မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထမင်းစားချိန် အစားအတွက်သာ မဟုတ်

ထမင်းစားချိန် အစားအတွက်သာ မဟုတ်

ထမင်း​စားချိန် အစား​အတွက်သာ မဟုတ်

အရသာ​ရှိသော​အစာကို လူတိုင်း​ကြိုက်​နှစ်သက်​ကြသည်။ သင်​ချစ်​မြတ်နိုး​ရသူ​တို့​နှင့် ကောင်းကောင်း စကား​လက်ဆုံ​ပြော​ရပြီး တရင်းတနှီး​ပေါင်းဖော်​ရသော ထမင်း​စားချိန်​သည် ကျွန်ုပ်​တို့ကို အ​ဆာ​ပြေစေ​ရုံ​မျှ​မ​က သာယာ​ကြည်နူး​ဖွယ်​ကောင်းသော​အချိန်​ဖြစ်လာ​သည်။ မိသားစု​များစွာတို့သည် တစ်ရက်​လျှင် အနည်းဆုံး​တစ်ကြိမ် ထမင်း​အတူ​စား​သည့်​အကျင့်ကို ပြုလုပ်​ထား​ကြသည်။ မိသားစု​တစ်စု​သည် ထမင်း​စားချိန်​အတွင်း တစ်နေ့တာ​အဖြစ်အပျက်​များ သို့​မဟုတ် ကြံရွယ်​ထား​ရာ​များ​ကို တိုင်ပင်​ရန် အခွင့်အလမ်း​ရရှိ​သည်။ သားသမီး​များ​ပြော​လှာ​သော​စကား​များ၊ ရင်ဖွင့်​မှုများ​ကို နားထောင်ပေး​သော​မိဘများသည် မိမိတို့​ကလေး​များ​၏​စိတ်ကူး​နှင့် ခံစားချက်​များ​ကို ရိပ်မိ​လာ​ကြ​ရသည်။ အချိန်​ကြာ​လာ​သည်​နှင့်​အမျှ၊ ထမင်း​စားချိန်​တွင် ပျော်ပျော်ရွှင်ရွှင်၊ သက်သောင့်သက်သာ​ပေါင်းဖော်ခြင်း​က မိသားစု​အတွင်း လုံခြုံမှု၊ ယုံကြည်​စိတ်ချမှု​နှင့် ချစ်ခြင်း​မေတ္တာ​ရှိသည်​ဟု​ခံစား​ရစေ​ပြီး ယင်းက မိသားစုကို တည်ငြိမ်​ခိုင်ခံ့​စေ​သည်။

ယနေ့ မိသားစုဝင်​များစွာတို့သည် အလုပ်များ​ပြီး အမြဲတစေ မ​အား​မလ​ပ်​ဖြစ်နေ​ကြ​ရာ အတူ​စု​ပြီး​ထမင်း​စားဖို့ အခက်တွေ့​တတ်ကြ​သည်။ ကမ္ဘာ့​ဒေသ​အချို့​ရှိ ဒေသန္တရ​ယဉ်ကျေးမှု​သည် မိ​သား​တစ်စု အတူ​အစာ​စားခြင်း သို့​မဟုတ် အစာ​စားချိန်​၌ စကားပြော​ခြင်း​ကို​ပင် မနှစ်သက်​ချေ။ အခြား​မိသားစု​များ​မူ အစာ​စားချိန်​အတွင်း တီဗွီ​ဖွင့်​ထား​လေ့​ရှိရာ အဓိပ္ပာယ်ရှိရှိ ဆက်သွယ်​ပြောဆို​ရန် အခွင့်အလမ်း​မှန်သမျှကို လက်လွှတ်​ဆုံးရှုံး​ရ​ကြသည်။

သို့​တိုင် ခရစ်ယာန်​မိဘများသည် မိမိတို့​အိမ်ထောင်​ကို တည်ဆောက်​ဖို့​အခွင့်အလမ်း​များ​ကို အမြဲ​သတိချပ်​နေကြ​သည်။ (သု. ၂၄:၂၇) ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို မိမိတို့​သားသမီး​များ​အား​ပြောပြ​ဖို့ အကောင်းဆုံး​အခွင့်အခါ​တစ်ခု​မှာ ‘သူတို့​အိမ်​၌ ထိုင်​လျက်​နေစဉ်’ ဖြစ်သည်ဟု ရှေး​အချိန်​က​မိဘများ မှာကြား​ခံ​ခဲ့​ရသည်။ (တရားဟောရာ ၆:၇) မှန်မှန် ထမင်း​အတူ​စားခြင်း​သည် ယေဟောဝါ​နှင့် ကိုယ်တော်​၏​ဖြောင့်မတ်​သော​မူများ​ကို ချစ်​သည်ထက်​ပို​ချစ်​လာအောင် မိမိတို့​သားသမီး​စိတ်ထဲ သွတ်သွင်း​ပေး​ရန် မိဘများ​အတွက် အခွင့်ထူး​ရစေသည်။ ထမင်း​စားချိန်​ကို ပျော်ရွှင်ဖွယ်​ဖြစ်၍ သက်သောင့်သက်သာ​ရှိသော​ဝန်းကျင်​မျိုး ဖြစ်စေ​ခြင်း​အားဖြင့် သင့်​မိသားစု​အတွက်​လည်း ပျော်စရာ​ကောင်းပြီး တည်ဆောက်မှု​ဖြစ်စေ​သော​အချိန်​အခါ ဖြစ်စေ​နိုင်​ပါ​သည်။ ထမင်း​စားချိန်​ကို အစား​အတွက်​မ​က ဖြစ်စေ​ပါ​လေ!