စစ်မှန်သောဝတ်ပြုရေးနှင့် အယူမှားဝါဒတို့ ထိပ်တိုက်တွေ့ခဲ့သည့်နေရာ
စစ်မှန်သောဝတ်ပြုရေးနှင့် အယူမှားဝါဒတို့ ထိပ်တိုက်တွေ့ခဲ့သည့်နေရာ
တူရကီနိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်းပေါ်ရှိ ရှေးဧဖက်မြို့၏အပျက်အယွင်းများသည် ရှေးဟောင်းသုတေသနကို နှစ်တစ်ရာကျော်ကြာ အသည်းအသန် ပြုလုပ်ရာအရပ် ဖြစ်ခဲ့လေပြီ။ အဆောက်အအုံ အတော်များများကို ပြန်လည်တည်ဆောက်ခဲ့ကြပြီး သိပ္ပံပညာရှင်များသည် ရှာဖွေတွေ့ရှိခဲ့ရာ အမြောက်အမြားကို လေ့လာ၍ ရှင်းပြခဲ့ကြပြီ။ သို့နှင့် တူရကီနိုင်ငံတွင် ဧဖက်မြို့သည် ကမ္ဘာလှည့်ခရီးသည်များအတွက် ရေပန်းအစားဆုံးနေရာတစ်ခု ဖြစ်လာလေသည်။
ဧဖက်မြို့အကြောင်း အဘယ်အရာ သိရှိခဲ့ကြပြီနည်း။ ထိုစိတ်ဝင်စားဖွယ် ရှေးမြို့တော်ကို ယနေ့ မည်သို့ရုပ်လုံးဖော်နိုင်သနည်း။ ဩစတြီးယားနိုင်ငံ၊ ဗီယဲန်နာမြို့တော်ရှိ အက်ဖီးစပ်စ်ပြတိုက်နှင့် ဧဖက်မြို့အပျက်အယွင်းများကို သွားလည်ပတ်ကြည့်ရှုခြင်းဖြင့် စစ်မှန်သောဝတ်ပြုရေးနှင့် အယူမှားဘာသာတို့ ဧဖက်မြို့တွင် ထိပ်တိုက်တွေ့ခဲ့ကြပုံကို ကျွန်ုပ်တို့ သဘောပေါက်ပါလိမ့်မည်။ ဦးဆုံးအနေနှင့်၊ နောက်ခံတချို့ကို သုံးသပ်ကြည့်ကြစို့။
မက်မောဖွယ်ကောင်းသည့် နေရာ
ဘီ.စီ.အီး. ၁၁ ရာစုအတွင်း ယူရေးရှားတွင် မငြိမ်မသက်ဖြစ်မှုနှင့် အရပ်ဒေသရွှေ့ပြောင်းမှုတို့ ဖြစ်ခဲ့သည်။ ထိုအချိန်က အိုင်အိုးနီးယန်းဂရိများသည် အာရှမိုင်းနား အနောက်ဘက်ကမ်းရိုးတန်းသို့ စတင်နယ်ချဲ့ခဲ့ကြသည်။ အဆိုပါအစောပိုင်း အခြေချနေထိုင်သူများသည် ဧဖက်မြို့၏ မျိုးပွားနတ်ဘုရားမအာတေမိဟူ၍ နောက်ပိုင်းတွင် ကျော်ကြားလာမည့် မယ်တော်နတ်ဘုရားမအား ကိုးကွယ်ဝတ်ပြုသူတို့နှင့် တွေ့ဆုံမိကြ၏။
ဘီ.စီ.အီး. ခုနစ်ရာစုအလယ်ပိုင်းတွင် ခြေသလုံးအိမ်တိုင် ဆီမီးရီးယန်းတို့သည် အာရှမိုင်းနားကို လုယူသိမ်းပိုက်ရန် မြောက်ဘက်ရှိ ပင်လယ်နက်မှ ရောက်လာခဲ့ကြသည်။ ၎င်းနောက်ပိုင်း ဘီ.စီ.အီး. ၅၅၀ ခန့်တွင် စည်းစိမ်ဥစ္စာအလွန်ကြွယ်ဝသဖြင့် နာမည်ကျော်ကြားသော အုပ်စိုးရှင်တစ်ဦးဖြစ်သူ လစ်ဒီယာဘုရင် ခရိုအက်စပ်စ် ပေါ်ပေါက်လာသည်။ ပါရှန်းအင်ပါယာ တိုးချဲ့လာသည့်အခါ ကုရုဘုရင်သည် ဧဖက်မြို့အပါအဝင် အိုင်အိုးနီးယန်းမြို့များစွာကို သိမ်းပိုက်လိုက်လေသည်။
ဘီ.စီ.အီး. ၃၃၄ ခုနှစ်တွင် မက်စီဒိုးနီးယားဘုရင် အလက်ဇန္ဒြားသည် ပါရှန်းစစ်ဆင်ရေးကင်ပိန်းကို အစပြုလိုက်ရာ ဧဖက်မြို့၏ အုပ်စိုးရှင်အသစ်ဖြစ်လာလေသည်။ ဘီ.စီ.အီး. ၃၂၃ ခုနှစ်တွင် အလက်ဇန္ဒြားသည် အချိန်မတန်ဘဲသေဆုံးသွားပြီးနောက် သူ၏ဗိုလ်ချုပ်များ အာဏာလုကြရာ ဧဖက်မြို့ကိုပါ လုခဲ့ကြ၏။ ဘီ.စီ.အီး. ၁၃၃ ခုနှစ်တွင် ပေရဂံမြို့၏ သားသမီးမရှိသည့် တတိယမြောက်ဘုရင် အက်တာလပ်စ်သည် ဧဖက်မြို့ကို ရောမလူမျိုးများအား ပေးဆက်ခဲ့ရာ ၎င်းသည် အာရှနယ်၊ ရောမခရိုင်၏ အစိတ်အပိုင်းဖြစ်လာလေသည်။
စစ်မှန်သောဝတ်ပြုရေးနှင့် အယူမှားဝါဒ ထိပ်တိုက်တွေ့
စီ.အီး. ပထမရာစုတွင် တမန်တော်ပေါလုသည် မိမိ၏ ဒုတိယမြောက် ခရစ်ယာန်သာသနာပြုခရီးစဉ် အဆုံးတွင် ဧဖက်မြို့သို့ရောက်လာသောအခါ မြို့သူမြို့သား ၃၀၀,၀၀၀ ခန့်ရှိသည်ကို တွေ့လိုက်ရသည်။ (တမန်တော် ၁၈:၁၉-၂၁) တတိယမြောက် ခရစ်ယာန်သာသနာပြုခရီးစဉ်တွင် ဧဖက်မြို့သို့ ပေါလုပြန်ရောက်လာပြီး ဘုရားသခင့်နိုင်ငံတော်အကြောင်းကို တရားဇရပ်တွင် အားအင်အပြည့် ရဲရဲဝံ့ဝံ့ ဟောပြောခဲ့၏။ သို့သော် သုံးလအကြာတွင် ဂျူးများ အပြင်းအထန် ဆန့်ကျင်လာကြသဖြင့် ပေါလုသည် တုရန္နု၏စာသင်ဇရပ်တွင် နေ့စဉ်နေ့တိုင်း ဟောပြောခဲ့လေသည်။ (တမန်တော် ၁၉:၁၊ ၈၊ ၉၊ ၁၀) သူ၏ဟောပြောခြင်းလုပ်ငန်းကို နှစ်နှစ်တိုင် ဆောင်ရွက်ခဲ့စဉ် အံ့ဖွယ်နည်းဖြင့် ကုသပေးခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ပေးခြင်းအစရှိသည့် တန်ခိုးပါသည့်လုပ်ရပ်များကိုပါ ပြုလုပ်ခဲ့သည်။ (တမန်တော် ၁၉:၁၀-၁၇) သို့နှင့် လူအမြောက်အမြား ယုံကြည်သူများဖြစ်လာကြသည်မှာ အံ့ဩစရာမဟုတ်ပေ! ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် တိုးပွားအောင်မြင်လာခဲ့ရာ ယခင်က နတ်ဝိဇ္ဇာအတတ်ကို လိုက်စားခဲ့ကြသူ အတော်များများမှာ ၎င်းတို့၏ တန်ဖိုးကြီးစာအုပ်များကို တလိုတလား မီးရှို့ဖျက်ဆီးလိုက်ကြ၏။—တမန်တော် ၁၉:၁၉၊ ၂၀။
ပေါလု၏ အောင်မြင်လျက်ရှိသည့် ဟောပြောခြင်းလုပ်ငန်းသည် လူများစွာတို့အား နတ်ဘုရားမ အာတေမိဝတ်ပြုရေးကို စွန့်လွှတ်စေခဲ့သည်သာမက ယင်းအယူမှားဝတ်ပြုရေးကို အားပေးအားမြှောက်ပြုနေသူတို့၏ အမျက်ဒေါသကိုလည်း ဆွပေးရာရောက်ခဲ့သည်။ အာတေမိ၏ငွေဝတ်ကျောင်းငယ်များကို ပြုလုပ်ခြင်းသည် အကျိုးအမြတ်များသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်၏။ သူတို့၏လုပ်ငန်း ပျက်စီးသွားဖို့အကြောင်းရှိသည့်အတွက် ပန်းထိမ်သမားများကို ဒေမေတရိက ဆူပူအုံကြွကြရန် သွေးထိုးလှုံ့ဆော်ပေးလိုက်သည်။—တမန်တော် ၁၉:၂၃-၃၂။
ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် လူအုပ်ကြီးသည် “ဧဖက်လူတို့၏အာတေမိသည် ကြီးမြတ်တော်မူ၏” ဟု နှစ်နာရီခန့် တစ်သံတည်းဟစ်အော်ကြသည်အထိ ဖြစ်သွားခဲ့၏။ (တမန်တော် ၁၉:၃၄) ထိုရုန်းရင်းခတ်မှု ငြိမ်းသွားသောအခါ ပေါလုသည် ခရစ်ယာန်ချင်းများကို ပြန်အားပေးပြီးနောက် ခရီးဆက်ခဲ့သည်။ (တမန်တော် ၂၀:၁) မာကေဒေါနိပြည်သို့ သူထွက်ခွာသွားခဲ့သော်လည်း အာတေမိကိုးကွယ်မှု၏ ပျက်စီးကိန်းကို မရပ်တန့်သွားစေခဲ့ချေ။
အာတေမိဝတ်ကျောင်း ယိမ်းယိုင်လာ
အာတေမိကိုးကွယ်မှုသည် ဧဖက်မြို့တွင် အခိုင်အမာအမြစ်စွဲနေခဲ့၏။ ဘုရင်ခရိုအက်စပ်စ်ခေတ်မတိုင်မီက ထိုဒေသတွင် မယ်တော်နတ်ဘုရားမ စိုင်ဘီလီကို အဓိကကိုးကွယ်ခဲ့ကြသည်။ စိုင်ဘီလီသည် ဂရိနတ်ဘုရားများနှင့် ဆွေမျိုးတော်ဆက်သည်ဟု ဒဏ္ဍာရီဆန်ဆန်ပြောဆိုခြင်းအားဖြင့် ဂရိများရော ဂရိမဟုတ်သူများပါ လက်ခံနိုင်လောက်သည့် ဘာသာရေးပုံရိပ်တစ်ခုကို အတည်ပြုနိုင်ဖို့ ခရိုအက်စပ်စ် မျှော်လင့်ခဲ့သည်။ ဘီ.စီ.အီး. ခြောက်ရာစုအလယ်ပိုင်းတွင် သူ၏ကူညီပံ့ပိုးမှုဖြင့် စိုင်ဘီလီ၏အရိုက်အရာကိုဆက်ခံမည့် အာတေမိဝတ်ကျောင်းကို စတင်ဆောက်လုပ်ကြလေသည်။
အဆိုပါဝတ်ကျောင်းသည် ဂရိဗိသုကာပညာတွင် မှတ်တိုင်တစ်ခုဖြစ်ခဲ့၏။ ဤပုံစံ၊ ဤအရွယ်အစားရှိ အဆောက်အအုံကြီးကို ဆောက်လုပ်ရန် ဤမျှကြီးမားလှသည့် စကျင်ကျောက်တုံးများကို တစ်ခါမျှ အသုံးမပြုခဲ့ဖူးကြချေ။ သို့သော် ထိုဝတ်ကျောင်းသည် ဘီ.စီ.အီး. ၃၅၆ ခုနှစ်တွင် မီးလောင်ပျက်စီးသွားခဲ့၏။ ထပ်တူပင် ခံ့ညားထည်ဝါသည့် ပြန်လည်တည်ဆောက်ထားသော ဝတ်ကျောင်းသည် အလုပ်အကိုင်ဖန်တီးပေးသော အရေးကြီးရာတစ်ခုဖြစ်ကာ ဘုရားဖူးသူများ အဓိကသွားသည့်နေရာတစ်ခု ဖြစ်ခဲ့သည်။ ၂၃၉ ပေ ကျယ်ပြီး ၄၁၈ ပေ ရှည်လျားသည့် မျက်နှာပြင်မြင့်တစ်ခုပေါ်တွင် ဆောက်လုပ်ထားသည့် ပြန်လည်တည်ဆောက်ထားသော အဆိုပါဝတ်ကျောင်းသည် ၁၆၄ ပေ ခန့်ကျယ်ပြီး ၃၄၃ ပေ ခန့်ရှည်လျားသည်။ ယင်းကို ကမ္ဘာ့အံ့ဖွယ်ခုနစ်သွယ်အနက် တစ်ခုအဖြစ် သတ်မှတ်လိုက်ကြသည်။ သို့ရာတွင် လူတိုင်းက မကျေနပ်ကြချေ။ ဧဖက်မြို့မှ အတွေးအခေါ်ပညာရှင် ဟယ်ရာကလီးတပ်စ်က ၎င်းယဇ်ပလ္လင်၏အဝင်ဝကို ဆိုးရွားမှုမှောင်မိုက်နှင့် နှိုင်းယှဉ်ပြီး ထိုဝတ်ကျောင်း၏ကိုယ်ကျင့်တရားများမှာ တိရစ္ဆာန်များထက်ပင် ဆိုးညစ်သည်ဟု သတ်မှတ်ခဲ့၏။ သို့ရာတွင်၊ အများစုအတွက်မူ ဧဖက်မြို့ရှိ အာတေမိဝတ်ကျောင်းသည် ဘယ်တော့မျှ ယိုယွင်းပျက်စီးမည့်ဟန်မပေါ်ခဲ့ချေ။ ထိုသို့မဟုတ်ကြောင်း သမိုင်းက သက်သေထူခဲ့သည်။ အက်ဖီးစော့စ်—ဒါ နီအာ ဖရူးရာ (အက်ဖီးစပ်စ်—လမ်းညွှန်အသစ်) စာအုပ်က ဤသို့ဆိုသည်– “ဒုတိယရာစုနှစ်ရောက်သော် အာတေမိဝတ်ပြုမှုနှင့် အခြားနတ်ဘုရားများကို ဝတ်ပြုခြင်းသည် ရုတ်တရက် ထိုးကျသွားခဲ့လေသည်။”
စီ.အီး. တတိယရာစုတွင် ဧဖက်မြို့၌ မြေငလျင်အပြင်းအထန်လှုပ်ခဲ့၏။ ထို့အပြင်၊ အာတေမိဝတ်ကျောင်း၏ စွဲမက်ဖွယ်ဥစ္စာဓနများကို ပင်လယ်နက်မှရောက်လာကြသည့် ပင်လယ်ခရီးသွား ဂေါ့သ်များက လုယူသွားကြပြီးနောက် ဝတ်ကျောင်းကိုမူ မီးရှို့လိုက်ကြသည်။ အထက်ဖော်ပြပါစာအုပ်က ဤသို့ဆိုသည်– “အနိုင်ယူ အတိုက်ခံလိုက်ရကာ မိမိ၏ကွန်းခိုရာကိုပင် မကာကွယ်နိုင်ခဲ့သည့် အာတေမိကို မြို့၏ကာကွယ်ပေးရှင်ဟု မည်မျှကြာကြာ သတ်မှတ်နိုင်ပါမည်နည်း။”—ဆာလံ ၁၃၅:၁၅-၁၈။
နောက်ဆုံး စီ.အီး. လေးရာစုနှစ်နှောင်းပိုင်းတွင် ပထမမြောက် ဧကရာဇ် သီအိုဒိုးစီးယပ်စ်က “ခရစ်ယာန်ဘာသာ” ကို နိုင်ငံတော်ဘာသာအဖြစ် အတည်ပြုလိုက်သည်။ မကြာမီပင် တစ်ချိန်တစ်ခါက ဂုဏ်သတင်းကြီးခဲ့သော အာတေမိဝတ်ကျောင်း၏ ကျောက်နံရံ၊ ကျောက်တိုင်လုံးကြီးများသည် အိမ်ဆောက်ပစ္စည်းများအတွက် ကျောက်ကျင်းဘဝရောက်သွားသည်။ အာတေမိဝတ်ပြုရေးမှာ လုံးဝကွယ်ပျောက်သွားတော့၏။ ရှေးခေတ်က အံ့ဖွယ်တစ်ပါးအဖြစ် အဆိုပါဝတ်ကျောင်းကို ချီးမွမ်းစပ်ဆိုခဲ့သည့် ကဗျာတိုတစ်ပုဒ်ကို အမည်မဖော်သော အကဲခတ်သူတစ်ဦးက ဤသို့ဝေဖန်ပြောဆိုခဲ့၏– “ယခုအခါ ယင်းသည် လူသူကင်းမဲ့၍ စုတ်ချာသည့်အရပ်ဒေသ ဖြစ်နေလေပြီ။”
အာတေမိမှသည် “ဘုရားသခင်၏မယ်တော်” သို့
ပေါလုက မိမိမရှိတော့သည့်အခါ “ကြမ်းတမ်းသောဝံပုလွေများ” ပေါ်လာကြပြီး “မှောက်မှားသောစကားကို ပြောတတ်သော” လူတို့သည် ၎င်းတို့အထဲက ထွက်လာမည်ဟု ဧဖက်အသင်းတော်မှ အသက်ကြီးသူများကို သတိပေးခဲ့လေသည်။ (တမန်တော် ၂၀:၁၇၊ ၂၉၊ ၃၀) ထိုအတိုင်း ဖြစ်ပျက်ခဲ့၏။ မှားယွင်းသောဝတ်ပြုရေးသည် အယူဖောက်ပြန်သော ခရစ်ယာန်ဘာသာအသွင်ဖြင့် ဧဖက်မြို့တွင် ပျံ့နှံ့သွားခဲ့ကြောင်း ဖြစ်ရပ်များက ဖော်ပြသည်။
စီ.အီး. ၄၃၁ ခုနှစ်တွင် ဧဖက်မြို့သည် တတိယအကြိမ်မြောက် ဂိုဏ်းပေါင်းစုံပေါင်းစည်းရေးကောင်စီ ကျင်းပသည့်နေရာဖြစ်လာခဲ့သည်၊ ထိုတွင် ခရစ်တော်၏ဇာတိအကြောင်းကို ဆွေးနွေးခဲ့ကြ၏။ အက်ဖီးစော့စ်—ဒါ နီအီ ဖရူးရာစာအုပ်က ဤသို့ရှင်းပြသည်– “ခရစ်တော်သည် ဇာတိတစ်ခုတည်းသာဖြစ်သည်၊ တစ်နည်းဆိုသော် ဘုရားသခင်ဖြစ်သည်ဟု စွဲကိုင်ထားကြသည့် အလက်ဇန္ဒြီးယားမြို့သားများသည် အပြီးသတ်အောင်ပွဲဆင်ခဲ့ကြ၏။” ယင်းအကျိုးဆက်များမှာ ကျယ်ပြန့်လှသည်။ “ဧဖက်မြို့တွင် ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်သည် မာရိအား ခရစ်တော်ကို မွေးဖွားပေးသူအဖြစ်မှ ဘုရားသခင်ကို မွေးဖွားပေးသူအဖြစ်သို့ ချီးမြှောက်လိုက်ရာ မာရိကိုးကွယ်မှုအတွက် အခြေခံဖြစ်သွားသည်သာမက ချာ့ခ်ျအတွင်း ဦးဆုံးဂိုဏ်းကွဲမှုကြီးကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ . . . ထိုအချေအတင်ဆွေးနွေးမှုသည် ယနေ့ထိတိုင် တည်ရှိနေလေသည်။”
သို့နှင့်၊ စိုင်ဘီလီနှင့် အာတေမိတို့ကို ဝတ်ပြုမည့်အစား “ဘုရားသခင်ကိုမွေးဖွားပေးသူ” သို့မဟုတ် “နတ်ဘုရား၏မယ်တော်” ဖြစ်သော မာရိကို ဝတ်ပြုခဲ့ကြသည်။ အဆိုပါစာအုပ် ဖော်ပြသည့်အတိုင်း “ဧဖက်မြို့ရှိ မာရိကိုးကွယ်မှုသည် . . . ယနေ့ထက်တိုင် ရှင်သန်လျက်ရှိသည့် ထုံးတမ်းစဉ်လာတစ်ခုဖြစ်နေဆဲပင်၊ ယင်းကို အာတေမိဝတ်ပြုမှုနှင့် ခွဲခြားရှင်းပြ၍မရချေ။”
သမိုင်းအမှိုက်ပုံးထဲတွင်
အာတေမိကိုးကွယ်ဝတ်ပြုမှု ကျဆင်းသွားပြီးနောက် ဧဖက်မြို့လည်း ပျက်စီးသွားလေသည်။ မြေငလျင်လှုပ်ခြင်း၊ ငှက်ဖျားရောဂါနှင့် ဆိပ်ကမ်း တဖြည်းဖြည်း ကောလာခြင်းတို့ကြောင့် ထိုမြို့တွင် နေရထိုင်ရခက်ခဲလာသည်။
စီ.အီး. ခုနစ်ရာစုတိုင်လေသော် အစ္စလာမ်ဘာသာ စတင်ကျယ်ပြန့်လာခဲ့သည်။ ထိုဘာသာသည် အာရပ်လူမျိုးများကိုသာ စုစည်းဖို့ ကြိုးစားသည်မဟုတ်ပေ။ စီ.အီး. ခုနစ်ရာစုနှင့် ရှစ်ရာစုတစ်လျှောက်လုံး ဧဖက်မြို့ကို အာရပ်ရေတပ်က တိုက်ခိုက်လုယက်ခဲ့၏။ ဆိပ်ကမ်းလုံးလုံးကောသွားပြီး ဧဖက်မြို့မှာ အပျက်အယွင်းပုံကြီးဖြစ်သွားသောအခါ ၎င်းမြို့၏အပြီးသတ်ဖြစ်ရပ်ကို အဆုံးအဖြတ်ပေးလိုက်သည်။ တစ်ချိန်က စည်ကားသိုက်မြိုက်ခဲ့သော ထိုမြို့ကြီးမှာ အေရေ ဆိုလုခ် (ယခု စဲလ်ချွတ်ခ်) အမည်ရှိ ကျေးရွာလေးသာ ကျန်ရှိတော့သည်။
ဧဖက်မြို့ အပျက်အယွင်းများကြား ခြေကျင်ဖြတ်သန်းသွား
ဧဖက်မြို့၏ ယခင်ခမ်းနားထည်ဝါမှုကို သိရှိနားလည်ရန် ယင်း၏အပျက်အယွင်းများသို့ သွားလည်ပတ်ကြည့်ရှုနိုင်ပါသည်။ အထက်ဝင်ပေါက်မှ အစပြု၍ လည်ပတ်ကြည့်ရှုမည်ဆိုလျှင် ဆဲလ်စပ်စ်စာကြည့်တိုက်သို့ဆင်းသွားသော ကယူရေးတပ်စ်လမ်းမကြီး၏ ခမ်းနားသည့်မြင်ကွင်းကို ချက်ချင်းမြင်ရပေမည်။ လမ်းမကြီး၏ညာဘက်တွင် စီ.အီး. ဒုတိယရာစုနှစ်က ဆောက်လုပ်ခဲ့သည့် အိုဒီရမ်ဇာတ်ရုံလေးတစ်ရုံက သင်၏အာရုံကို ဖမ်းစားပါလိမ့်မည်။ ထိုင်ခုံအလုံးပေါင်း ၁,၅၀၀ ခန့်ဆံ့သည့် အဆိုပါဇာတ်ရုံလေးကို အစည်းအဝေးခန်းမကြီးတစ်ခုအဖြစ်သာမက လူထုဖျော်ဖြေရေးအတွက်ပါ အသုံးပြုခဲ့ပုံရသည်။ ကယူရေးတပ်စ်လမ်းမကြီး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် တိုင်းရေးပြည်ရေးကိစ္စများ ဆွေးနွေးခဲ့ကြသည့် ပြည်သူ့အက်ဂရာဈေး၊ ဟေဒရီယန်ဝတ်ကျောင်း၊ ပြည်သူပိုင်ရေပန်းများနှင့် အထင်ကရဧဖက်မြို့သားများ နေထိုင်သည့် တောင်ကုန်းလှေကားထစ် အိမ်ကြီးများအစရှိသည့် အဆောက်အအုံများ ရှိကြသည်။
စီ.အီး. ဒုတိယရာစုတွင် ဆောက်လုပ်ခဲ့သော ကြီးကျယ်ခမ်းနားသည့် ဆဲလ်စပ်စ်စာကြည့်တိုက်၏ သားနားလှပမှုက စွဲမှတ်စရာဖြစ်သွားပါလိမ့်မည်။ ၎င်းရှိစာလိပ်ပေါင်းများစွာတို့ကို စာကြည့်ခန်းကြီးတစ်ခုရှိ နံရံကလိုင်ပေါက်များတွင် စီထားသည်။ ကြီးကျယ်ခမ်းနားသော အဆောက်အအုံမျက်နှာစာရှိ ကျောက်ရုပ်လေးခုက ဆဲလ်စပ်စ်ကဲ့သို့သော ထိပ်တန်းရောမမင်းမှုထမ်း၏ စံအရည်အသွေးများဟုထင်ရသည့် ဆိုဖီယာ (ဉာဏ်ပညာ)၊ အေရတ်တီ (ကောင်းမြတ်မှု)၊ အဲန်အီယာ (ဆည်းကပ်ဝတ်ပြုမှု) နှင့် အက်ပီစတီမီ (အသိပညာ သို့မဟုတ် သိနားလည်မှု) တို့ကို သရုပ်ဖော်ပေးသည်။ နဂိုကျောက်ရုပ်များကို ဗီယဲန်နာမြို့ရှိ အက်ဖီးစပ်စ်ပြတိုက်တွင် တွေ့နိုင်ပါသည်။ ထိုစာကြည့်တိုက်၏ မျက်နှာစာနှင့်ကပ်လျက်ရှိ အထိမ်းအမှတ်တံခါးပေါက်ကြီးမှ တက်ထရာဂိုနော့စ် အက်ဂရာဈေးသို့ ရောက်သွားစေသည်။ ဤဧရာမရင်ပြင်ပတ်ပတ်လည်ရှိစင်္ကြံ၏ အမိုးအောက်တွင် လူတို့သည် ပုံမှန်စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။
ထို့နောက် ကဇာတ်ရုံကြီးသို့သွားသည့် စကျင်ကျောက်ခင်းလမ်းမကြီးပေါ် ရောက်သွားပါမည်။ ရောမအင်ပါယာခေတ်တွင် နောက်ဆုံးတိုးချဲ့ဆောက်လုပ်လိုက်ရာ ထိုကဇာတ်ရုံကြီးတွင် ပွဲကြည့်ပရိသတ် ၂၅,၀၀၀ ဆံ့သည်။ ယင်း၏မျက်နှာစာကို တိုင်လုံးကြီးများ၊ ရုပ်လုံးရုပ်ကြွများနှင့် ကျောက်ရုပ်များဖြင့် အတိုင်းထက်အလွန် တန်ဆာဆင်ထား၏။ ထိုနေရာတွင် ငွေပန်းထိမ်သမား ဒေမေတရိကြောင့် အကြီးအကျယ် ရုန်းရင်းခတ်မှုဖြစ်ခဲ့သည်ကို ကွင်းကွင်းကွက်ကွက် မြင်ယောင်နိုင်ပါသည်။
ကဇာတ်ရုံကြီးမှ မြို့ဆိပ်ကမ်းအထိ ရှည်လျားသည့် အဆိုပါလမ်းမကြီးမှာ ထည်ဝါလှ၏။ ပေပေါင်း ၁,၇၀၀ ခန့်ရှည်လျားပြီး ၃၆ ပေကျယ်ကာ တစ်ဖက်တစ်ချက်စီတွင် တိုင်လုံးကြီးများဖြင့် ဆင်ယင်ထားသည်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ရန်အတွက် ဆောက်လုပ်ထားသည့် ကဇာတ်ရုံ အားကစားရုံနှင့် ဆိပ်ကမ်းအားကစားရုံတို့လည်း ဤလမ်းမကြီးပေါ်တွင်ရှိသည်။ ဤလမ်းမကြီးအဆုံး၌ရှိသည့် စွဲမက်ဖွယ်ဆိပ်ကမ်းတံခါးပေါက်သည် ကမ္ဘာလောကသို့သွားရာ တံခါးဝဖြစ်သည်။ ဤတွင် ကမ္ဘာ့စွဲမက်စရာအကောင်းဆုံး အပျက်အယွင်းအချို့သို့ လည်ပတ်ကြည့်ရှုခြင်း ပြီးဆုံးသွားလေသည်။ ဗီယဲန်နာမြို့ရှိ အက်ဖီးစပ်စ်ပြတိုက်သည် ဤသမိုင်းဝင်မြို့တော်ကြီး၏ ပုံစံငယ်နှင့် များပြားလှသည့် အထိမ်းအမှတ်များ ထားရှိရာနေရာဖြစ်သည်။
ဤပြတိုက်ထဲ လည်ပတ်ကြည့်ရှုပြီး ဧဖက်မြို့၏ အာတေမိကျောက်ရုပ်ကို တွေ့လိုက်ရသောအခါ ဧဖက်မြို့ရှိ အစောပိုင်းခရစ်ယာန်များ၏ ခံနိုင်ရည်ကို မစဉ်းစားဘဲမနေနိုင်ပေ။ နတ်ဆိုးအတတ်ပညာ ပြည့်နှက်နေပြီး ဘာသာရေးစိတ်စွန်းကွက်မှု၏ လှည့်စားမှုကိုခံနေရသည့် မြို့တွင် သူတို့နေထိုင်ခဲ့ကြရ၏။ အာတေမိဝတ်ပြုသူတို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို ခါးသီးစွာဆန့်ကျင်ခဲ့ကြသည်။ (တမန်တော် ၁၉:၁၉; ဧဖက် ၆:၁၂; ဗျာ. ၂:၁-၃) ထိုခက်ခဲသည့်ဝန်းကျင်တွင် စစ်မှန်သောဝတ်ပြုရေး အမြစ်တွယ်ခဲ့လေသည်။ ရှေးခေတ်အာတေမိဝတ်ပြုရေး အဆုံးတိုင်ခဲ့သကဲ့သို့ ကျွန်ုပ်တို့ခေတ်ရှိ မှားယွင်းသောဘာသာရေး အဆုံးတိုင်သည့်အခါ စစ်မှန်သောဘုရားသခင်အား ဝတ်ပြုမှုသည်လည်း စိုးမိုးလာမည်။—ဗျာ. ၁၈:၄-၈။
[စာမျက်နှာ ၂၆ ပါ မြေပုံ/ ရုပ်ပုံ]
(ကားချက်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
မက်စီဒိုးနီးယား
ပင်လယ်နက်
အာရှ မိုင်းနား
ဧဖက်
မြေထဲပင်လယ်
အီဂျစ်
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
အာတေမိ ဝတ်ကျောင်း ၏ အပျက် အယွင်းများ
[စာမျက်နှာ ၂၈၊ ၂၉ ပါ ရုပ်ပုံ]
၁။ ဆဲလ်စပ်စ်စာကြည့်တိုက်
၂။ အာရတ်တီ၏ အနီးကပ် မြင်ကွင်း
၃။ ကဇာတ်ရုံကြီးသို့သွားသည့် စကျင်ကျောက်ခင်းလမ်းမကြီး