မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမာဓိစောင့်သိသောလမ်းစဉ်၌ လျှောက်လှမ်းလော့

သမာဓိစောင့်သိသောလမ်းစဉ်၌ လျှောက်လှမ်းလော့

သမာဓိ​စောင့်သိသော​လမ်းစဉ်၌ လျှောက်လှမ်း​လော့

‘အကျွန်ုပ်​မူ​ကား သမာဓိ​ရှိ​စွာ လျှောက်လှမ်းပါ​မည်။’—ဆာလံ ၂၆:၁၁၊ က​ဘ။

၁၊ ၂။ (က) ဘုရားသခင့်​ပိုင်သ​အုပ်စိုးမှု အရေးကိစ္စ​တွင် လူ့​သမာဓိ​စောင့်သိမှု​သည် အရေးပါသော​ကဏ္ဍ​တစ်ခု မည်သို့​ဖြစ်သနည်း။ (ခ) အသိဉာဏ်​ရှိသော သတ္တဝါများ​သည် ယေဟောဝါ​၏​ပိုင်သ​အုပ်စိုးမှု​ကို ထောက်ခံကြောင်း မည်သို့​တင်ပြ​နိုင်​ကြ​သနည်း။

ဧဒင်ဥယျာဉ်​၌ စာတန်​ပုန်ကန်​သည့်​အခါ ဖန်ဆင်း​ရာ​များ​အပေါ် ဘုရားသခင်​ပိုင်သ​အုပ်စိုးခွင့်​နှင့်​ပတ်သက်သော စကြဝဠာ​အရေးကိစ္စကို ပေါ်ပေါက်​စေ​ခဲ့​သည်။ နောက်ပိုင်း​တွင် သူက လူတို့သည် အကျိုး​ရ​နေ​မှ​သာ​လျှင် ကိုယ်တော်​အား ဝတ်ပြု​ကြလိမ့်မည်​ဟု ဘုရားသခင်​ကို စိန်ခေါ်​ခဲ့​သည်။ (ယောဘ ၁:၉-၁၁; ၂:၄) သို့ဖြင့် လူ့​သမာဓိ​စောင့်သိမှု​သည် ယေဟောဝါ​၏​စကြဝဠာ​ပိုင်သ​အုပ်စိုးခွင့် အရေးကိစ္စ​တွင် အရေးပါသော​အပိုင်းကဏ္ဍ​တစ်ခု ဖြစ်လာ​လေ​သည်။

ဘုရားသခင်​၏​ပိုင်သ​အုပ်စိုးမှု​သည် ဖန်ဆင်း​ခံ​သတ္တဝါများ​၏ သမာဓိ​စောင့်သိမှု​အပေါ် မူတည်​သည်မဟုတ်​သော်လည်း ဤ​ကိစ္စ​တွင် လူသားများ​နှင့် ဘုရားသခင့်​ဝိညာဉ်​သတ္တဝါများ မည်သည့်​ဘက်၌ မိမိတို့​ရှိကြောင်း တင်ပြ​နိုင်​ကြသည်။ မည်သို့​အားဖြင့်​နည်း။ သမာဓိ​စောင့်သိသော​လမ်းစဉ်​ကို​လိုက်ခြင်း၊ မလိုက်​ခြင်း​အားဖြင့်​ဖြစ်သည်။ ထို့​ကြောင့် လူတစ်ဦးကို သူ၏​သမာဓိ​စောင့်သိမှု​ပေါ်​မူတည်ပြီး အကဲဖြတ်​နိုင်​သည်။

၃။ (က) ယောဘ​နှင့် ဒါဝိဒ်​တို့သည် အဘယ်အရာကို ယေဟောဝါ​အား စစ်ကြော​စီရင်​စေ​လို​သနည်း။ (ခ) သမာဓိ​စောင့်သိ​ခြင်း​နှင့်​ပတ်သက်​၍ အဘယ်​မေးခွန်းများ​ပေါ်လာ​သနည်း။

ယုံကြည်​စိတ်ချ​စွာ​ဖြင့် ယောဘ​ဤသို့​ပြော​ခဲ့​သည်– “[ယေဟောဝါ​သည်] မှန်သော​ချိန်ခွင်​၌ ငါ​ကို​ချိန်​၍ ငါ့​စုံလင်ခြင်း [“သမာဓိ​စောင့်သိမှု၊” က​ဘ] ကို​ဘုရားသခင်​သိတော်မူ​ပါစေ​သော။” (ယောဘ ၃၁:၆သမ္မာ) ‘အို​ယေဟောဝါ အကျွန်ုပ်သည် သမာဓိ​ရှိ​စွာ လျှောက်လှမ်း​ခဲ့​သောကြောင့် အကျွန်ုပ်​အမှုကို​တရား​စီရင်တော်မူ​ပါ။ ရွေ့​လျော့​ခြင်း​မရှိဘဲ ယေဟောဝါ​၌​ကိုးစား​ပါ​ပြီ’ ဟု​ရှေး​ဣသရေလ​ဘုရင် ဒါဝိဒ်​ဆုတောင်း​စဉ် သူ၏​သမာဓိ​စောင့်သိမှု​ကို စစ်ကြော​စီရင်​ရန် ယေဟောဝါ​အား လျှောက်​လဲ​ခဲ့​သည်။ (ဆာလံ ၂၆:၁က​ဘ) ကျွန်ုပ်​တို့​လည်း သမာဓိ​စောင့်သိသော​လမ်းစဉ်​ပေါ် လျှောက်လှမ်းဖို့ အလွန်​အရေးကြီး​၏! သို့သော် သမာဓိ​ရှိ​ခြင်း​ဟူသည် အဘယ်နည်း၊ ထို​လမ်းစဉ်​အတိုင်း လျှောက်လှမ်းခြင်း​သည် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။ သမာဓိ​စောင့်သိ​မြဲ​စောင့်​သိနေ​ရန် အဘယ်အရာက ကူညီ​ပေး​မည်​နည်း။

‘အကျွန်ုပ်သည် သမာဓိ​ရှိ​စွာ လျှောက်လှမ်းပါ​ပြီ’

၄။ သမာဓိ​ရှိ​ခြင်း​ဟူသည် အဘယ်နည်း။

သမာဓိ​ရှိ​ခြင်း​ဟူသည် သ​မာသ​မတ်​ဖြစ်​ခြင်း၊ အပြစ်​မရှိခြင်း၊ ဖြောင့်မတ်ခြင်း​နှင့် အပြစ်ကင်း​စင်​ခြင်း အဓိပ္ပာယ်ဆောင်​၏။ သို့သော် သမာဓိ​ရှိ​ခြင်း​တွင် မှန်ရာကို​ပြုလုပ်ခြင်း​ထက်မက ပါဝင်​သည်။ ယင်းသည် ကိုယ်ကျင့်တရား​ကြံ့ခိုင်​ခြင်း၊ ဘုရားသခင်​ကို နှလုံး​အကြွင်းမဲ့​ချစ်​မြတ်နိုးခြင်း​သဘောလည်း​ဆောင်​၏။ စာတန်​က “ယခု​မူ​ကား လက်တော်ကို​ဆန့်​၍ [ယောဘ​၏] အရိုး​နှင့်​အသားကို ထိခိုက်​တော်​မူလျှင် သူသည် မျက်မှောက်တော်၌ ကိုယ်တော်​ကို​မုချ​ကျိန်ဆဲ​ပါ​လိမ့်​မည်” ဟု ဘုရားသခင်​အား လျှောက်​သောအခါ ယောဘ​၏​ရည်ရွယ်ချက်ကို စောဒကတက်​ခဲ့​သည်။ (ယောဘ ၂:၅သမ္မာ) သမာဓိ​ရှိ​ရန် တော်မှန်​စွာ​ပြုလုပ်​ရသည့်​အပြင် မှန်ကန်သော​နှလုံး​စေ့ဆော်မှု​ရှိဖို့လည်း​လို​သည်။

၅။ သမာဓိ​စောင့်​သိနေ​ရန် စင်းလုံးချော​စုံလင်သူ​ဖြစ်စရာ​မလို​ကြောင်း အဘယ်အရာက ဖော်ပြ​သနည်း။

သို့သော် သမာဓိ​စောင့်သိ​နေဖို့ စင်းလုံးချော​စုံလင်သူ​ဖြစ်စရာ​မလိုပါ။ ဘုရင်​ဒါဝိဒ်​သည် မစုံလင်သူ​ဖြစ်​ပြီး သူ့​ဘဝ​တစ်လျှောက် ကြီး​လေး​သော​အပြစ်​များ အကြိမ်ကြိမ်​ပြု​မိ​ခဲ့​သည်။ သို့​တိုင် သမ္မာကျမ်းစာ​က သူ့ကို ‘သမာဓိ​နှလုံးဖြင့်’ ကျင့်ကြံ​ပြုမူ​သူ​ဟု​ဆို​ထား​သည်။ (၃ ဓမ္မ​ရာဇဝင် ၉:၄) အဘယ်ကြောင့်​နည်း။ ဒါဝိဒ်​သည် ယေဟောဝါ​ဘုရားသခင်​အား စိတ်နှလုံး​အကြွင်းမဲ့ ချစ်​မြတ်နိုးသော​ကြောင့်​ဖြစ်သည်။ မိမိ၏​အပြစ်​များ​ကို ဝန်ခံ​ပြီး ဆုံးမ​ပဲ့ပြင်​မှု​ကို လက်ခံ​ကာ မိမိ​လမ်းစဉ်​ကို​တည့်မတ်​ရန် အသင့်​ရှိခဲ့​သည်။ မှန်ပါသည်၊ ဒါဝိဒ်​သည် သူ၏​ဘုရားသခင်၊ ယေဟောဝါ​ကို စိတ်နှလုံး​အကြွင်းမဲ့ ဆည်းကပ်​ဝတ်ပြု၊ ချစ်​မြတ်နိုး​ကြောင်း သူ၏​သမာဓိ​စောင့်သိမှု​က ထင်ရှားစေ​သည်။—တရားဟောရာ ၆:၅၊ ၆

၆၊ ၇။ သမာဓိ​ရှိ​ရှိ လျှောက်လှမ်းခြင်း​တွင် အဘယ်အရာ​ပါဝင်​သနည်း။

သမာဓိ​ရှိ​ခြင်း​ဟူသည် လူ့​အမူအကျင့်​ကဏ္ဍ​တစ်ခု​ဖြစ်သည့် ဘာသာရေး​ဆည်းကပ်​ဝတ်ပြုမှု​နှင့်​သာ သက်ဆိုင်​သည်မဟုတ်။ ကျွန်ုပ်​တို့၏​ဘဝ​ပုံစံ​တစ်ခုလုံး အကျုံးဝင်​သည်။ ဒါဝိဒ်​သည် သမာဓိ​ရှိ​ရှိ ‘လျှောက်လှမ်း​ခဲ့’ သည်။ ‘လျှောက်လှမ်း’ ဟူသော​ကြိယာ​သည် ‘အသက်ရှင်​နေထိုင်ပုံ’ သို့​မဟုတ် ‘ဘဝ​ပုံစံ’ ဟု​အဓိပ္ပာယ်​ရ​ကြောင်း သည်​န​ယူး​အင်​တာ​ပ​ရက်​တာ​ဘိုင်​ဘယ်က​ဆို​၏။ “အကျင့်အကြံ​စုံလင်” သူတို့​အကြောင်း​နှင့်​ပတ်သက်​၍ ဆာလံဆရာ ဤသို့​သီဆို​ခဲ့​သည်– “[ဘုရားသခင်​၏] သက်သေခံ​တော်​မူ​ချက်​များ​ကို စောင့်ရှောက်​၍ ကိုယ်တော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​သော​သူတို့သည် မင်္ဂလာ​ရှိကြ​၏။ အကယ်စင်စစ် ထို​သူတို့သည် မတရားသော​အမှုကို​မပြု၊ နည်းလမ်းတော်​သို့​လိုက်သွား​တတ်ကြ​၏။” (ဆာလံ ၁၁၉:၁-၃သမ္မာ) သမာဓိ​စောင့်သိ​ရန် ဘုရားသခင့်​အလိုတော်ကို အဆက်မပြတ်​ရှာဖွေ​နေပြီး ကိုယ်တော်​၏​နည်းလမ်းတော်​အတိုင်း လိုက်လျှောက်​နေဖို့လို​သည်။

သမာဓိ​ရှိ​ရှိ လျှောက်လှမ်း​နေ​ရန် မနှစ်မြို့ဖွယ်​အခြေအနေ​မျိုး​၌​ပင် ဘုရားသခင်​ကို သစ္စာရှိ​ရှိ​စွဲကပ်​နေဖို့လို​သည်။ စမ်းသပ်မှု​များ​ကို ခံရပ်​သောအခါ၊ ဘေးဆိုးများ​အကြား ဆက်လက်​ကြံ့ခိုင်​နေသော​အခါ၊ ဆိုးညစ်သော​ဤ​လောက​၏ သွေးဆောင်မှုများ​ကို တွန်းလှန်​သောအခါ ကျွန်ုပ်​တို့၏​သမာဓိ​စောင့်သိမှု ထင်ရှား​လာ​လေ​သည်။ ယေဟောဝါ​သည် မိမိ​အား​ကဲ့ရဲ့​ပြစ်တင်​သူ၏​စကား​ကို ပြန်​ချေ​နိုင်​ခွင့်​ရသည်​ဖြစ်​ရာ ကျွန်ုပ်​တို့သည် ‘ယေဟောဝါ​၏​စိတ်တော်​ကို ရွှင်လန်း​စေ​ကြ’ သည်။ (သု. ၂၇:၁၁) သို့​ဖြစ်၍ ယောဘ​နည်းတူ “ငါသည် သေ​သည့်​တိုင်အောင် ငါ့​သမာဓိကို​မစွန့်​လွှတ်” ဟု​ကျွန်ုပ်​တို့​သန္နိ​ဋ္ဌာန်​ချရန် အကြောင်းကောင်း​ရှိသည်။ (ယောဘ ၂၇:၅က​ဘ) ကျွန်ုပ်​တို့အား သမာဓိ​ရှိ​ရှိ လျှောက်လှမ်း​စေ​မည့်​အရာ​ကို ဆာလံ​အခန်းကြီး ၂၆ က ဖော်ပြ​ပါ​သည်။

‘အကျွန်ုပ်၏ နှလုံး​နှင့်​ကျောက်ကပ်​တို့ကို သန့်စင်ပေး​တော်​မူ​ပါ’

၈။ ယေဟောဝါ​အား မိမိ၏​ကျောက်ကပ်​များနှင့် နှလုံးကို​စစ်ဆေး​ရန် ဒါဝိဒ်​အသနားခံခြင်း​မှ သင်​အဘယ်အရာ သိရှိ​ရသနည်း။

ဒါဝိဒ်က ‘အို​ယေဟောဝါ အကျွန်ုပ်​ကို စစ်ဆေး​စုံစမ်း​၍ နှလုံး​နှင့်​ကျောက်ကပ်​တို့ကို သန့်စင်ပေး​တော်​မူ​ပါ’ ဟု​ဆုတောင်း​ခဲ့​သည်။ (ဆာလံ ၂၆:၂) ကိုယ်ခန္ဓာ​အတွင်းကျကျ​တွင် ကျောက်ကပ်​များ တည်ရှိ​သည်။ ပုံဆောင်​သဘော​အရ ကျောက်ကပ်​များသည် လူတစ်ဦး​၏​အနက်ရှိုင်းဆုံး​တွေးတောမှု၊ စိတ်​လှုပ်ရှားမှုများ​ကို တင်စား​သည်။ ပုံဆောင်​နှလုံး​မှာ​မူ သူ၏​စိတ်​လှုံ့ဆော်မှု၊ သူ၏​သဘောထားများ၊ သူ၏​အသိဉာဏ်​တို့​ပါဝင်သော အတွင်းလူ​တစ်ခုလုံး​ကို ဆိုလို​သည်။ ဒါဝိဒ်က မိမိ​အား​စစ်ဆေး​တော်​မူ​ပါ​ဟု ယေဟောဝါ​ထံ​ဆုတောင်း​သောအခါ သူ၏​အတွင်းအကျဆုံး တွေးတော​ဆင်ခြင်မှု​များနှင့် သဘောထား​တို့ကို ရှာဖွေ​စစ်ဆေး​ပေး​ရန် တောင်းလျှောက်​နေခြင်း​ဖြစ်သည်။

၉။ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ပုံဆောင်​ကျောက်ကပ်​များနှင့် နှလုံးကို အဘယ်​နည်းဖြင့် သန့်စင်ပေး​သနည်း။

မိမိ၏​ကျောက်ကပ်​များနှင့် နှလုံးကို သန့်စင်ပေး​ပါ​ရန် ဒါဝိဒ်​အသနားခံ​ခဲ့​သည်။ ကျွန်ုပ်​တို့၏​အတွင်းလူ​ကို ယေဟောဝါ မည်သို့​သန့်စင်ပေး​သနည်း။ ဒါဝိဒ်​ဤသို့​သီဆို​ခဲ့​သည်– “အကြံပေး​တော်​မူ​သော ထာဝရ​ဘုရား[သခင်]ကို ဩ​ဘာ​ပြု​ပါ​မည်။ ည​ဉ့်​တိုင်း ငါ့​နှလုံး​ကျောက်ကပ်​ဆုံးမ​ပါ​၏။” (ဆာလံ ၁၆:၇သ​မ) အဘယ်အရာကို ဆိုလို​သနည်း။ ဘုရားသခင့်​ဆုံးမ​စကား​သည် ဒါဝိဒ်​၏​အူ​ထဲ​အသည်း​ထဲ​ရောက်ရှိ​ကာ ထို​တွင် ကိန်းအောင်း​နေပြီး သူ၏​အတွင်းအကျဆုံး​တွေးတောမှု​များနှင့် စိတ်​လှုပ်ရှားမှုများ​ကို တည့်မတ်​ပေး​ကြောင်း ဆိုလို​သည်။ ကျွန်ုပ်​တို့​လည်း ဘုရားသခင့်​နှုတ်မြွက်​စကားတော်၊ ကိုယ်တော်​၏​ကိုယ်စားလှယ်​များနှင့် ကိုယ်တော်​၏​အဖွဲ့အစည်း​မှ​တစ်ဆင့်​ရရှိသော ဆုံးမ​စကား​ကို တန်ဖိုး​ထား​ကာ စဉ်းစား​ဆင်ခြင်​ပြီး စိတ်နှလုံး​အတွင်း ကိန်းအောင်း​စေမည်​ဆိုလျှင် အလားတူ​ဖြစ်​နိုင်​ပါ​သည်။ ဤနည်းဖြင့် ကျွန်ုပ်​တို့ကို သန့်စင်ပေး​ရန် ယေဟောဝါ​ထံ မှန်မှန်​ဆုတောင်းခြင်း​က သမာဓိ​ရှိ​ရှိ လျှောက်လှမ်း​စေပါ​လိမ့်​မည်။

‘ကိုယ်တော်​၏​ချစ်ခင်​ကြင်နာ​မှု​သည် အကျွန်ုပ်​မျက်မှောက်​၌​ရှိပါ၏’

၁၀။ အဘယ်အရာက ဒါဝိဒ်​ကို ဘုရားသခင့်​အမှန်တရား​လမ်းပေါ် လျှောက်လှမ်း​စေ​ခဲ့​သနည်း။

၁၀ ‘ကိုယ်တော်​၏​ချစ်ခင်​ကြင်နာ​မှု​သည် အကျွန်ုပ်​မျက်မှောက်​၌​ရှိပါ၏၊ ကိုယ်တော်​၏​အမှန်တရား၌ အကျွန်ုပ်​လျှောက်လိုက်​ပါ​ပြီ’ ဟု​ဒါဝိဒ်​ဆက်​ပြော​သည်။ (ဆာလံ ၂၆:၃က​ဘ) ဒါဝိဒ်​သည် ဘုရားသခင်​၏​ချစ်ခင်​ကြင်နာ​မှု​ရှိ စီရင်ချက်​များ​ကို ကောင်းစွာ​သိရှိပြီး ၎င်းတို့ကို ကျေးဇူး​တင်​စိတ်ဖြင့် တွေးတော​ဆင်ခြင်​ခဲ့​သည်။ သူ​ဤသို့​သီဆို​ခဲ့​၏– “အို​ငါ့​ဝိညာဉ် ထာဝရ​ဘုရား[သခင်]ကို ကောင်းချီး​ပေး​လော့။ ကျေးဇူးတော်​အပေါင်း​ကို မမေ့လျော့​နှင့်။” ဘုရားသခင်​၏ “ကျေးဇူးတော်” တစ်ခု​ကို​အောက်မေ့​ကာ ဒါဝိဒ်​ဤသို့​ဆက်​ပြော​သည်– “ထာဝရ​ဘုရား[သခင်]သည် ညှဉ်းဆဲခြင်း​ခံရ​သမျှ​သော သူတို့​အဖို့ တရားသော​အမှု၊ ဖြောင့်မတ်​စွာ​စီရင်​သော​အမှု​များ​ကို ပြု​တော်​မူ​၏။ နည်းလမ်းတော်​များ​ကို မောရှေ​အား​လည်းကောင်း၊ အမှုတော်များ​ကို ဣသရေလ​အမျိုးသား​တို့အား​လည်းကောင်း ဖော်ပြ​တော်​မူ​ပြီ။” (ဆာလံ ၁၀၃:၂၊ ၆၊ ၇သမ္မာ) ဤ​တွင် ဒါဝိဒ်​သည် မောရှေ​ခေတ်​၌ အီဂျစ်​လူမျိုး​လက်အောက် ဣသရေလ​လူမျိုး​ခံ​ခဲ့​ရသော ညှဉ်းဆဲခြင်း​များ​ကို သတိရခြင်း​ဖြစ်​ပေမည်။ သို့​ဖြစ်​လျှင် မောရှေ​အား ယေဟောဝါ​သိစေ​ခဲ့​သော ကယ်မ​ခြင်း​နည်းလမ်းများ​ကို အောက်မေ့​ဆင်ခြင်ခြင်း​က ဒါဝိဒ်​၏​နှလုံးကို ထိမိ​စေ​ခဲ့​ပြီး ဘုရားသခင့်​အမှန်တရား​လမ်းပေါ် လျှောက်လှမ်း​ရန် သူ၏​စိတ်ပိုင်းဖြတ်​ချက်​ကို ပိုမို​ခိုင်ခံ့​စေ​ခဲ့​ပေမည်။

၁၁။ အဘယ်အရာက ကျွန်ုပ်​တို့ကို သမာဓိ​စောင့်သိသော​လမ်းစဉ်၌ လျှောက်လှမ်း​စေနိုင်​သနည်း။

၁၁ သမ္မာကျမ်းစာ​ကို မှန်မှန်​လေ့လာ​ပြီး ၎င်း​မှ​သိရှိ​ထား​ရာ​များ​ကို တွေးတော​ဆင်ခြင်ခြင်း​က​လည်း သမာဓိ​စောင့်သိသော​လမ်းစဉ်၌ လျှောက်လှမ်း​စေပါ​လိမ့်​မည်။ ဥပမာ၊ အကျင့်​ယိုယွင်း​ရန် ပေါတိဖာ​မယား​၏ သွေးဆောင်​ခံရ​ချိန်​တွင် ယောသပ်​ထွက်ပြေး​ခဲ့​ခြင်း​အကြောင်း ပြန်သတိရ​ခြင်း​က ကျွန်ုပ်​တို့၏​အလုပ်ခွင်​တွင်၊ ကျောင်းတွင် သို့​မဟုတ် အခြား​နေရာတွင် အလားတူ​ချဉ်းကပ်​ခံရ​လျှင် ထွက်ပြေး​စေပါ​လိမ့်​မည်။ (ကမ္ဘာဦး ၃၉:၇-၁၂) ဤ​လောကတွင် စည်းစိမ်​ချမ်းသာ​ရှိဖို့၊ ထင်ပေါ်​ကျော်ကြား​ဖို့ အခွင့်အလမ်း​များ အ​ပေး​ခံရ​လျှင်​ကော။ အီဂျစ်​ပြည်​၏​စည်းစိမ်​ချမ်းသာ​ကို ငြင်းပယ်​ခဲ့​သော မောရှေ၏​ပုံသက်သေ​ရှိ၏။ (ဟေဗြဲ ၁၁:၂၄-၂၆) ယောဘ​၏​ခံနိုင်ရည်​အကြောင်း စိတ်စွဲ​မှတ်ထားခြင်းက ဖျားနာ​မှုများ​နှင့် အခြေအနေ​မလှ​မှုများ​ကြား ယေဟောဝါ​အပေါ် ဆက်လက်​တည်ကြည်​ရန် ကျွန်ုပ်​တို့၏​သန္နိ​ဋ္ဌာန်​ကို ခိုင်ခံ့​စေမည်​မှာ သေချာ​သည်။ (ယာကုပ် ၅:၁၁) နှိပ်စက်​ညှဉ်းပန်းမှု ခံ​လာ​ရ​လျှင်​ကော။ သို့​ဖြစ်​လျှင် ခြင်္သေ့​တွင်း​ထဲ​ရှိ ဒံယေလ​၏​အတွေ့အကြုံကို ပြန်သတိရ​ခြင်း​က သတ္တိ​ရှိလာ​စေပါ​လိမ့်​မည်!—ဒံယေလ ၆:၁၆-၂၂

“လိမ်လည်​သူတို့နှင့်​အတူ​မ​ထိုင်​ပါ”

၁၂၊ ၁၃။ အဘယ်​အပေါင်းအသင်း​မျိုးကို ကျွန်ုပ်​တို့​ရှောင်ကြဉ်​သင့်​သနည်း။

၁၂ သူ၏​သမာဓိကို​ခိုင်ခံ့​စေသော အကြောင်းရင်း​နောက်တစ်ခု​ကို ဒါဝိဒ်​ဤသို့​ပြောပြ​ခဲ့​သည်– “လိမ်လည်​သူတို့နှင့်​အတူ​မ​ထိုင်​ပါ၊ လျှို့ဝှက်​သူတို့နှင့်​ထွက်​ဝင်​မည်​မဟုတ်ပါ။ လူဆိုး​တို့၏​အပေါင်းအသင်း​ကို​မုန်း​ထား​ပါ​၏။ ဆိုးသွမ်းသူ​တို့​နှင့်အတူ ထိုင်​မည်​မဟုတ်ပါ။” (ဆာလံ ၂၆:၄၊ ၅) ဒါဝိဒ်​သည် ဆိုးသွမ်းသူ​များနှင့် လုံးဝ​ထိုင်​လိမ့်​မည်​မဟုတ်။ မကောင်းသော​အပေါင်းအသင်းများကို သူ​မုန်းပါ​သည်။

၁၃ ကျွန်ုပ်​တို့​ကော။ ရုပ်မြင်သံကြား​အစီအစဉ်များ၊ ဗီဒီယိုများ၊ ရုပ်ရှင်​များ၊ အင်တာနက်​ဆိုက်များ သို့​မဟုတ် အခြား​နည်းများဖြင့် လိမ်လည်​သူတို့နှင့်​ပေါင်းဖော်ခြင်း​ကို ကျွန်ုပ်​တို့​ငြင်းပယ်​ကြ​သလော။ ထို​လျှို့ဝှက်​သူတို့ကို ဝေးဝေးရှောင်​ပါသလော။ ကျောင်း သို့​မဟုတ် အလုပ်ခွင်​ရှိသူ​အချို့​သည် မရိုးသား​သော​စိတ်ဖြင့် ကျွန်ုပ်​တို့ကို ခင်မင်​ဟန်ဆောင်​ကြ​ပေမည်။ ဘုရားသခင့်​အမှန်တရား​လမ်းပေါ် မလျှောက်​သူများ​နှင့် ကျွန်ုပ်​တို့​တရင်းတနှီး​ရှိ​လို​ကြ​သလော။ အယူဖောက်ပြန်သူ​တို့သည် စိတ်ရင်းမှန်​ပုံ မျက်နှာ​ပန်း​ပြပြီး ကျွန်ုပ်​တို့ကို ယေဟောဝါ​၏​ဝတ်ပြုမှု​မှ သွေဖည်​သွားစေရန် သွေးဆောင်​မည့် သူတို့၏​အကြံ​ကို ဖုံးကွယ်​ထား​တတ်ကြ​သည်။ ခရစ်ယာန်​အသင်းတော်တွင် နှစ်​ဘဝ​စံ​နေ​သူ​အချို့​ရှိလျှင်​ကော။ သူတို့​သည်လည်း မိမိတို့၏​အဖြစ်မှန်​ကို လျှို့ဝှက်​ထား​တတ်ကြ​သည်။ ယခု ဓမ္မ​အမှုထမ်း​တစ်ဦး​ဖြစ်သူ ဂျေ​စင် ငယ်​စဉ်​က ထိုသို့​သော​မိတ်ဆွေများ ရှိခဲ့​ဖူး​သည်။ သူတို့​အကြောင်း ဤသို့​ပြောပြ​သည်– “တစ်နေ့​ကျ​တော့ သူတို့​ထဲ​က​တစ်ယောက်​က ကျွန်တော့်​ကို​ဒီလို​ပြော​တယ်– ‘စနစ်သစ်​ရောက်တဲ့အခါ ငါ​တို့​သေနေ​ပြီ​ပဲ​ဥစ္စာ၊ အခု ဒို့​ဘာလုပ်လုပ် အရေး​မကြီး​ပါ​ဘူး။ ဘာကို​လက်လွတ်​ရှုံး​ဆုံး​ခဲ့​တယ်​ဆိုတာ ဒို့​သိ​မှာ​မှ​မဟုတ်ဘဲ။’ အဲဒီ​အပြော​မျိုး​က ကျွန်တော့်​ကို တပ်​လှ​န့်​သတိပေး​လိုက်​သလိုပဲ။ စနစ်သစ်​ရောက်လာ​မှ​တော့ ကျွန်တော်​မသေ​ချင်​တော့​ဘူး။” သို့​နှင့် ဂျေ​စင်​သည် ပညာရှိ​စွာ ထို​သူတို့နှင့်​အဆက်ဖြတ်​ခဲ့​သည်။ တမန်​တော်​ပေါလု​က ဤသို့​သတိပေး​ခဲ့​သည်– “အ​လွဲ​မယူ​ကြ​နှင့်။ မကောင်းသော​သူတို့နှင့်​ပေါင်းဖော်ခြင်း​အားဖြင့် ကောင်းသော​အကျင့်ဓလေ့​ယိုယွင်း​တတ်၏။” (၁ ကောရိန္သု ၁၅:၃၃) မကောင်းသော​အပေါင်းအသင်းများကို ရှောင်ကြဉ်​ရန် အလွန်​အရေးကြီး​၏!

‘အံ့ဖွယ်သော​အမှုတော်​အလုံးစုံ​ကို ကြား​ပြောပါ​မည်’

၁၄၊ ၁၅။ ကျွန်ုပ်​တို့သည် မည်သို့ “[ယေဟောဝါ​၏] ယဇ်​ပလ္လင်တော်​ကို လှည့်ပတ်” နိုင်​ကြ​မည်​နည်း။

၁၄ “အကျွန်ုပ်သည် ကိုယ့်​လက်ကို​အပြစ်ကင်း​ခြင်း​နှင့်​ဆေး​၍ ယဇ်​ပလ္လင်တော်​ကို လှည့်ပတ်​လျက်​နေပါ​မည်၊ အို​ထာဝရ​ဘုရား [သခင်]” ဟု​ဒါဝိဒ်​ဆက်​ပြော​ခဲ့​သည်။ အဘယ်ကြောင့်​နည်း။ “ကျေးဇူးတော်​ချီးမွမ်းသံ​နှင့်​ကြွေးကြော်​၍ အံ့ဖွယ်သော​အမှုတော်​အလုံးစုံ​ကို ကြား​ပြော​ခြင်း​ငှာ” ဖြစ်သည်။ (ဆာလံ ၂၆:၆၊ ၇သမ္မာ) ဒါဝိဒ်​သည် ယေဟောဝါ​အား ဝတ်ပြု​ပြီး ဘုရားသခင်​အား ချစ်​မြတ်နိုး​ကြောင်း ကြေညာ​လို​သဖြင့် ကိုယ်ကျင့်တရား​စင်ကြယ်​လို​ခဲ့​သည်။

၁၅ တဲ​တော်​၌​လည်းကောင်း၊ နောက်ပိုင်း​တွင် ဝတ်ပြုရာ​အိမ်တော်၌​လည်းကောင်း ပြု​သည့် စစ်မှန်သော​ဝတ်ပြုရေး​နှင့်​ဆိုင်​သမျှ​သည် “ကောင်းကင်​အရာ​တို့၏ ပုံ​ပ​မာ​အရိပ်​နှင့်​သာ​ဆိုင်” ကြ​၏။ (ဟေဗြဲ ၈:၅; ၉:၂၃) ယဇ်​ပလ္လင်​သည် လူအပေါင်း​ကို​ရွေးနုတ်​ရန် ယေရှု​ခရစ်​၏​ပူဇော်ရာ​ယဇ်ကို ယေဟောဝါ​လက်ခံခြင်း​နှင့်​ဆိုင်သော ကိုယ်တော်​၏​အလိုတော်ကို ပုံ​တင်ပြ​သည်။ (ဟေဗြဲ ၁၀:၅-၁၀) ထို​ပူဇော်ရာ​ယဇ်ကို ကျွန်ုပ်​တို့​ယုံကြည်​ကြောင်း​တင်ပြခြင်း​အားဖြင့် အပြစ်ကင်း​ခြင်း​နှင့်​လက်​ဆေး​ပြီး “[ယေဟောဝါ​၏] ယဇ်​ပလ္လင်တော်​ကို လှည့်ပတ်” ကြ​ပါ​သည်။—ယောဟန် ၃:၁၆-၁၈

၁၆။ ဘုရားသခင်​၏​အံ့ဖွယ်​အမှုတော်များ​အကြောင်း အခြားသူများ​အား ကြား​ပြော​ခြင်း​က ကျွန်ုပ်​တို့ကို မည်သို့​အကျိုးပြု​သနည်း။

၁၆ ရွေးနုတ်ဖိုး​ကြောင့် ဖြစ်လာ​နိုင်​သမျှ​ကို ကျွန်ုပ်​တို့​စဉ်းစား​ကြည့်​သောအခါ ယေဟောဝါ​နှင့် ကိုယ်တော်​၏​တစ်ပါး​တည်း​သော​သားတော်ကို ကျေးဇူး​တင်​စိတ် ယိုဖိတ်​မလာ​ပေ​လော။ သို့​ဖြစ်​လျှင် စိတ်နှလုံး​အပြည့် ကျေးဇူး​တင်​စိတ်ဖြင့် ဘုရားသခင်​၏​အံ့ဖွယ်​အမှုတော်များ​ကို အခြားသူများ​အား ကြား​ပြော​ကြပါစို့၊ ဧဒင်ဥယျာဉ်​တွင် လူကို​ဖန်ဆင်း​ခြင်း​အကြောင်း​မှ ဘုရားသခင့်​ကမ္ဘာသစ်​တွင် အရာခပ်သိမ်း​ကို အသစ်​ပြုပြင်ခြင်း​အကြောင်း​အထိ ကြား​ပြောပါ​လေ။ (ကမ္ဘာဦး ၂:၇; တမန်​တော် ၃:၂၁) ဘုရားသခင့်​နိုင်ငံတော်​သတင်း​ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​က​လည်း ဝိညာဉ်​ရေး​ဘက် အမှန်တကယ်​အကာအကွယ်​ရရှိစေ​ပါ​သည်! (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) ထို​လုပ်ငန်း​၌​အလုပ်​များနေ​ခြင်း​သည် အနာဂတ်​မျှော်လင့်ချက်ကို တောက်ပ​စေ​သည်၊ ဘုရားသခင့်​ကတိတော်​များ​ဆိုင်ရာ ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို ခိုင်ခံ့​စေပြီး ယေဟောဝါ​နှင့် လူ​လူ​ချင်း​အား ချစ်​သည့်​မေတ္တာကို ရှင်သန်​နေ​စေ​သည်။

‘အိမ်တော်​တည်ရာ​ကို အကျွန်ုပ်​နှစ်သက်ပါ​၏’

၁၇၊ ၁၈။ ခရစ်ယာန်​အစည်းအဝေး​များ​ကို ကျွန်ုပ်​တို့​မည်သို့​သဘောထား​သင့်​သနည်း။

၁၇ တဲ​တော်​နှင့် ၎င်း​၏​ယဇ်​ပူဇော်ရာ​ပလ္လင်​သည် ဣသရေလ​နိုင်ငံ​တွင် ယေဟောဝါ​ဝတ်ပြုရေး​၏​ဗဟို​ဖြစ်​ခဲ့​သည်။ ထို​အရပ်​ကို​နှစ်သက်​ကြောင်း ဖော်ပြ​လို​၍ ဒါဝိဒ်​ဤသို့​ဆုတောင်း​ခဲ့​သည်– ‘အို​ယေဟောဝါ အိမ်တော်​တည်ရာ​ကိုလည်း​ကောင်း၊ ဘုန်းတော်​ထင်ရှားသော​အရပ်ဌာန​ကိုလည်း​ကောင်း အကျွန်ုပ်​နှစ်သက်ပါ​၏။’ဆာလံ ၂၆:၈

၁၈ ယေဟောဝါ​အကြောင်း သင်ယူ​ရာ​နေရာများ​တွင် စုရုံး​ရခြင်း​ကို ကျွန်ုပ်​တို့​နှစ်သက်​မြတ်နိုးကြ​ပါသလော။ ဝိညာဉ်​ရေးရာ​သွန်သင်ချက်​များ မှန်မှန်​ပေး​သော​အစီအစဉ်​ရှိသည့် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တိုင်း​သည် ဒေသ​တစ်ခု​တွင် စစ်မှန်သော​ဝတ်ပြုရေး​၏​ဗဟို​ဖြစ်သည်။ ထို့​ပြင် နှစ်စဉ်​ကျင်းပ​သော​စည်းဝေးကြီး​များ၊ တိုက်နယ်​စည်းဝေးပွဲ​များနှင့် အထူး​အစည်းအဝေး​နေ့​များလည်း​ရှိသေး၏။ ထို​အစည်းအဝေး​များ​တွင် ယေဟောဝါ​၏ ‘သတိပေး​ချက်​များ’ ကို​ဆွေးနွေး​တင်ပြ​သည်။ ၎င်းတို့ကို “အလွန်​နှစ်သက်” တတ်​ပြီ​ဆိုလျှင် အစည်းအဝေး​များ​ကို တက်ရောက်​လို​စိတ်​ပြင်းပြ​ပြီး ထို​တွင်​ရှိ​စဉ် အာရုံ​စူးစိုက်​နားထောင်​ကြ​ပါ​မည်။ (ဆာလံ ၁၁၉:၁၆၇) ကျွန်ုပ်​တို့၏​ကောင်းကျိုး​ကို လိုလား​ပြီး သမာဓိ​စောင့်သိသော​လမ်းစဉ်​ပေါ် ဆက်လျှောက်​လှမ်း​စေ​မည့် ယုံကြည်သူချင်း​များနှင့်​အတူ ပေါင်းသင်း​ရခြင်း​သည် စိတ်​ပေါ့ပါး​လန်းဆန်း​စ​ရာ​ပင်!—ဟေဗြဲ ၁၀:၂၄၊ ၂၅

‘အကျွန်ုပ်​အသက်ကို ရုပ်သိမ်း​တော်​မ​မူ​ပါ​နှင့်’

၁၉။ ဒါဝိဒ်​သည် အဘယ်​အပြစ်​များ မရှိ​လို​သနည်း။

၁၉ ဘုရားသခင့်​အမှန်တရား​လမ်းပေါ်​မှ သွေဖည်​သွား​နိုင်​ခြင်း​အကြောင်း​ရှိသည်​ကို ကောင်းစွာ​သိထား​သဖြင့် ဒါဝိဒ်​ဤသို့​အသနားခံ​ခဲ့​သည်– “အပြစ်သား​တို့​နှင့်အတူ အကျွန်ုပ်[၏​စိုးလ်] ကိုလည်း​ကောင်း၊ လူသတ်​တို့​နှင့်အတူ အကျွန်ုပ်​အသက်ကို​လည်းကောင်း ရုပ်သိမ်း​တော်​မ​မူ​ပါ​နှင့်။ သူတို့​လက်​တွင် မကောင်းသော​အကြံအစည်​ရှိ​လျက် လက်ယာလက်​သည်လည်း တံစိုး​နှင့်​ပြည့်လျက်​ရှိပါ၏။” (ဆာလံ ၂၆:၉၊ ၁၀) ဒါဝိဒ်​သည် အကျင့်​လျော့​ရဲ၊ လာဘ်​ပေး​လာဘ်​ယူ​သော မတရားသူ​တို့​တွင် မပါဝင်​လို​ခဲ့​ချေ။

၂၀၊ ၂၁။ အဘယ်အရာက ဘုရားသခင်​ကို မချစ်​သူတို့​နည်းတူ ကျွန်ုပ်​တို့အား ပြုကျင့်​စေနိုင်​သနည်း။

၂၀ ယနေ့ လောကတွင် အကျင့်​ယိုယွင်းမှု​များ ပျံ့နှံ့​နေသည်။ “မတရားသော​မေထုန်​၌​မှီဝဲခြင်း၊ ညစ်ညူး​စွာ​ကျင့်​ခြင်း၊ ကိ​လေ​သာလွန်​ကျူး​ခြင်း” အစ​ရှိသည့် အကျင့်​လျော့ရဲမှု​ကို ရုပ်မြင်သံကြား၊ မဂ္ဂဇင်း​များနှင့် ရုပ်ရှင်​များ​တွင် တွေ့​ကြ​ရသည်။ (ဂလာတိ ၅:၁၉) အချို့​ဆိုလျှင် အ​ပြာ​စာပေ၊ ရုပ်ရှင်​များ​ကို မကြည့်​မနေနိုင်​တော့​ဘဲ အကျင့်​ယိုယွင်း​သွား​ကြ​လေ​သည်။ အထူးသဖြင့် လူငယ်များသည် ထို​သြဇာ​ကို မလွန်ဆန်​နိုင်​ကြ​ချေ။ ချိန်းတွေ့​သည့်​ဓလေ့​ရှိသော နိုင်ငံ​အချို့​တွင် ဆယ်ကျော်သက်​များသည် ထိုသို့​ပြု​ရန် ဖိအား​ပေး​ခံရ​ကြသည်။ လူငယ်များစွာသည် အိမ်ထောင်ပြု​နိုင်​သည့်​အရွယ် မ​ရောက်​ကြ​သေး​ဘဲ အချစ်​နယ်​ထဲ​ရောက်​ခဲ့​ကြ​ရသည်။ သူတို့​ကိုယ်​တွင်း တိုးပွား​လာ​နေသော သွေးသား​ဆန္ဒ​များ​ကို အာသာပြေ​စေဖို့ မကြာမီ​ပင် မတရားမေထုန်​ကျူးလွန်​သည့်​အထိ အကျင့်​ယိုယွင်း​သွား​ကြ​လေ​သည်။

၂၁ အရွယ်ရောက်​သူ လူကြီး​များလည်း မကောင်းသော​သြဇာ လွှမ်းမိုး​ခံရ​နိုင်​သည်။ မရိုးသား​သော စီးပွားရေး​လုပ်ငန်းများ၊ ကိုယ်ကျိုး​အဓိက​ထား​သည့် ဆုံးဖြတ်ချက်​များ​ချ​ခြင်း​တို့​က သမာဓိ​မရှိကြောင်း ဖော်ပြ​သည်။ လောက​လမ်းစဉ်​အတိုင်း လျှောက်လှမ်း​သွားခြင်း​သည် ယေဟောဝါ​ထံ​တော်​မှ ဝေးကွာ​သွား​စေ​ရုံ​သာ​ရှိ​မည်။ “[မကောင်းမှု]ကို​မုန်း​၍ [ကောင်းမှု]ကို​ချစ်” ကြ​ကာ သမာဓိ​စောင့်သိသော​လမ်းစဉ်​ပေါ် ဆက်လက်​လျှောက်လှမ်း​ကြပါစို့။—အာမုတ် ၅: ၁၅

‘အကျွန်ုပ်​ကို ကယ်နုတ်​၍ ကျေးဇူးပြု​တော်​မူ​ပါ’

၂၂-၂၄။ (က) ဆာလံ​အခန်းကြီး ၂၆ ၏​နိဂုံး​စကား​မှ အဘယ်​အားပေးမှု​ရရှိ​သနည်း။ (ခ) နောက်​ဆောင်းပါး​တွင် အဘယ်​ကျော့ကွင်း​အကြောင်း ဆွေးနွေး​မည်​နည်း။

၂၂ ဘုရားသခင်​ထံ ရင်ဖွင့်​ပြောဆိုခြင်း​ကို ဒါဝိဒ်​ဤသို့​နိဂုံး​ချုပ်​ခဲ့​သည်– ‘အကျွန်ုပ်​မူ​ကား သမာဓိ​ရှိ​စွာ လျှောက်လှမ်းပါ​မည်။ အကျွန်ုပ်​ကို ကယ်နုတ်​၍ ကျေးဇူးပြု​တော်​မူ​ပါ။ အကျွန်ုပ်သည်​ညီညွတ်သော အရပ်၌​နေရာကျ​၍၊ စုဝေး​သည့်​ပရိသတ်​အလယ်မှာ ယေဟောဝါ​ကို ကောင်းချီး​ပေး​ပါ​မည်။’ (ဆာလံ ၂၆:၁၁၊ ၁၂က​ဘ) ဒါဝိဒ်​သည် သမာဓိ​စောင့်သိ​ရန် စိတ်ပိုင်းဖြတ်​ထား​ရုံ​မ​က သူ့ကို ရွေးနုတ်​ပေး​ပါ​ရန်​လည်း အသနားခံ​သည်။ အမှန်တကယ်​အားရှိစရာ​ပင်! ကျွန်ုပ်​တို့သည် အပြစ်သား​များ ဖြစ်နေ​ကြသော်လည်း သမာဓိ​စောင့်သိသော​လမ်းစဉ်​ပေါ် လျှောက်လှမ်း​နေ​ရန် စိတ်ပိုင်းဖြတ်​ထား​ကြ​မည်​ဆိုလျှင် ယေဟောဝါ​ကူညီ​ပေး​ပါ​လိမ့်​မည်။

၂၃ ကျွန်ုပ်​တို့၏ ဘဝ​ကဏ္ဍအသီးသီး​တွင် ဘုရားသခင်​၏​ပိုင်သ​အုပ်စိုးမှု​ကို လေးမြတ်​တန်ဖိုး​ထား​ကြောင်း ကျွန်ုပ်​တို့​အသက်ရှင်​နေထိုင်ပုံ​က ဖော်ပြ​ပါ​လေ​စေ။ ကျွန်ုပ်​တို့​တစ်ဦးစီ​အနေ​နှင့် ယေဟောဝါ​အား မိမိတို့၏​အတွင်းအကျဆုံး တွေးတောမှု​များနှင့် သဘောထားများကို စစ်ဆေး​ပေး​ပါ​ဟု တောင်းလျှောက်​နိုင်​သည်။ ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်​ကို လုံ့လ​ရှိ​ရှိ​လေ့လာခြင်း​အားဖြင့် ကိုယ်တော်​၏​အမှန်တရားကို အမြဲ​ဆင်ခြင်​သုံးသပ်​နိုင်​ကြသည်။ သို့​ဖြစ်၍ မကောင်းသော​အပေါင်းအသင်း​ကို ရှောင်ကြဉ်​ပြီး ပရိသတ်​အလယ်မှာ ယေဟောဝါ​အား ကောင်းချီး​ပေး​ကြ​စို့။ ဤ​လောက​ကြောင့် ဘုရားသခင်​နှင့် ကျွန်ုပ်​တို့၏​အဖိုးတန်​ဆက်ဆံ​ရေး​ကို ဘယ်​သောအခါ​မျှ မပျက်စီး​စေ​ဘဲ ဘုရားသခင့်​နိုင်ငံတော်​သတင်း ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​တွင် စိတ်​ထက်သန်​စွာ ပါဝင်​ကြပါစို့။ သမာဓိ​ရှိသော​လမ်းစဉ်​ပေါ် ကျွန်ုပ်​တို့​အတတ်နိုင်ဆုံး လျှောက်လှမ်း​နေကြ​စဉ် ကျွန်ုပ်​တို့ကို ယေဟောဝါ​ကျေးဇူးပြု​မည်​ဟု စိတ်ချ​နိုင်​ပါ​သည်။

၂၄ သမာဓိ​ရှိ​ခြင်း​တွင် ဘဝ​ကဏ္ဍ​အားလုံး​ပါဝင်​သည်​ဖြစ်​ရာ အသက်ဆုံးရှုံး​စေ​တတ်​သည့် အရက်​အလွဲသုံးခြင်း ကျော့ကွင်း​ကို သတိပြု​ဖို့​လို​သည်။ ယင်းကို နောက်​ဆောင်းပါး​တွင် ဆွေးနွေး​ပါ​မည်။

သင်​မှတ်မိ​သလော

အသိဉာဏ်​ရှိသော သတ္တဝါများ​ကို သူတို့၏​သမာဓိ စောင့်သိမှု​အပေါ်​မူတည်ပြီး အဘယ်ကြောင့် အကဲဖြတ် နိုင်​သနည်း။

သမာဓိ​ရှိ​ခြင်း​ဟူသည် အဘယ်နည်း၊ သမာဓိ​ရှိ​ရှိ လျှောက်လှမ်းခြင်း​တွင် အဘယ်အရာ ပါဝင်​သနည်း။

သမာဓိ​စောင့်သိသော​လမ်းစဉ်၌ လျှောက်လှမ်း​နေဖို့ အဘယ်အရာက ကျွန်ုပ်​တို့ကို ထောက်ကူ​ပေး​မည်​နည်း။

သမာဓိ​စောင့်သိ​နေဖို့ အဘယ်​အန္တရာယ်များ​ကို ကျွန်ုပ်​တို့ သတိပြု​ပြီး ရှောင်ကြဉ်​ရမည်​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

သင်၏​အတွင်းအကျဆုံး တွေးတောမှု​များ​ကို ဆန်းစစ် ပေး​ပါ​ရန် ယေဟောဝါ​အား မှန်မှန်​ဆုတောင်း​သလော

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ယေဟောဝါ​၏ ချစ်ခင်​ကြင်နာ​မှု လုပ်ရပ်များ​ကို သင် မျက်မှောက်ပြု​သလော

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

စမ်းသပ်ခံ​ရသည့်​အခါ သမာဓိ​စောင့်သိ​ခြင်း​က ယေဟောဝါ​၏​နှလုံးကို ရွှင်ပြုံး​စေ

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

သမာဓိ​စောင့်သိသော​လမ်းစဉ်၌ လျှောက်လှမ်း​စေသော ယေဟောဝါ​၏​ပြင်ဆင်​ပေး​ချက်​များ​ကို သင်​ကောင်းစွာ​အသုံးပြု​သလော