မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အရက်သောက်သုံးခြင်းနှင့်ပတ်သက်၍ မျှတသောအမြင်ထားရှိခြင်း

အရက်သောက်သုံးခြင်းနှင့်ပတ်သက်၍ မျှတသောအမြင်ထားရှိခြင်း

အရက်သောက်​သုံး​ခြင်း​နှင့်​ပတ်သက်​၍ မျှတသော​အမြင်​ထား​ရှိ​ခြင်း

“စပျစ်​ရည်​သည် သရော်​တတ်၏။ သေ​ရည်​သေ​ရက်​သည် ခိုက်ရန်​ဖြစ်စေ​တတ်၏။ ၎င်း​အားဖြင့် ယိမ်းယိုင်​လျက်​ရှိသောသူ​သည် ပညာ​မရှိ။”—သု. ၂၀:၁၊ သမ္မာ။

၁။ ယေဟောဝါ​ထံ​တော်​မှ ကောင်းမြတ်သော​ဆုကျေးဇူး​အချို့​အတွက် ကျေးဇူး​တင်​ကြောင်း ဆာလံဆရာ မည်သို့​ဖော်ပြ​ခဲ့​သနည်း။

“ကောင်းမြတ်​စုံလင်သော​ဆုကျေးဇူး​ရှိသမျှ​တို့သည် အလင်း​တို့၏​အဘ​ထံ​တော်​က သက်ရောက်​သည်” ဟု တပည့်​ဖြစ်သူ​ယာကုပ်​ရေးသားခဲ့​သည်။ (ယာကုပ် ၁:၁၇) ကောင်းမြတ်သော​ဆုကျေးဇူး​အမျိုးမျိုး​အတွက် ဘုရားသခင်​အား ကျေးဇူး​တင်​စိတ်ဖြင့် ဆာလံဆရာ​ဤသို့​သီဆို​ခဲ့​သည်– “တိရစ္ဆာန်​ဖို့​မြက်​ပင်ကို​လည်းကောင်း၊ လူ​သုံးဖို့​စပါးပင်​ကိုလည်း​ကောင်း ပေါက်​စေတော်မူ​သဖြင့် မြေကြီး​ထဲ​က​မုန့်ကို​ထုတ်ဖော်​တော်​မူ​၏။ စပျစ်​ရည်​သည်လည်း လူ​တို့ကို​ရွှင်လန်း​စေ​၏။ ဆီ​အားဖြင့်လည်း သူတို့​မျက်နှာကို​ပြောင်​စေတော်မူ​၏။ မုန့်​သည်လည်း သူတို့​နှလုံးကို​ထောက်မ​၏။” (ဆာလံ ၁၀၄:၁၄၊ ၁၅) ကောက်ပင်၊ မုန့်​နှင့် ဆီ​တို့​နည်းတူ စပျစ်​ရည်[ဝိုင်]နှင့် အခြား​အရက်ယမကာ​များသည် ဘုရားသခင်​ထံ​တော်​မှ ကောင်းမြတ်သော​ဆုကျေးဇူး​များ​ဖြစ်သည်။ ၎င်းတို့ကို မည်သို့​အသုံးပြုသင့်​သနည်း။

၂။ အရက်​သုံးစွဲခြင်း​နှင့်​ပတ်သက်သော အဘယ်​မေးခွန်းများကို သုံးသပ်ကြ​မည်​နည်း။

နှစ်သက်ဖွယ်​ဆုကျေးဇူး​တစ်ခု​ကို တော်မှန်​စွာ အသုံးပြု​မှ​သာ ကောင်းမြတ်​ပေ​သည်။ ဥပမာ၊ ပျားရည်​သည် “ကောင်း” သော်လည်း “ပျားရည်​ကို​စားကြူး​လျှင် မကောင်း” ချေ။ (သု. ၂၄:၁၃; ၂၅:၂၇) ‘ဝိုင်​အနည်းငယ်’ သောက်သုံးခြင်း​သည် သင့်လျော်​မည်​ဖြစ်သော်လည်း အရက်​ကို အလွဲသုံးခြင်း​သည် ကြီး​လေး​သော​ပြဿနာ​တစ်ခု​ဖြစ်၏။ (၁ တိမောသေ ၅:၂၃) “စပျစ်​ရည်​သည် သရော်​တတ်၏။ သေ​ရည်​သေ​ရက်​သည် ခိုက်ရန်​ဖြစ်စေ​တတ်၏။ ၎င်း​အားဖြင့် ယိမ်းယိုင် [“လမ်းလွဲ၊” က​ဘ] လျက်​ရှိသောသူ​သည် ပညာ​မရှိ” ဟု သမ္မာကျမ်းစာ​က သတိပေး​သည်။ (သု. ၂၀:၁သမ္မာ) သို့သော် အရက်​ကြောင့် လမ်းလွဲ​နေခြင်း​ဟူသည် အဘယ်နည်း။ * အရက်​ပမာဏ​မည်မျှ​သည် အလွန်အကျွံ​ဖြစ်သနည်း။ ဤကိစ္စနှင့်​ပတ်သက်​၍ မျှတသော​အမြင်​ကား အဘယ်နည်း။

အရက်​ကြောင့် ‘လမ်းလွဲ​နေခြင်း’ —မည်သည့်​နည်းဖြင့်​နည်း

၃၊ ၄။ (က) မူးယစ်​သည့်​အထိ အရက်သောက်​ခြင်း​ကို သမ္မာကျမ်းစာ ပြစ်တင်​ရှုတ်ချ​ထား​ကြောင်း အဘယ်အရာက ဖော်ပြ​သနည်း။ (ခ) မူးယစ်​ခြင်း​လက္ခဏာ​အချို့​ကား အဘယ်နည်း။

ရှေးခေတ်​ဣသရေလ​နိုင်ငံ​တွင် စားကြူး၊ သောက်ကြူး​၍ နောင်တ​မရ​သော​သားကို ကျောက်ခဲ​နှင့်​ပေါက်သတ်​ရသည်။ (တရားဟောရာ ၂၁:၁၈-၂၁) ခရစ်ယာန်​များ​ကို တမန်​တော်​ပေါလု ဤသို့​ဆုံးမ​ခဲ့​သည်– “ညီအစ်ကို​ဟု​ခေါ်ဝေါ်​သော​သူသည် မတရားသော​မေထုန်​၌​မှီဝဲခြင်း၊ လောဘ​လွန်ကျူးခြင်း၊ ရုပ်[ပုံ]ကိုကိုး​ကွယ်​ခြင်း၊ ဆဲရေး​ကဲ့ရဲ့​ခြင်း၊ သေ​ရည်​သေ​ရက်​နှင့်​ယစ်​မူး​ခြင်း၊ အနိုင်အထက်​လုယူခြင်း​မှ​စ၍၊ ထိုသို့​သော​အမှုကိုပြု​သော​သူနှင့် မပေါင်းဖော်​ရသည်​သာမက၊ ထို​သူနှင့်​အတူ စားသောက်ခြင်း​အမှုကို​မျှ​မပြုရ။” မူးယစ်​သည့်​အထိ အရက်သောက်​ခြင်း​ကို သမ္မာကျမ်းစာ ပြစ်တင်​ရှုတ်ချ​ထား​ကြောင်း ထင်ရှား​၏။—၁ ကောရိန္သု ၅:၁၁; ၆:၉၊ ၁၀

မူးယစ်​ခြင်း​၏​လက္ခဏာများ​ကို သမ္မာကျမ်းစာ​က ဤသို့​ဖော်ပြ​သည်– “ဖလား​၌​နီ​လျက်၊ အရောင်​တောက်​လျက်​ရှိသော စပျစ်​ရည်​ကို​မကြည့်​မ​ရှု​နှင့်။ အစ​၌​အချို​အမြိ​န်​ဝင်​သော်လည်း အဆုံး​၌ မြွေ​ကဲ့သို့​ကိုက်​တတ်၏။ မြွေ​ဆိုး​ကဲ့သို့​နာ​စေ​တတ်၏။ သင်သည် ထူးဆန်းသော​အရာများ​ကို​မြင်ရ​၍ ထူး​ထွေ​သော​စကား​ကို ပြောဆို​လိမ့်​မည်။” (သု. ၂၃:၃၁-၃၃သမ္မာ) အလွန်အကျွံ​သောက်​ခြင်း​သည် အဆိပ်​ပြင်း​သော​မြွေ​ကဲ့သို့ ကိုက်​တတ်​ပြီး ဖျားနာ​မှု၊ စိတ်​ရှုပ်ထွေးမှု​နှင့် သတိ​လက်လွတ်​ပင် ဖြစ်စေ​တတ်​သည်။ သောက်ကြူး​သူသည် “ထူးဆန်းသော​အရာများ” ကို​မြင်ရ​သဖြင့် အာရုံ​ချောက်ချား၊ အထင်အမြင်​မှား​တတ်၏။ ထို့​ပြင် မျိုသိပ်​ထား​လေ့​ရှိသော မ​လျော်​ကန်​သည့်​အတွေး​များနှင့် ဆန္ဒ​များ​ကို အရှက်အကြောက်​မရှိ ထုတ်ဖော်​ပြောဆို​လာပေမည်။

၅။ အရက်သောက်​ကြူး​ခြင်း​သည် အဘယ်​အန္တရာယ်​ရှိ​သနည်း။

မူးယစ်​နေပြီ​ဟု သူတစ်ပါး​မထင်​စေရန် ဂရုစိုက်​သောက်​တတ်​သူ​တစ်ဦး​ဖြစ်​လျှင်​ကော။ လူ​အချို့​သည် အတော်များများ​သောက်​ပြီး​နောက်​၌​ပင် အရက်မူး​သည့်​လက္ခဏာ​မပြ​ချေ။ သို့သော် ထိုသို့​သောက်သုံးခြင်း​သည် အန္တရာယ်​မရှိ​ဟု​ယူဆ​ခြင်း​က မိမိကိုယ်ကို လှည့်စား​နေခြင်း​ဖြစ်သည်။ (ယေရမိ ၁၇:၉) ထို​သူသည် တဖြည်းဖြည်း၊ မသိမသာ အရက်စွဲ​လာပြီး ‘စပျစ်​ရည်​၏​ကျွန်’ ဖြစ်လာ​နိုင်​သည်။ (တိတု ၂:၃) အရက်စွဲ​သူ​ဖြစ်လာ​ပုံ​အဆင့်ဆင့်​နှင့်​ပတ်သက်​၍ စာရေး​ဆရာမ ကယ်ရိုလိုင်း နက်​ပ်​က ဤသို့​ဆို​သည်– “အရက်စွဲ​သူ​ဖြစ်လာ​ပုံ​သည် တရွေ့ရွေ့၊ တဖြည်းဖြည်း၊ မသိသာ​မထင်ရှား​သော​ဖြစ်​စဉ်​ဖြစ်၏။” အရက်​အလွန်အကျွံ​သောက်​ခြင်း​သည် အမှန်ပင်​မသိသာ​သော ကျော့ကွင်း​တစ်ခု​ဖြစ်သည်!

၆။ သောက်ကြူး​ခြင်း​နှင့် စားကြူး​ခြင်း​ကို အဘယ်ကြောင့်​ရှောင်သင့်​သနည်း။

ယေရှု၏​ဤ​သတိပေး​ချက်​ကိုလည်း သုံးသပ်ကြည့်​ပါ– “သင်တို့သည် ကိုယ်ကို​သတိပြု​ကြလော့။ သို့​မဟုတ် အစားအသောက်​လွန်ကြူး​ခြင်း၊ လော[က]စိုးရိမ်ခြင်း​အားဖြင့် စိတ်နှလုံး​ပင်ပန်း​လျက်​နေစဉ်​တွင် ထို​နေ့ရက်​သည် ကျော့ကွင်း​ကဲ့သို့ သင်တို့​နှင့်​ရုတ်​ခ​နဲ​တွေ့ကြုံ​လိမ့်​မည်။ အကြောင်း​မူ​ကား ထို​နေ့ရက်​သည် မြေတစ်ပြင်လုံး၌​နေသော​လူအပေါင်း​တို့​အပေါ်​သို့ ကျရောက်​လိမ့်​မည်။” (လုကာ ၂၁:၃၄၊ ၃၅သမ္မာ) ကာယရေး​သာမက ဝိညာဉ်​ရေး​အရ​ပါ လေးလံ​ထိုင်း​မှိုင်း၊ ပျင်းရိ​မှု​မဖြစ်စေ​မီ မူး​သည့်​အဆင့်​ရောက်​သည်​အထိ သောက်​ရန်​မဟုတ်ပါ။ ထို​အခြေအနေ​မျိုး​၌​ရှိနေစဉ် ယေဟောဝါ​၏​နေ့ ရောက်လာ​သော် မည်သို့​ဖြစ်​မည်​နည်း။

အရက်​အလွဲသုံးခြင်း ဖြစ်ပေါ်​စေနိုင်​ရာ​များ

၇။ အရက်​အလွဲသုံးခြင်း​သည် ၂ ကောရိန္သု ၇:၁ ပါ​ညွှန်ကြားချက်​နှင့် အဘယ်ကြောင့်​မကိုက်ညီ​သနည်း။

အရက်​ကို ချင့်ချိန်မှု​မရှိ​သုံးစွဲခြင်း​သည် ကာယရေး​နှင့် ဝိညာဉ်​ရေး​အန္တရာယ်များ​စွာ ရှိစေသည်။ အရက်​ကြောင့်​ဖြစ်တတ်သော​ရောဂါ​များ​မှာ အသည်းရွတ်နာ၊ အသည်း​ရောင်ရမ်းနာ​နှင့် အရက်​ရူး​နာ​ကဲ့သို့​သော နဗ်ကြော​မူမမှန်ခြင်း​တို့​ဖြစ်သည်။ ထို့​ပြင် အရက်​ကို ကြာရှည်​အလွဲသုံးခြင်း​ကြောင့် ကင်ဆာ၊ ဆီး​ချို၊ နှလုံး​နှင့် အစာအိမ်​ဆိုင်ရာ ရောဂါ​အချို့​ရနိုင်​သည်။ အရက်​ကို အလွဲသုံးခြင်း​သည် သမ္မာကျမ်းစာ​မှ ဤ​ညွှန်ကြားချက်​နှင့်​လည်း လုံးလုံး​မကိုက်ညီ​ပါ– “ကိုယ်ခန္ဓာ​၏​အညစ်အကြေး၊ စိတ်​ဝိညာဉ်​၏​အညစ်အကြေး​ရှိသမျှ​တို့​နှင့် ကိုယ်ကို​ကိုယ်​ကင်းစင်​စေ​လျက်၊ ဘုရားသခင်​ကို​ကြောက်ရွံ့​၍ သန့်ရှင်းခြင်း . . . နှင့်​ပြည့်စုံ​ကြ​ကုန်​အံ့။”—၂ ကောရိန္သု ၇:၁

၈။ သု. ၂၃:၂၀၊ ၂၁ အရ အရက်​အလွဲသုံးခြင်း​ကြောင့် အဘယ်​အကျိုးဆက်​ရနိုင်​သနည်း။

အရက်​အလွဲသုံးခြင်း​သည် ငွေ​ဖြုန်းတီး​ရာ​ရောက်​ပြီး အလုပ်​လက်မဲ့​ပင် ဖြစ်စေ​နိုင်​သည်။ ရှေးခေတ်​မှ ဣသရေလ​ရှင်ဘုရင် ရှောလမုန်က “စပျစ်​ရည်​သောက်ကြူး​သော​သူ၊ အ​မဲ​သားစား​ကြူး​သော​သူတို့ကို အပေါင်းအဖော်​မ​လုပ်​နှင့်” ဟု​သတိပေး​ခဲ့​သည်။ အဘယ်ကြောင့်​နည်း။ “သောက်ကြူး​သော​သူနှင့် စားကြူး​သော​သူသည် ဆင်းရဲခြင်း​သို့​ရောက်​လိမ့်​မည်။ အိပ်ကြူး​သော​သဘော​သည် လူကို​အဝတ်စုတ်​နှင့်​ခြုံ​တတ်၏” ဟု​သူ​ရှင်းပြ​ခဲ့​သည်။—သု. ၂၃:၂၀၊ ၂၁

၉။ လူတစ်ဦး ယာဉ်မောင်း​တော့​မည်​ဆိုလျှင် အရက်ယမကာ​ကို​ရှောင်ခြင်း​သည် အဘယ်ကြောင့်​ပညာရှိရာ​ရောက်​သနည်း။

နောက်​အန္တရာယ်​တစ်ခု​ကို အရက်စွဲ​ခြင်း​ရောဂါ​စွယ်စုံ​ကျမ်း​က ဤသို့​ဖော်ပြ​သည်– “လေ့လာမှု​များ​အရ အရက်​သည် တုံ့ပြန်​ချိန်၊ လှုပ်ရှားမှု​ကို​ထိန်းချုပ်​နိုင်​ခြင်း၊ အာရုံစိုက်​ခြင်း၊ အမြင်​အာရုံ​ကောင်းခြင်း​နှင့် ချင့်ချိန်​ဆုံးဖြတ်​နိုင်​ခြင်း​တို့​ပါဝင်သော ယာဉ်မောင်း​စွမ်းရည်​များ​ကို ဆုတ်ယုတ်​စေ​ကြောင်း သိရှိ​ရသည်။” အရက်မူး​မူး​နှင့် မောင်း​ခြင်း​၏​အကျိုးဆက်များ​မှာ ဆိုးဝါး​လှ​၏။ အမေရိကန်​ပြည်ထောင်စု​တစ်ခု​တည်း​တွင်​ပင် အရက်​ကြောင့်​ဖြစ်ပွား​သော ယာဉ်တိုက်မှု​များသည် နှစ်စဉ် သောင်း​နှင့်​ချီ​၍ သေဆုံး​ကြ​ရပြီး သိန်း​နှင့်​ချီ​၍ ဒဏ်ရာ​ရ​ကြသည်။ ဤ​အန္တရာယ်ကို အထူးသဖြင့် ကြုံ​ကြ​ရသူ​တို့​မှာ ယာဉ်မောင်း​ခြင်း​နှင့် အရက်သောက်​ခြင်း​တွင် အတွေ့အကြုံ​နည်းသော လူငယ်များ​ဖြစ်သည်။ အရက် အတော်များများ​သောက်​ထားပြီး​နောက် ကားမောင်း​သူသည် ယေဟောဝါ​ဘုရားသခင်​ထံ​မှ​ရရှိသော အသက်ဆု​ကျေးဇူး​ကို လေးစားပါ​သည်​ဟု ဆိုနိုင်​မည်​လော။ (ဆာလံ ၃၆:၉) အသက်​၏​မြင့်မြတ်မှု​ကို​ထောက်ထား​ပြီး ကားမောင်း​မည့်​သူသည် အရက်ယမကာ​များ လုံးဝ​မသောက်လျှင် အကောင်းဆုံး​ဖြစ်သည်။

၁၀။ အရက်ယမကာ​သည် ကျွန်ုပ်​တို့၏​စိတ်​ကို မည်သို့​ထိခိုက်​စေနိုင်​သနည်း၊ ယင်းသည် အဘယ်ကြောင့်​အန္တရာယ်​ရှိ​သနည်း။

၁၀ အလွန်အကျွံ​သောက်​ခြင်း​သည် ကာယရေး​သာမက ဝိညာဉ်​ရေး​ကို​ပါ ထိခိုက်​သည်။ “စပျစ်​ရည်[ဝိုင်]နှင့် အသစ်​သော​စပျစ်​ရည်​သည် ဉာဏ်​ကို​ကင်းမဲ့​စေ​၏” ဟု​သမ္မာကျမ်းစာ​က​ဆို​သည်။ (ဟောရှေ ၄:၁၁သမ္မာ) အရက်ယမကာ​သည် စိတ်ပိုင်း​ကို ထိခိုက်​တတ်၏။ အမေရိကန်​ပြည်ထောင်စု ယစ်​မျိုး​အလွဲသုံးခြင်း​ဆိုင်ရာ အမျိုးသား​အဖွဲ့​မှ ထုတ်ဝေ​သော စာစောင်​က ဤသို့​ရှင်းပြသည်– “လူတစ်ဦး အရက်သောက်​သည့်​အခါ ယင်းသည် အစာ​ခြေ​စနစ်​မှ​တစ်ဆင့် သွေးကြော၊ ထို့နောက် ဦးနှောက်​ထဲ​သို့ အလျင်အမြန်​ရောက်ရှိ​သွား​သည်။ ထို​အခါ စဉ်းစား​တွေးတောခြင်း​နှင့် စိတ်​လှုပ်ရှားမှု​ကို​ထိန်းချုပ်​သည့် ဦးနှောက်​အစိတ်အပိုင်း​များ​ကို နှေးကွေး​စေ​သည်။ သို့ဖြင့် ထို​သူသည် အရှက်အကြောက်​နည်းလာ​ပြီး ပို​၍​လွတ်လပ်​သည်​ဟု စိတ်ထင်​တတ်​သည်။” ထို​အခြေအနေ​မျိုး​တွင် ကျွန်ုပ်​တို့သည် ‘လမ်းလွဲ’ သွားဖို့၊ မတော်မသင့်​ပြုမူ​ပြောဆို​မိဖို့​နှင့် သွေးဆောင်မှု​အမျိုးမျိုး​ထဲ ကျရောက်​သွားဖို့ အကြောင်း​ပို​များသည်။—သု. ၂၀:၁

၁၁၊ ၁၂။ အရက်​အလွန်အကျွံ​သောက်သုံးခြင်း​ကြောင့် အဘယ်​ဝိညာဉ်​ရေး​အန္တရာယ်များ​ရှိ​နိုင်​သနည်း။

၁၁ ထို့​ပြင် သမ္မာကျမ်းစာ​က ဤသို့​မိန့်မှာ​ထား​သည်– “သင်တို့သည် စား​သော်လည်း​ကောင်း၊ သောက်​သော်လည်း​ကောင်း၊ မည်သည့်​အမှုကိုပြု​သော်လည်း​ကောင်း၊ ဘုရားသခင်​၏​ဘုန်းတော်​ကို​ထောက်၍ ခပ်သိမ်း​သော​အမှုကိစ္စ​ကို​ပြု​ကြလော့။” (၁ ကောရိန္သု ၁၀:၃၁) အရက်​အလွန်အကျွံ​သောက်​ခြင်း​သည် ဘုရားသခင့်​ဘုန်းတော်​ကို ထင်ရှားစေ​ပါသလော။ ခရစ်ယာန်​တစ်ဦး​သည် အလွန်အကျွံ​သောက်​သူ​တစ်ဦး​အဖြစ် နာမည်​ရ​လို​မည်​မဟုတ်ပါ။ ထိုသို့​နာမည်​ရခြင်း​သည် ယေဟောဝါ​၏​နာမတော်​ကို ထင်ရှားစေ​မည့်​အစား ရှုတ်ချ​စ​ရာ​ဖြစ်စေ​ပါ​မည်။

၁၂ ချင့်ချိန်မှု​ကင်းမဲ့​စွာ သောက်​တတ်သော​ခရစ်ယာန် တစ်ဦး​သည် တပည့်​သစ်​တစ်ဦး​ဖြစ်​ကောင်း​ဖြစ်​မည့် ယုံကြည်သူချင်း​တစ်ဦး​ကို ထိမိ​၍​လဲ​စေ​လျှင်​ကော။ (ရောမ ၁၄:၂၁) ယေရှု​ဤသို့​သတိပေး​ခဲ့​သည်– “ငါ့ကို​ယုံကြည်​သော ဤ​သူငယ်​တစ်စုံ​တစ်ယောက်ကို အကြင်သူသည် မှားယွင်း [“ထိမိ​၍​လဲ၊” က​ဘ] စေ​၏၊ ထို​သူသည် လည်ပင်း​၌​ကြိတ်ဆုံ​ကျောက်​ကို​ဆွဲ​၍ နက်နဲ​သော​ပင်လယ်​၌ နှစ်မြှုပ်​ခြင်း​ကို​ခံရ​သော် အနေ​သာ၍​ကောင်း​၏။” (မဿဲ ၁၈:၆) သောက်ကြူး​ခြင်း​ကြောင့် အသင်းတော်​အခွင့်အရေး​များ ဆုံးရှုံး​နိုင်​သည်။ (၁ တိမောသေ ၃:၁-၃၊) ထို့​ပြင် အရက်​အလွဲသုံးခြင်း​ကြောင့် ဖြစ်ပေါ်​လာနိုင်​သော မိသားစု​ပဋိပက္ခ​ကိုလည်း လျစ်လျူ​မ​ရှုရ​ပါ။

အန္တရာယ်များ​ကို ရှောင်​လော့—မည်သို့​အားဖြင့်​နည်း

၁၃။ အရက်​အလွဲသုံးခြင်း​ကို ရှောင်​ရာ​၌ အရေးပါသော​အချက်​ကား အဘယ်နည်း။

၁၃ အရက်​အလွဲသုံးခြင်း​၏ အန္တရာယ်များ​ကို​ရှောင်ရန် သော့ချက်​မှာ မူးယစ်​ခြင်း​ကို​ရှောင်​ရုံ​သာ​မဟုတ်၊ အလွန်အကျွံ​သောက်​ခြင်း​ကို​ရှောင်​ဖို့ ပန်းတိုင်​ထားခြင်း​ဖြစ်သည်။ အရက်​ပမာဏ​မည်မျှ​သည် သင့်အတွက် တော်သင့်ရုံ​ဖြစ်​မည်၊ အလွန်အကျွံ​ဖြစ်​မည်​ကို မည်သူ​ဆုံးဖြတ်​ပေး​နိုင်​သနည်း။ ထည့်​စဉ်းစားစရာ​အကြောင်း​များစွာ​ရှိသဖြင့် အရက်​ပမာဏ​မည်မျှ​သည် များ​လွန်​ပြီ​ဟု စည်းမျဉ်း​အတိအကျ​မ​ထုတ်​နိုင်​ပါ။ တစ်ဦးချင်း​စီ​အနေ​နှင့် ကိုယ့်​အတိုင်းအတာ​ကိုယ်​သိ​ပြီး ထို​အတိုင်းအတာ​အတွင်း သောက်​ကြ​ရ​ပေမည်။ အရက်​ပမာဏ​မည်မျှ​သည် သင့်အတွက် များ​လွန်း​ပြီ​ဆို​သည်ကို အဘယ်အရာက ဆုံးဖြတ်​ပေး​မည်​နည်း။ လမ်းညွှန်​ပေး​နိုင်​သည့်​မူ ရှိပါ​သလော။

၁၄။ တော်သင့်ရုံ​သောက်​ခြင်း​နှင့် သောက်ကြူး​ခြင်း​ကို စည်း​သတ်​ရာ​၌ အဘယ်​လမ်းညွှန်​မူ​က အထောက်အကူ​ပြု​သနည်း။

၁၄ သမ္မာကျမ်းစာ​က ဤသို့​ဆို​၏– “ပညာ​ရတနာ [“လက်တွေ့ကျ​သော​ဉာဏ်ပညာ၊” က​ဘ] နှင့် . . . သတိ [“စဉ်းစား​ဆင်ခြင်​နိုင်စွမ်း၊” က​ဘ] ကို သင့်​မျက်မှောက်​မှ​မကွာစေ​ဘဲ အစဉ်​စောင့်ရှောက်​လော့။ သို့ပြုလျှင် ထို​ရတနာ​တို့သည် သင်၏​ဝိညာဉ်​၌​အသက်၊ သင်၏​လည်ပင်း​၌ ဂုဏ်​အသရေ​ဖြစ်​လိမ့်​မည်။” (သု. ၃:၂၁၊ ၂၂) သို့​ဖြစ်၍ လမ်းညွှန်​ပေး​သည့်​မူ​မှာ ဤသို့​ဖြစ်သည်– သင်၏​ချင့်ချိန်​နိုင်စွမ်း​ကို ထိခိုက်​သော၊ သင်၏​စဉ်းစား​ဆင်ခြင်​နိုင်စွမ်း​ကို ထုံထိုင်း​စေသော မည်သည့်​ပမာဏ​မဆို​သည် သင့်အတွက် များ​လွန်း​ပြီ​ဖြစ်၏။ သို့သော် သင့်ကိုယ်​ပိုင်​အကန့်အသတ် မည်မျှ​ရှိသည်​ကို အမှန်အတိုင်း အသိအမှတ်ပြု​ရ​ပေမည်!

၁၅။ အဘယ်​အချိန်တွင် အရက်​လုံးဝ​မ​သောက်​ဘဲ​နေခြင်း​သည် ပညာရှိရာ​ရောက်မည်​နည်း။

၁၅ အချို့​သော​အခြေအနေ​များ​တွင် အရက်​လုံးဝ​မသောက်လျှင် ကောင်း​ပေမည်။ သန္ဓေသား​အား အန္တရာယ်​ဖြစ်​မည်​စိုး​သောကြောင့် ကိုယ်ဝန်ဆောင်​အမျိုးသမီး​တစ်ဦး​သည် လုံးဝ​မ​သောက်​ဘဲ​နေ​ပေမည်။ အသောက်​လွန်​တတ်​သည့်​ပြဿနာ​ရှိသူ သို့​မဟုတ် အရက်သောက်​ခြင်း​ကို အပြစ်တင်​သော​သိစိတ်​ရှိသူ​အရှေ့​တွင် အရက်​မ​သောက်​ဘဲ​နေခြင်း​သည် ကြင်နာ​မှု​ပြ​ရာ​ကျ​မည်​မဟုတ်ပေ​လော။ တဲ​တော်​တွင် ယဇ်ပုရောဟိတ်​တာဝန်​များ ထမ်းဆောင်​နေသူတို့​ကို ယေဟောဝါ​ဤသို့​မိန့်မှာ​ခဲ့​သည်– “သင် . . . တို့သည် သေ​ဘေး​နှင့်​ကင်းလွတ်​ခြင်း​ငှာ . . . ပရိသတ်​စည်းဝေးရာ​တဲ​တော်​သို့ ဝင်​သောအခါ စပျစ်​ရည်​အစ​ရှိသော​ယစ်​မျိုးကို မ​သောက်​နှင့်။” (ဝတ်ပြုရာ ၁၀:၈-၁၁) ထို့​ကြောင့် ခရစ်ယာန်​အစည်းအဝေး​များ မတက်ရောက်​မီ၊ ဓမ္မ​အမှု၌​မပါဝင်​မီ​နှင့် အခြား​ဝိညာဉ်​ရေး​တာဝန်​များ ဆောင်ရွက်​ခါနီး​အချိန်တွင် အရက်ယမကာ​များ​သောက်​ခြင်း​ကို ရှောင်ကြဉ်ပါ။ ထို့​အပြင် အရက်သောက်​သုံး​ခြင်း​ကို တားမြစ်​ထားသော သို့​မဟုတ် တစ်စုံတစ်ရာ​သော​အသက်အရွယ်​အထက်​ရှိ သူများကို​သာ သောက်သုံး​ခွင့်​ပေး​သော​နိုင်ငံ​များ​တွင် တိုင်းပြည်​၏​ဥပဒေ​များ​ကို လေးစား​လိုက်နာသင့်​သည်။—ရောမ ၁၃:၁

၁၆။ သင့်​ရှေ့၌ အရက်​တည်ခင်း​ထား​သည့်​အခါ သောက်​မည်​မ​သောက်​မည်​ကို မည်သို့​ဆုံးဖြတ်​သင့်​သနည်း။

၁၆ သင့်​ရှေ့၌ အရက်​တည်ခင်း​ထား​လျှင် ‘ငါ​သောက်​သင့်​သလား’ ဟု​ဦးဆုံး​မေးသင့်​သည်။ သောက်​ဖို့​စိတ်​ဆုံးဖြတ်​ပါ​က သင်၏​အတိုင်းအတာကို ကောင်းကောင်း​မှတ်ထားပြီး ထို​ပမာဏ​ကို မ​ကျော်​ပါ​နှင့်။ အိမ်ရှင်​၏​ရက်ရောမှုကြောင့် စိတ်​ယို​င်​မသွား​ပါ​နှင့်။ မင်္ဂလာ​ဧည့်ခံပွဲ​ကဲ့သို့​သော အခါသမယ​များ​တွင် အရက်​ကို ကြိုက်​သလော​က်​သောက်​နိုင်​သည့်​အခါ​များ​ကိုလည်း သတိပြုပါ။ နေရာ​ဒေသ​များစွာ​တွင် ကလေး​များသည် အရက်​ကို တရားဝင်​သောက်​ခွင့်​ရှိသည်။ အရက်သောက်​သုံး​ခြင်း​နှင့်​ပတ်သက်​၍ မိမိ​သားသမီးကို သွန်သင်ပေး​ရန်​နှင့် သူတို့ မည်မျှ​သောက်​ဖို့​ကြီးကြပ်​ပေး​ရန် မိဘများ​မှာ တာဝန်​ရှိ၏။—သု. ၂၂:၆

ပြဿနာ​ကို သင်​ကိုင်တွယ်​ဖြေရှင်း​နိုင်

၁၇။ အရက်​အလွဲသုံးခြင်း​ပြဿနာ သင်၌​ရှိမရှိ သိရှိ​ရန် အဘယ်အရာက ကူညီ​ပေး​မည်​နည်း။

၁၇ ဝိုင်​နှင့် သေ​ရည်​သေ​ရက်​အလွဲသုံးခြင်း​သည် သင့်အတွက် ပြဿနာ​တစ်ခု​လော။ အရက်​အလွဲသုံးခြင်း​သည် လျှို့ဝှက်​အပြစ်​တစ်ခု​ဖြစ်​နေလျှင် အနှေး​နှင့်​အမြန်​ဆို​သလို သင့်ကို ထိခိုက်​လိမ့်​မည်​သေချာ​သည်။ ထို့​ကြောင့် မိမိကိုယ်ကို ရိုးရိုးသားသား​ဆန်းစစ်​ကြည့်​ပါ။ ဤ​ကဲ့သို့​သော​မေးခွန်း​မျိုး​ဖြင့် ကိုယ့်​ကိုယ်ကို​ဆန်းစစ်​မေးမြန်း​ကြည့်​ပါ– ‘ငါ ခါတိုင်းထက် ပို​ပြီး​သောက်​တဲ့​အကြိမ်​များနေ​သလား။ ပို​ပြီး​ပြင်း​တဲ့​အရက်​ကို သောက်​နေ​သလား။ စိုးရိမ်​ပူပန်မှု၊ ဖိစီးမှု ဒါမှ​မဟုတ် ပြဿနာ​တွေ​ကို မေ့လျော့​ဖို့ သောက်​တာ​လား။ အိမ်သား​တစ်ယောက်ယောက် ဒါမှ​မဟုတ် သူငယ်ချင်း​တစ်ယောက်​က ငါ​သောက်​ပုံ​နဲ့​ပတ်သက်ပြီး စိုးရိမ်​တယ်လို့ ပြော​ဖူး​သလား။ အရက်သောက်​လို့ ငါ့​မိသားစု​ထဲမှာ ပြဿနာ​တွေ​တက်​ခဲ့​သလား။ တစ်ပတ်၊ တစ်လ ဒါမှ​မဟုတ် လအနည်းငယ် အရက်​မ​သောက်​ရ​ရင် အနေ​ခက်​နေ​လား။ ဝိုင် ဒါမှ​မဟုတ် အရက်​ကို ငါ​ဘယ်လောက်​သောက်​တယ်​ဆိုတာ သူများ​မသိ​ရအောင် ဝှက်​သောက်​သလား။’ ၎င်း​မေးခွန်း​အချို့​ကို ဟုတ်ကဲ့​ဟု​အဖြေ​ရ​လျှင်​ကော။ ‘မှန်​၌ မိမိ​ပကတိ​မျက်နှာကို​ကြည့်​ပြီး မိမိ​အဆင်းသဏ္ဌာန်​ကို ချက်ချင်း​မေ့လျော့​တတ်’ သူနှင့် မတူ​ပါ​နှင့်။ (ယာကုပ် ၁:၂၂-၂၄) ယင်း​ပြဿနာ​ကို ပြုပြင်​ပြောင်းလဲ​ပေး​ရန် အစပြု​လုပ်ဆောင်ပါ။ သင် အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။

၁၈၊ ၁၉။ အရက်​အသောက်​လွန်​ခြင်း​ကို သင်​မည်သို့​ရပ်တန့်​နိုင်​သနည်း။

၁၈ တမန်​တော်​ပေါလု​က ခရစ်ယာန်​များ​ကို ဤသို့​တိုက်တွန်း​ခဲ့​သည်– “လွန်ကျူး​စေ​တတ်သော စပျစ်​ရည်​နှင့်​ယစ်​မူး​ခြင်း​ကို​ရှောင်​၍ ဝိညာဉ်​တော်​နှင့်​ပြည့်စုံ​လျက်​ရှိကြလော့။” (ဧဖက် ၅:၁၈) အရက်​ပမာဏ​မည်မျှ​သည် သင့်အတွက် များ​လွန်း​ပြီ​ကို ဆုံးဖြတ်​ကာ တော်သင့်ရုံ​ပမာဏ​ကို သတ်မှတ်​ထား​ပါ။ ထို​ပမာဏ​ကို မ​လွန်​ရန် သန္နိ​ဋ္ဌာန်​ချပါ; စိတ်​ချုပ်တည်း​ပါ။ (ဂလာတိ ၅:၂၂၊ ၂၃) အလွန်အကျွံ​သောက်​ရန် သင့်ကို​ဖိအားပေး​သည့် အပေါင်းအသင်း​များ​ရှိပါ​သလော။ သတိထား​ပါ။ “ပညာရှိ​တို့​နှင့်​ပေါင်းဖော်သော​သူသည် ပညာရှိ​တတ်၏။ လူ​မိုက်​တို့​နှင့်​ပေါင်းဖော်သော​သူ​မူ​ကား ပျက်စီး​တတ်၏” ဟု​သမ္မာကျမ်းစာ​က​ဆို​သည်။—သု. ၁၃:၂၀

၁၉ အသင်​သည် ပြဿနာ​ကို​ရှောင်ရန် အရက်​သုံးစွဲ​နေ​သူ​ဖြစ်​လျှင် ထို​ပြဿနာ​ကို တိုက်ရိုက်​ရိုးသား​စွာ​ရင်ဆိုင်​ဖြေရှင်း​လိုက်ပါ။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​မှ ဆုံးမ​စကား​ကို လက်တွေ့​ကျင့်သုံး​ခြင်း​အားဖြင့် ပြဿနာ​များ​ကို ဖြေရှင်း​နိုင်​ပါ​သည်။ (ဆာလံ ၁၁၉:၁၀၅) ယုံကြည်​အားကိုး​ရသော ခရစ်ယာန်​အကြီးအကဲ​တစ်ဦးထံ အကူအညီ​တောင်းဆို​ရန် ဝန်မလေး​ပါ​နှင့်။ သင်၏​ဝိညာဉ်​ရေး​ကို တည်ဆောက်​ရန် ယေဟောဝါ​၏​ပြင်ဆင်​ပေး​ချက်​များ​ကို ကောင်းစွာ​အသုံးချပါ။ ဘုရားသခင်​နှင့် သင်၏​ဆက်ဆံ​ရေး​ကို ခိုင်မြဲ​စေပါ။ ကိုယ်တော့်​ထံ မှန်မှန်​ဆုတောင်း​ပါ—အထူးသဖြင့် သင့်​အားနည်းချက်များ​အကြောင်း ဆုတောင်း​ပါ။ ‘သင်၏​ကျောက်ကပ်​နှင့်​နှလုံးကို သန့်စင်’ ပေး​ဖို့ ဘုရားသခင်​အား အသနားခံ​ပါ။ (ဆာလံ ၂၆:၂) ရှေ့​ဆောင်းပါး​တွင် ဆွေးနွေး​ခဲ့​သည့်​အတိုင်း သမာဓိ​စောင့်သိသော​လမ်းစဉ်၌ အတတ်နိုင်ဆုံး လျှောက်လှမ်းပါ။

၂၀။ သောက်ကြူး​နေသည့်​ပြဿနာ​ကို ရင်ဆိုင်​ဖြေရှင်းရန် သင်​အဘယ်အရာ​များ လုပ်ဆောင်​နိုင်​မည်​နည်း။

၂၀ သင်​ကြိုးစား​နေသည့်​ကြား သောက်ကြူး​သည့်​ပြဿနာ ဆက်​ရှိ​နေလျှင်​ကော။ သို့​ဖြစ်​လျှင် ယေရှု၏​ဤ​အကြံပေး​ချက်​ကို သင်​လိုက်နာ​ရ​ပေမည်– “သင့်​လက်​သည် သင့်ကို​တိုက်​လဲ​စေ​လျှင် ဖြတ်ပစ်​လော့။ ဂေဟင်္နာ​အရပ်သို့ လက်နှစ်ဖက်​စုံ​နှင့်​ဝင်​ခြင်း​ထက် ချို့တဲ့​ကာ အသက်ရှင်ခြင်း​သို့​ဝင်​ခြင်း​သည် သာ၍​ကောင်း​၏။” (မာကု ၉:၄၃က​ဘ) အဖြေ​မှာ– လုံးဝ​မ​သောက်​ပါ​တော့​နှင့်။ အိုင်​ရင်း​ဟု ကျွန်ုပ်​တို့​အမည်ပေး​မည့် အမျိုးသမီး​တစ်ဦး ထိုသို့​ပြု​ရန် စိတ်ပိုင်းဖြတ်​ခဲ့​သည်။ သူ​ဤသို့​ပြောပြ​သည်– “အရက်ဖြတ်​ထား​တာ နှစ်နှစ်ခွဲ​နီးပါး​ကြာ​တဲ့​အခါ ကျွန်မ​နိုင်​မ​နိုင် စမ်း​ကြည့်​ဖို့ တစ်ခွက်​လောက်​ဆိုရင် ဘာမှ​မဖြစ်​လောက်​ပါ​ဘူးလို့ ကျွန်မ​ထင်​ခဲ့​တယ်။ ဒါပေမဲ့ အဲဒီလို စိတ်ထဲ​ပေါ်​လာတာ​နဲ့ တစ်ပြိုင်နက် ယေဟောဝါ​ကို ချက်ချင်းပဲ ဆုတောင်း​တင်ပြ​လိုက်တယ်။ စနစ်သစ်​မရောက်မချင်း အရက်​ထပ်​မ​သောက်​ဖို့ ကျွန်မ​စိတ်ပိုင်းဖြတ်​ထား​တယ်၊ အဲဒီ​အချိန်​ရောက်တဲ့အခါ​တောင် ကျွန်မ,မ​သောက်​တော့​ဘဲ​လည်း​ဖြစ်​နိုင်တယ်။” သေ​ရည်​သေ​ရက်ကို လုံးဝ​ရှောင်ကြဉ်​ခြင်း​သည် ဘုရားသခင့်​ဖြောင့်မတ်​သော​ကမ္ဘာသစ်​တွင် အသက်ရှင်ရေး​အတွက် ပေး​ဆပ်ရန် များ​လွန်း​သော အဖိုးအခ မဟုတ်ပါ။—၂ ပေတရု ၃:၁၃

“ဆု​ကို​ရမည်​အကြောင်း ပြေး​ကြလော့”

၂၁၊ ၂၂။ အသက်ပြေးပွဲ​တွင် ပန်းဝင်​မျဉ်း​မ​ရောက်​ဖို့ အဘယ်အရာ​များ​က အတားအဆီး​ဖြစ်​နိုင်​သနည်း၊ ယင်းကို မည်သို့​ရှောင်နိုင်​သနည်း။

၂၁ တမန်​တော်​ပေါလု​သည် ခရစ်ယာန်​ဘဝ​လမ်းစဉ်​ကို ပြေးပွဲ သို့​မဟုတ် ပြိုင်ပွဲ​တစ်ခု​နှင့်​ပုံခိုင်း​ကာ ဤသို့​ဆို​၏– “မြေ​တ​လင်း​၌​ပြိုင်​၍​ပြေးကြ​သော သူအပေါင်း​တို့သည် ပြိုင်​၍​ပြေးကြ​သော်လည်း၊ တစ်ယောက်တည်း​သာ​လျှင် ဆု​ကို​ရသည်​ဟု သင်တို့​မသိကြ​သလော။ ဆု​ကို​ရမည်​အကြောင်း ပြေး​ကြလော့။ ပွဲ​၌​ပြိုင်​၍ အချင်းချင်း​တိုက်​သော​သူ​မည်​သည်​ကား၊ အရာရာ၌ တပ်မက်​ခြင်း​ကို ချုပ်တည်း​တတ်၏။ ထို​သူတို့သည် ညှိုးနွမ်း​ပျက်စီး​တတ်သော ပန်းဦးရစ်​ကို​ရခြင်း​အလို​ငှာ​ပြု​ကြ​၏။ ငါ​တို့​မူ​ကား မညှိုးနွမ်း​မပျက်စီး​နိုင်သော ပန်းဦးရစ်​ကို​ရခြင်း​အလို​ငှာ ပြု​ကြ​၏။ ထို့​ကြောင့် ငါ​ပြေး​သောအခါ အမှတ်တမဲ့​ပြေး​သည်မဟုတ်။ လက်​ပွေ့​သတ်​သောအခါ အာကာသ​ကောင်းကင်​ကို​သာ ထိုး​၍​သတ်​သည်မဟုတ်။ သူတစ်ပါးကို​ဆုံးမ​ပြီး​မှ ကိုယ်တိုင်​ရှုံး​သော​သူ​မဖြစ်ရ​မည်​အကြောင်း၊ ကိုယ်ကို​ထိုး​၍​နှိပ်စက်​လေ့​ရှိ၏။”—၁ ကောရိန္သု ၉:၂၄-၂၇

၂၂ ပြေးပွဲ​ကို အောင်မြင်စွာ ပန်းဝင်​သူ​သာ​လျှင် ဆု​ရနိုင်​သည်။ အရက်​အလွဲသုံးခြင်း​သည် အသက်ပြေးပွဲ​တွင် ပန်းဝင်​မျဉ်း​ရောက်​ဖို့ အတားအဆီး​ဖြစ်​နိုင်​ပါ​သည်။ ကျွန်ုပ်​တို့ စိတ်​ချုပ်တည်း​ရ​ကြ​မည်။ စိတ်ချ​လက်ချ​ပြေး​ရန် “စပျစ်​ရည်​နှင့်​ယစ်​မူး” မနေ​ဖို့​လို​သည်။ (၁ ပေတရု ၄:၃) ထိုသို့​ဖြစ်​မည့်​အစား အရာရာ၌ စိတ်​ချုပ်တည်း​ဖို့​လို​၏။ အရက်ယမကာ​သောက်​ခြင်း​နှင့်​ပတ်သက်​လာ​သော် ‘ဘုရားသခင်​မဲ့​တရား​မဲ့​နေခြင်း၊ လောက​တပ်မက်​ခြင်း​ကို​ပယ်ရှား​လျက်၊ ယခု​ဘဝ​၌ ဣန္ဒြေ​စောင့်​ခြင်း၊ တရား​သဖြင့်​ကျင့်​ခြင်း၊ ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​တို့ကို ပြု​နေ’ ခြင်း​သည် ပညာရှိရာ​ရောက်​၏။—တိတု ၂:၁၃

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 ဤ​ဆောင်းပါး​တွင်​ဖော်ပြ​ထားသော “အရက်” သည် ဘီယာ၊ ဝိုင်​နှင့် အခြား​အရက်ယမကာ​များ​ကို ဆိုလို​ပါ​သည်။

သင်​မှတ်မိ​သလော

အရက်​အလွဲသုံးခြင်း​ဟူသည် အဘယ်နည်း။

အရက်​အလွဲသုံးခြင်း​သည် အဘယ်​အန္တရာယ်​ရှိ​သနည်း။

အရက်​အလွဲသုံးခြင်း​၏​အန္တရာယ်များ​ကို သင်​မည်သို့ ရှောင်နိုင်​သနည်း။

အရက်​အလွဲသုံးခြင်း​ပြဿနာ​ကို မည်သို့​ကိုင်တွယ်​ဖြေရှင်း နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ဝိုင်​သည် “လူ​တို့ကို​ရွှင်လန်း​စေ​၏”

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့သည် ကိုယ့်​အကန့်အသတ် ကိုယ်​သိရ​မည်​ဖြစ်​ပြီး ထို​အကန့်အသတ်​အတွင်း သောက်​ရ​ကြ​မည်

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

တော်သင့်ရုံ​အတိုင်းအတာကို ကြိုတင်​ဆုံးဖြတ် ထား​ပါ

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

သင့်​အားနည်းချက်များ အကြောင်း ယေဟောဝါ​ထံ မှန်မှန်​ဆုတောင်း​ပါ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

အရက်​သုံးစွဲခြင်း​နှင့်​ပတ်သက်​၍ သားသမီး​များ​ကို သွန်သင်ပေး​ရန် မိဘများ​၌​တာဝန်​ရှိ