မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုခရစ်ကို မည်သို့သတိရအောက်မေ့သင့်သနည်း

ယေရှုခရစ်ကို မည်သို့သတိရအောက်မေ့သင့်သနည်း

ယေရှု​ခရစ်​ကို မည်သို့​သတိရအောက်မေ့​သင့်​သနည်း

ယေရှု​ခရစ်​သည် “အသက်ရှင်ခဲ့သမျှ​တွင် လူ​တို့ကို အမှန်ပင် ဩဇာ​အ​လွှမ်း​နိုင်​ဆုံး​သူ​တစ်ဦး​ဖြစ်သည်။”—“ကမ္ဘာ့​စာအုပ်​စွယ်စုံ​ကျမ်း။”

ကမ္ဘာ​ကျော်​ပုဂ္ဂိုလ်​ကြီး​များသည် သူတို့​ပြုလုပ်​ခဲ့​ရာ​များ​အတွက် အောက်မေ့​ခံ​ရလေ့​ရှိသည်။ သို့​ဖြစ်​လျှင် ယေရှု၏​လုပ်ဆောင်ချက်များ​ထက် ကိုယ်တော်​၏​ဖွားမြင်ခြင်း​ကို အဘယ်ကြောင့် ပို​၍​အောက်မေ့​ကြ​သနည်း။ ခရစ်ယာန်ဘောင်​ရှိ လူအများသည် ကိုယ်တော်​ဖွားမြင်ချိန်​ဝန်းကျင် ဖြစ်ရပ်​များ​ကို ပြန်​ပြောပြ​နိုင်​ကြသည်။ တောင်ပေါ်​တရားတော်​ပါ ကိုယ်တော်​၏​သာလွန်​ထူးကဲ​သော သွန်သင်ချက်​ကို ပြန်သတိရ​ပြီး လက်တွေ့​ကြိုးစား​ကျင့်သုံး​သူ မည်မျှ​ရှိ​သနည်း။

ယေရှု​ဖွားမြင်ပုံ​သည် မှတ်သားလောက်ဖွယ်​ကောင်း​သည် မှန်​သော်လည်း ကိုယ်တော်​၏​အစောပိုင်း​တပည့်​များသည် ကိုယ်တော်​ပြုလုပ်​ခဲ့​ရာ​များနှင့် သွန်သင်​ခဲ့​ရာ​များ​ကို ပို​၍​အလေးထား​ခဲ့​ကြသည်။ ခရစ်တော်​ဖွားမြင်မှု​က ကိုယ်တော်​၏​လူကြီး​ဘဝကို မှု​န်​ဝါး​သွား​စေဖို့ ဘုရားသခင် တစ်ခါမျှ​မရည်ရွယ်ခဲ့​ပါ။ သို့​တိုင် ခရစ္စမတ်​သည် ခရစ်တော်​ကို သူငယ်​တော်​ဖွားမြင်ခြင်း​ဆိုင်ရာ ရှေး​ရိုး​စဉ်​လာပုံ​ပြင်​နွံထဲ နစ်​မြုပ်​ထား​လေ​ပြီ။

ခရစ္စမတ်​ကျင်းပ​ပုံ​များနှင့်​ပတ်သက်​၍ စိတ်​အနှောင့်အယှက်​ဖြစ်စရာ နောက်ထပ်​မေးခွန်း​တစ်ခုပေါ်​လာ​ပါ​သည်။ ယနေ့ မြေကြီးပေါ်​သို့ ယေရှု​ပြန်​ကြွလာ​ခဲ့​သော် ခရစ္စမတ်​ကို ဗြောင်ကျကျ စီးပွားရေး​အမြတ်​ထုတ်​နေခြင်း​အား ကိုယ်တော်​မည်သို့ သဘောထား​မည်​နည်း။ လွန်ခဲ့သော​အနှစ် နှစ်ထောင်​က ယေရှုသည် ယေရုရှလင်​မြို့ရှိ ဝတ်ပြုရာ​အိမ်တော်​သို့ သွားရောက်​ခဲ့​သည်။ ဂျူး​ဘာသာရေးပွဲ​တော်​ကို အခွင့်ကောင်း​ယူပြီး အမြတ်​ထုတ်​နေကြ​သော ငွေ​လဲလှယ်​သူများ​နှင့် ဈေးသည်​များ​ကို ကိုယ်တော်​အလွန်​အမျက်ထွက်​ခဲ့​သည်။ “ဤ​ဥစ္စာ​ကို​ယူသွား​ကြ။ ငါ့​အဘ​၏​အိမ်တော်ကို ဈေး​ရုံ​မလုပ်ကြနှင့်” ဟု​ကိုယ်တော်​မိန့်တော်မူ​ခဲ့​သည်။ (ယောဟန် ၂:၁၃-၁၆သမ္မာ) စီးပွားရေး​နှင့် ဘာသာရေး​ရောနှောခြင်း​ကို ယေရှု​မနှစ်သက်​ကြောင်း ထင်ရှား​ပါ​သည်။

စပိန်​နိုင်ငံ​ရှိ စိတ်ရင်းမှန်​သူ . . . တို့သည် ခရစ္စမတ်​ပွဲ​ကို စီးပွားရေး​ဆန်​ဆန် အမြတ်​ထုတ်​မှု​တိုးလာ​ခြင်း​အား စိုးရိမ်မကင်း​ဖြစ်​မိ​ကြောင်း ဖော်ပြ​ကြသည်။ သို့​တိုင် ခရစ္စမတ်​ထုံးစံ​များ​၏​ဇာစ်​မြစ်များ​ကို​ထောက်၍ စီးပွားရေး​အမြတ်​ထုတ်​မှု ခေတ်​ရေစီးကြောင်း​ကို ရှောင်လွှဲ​၍​မရနိုင်​ပါ။ သတင်းစာ​ဆရာ ဝှမ် အဲ​ရီ​စ်​က ဤသို့​ထောက်ပြ​သည်– “ခရစ္စမတ်​သည် ‘အယူမှား​ပုံစံ’ ထွက်​ကာ ဘာသာရေး​ထက် အပျော်အပါး​နှင့် များများ​ထုတ်​များများ​သုံး​ဝါဒ​တို့​ဘက် ပို​၍​အလေးထား​လာပုံ​ကို အပြစ်​မြင်​ဝေဖန်​ကြသော ခရစ်ယာန်​ဘာသာဝင်​များသည် သူငယ်​တော်​ဖွားမြင်​ခန်း​ပြကွက်​၏ ရင်းမြစ်ကို​က . . . ရောမတို့​၏ [နေနတ်​ဘုရား] ပွဲတော်​၏​သွင်ပြင်​များစွာ ပေါင်းစပ်​ပါဝင်​ကြောင်း အများအားဖြင့် မသိကြ​ချေ။”—အဲလ် ပိုင်းရက်စ်၊ ဒီဇင်ဘာ ၂၄၊ ၂၀၀၁။

မကြာသေးမီ​နှစ်များ​တွင် အယူမှား​ဇာစ်​မြစ်များ​မှ ဆင်းသက်လာ​သော​ထုံးတမ်း​စဉ်​လာ ခရစ္စမတ်​ပွဲ​များနှင့်​ယင်း​၏ စီးပွားရေး​ဂယက်​များ​ကို စပိန်​နိုင်ငံ​မှ သတင်းစာ​ဆရာများ​နှင့် စွယ်စုံ​ကျမ်း​များစွာ​တို့​က ဝေဖန်​ခဲ့​ကြပြီ။ ခရစ္စမတ်​ပွဲ​များ​ကျင်းပ​သည့် နေ့စွဲ​နှင့်​ပတ်သက်​၍ အင်​စီ​ကလို​ပေ​ဒီ​ယာ ဒဲ့ လာ ရေ​လီဂျင် ကာ​တို​လီ​ကာ​က ဤသို့ ပွင့်ပွင့်လင်းလင်း​ဖော်ပြ​သည်– “ရောမ​ချာ့ခ်ျ​သည် အယူမှား​ပွဲ​များ​ကို ခရစ်ယာန်​ပွဲတော်​များနှင့် အစားထိုး​လို​သဖြင့် ၎င်း​နေ့ကို ခရစ္စမတ်​ပွဲနေ့​အဖြစ် သတ်မှတ်​ရန် ဆုံးဖြတ်​ခဲ့​ပုံ​ရသည်။ . . . ထို​အချိန်တွင် ရောမ​နိုင်ငံ​ရှိ အယူမှား​သူတို့သည် ဒီဇင်ဘာ ၂၅ ရက်ကို ‘မ​ရှုံးနိမ့်​နိုင်သော​နေ​မင်း’ ၏​မွေးနေ့​ဖြစ်သည့် နား​တာ​လီစ် အင်​န်ဝီခ်​တီ​ပွဲနေ့​အဖြစ် သီးသန့်​ထား​ကြောင်း ကျွန်ုပ်​တို့​သိ​ကြသည်။”

အင်​စီ​ကလို​ပေ​ဒီ​ယာ ဟ​စ္စ​ပဲ​န်​နစ်​ကာ​က​လည်း အလားတူ​မှတ်ချက်ချ​သည်– “ခရစ္စမတ်​ပွဲ​ကျင်းပ​သည့် ဒီဇင်ဘာ ၂၅ ရက်​သည် နှစ်​ရက်​စဉ်​အရ တိကျ​စွာ​တွက်ချက်​ပြီး​ရရှိ​လာ​သည့် ရက်စွဲ​မဟုတ်ဘဲ ရောမမြို့​တွင် ကျင်းပ​သော ဆောင်း​ယ​ဉ်​စွန်း​ကာလ ပွဲတော်​များ​ကို ခရစ်ယာန်​မှု​ပြု​ထားခြင်း​သာ​ဖြစ်သည်။” ရောမ​လူမျိုး​တို့သည် ဆောင်း​ရာသီ​ကောင်းကင်ပြင်​တွင် သူ​ရိယ​နေ​မင်း​ပေါ်ထွက်​ခြင်း​ပွဲ​ကို မည်သို့​ကျင်းပ​ခဲ့​ကြ​သနည်း။ မြူးထူး​ပျော်ရွှင်​ခြင်း၊ သောက်​စား​ပျော်ပါး​ခြင်း​နှင့် လက်ဆောင်​များ​ဖလှယ်​ခြင်း​တို့​ဖြင့်​ဖြစ်သည်။ ချာ့ခ်ျ​အာဏာပိုင်​များသည် ရေပန်းစား​သော အဆိုပါ​ပွဲ​ကို ဖျက်သိမ်း​လို​စိတ်​မရှိသော​ကြောင့် နေ​၏​မွေးနေ့​အစား ယေရှု၏​မွေးနေ့​ဟု ကင်း​ပွန်း​တပ်​ကာ “ခရစ်ယာန်​မှု​ပြု” လိုက်​ကြသည်။

အစပိုင်း​ဖြစ်သော စတုတ္ထ​ရာစု​နှင့် ပ​ဉ္စ​မ​ရာစု​တို့​တွင် နေ​ကိုးကွယ်​မှု​နှင့် ယင်း​၏​ထုံးစံ​ဟောင်း​များ​ကို အရိုးစွဲ​နေခဲ့​သည်။ နေကို​ဂုဏ်ပြု​သည့်​အနေ​နှင့်​ကျင်းပ​ခဲ့​ကြသော အယူမှား​သူများ​နည်းတူ ဒီဇင်ဘာ ၂၅ ကို​မ​ကျင်းပ​ဖို့ ယုံကြည်သူချင်း​များ​အား တိုက်တွန်း​ဖို့​တာဝန်​ရှိသည်​ဟု . . . “စိန့်” ဩ​ဂတ်​စ​တင်း (စီ.အီး. ၃၅၄-၄၃၀) ယူမှတ်ခဲ့​သည်။ ယနေ့​ပင်​လျှင် ရှေးခေတ်​ရောမ​ပွဲတော်​များသည် အသာစီး​ရ​နေ​ပုံ​ရှိသည်။

ပျော်ပွဲရွှင်ပွဲ​နှင့် ရောင်းဝယ်​ဖောက်​ကား​ခြင်း​တွင် စံတင်​လောက်​သော​ပွဲ

ရာစုနှစ်များ​တစ်လျှောက် ခရစ္စမတ်​ကို ရေပန်း​အစား​ဆုံး​ပွဲ​အဖြစ်၊ ပျော်ပွဲရွှင်ပွဲ​နှင့် ရောင်းဝယ်​ဖောက်​ကား​ခြင်း​အတွက် နိုင်ငံတကာ​ကျင်းပ​သည့်​ပွဲ​အဖြစ်သို့ ပုံသွင်း​ရာ​တွင် အဓိကကျ​သော​အပိုင်း​မှ​ပါဝင်​ခဲ့​သော အကြောင်းရင်း​များစွာ​ရှိသည်။ ထို့​ပြင် အခြား​ဆောင်း​ရာသီ ပွဲတော်​များ​၏ ဓလေ့​ထုံးစံ​များ၊ အထူးသဖြင့် ဥရောပ​မြောက်ပိုင်း​ပွဲတော်​များသည် တဖြည်းဖြည်း​နှင့် ရောမ​ပုံစံ​ထွက်​လာ​သည်။ * ၂၀ ရာစု​ရောက်​သော် အရောင်း​စာရေး​များနှင့် ဈေးကွက်​ကျွမ်းကျင်​သူများ​သည် အမြတ်​များများ​ထွက်​မည့် မည်သည့်​ဓလေ့​ထုံးစံ​မျိုးကို​မဆို စိတ်ရောကိုယ်ပါ အားပေး​အား​မြှောက်​ပြု​ခဲ့​ကြသည်။

အဘယ်​ရလဒ်​ရခဲ့​ပြီ​နည်း။ ခရစ်တော်​ဖွားမြင်ခြင်း​အရေးပါမှု​ထက် ကိုယ်တော့်​မွေးနေ့​ကျင်းပ​ခြင်း​သည် အရေးအပါဆုံး​ဖြစ်လာ​လေ​ပြီ။ အများအားဖြင့် ထုံးတမ်း​စဉ်​လာ​ခရစ္စမတ်​ပွဲ​တွင် ခရစ်တော်​အကြောင်း ပြော​ကြ​ဆို​ကြ​ခြင်း​ပင် မရှိတော့​သလော​က်​ဖြစ်နေ​ပြီ။ “[ခရစ္စမတ်​ပွဲ] သည် ကမ္ဘာ့​ပွဲတော်၊ မိသားစု​ပွဲတော်​ဖြစ်​ပြီး လူတိုင်း ကိုယ့်​နည်း​ကိုယ့်​ဟန်​ဖြင့် ကျင်းပ​ကြ​သည့်​ပွဲ​တစ်ခု​ဖြစ်သည်” ဟု​စပိန်​သတင်းစာ အဲလ် ပိုင်းရက်စ်​က​ဆို​၏။

စပိန်​နိုင်ငံ​နှင့် ကမ္ဘာ​တစ်​လွှား​ရှိ အခြား​နိုင်ငံ​များ​တွင် ထွန်းကား​လာသော ခေတ်​ရေစီးကြောင်း​ကို ၎င်း​မှတ်ချက်​က ထင်ဟပ်ပြ​သည်။ ခရစ္စမတ်​ပွဲ​များသည် သာ၍​ခမ်းနား​ကြီးကျယ်​လာ​သော်လည်း ခရစ်တော်​နှင့်​ဆိုင်သော​အသိပညာ​မူ လျော့နည်းလာ​လေ​သည်။ အချုပ်​ဆို​ရ​သော် ခရစ္စမတ်​ပွဲလမ်းသဘင်​များသည် မြစ်ဖျားခံ​ရာ ရောမ​ခေတ် မြူးထူး​ပျော်ရွှင်​ခြင်း၊ သောက်​စား​ပျော်ပါး​ခြင်း​နှင့် လက်ဆောင်​များ​ဖလှယ်​ခြင်း ဒုံရင်း​သို့ ပြန်ရောက်​သွား​လေ​ပြီ။

ငါ​တို့​အဖို့ သူငယ်​ကို​ဖွားမြင်​၏

ထုံးတမ်း​စဉ်​လာ​ခရစ္စမတ်​ပွဲ​သည် ခရစ်တော်​နှင့် မည်သို့​မျှ​ပတ်သက်မှု​မ​ရှိလျှင် စစ်မှန်သော​ခရစ်ယာန်​များသည် ခရစ်တော်​ဖွားမြင်ခြင်း​နှင့် ကိုယ်တော်​၏​ဘဝ​အသက်တာကို မည်သို့​သတိရအောက်မေ့​အပ်​သနည်း။ ယေရှု​မ​ဖွားမြင်​မီ အနှစ်​ခု​နစ်​ရာ​ခန့်​က ကိုယ်တော်​နှင့်​ပတ်သက်​၍ ဟေရှာယ​ဤသို့​ပရောဖက်ပြု​ခဲ့​သည်– “ငါ​တို့အား သူငယ်​ကို ဖွားမြင်​၏။ ငါ​တို့အား သားကို သနားတော်မူ​၏။ ထို​သူသည် အာဏာစက်​ကို ထမ်းဆောင်​လိမ့်​မည်။” (ဟေရှာယ ၉:၆သမ္မာ) ယေရှု၏​ဖွားမြင်ခြင်း​နှင့် နောက်ဆက်တွဲ​အခန်းကဏ္ဍ​သည် အလွန်​အရေးပါ​မည်​ဟု ဟေရှာယ အဘယ်ကြောင့်​ဖော်ပြ​ခဲ့​သနည်း။ ယေရှုသည် တန်ခိုး​ကြီးသော​အုပ်စိုးရှင်​ဖြစ်လာ​မည်​ဖြစ်သော​ကြောင့်​တည်း။ ကိုယ်တော်​အား ငြိမ်သက်ခြင်း​မင်းသား​ဟု​ခေါ်ဆို​ပြီး ငြိမ်သက်ခြင်း သို့​မဟုတ် ကိုယ်တော်​၏​အာဏာတော်​သည် အဆုံးမရှိ​ဖြစ်ပါ​လိမ့်​မည်။ ထို့​ပြင် ယေရှု၏​အုပ်ချုပ်မှု​သည် “တရား​စောင့်​ခြင်း​နှင့် ဖြောင့်မတ်ခြင်း​ဖြင့်” အမြဲ​တည်​ပါ​လိမ့်​မည်။—ဟေရှာယ ၉:၇

ကောင်းကင်တမန်​ဂါဗြေလ​သည် ယေရှု​ဖွားမြင်​မည့်​အကြောင်း မာရိ​ကို​အသိပေး​စဉ်​က ဟေရှာယ​၏​ကြေညာ​ချက်​ကို သံယောင်လိုက်​ခဲ့​သည်။ “ထို​သား​သည်​ကား၊ ကြီးမြတ်သော​သူ​ဖြစ်​လိမ့်​မည်။ အမြင့်ဆုံး​သော​ဘုရား[သခင်]၏​သားတော်​ဟု ခေါ်ဝေါ်​သမုတ်ခြင်း​ကို​ခံရ​လိမ့်​မည်။ သူ့​အဘ​ဒါဝိဒ်​၏​ရာဇ​ပလ္လင်​ကို ထာဝရ​အရှင်​ဘုရားသခင်​သည် သူ့​အားပေး​တော်​မူ​မည်။ ထို​သူသည်​လည်း ယာကုပ်​အမျိုးအနွယ်​ကို အစဉ်မပြတ်​အုပ်စိုး​လိမ့်​မည်။ သူ၏​နိုင်ငံ​သည်လည်း ဆုံး​ခြင်း​မရှိ​ရ” ဟု​သူ​ကြိုပြော​ခဲ့​သည်။ (လုကာ ၁:၃၂၊ ၃၃) ယေရှု​ဖွားမြင်မှု အရေးပါ​ရသည့် အဓိက​အကြောင်း​သည် ဘုရားသခင့်​နိုင်ငံတော်​၏ ခန့်အပ်​ခံ​ဘုရင်​အဖြစ် ခရစ်တော်​ပြီးမြောက်​စေ​မည့်​လုပ်ငန်း​နှင့် ဆက်စပ်​နေကြောင်း ထင်ရှား​ပါ​သည်။ ခရစ်တော်​၏​အုပ်ချုပ်မှု​သည် သင်​နှင့် သင်​ချစ်​မြတ်နိုး​ရသူ​များ​အပါအဝင် လူအားလုံးကို အကျိုးပြု​နိုင်​ပါ​သည်။ အမှန်​မှာ ကိုယ်တော်​ဖွားမြင်ခြင်း​သည် “မြေကြီးပေါ်​၌​လည်း [ဘုရားသခင်] နှစ်သက်​တော်​မူ​သော​သူတို့တွင် ငြိမ်သက်ခြင်း​ရှိစေ” လိမ့်​မည်​ဟု ကောင်းကင်တမန်​များ ဖော်ပြ​ခဲ့​သည်။—လုကာ ၂:၁၄သမ္မာ။

အေးချမ်း​ငြိမ်သက်​၍ တရား​မျှတမှု​ရှိသော​ကမ္ဘာ​တွင် မနေထိုင်​လို​သူ မည်သူ​ရှိ​အံ့​နည်း။ သို့သော် ခရစ်တော်​၏​အုပ်ချုပ်မှု​အောက် ငြိမ်သက်​အေးချမ်းမှု​ကို မွေ့လျော်​ခံစား​ရန် ကျွန်ုပ်​တို့သည် ဘုရားသခင့်​မျက်နှာသာ​ရရှိ​ပြီး ကိုယ်တော်​နှင့် ဆက်ဆံ​ရေး​ကောင်း​ရှိ​ထား​ဖို့​လို​သည်။ ထိုသို့​သော​ဆက်ဆံ​ရေး​ရှိဖို့ ပထမ​ခြေလှမ်း​မှာ ဘုရားသခင်​နှင့် ခရစ်တော်​အကြောင်း သင်ယူခြင်း​ဖြစ်သည်ဟု ယေရှု​မိန့်ဆိုခဲ့သည်။ ယေရှု​က “ထာဝရ​အသက်​ဟူ​မူ​ကား၊ မှန်သော​ဘုရားသခင်​တစ်ဆူတည်း​ဖြစ်​တော်​မူ​သော ကိုယ်တော်​ကိုလည်း​ကောင်း၊ စေလွှတ်​တော်​မူ​သော ယေရှု​ခရစ်​ကိုလည်း​ကောင်း သိကျွမ်းခြင်း​တည်း” ဟု​ဆို​၏။—ယောဟန် ၁၇:၃

ယေရှု​အကြောင်း ကောင်းကောင်း​သိလာ​သောအခါ ကိုယ်တော်​အား မည်သို့​အောက်မေ့​စေ​လို​မည်​ကို ကျွန်ုပ်​တို့ စဉ်းစားစရာ​မလို​တော့​ပါ။ ရှေးခေတ်​အယူမှား​ပွဲတော် ကျင်းပ​သည့်​နေ့​နှင့် တစ်နေ့တည်း​တွင် စားသောက်​၍ လက်ဆောင်​များ​ဖလှယ်​ခြင်း​ဖြင့်​လော။ ထိုသို့​ဖြစ်​နိုင်​စ​ရာ​အကြောင်း​မရှိ​ချေ။ ယေရှု​မသေဆုံးမီ​ည​တွင် ကိုယ်တော်​ဖြစ်စေ​လို​သည့်​အရာ​ကို တပည့်​များ​အား ဤသို့​မိန့်မှာ​ခဲ့​သည်– “ငါ့​ပညတ်​တို့ကို​ရ​၍ စောင့်ရှောက်သော​သူသည် ငါ့ကို​ချစ်သော​သူ​ဖြစ်၏။ ငါ့ကို​ချစ်သော​သူကို ငါ့​ခမည်းတော်​သည်​ချစ်တော်မူ​မည်။ ငါသည်​လည်း ထို​သူကို​ချစ် . . . မည်။”—ယောဟန် ၁၄:၂၁

ယေဟောဝါသက်သေ​များသည် သမ္မာကျမ်းစာ​ကို အကျယ်တဝင့်​လေ့လာ​ကြ​ရာ ယင်းက ဘုရားသခင်​နှင့် ယေရှု​တို့၏​ပညတ်​များသည် အဘယ်အရာ​များ​ဖြစ်​ကြောင်း သူတို့ကို​နားလည်စေ​သည်။ ယေရှု​အား သတိရ​သင့်​သော​နည်း​အတိုင်း အောက်မေ့​သတိရ​နိုင်​ဖို့ အရေးပါသော​ထို​ပညတ်​များ​ကို နားလည်စေ​ရေး​တွင် သင့်​အား သူတို့​ကူညီ​ပေး​လို​ကြ​ပါ​လိမ့်​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 11 အဓိက​ပုံ​နမူနာ​နှစ်ခု​မှာ ခရစ္စမတ်​သစ်ပင်​နှင့် စဲန်​တာ​က​လော့​စ်​အရုပ်​တို့​ဖြစ်သည်။

[စာမျက်နှာ ၆၊ ၇ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ပွဲခံခြင်း​နှင့် လက်ဆောင်​များ​ပေးခြင်း​ကို သမ္မာကျမ်းစာ​တားမြစ်​သလော

လက်ဆောင်​များ​ပေးခြင်း

လက်ဆောင်​များ​ပေးခြင်း​ကို သမ္မာကျမ်းစာ​က ထောက်ခံပါ​သည်၊ ယေဟောဝါ​ကိုယ်တော်တိုင်​အား “ကောင်းမြတ်​စုံလင်သော​ဆုကျေးဇူး​ရှိသမျှ​တို့” ကို ပေးသနား​သော​အရှင်​ဟု ခေါ်ဆို​ထား​သည်။ (ယာကုပ် ၁:၁၇) မိဘ​ကောင်း​မည်​သည် မိမိတို့​သားသမီး​များ​ကို လက်ဆောင်​များ​ပေး​လိမ့်​မည်​ဟု ယေရှု​ဖော်ပြ​ခဲ့​သည်။ (လုကာ ၁၁:၁၁-၁၃) ယောဘ​ပြန်​ကျန်းမာ​လာသော​အခါ သူ၏ မိတ်ဆွေများ​နှင့် မိသားစုဝင်​များ​က လက်ဆောင်​များ​ပေး​ခဲ့​ကြသည်။ (ယောဘ ၄၂:၁၁) သို့သော် ထို​ပေးကမ်း​ခြင်း​တစ်ခု​မျှ အထူး​ပွဲနေ့​မလို​အပ်​ခဲ့​ပါ။ နှလုံး​ထဲ​မှ ပေါက်ဖွား​လာသော​ပေးကမ်း​ခြင်း​ဖြစ်သည်။—၂ ကောရိန္သု ၉:၇

မိသားစု​တွေ့ဆုံ​ပွဲ​များ

မိသားစု​တွေ့ဆုံ​ပွဲ​များသည် မိသားစုဝင်​များ​စည်းလုံးစေ​ဖို့ များစွာ​ထောက်ကူ​နိုင်​သည်၊ အထူးသဖြင့် တစ်အိမ်​တည်း​တွင် အတူ​မနေ​တော့​သည့် မိသားစုဝင်​များ​ဖြစ်​လျှင်​ဖြစ်သည်။ ယေရှု​နှင့် ကိုယ်တော့်​တပည့်​များသည် ကာန​မြို့​မင်္ဂလာပွဲ​ကို တက်ရောက်​ခဲ့​ကြ​ရာ မိသားစု​များနှင့် မိတ်ဆွေများ တွေ့ဆုံ​ပွဲ​ကြီး​ဖြစ်​မည် သေချာ​သည်။ (ယောဟန် ၂:၁-၁၀) ယေရှု၏​ဖြုန်းတီးသော​သား​ပုံ​ဥပမာ​တွင် ဖခင်​ဖြစ်သူ​သည် သူ၏​သား​ပြန်လာ​ခြင်း​ကို တေးဂီတ​နှင့် အ​က​ပါဝင်​သည့် မိသားစု​စားသောက်ပွဲ​ကျင်းပ​ကာ ပွဲခံ​ခဲ့​သည်။—လုကာ ၁၅:၂၁-၂၅

စားကောင်း​သောက်​ဖွယ်​စားသုံးခြင်း

ဘုရားသခင့်​ကျေးကျွန်​များ​ကို မိသားစုဝင်​များ၊ မိတ်ဆွေများ သို့​မဟုတ် ဝတ်ပြုသူချင်း​များနှင့် စားကောင်း​သောက်​ဖွယ်​များ စားသုံး​ကြ​သူများ​အဖြစ် သမ္မာကျမ်းစာ​က မကြာခဏ​ဖော်ပြ​ပါ​သည်။ အာဗြဟံ​ထံ​သို့ ကောင်းကင်တမန်​သုံးပါး အလည်​လာသော​အခါ သူတို့​အတွက် အ​မဲ​သား၊ နွား​နို့၊ ထော​ပတ်​နှင့် ပေါင်မုန့်​လုံး​များ​ပါ​သော စားသောက်ပွဲ​တစ်ခု​ကို သူ​ပြင်ဆင်​ခဲ့​သည်။ (ကမ္ဘာဦး ၁၈:၆-၈) ရှောလမုန်​သည် ‘စားခြင်း၊ သောက်​ခြင်း​နှင့် ပျော်မွေ့ခြင်း’ တို့ကို ဘုရားသခင်​ထံ​တော်​မှ​ဆုကျေးဇူး​အဖြစ် ဖော်ပြ​ခဲ့​သည်။—ဒေ. ၃:၁၃; ၈:၁၅

ဘုရားသခင်​သည် ကျွန်ုပ်​တို့ကို မိတ်ဆွေများ၊ မိသားစုဝင်​များနှင့်​အတူ စားကောင်း​သောက်​ဖွယ်​များ သုံးဆောင်​စေ​လို​ကြောင်း၊ လက်ဆောင်​များ​ပေးခြင်း​ကိုလည်း နှစ်သက်​ကြောင်း ထင်ရှား​ပါ​သည်။ တစ်နှစ်​လုံး အချိန်မရွေး ထိုသို့​ပြုလုပ်​ရန် အခွင့်အလမ်း​များစွာ​ရှိပါ​သည်။