အမှားနှင့်အမှန်—သင်မည်သို့ ဆုံးဖြတ်သင့်သနည်း
အမှားနှင့်အမှန်—သင်မည်သို့ ဆုံးဖြတ်သင့်သနည်း
အမှားအမှန် ဆိုင်ရာစံနှုန်းများကို မည်သူချမှတ်ပိုင်ခွင့်ရှိသနည်း။ လူ့သမိုင်းအစက ထိုမေးခွန်း ပေါ်ပေါက်လာခဲ့သည်။ ကမ္ဘာဦးကျမ်းအရ ဘုရားသခင်သည် ဧဒင်ဥယျာဉ်ရှိ အပင်တစ်ပင်ကို “ကောင်းမကောင်းကို သိကျွမ်းရာအပင်” ဟု ခေါ်ဆိုခဲ့၏။ (ကမ္ဘာဦး ၂:၉) ထိုအပင်၏အသီးကို မစားရဟု ဘုရားသခင်က ကနဦးလူသားမောင်နှံကို မိန့်မှာထားတော်မူ၏။ သို့သော်၊ သူတို့သည် ထိုအပင်မှ အသီးကိုစားလျှင် သူတို့၏မျက်စိ “ပွင့်လင်း” ပြီး “ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ဖြစ်” လာကြလိမ့်မည်ဟု ဘုရားသခင်၏ရန်သူ စာတန်က ဆိုလိုက်သည်။—ကမ္ဘာဦး ၂:၁၆၊ ၁၇; ၃:၁၊ ၅; ဗျာ. ၁၂:၉။
ထိုအခါ အာဒံနှင့်ဧဝတို့သည် ဆုံးဖြတ်ချက်ချရန်လိုလာသည်၊ ကောင်းမကောင်းနှင့်စပ်လျဉ်း၍ ဘုရားသခင့်စံနှုန်းများကို သူတို့လက်ခံသင့်သလော သို့မဟုတ် မိမိတို့၏ကိုယ်ပိုင်စံနှုန်းများကို လိုက်သင့်သလော။ (ကမ္ဘာဦး ၃:၆) သူတို့သည် ဘုရားသခင်၏စကားကိုနားမထောင်ဘဲ အပင်၏အသီးကိုစားရန် ရွေးချယ်လိုက်ကြသည်။ ဤလုပ်ရပ်ရိုးရိုးလေးက အဘယ်သဘောသက်ရောက်သွားသနည်း။ ဘုရားသခင်ချမှတ်ထားသည့် စည်းကမ်းချက်များကို မလေးမခန့်ပြုပြီး မလိုက်နာခြင်းအားဖြင့် သူတို့နှင့် သူတို့၏သားစဉ်မြေးဆက်တို့သည် အမှားအမှန်ဆိုင်ရာစံနှုန်းများကို မိမိတို့ဘာသာချမှတ်ခြင်းက သာ၍ကောင်းမည်ဟု ထောက်ခံခဲ့ကြ၏။ လူသားတို့သည် ဘုရားသခင်ကဲ့သို့ ကိုယ်ပိုင်စံနှုန်းများချမှတ်ရန် ကြိုးစားရာတွင် မည်မျှအောင်မြင်ခဲ့ကြပြီနည်း။
ကွဲပြားသော ထင်ကြေးများ
ရာစုနှစ်များတစ်လျှောက် ထင်ရှားကျော်ကြားသော အတွေးအခေါ်ပညာရှင်များ၏ သွန်သင်ချက်များကို ဆန်းစစ်ဝေဖန်ကြည့်ပြီးနောက် ဗြိတဲန်နစ်ကာ စွယ်စုံကျမ်းက ဂရိအတွေးအခေါ်ပညာရှင် ဆိုကရေးတီးခေတ်မှစ၍ ၂၀ ရာစုအထိ “ကောင်းမြတ်ခြင်းနှင့် အမှားအမှန်ဆိုင်ရာစံနှုန်းဟူသည် အဘယ်အရာဖြစ်နိုင်မည်အကြောင်း ထပ်ခါတလဲလဲ ဆွေးနွေးငြင်းခုံ” ခဲ့ကြပြီဟု ဖော်ပြသည်။
ဥပမာ၊ ဘီ.စီ.အီး. ငါးရာစုတွင် ကျော်ကြားသော ဂရိသွန်သင်သူ စိုဖစ်များရှိ၏။ သူတို့က အမှားအမှန်ဆိုင်ရာစံနှုန်းများကို လူအများ၏ထင်ကြေးဖြင့် ချမှတ်ရသည်ဟု သွန်သင်ပေးခဲ့ကြသည်။ ယင်းသို့သွန်သင်ပေးသူတစ်ဦးက ဤသို့ဆိုခဲ့သည်– “မြို့တစ်မြို့စီအတွက် ဟုတ်သည်မှန်သည်၊ လက်သင့်ခံနိုင်ဖွယ်ရှိသည်ဟု ယူမှတ်ထားသမျှသည် ယင်းမြို့နေလူထုက ထိုသို့ယူမှတ်နေသရွေ့ သူတို့အတွက် ဟုတ်မှန်ပြီး လက်သင့်ခံနိုင်ရာဖြစ်သည်။” ဤစံနှုန်းအရ ရှေ့ဆောင်းပါးတွင် ဖော်ပြထားသည့် ဂျိုဒီသည် သူတွေ့ရှိသောငွေကို ယူထားသင့်သည်၊ အကြောင်းမှာ သူ၏အသိုင်းအဝိုင်း သို့မဟုတ် “မြို့” မှ လူအများစုက ယင်းသို့သာပြုကြပေမည်။
၁၈ ရာစုမှ ထင်ရှားကျော်ကြားသော အတွေးအခေါ်ပညာရှင် အီမန်နျူဝဲလ် ကဲန့်တ်က ခြားနားသောအမြင်ကို ဖော်ပြပေးခဲ့သည်။ ကျင့်ဝတ်တရား အရေးကိစ္စများဂျာနယ်က ဤသို့ဆိုသည်– “အီမန်နျူဝဲလ် ကဲန့်တ်နှင့် သူ့ကဲ့သို့သော အခြားသူများသည် . . . ကိုယ့်အတွက်ကိုယ် ရွေးချယ်လုပ်ပိုင်ခွင့်ရှိခြင်းကို အဓိကထားသည်။” ထို့ကြောင့် ကဲန့်တ်၏ အတွေးအခေါ်ပညာအရ၊ သူတစ်ပါး၏အခွင့်အရေးကို ဂျိုဒီမထိပါးသရွေ့ သူလုပ်လေရာသည် သူ့အပေါ် လုံးလုံးလျားလျား မူတည်ပေမည်။ သူသည် လူအများစု၏ ထင်ကြေးဖြင့် မိမိ၏စံနှုန်းများကို မသတ်မှတ်သင့်ချေ။
ထို့ကြောင့် ဂျိုဒီသည် မိမိ၏ဝေခွဲမရဖြစ်နေမှုကို မည်သို့ဖြေရှင်းလိုက်သနည်း။ တတိယရွေးချယ်မှုကို သူရွေးလိုက်သည်။ သူသည် ယေရှုခရစ်၏ သွန်သင်ချက်ကို လိုက်နာကျင့်သုံးခဲ့၏၊ ကိုယ်တော်၏ ကိုယ်ကျင့်တရားစံနှုန်းများကို ခရစ်ယာန်များနှင့် ခရစ်ယာန်မဟုတ်သူတို့ပါ ချီးမွမ်းခဲ့ကြပြီ။ ယေရှုက “သင်တို့သည် ကိုယ်၌သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့” ဟု သွန်သင်တော်မူခဲ့သည်။ (မဿဲ ၇:၁၂) ဂျိုဒီသည် ထိုဒေါ်လာ ၈၂,၀၀၀ ကို အပ်လိုက်သောအခါ သူ၏အမှုသည်,သည် အလွန်အံ့သြသွား၏။ ယင်းငွေကို အဘယ်ကြောင့်မယူသနည်းဟု သူ့ကိုမေးသောအခါ ဂျိုဒီက မိမိသည် ယေဟောဝါသက်သေတစ်ဦးဖြစ်ကြောင်း ရှင်းပြကာ “ကျွန်တော့်ငွေမှမဟုတ်တာ” ဟုဆိုလေသည်။ ဂျိုဒီသည် “သူ့ဥစ္စာကို မခိုးနှင့်” ဟူ၍ မဿဲ ၁၉:၁၈ တွင် မှတ်တမ်းတင်ထားသည့် ယေရှု၏စကားများကို အလေးအနက်ထား၏။
လူအများ၏ထင်ကြေးသည် ယုံကြည်ကိုးစားထိုက်သည့် လမ်းညွှန်တစ်ခုလော
လူတချို့က ဂျိုဒီသည် ရိုးသားလွန်းသည့်အတွက် လူနုံလူအဟု ဆိုကြပေမည်။ သို့သော် လူအများ၏ထင်ကြေးသည် ယုံကြည်စိတ်ချရသည့် လမ်းညွှန်တစ်ခုမဟုတ်ပေ။ ဥပမာ၊ ရှေးခေတ်က လူ့အသိုင်းအဝိုင်းတချို့ ယူဆခဲ့ကြသကဲ့သို့ ကလေးများကို ပူဇော်ခြင်းသည် လက်သင့်ခံနိုင်ဖွယ် အမူအကျင့်ဖြစ်သည်ဟု လူအများစု ယုံကြည်သည့် လူ့အသိုင်းအဝိုင်းတွင် သင်နေထိုင်ခဲ့မည်ဆိုလျှင် အဆိုပါဓလေ့ထုံးစံကို သင့်တော်၍မှန်ကန်သည်ဟု သင်ယူဆပါမည်လော။ (၄ ဓမ္မရာဇဝင် ၁၆:၃) အကယ်၍ လူသားစားခြင်းကို မွန်မြတ်သောလုပ်ရပ်အဖြစ် ရှုမြင်ကြသည့် လူ့အသိုင်းအဝိုင်းတွင် သင်မွေးဖွားလာသည်ဆိုပါစို့။ သို့ဖြစ်၍ပင် လူသားစားခြင်းသည် မမှားပါဟု ယူမှတ်လိုက်ရမည်လော။ ဓလေ့ထုံးစံတစ်ခုသည် လူကြိုက်များရုံဖြင့် ယင်းကို မှန်ကန်သည်ဟု မှတ်ယူ၍မရပါ။ သမ္မာကျမ်းစာသည် ကြာမြင့်စွာကတည်းက “လူများနောက်သို့လိုက်၍ မတရားသဖြင့်မပြုရ” ဟုဆိုကာ ထိုထောင်ချောက်ကို ရှောင်ကြဉ်ရန် သတိပေးခဲ့သည်။—ထွက်မြောက်ရာ ၂၃:၂။
လူအများ၏ထင်ကြေးကို အမှားအမှန်ဆုံးဖြတ်ရန် လမ်းညွှန်အဖြစ် လက်မခံမိဖို့ သတိထားရခြင်း၏ နောက်အကြောင်းရင်းတစ်ခုကို ယေရှုခရစ် ခွဲခြားဖော်ပြပေးခဲ့၏။ ကိုယ်တော်က “ဤလောကကိုအစိုးရသောမင်း” သည် စာတန်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ (ယောဟန် ၁၄:၃၀; လုကာ ၄:၆) စာတန်သည် “တစ်လောကလုံးကို” လှည့်ဖြားရန် မိမိ၏အနေအထားကို အသုံးချ၏။ (ဗျာ. ၁၂:၉၊ သမ္မာ) ထို့ကြောင့်၊ သင်သည် အမှားအမှန်ဆိုင်ရာစံနှုန်းများကို လူအများကြိုက်ရာဖြင့်သာ ချမှတ်မည်ဆိုလျှင် ကိုယ်ကျင့်တရားနှင့်ပတ်သက်၍ စာတန်၏ရှုမြင်ပုံကို သင်လက်ခံနေရာရောက်မည်၊ ထိုသို့ပြုခြင်းက အန္တရာယ်ရှိ၏။
သင့်ဆုံးဖြတ်ချက်ကို ယုံကြည်ကိုးစားနိုင်ပါသလော
သို့ဖြစ်၍ ဘယ်အရာမှန်သည်၊ ဘယ်အရာမှားသည်ကို မိမိဘာသာဆုံးဖြတ်သင့်ပါသလော။ သမ္မာကျမ်းစာက “ကိုယ့်ဉာဏ်ကို အမှီမပြုနှင့်” ဟုဆိုသည်။ (သု. ၃:၅) အဘယ်ကြောင့်နည်း။ အကြောင်းမှာ လူသားအားလုံးသည် အခြေခံချွတ်ယွင်းချက်ကို အမွေရရှိထားရာ ယင်းက မိမိတို့၏ဆုံးဖြတ်ချက်ကို မှားယွင်းသွားစေနိုင်သည်။ အာဒံနှင့်ဧဝတို့သည် ဘုရားသခင်ကို ပုန်ကန်လိုက်သောအခါ သူတို့သည် တစ်ကိုယ်ကောင်းဆန်သည့် သစ္စာဖောက် စာတန်၏စံနှုန်းများကို လက်ခံလိုက်ကြပြီး သူ့ကို ၎င်းတို့၏ဝိညာဉ်ရေးဖခင်အဖြစ် ရွေးချယ်လိုက်ကြသည်။ ထို့နောက် သူတို့သည် မိမိတို့၏သားစဉ်မြေးဆက်ထံ မိသားစုဉာဉ်တစ်ခုဖြစ်သည့် မှန်ရာကို သိမြင်နားလည်နိုင်စွမ်းရှိသော်လည်း မှားသည့်အမှုကိုသာ ဆက်ပြုလုပ်လိုသည့် စဉ်းလဲသောနှလုံးကို လက်ဆင့်ကမ်းပေးခဲ့ကြ၏။—ကမ္ဘာဦး ၆:၅; ရောမ ၅:၁၂; ၇:၂၁-၂၄။
ကျင့်ဝတ်တရားကို ဆွေးနွေးသုံးသပ်ရာတွင် ဗြိတဲန်နစ်ကာစွယ်စုံကျမ်းက ဤသို့ဆိုသည်– “လူတို့သည် ကိုယ်ကျင့်တရားအရ လုပ်သင့်လုပ်အပ်ရာကို သိရှိကြလျက်နှင့် ကိုယ်ကျိုးစီးပွားအတွက်သာ ဆက်လုပ်ဆောင်လိုကြခြင်းသည် အံ့အားသင့်စရာမဟုတ်ပေ။ ဤသို့သောသူတို့အား မှန်ကန်ရာကိုလုပ်ဆောင်စေရန် အကြောင်းပြချက်ကောင်းများ တင်ပြပေးခြင်းသည် အနောက်တိုင်းကျင့်ဝတ်အတွက် အဓိကပြဿနာဖြစ်နေသည်။” သမ္မာကျမ်းစာက ဤသို့မှန်ကန်စွာ ဖော်ပြပေးသည်– “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။” (ယေရမိ ၁၇:၉) စိတ်ထားစဉ်းလဲပြီး ထင်ရာစိုင်းတတ်သူတစ်ဦးကို သင်ယုံကြည်ကိုးစားပါမည်လော။
မှန်ပါသည်၊ ဘုရားသခင်ကိုမယုံသူတို့ပင် ကိုယ်ကျင့်တရား ဖြောင့်မှန်စွာ ပြုမူနေထိုင်နိုင်၏၊ လက်တွေ့ကျပြီး အသရေရှိသည့် ကျင့်ဝတ်တရားများကို မွေးမြူနိုင်၏။ များသောအားဖြင့်ဆိုလျှင် ၎င်းတို့၏ကျင့်ဝတ်များတွင်ပါသည့် မြင့်မြတ်သောမူများသည် သမ္မာကျမ်းစာပါ ကိုယ်ကျင့်တရားစံနှုန်းများ၏ ပုံရိပ်မျှသာဖြစ်၏။ အဆိုပါပုဂ္ဂိုလ်များသည် ဘုရားသခင်တည်ရှိကြောင်းကို လက်မခံလိုကြသော်လည်း ဘုရားသခင်၏ဂုဏ်ရည်တော်ကို သူတို့ရောင်ပြန်ဟပ်နိုင်စွမ်းရှိကြောင်း သူတို့၏အယူအဆများက ဖော်ပြ၏။ သမ္မာကျမ်းစာဖော်ပြသည့်အတိုင်း မူလအစက လူသည် “ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ” ဖန်ဆင်းခံခဲ့ရကြောင်း ယင်းက သက်သေထူသည်။ (ကမ္ဘာဦး ၁:၂၇; တမန်တော် ၁၇:၂၆-၂၈) တမန်တော်ပေါလုက ဤသို့ဆို၏– ‘သူတို့သည် မိမိတို့စိတ်နှလုံးထဲ၌ မှတ်သားသော တရား၏အကျိုးကို ထင်ရှားစွာပြကြ၏။’—ရောမ ၂:၁၅။
မှန်ကန်ရာကို သိရှိခြင်းသည် တစ်ကဏ္ဍဖြစ်ပြီး မှန်ကန်ရာကို ပြုလုပ်ရန် ကိုယ်ကျင့်တရားကြံ့ခိုင်မှုရှိခြင်းဟူသည် နောက်တစ်ကဏ္ဍဖြစ်သည်။ လူတစ်ဦး၌ လိုအပ်သော ကိုယ်ကျင့်တရားကြံ့ခိုင်မှု မည်သို့ရှိလာနိုင်မည်နည်း။ နှလုံး၏လှုံ့ဆော်ပေးမှုက ကျင့်ကြံပြုမူစေတတ်သည့်အတွက် သမ္မာကျမ်းစာ၏ အာဘော်ရှင်၊ ယေဟောဝါဘုရားသခင်အား ချစ်ခြင်းကို ပြုစုပျိုးထောင်ပေးခြင်းက ကိုယ်ကျင့်တရားကြံ့ခိုင်မှု ရှိစေနိုင်သည်။—ဆာလံ ၂၅:၄၊ ၅။
ကောင်းမှုပြုရန် ကြံ့ခိုင်မှုရှိစေခြင်း
ဘုရားသခင်အားချစ်တတ်လာရန် ကိုယ်တော်၏ပညတ်တော်များသည် မည်မျှအကျိုးသင့်အကြောင်းသင့်ရှိပြီး လက်တွေ့ကျကြောင်း ဦးဆုံးသိရှိရမည်။ တမန်တော်ယောဟန်က “ပညတ်တော်တို့ကိုစောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်” ဟုဆို၏။ (၁ ယောဟန် ၅:၃) ဥပမာ၊ လူငယ်လူရွယ်များသည် အရက်ယမကာ သောက်သုံးသင့်မသင့်၊ မူးယစ်ဆေးဝါး သုံးစွဲသင့်မသင့်၊ လက်မထပ်မီ သံဝါသပြုသင့်မသင့်တို့ကို ဆုံးဖြတ်ကြရသည့်အခါ အမှားအမှန်ကို ဝေဖန်ပိုင်းခြားစေနိုင်သော လက်တွေ့ကျအကြံဉာဏ်များကို သမ္မာကျမ်းစာတွင် တွေ့ရှိနိုင်ကြပါသည်။ သမ္မာကျမ်းစာသည် အိမ်ထောင်သည်စုံတွဲများ၏ သဘောကွဲလွဲမှုများကို ဖြေရှင်းပေးနိုင်သည်၊ မိဘများအား သားသမီးမွေးမြူရေး လမ်းညွှန်ချက်များ ပေးနိုင်သည်။ * သမ္မာကျမ်းစာ၏ ကိုယ်ကျင့်တရားစံနှုန်းများကို ကျင့်သုံးကြမည်ဆိုလျှင် လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှုနောက်ခံ မည်သို့ပင်ဖြစ်ပါစေ အသက်အရွယ်မရွေး အားလုံး အကျိုးရရှိနိုင်ပါသည်။
အာဟာရပြည့်ဝသောအစားအစာကို စားသုံးခြင်းက အလုပ်လုပ်ဖို့ သင့်အား ခွန်အားရှိစေသကဲ့သို့ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဖတ်ရှုခြင်းသည် ကိုယ်တော်၏စံနှုန်းများနှင့်အညီ ပြုမူနေထိုင်ရန် ခွန်အားရှိစေသည်။ ယေရှုက ဘုရားသခင့်မိန့်တော်မူချက်များကို အသက်ရှင်သန်စေသည့် မုန့်နှင့် နှိုင်းယှဉ်ပြခဲ့သည်။ (မဿဲ ၄:၄) ထို့ပြင် ကိုယ်တော်က “ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း . . . သည် ငါ့စားစရာဖြစ်၏” ဟုလည်း မိန့်ဆိုခဲ့၏။ (ယောဟန် ၄:၃၄) ဘုရားသခင့်စကားတော်ကို မှီဝဲခြင်းက ယေရှုအား သွေးဆောင်မှုများကို တွန်းလှန်နိုင်စေပြီး ပညာရှိသောဆုံးဖြတ်ချက်များလည်း ချနိုင်စေခဲ့သည်။—လုကာ ၄:၁-၁၃။
ဦးဆုံးအနေနှင့် သင်သည် သမ္မာကျမ်းစာမှ ဝိညာဉ်အစာမှီဝဲရန်၊ ကိုယ်တော်၏စံနှုန်းများကို လက်ခံရန် ခက်ခဲကြောင်း တွေ့ရှိရပေမည်။ သို့သော် သင်ငယ်ရွယ်စဉ်က သင့်အတွက် အားဖြစ်စေသည့် အစာ၏အရသာကို သင်မနှစ်သက်ခဲ့ကြောင်း ပြန်အမှတ်ရပါ။ အားရှိရန် ကျန်းမာစေသည့် အစားအစာများကို နှစ်သက်လာဖို့ သင်ယူခဲ့ရ၏။ ထိုနည်းတူ၊ ဘုရားသခင့်စံနှုန်းများကို သင်အရသာတွေ့တတ်လာရန် အချိန်လိုပေမည်။ မဆုတ်မနစ်ဇွဲနှင့် ဆက်ကြိုးစားမည်ဆိုလျှင် ၎င်းတို့ကို နှစ်သက်လာပြီး ဝိညာဉ်ရေးအရ သန်စွမ်းလာပေမည်။ (ဆာလံ ၃၄:၈; ၂ တိမောသေ ၃:၁၅-၁၇) ထို့နောက် ယေဟောဝါအား သင်ယုံကြည်ကိုးစားတတ်လာကာ “ကောင်းသောအကျင့်ကိုကျင့်” ရန် လှုံ့ဆော်ခံရပေမည်။—ဆာလံ ၃၇:၃။
သင်သည် ဂျိုဒီရင်ဆိုင်ခဲ့ရသည့် အခြေအနေမျိုး တွေ့ ကြုံချင်မှ တွေ့ကြုံရပေမည်။ သို့သော် နေ့စဉ်နှင့်အမျှ ကျင့်ဝတ်ဆိုင်ရာဆုံးဖြတ်ချက် ကြီးကြီးငယ်ငယ်ကို သင်ချနေရ၏။ သို့ဖြစ်၍ သင့်အား သမ္မာကျမ်းစာက “ထာဝရဘုရား [သခင်] ကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ့်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရား [သခင်] ကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးများကို ဖြောင့်စေတော်မူမည်” ဟုတိုက်တွန်းပါသည်။ (သု. ၃:၅၊ ၆၊ သမ္မာ) ယေဟောဝါအား သင်ယုံကြည်ကိုးစားတတ်လာသည့်အခါ ယခုပင် အကျိုးရှိမည်သာမက ထာဝစဉ်အသက်ရှင်ခွင့်ကိုပါ ရရှိလိမ့်မည်၊ အကြောင်းမှာ ယေဟောဝါဘုရားသခင်အား နာခံသည့်လမ်းစဉ်က အသက်သို့ပို့ဆောင်ပေးသောကြောင့်တည်း။—မဿဲ ၇:၁၃၊ ၁၄။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 18 ယင်းနှင့် အခြားအရေးကြီးသော အကြောင်းအရာများအတွက် ကျမ်းစာမှ လက်တွေ့ကျအကြံဉာဏ်ကို ယေဟောဝါသက်သေများထုတ်ဝေသည့် လူငယ်များအမေး—တာသွားသည့်အဖြေစာအုပ်နှင့် မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်စာအုပ်တို့တွင် တွေ့ရှိနိုင်ပါသည်။
[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]
လူအများ၏ထင်ကြေးသည် မမြင်နိုင်သည့်စွမ်းအားများ၏ ဩဇာလွှမ်းမိုးမှုကြောင့်ဖြစ်နေနိုင်
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
နှစ်များတစ်လျှောက် အတွေးအခေါ်ပညာရှင်များသည် အမှားအမှန်ဆိုင်ရာအရေးကိစ္စကို အချေအတင် ဆွေးနွေးငြင်းခုံခဲ့ကြ
ဆိုကရေးတီး
ကဲန့်တ်
ကွန်ဖြူးရှပ်
[Credit Lines]
Kant: From the book The Historian’s History of the World; Socrates: From the book A General History for Colleges and High Schools; Confucius: Sung Kyun Kwan University, Seoul, Korea
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာသည် အမှားအမှန်ကို ပိုင်းခြားသိမြင်စေသည်သာမက မှန်ကန်ရာကို ပြုလုပ်ရန်လည်း လှုံ့ဆော်ပေး