မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်ဉာဏ်ပညာအားဖြင့် သင်၏ကလေးများကို ကာကွယ်ပေးနိုင်ပုံ

ဘုရားသခင့်ဉာဏ်ပညာအားဖြင့် သင်၏ကလေးများကို ကာကွယ်ပေးနိုင်ပုံ

ဘုရားသခင့်​ဉာဏ်ပညာ​အားဖြင့် သင်၏​ကလေး​များ​ကို ကာကွယ်​ပေး​နိုင်​ပုံ

ကျွန်ုပ်​တို့၏​ကိုယ်ခန္ဓာ​သည် နေ့စဉ်​နှင့်​အမျှ စစ်​ဖြစ်နေ​၏။ ရောဂါပိုး၊ ကပ်​ပါး​ပိုး​နှင့် ဗိုင်း​ရပ်​ပိုး​များစွာ​တို့ကို တိုက်ထုတ်​နေရ​သည်။ ကျေးဇူး​တင်စရာ​မှာ၊ ကျွန်ုပ်​တို့​အများစု​သည် ဤသို့​ခုခံ​တိုက်ခိုက်​ကာ ကူးစက်​ရောဂါ​များ မရရှိ​စေရန် ကာကွယ်​ပေး​သည့် ကိုယ်ခံအား​စနစ်​ကို အမွေ​ရရှိ​ထား​ကြသည်။

ထို​နည်းတူ၊ ခရစ်ယာန်​များသည် ကျမ်းစာ​နှင့်​မညီသော စဉ်းစား​တွေးခေါ်မှု​နှင့် စံနှုန်း၊ ထို့နောက် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ကျန်းမာ​မှု​ကို ထိခိုက်​စေနိုင်​သည့် ဖိအားများ​ကို တိုက်လှန်​ကြ​ရမည်။ (၂ ကောရိန္သု ၁၁:၃) ကျွန်ုပ်​တို့၏​စိတ်နှလုံး​အပေါ် တိုက်ခိုက်မှု​ကို နေ့စဉ်​နှင့်​အမျှ တွန်းလှန်​နိုင်​ရန် ဝိညာဉ်​ရေး​အကာအကွယ်​များ​ရှိဖို့ လို​လာ​သည်။

ကျွန်ုပ်​တို့​ကလေး​များသည် လောက​ဝိညာဉ်​ကို တားဆီး​နိုင်​သည့် ဝိညာဉ်​ရေး​အကာအကွယ်​များ​ပါ​လျက် မွေးဖွား​မလာ​ကြသော​ကြောင့် ဤသို့​သော​အကာအကွယ်​များသည် အထူးသဖြင့် သူတို့​အတွက် မရှိမဖြစ်​လိုအပ်​သည်။ (ဧဖက် ၂:၂) ကလေး​များ​ကြီးပြင်း​လာ​သည်​နှင့်​အမျှ သူတို့​ဘာသာ ကာကွယ်​တတ်လာ​ရန် မိဘများ​ကူညီ​ပေးဖို့ အရေးကြီး​သည်။ အဆိုပါ​အကာအကွယ်​များသည် မည်သည့်​အရာ​ပေါ် မူတည်​သနည်း။ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “ယေဟောဝါ​ကိုယ်တော်တိုင်​သည် ဉာဏ်ပညာ​ကို ပေးသနား​တော်​မူ​၏။ . . . တည်ကြည်သူ​များ​၏​လမ်းခရီး​ကို ကိုယ်တော်​စောင့်ကြပ်​လိမ့်​မည်။” (သု. ၂:၆၊ ၈က​ဘ) ဘေးသင့်​စေနိုင်​သော ပေါင်းသင်းမှု၊ ရွယ်တူချင်း​ဖိအား၊ သို့​မဟုတ် အကျိုးမပြု​သည့် ဖျော်ဖြေမှု​တို့ကို မလွန်ဆန်​နိုင်​သည့် လူငယ်များ​၏​လမ်းခရီး​ကို ဘုရားသခင့်​ဉာဏ်ပညာ​က စောင့်ကြပ်​ပေး​နိုင်​သည်။ မိဘများသည် ယေဟောဝါ​၏​လမ်းညွှန်မှုကို မည်သို့​လိုက်​ကာ ဘုရားသခင့်​ဉာဏ်ပညာ​ကို မည်သို့​သွင်း​ပေး​နိုင်​သနည်း။

တည်ဆောက်မှု​ဖြစ်စေ​သော ပေါင်းသင်းမှု ကြိုးစား​ပြု

ဆယ်ကျော်သက်​အချင်းချင်း ပေါင်းသင်း​လို​ကြသည်​ကို နားလည်​နိုင်​ပါ​သည်၊ သို့သော်လည်း အတွေ့အကြုံ​မရှိသူ​များနှင့်​သာ တစ်ချိန်​လုံး​ပေါင်းသင်း​နေ​မည်​ဆိုလျှင် ဘုရားသခင့်​ဉာဏ်ပညာ​ကို ရနိုင်​မည်​မဟုတ်ပေ။ “မိုက်​သော​သဘော​သည် သူငယ်​၏​စိတ်နှလုံး​ထဲမှာ ထုပ်​ထား​လျက်​ရှိ၏” ဟု​နယပုံပြင်​ကျမ်း​က သတိပေး​သည်။ (သု. ၂၂:၁၅) သို့​ဖြစ်၍ အချို့​မိဘများသည် ပေါင်းသင်းမှု​ကိစ္စ​တွင် ဘုရားသခင့်​ဉာဏ်ပညာ​ကို ကျင့်သုံး​နိုင်​ရန် သူတို့၏​ကလေး​များ​အား မည်သို့​ကူညီပေး​ခဲ့​ကြပြီ​နည်း။

ဖခင်​တစ်ဦး​ဖြစ်သူ ဒေါ​န် *က ဤသို့​ပြော​ခဲ့​၏– “ကျွန်တော့်​သားတွေဟာ အများအားဖြင့် သူတို့နဲ့​သက်တူရွယ်တူ သူငယ်ချင်းတွေ​နဲ့​ပဲ ပေါင်းသင်း​တယ်၊ ဒါပေမဲ့ ကျွန်တော်​တို့​ရဲ့​အိမ်မှာ၊ ကျွန်တော်​တို့​ရဲ့​ရှေ့မှာပဲ ပေါင်းသင်း​ကစား​တာ ပို​များတယ်။ ကျွန်တော်​တို့​အိမ်ကို ဝင်ထွက်​နိုင်အောင် ဖွင့်ပေး​ထား​တာ​ကြောင့် လူငယ်တွေ အမြဲမပြတ်​ရှိနေတယ်၊ သူတို့ကို ကျွေးမွေး​ဧည့်ခံ​ပြီး ကျွန်တော်​တို့ တရင်းတနှီး ပေါင်းသင်း​ကြတယ်။ လုံခြုံ​စိတ်ချ​ရတဲ့ ဝန်းကျင်​တစ်ခု​မှာ သားတွေ ပျော်ပျော်ရွှင်ရွှင်​နဲ့ ဆူညံ​ဆော့​ကစား​နေကြ​တာ​ကို​တော့ သည်း​ညည်း​ခံရ​တာပေါ့​ဗျာ။”

ဘရိုင်ယန်​နှင့် မာ​ရီး​တို့​တွင် လိမ္မာ​သောက​လေး​သုံးဦး​ရှိသော်လည်း သူတို့ကို လေ့ကျင့်​ပေးခြင်း​သည် အမြဲ​မလွယ်ကူ​ဟု ပွင့်လင်း​စွာ​ဝန်ခံ​၏။ သူတို့က ဤသို့​ပြောပြ​သည်– “သမီး​ဂျေ​န် ပေါင်းသင်း​ဖို့ ၁၈၊ ၁၉ နှစ်​ဝန်းကျင်​အရွယ် လူငယ်တွေ ကျွန်တော်​တို့​အသင်းတော်မှာ သိပ်​မရှိဘူး။ ဖော်ရွေ​ပြီး ပျော်​တတ်​တဲ့​လူငယ် ဇူ​ဇန်​ဆို​တဲ့ သူငယ်ချင်း​တစ်ယောက်​တော့ သူ့​ဆီ​မှာ​ရှိတယ်။ ဒါပေမဲ့ ကလေး​မ​ရဲ့​မိဘတွေက ကျွန်တော်​တို့​လောက် စည်းကမ်း​မ​တင်းကြပ်​ဘူး။ ဂျေ​န်​ကို ခွင့်​မပြု​ထား​တဲ့ ည​မိုးချုပ် အပြင်ထွက်​လည်​ဖို့၊ စ​ကပ်​တို​နံ့နံ့​တွေ​ဝတ်ဖို့၊ အဓိပ္ပာယ်​နှစ်ခွ တေးသီချင်း​နားထောင်ဖို့၊ မကြည့်​အပ်​တဲ့​ရုပ်ရှင်တွေ​ကြည့်​ဖို့ ဇူ​ဇန်​ကို ခွင့်ပြု​ပေး​ထား​တယ်။ ကျွန်တော်​တို့​ရဲ့​အမြင်​သဘောထားကို အတော်ကြာကြာ​အထိ ဂျေ​န်​နားမလည်​နိုင်​ခဲ့​ဘူး။ ကျွန်တော်​တို့​က အရာရာကို ချုပ်ချယ်​လွန်း​ပြီး ဇူ​ဇ​န့်​မိဘတွေက ပို​ပြီး​နားလည်မှု​ရှိ​ပုံ​ရတယ်လို့ သမီး​က ထင်​ခဲ့​တာ။ ကျွန်တော်​တို့​ရဲ့ ခိုင်မာ​ပြတ်သားမှု​ဟာ ဂျေ​န်​ကို အကာအကွယ်​ဖြစ်စေ​တယ်​ဆိုတာ ဇူ​ဇန် ပြဿနာ​တက်​တော့​မှ သမီး​သဘောပေါက်​သွားတယ်။ မှန်တယ်လို့ ကျွန်တော်​တို့​ယုံကြည်ရာ​ကို အလျှော့မပေး​ခဲ့လို့ သမီး​အတွက် ကောင်း​သွားတာ​မို့ ကျွန်တော်​တို့ ဝမ်းသာ​ပီတိ​ဖြစ်​မိ​ကြတယ်။”

ဂျေ​န်​ကဲ့သို့ လူငယ်များစွာသည် ပေါင်းသင်းမှု​ကိစ္စ​တွင် မိဘ​၏​လမ်းညွှန်မှုကို အားကိုးခြင်း​သည် ဉာဏ်ပညာ​ရှိကြောင်း သိရှိ​လာ​ခဲ့​ကြပြီ။ နယပုံပြင်​က ဤသို့​ဆို​သည်– “အသက်​နှင့်ယှဉ်သော​ဆုံးမခြင်း​စကား​ကို နားထောင်​သော​သူသည် ပညာရှိ​တို့​နှင့် ပေါင်းဖော်​ရသော​အခွင့်​ရှိ၏။” (သု. ၁၅:၃၁) ဘုရားသခင့်​ဉာဏ်ပညာ​သည် လူငယ်များ​အား တည်ဆောက်မှု​ပေး​သော သူငယ်ချင်းများနှင့် ရှာဖွေ​ပေါင်းသင်း​စေ​၏။

လိုက်လျောညီထွေ​ပြုလိုစိတ်​ကို ကိုင်တွယ်​ခြင်း

ပေါင်းသင်းမှု​နှင့် ရွယ်တူချင်း​ဖိအား​တို့သည် အလွန်​ပင်​နီးစပ်​၏။ လိုက်လျောညီထွေ​ပြုလိုစိတ်​သည် ကျွန်ုပ်​တို့​ကလေး​များ​၏ အကာအကွယ်​များ​ကို နေ့စဉ် တိုက်ဖျက်​လျက်​ရှိ၏။ လူငယ်များသည် သက်တူရွယ်တူ​များ​၏ လက်ခံမှု​ရရှိရန် ကြိုးစား​လေ့​ရှိသောကြောင့် လောက​အမြင်​များ​ကို နှစ်သက်စရာ​ဖြစ်စေ​ဖို့ ရွယ်တူချင်း​ဖိအား​က သူတို့ကို ပုံသွင်း​သွား​နိုင်​သည်။—သု. ၂၉:၂၅

‘လောက​နှင့်​လောက​တပ်မက်​ခြင်း​သည် ရွေ့သွား​ကွယ်ပျောက်​တတ်၏’ ဟူ၍ သမ္မာကျမ်းစာ​က သတိပေး​သည်။ (၁ ယောဟန် ၂:၁၇) သို့​ဖြစ်၍ မိဘများသည် သားသမီး​များ​အပေါ် လောက​အမြင်​များ အကြီးအကျယ်​လွှမ်းမိုးခွင့်​မပြု​သင့်​ချေ။ ခရစ်ယာန်​လမ်းစဉ်​အတိုင်း စဉ်းစား​တွေးခေါ်​တတ်​ရန် မိမိတို့၏​သားသမီး​များ​ကို မည်သို့​ကူညီပေး​နိုင်​သနည်း။

ရစ်ချက်​က ဤသို့​ပြော​ခဲ့​သည်– “တခြား​လူငယ်တွေ​ဝတ်​သလို ကျွန်တော့်​သမီးလည်း ဝတ်​ချင်​တယ်။ ဒါ​ကြောင့် တောင်းဆိုချက်​တစ်ခုစီ​ရဲ့ ကောင်းကျိုး​နဲ့ ဆိုးကျိုး​ကို စိတ်ရှည်ရှည်​နဲ့ ရှင်းပြ​ပေး​ရတယ်။ လက်ခံ​နိုင်တယ်​လို့ ကျွန်တော်​တို့​ထင်​ရတဲ့ ဖက်ရှင်​တွေ​ဖြစ်နေ​ရင်တောင်​မှ ‘ခေတ်​ရှေ့ပြေး​တဲ့​သူလည်း​မဟုတ်ဘူး၊ ခေတ်​နောက်ကျ​တဲ့​သူလည်း​မဟုတ်တဲ့​သူက ပညာရှိ​ပဲ’ ဆို​တဲ့ ဟို​အရင်က​ကြားဖူး​တဲ့ ဆုံးမ​စကား​ကို ကျွန်တော်​တို့ လိုက်လျှောက်​ခဲ့​ကြတယ်။”

ပေါ်လီ​န်​အမည်​ရှိ မိခင်​တစ်ဦး​သည် ရွယ်တူချင်း​ဖိအား​ကို နောက်တစ်နည်း​ဖြင့် တိုက်ဖျက်​ခဲ့​သည်။ သူ​ဤသို့​ပြောပြ​သည်– “ကျွန်မ​ကလေး​တွေ စိတ်ဝင်စား​တာတွေကို ကျွန်မ​လည်း လိုက်ပြီး​စိတ်ဝင်စား​ပေး​တယ်၊ သူတို့​အခန်း​ထဲ​သွားပြီး အမြဲတမ်း သူတို့နဲ့ စကားပြော​တယ်။ ဒီလို​စကား​အကြာကြီး​ပြော​တဲ့​အခါ သူတို့ရဲ့​အတွေးအခေါ်ကို ပုံသွင်း​ပေး​ပြီး ကိစ္စရပ်​တွေ​အပေါ် နောက်တစ်နည်း​နဲ့​လည်း ရှုမြင်​သုံးသပ်​ဖို့ ကူညီပေး​နိုင်​ခဲ့တယ်။”

ရွယ်တူချင်း​ဖိအား​သည် ပြီးဆုံး​သွား​နိုင်​မည်​မဟုတ်သောကြောင့် မိဘများသည် ‘လောက​၏​အကြံအစည်​တို့’ ကို​မပြတ်​တွန်းလှန်​နိုင်​ရ​ဖွယ်​ရှိပြီး သားသမီး​များ​၏​အတွေးအခေါ်​များ​ကို “ဖမ်းသွား​ချုပ်​ထား​လျက်၊ ခရစ်တော်​၏​စကား​ကို နားထောင်​စေ” ရန်​ကူညီပေး​ရ၏။ (၂ ကောရိန္သု ၁၀:၅) သို့သော် မိဘများ​ရော၊ ကလေး​များ​ပါ ‘ဆုတောင်းခြင်း​အမှုကို အမြဲ​ပြု’ ခြင်း​အားဖြင့် ဤ​အရေးကြီး​တာဝန် ပြီးမြောက်​စေရန် ခွန်အား​ရရှိပါ​လိမ့်​မည်။—ရောမ ၁၂:၁၂; ဆာလံ ၆၅:၂

ဆွဲအား​ကောင်းသော ဖျော်ဖြေမှု

မိဘများ ကိုင်တွယ်​ဖြေရှင်း​ပေး​ရန် ခက်ခဲ​နိုင်​သည့် တတိယ​သြဇာ​မှာ ဖျော်ဖြေမှု​ဖြစ်၏။ လူငယ်များသည် ပင်ကို​အရ ကစား​ခြင်း​ကို နှစ်သက်​ကြသည်။ ကလေး​ကြီး​တို့သည်​လည်း ပျော်ရွှင်ဖွယ်​ဖျော်ဖြေမှု​များ​ကို မရ​မ​က​ရှာဖွေ​ကြသည်။ (၂ တိမောသေ ၂:၂၂) သို့သော် ဤ​အာသီသ​ကို ပညာ​မဲ့​လမ်းစဉ်ဖြင့် ဖြည့်ဆည်း​မည်​ဆိုလျှင် သူတို့၏​ဝိညာဉ်​ရေး​အကာအကွယ်​များ​ကို အားပျော့​သွား​စေနိုင်​သည်။ ဤ​အန္တရာယ်​သည် အများအားဖြင့် နည်း​နှစ်နည်း​နှင့်​လာနိုင်​၏။

ပထမ​ဦးစွာ၊ ဖျော်ဖြေမှု​များစွာ​သည် ဤ​လောက​၏​ယုတ်ညံ့​သော အကျင့်​ယိုယွင်းမှု​စံနှုန်း​များ​ကို အသားပေး​ထား​သည်။ (ဧဖက် ၄:၁၇-၁၉) သို့​တိုင် ယင်းကို အမြဲ​ပင် စိတ်​လှုပ်ရှား​ဖွယ်​ကောင်းပြီး ဆွဲဆောင်မှု​ရှိ​ရှိ တင်ဆက်​ကြသည်။ ယင်းက ထောင်ချောက်များ​ကို​မမြင်​သော လူငယ်များ​အတွက် တကယ့်​အန္တရာယ်​ပင်။

ဒုတိယ​အနေ​နှင့်၊ ဖျော်ဖြေမှု​တွင် အကုန်ခံ​သည့် အချိန်​ပမာဏ​ကြောင့်​လည်း ပြဿနာ​တက်​နိုင်​သည်။ အချို့​သူတို့၏​ဘဝတွင် ပျော်ရွှင်​ခြင်း​သည် အရေးကြီးဆုံး​အရာ​ဖြစ်လာ​ပြီး ယင်း​အတွက် အချိန်​နှင့် ခွန်အား​ကို များစွာ​အကုန်ခံ​လာ​ကြ​၏။ “ပျားရည်​ကို စားကြူး​လျှင် မကောင်း” ဟူ၍ နယပုံပြင်​ကျမ်း​က သတိပေး​၏။ (သု. ၂၅:၂၇) ထို​နည်းတူ ဖျော်ဖြေမှု​များ​လွန်း​လျှင်​လည်း ဝိညာဉ်​အစာကို ခံတွင်း​မ​တွေ့​တော့​ဘဲ စိတ်ပိုင်း​ဆိုင်ရာ ထိုင်း​မှိုင်း​သွား​စေနိုင်​၏။ (သု. ၂၁:၁၇; ၂၄:၃၀-၃၄) ဤ​လောကကို အပြည့်အဝ​ပျော်မွေ့ခြင်း​ဖြင့် ဘုရားသခင်​၏​ကမ္ဘာသစ်​တွင်​ရရှိ​မည့် ထာဝရ​အသက်​ဖြစ်သော “မှန်သော​အသက်ကို​ဝင်စား” ခွင့်​ကို လူငယ်များ ဆုံးရှုံး​သွား​လိမ့်​မည်။ (၁ တိမောသေ ၆:၁၂၊ ၁၉) မိဘများသည် ဤ​စိန်ခေါ်ချက်​ကို မည်သို့​ကျော်လွှား​အောင်မြင်​ခဲ့​ကြ​သနည်း။

သမီး​သုံးဦး​၏​မိခင်​ဖြစ်သူ မာ​ရီ ကာမဲန် ဤသို့​ပြောပြ​၏– “သမီးတို့ကို အကျိုး​ရှိတဲ့​အပန်းဖြေမှုနဲ့ ပျော်​နေ​စေချင်တယ်။ ဒါ​ကြောင့် မိသားစု​လိုက် ပုံမှန် အပန်းဖြေ​ထွက်ကြ​တယ်၊ အသင်းတော်က သမီးရဲ့​သူငယ်ချင်းတွေ​နဲ့​လည်း အချိန်ကုန်​တတ်ကြ​တယ်။ ဒါပေမဲ့ ကျွန်မ​တို့​က အပန်းဖြေမှု​ကို သူ့​နေရာ​နဲ့​သူ​ထား​တယ်။ အပန်းဖြေမှု​ကို ထမင်း​စား​ပြီး အချိုပွဲ​လို သဘောထား​တယ်—အရသာ​ရှိတယ်၊ ဒါပေမဲ့ အာဟာရ​အပြည့်ဝ​ဆုံး​အရာ​တော့ မဟုတ်ဘူးပေါ့။ သူတို့ဟာ အိမ်မှာ၊ ကျောင်း​မှာ၊ အသင်းတော်မှာ အလုပ်​လုပ်တဲ့​သူတွေ​ဖြစ်လာ​ကြတယ်။”

ဒေါ​န်​နှင့်​ရုသ်​တို့သည် ဖျော်ဖြေမှု​ကို သတ်သတ်မှတ်မှတ် အချိန်ပေး​လုပ်ဆောင်ခဲ့​ကြသည်။ သူတို့ ဤသို့​ပြောပြ​သည်– “စနေနေ့​ကို ‘မိသားစု​နေ့’ ဆိုပြီး သတ်သတ်​ဖယ်​ထား​တယ်။ အဲ့ဒီ​နေ့​မနက်ပိုင်းမှာ ကျွန်မ​တို့ အမှုဆောင်ထွက်​ကြတယ်၊ နေ့လယ်​ပိုင်း​မှာ ရေကူး​ကြတယ်၊ ညနေပိုင်း​မှာ အထူး​စားသောက်ပွဲ​ရှိတယ်။”

အဆိုပါ​မိဘများ​၏​မှတ်ချက်များ​က အကျိုးပြု​ဖျော်ဖြေ​ခြင်း​နှင့် ယင်းကို ခရစ်ယာန်​အသက်တာ​၌ သူ့​နေရာ​နှင့်​သူ​ထား​ရှိ​ခြင်း​တို့​တွင် မျှတသော​တန်ဖိုး​ကို ဖော်ပြ​၏။—ဒေ. ၃:၄; ဖိလိပ္ပိ ၄:၅

ယေဟောဝါ​ကို ယုံကြည်​ကိုးစား​လော့

ဝိညာဉ်​ရေး​အကာအကွယ်​များ​ကို နှစ်ပေါင်း​များစွာ အချိန်​ယူ တည်ဆောက်​ရ၏။ ကောင်းကင်​ခမည်းတော်​အား ယုံကြည်​ကိုးစား​ရန် ကလေး​များ​ကို လှုံ့ဆော်ပေး​ပြီး ဘုရားသခင့်​ဉာဏ်ပညာ​ရရှိ​စေနိုင်​သည့် အံ့ဖွယ်​ဆေး​မရှိ​ချေ။ ယင်းအစား၊ မိဘတို့​သည် “ယေဟောဝါ​၏​ပဲ့ပြင်​ဆုံးမခြင်း​နှင့် စိတ်ပိုင်း​ဆိုင်ရာ ထိန်းကျောင်း​ခြင်း​တို့​နှင့်​အညီ သူတို့ကို ဆက်၍​ပြုစု​ပျိုးထောင်​ပေး​ကြ” ရမည်။ (ဧဖက် ၆:၄က​ဘ) မပြတ်​လုပ်ဆောင်ပေး​ရသော “စိတ်ပိုင်း​ဆိုင်ရာ ထိန်းကျောင်း​ခြင်း” ဟူသည် ဘုရားသခင်​ရှုမြင်​သကဲ့သို့ အရာရာကို ရှုမြင်​တတ်​ရန် ကလေး​များ​ကို ကူညီ​ပေးခြင်း​ဖြစ်သည်။ မိဘများသည် ၎င်းကို မည်သို့​ဖြစ်မြောက်​စေနိုင်​သနည်း။

အောင်မြင်မှု​၏​အဓိက​သော့ချက်​မှာ အိမ်တွင်း​ကျမ်းစာ​သင်အံမှု မှန်မှန်​ပြုလုပ်ခြင်း​ဖြစ်၏။ သင်အံမှုသည် ‘ဘုရားသခင်​၏​ပညတ်တော်​၌ အံ့ဖွယ်သော​အရာ​တို့ကို မြင်နိုင်​ပါ​မည်​အကြောင်း ကလေး​များ​၏​မျက်စိတို့ကို ဖွင့်ပေး​တော်​မူ​၏။’ (ဆာလံ ၁၁၉:၁၈) သ​ယေ​ဂိုး​သည် အိမ်တွင်း​သင်အံမှု​ကို အလေးအနက်​လုပ်ဆောင်ခဲ့​ရာ သူ၏​သားသမီး​များသည် ယေဟောဝါ​နှင့် သာ၍​နီးကပ်​စေနိုင်​ခဲ့​သည်။ သူ​ဤသို့​ပြောပြ​သည်– “သင်အံမှု​အတွက် အသေးစိတ်​ကြိုတင်​ပြင်ဆင်​တယ်။ ကျမ်းစာ,စာပေ​တွေ​ကို သုတေသန​ပြုပြီး ကျမ်းစာ​ဇာတ်ကောင်​တွေ​ကို သူတို့​အတွက် အသက်ဝင်​လာအောင် ကျွန်တော် လုပ်ပေးတယ်။ သူတို့လေးတွေ​နဲ့ တည်ကြည်​တဲ့​သူတွေရဲ့ ဘဝ​အသက်တာကို ဆက်စပ်​ကြည့်​ကြဖို့ ကလေး​တွေ​ကို ကျွန်တော်​အားပေးတယ်။ အဲ့​ဒါက ယေဟောဝါ အလိုတော်​ရှိတဲ့​အရာ​ကို ကလေး​တွေ အထင်းသား​မြင်လာ​စေတယ်။”

ကလေး​များသည် သာမန်​အချိန်​များ​တွင်​လည်း သင်ယူ​ကြသည်။ “အိမ်​၌​ထိုင်​လျက်​နေသည်​ဖြစ်စေ၊ ခရီး​၌​သွား​သည်​ဖြစ်စေ၊ အိပ်​လျက်၊ ထ​လျက်​ရှိသည်​ဖြစ်စေ” ယေဟောဝါ​၏​သတိပေး​ချက်​များ​ကို ပြော​ရမည်ဟု မိဘများ​အား မောရှေ​တိုက်တွန်း​ခဲ့​သည်။ (တရားဟောရာ ၆:၇) ဖခင်​တစ်ဦး​က ဤသို့​ရှင်းပြ​ခဲ့​သည်– “ကျွန်တော့်​သားဟာ သူ့ရဲ့ ခံစားချက်​တွေ ဖွင့်​ချဖို့ အချိန်​လိုတယ်။ ကျွန်တော်​တို့ လမ်းလျှောက်ထွက်​တဲ့​အခါ၊ အတူတူ​အလုပ်​လုပ်တဲ့​အခါ​ကျ​မှ သားက ရင်ဖွင့်​တော့​တယ်။ အဲ့ဒီ​အချိန်တွေမှာ ကျွန်တော်​တို့​နှစ်ယောက်စလုံး​အတွက် အကျိုး​ရှိတဲ့​စကား​တွေ​ပြော​ဖြစ်​ခဲ့​ကြတယ်။”

မိဘများ​၏​ဆုတောင်းချက်​များ​က​လည်း သူတို့က​လေး​များ​ကို အလွန်​စွဲမှတ်​သွား​စေ​၏။ ဘုရားသခင်​၏​အကူအညီ​နှင့် ခွင့်လွှတ်​မှု​ရရှိရန် ကိုယ်တော်​ထံ နှိမ့်ချစွာ​ချဉ်းကပ်​သည့် မိဘများ​၏​ဆုတောင်းချက်​များ​ကို ကြား​ရသည့်​အခါ ‘ဘုရားသခင်​ရှိ​တော်​မူ​သည်ကို ယုံကြည်’ ရန်​ကလေး​များ​ကို လှုံ့ဆော်ပေး​သည်။ (ဟေဗြဲ ၁၁:၆) အောင်မြင်မှု​ရရှိသော မိဘ​များစွာ​သည် မိမိတို့​သားသမီး​များ​အတွက် စိုးရိမ်​နေရ​သည့် ကျောင်း​ကိစ္စ​များနှင့် တခြား​အရေးကိစ္စ​များ​ပါ​သည့် ဆုတောင်းချက်​များ​အပါအဝင် မိသားစု​ဆုတောင်းချက်​များ​၏​အရေးကြီးမှုကို အလေးပေး​ဖော်ပြ​ကြသည်။ ဖခင်​တစ်ဦး​က မိမိ၏​ဇနီးသည် သားသမီး​များ ကျောင်း​မသွားမီ သူတို့နှင့်​အတူ အမြဲ​ဆုတောင်း​လေ့​ရှိသည်​ဟု ပြောပြ​၏။—ဆာလံ ၆၂:၈; ၁၁၂:၇

“ငါ​တို့သည် အား​မ​လျော့၊ စိတ်မပျက်​ဘဲ ကောင်းသော​အကျင့်ကို ကျင့်​ကြ​ကုန်​အံ့”

မိဘ​အားလုံး​သည် မှား​တတ်ကြ​ရာ အချို့​ကိစ္စရပ်​များ​ကို သူတို့​ကိုင်တွယ်​ခဲ့​သည့် နည်းလမ်း​အတွက် ယူကျုံး​မရ​ဖြစ်​ကြ​ပေမည်။ မည်သို့​ပင်​ဖြစ်ပါစေ၊ “အား​မ​လျော့၊ စိတ်မပျက်​ဘဲ ကောင်းသော​အကျင့်ကို” ကြိုးစား​ကျင့်​ကြ​ရန် သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့ကို တိုက်တွန်း​သည်။—ဂလာတိ ၆:၉

တစ်ခါတစ်ရံ မိဘများသည် သားသမီး​များ​ကို နားမလည်​နိုင်​သည့်​အခါ​တွင် လက်မြှောက်​အရှုံးပေး​လို​စိတ်​ပေါ်လာ​ပေမည်။ လူငယ်​မျိုးဆက်သစ်​သည် တစ်မူထူး​ပြီး ထိန်း​ရ​သိမ်း​ရ​ခက်​သည်​ဟု ကောက်ချက်​ချဖို့ လွယ်​ပေမည်။ သို့သော် ယနေ့ ကလေး​များ​တွင်​ရှိသည့် အားနည်းချက်များ​သည် ယခင်​လူမျိုးဆက်​များ​တွင်​လည်း ရှိသည်၊ အပြစ်​ကျူးလွန်​ရန် ဖိအားပေး​မှု​သည် တိုးများ​လာ​သော်လည်း အလားတူ​သွေးဆောင်မှုများ​ကို​ပင် ရင်ဆိုင်​ရသည်။ ထို့​ကြောင့် ဖခင်​တစ်ဦး​သည် သားကို ပဲ့ပြင်​ပေး​ပြီး​နောက် “သား​အရွယ်​တုန်း​က အဖေ​လည်း သား​လို​ပဲ လုပ်ချင်​တာ” ဟု​နူးညံ့​ကြင်နာ​စွာ ဆုံးမ​ခဲ့​သည်။ မိဘတို့​သည် ကွန်ပျူတာ​အကြောင်း ကောင်းစွာ​သိချင်​မှ​သိမည်​ဖြစ်သော်လည်း မစုံလင်​သော​သွေးသား​အားနည်းချက်ကို​မူ ကောင်းစွာ​သိရှိ​ထား​ကြသည်။—မဿဲ ၂၆:၄၁; ၂ ကောရိန္သု ၂:၁၁

ကလေး​အချို့​သည် မိဘ​၏​လမ်းညွှန်မှုကို စိတ်မဝင်စား​ကြ​သည့်​ပြင် ပဲ့ပြင်​ဆုံးမမှု​ကို​ပင် ဖီဆန်​တတ်ကြ​သည်။ သို့သော် ဤ​တွင်​တစ်ဖန် ခံနိုင်ရည် မရှိမဖြစ်​လိုအပ်​သည်။ ကလေး​များစွာ​သည် အစပိုင်း​တွင် စိတ်​မ​ပါ့​တ​ပါ​ဖြစ်နေ​မည် သို့​မဟုတ် ဖီဆန်​မည်​ဖြစ်သော်လည်း နောက်ဆုံး​တွင် တုံ့ပြန်​တတ်ကြ​သည်။ (သု. ၂၂:၆; ၂၃:၂၂-၂၅) ယေဟောဝါသက်သေ​များ​၏ ဌာနခွဲရုံး​တွင် အမှုဆောင်​လျက်​ရှိသော ခရစ်ယာန်​လူငယ် မက်သရူး​က ဤသို့​ပြောပြ​၏– “ကျွန်တော် ဆယ်ကျော်သက်​အရွယ်​တုန်း​က မိဘတွေရဲ့ ကန့်သတ်​ချုပ်ချယ်​မှု​ကို တစ်ဖက်​စောင်း​နင်း​ဖြစ်တယ်​လို့ ထင်​ခဲ့​တာ။ ဒါ့​ထက် ကျွန်တော်​သူငယ်ချင်းတွေရဲ့ မိဘတွေက​တောင် တစ်စုံတစ်ရာ​ကို ခွင့်ပြု​နိုင်​ရင် ကျွန်တော့်​မိဘတွေ​ကျ​တော့ ဘာလို့​ခွင့်​မပြု​နိုင်​ရမှာ​လဲ​လို့ ဆင်ခြေ​တက်​ခဲ့​မိတယ်။ တစ်ခါ​တ​လေ ကျွန်တော်​နှစ်သက်တဲ့ လှေလှော်​ခွင့်​မပေးတဲ့ အပြစ်ဒဏ်​မျိုး​ပေး​တဲ့​အခါ ကျွန်တော် တကယ်​ဒေါသ​ဖြစ်​မိ​ခဲ့တယ်။ ဒါပေမဲ့ ပြန်​တွေးကြည့်​လိုက်ရင် မိဘတွေရဲ့ ပဲ့ပြင်​ဆုံးမမှု​ဟာ အကျိုးရှိ​ခဲ့​တဲ့​အပြင် မရှိမဖြစ်​လိုအပ်​တယ်​ဆိုတာ ကျွန်တော်​သဘောပေါက်​လာတယ်။ မိဘတွေက ကျွန်တော်​လိုအပ်​တဲ့​အချိန်​မှာ လိုအပ်​တဲ့​လမ်းညွှန်မှု​ပေး​ခဲ့​တဲ့​အတွက် ကျေးဇူး​တင်​မိတယ်။”

တစ်ခါတစ်ရံ ကျွန်ုပ်​တို့၏​ကလေး​များသည် ဝိညာဉ်​ရေး​မကောင်းသော​ဝန်းကျင်​တွင် ရှိနေကြ​သော်လည်း ခရစ်ယာန်​ကောင်း​များ​အဖြစ် ကြီးပြင်း​လာနိုင်​သည်​မှာ သံသယ​ဖြစ်စရာ​မရှိပေ။ သမ္မာကျမ်းစာ​ကတိတော်​များ​အရ ဘုရားသခင့်​ဉာဏ်ပညာ​က ဝိညာဉ်ရေးတွင် သူတို့ကို ကာကွယ်​ပေး​နိုင်​သည်။ ‘ဉာဏ်ပညာ​သည် သင်၏​နှလုံး​ထဲ​သို့​ဝင်၍ သင်သည် သိ​ကြား​ခြင်း​၌ မွေ့လျော်​သောအခါ ကောင်းသော​သတိ​သည် သင့်ကို​ထိန်းသိမ်း​၍ ဉာဏ်​သည်လည်း စောင့်ရှောက်​သဖြင့် ဆိုးသော​လမ်း​မှ ကယ်တင်​လိမ့်​မည်။’—သု. ၂:၁၀-၁၂

ကလေး​ကို ကိုး​လ​အထိ ကိုယ်ဝန်ဆောင်​ရခြင်း​သည် လွယ်ကူ​သည့်​အလုပ်​မဟုတ်​ချေ။ နောင်​အနှစ် ၂၀ အထိ ပျော်ရွှင်မှု​နှင့်အတူ နာကြည်းမှု​ပါ ရော​ပြွန်း​ခံစား​ရနိုင်​သည်။ သို့ရာတွင် ခရစ်ယာန်​မိဘများသည် မိမိတို့၏​သားသမီး​များ​ကို ချစ်​ကြသော​ကြောင့် ဘုရားသခင့်​ဉာဏ်ပညာ​ဖြင့် သူတို့ကို အတတ်နိုင်ဆုံး ကြိုးစား​ကာကွယ်​ပေး​ကြသည်။ သက်ကြီးရွယ်အို​တမန်​တော်​ယောဟန်​သည် သူ၏​ဝိညာဉ်​ရေးသား​သမီး​များနှင့်​ပတ်သက်ပြီး ဤသို့​ခံစားရ​သကဲ့သို့ မိဘများသည်​လည်း ခံစား​ကြ​ရသည်– ‘ငါ​၏​သားသမီးတို့​သည် အမှန်တရား၌ ကျင်လည်​သည်ကို ငါ​ကြား​၍ ဝမ်းမြောက်ခြင်း​ထက် သာ၍​ဝမ်းမြောက်ခြင်း​မရှိ။’—၃ ယောဟန် ၄

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ဤ​ဆောင်းပါး​ရှိ အမည်​အချို့​ကို ပြောင်း​ထား​သည်။

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

“ကျွန်တော်​တို့​အိမ်ကို ဝင်ထွက်​နိုင်အောင် ဖွင့်ပေး​ထား​တာ​ကြောင့် လူငယ်တွေ အမြဲမပြတ်​ရှိနေတယ်”

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

သင့်​ကလေး​များ​၏ စိတ်ဝင်စား​ရာ​များ​ကို စိတ်ဝင်စားမှု​ရှိပါ

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

“သင်အံမှု​အတွက် အသေးစိတ်​ကြိုတင်​ပြင်ဆင်​တယ်”