ဘုရားသခင်အား ချစ်သည့်မေတ္တာဖြင့် စည်းလုံးနေခြင်း
ဘုရားသခင်အား ချစ်သည့်မေတ္တာဖြင့် စည်းလုံးနေခြင်း
ကျွန်ုပ်တို့၏ခရစ်နှစ် ပထမရာစုတွင် ခရစ်ယာန်အသင်းတော် တည်ထောင်ချိန်၌ ယင်း၏ထူးခြားသောလက္ခဏာတစ်ရပ်ရှိသည်၊ ယင်းမှာ အသင်းသားများသည် လူမျိုးပေါင်းစုံဖြစ်ကြသော်လည်း စည်းလုံးနေခြင်းဖြစ်သည်။ စစ်မှန်သော ဘုရားသခင်ကိုဝတ်ပြုကြသည့် ထိုသူတို့သည် အာရှ၊ ဥရောပနှင့် အာဖရိကနိုင်ငံများမှဖြစ်ကြသည်။ ယဇ်ပုရောဟိတ်များ၊ စစ်သည်များ၊ ကျွန်များ၊ ခိုလှုံသူများ၊ ကုန်သည်များ၊ ပညာရှင်များနှင့် စီးပွားရေးသမားများစသည့် လူမှုရေးနောက်ခံအမျိုးမျိုးမှ ဖြစ်သည်။ အချို့မှာ ဂျူးလူမျိုးများဖြစ်ပြီး တစ်ပါးအမျိုးသားများလည်းပါသည်။ များစွာသောသူတို့သည် သူ့သားအိမ်ရာပြစ်မှားသူများ၊ လိင်တူသမားများ၊ သောက်ကြူးသူများ၊ ခိုးဝှက်သူများ သို့မဟုတ် အနိုင်အထက်ပြုသူများဖြစ်ခဲ့ဖူးကြသည်။ သို့သော် ခရစ်ယာန်များဖြစ်လာကြသောအခါ သူတို့သည် အကျင့်ဆိုးများကို စွန့်ပယ်၍ ယုံကြည်ခြင်း၌ လက်ပွန်းတတီးပေါင်းစည်းလာကြသည်။
ပထမရာစုခရစ်ယာန်ဘာသာတရားသည် အဘယ်အရာဖြင့် ထိုသူအပေါင်းကို တစည်းတလုံး ပေါင်းစည်းစေနိုင်ခဲ့သနည်း။ သူတို့သည် အချင်းချင်းနှင့်လည်းကောင်း၊ လူအများနှင့်လည်းကောင်း အဘယ်ကြောင့် အသင့်အတင့်ရှိခဲ့ကြသနည်း။ ဆူပူအုံကြွမှုနှင့် ပဋိပက္ခများတွင် အဘယ်ကြောင့် သူတို့မပါခဲ့ကြသနည်း။ အစောပိုင်းခရစ်ယာန်ဘာသာတရားသည် ယခုခေတ်ဝတ်ပြုရေးကြီးများနှင့် အဘယ်ကြောင့် အကြီးအကျယ်ကွာခြားရသနည်း။
အသင်းသားများကို အဘယ်အရာက လက်ပွန်းတတီး ပေါင်းစည်းစေသနည်း
ပထမရာစုမှ ယုံကြည်သူချင်းများကို စည်းလုံးစေခဲ့သော အဓိကအကြောင်းရင်းမှာ ဘုရားသခင်အား ချစ်သည့်မေတ္တာဖြစ်၏။ စစ်မှန်သောဘုရားသခင် ယေဟောဝါကို စိတ်နှလုံး၊ စိုးလ်အကြွင်းမဲ့ချစ်ရေးမှာ မိမိတို့၏ဝတ္တရားတစ်ခုဖြစ်ကြောင်း ထိုခရစ်ယာန်များ အသိအမှတ်ပြုခဲ့ကြသည်။ သာဓကအနေနှင့် ဂျူးလူမျိုး တမန်တော်ပေတရုသည် ပုံမှန်အားဖြင့် သူတရင်းတနှီးပေါင်းသင်းမည်မဟုတ်သော တစ်ပါးအမျိုးသားတစ်ဦး၏ အိမ်သို့သွားရောက်ရန် ညွှန်ကြားခံခဲ့ရသည်။ ယင်းကိုနာခံဖို့ သူ့အား လှုံ့ဆော်ပေးခဲ့သော အဓိကအကြောင်းမှာ ယေဟောဝါအား ချစ်သည့်မေတ္တာဖြစ်၏။ ပေတရုနှင့် ကနဦးခရစ်ယာန်များသည် ဘုရားသခင်၏ဂုဏ်ရည်တော်၊ ကိုယ်တော်၏အကြိုက်၊ မကြိုက်ရာများနှင့်ဆိုင်သော အသိပညာမှန်အပေါ်အခြေပြုသည့် ရင်းနှီးသောဆက်ဆံရေးကို ရရှိထားကြသည်။ အချိန်တန်သော် မိမိတို့အဖို့ ယေဟောဝါ၏အလိုတော်မှာ “စိတ်သဘောတသံတသမတ်တည်းရှိသည်နှင့် စေ့စပ်စုံလင်” ရန်ဖြစ်ကြောင်း ဝတ်ပြုသူအားလုံး နားလည်လာကြသည်။—၁ ကောရိန္သု ၁:၁၀; မဿဲ ၂၂:၃၇; တမန်တော် ၁၀:၁-၃၅။
ယေရှုခရစ်၌ယုံကြည်ခြင်းကြောင့်လည်း ယုံကြည်သူများသည် တပေါင်းတစည်းဖြစ်လာကြသည်။ သူတို့သည် ကိုယ်တော်၏ခြေရာများကို အနီးကပ် လိုက်လျှောက်လိုခဲ့ကြသည်။ ကိုယ်တော်ဤသို့မိန့်မှာခဲ့သည်– “ငါသည် သင်တို့ကိုချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ . . . သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကိုသိရကြလိမ့်မည်။” (ယောဟန် ၁၃:၃၄၊ ၃၅) ယင်းသည် တဒင်္ဂစိတ်လှုပ်ရှားမှုမဖြစ်ရဘဲ ကိုယ်ကျိုးစွန့်မေတ္တာဖြစ်ရမည်။ အဘယ်ရလဒ် ထွက်မည်နည်း။ ယေရှုအား ယုံကြည်သူတို့နှင့်ပတ်သက်၍ ကိုယ်တော်ဤသို့ဆုတောင်းခဲ့သည်– “ထိုသူအပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ရှိသကဲ့သို့၊ ထိုသူအပေါင်းတို့သည် ငါတို့၌ တစ်လုံးတစ်ဝတည်းဖြစ်စေခြင်းငှာ ဆုတောင်းပါ၏။”—ယောဟန် ၁၇:၂၀၊ ၂၁; ၁ ပေတရု ၂:၂၁။
ယေဟောဝါသည် ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော် သို့မဟုတ် လှုပ်ရှားသောစွမ်းအားကို မိမိ၏ကျေးကျွန်စစ်များအပေါ် သွန်းလောင်းပေးခဲ့သည်။ ဤဝိညာဉ်တော်က သူတို့အလယ်တွင် စည်းလုံးမှုဖြစ်ပေါ်စေခဲ့သည်။ ယင်းက အသင်းတော်အားလုံးတွင် လက်ခံထားသော ကျမ်းစာသွန်သင်ချက်များကို နားလည်စေသည်။ ယေဟောဝါအား ဝတ်ပြုသူများသည် တစ်ခုတည်းသောသတင်းတရား—လူသားတစ်ရပ်လုံးကို အုပ်ချုပ်မည့် ကောင်းကင်အစိုးရတည်းဟူသော ဘုရားသခင့်မေရှိယနိုင်ငံတော်အားဖြင့် ယေဟောဝါ၏နာမတော်အား သန့်ရှင်းမြင့်မြတ်စေခြင်း—ကို ဟောပြောကြသည်။ “ဤလောကနှင့်မစပ်ဆိုင်” ဖို့ မိမိတို့၌တာဝန်ရှိကြောင်း ကနဦးခရစ်ယာန်များ နားလည်ထားကြသည်။ ထို့ကြောင့် မည်သို့သော ပြည်တွင်းဆူပူအုံကြွမှုများ သို့မဟုတ် တိုက်ခိုက်မှုများပေါ်ပေါက်လာပါစေ ခရစ်ယာန်များ ကြားနေကြသည်။ လူအပေါင်းနှင့် အသင့်အတင့်နေကြသည်။—ယောဟန် ၁၄:၂၆; ၁၈:၃၆; မဿဲ ၆:၉၊ ၁၀; တမန်တော် ၂:၁-၄; ရောမ ၁၂:၁၇-၂၁။
စည်းလုံးမှုတိုးပွားစေရန် မိမိတို့၌တာဝန်ရှိသည်ဟု ယုံကြည်သူအားလုံးက ယူမှတ်ကြသည်။ မည်သို့အားဖြင့်နည်း။ သမ္မာကျမ်းစာနှင့်အညီ ပြုမူကျင့်ကြံနေကြောင်း သေချာစေခြင်းဖြင့်တည်း။ ထို့ကြောင့် တမန်တော်ပေါလုက ‘အထက်ကကျင်လည်ကြသော ပုပ်ပျက်သောလူဟောင်းကိုချွတ်ပယ်၍ လူသစ်ကိုယူတင်ဝတ်ဆောင်ကြလော့’ ဟုခရစ်ယာန်များထံ ရေးသားခဲ့သည်။—ဧဖက် ၄:၂၁-၃၂။
စည်းလုံးမှုကိုထိန်းသိမ်း
မှန်ပါသည်၊ ပထမရာစုမှ ယုံကြည်သူများသည် မစုံလင်သူများဖြစ်ပြီး သူတို့၏စည်းလုံးမှုကို အကဲစမ်းသည့်အခြေအနေများ ပေါ်ပေါက်ခဲ့ပါသည်။ သာဓကအနေနှင့် ဂရိနှင့် ဟေဗြဲစကားပြော ဂျူးခရစ်ယာန်များအကြား ပေါ်ပေါက်ခဲ့သော သဘောထားကွဲလွဲမှုအကြောင်း တမန်တော် ၆:၁-၆ တွင် ဖော်ပြထားသည်။ ဂရိစကားပြော ဂျူးခရစ်ယာန်များက မိမိတို့ကို နှိမ်၍ခွဲခြားဆက်ဆံနေသည်ဟု ယူဆကြသည် ။ သို့သော် တမန်တော်များသည် ထိုကိစ္စကို ကြားသိသည်နှင့် မျှမျှတတဖြစ်အောင် ဆောင်ရွက်ပေးခဲ့ကြသည်။ နောက်ပိုင်းတွင် ခရစ်ယာန်အသင်းတော်ရှိ ဂျူးမဟုတ်သူတို့၏တာဝန်များနှင့်ဆိုင်သော အယူဝါဒပိုင်းကိစ္စတစ်ခုကြောင့် အငြင်းပွားခဲ့ကြသည်။ ကျမ်းစာမူများပေါ် အခြေပြုသော ဆုံးဖြတ်ချက်တစ်ခုချခဲ့ရာ ယင်းကို တညီတညွတ်တည်း လက်ခံခဲ့ကြသည်။—တမန်တော် ၁၅:၁-၂၉။
ဤသာဓကများက ပထမရာစုခရစ်ယာန်အသင်းတော်တွင် သဘောထားကွဲလွဲမှုကြောင့် လူမျိုးစုခွဲခြားမှုများ သို့မဟုတ် အယူဝါဒပိုင်းတွင် တစ်ယူသန်မှုကြောင့် စိတ်ဝမ်းကွဲမှုတို့ မဖြစ်ခဲ့ကြောင်း ပြသည်။ အဘယ်ကြောင့်မဖြစ်ခဲ့သနည်း။ တစည်းတလုံးဖြစ်စေသည့်အကြောင်းရင်းများ—ယေဟောဝါအား ချစ်သည့်မေတ္တာ၊ ယေရှုခရစ်အား ယုံကြည်ခြင်း၊ အချင်းချင်းအတွက် ကိုယ်ကျိုးစွန့်မေတ္တာ၊ သန့်ရှင်းသောဝိညာဉ်တော်၏လမ်းညွှန်မှုကို ခံယူခြင်း၊ ကျမ်းစာသွန်သင်ချက်များကို အတူအမျှနားလည်ခြင်းနှင့် အမူအကျင့်ပြောင်းလဲရန်အသင့်ရှိခြင်း—က ကနဦးအသင်းတော်ကို စည်းလုံး၊ ငြိမ်သက်စေနိုင်ခဲ့သောကြောင့်တည်း။
မျက်မှောက်ခေတ်တွင် ဝတ်ပြုကိုးကွယ်မှု၌ စည်းလုံးခြင်း
ယနေ့ အလားတူ စည်းလုံးမှုမျိုး ရနိုင်ပါသလော။ အထက်ပါအကြောင်းရင်းများသည် ယုံကြည်ခြင်းတူသူများကို တပေါင်းတစည်းဖြစ်စေနေဆဲ၊ ကမ္ဘာအရပ်ရပ်ရှိ လူမျိုးနွယ်အားလုံးနှင့် အသင့်အတင့်ရှိစေနိုင်ဆဲပင်လော။ ရှိစေနိုင်ဆဲပင်! ယေဟောဝါသက်သေများသည် နိုင်ငံများ၊ ကျွန်းများနှင့် နယ်မြေ ၂၃၀ ကျော်အထိကျယ်ပြန့်သော ကမ္ဘာချီညီအစ်ကိုအသင်းအပင်းတွင် စည်းလုံးလျက်ရှိကြသည်။ ပထမရာစုခရစ်ယာန်များအား စည်းလုံးစေခဲ့သော အကြောင်းရင်းများကြောင့်ပင် သူတို့စည်းလုံးနေခြင်းဖြစ်သည်။
ယေဟောဝါသက်သေများ စည်းလုံးမှုခံစားရသည့် အဓိကအကြောင်းမှာ ယေဟောဝါဘုရားသခင်ထံ ဆည်းကပ်ထားခြင်းကြောင့်ဖြစ်သည်။ အခြေအနေအမျိုးမျိုးအောက် ကိုယ်တော့်အပေါ် တည်ကြည်သွားနိုင်ရန် ကြိုးစားကြခြင်းကိုဆိုလိုသည်။ ယေဟောဝါသက်သေများသည် ယေရှုခရစ်နှင့် ကိုယ်တော်၏သွန်သင်ချက်များကိုလည်း ယုံကြည်ကြောင်း ပြကြသည်။ ဤခရစ်ယာန်များသည် ယုံကြည်သူချင်းများကို ကိုယ်ကျိုးစွန့်မေတ္တာတင်ပြကြပြီး ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း တစ်မျိုးတည်းကို နိုင်ငံအသီးသီးတွင် ဟောပြောကြသည်။ ဤနိုင်ငံတော်အကြောင်းကို ယုံကြည်မှု၊ လူမျိုးနွယ်စု၊ လူမျိုးနှင့် လူမှုရေးအုပ်စုအပေါင်းအား ဝမ်းသာအယ်လဲပြောပြကြသည်။ ယေဟောဝါသက်သေများသည် ကမ္ဘာ့အရေးကိစ္စများတွင်လည်း ကြားနေကြခြင်းကြောင့် လူတို့ကို အလွန်စိတ်ဝမ်းကွဲစေသော နိုင်ငံရေး၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့် စီးပွားရေးဖိအားများမှ လွတ်မြောက်ခဲ့ကြသည်။ ကျမ်းစာစံနှုန်းများနှင့်အညီ ပြုမူကျင့်ကြံခြင်းဖြင့် စည်းလုံးမှုတိုးပွားစေဖို့ မိမိတို့၌တာဝန်ရှိကြောင်း သက်သေခံအားလုံး လက်ခံကြသည်။
စည်းလုံးမှုက အခြားသူများကိုဆွဲဆောင်
ဤစည်းလုံးမှုကြောင့် သက်သေခံမဟုတ်သူတို့ စိတ်ဝင်စားလာကြသည်။ သာဓကအားဖြင့် အဲလ်စီ *သည် တစ်ချိန်က ဂျာမနီနိုင်ငံ၊ ခရစ်ယာန်သီလရှင်ကျောင်းတစ်ကျောင်းမှ . . . ခရစ်ယာန်သီလရှင်တစ်ဦးဖြစ်သည်။ ယေဟောဝါသက်သေများထံ သူ့ကို အဘယ်အရာက ဆွဲဆောင်ခဲ့သနည်း။ အဲလ်စီဤသို့ပြောပြခဲ့သည်– “သူတို့ဟာ ကျွန်မဆုံတွေ့ဖူးတဲ့သူတွေထဲမှာ အကောင်းဆုံးပဲ။ သူတို့စစ်မတိုက်ကြဘူး; ဘယ်သူ့ကိုမှ အန္တရာယ်မပြုကြဘူး။ ဘုရားသခင့်နိုင်ငံတော်အောက် မြေကြီးပရဒိသုပေါ် ပျော်ပျော်ရွှင်ရွှင် အသက်ရှင်ဖို့ လူတွေကို ကူညီပေးချင်တဲ့သူတွေပါ။”
ဂွန်တာဆိုသူလည်းရှိသေးသည်၊ ဒုတိယကမ္ဘာစစ်အတွင်း ပြင်သစ်နိုင်ငံတွင် တာဝန်ကျသော ဂျာမန်စစ်သည်တစ်ဦးဖြစ်သည်။ တစ်နေ့သော် ပရိုတက်စတင့်ဘုန်းကြီးတစ်ပါးသည် ဂွန်တာတို့ယူနစ်မှ စစ်သည်များအတွက် ဝတ်ပြုဆုတောင်းပွဲ ကျင်းပပေးသည်။ ခရစ်ယာန်ဘုန်းကြီးက ဘုရားသခင်ထံမှကောင်းချီး၊ ကာကွယ်မှုနှင့် အောင်ပွဲဆင်နိုင်ဖို့ ဆုတောင်းပေးခဲ့သည်။ ဆုတောင်းပွဲပြီးနောက် ဂွန်တာသည် ကင်းစောင့်တာဝန်ကျသည်။ စစ်မြေပြင် အခြားတစ်ဖက်မှ ရန်သူအုပ်စုကို စုံမှန်ပြောင်းဖြင့်ကြည့်လိုက်ရာ သူတို့လည်း ခရစ်ယာန်ဘုန်းကြီးတစ်ပါး၏ ဝတ်ပြုဆုတောင်းပွဲကို တက်ရောက်နေကြသည်။ နောက်ပိုင်းတွင် ဂွန်တာဤသို့ထုတ်ပြောခဲ့သည်– “အဲဒီခရစ်ယာန်ဘုန်းကြီးလည်း ကောင်းချီး၊ ကာကွယ်မှုနဲ့ အောင်ပွဲဆင်နိုင်ဖို့ ဆုတောင်းပေးနေတာဖြစ်နိုင်တယ်။ ခရစ်ယာန်ချာ့ခ်ျတွေဟာ ဘယ်လိုလုပ်ပြီး စစ်ပွဲတစ်ပွဲတည်းရဲ့ ဆန့်ကျင်ဘက်အုပ်စုတွေမှာ ရှိနိုင်တာလဲဆိုတာ ကျွန်တော်သိချင်ခဲ့တယ်။” ဂွန်တာ၏စိတ်တွင် ထိုအချက် စွဲထင်ကျန်ခဲ့သည်။ စစ်ထဲမပါဝင်ကြသော ယေဟောဝါသက်သေများနှင့် နောက်ပိုင်းတွင် ဂွန်တာ ဆက်သွယ်မိပြီး သူတို့၏ကမ္ဘာချီညီအစ်ကို အသင်းအပင်းဝင်တစ်ယောက် ဖြစ်လာခဲ့သည်။
အရှို့နှင့် ဖီမာတို့သည် အရှေ့တိုင်းဘာသာတစ်ခုမှဖြစ်ခဲ့ကြသည်။ သူတို့၏အိမ်တွင် နတ်စင်တစ်ခုရှိ၏။ မိသားစု အသည်းအသန်ဖျားနာလာသောအခါ မိမိတို့ဝတ်ပြုရေးကို ပြန်ဆန်းစစ်ကြသည်။ ယေဟောဝါသက်သေများနှင့် စကားစမြည်ပြောကြည့်သောအခါ အရှို့နှင့် ဖီမာတို့သည် သမ္မာကျမ်းစာသွန်သင်ချက်နှင့် သက်သေခံများအလယ်ရှိ မေတ္တာကို စိတ်စွဲမှတ်သွားကြသည်။ ယခု သူတို့သည် ယေဟောဝါ၏နိုင်ငံတော်သတင်းကောင်းကို ထက်သန်စွာကြေညာနေကြသည်။
အဲလ်စီ၊ ဂွန်တာ၊ အရှို့နှင့် ဖီမာတို့သည် သန်းနှင့်ချီသော ယေဟောဝါသက်သေတို့၏ ကမ္ဘာချီညီအစ်ကိုအသင်းအပင်းတွင် စည်းလုံးနေကြပါသည်။ ယနေ့ သူတို့အား စည်းလုံးစွာဝတ်ပြုစေသည့် ဤအကြောင်းရင်းများသည်ပင် မကြာမီ နာခံသော လူသားအားလုံးကိုလည်း စည်းလုံးစေမည်ဟူသော ကျမ်းစာကတိတော်ကို သူတို့ယုံကြည်ကြသည်။ ထိုအခါ ဝတ်ပြုရေးအမည်ဖြင့် ရက်စက်ကြမ်းကြုတ်မှု၊ သဘောထားကွဲမှုနှင့် စိတ်ဝမ်းကွဲမှုတို့ ရှိတော့မည်မဟုတ်။ စစ်မှန်သောဘုရားသခင်၊ ယေဟောဝါအား ဝတ်ပြုကိုးကွယ်ကာ တစ်ကမ္ဘာလုံး ပေါင်းစည်းလာပါလိမ့်မည်။—ဗျာ. ၂၁:၄၊ ၅။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 16 ဤဆောင်းပါးပါ အမည်အချို့ကို ပြောင်းထားသည်။
[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံ]
ကနဦးခရစ်ယာန်များသည် နောက်ခံအမျိုးမျိုးမှလာကြသော်လည်း စည်းလုံးခဲ့ကြ