ဘုရားသခင်မနှစ်သက်သော ထုံးတမ်းများကို သတိပြု
ဘုရားသခင်မနှစ်သက်သော ထုံးတမ်းများကို သတိပြု
ပူပြင်းသောအာဖရိကနေရောင်အောက် ဝင်းခြံငယ်လေးတစ်ခုအတွင်း ခေါင်းတလားတစ်လုံး ဖွင့်လျက်သားရှိနေသည်။ အသုဘပို့ဆောင်သူများသည် ဝမ်းနည်းပူဆွေးကြောင်းဖော်ပြဖို့ ခေါင်းတလားနံဘေး စီတန်းလျှောက်နေစဉ် အဖိုးအိုတစ်ဦး ရပ်လိုက်သည်။ ဝမ်းနည်းကြေကွဲနေသော မျက်လုံးဖြင့် ကွယ်လွန်သူအမျိုးသား၏မျက်နှာဘေး ကပ်ပြီး ဤသို့စပြောလေသည်– “မင်း သွားတော့မယ်ဆိုတာ ဘာဖြစ်လို့မပြောတာလဲ။ ဘာဖြစ်လို့ ငါ့ကို ဒီလိုခွဲသွားရတာလဲ။ အခု မင်းပြန်သွားပြီဆိုတော့ ငါ့ကို ဆက်ကူညီပေးဦးမှာလား။”
အာဖရိက၏အခြားဒေသတစ်ခုတွင် ကလေးတစ်ဦးမွေးဖွားလာသည်။ ကလေးကို မည်သူမျှကြည့်ခွင့်မရှိချေ။ အချိန်အတန်ငယ်ကြာပြီးနောက် ကင်ပွန်းတပ်မင်္ဂလာအခမ်းအနားကျမှ ကလေးကို လူတို့တွေ့မြင်ရကြသည်။
လူသေနှင့်စကားပြောခြင်း သို့မဟုတ် မွေးကင်းစကလေးကို သူတစ်ပါးမမြင်စေဖို့ ဝှက်ထားခြင်းတို့သည် လူအချို့အတွက် အထူးအဆန်းဖြစ်နေပုံရသည်။ သို့သော် အချို့သောယဉ်ကျေးမှုများနှင့် လူ့အဖွဲ့အစည်းများတွင် သေလွန်သူများသည် အသက်ရှင်၍ အသိတရားရှိနေသည်ဟူသော အလွန်သြဇာကြီးမားသည့် အယူအဆက သေခြင်းနှင့် မွေးဖွားခြင်းဆိုင်ရာ လူတို့၏အမူအကျင့်နှင့် ရှုမြင်ပုံများအပေါ် စိုးမိုးထားသည်။
ဤအယူအဆ အရိုးစွဲနေသဖြင့် ဘဝကဏ္ဍအားလုံးနီးပါးအကျုံးဝင်သော ထုံးစံများနှင့် အခမ်းအနားများ၏ အဓိကအစိတ်အပိုင်းဖြစ်၍နေလေသည်။ ဥပမာ မွေးဖွားလာခြင်း၊ လူလားမြောက်ခြင်း၊ အိမ်ထောင်ပြုခြင်း၊ သားသမီးမွေးဖွားခြင်းနှင့် သေခြင်းစသည့် အရေးပါသောဘဝမှတ်တိုင်များသည် ဘိုးဘေးများ၏ဝိညာဉ်လောကသို့ ဘဝကူးမှုအဆင့်ဆင့်ဖြစ်သည်ဟု ယုံကြည်သူသန်းပေါင်းများစွာရှိ၏။ သေလွန်သူသည် ဝိညာဉ်လောကမှနေ၍ ကျန်ရစ်သူတို့အတွက် တက်ကြွစွာ ဆက်လက်ပါဝင်ဆောင်ရွက်ပေးသည်ဟု ယုံကြည်ကြသည်။ ထို့ပြင် သူလည်း လူ့ဘဝပြန်ရကာ ဘဝသံသရာပြန်လည်နိုင်သည်ဟုဆို၏။
ချောချောမောမော ဘဝသံသရာလည်ပတ်စေဖို့ ပြုလုပ်ဆောင်ရွက်ရသော ရိုးရာထုံးစံများနှင့် အခမ်းအနားများစွာရှိ၏။ သေပြီးနောက် ကိုယ်ခန္ဓာတွင်းမှ တစ်စုံတစ်ရာသည် ဆက်အသက်ရှင်၏ဟူသောအယူအဆက အဆိုပါဓလေ့ထုံးစံများကို လွှမ်းမိုးထားသည်။ ခရစ်ယာန်စစ်များသည် ၎င်းအယူအဆနှင့်ဆက်နွှယ်သမျှ ဓလေ့ထုံးစံများကို ရှောင်ကြဉ်ကြသည်။ အဘယ်ကြောင့်နည်း။
သေလွန်သူများ၏အခြေအနေ မည်သို့နည်း
သေလွန်သူများ၏အခြေအနေကို သမ္မာကျမ်းစာက ရှင်းလင်းစွာဖော်ပြထားသည်။ ဤသို့ရိုးရှင်းစွာဖော်ပြသည်– “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။ . . . သူ၏ ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်း ပျောက်ပျက်၏။ . . . သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသော မရဏာနိုင်ငံ [လူ့သင်္ချိုင်း] ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။” (ဒေ. ၉:၅၊ ၆၊ ၁၀) ဘုရားသခင်၏ စစ်မှန်သောဝတ်ပြုသူများသည် ကြာမြင့်စွာကတည်းက ဤအခြေခံကျမ်းစာအမှန်တရားကို လက်ခံယုံကြည်ထားကြသည်။ ဝိညာဉ်စိုးလ်သည် မသေနိုင်သောအရာမဟုတ်၊ သေနိုင်၊ ဖျက်ဆီးခံရနိုင်သောအရာဖြစ်သည်ဟု သူတို့နားလည်ထားကြသည်။ (ယေဇကျေလ ၁၈:၄) လူသေတို့၏ဝိညာဉ်ဟူ၍ မရှိကြောင်းကိုလည်း သူတို့သိထားကြသည်။ (ဆာလံ ၁၄၆:၄) ရှေးခေတ်တွင်၊ လူသေတို့သည် အသိတရားရှိပြီး အသက်ရှင်သူတို့ကို လွှမ်းမိုးခြယ်လှယ်နိုင်သည်ဟူသော အယူအဆနှင့်ဆက်နွှယ်သော မည်သည့်ထုံးစံ၊ အခမ်းအနားမဆိုမှ လုံးဝသီးခြားနေရန် မိမိ၏လူမျိုးတော်ကို ယေဟောဝါ ကျပ်တည်းစွာမိန့်မှာထားသည်။—တရားဟောရာ ၁၄:၁; ၁၈:၉-၁၃; ဟေရှာယ ၈:၁၉၊ ၂၀။
ပထမရာစုခရစ်ယာန်များလည်း အယူမှားဘာသာရေးသွန်သင်ချက်နှင့်ဆက်နွှယ်သည့် မည်သည့်ရိုးရာထုံးစံ သို့မဟုတ် အခမ်းအနားကိုမဆို ရှောင်ခဲ့ကြသည်။ (၂ ကောရိန္သု ၆:၁၅-၁၇) ယနေ့ ယေဟောဝါသက်သေများသည် လူမျိုး၊ အနွယ် သို့မဟုတ် နောက်ခံမည်သို့ပင်ရှိစေ၊ လူ့ကိုယ်ခန္ဓာတွင်းမှ တစ်စုံတစ်ရာသည် မသေဘဲဆက်အသက်ရှင်သည်ဟူသော မှားယွင်းသောသွန်သင်ချက်နှင့်ဆက်နွှယ်သမျှ ရိုးရာဓလေ့ထုံးစံများကို ရှောင်ကြသည်။
ခရစ်ယာန်များအနေနှင့် တစ်စုံတစ်ခုသောထုံးစံကို လိုက်သင့်မသင့် ဆုံးဖြတ်ရာတွင် အဘယ်အရာက လမ်းညွှန်ပေးနိုင်သနည်း။ လူသေတို့၏ဝိညာဉ်များသည် အသက်ရှင်သူတို့၏ဘဝများကို ဩဇာလွှမ်းသည်ဟူသော ကျမ်းစာနှင့်မညီသည့် သွန်သင်ချက်တစ်ခုခုနှင့် ပတ်သက်ဆက်နွှယ်နေမနေကို အသေအချာစဉ်းစားသုံးသပ်ရကြမည်။ ထို့အပြင် အနှီထုံးတမ်း သို့မဟုတ် အခမ်းအနားတစ်ခုခုတွင် ပါဝင်ခြင်းဖြင့် ယေဟောဝါသက်သေများယုံကြည်၊ သွန်သင်ရာများကို သိထားကြသူများအား ထိမိ၍လဲသွားစေမည်လောဆိုသည်ကိုလည်း သုံးသပ်ဖို့လိုသည်။ ထိုအချက်များကိုစိတ်ထဲထား၍ သက်ဆိုင်ရာကဏ္ဍနှစ်ခု—မွေးဖွားခြင်းနှင့် သေခြင်း—ကို သုံးသပ်ကြည့်ကြစို့။
မွေးဖွားခြင်းနှင့် ကလေးကင်ပွန်းတပ် အခမ်းအနားများ
သားသမီးမွေးဖွားခြင်းဆိုင်ရာ ထုံးစံများစွာတို့မှာ သင့်မြတ်လျော်ကန်ပါသည်။ သို့သော် မွေးဖွားခြင်းသည် ဘိုးဘေးဝိညာဉ်များဘုံမှ လူ့အသိုင်းအဝိုင်းသို့ ကူးပြောင်းခြင်းဖြစ်သည်ဟု ရှုမြင်သောဒေသများရှိ ခရစ်ယာန်စစ်များအနေနှင့် သတိရှိရကြမည်။ ဥပမာ၊ အာဖရိကဒေသအချို့တွင် မွေးစကလေးကို အိမ်တွင်းအောင်းထားကြပြီး အချိန်ကာလတစ်ခု မလွန်မချင်း အမည်မပေးကြချေ။ စောင့်ဆိုင်းရာကာလမှာ ဒေသအလျောက်ကွဲပြားသော်လည်း ကလေးကိုအိမ်ပြင်ထုတ်ပြီး ဆွေမျိုးမိတ်သင်္ဂဟများနှင့် မိတ်ဆက်ပေးသည့် ကင်ပွန်းတပ်မင်္ဂလာဖြင့် ထိုကာလအဆုံးတိုင်သည်။ ထိုအချိန်တွင် အခမ်းအနားတက်ရောက်သူများအား ကလေး၏အမည်ကို တရားဝင်ကြေညာပေးသည်။
ဤထုံးစံ၏အဓိပ္ပာယ်ကို ဂါနာ—ထိုလူမျိုးနှင့် သူတို့၏ယဉ်ကျေးမှုကို နားလည်ခြင်းဟူသောစာအုပ်က ဤသို့ရှင်းပြသည်– “မွေးကင်းစကလေးသည် ပထမခုနစ်ရက်အတွင်း ‘အလည်’ ရောက်နေသည်၊ ဝိညာဉ်ဘုံမှ မြေကြီးသားအဖြစ်သို့ ဘဝကူးပြောင်းနေသည်ဟု ယူမှတ်ကြသည်။ . . . ကလေးကို ထုံးစံအရ အိမ်တွင်းအောင်းထားကြရာ မိသားစုဝင်မဟုတ်သူများ ကြည့်ခွင့်မရှိချေ။”
ကလေးကို အဘယ်ကြောင့် စောင့်ဆိုင်းရာကာလလွန်မှ အခမ်းအနားဖြင့် အမည်ပေးရသနည်း။ ဂါနာ၏ရှေးဟောင်းနှောင်းဖြစ် ဟူသောစာအုပ်က “ရှစ်ရက်သားမတိုင်မီ ကလေးသည် လူမဖြစ်သေးဟုအဆိုရှိ၏။ သူဘဝကူးလာရာဘုံနှင့် အနည်းနှင့်အများ အဆက်အသွယ်ရှိနေဆဲဖြစ်သည်” ဟုရှင်းပြသည်။ စာအုပ်က ဤသို့ဆက်ရှင်းပြသည်– “ကင်ပွန်းတပ်ခြင်းသည် ကလေးကို လူ့အသွင်ယူစေလိုက်ခြင်းဟု ဆိုရမလိုဖြစ်သောကြောင့် မိမိတို့ကလေး သေမှာကိုစိုးရိမ်သော မောင်နှံစုံသည် ကလေးအသက်ရှင်ဖို့ မသေချာမချင်း အမည်ပေးဖို့ ရွှေ့ဆိုင်းထားတတ်လေ့ရှိသည်။ . . . ထို့ကြောင့် ဤဘဝမှတ်တိုင်သည် ကလေးနှင့် သူ့မိဘများအတွက် ကြီးမားသောအကျိုးဆက်များ ကျရောက်စေနိုင်သည်ဟုယူဆကာ
ကလေးကို အိမ်ပြင်ခေါ်ထုတ်ခြင်းဟု တစ်ခါတစ်ရံခေါ်ကြသည်။ ယင်းသည် ကလေးကိုလူ့ဘောင် သို့မဟုတ် လူ့လောကသို့ ခေါ်ဆောင်သည့်အခမ်းအနားဖြစ်သည်။”ထိုကင်ပွန်းတပ်မင်္ဂလာအခမ်းအနားကို အသက်ကြီးသူဆွေမျိုးတစ်ဦးက ဦးစီးဆောင်ရွက်လေ့ရှိသည်။ အခမ်းအနားကျင်းပပုံမှာ တစ်နေရာနှင့်တစ်နေရာ မတူချေ၊ သို့သော် အရက်ယမကာသွန်းလောင်းပူဇော်ခြင်း၊ ကလေးဘေးမသီရန်မခ ရောက်ရှိလာခြင်းအတွက် ဘိုးဘေးဝိညာဉ်များကို ကျေးဇူးတင်ကြောင်း ဆုတောင်းဖော်ပြခြင်းနှင့် အခြားလုပ်ထုံးလုပ်နည်းများ ပါဝင်လေ့ရှိသည်။
ကလေးအမည်ကို ကြေညာခြင်းသည် အခမ်းအနားတွင် အထူးစိတ်ဝင်စားစရာဖြစ်သည်။ မိဘတို့သည် မိမိတို့ကလေးကို အမည်ပေးဖို့တာဝန်ရှိသော်လည်း အမည်ရွေးချယ်ရာတွင် အခြားဆွေမျိုးများ၏သြဇာ အတော်ပင်လွှမ်းမိုးလေ့ရှိသည်။ အမည်အချို့မှာ ဒေသခံဘာသာစကားဖြင့် “သွား၍ပြန်လာခြင်း၊” “ဒုတိယအကြိမ် အမေပြန်လာပြီ၊” သို့မဟုတ် “အဖေပြန်လာပြီ” ဟူ၍အဓိပ္ပာယ်ရှိသည့် အမည်များကို ပေးကြ၏။ အခြားအမည်များမူ မွေးကင်းစကလေးကို လူသေနိုင်ငံသို့ ဘိုးဘေးများ ပြန်မခေါ်သွားစေဖို့ ရည်ရွယ်သောအဓိပ္ပာယ်များ ပါဝင်သည်။
ကလေးမွေးဖွားသည့်အတွက် ပျော်ရွှင်မြူးထူးခြင်းသည် ဘာမျှမမှားပါ။ ကလေးကို တစ်စုံတစ်ဦး၏အမည်ဖြင့် မှည့်ခေါ်ခြင်းဖြစ်စေ၊ သူမွေးဖွားရာအခြေအနေများကို ထင်ဟပ်သောအမည်တစ်ခုပေးခြင်းဖြစ်စေ လက်ခံဖွယ်ထုံးတမ်းများဖြစ်ပြီး အဘယ်အချိန်၌ ကလေးအမည်ပေးရမည်ဆိုသည်မှာ ကိုယ်ပိုင်ဆုံးဖြတ်ဖို့ဖြစ်သည်။ သို့သော် ဘုရားသခင့်နှစ်သက်မှုရလိုသော ခရစ်ယာန်များအနေနှင့် မွေးကင်းစကလေးသည် ဘိုးဘေးတို့၏ဝိညာဉ်ဘုံမှ အသက်ရှင်သူအသိုင်းအဝိုင်းသို့ ကူးပြောင်းလာသော “ဧည့်သည်” တစ်ဦးဖြစ်သည်ဟူသောအမြင်ကို လက်ခံသည်ဟုထင်မြင်စေသော မည်သည့်ထုံးတမ်း သို့မဟုတ် အခမ်းအနားများကိုမဆို သတိပြုရှောင်ကြဉ်ကြသည်။
ထို့ပြင် ရပ်ကွက်သူရပ်ကွက်သားအများက အမည်ပေးအခမ်းအနားကို အရေးပါသော ဘဝမှတ်တိုင်တစ်ခုအဖြစ် ရှုမြင်ကြစဉ် ခရစ်ယာန်များမူ အခြားသူများ၏သိစိတ်ကို ထောက်ထားသိရှိကာ မယုံကြည်သူတို့ ထင်မြင်သွားနိုင်ရာများကို ထည့်တွက်သင့်ပါသည်။ ဥပမာ ခရစ်ယာန်မိသားတစ်စုသည် အမည်ပေးအခမ်းအနား မတိုင်မချင်း မွေးကင်းစကလေးကို အခြားသူများမမြင်အောင်ထားမည်ဆိုလျှင် အချို့သူတို့က မည်သို့ကောက်ချက်ချကြမည်နည်း။ ကျမ်းစာအမှန်တရားသွန်သင်သူများဟူသည့်အဆိုနှင့် ဆန့်ကျင်သောအမည်များပေးလျှင် မည်သို့ထင်မှတ်သွားကြမည်နည်း။
ထို့ကြောင့် ခရစ်ယာန်များသည် မိမိတို့သားသမီးအား မည်သို့နှင့် မည်သည့်အချိန်တွင် အမည်ပေးရမည်ကိုဆုံးဖြတ်သောအခါ ထိမိ၍လဲစရာအကြောင်းမဖြစ်စေဖို့ “ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြု” ရန် ကြိုးစားကြသည်။ (၁ ကောရိန္သု ၁၀:၃၁-၃၃) သူတို့သည် လူသေများကိုဂုဏ်ပြုဖို့ မူလရည်ရွယ်ချက်ရှိသော ‘ထုံးတမ်းစဉ်လာများကို စောင့်ထိန်းရန်အလို့ငှာ ဘုရားသခင်၏ပညတ်တော်ကို ပယ်’ ခြင်း မပြုကြချေ။ ယင်းနှင့်ဆန့်ကျင်လျက် အသက်ရှင်သောဘုရားသခင်၊ ယေဟောဝါ၏ ဂုဏ်တော်နှင့် ဘုန်းတော်ကို သူတို့ထင်ရှားစေကြသည်။—မာကု ၇:၉၊ ၁၃။
သေခြင်းမှ ရှင်ခြင်းသို့ ကူးပြောင်းခြင်း
မွေးဖွားခြင်းကဲ့သို့ပင် သေခြင်းသည် ဘဝကူးပြောင်းခြင်းဖြစ်သည်; သေလွန်သူသည် ရုပ်လောကမှ လူသေတို့၏ ဝိညာဉ်လောကသို့ ပြောင်းရွှေ့သွားသည်ဟု လူအများယူမှတ်ကြသည်။ လူတစ်ဦးသေသောအခါ အသုဘထုံးတမ်းများနှင့် အခမ်းအနားအချို့ မပြုလုပ်ခဲ့သော် ဘိုးဘေးဝိညာဉ်များက အမျက်ထွက်လိမ့်မည်ဟု လူအများယုံကြည်ကြသည်၊ ထိုဝိညာဉ်များသည် သက်ရှိများကို ဆုပေး၊ ဒဏ်ပေးရန် တန်ခိုးရှိသည်ဟုယုံကြည်ကြ၏။ ဤအယူအဆသည် အသုဘအခမ်းအနားများ စီစဉ်ကျင်းပပုံအပေါ် အကြီးအကျယ်သြဇာလွှမ်းသည်။
လူသေတို့ကျေနပ်စေဖို့ရည်စူးသော အသုဘအခမ်းအနားများတွင် စိတ်လှုပ်ရှားမှုအမျိုးမျိုး ပါဝင်လေ့ရှိသည်—ရုပ်အလောင်းရှေ့တွင် အပြင်းအထန်ငိုကြွေး၊ အော်ဟစ်ခြင်းမှသည် သင်္ဂြိုဟ်ပြီးနောက် ပျော်ပွဲများဆင်နွှဲကြသည့်အထိဖြစ်သည်။ အထိန်းအကွပ်မရှိ စားသောက်ခြင်း၊ သောက်ကြူးခြင်းနှင့် ဆူညံသောတေးသံဖြင့် ကခုန်ခြင်းတို့သည် ထိုသို့သောအခမ်းအနားများ၏ အသွင်အပြင်များဖြစ်လေ့ရှိသည်။ အသုဘဆိုင်ရာကိစ္စရပ်များသည် အလွန်အရေးကြီးရကား အခက်အခဲရှိပြီး အကြွေးတင်နိုင်သော်လည်း အဆင်းရဲဆုံးမိသားစုများပင် “သင့်လျော်သည့်သင်္ဂြိုဟ်မှု” ဖြစ်ရန် ငွေအလုံအလောက်ရရှိဖို့ ကြိုးစားပမ်းစား ကောက်ခံကြသည်။
ယေဟောဝါသက်သေများသည် နှစ်များတစ်လျှောက် ကျမ်းစာနှင့်မညီသော အသုဘထုံးတမ်းများကို စေ့စေ့စပ်စပ်ဖော်ထုတ်ပြခဲ့ပြီ။ * အဆိုပါထုံးတမ်းများတွင် သေပြီးနောက် လူ့ခန္ဓာတွင်းမှ တစ်စုံတစ်ရာသည် ဆက်အသက်ရှင်၏ဟူသောအယူပေါ်အခြေပြုသည့် အသုဘစောင့်ခြင်း၊ အရက်ယမကာသွန်းလောင်းခြင်း၊ လူသေကို စကားပြော၊ တောင်းပန်ခြင်း၊ အသုဘနှစ်ပတ်လည်နေ့များတွင် အခမ်းအနားများကျင်းပခြင်းနှင့် အခြားထုံးတမ်းများ ပါဝင်သည်။ ဘုရားသခင်ကိုဂုဏ်ဖျက်သည့် ဤသို့သောထုံးတမ်းများသည် “မစင်ကြယ်သောအရာ” များ၊ ကျမ်းစာအမှန်တရားအပေါ်မဟုတ်ဘဲ ‘လူ့ထုံးတမ်းစဉ်လာ’ အပေါ်အခြေပြုသည့် “အချည်းနှီးသောပရိယာယ်” ဖြစ်ကြသည်။ —ဟေရှာယ ၅၂:၁၁; ကောလောသဲ ၂:၈။
လိုက်လျောရန်ဖိအားပေးခြင်း
အချို့သူတို့သည် ရိုးရာထုံးတမ်းစဉ်လာများကိုရှောင်ဖို့ အလွန်အခက်တွေ့ခဲ့ကြပြီ၊ အထူးသဖြင့် သေသူများကို ဂုဏ်ပြုခြင်းသည် အထူးအရေးပါသည်ဟုအယူရှိသော နိုင်ငံများတွင်ဖြစ်၏။ ထိုသို့သောထုံးတမ်းများကို မလိုက်သည့်အတွက် ယေဟောဝါသက်သေများကို သံသယဝင်ကြသည်၊ သူတို့သည် လူမှုရေးခေါင်းပါးသူများဖြစ်ပြီး သေသူကို မလေးစားကြဟု စွပ်စွဲခံခဲ့ရပြီ။ အချို့မှာ ကျမ်းစာအမှန်တရားနှင့်ပတ်သက်၍ မှန်ကန်သည့်သိနားလည်မှုရှိကြသော်လည်း ပြစ်တင်ဝေဖန်မှုနှင့် ပြင်းထန်သောဖိအားပေးမှုတို့ကြောင့် ပေါ်ပေါ်ထင်ထင်ရပ်တည်ရန် မဝံ့မရဲဖြစ်ခဲ့ကြသည်။ (၁ ပေတရု ၃:၁၄) ဤထုံးတမ်းများသည် မိမိတို့ယဉ်ကျေးမှုတစ်စိတ်တစ်ဒေသဖြစ်၍ ကင်းကင်းနေ၍မရနိုင်ဟု ယူဆကြသူများလည်းရှိသည်။ အခြားသူတို့ကမူ ဤထုံးတမ်းကိုလိုက်ဖို့ငြင်းဆိုခြင်းဖြင့် အများက ဘုရားသခင့်လူမျိုးတော်အပေါ် မလိုမုန်းထားစိတ်ဝင်လာနိုင်သည်ဟု အကြောင်းပြခဲ့ကြပြီ။
ကျွန်ုပ်တို့သည် အခြားသူများကို အကြောင်းမဲ့စိတ်မဆိုးစေလိုပါ။ သို့သော် အမှန်တရားဘက် အခိုင်အမာရပ်တည်ခြင်းဖြင့် ဘုရားသခင်နှင့်ကင်းကွာနေသည့်လောက၏ မုန်းတီးခြင်းခံရမည်ဟု သမ္မာကျမ်းစာက သတိပေးပါသည်။ (ယောဟန် ၁၅:၁၈၊ ၁၉; ၂ တိမောသေ ၃:၁၂; ၁ ယောဟန် ၅:၁၉) ကျွန်ုပ်တို့သည် ဝိညာဉ်ရေးအမှောင်ထုရှိသူတို့နှင့် ခြားနားရမည်ကိုသိထားကာ စိတ်ပါလက်ပါ ထိုသို့ရပ်တည်ကြခြင်းဖြစ်သည်။ (မာလခိ ၃:၁၈; ဂလာတိ ၆:၁၂) ဘုရားသခင်မနှစ်သက်ရာကိုပြုလုပ်ဖို့ စာတန်၏သွေးဆောင်မှုကို ယေရှုတွန်းလှန်ခဲ့သည့်နည်းတူ ကျွန်ုပ်တို့လည်း ဘုရားသခင်မနှစ်သက်သောနည်းအတိုင်း ပြုကျင့်ရန်ဖိအားပေးခံရခြင်းကို တွန်းလှန်ကြပါသည်။ (မဿဲ ၄:၃-၇) လူကိုကြောက်ခြင်း၏သြဇာလွှမ်းမှုခံမည့်အစား ခရစ်ယာန်စစ်များသည် ယေဟောဝါဘုရားသခင်၏နှစ်သက်မှုရရှိပြီး အမှန်တရား၏ဘုရားသခင်အဖြစ် ကိုယ်တော်အားဂုဏ်တင်ရန် အဓိကအာရုံစိုက်ကြသည်။ သူတစ်ပါး၏ဖိအားပေးမှုကြောင့် စင်ကြယ်သောဝတ်ပြုရေးဆိုင်ရာ ကျမ်းစာစံနှုန်းများကို အလျော့မပေးခြင်းဖြင့် ထိုသို့ပြုကြသည်။—သု. ၂၉:၂၅; တမန်တော် ၅:၂၉။
လူသေကိုရှုမြင်ပုံဖြင့် ယေဟောဝါအား ဂုဏ်တင်ခြင်း
ကျွန်ုပ်တို့ချစ်မြတ်နိုးရသူတစ်ဦးသေဆုံးသောအခါ အကြီးအကျယ်စိတ်ထိခိုက်ပြီး ဝမ်းနည်းပူဆွေးသည်မှာ သဘာဝဖြစ်သည်။ (ယောဟန် ၁၁:၃၃၊ ၃၅) ချစ်မြတ်နိုးရသူအကြောင်း သတိရအောက်မေ့မှုကို ရင်ဝယ်ပိုက်ပြီး သင့်တင့်လျောက်ပတ်စွာ သင်္ဂြိုဟ်ခြင်းသည် သင့်မြတ်လျော်ကန်သော မေတ္တာဖော်ပြနည်းများဖြစ်သည်။ သို့သော် ယေဟောဝါသက်သေများသည် ဘုရားသခင်မနှစ်သက်သော မည်သည့်ရိုးရာထုံးတမ်းများနှင့်မျှ ပါဝင်ပတ်သက်ခြင်းမရှိဘဲ သေခြင်းကြောင့် အကြီးအကျယ်ဝမ်းနည်းပူဆွေးခြင်းကို ရင်ဆိုင်ကျော်လွှားကြသည်။ လူသေကို အလွန်ကြောက်ရွံ့သော ယဉ်ကျေးမှုများတွင် ကြီးပြင်းလာခဲ့သူများအတွက် ယင်းသည် မလွယ်ကူပါ။ ခင်မင်ရင်းနှီးသူတစ်ဦး သေဆုံးသွားခြင်းကြောင့် စိတ်ထိခိုက်နာကျင်သောအခါ ကျွန်ုပ်တို့၏ဟန်ချက်ကိုထိန်းဖို့ စိန်ခေါ်ချက်တစ်ခုဖြစ်နိုင်သည်။ သို့သော် တည်ကြည်သောခရစ်ယာန်များသည် “နှစ်သိမ့်ခြင်းရှိသမျှ၏အရှင်” ယေဟောဝါထံမှ ခွန်အားရရှိကြပြီး ယုံကြည်သူချင်းများ၏ မေတ္တာပါသောအားပေးမှုမှ အကျိုးရရှိကြသည်။ (၂ ကောရိန္သု ၁:၃၊ ၄၊ သမ္မာ) ဘုရားသခင့်မှတ်ဉာဏ်ထဲရှိ ဘာမျှမသိသောလူသေတို့သည် တစ်နေ့ပြန်ရှင်လာကြမည်ဟူသော သူတို့၏ခိုင်မာသောယုံကြည်ခြင်းသည် ရှင်ပြန်ထမြောက်ခြင်းအမှန်တရားကို ပစ်ပယ်သော ခရစ်ယာန်မဆန်သည့်အသုဘထုံးတမ်းများနှင့် သူတို့ကို လုံးဝသီးခြားဖြစ်စေသည့် ခိုင်လုံသောအကြောင်းဖြစ်၏။
ယေဟောဝါသည် ကျွန်ုပ်တို့အား “မှောင်မိုက်ထဲမှ အံ့ဖွယ်သောအလင်းတော်သို့” ခေါ်သွင်းခဲ့သောကြောင့် ဝမ်းသာပီတိမဖြစ်မိပေလော။ (၁ ပေတရု ၂:၉) ကလေးမွေးဖွားသည့်အတွက် ပျော်ရွှင်ရချိန်တွင်ဖြစ်စေ၊ သေခြင်းကြောင့် ဝမ်းနည်းပူဆွေးနေစဉ်ဖြစ်စေ မှန်ရာကိုပြုလိုသော ပြင်းပြသည့်ဆန္ဒနှင့် ယေဟောဝါဘုရားသခင်ကို အလွန်ချစ်သည့်စိတ်က “အလင်း၏သားကဲ့သို့ကျင့်နေ” ရန် ကျွန်ုပ်တို့ကို အစဉ်လှုံ့ဆော်ပေးပါစေ။ ဘုရားသခင်မနှစ်သက်သော ခရစ်ယာန်မဆန်သည့် ထုံးတမ်းများကြောင့် ကျွန်ုပ်တို့၏ဝိညာဉ်ရေး ညစ်ညမ်းသွားရန် ဘယ်တော့မျှ ခွင့်မပြုမိပါစေနှင့်။—ဧဖက် ၅:၈။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 23 ယေဟောဝါသက်သေများထုတ်ဝေခဲ့သော လူသေတို့၏ဝိညာဉ်များ—သင့်ကိုကူညီနိုင်သလော၊ ဒုက္ခပေးနိုင်သလော၊ ယင်းတို့အမှန်တည်ရှိသလော [လိပ်] နှင့် ထာဝရအသက်လမ်း—သင်ရှာတွေ့ ပြီလော [လိပ်] ဘရိုရှာတို့ကို ကျေးဇူးပြု၍ရှု။