀) နောက်တစ်နေ့တွင် ထိုပြည်မှ အသီးအနှံတို့ကို စားသုံးကြလေရာ မန္နမုန့်ကို မရရှိတော့ချေ။ ဤအချိန်၌ ယောရှုသည် တောကန္တာရတွင် မွေးဖွားသော ယောက်ျားအားလုံးကို အရေဖျားလှီးခဲ့သည်။
ကျမ်းစာမေးခွန်းများ အဖြေ–
၂:၄၊ ၅—သူလျှိုများကိုရှာဖွေနေသော ဘုရင်၏စစ်သည်များအား ရာခပ် အဘယ်ကြောင့် လှည့်စားခဲ့သနည်း။ ရာခပ်သည် ယေဟောဝါအား ယုံကြည်လာသောကြောင့် သူ၏အသက်ကိုစွန့်၍ သူလျှိုများကို ကာကွယ်ပေးခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏လူမျိုးတော်ကို အန္တရာယ်ပြုရန် ကြိုးစားနေကြသူများအား သူလျှိုများရှိသောနေရာကို ပြောပြရမည့်တာဝန် သူ၌မရှိပါ။ (မဿဲ ၇:၆; ၂၁:၂၃-၂၇: ယောဟန် ၇:၃-၁၀) အမှန်ဆိုရလျှင် ရာခပ်သည် မင်းအရာရှိများကို လမ်းလွှဲပေးလိုက်ခြင်းအပါအဝင် “အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်” ခဲ့သည်။—ယာကုပ် ၂:၂၄-၂၆။
၅:၁၄၊ ၁၅—‘ယေဟောဝါ၏ဗိုလ်ခြေကို အုပ်စိုးသောဗိုလ်မှူး’ ကားမည်သူနည်း။ ကတိထားရာပြည်ကို စတင်သိမ်းပိုက်စဉ်က ယောရှုအား လာရောက်ကူညီပေးသူ ဗိုလ်မှူးမှာ လူသားဘဝမတိုင်မီက ‘နှုတ်မြွက်စကားတော်’ ဖြစ်သူ ယေရှုခရစ်ပင်ဖြစ်နိုင်၏။ (ယောဟန် ၁:၁; ဒံယေလ ၁၀:၁၃) ယနေ့ ဝိညာဉ်ရေးတိုက်ပွဲတွင် ဘုရားသခင်၏လူမျိုးတော်နှင့်အတူ ဘုန်းရှိသောယေရှုခရစ်ရှိနေသည်ဟူသော အာမခံချက်ရရှိခြင်းသည် တကယ်ကို အားရှိစရာပင်!
ကျွန်ုပ်တို့အတွက် သင်ခန်းစာ–
၁:၇-၉။ သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုခြင်း၊ ကျမ်းစာမိန့်ဆိုထားရာကို မှန်မှန်ဆင်ခြင်တွေးတောခြင်းနှင့် ကျွန်ုပ်တို့သိရှိရာကို လက်တွေ့ကျင့်သုံးခြင်းတို့သည် ဝိညာဉ်ရေးကြိုးစားမှုတွင် အောင်မြင်ဖို့ မရှိမဖြစ်လိုအပ်သည်။
၁:၁၁။ ယောရှုသည် ဘုရားသခင်ပေးမည့် စားနပ်ရိက္ခာကို ပျင်းရိလေးတွဲစွာ စောင့်ဆိုင်းမနေဘဲ လူတို့အား အသင့်ပြင်ဆင်စေခဲ့ကြသည်။ ဘဝလိုအပ်ရာများအတွက် စိုးရိမ်ခြင်းမရှိရန်နှင့် “နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့” ဟူသော ကတိတော်ကို ယေရှုပေးထားသောကြောင့် ကျွန်ုပ်တို့သည် ကိုယ့်ခြေပေါ် ကိုယ်ရပ်စရာမလိုဟု ဆိုလိုနေခြင်းမဟုတ်ပါ။—မဿဲ ၆:၂၅၊ ၃၃။
၂:၄-၁၃။ ယေဟောဝါ၏ကြီးမားသောအမှုများကို ကြား၍ ယခုအချိန်သည် အရေးတကြီးအချိန်ဖြစ်ကြောင်း ရာခပ် သဘောပေါက်ပြီးနောက် ကိုယ်တော်၏ဝတ်ပြုသူများဘက် ရပ်တည်ရန် ဆုံးဖြတ်လိုက်သည်။ သင်သည် ကျမ်းစာကို အတန်ကြာလေ့လာခဲ့ပြီဖြစ်၍ ‘နောက်ဆုံးကာလ’ တွင်အသက်ရှင်နေထိုင်လျက်ရှိကြောင်း အသိအမှတ်ပြုမည်ဆိုလျှင် ဘုရားသခင်၏အမှုတော်ဆောင်ရန် ဆုံးဖြတ်သင့်သည်မဟုတ်ပေလော။—၂ တိမောသေ ၃:၁။
၃:၁၅။ ယေရိခေါမြို့သို့ စေလွှတ်ခဲ့သော သူလျှိုများ၏သတင်းပို့ချက် ကောင်းသောကြောင့် ယောရှုသည် ယော်ဒန်မြစ်ရေ ကျသွားမည့်အချိန်ကို မစောင့်ဘဲ အလျင်အမြန်လုပ်ဆောင်လေသည်။ စစ်မှန်သောဝတ်ပြုရေးနှင့်ပတ်သက်လာလျှင် ကျွန်ုပ်တို့သည် ပိုအဆင်ပြေမည့်အချိန်ကို စောင့်ဆိုင်းနေမည့်အစား သတ္တိရှိရှိ လုပ်ဆောင်ကြရမည်ဖြစ်သည်။
၄:၄-၈၊ ၂၀-၂၄။ ယော်ဒန်မြစ်မှ ကျောက် ၁၂ လုံးသည် ဣသရေလလူမျိုးအတွက် အထိမ်းအမှတ်အဖြစ် တည်ရှိစေရမည်။ ယေဟောဝါ၏မျက်မှောက်ခေတ်လူမျိုးတော်ကို ရန်သူများလက်မှ ကိုယ်တော် ကယ်လွှတ်ပေးသော လုပ်ရပ်များသည်လည်း သူတို့နှင့်ကိုယ်တော်ရှိသည့် အထိမ်းအမှတ်ဖြစ်၏။
ဆက်တိုက်အောင်ပွဲခံ
ယေရိခေါမြို့သည် “ကျပ်တည်းစွာ ပိတ်ထားလျက်ရှိ၍ ထွက်သောသူ၊ ဝင်သောသူတစ်စုံတစ်ယောက်မျှ မရှိ” ကြချေ။ (ယောရှု ၆:၁) ထိုမြို့ကို မည်သို့သိမ်းပိုက်မည်နည်း။ ယေဟောဝါသည် ယောရှုကို နည်းဗျူဟာပေး၏။ မကြာမီ မြို့ရိုးများ ပြိုကျပြီး မြို့တော် ပျက်စီးသွားလေသည်။ ရာခပ်နှင့် သူ၏အိမ်သားများသာ အသက်ချမ်းသာရကြ၏။
နောက်ထပ်သိမ်းပိုက်လိုက်သော မြို့တော်မှာ အာဣမြို့ဖြစ်၏။ ဤမြို့တွင် လူဦးရေနည်းသောကြောင့် တိုက်ခိုက်သိမ်းပိုက်ရန် လူများစွာမလိုကြောင်း သူလျှိုများက သတင်းပို့ခဲ့သည်။ သို့သော် ထိုမြို့ကို တိုက်ခိုက်ရန် စေလွှတ်လိုက်သော စစ်သည် ၃,၀၀၀ ခန့်သည် အာဣမြို့သားများထံမှ ထွက်ပြေးခဲ့ရ၏။ အကြောင်းရင်းကား အဘယ်နည်း။ ယေဟောဝါသည် ဣသရေလလူတို့နှင့်အတူ မရှိသောကြောင့်တည်း။ ယုဒအမျိုးသား အာခန်သည် ယေရိခေါမြို့ကို တိုက်ခိုက်သိမ်းပိုက်စဉ်က အပြစ်ပြုခဲ့သည်။ ဤကိစ္စကို ကိုင်တွယ်ပြီးနောက်တွင် အာဣမြို့ကို ယောရှု တိုက်ခိုက်ပြန်သည်။ တစ်ဖန် အာဣရှင်ဘုရင်သည် ဣသရေလလူတို့ကို စစ်တိုက်၍ အနိုင်ရခဲ့သောကြောင့် ပြန်တိုက်ခိုက်လို၏။ သို့သော် ယောရှုသည် အာဣမြို့သားများ၏ ယုံကြည်စိတ်ချလွန်းနေမှုကို အခွင့်ကောင်းယူသည့်
နည်းဗျူဟာတစ်ခုကို အသုံးပြုကာ ထိုမြို့ကို ယောရှု သိမ်းပိုက်လိုက်လေသည်။ဂိဗောင်မြို့သည် “ကြီးစွာသောမြို့၊ အာဣမြို့ထက်ကြီး၍ မြို့သားယောက်ျားအပေါင်းတို့သည် ခွန်အားနှင့်ပြည့်စုံ” ကြသည်။ (ယောရှု ၁၀:၂) သို့သော် ယေရိခေါမြို့နှင့် အာဣမြို့တို့ကို ဣသရေလလူမျိုး အနိုင်ရရှိသည့်သတင်းကို ဂိဗောင်မြို့သားများ ကြားသိသောအခါ ယောရှုနှင့် ငြိမ်းချမ်းရေးစာချုပ်,ချုပ်ရန် ပရိယာယ်သုံးခဲ့သည်။ ပတ်ဝန်းကျင်နိုင်ငံများက ထိုသို့ပြုခြင်းကို မိမိတို့အတွက် ခြိမ်းခြောက်မှုဖြစ်သည်ဟု ယူမှတ်ကြသည်။ ရှင်ဘုရင်ငါးပါးသည် မဟာမိတ်ဖွဲ့ပြီး ဂိဗောင်မြို့ကို တိုက်ခိုက်ကြသည်။ ဣသရေလလူမျိုးသည် ဂိဗောင်မြို့သားများဘက်မှ ကူညီပေးပြီး တိုက်ခိုက်သူများကို အပြီးအပိုင် ချေမှုန်းပစ်လိုက်သည်။ ယောရှုခေါင်းဆောင်မှုအောက်တွင် ဣသရေလလူမျိုး၏ တခြားအောင်ပွဲများမှာ တောင်ဘက်နှင့် အနောက်ဘက်မှ မြို့များသာမက မြောက်ဘက်ရှိ ဘုရင်များ၏မဟာမိတ်အဖွဲ့ကိုလည်း အနိုင်ရရှိခဲ့သည်။ ယော်ဒန်မြစ်အနောက်ဘက်တွင် စစ်ရှုံးခဲ့သော ရှင်ဘုရင်အားလုံးပေါင်း ၃၁ ပါးရှိ၏။
ကျမ်းစာမေးခွန်းများ အဖြေ–
၁၀:၁၃—ဤအံ့ဖွယ်ဖြစ်ရပ် မည်သို့ဖြစ်နိုင်သနည်း။ ကောင်းကင်၊ မြေကြီး၏ ဖန်ဆင်းရှင် ‘ယေဟောဝါ မတတ်နိုင်သောအမှု တစ်စုံတစ်ခုရှိသလော။’ (ကမ္ဘာဦး ၁၈:၁၄) အကယ်၍ ယေဟောဝါ အလိုတော်ရှိမည်ဆိုလျှင် ကမ္ဘာပေါ်မှ ကြည့်ရှုသူတစ်ဦးအတွက် နေနှင့်လ မရွေ့ရှားတော့သည့်ပုံပေါက်စေရန် ကမ္ဘာမြေရွေ့ရှားမှုကို ဖန်တီးနိုင်၏။ သို့မဟုတ် ကိုယ်တော်သည် နေနှင့်လတို့ကို ပုံမှန်အတိုင်း ရွေ့ရှားနေစေစဉ် နေနှင့်လမှရောင်ခြည်များကို တစ်နည်းနည်းဖြင့် အလင်းယိုင်စေရာ အဆိုပါအလင်းအိမ်နှစ်ခုမှ အလင်းကို ဆက်လက်ထွန်းလင်းနေစေနိုင်၏။ မည်သို့ပင်ဖြစ်ပါစေ၊ လူ့သမိုင်းတွင် “ထိုသို့သောနေ့တစ်နေ့မျှ မဖြစ်စဖူး” ချေ။—ယောရှု ၁၀:၁၄။
၁၀:၁၃—ယာရှာစာကား အဘယ်နည်း။ ဣသရေလရှင်ဘုရင် ရှောလုနှင့် သူ၏သားတော်ယောနသန်တို့အကြောင်း စပ်ဆိုထားသည့် ငိုချင်းတစ်ပုဒ်ဖြစ်သော “လေးတော်” ဟူသည့် ကဗျာကို ရည်ညွှန်းထားသည့် ၂ ဓမ္မရာဇဝင် ၁:၁၈ တွင် ထိုစာအုပ်ကို တစ်ဖန်ပြန်ဖော်ပြထားသည်။ ယင်းစာအုပ်သည် သမိုင်းဝင်အကြောင်းအရာနှင့်စပ်လျဉ်းပြီး ရေးဖွဲ့ထားသော သီချင်းများနှင့် ကဗျာများကို စုဆောင်းရေးထားသည့် ဟေဗြဲလူတို့ကြား ထင်ပေါ်ကျော်ကြားသော စာအုပ်ဖြစ်နိုင်ဖွယ်ရှိ၏။
ကျွန်ုပ်တို့အတွက် သင်ခန်းစာ–
၆:၂၆; ၉:၂၂၊ ၂၃။ ယေရိခေါမြို့ ပျက်စီးချိန်တွင် ယောရှု၏ကျိန်ဆိုချက်သည် နောက်အနှစ် ၅၀၀ ခန့်တွင် ပြည့်စုံ၏။ (၃ ဓမ္မရာဇဝင် ၁၆:၃၄) နောဧ၏မြေး ခါနာန်အပေါ် သူ၏ကျိန်ဆိုချက်သည် ဂိဗောင်မြို့သားများ အလုပ်ကြမ်းသမားများဖြစ်လာသည့်အချိန်တွင် ပြည့်စုံလာသည်။ (ကမ္ဘာဦး ၉:၂၅၊ ၂၆) ယေဟောဝါ၏စကားတော်သည် အမြဲမှန်ကန်၏။
၇:၂၀-၂၅။ အာခန်၏ခိုးမှုသည် အခြားသူများကို မထိခိုက်စေပါဟု အကြောင်းပြကာ သူ၏အပြစ်ကို မဖြစ်စလောက်ဟု အချို့က ယူမှတ်ကြပေမည်။ သူတို့သည် ကျမ်းစာပညတ်တရားနှင့်ဆန့်ကျင်သည့် အသေးအဖွဲခိုးမှုများနှင့် မဖြစ်စလောက်အပြစ်များကို ထိုနည်းတူ ယူမှတ်ကြပေမည်။ ကျွန်ုပ်တို့မူ ယောရှုနည်းတူ တရားမဝင် သို့မဟုတ် အကျင့်ပျက်လုပ်ရပ်များကို ပြုလုပ်ရန် ဖိအားပေးမှုများကို တွန်းလှန်မည်ဟု သန္နိဋ္ဌာန်ချသင့်သည်။
၉:၁၅၊ ၂၆၊ ၂၇။ ကျွန်ုပ်တို့ချုပ်ဆိုသည့် စာချုပ်များကို အလေးအနက်ထားပြီး ကတိတည်ကြရမည်။
ယောရှုသည် သူ၏နောက်ဆုံး အရေးကြီးတာဝန် ထမ်းဆောင်
ယခု အသက်ကြီးရင့်—အသက် ၉၀ နားနီး—လာသော ယောရှုသည် တိုင်းပြည်ကို ခွဲဝေပေးလေသည်။ အမှန်ပင် တာဝန်ကြီးပါပေ၏! ရုဗင်အမျိုး၊ ဂဒ်အမျိုးနှင့် မနာရှေအမျိုးတစ်ဝက်တို့သည် ယော်ဒန်မြစ်၏အရှေ့ဘက်၌ အမွေရရှိထားနှင့်ပြီဖြစ်သည်။ ယခု အနောက်ဘက်ကို စာရေးတံချ၍ ကျန်အနွယ်များကို ခွဲဝေပေးလေ၏။
တဲတော်ကို ဧဖရိမ်အမျိုး၏ပိုင်နက်ရှိ ရှိလောမြို့တွင် ဆောက်လုပ်ခဲ့သည်။ ကာလက်သည် ဟေဗြုန်မြို့ကို ရရှိပြီး ယောရှုသည် တိမနသေရမြို့ကို ရရှိခဲ့၏။ လေဝိအမျိုးသည် ခိုလှုံရာ ၆ မြို့အပါအဝင် ၄၈ မြို့ကို အမွေရရှိ၏။ ရုဗင်အမျိုး၊ ဂဒ်အမျိုးနှင့် မနာရှေအမျိုးတစ်ဝက်တို့၏ စစ်သည်များသည် ယော်ဒန်မြစ်အရှေ့ဘက်ရှိ သူတို့၏အမွေမြေသို့ အပြန်လမ်းတွင် “ထင်ရှားစွာသော” ယဇ်ပလ္လင်ကြီးတစ်ခုကို တည်ဆောက်ကြသည်။ (ယောရှု ၂၂:၁၀) ယော်ဒန်မြစ်အနောက်ဘက်မှ အနွယ်များက ထိုသို့တည်ဆောက်ခြင်းကို အယူဖောက်ပြန်ခြင်းဖြစ်သည်ဟု ရှုမြင်ကြပြီး လူမျိုးချင်းစစ်ပွဲ ဖြစ်ခါနီးတွင် ကောင်းသောဆက်သွယ်ရေးကြောင့် သွေးထွက်သံယိုမှု မဖြစ်ပေါ်ခဲ့ချေ။
ယောရှုသည် တိမနသေရမြို့တွင် အတန်ကြာ နေထိုင်ပြီးနောက် ဣသရေလအမျိုး အသက်ကြီးသူများ၊ အကဲအမှူးများ၊ တရားသူကြီးများနှင့် အရာရှိများကို ဆင့်ခေါ်၍ ရဲစွမ်းသတ္တိရှိကြရန်နှင့် ယေဟောဝါအပေါ် ဆက်သစ္စာရှိကြရန် အားပေးတိုက်တွန်း၏။ ထို့နောက် ယောရှုသည် ရှိခင်မြို့တွင် ဣသရေလအနွယ်အားလုံးကို စုဝေးစေ၏။ ထိုတွင် သူသည် အာဗြဟံခေတ်မှစ၍ ယေဟောဝါ၏ဆက်ဆံရေးများကို သူတို့အား ပြန်အမှတ်ရစေပြီး ‘ယေဟောဝါကိုကြောက်ရွံ့၍ ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်းနှင့်တကွ ဝတ်ပြုကြလော့’ ဟုထပ်၍နှိုးဆော်ပြန်၏။ လူတို့က ‘ငါတို့ဘုရားသခင် ယေဟောဝါကို ဝတ်ပြုပါမည်။ စကားတော်ကို နားထောင်ပါမည်’ ဟုဖြေကြားကြ၏။ (ယောရှု ၂၄:၁၄၊ ၁၅၊ ၂၄) ထို့နောက် ယောရှုသည် အသက် ၁၁၀ တွင်ကွယ်လွန်သွားလေသည်။
ကျမ်းစာမေးခွန်းများ အဖြေ–
၁၃:၁—ယင်းသည် ယောရှု ၁၁:၂၃ တွင်ဖော်ပြထားသည့်စကားနှင့် ဆန့်ကျင်ရာကျသည်မဟုတ်လော။ မဟုတ်ပါ၊ အကြောင်းမှာ ကတိထားရာပြည်ကို သိမ်းပိုက်အနိုင်ရရှိခြင်းတွင် ကဏ္ဍနှစ်ခုပါရှိသည်– တစ်နိုင်ငံလုံး စုပေါင်းစစ်တိုက်၍ ခါနာန်ပြည်မှ ဘုရင် ၃၁ ပါးကို အနိုင်ရပြီး ခါနာန်လူတို့၏သြဇာအာဏာကို ချိုးဖျက်ခဲ့ရခြင်းနှင့် အနွယ်လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ တိုက်ခိုက်ခြင်းအားဖြင့် ထိုပြည်ကို လုံးဝသိမ်းပိုက်ခဲ့ခြင်းတို့ဖြစ်သည်။ (ယောရှု ၁၇:၁၄-၁၈; ၁၈:၃) ဣသရေလအမျိုးသားများသည် ခါနာန်လူတို့ကို အကုန်အစင် မောင်းထုတ်ရန် ပျက်ကွက်ခဲ့ကြသော်လည်း ကျန်ရှိသူများသည် ဣသရေလလူမျိုး၏လုံခြုံရေးကို အဘယ်ခြိမ်းခြောက်မှုမျှ မပြုခဲ့ကြချေ။ (ယောရှု ၁၆:၁၀; ၁၇:၁၂) ယောရှု ၂၁:၄၄ ကဤသို့ဖော်ပြသည်– “[ယေဟောဝါ] သည်ပတ်ဝန်းကျင်အရပ်တို့၌ ငြိမ်ဝပ်ရာအခွင့်ကို ပေးတော်မူ” ၏။
၂၄:၂—အာဗြဟံ၏ဖခင် တေရသည် ရုပ်ပုံများကို ဝတ်ပြုသူတစ်ဦးလော။ အစပိုင်းတွင် တေရသည် ယေဟောဝါဘုရားသခင်အား ဝတ်ပြုကိုးကွယ်သူမဟုတ်ချေ။ သူသည် ဥရမြို့ရှိ လူအများကိုးကွယ်သော လ-နတ်ဘုရား စင်းကို ကိုးကွယ်ခဲ့ဖွယ်ရှိ၏။ ဂျူးထုံးတမ်းအရ တေရသည် ရုပ်ပုံများပြုလုပ်သူပင်ဖြစ်ပေမည်။ သို့သော် ဘုရားသခင်အမိန့်ရှိသည့်အတိုင်း ဥရမြို့မှ အာဗြဟံထွက်သွားသောအခါ တေရသည် ခါရန်မြို့သို့ အာဗြဟံနှင့်အတူ လိုက်သွားသည်။—ကမ္ဘာဦး ၁၁:၃၁။
ကျွန်ုပ်တို့အတွက် သင်ခန်းစာ–
၁၄:၁၀-၁၃။ ကာလက်သည် အသက် ၈၅ နှစ်ရှိပြီဖြစ်သော်လည်း ဟေဗြုန်အရပ်မှလူတို့ကို မောင်းထုတ်ရန် ခက်ခဲသောတာဝန်ကို တောင်းဆိုခဲ့၏။ ထိုအရပ်တွင် သူမတူသည့်အရပ်အမောင်းရှိ အာနကလူထွားကြီးများ နေထိုင်သည်။ ယေဟောဝါ၏အကူအညီဖြင့် အတွေ့အကြုံများသော ဤစစ်သားသည် စစ်နိုင်သဖြင့် ဟေဗြုန်သည် ခိုလှုံရာမြို့ဖြစ်လာလေသည်။ (ယောရှု ၁၅:၁၃-၁၉; ၂၁:၁၁-၁၃) ကျွန်ုပ်တို့သည် ခက်ခဲသောသီအိုကရက်တစ်တာဝန်များကို မငြင်းဆန်သင့်ကြောင်း ကာလက်၏ပုံနမူနာက အားပေးတိုက်တွန်း၏။
၂၂:၉-၁၂၊ ၂၁-၃၃။ သူတစ်ပါး၏ရည်ရွယ်ချက်များကို အထင်မလွဲမိရန် ကျွန်ုပ်တို့ ဂရုစိုက်ရမည်။
“တစ်စုံတစ်ပါးမျှ မယုတ်မလျော့”
ယောရှုသည် အသက်အရွယ်အိုမင်းလာသောအခါ တာဝန်ရှိဣသရေလအမျိုးသားတို့အား ‘သင်တို့၏ဘုရားသခင် ယေဟောဝါသည် သင်တို့အဖို့ မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံ’ လာသည်ဟုဆို၏။ (ယောရှု ၂၃:၁၄) ယောရှု၏သမိုင်းမှတ်တမ်းက ယင်းကို ကွက်ကွက်ကွင်းကွင်း ဖော်ပြ၏!
တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “ငါတို့သည် ကျမ်းစာ၌ပါသော သည်းခံခြင်း၊ သက်သာခြင်းအကြောင်းများကို အမှီပြု၍ မျှော်လင့်ရသောအခွင့်ရှိစေခြင်းငှာ၊ ကျမ်းစာ၌ အထက်ကရေးထားသမျှသည် ငါတို့ကို ဆုံးမ[သွန်သင်]၍ ရေးထားသတည်း။” (ရောမ ၁၅:၄) ဘုရားသခင်၏ကတိတော်များကို ကျွန်ုပ်တို့ ယုံကြည်မျှော်လင့်ခြင်းသည် မမှားကြောင်း စိတ်ချနိုင်ပါသည်။ ကတိတော်တစ်လုံးတစ်ပါဒမျှ မပြည့်စုံဘဲနေမည်မဟုတ်၊ ယင်းတို့အားလုံး ဧကန်အမှန် ပြည့်စုံလာပါလိမ့်မည်။
[စာမျက်နှာ ၁၀ ပါ မြေပုံ]
(ကားချက်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ယောရှု၏ခေါင်းဆောင်မှုဖြင့် သိမ်းပိုက်နိုင်ခဲ့သော ခါနာန်ပြည်
ဗာရှန်ပြည်
ဂိလဒ်ပြည်
အရာဗာချိုင့်ဝှမ်း
နေဂပ်ခရိုင်
ယော်ဒန်မြစ်
ရေငန်အိုင်
ယဗ္ဗုတ်တောင်ကြားချိုင့်ဝှမ်း
အာနုန်တောင်ကြားချိုင့်ဝှမ်း
ဟာဇော်
မာဒုန်
လာရှရုန်
ရှိမြုန်
ယောကနံ
ဒေါရ
မေဂိဒ္ဒေါ
ကေဒေရှ
တာနတ်
ဟေဖာ
တိရဇ
အာဖက်
တာပွာ
ဗေသလ
အာဣ
ဂိလဂါလ
ယေရိခေါ
ဂေဇာ
ယေရုရှလင်
မက္ကဒါ
ယာမုတ်
အဒုလံ
လိဗန
လာခိရှ
ဧဂလုန်
ဟေဗြုန်
ဒေဗိရ
အာရဒ်
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ပြည့်တန်ဆာရာခပ်ကို ဖြောင့်မတ်သူဟု ဆိုရသည့် အကြောင်းရင်းကို သင်သိသလော
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
အာခန်၏ခိုးမှုသည် မဖြစ်စလောက်အပြစ်တစ်ခုမဟုတ်ချေ —ယင်းကြောင့် ဆိုးရွားသောအကျိုးဆက်များ ဖြစ်ပေါ်လာ
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
‘ယေဟောဝါကို ကြောက်ရွံ့၍ ဝတ်ပြုကြလော့’ ဟူ၍ ဣသရေလလူမျိုးကို ယောရှု အားပေးတိုက်တွန်း
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
‘ယုံကြည်ခြင်းအားဖြင့် ယေရိခေါမြို့ရိုး ပြိုလဲ၏။’—ဟေဗြဲ ၁၁:၃၀